Thursday, June 5, 2025

ပစ်တိုင်းထောင် ( ၀၆ ) ( ၁ )


 

❝ ပစ်တိုင်းထောင် ❞   
     အပိုင်း - ၆ ( ၁ )

“ ကိုသံချောင်း ကို ကျွန်မ လက်ထပ်ချင်ပါတယ် ၊ ချစ် လည်း ချစ်တယ် ၊ သနား လည်း သနားပါတယ် ၊ ဒါပေမဲ့ ... ”

“ ဒါပေမဲ့ ဘာဖြစ်လဲဟင် ၊ ပြောစမ်းပါ မရီ ရယ် ၊ ကျုပ် ရင်တုန်လိုက်တာ ”

မရီ သည် သူ့ စကားကို ရုတ်တရက် မဆက်ဘဲ ရပ်ထားလိုက်သည် ။ သူ့ မျက်နှာ သည် တင်းမာ၍ လာသည် ။ တစ်စုံတစ်ခု ကို ဆုံးဖြတ်ရန် ကြိုးစား နေပုံရသည် ။

“ ဒီစကား ကို ခု မပြောကြရင် ကောင်းပါတယ် ကိုသံချောင်း ရယ် ၊ မရီ စဉ်းစားပါရစေဦး ”

“ ဘာကို စဉ်းစားမှာလဲဟင် မရီ ၊ ကျုပ်တို့ နှစ်ယောက် ကြားမှာ ဘာများ စဉ်းစားစရာ လိုသေးလို့လဲ မရီ ရဲ့ ”

“ အရင်က မလိုပေမဲ့ အခု လိုလာပြီ ကိုသံချောင်း ၊ ကျွန်မ စဉ်းစားပါရစေ ”

“ ဘာကို စဉ်းစားမှာလဲ ၊ ကျွန်တော့် ကို ပြောစမ်းပါ ”

မရီ သည် စိတ်ရှည်ပုံ မရတော့ချေ ။ သူ့ မျက်နှာ မှာ ပို၍ တင်းမာလာသည် ။

“ ရှင့် ကို ယူဖို့ စဉ်းစားရမှာ .. ၊ ကဲ ... သိပြီလား ”

ကျွန်တော် သည် ပါးစပ် အဟောင်းသား နှင့် မရီ ကို ငေးကြည့်နေသည် ။ မရီ သည် ကျွန်တော့် ကို လုံးဝ မကြည့်တော့ပေ ။ ကျွန်တော် သည် မရီ အား တောင်းပန်ရန် မျှော်လင့်တကြီး ကြည့်လိုက်မိသော်လည်း မရီ မျက်နှာတွင် ကျွန်တော့် အတွက် မျှော်လင့်ချက် ဆို၍ တစ်ကွက်မှ ရှာ၍ မတွေ့ တော့ချေ ။

ကျွန်တော် သည် မရီ အနား မှ ထခဲ့လေသည် ။ မယုံနိုင်စရာ ကောင်း လှသော အဖြစ်မို့ လည်း စိတ် ထဲ တွင် ရုတ်တရက် အဖြေ ရှာ၍ မရပေ ။ အိပ်ရာထဲ သို့ လှဲလိုက်မိ သော်လည်း အိပ်ပျော်ရန် မကြိုးစားမိပေ ။ ကျွန်တော့် ခေါင်း ထဲတွင် တစ်ခုတည်းသော မေးခွန်း က အကြိမ်ကြိမ် အဖြေ တောင်းနေတော့သည် ။

မရီ နှင့် ကျွန်တော့် အကြားတွင် မည်သည့် အန္တရာယ် က လာ၍ နှောင့်ယှက် နေသနည်း ။ မရီ ၏ စိတ် ကို ဘယ်အရာ က ပြောင်းလဲရန် ကြိုးစားနေကြသနည်း ။

ဤမေးခွန်းများ ၏ အဖြေ ကို မိုးလင်းသည် အထိ ကျွန်တော် ရှာ၍ မရတော့ပါတကား ။

ည က တစ်ညလုံး ကျွန်တော် အိပ်၍ မပျော်ခဲ့ပေ ။ အလုပ် သို့ ဆင်းခဲ့ ရသော်လည်း ကျွန်တော့် စိတ်များသည် အလုပ်၌ ဝင်စား၍ မရပေ ။ ဆရာ ကိုမြ ၏ အဆဲအဆို ကို တစ်နေ့လုံး ခံရ၏ ။ သို့သော် ဆရာကိုမြ ၏ အဆဲ အဆိုများ သည် ကျွန်တော့် စိတ်ထဲ၌ မည်သို့မျှ မလှုပ်ရှားနိုင်ပေ ။ ကျွန်တော့် စိတ် ထဲ တွင် ကား မရီ အကြောင်း ကိုသာ စဉ်းစားနေမိသည် ။

ည က တစ်ညလုံး ကျွန်တော် တွေးမရခဲ့သည့် အကြောင်းများ ကို သာ ပြန်၍ တွေးမိသည် ။ ထို့ကြောင့်လည်း အလုပ် ပြီးသည့် တိုင်အောင် ကျွန်တော် သည် အိမ်သို့ မပြန်သေးပေ ။ ညဉ့်နက်သည် အထိ အေးမောင် နှင့် လည်ပတ် နေမိသည် ။ အေးမောင် သွားရာသို့ လိုက်နေမိသည် ။ အေးမောင် သည် ဖဲဝိုင်း နှင့် ချက်အရက်ဆိုင် ကို အခေါက်ခေါက် အပြန်ပြန် ကူးနေသည် ။ ညဉ့်နက် မှ အိမ်ပြန် ရောက်သည် ။ မရီ ကား ပြန် မလာသေးပေ ။

ကျွန်တော် သည် တစ်ယောက်တည်း ဒေါသ ဖြစ်နေမိသည် ။ မရီ  အတွက် စိုးရိမ်စိတ်များ က ကျွန်တော့် အား ပို၍ ဒေါသ ဖြစ်စေ၏ ။ ကိုယ့် စိတ် ကိုယ် ထိန်းသော်လည်း မရတော့ပေ ။ နောက်ဆုံး ကျွန်တော် သည် အိမ် ထဲမှ ထွက်ခဲ့လေသည် ။

လမ်းထိပ် သို့ ရောက်ခါနီး တွင် ကျွန်တော့် မျက်လုံးများ ကိုပင် ကျွန်တော် မယုံနိုင်အောင် ဖြစ်ရသည် ။ သေချာအောင် အနား ကပ်၍ ကြည့် မိသည် ။

လမ်းထိပ် မှောင်ရိပ် တွင် ရပ်ထားသော ကားတစ်စီး ကို တွေ့ရ၍ ၎င်း ကား ဘေးတွင် ရပ် နေသော မရီ ကို တွေ့ ရသည် ။ စကားပြောနေသံများကို လည်း ကြားရလေသည် ။

ကျွန်တော့် စိတ်များက မရီ  မဟုတ်နိုင်ဘူး လို့ ထင်နေ သော်လည်း မြင်နေရသည် မှာ မရီ အစစ် ဖြစ်နေသည် ။ ကြားရသော အသံမှာ မရီ ၏ အသံ ဖြစ်နေသည် ။ ထို့ထက် အဆိုးရွားဆုံး မှာ ကားပေါ် မှ အသံပင် ဖြစ်လေသည် ။

ကိုလှမောင် ၏ အသံသည် မရီ အား ပိုင်စိုးပိုင်နင်း နိုင်လှသည် ။

“ နင် နက်ဖြန် အလုပ် မဆင်းချင် မဆင်းနဲ့ ၊ ညဘက် တော့ ဟို အိမ် ကို လာခဲ့ ကြားလား ”

မရီ ၏ ပြန်ပြောသံကား မကြားရချေ ။ ကျွန်တော် သည် ကိုလှမောင် အား အမှုန့်ချေ ပစ်ရန် အနားသို့ ပြေးကပ် သွားမိသည် ။ သို့သော် မမီလိုက် တော့ပေ ။ ကိုလှမောင် ၏ ကား က ကျွန်တော် မရောက်မီ တစ်ဟုန်ထိုး ထွက် သွားလေသည် ။

မရီ သည် လေးကန်သော ခြေလှမ်းများ ဖြင့် လမ်းကြား ထဲသို့ ဝင်၍ လာလေသည် ။မရီ ကို ကြည့်ရင်း ကျွန်တော် သည် အသားများ တဆတ်ဆတ် တုန်လာသည် ။ မရီ သည် ကျွန်တော့် ကို လုံးဝ မြင်ဟန် မတူပေ ။ ကျွန်တော် က မရီ နောက် မှ ခပ်ခွာခွာ လိုက်၍ သွားမိသည် ။

အိမ်သို့ ရောက်သောအခါ မရီ က ကျွန်တော် ဖွင့်ထားခဲ့သော အပေါက်ဝ အတိုင်း ဝင်၍ သွားသည် ။ ကျွန်တော် က နောက်က လိုက်၍ သွားသည် ။ မရီ ၏ အမေ သည် အိပ်ရာ ထဲ တွင် လှဲနေရာ မှ လှမ်း၍ ပြောလိုက်သည် ။

“ သမီး မိုးချုပ်လိုက်တာကွယ် ”

“ ဟုတ်တယ် အမေ ၊ မနက် အတွက် ချက်နေရလို့ ... ”

“ မောင်သံချောင်း တောင် ထမင်း မစားသေးဘူး ၊ သမီး ကို စောင့်နေ တယ်နဲ့ တူတယ် ”

မရီ သည် အင်္ကျီ လဲနေရာမှ ကျွန်တော့် ကို လှမ်း၍ ကြည့်လိုက်သည် ။ ကျွန်တော် သည် အိမ်ရှေ့ တွင် မလှုပ်မယှက် ထိုင်နေသည် ။

“ ကိုသံချောင်း စားတော့လေ ၊ မရီ ပြီးခဲ့ပြီ ၊ အလကား စောင့်နေတယ် ကိုသံချောင်း ရယ် ”

မရီ ကို မည်သို့ ပြန် ပြောရမည်မသိ ။ အကြောင်းမဲ့သာ ရန်တွေ့ ပစ် လိုက်ချင်၏ ။ ထို့ကြောင့်လည်း အသာ နှုတ်ပိတ်၍ နေလိုက်ရသည် ။ အတန် ကြာသော အခါ မရီ ထွက်၍လာသည် ။ ကျွန်တော့် အား အကဲခတ် သလို ကြည့်နေသည် ကိုလည်း ကျွန်တော် ရိပ်မိသည် ။ ကျွန်တော် ကမူ သူ့ အား တစ်ချက် မျှ ပြန်၍ မကြည့် ။ စိတ်ထဲ တွင် မကျေနပ်သမျှ ကျွန်တော့် မျက်နှာ ပေါ်တွင် ပေါ်လွင်နေဟန် ရှိသည် ။

“ ကိုသံချောင်း ... ဘာဖြစ်လို့လဲဟင် ”

“ ကျွန်တော် ဘာမှ မဖြစ်ပါဘူး ၊ မရီ  ဘာဖြစ်လာလဲ ဆိုတာသာ ကျွန်တော် စဉ်းစား နေတာပါ  ”

မရီ က ဣန္ဒြေ ဆောင်၍ ပြုံးလိုက်သည် ။

“ အလို ... ကျွန်မ ဘာမှ မဖြစ်ရပါလား ”

“ ခုတလော မရီ ဟာ အရင်က နဲ့ မတူဘူး ၊ အချိုး တစ်မျိုး ပြောင်းနေတယ် ”

“ မရီ  ဒီအတိုင်းပါပဲ ကိုသံချောင်း ရယ် ၊ ဘာမှ မပြောင်းပါဘူး ”

မရီ ၏ အသံသည် တုန်၍ နေသည် ။ မောသံ လည်း ပါနေသည် ။ ကျွန်တော် က မရီ အား စိန်းစိန်း ကြည့် နေလိုက်မိသည် ။ ပြီးမှ မရီ ၏ လက်မောင်း အစုံ ကို ဆုပ်ကိုင် လှုပ်ယမ်း လိုက်ရင်း ..

“ ကျုပ် ပြောတဲ့ အတိုင်း စီစဉ်ပါရစေ မရီ ရယ် ၊ မရီ နဲ့ ကျုပ် နဲ့ နက်ဖြန် ဖြစ်သလိုပဲ ယူလိုက်ကြရအောင်နော် ”

မရီ ၏ မျက်နှာ သည် ရုတ်ခြည်း ပြောင်း၍ သွားလေသည် ။ ရွာတော့ မည့် မိုး လို ညို့မှိုင်း၍ လာသည် ။

ကျွန်တော့် အဖို့ရာကား ကိုယ့် နား ကိုပင် မယုံနိုင်တော့ပေ ။ အမှန် ၌ မရီ ကို ရန်တွေ့ ရန် လိုက်လာခဲ့ခြင်း ဖြစ်သည် ။ သို့သော် မရီ ၏ မျက်နှာ ကို မြင်လိုက်ရသော အခါ ရန်တွေ့လိုသော စိတ်များ လုံးဝ မရှိတော့ပေ ။ အပြစ် တင်လိုသော စိတ်များ လည်း လုံးဝ မရှိတော့ပေ ။

မရီ ၏ ညှိုးငယ်လှသော မျက်နှာက ကျွန်တော့် စိတ် ကို ပြောင်းလဲ သွားစေ၏ ။ မာ နေသော စိတ် ကို ပျော့စေသည် ။ တင်း နေသော စိတ် ကို လျော့ စေသည် ။ ထို့ကြောင့်လည်း ရန်တွေ့ရန် စကားစ ရှာ နေသော ကျွန်တော် ၏ နှုတ်ခမ်းများ ကြားမှ မရီ အား လက်ထပ်ရန် ပြောလိုက်မိခြင်းဖြစ်သည် ။

မရီ မှာ မူ အဖြေခက် အနေခက် ဖြစ်နေဟန် ရှိတော့သည် ။ ကျွန်တော် က အားမရသော စိတ်များဖြင့် မရီ ၏ တစ်ကိုယ်လုံး ကို ပွေ့ယူ ဖက်ထားလိုက်၏ ။

“ ကျုပ် မရီ ကို လက်ထပ်ပါရစေ မရီ ရာ ၊ ကျုပ် မှာ စုထားတဲ့ ငွေ လည်း နှစ်ရာကျော်လောက် ရှိပါတယ် ၊ မရီ ကို ဒီအတိုင်း မထားနိုင်ဘူး ၊ အခုလို ညဉ့်နက်သန်းခေါင် သွားတာလည်း စိတ်မချဘူး ”

မရီ သည် ကျွန်တော့် လက် မှ ရုတ်တရက် ရုန်းကန် ထွက်လိုက်သည် ။ သူ သည် ကျွန်တော့် အား ဒေါသဖြင့် ကြည့်ရင်း...

“ ဒီအကြောင်း ကို ဆက် မပြောနဲ့တော့ ကိုသံချောင်း ရယ် ၊ မရီ ဒါတွေ ကို မစဉ်းစားချင်သေးဘူး ”

မရီ ၏ စကားများ က ကျွန်တော် ၏ ရင်ကို ခြေနှင့် ဆောင့်ကန်လိုက် သလိုရှိတော့၏ ။

“ ဘယ်လို ပြောလိုက်တာလဲ မရီ ရာ ၊ ဒါဟာ ကျွန်တော်တို့ အတွက် အရေးကြီးဆုံးပဲ မဟုတ်လား ”

“ ရှင့် အတွက် အရေးကြီးချင် ကြီးပေမဲ့ မရီ အတွက်ကတော့ ဒီကိစ္စ မှာ ဘာမှ မထူးတော့ဘူး ၊ အရေးလည်း မကြီးဘူး ”

“ မရီ .. ကျွန်တော့် ကို မချစ်တော့ဘူးလားဟင် ၊ ကျွန်တော် နဲ့ လက်ထပ်ဖို့ ကိစ္စတောင် အရေး မကြီးတော့ဘူးလား ၊ ကျွန်တော့် ကို ရှင်းရှင်း ပြောစမ်းပါ မရီ ၊ မရီ ဟာ အရင်နဲ့ မတူဘူး ၊ တစ်မျိုး ပြောင်းနေတယ် မဟုတ်လား ”

“ ရှင် ထင်ချင်လည်း ထင်ပေါ့ ၊ မရီ အဖို့တော့ ဘာမှ မပြောင်းဘူး ”

“ ဒါဖြင့်ရင် မရီ ကျွန်တော့် ကို ဘာလို့ လက်မထပ်ချင်တာလဲ ”

“ ကျွန်မ ဒီကိစ္စ ကို လုံးလုံး မစဉ်းစားချင်သေးဘူး ၊ ကျွန်မ မစဉ်းစား ချင်တာ ကို ဇွတ်အတင်း စဉ်းစားရမယ် ဆိုရင်တော့ ရှင် နဲ့ ကျွန်မ ခွာပြဲရုံပဲ ရှိတာပဲ ”

ကျွန်တော် က အထိတ်တလန့် နှင့် မရီ အား ကြည့်လိုက်မိသည် ။

မရီ ၏ မျက်နှာ မှာ မာကြောလှ၏ ။ ဘာကိုမှ မမှုသော မျက်နှာပေးမျိုး ဖြစ်သည် ။ ကိုယ့် စိတ် ကို ချုပ်တည်း သော်လည်း ယခု တစ်ကြိမ်တွင် မရတော့ ။ နာကြည်းသော စိတ်များသည် ကျွန်တော် ၏ ရင်တွင်း၌ ဗြောင်းဆန်၍ နေသည် ။

“ ဪ …. ဒီ အကြောင်းကို ခုတော့ မစဉ်းစား ချင်တော့ဘူးပေါ့ ၊ ခုတော့ ကျုပ် လို စပယ်ယာ အစုတ်အနုပ် တစ်ယောက်ကို ခင်ဗျား ဘယ် စဉ်းစားချင်တော့မလဲ ၊ ကျုပ် သိပါတယ် ၊ မရီ  ဘာလို့ ခုလို ပြောင်းလဲ သွားရသလဲ ဆိုတာလည်း ကျုပ် သိတာပဲ ၊ မသိလို့များ ခံနေတယ် မမှတ်နဲ့ ၊ ကျုပ် တောသား ပေမဲ့ အကင်းပါးတယ် ၊ ဒါပေမဲ့ ကျုပ် ပါးစပ် က ပြောလို့ မတတ် ဘူး ၊ ကျုပ် စိတ် ထဲမှာ ထင် နေတာတွေ ကို ကျုပ် ဝမ်း ထဲမှာပင် ဖျောက်ပစ်ဖို့ ကြိုးစားခဲ့တယ် ၊ ကနေ့ ည တော့ ကျုပ် ကြိုးစားတာ ဟာ အလကားပဲ ။ ကျုပ် မျက်စိ နဲ့ တပ်အပ် မြင်ခဲ့ရတယ် ၊ ဒါတောင် ကျုပ် မရီ ကို မပြောရက်လို့ အောင့် နေတယ် ၊ ဒါတွေကို မေ့ပြီး မရီ ကို ကျုပ် လက်ထပ်ဖို့ပဲ ပြောမိတယ် ၊ ခုတော့ မရီ က ကျုပ်တို့ ကိစ္စ ကို မစဉ်းစားချင်ဘူး လို့ ခါးခါးသီးသီး ငြင်းတော့ ကျုပ် နားလည်သွားပြီ သိလား ၊ ခင်ဗျား ဘယ် ကိစ္စ ကို စဉ်းစားနေတယ် ဆိုတာ ကျုပ် သိတယ် ”

ကျွန်တော် သည် မရီ ၏ ပခုံးစွန်း ကို ခပ်ကြမ်းကြမ်းကလေး လှုပ်ယမ်းရင်း ဒေါသတကြီး အော်ဟစ်၍ ပြောလိုက်မိသည် ။ မရီ ကမူ ဤသို့ ကျွန်တော် ပြောသည် ကို မကျေနပ်ဟန် ဖြင့် ကျွန်တော့် လက်များ ကို ပုတ်ချ လိုက်လေသည် ။

“ သိရင် ပြီးတာပဲ ၊ သိရင် ပြီးတာပဲ ၊ ရှင် ဘာမှ ပြောစရာ ဆိုစရာ မလိုတော့ဘူး ၊ ရှင့် ကို ကျွန်မ မချစ်တော့ဘူး ”

“ အေး ... ခုတော့ ဘယ် လိုတော့မလဲ ၊ ကျုပ် ကို မင်း ဘယ်ချစ်တော့ မလဲ ၊ မင်း ကို ကျုပ် အထင် ကြီးခဲ့တာတွေဟာ မှားတာပဲ ၊ တကယ်တမ်း တော့ မင်း ဟာ မအေးချို လို နိုင်လွန် တစ်ဝတ်စာ လောက် ရရင် သူများ မယားငယ် လည်း လုပ်မယ့် မိန်းမ ပဲ ၊ မင်း ကိုယ် မင်း ပြန် ကြည့်စမ်း ၊ မင်း ဟာ မအေးချို နဲ့ ဘာ ထူးသေးလဲ ၊ လှမောင် ရဲ့ မယားငယ် အပြင် မင်း ဘာဖြစ်ဦးမလဲဟင် ၊ မင်း ကိုယ် မင်း သိရဲ့လား ၊ မင်း နောက် ဘာဖြစ်မယ် ဆိုတာ ... ”

“ ကျွန်မ ဘာသာ ဖြစ်ချင် ရာ ဖြစ် ၊ ရှင် ပြောစရာ မလိုဘူး ”

“ အေး ... ဟုတ်တယ် ၊ မလိုဘူး ဆိုလည်း ဟုတ်တယ် ၊ ဒါပေမဲ့ နိုင်လွန် တစ်ဝတ်စာ လောက် ရရုံနဲ့ သူများ မယားငယ် ခံတဲ့ မင်း လို မိန်းမမျိုး ဟာ တစ်နေ့ ဘာဖြစ်မလဲ သိလား ၊ ဖာဖြစ်မယ် ၊ နားလည်လား ၊ မင်း ကိုယ် မင်း ဟာ ဖာ နဲ့ မထူးဘူး ၊ မင်း အပေါစား မိန်းမ ”

ပြောပြောဆိုဆို ကျွန်တော့် လက်များသည် မရီ ၏ ပါး ပေါ်သို့ ရောက် သွားတော့သည် ။ မရီ သည် ခုတစ်ကြိမ်၌ မူ ဘာမှ မပြောတော့ပေ ။ သူ့ ပါး ကို ပွတ်ရင်း မျက်ရည်များ သာ စီးကျ နေတော့သည် ။

ကျွန်တော် က ကျွန်တော့် အဝတ်အစားများ ကို ဖြစ်သလို သိပ်ထည့် လိုက်သည် ။ ပြီးမှ မရီ ကိုမ ကြည့်တော့ဘဲ အိမ်ပေါ် မှ ဆင်းခဲ့လေသည် ။ ကျွန်တော် ဆင်းခါနီး တွင် မရီ သည် ကျွန်တော့် အား ငို၍ တောင်းပန်ရှာသည် ။

“ ရှင် ကျွန်မ ကို ခု အထင် လွဲချင် လွဲနိုင်ပါတယ် ၊ ဒါပေမဲ့ မရီ ဟာ ရှင် ထင်သလို ရှင့် အပေါ်မှာ နည်းနည်းမှ စိတ်ထား မယုတ်မာဘူး ၊ မရီ ရဲ့ စေတနာတွေ ကို တစ်နေ့ သိမှာပဲ ”

မရီ ၏ စကားများ သည် တစ်ခါက ပျားသကာ လို ချို ခဲ့ သော်လည်း ယခုမူ တမာ လို ခါးခဲ့လေပြီ ။

ကျွန်တော် အိမ်ပေါ် မှ ဆင်းသည့် အချိန်တွင် လင်းရောင်ကား ပျိုးစ ပင်ရှိသေးသည် ။ ကျွန်တော် သည် ခြေဦး နှင့် ဒူး တည့်ရာ ကိုသာ ထွက်လာ ခဲ့မိသည် ။ တကယ် ဆိုတော့လည်း ကျွန်တော့် အတွက် မရီ တို့ အိမ်ပေါ်မှ ဆင်းခဲ့လေ ပြီးသည့် နောက် ဘယ်နေရာ ကို များ သွားစရာ ရှိပါသေးသနည်း ။

“ ကဲကွာ .. ဖေ့သားကြီး ၊ ချွန်းလေး လာနော် ”

“ ချွန်းကွာ ... ”

ကျွန်တော် သည် ဖဲတစ်ချပ် ကို ညာဘက် လက်ထဲသို့ မှောက်ထား ပြီးလျှင် ဘယ်လက်ဝါး ပေါ်သို့ မြှောက်၍ ရိုက်ချ လိုက်သည် ။ ပေါ်လာသော ဖဲ ကား ကျွန်တော် လိုချင်သော ချွန်း မဟုတ်ပေ ။ ရှစ်ဖဲ ဖြစ်နေ၏ ။ ကျွန်တော် ခေါင်းကြီး ၍ သွားသည် ။ အမှန်၌ ကျွန်တော် ၏ ဘယ်ဘက်လက် ထဲတွင် ကု,လား ရယ် ၊ ခြောက်ဖဲ ရယ် ရှိသည် ။ ကျွန်တော် ရိုက်ချလိုက်သော ဖဲ သာ ချွန်း ဖြစ်ခဲ့လျှင် လပ် ၊ ကိုး ရှိမည် ။ ယခုမူ ရှစ်ဖဲ ဖြစ်နေ၍ လေးပေါက် သာရတော့ သည် ။ အောက်လက် တွင် စုံဖဲ မလာ ၊ ကျွန်တော့် မှာ တအား လျော့ရပြန်သည် ။

ကျွန်တော့် ဖဲ ညံ့၍ အေးမောင် ဘက် သို့ လှမ်း ကြည့်လိုက်သောအခါ အေးမောင် မှာ နောက်ဆုံး ဖဲကို ပွတ်၍ ကြည့်နေသည် ။ ကြည့် နေစဉ် သူ့ ပါးစပ် ကို ဖောင်း၍ လေ ကို မှုတ်ထုတ် နေသည် ။

“ ကဲကွ .. ကြီး တစ်ဆယ် ငယ် တစ် ”

ကျွန်တော် က သူ့ ဖဲ ကို ကူ၍ အားပေးရ ပြန်သည် ။

“ ချွန်း လာလည်း မကောင်းဘူးလားကွ ”

“ ဟေ့ကောင် ပါးစပ်ပုပ်ကြီး ၊ ရေဆေးပစ်စမ်း ၊ ချွန်း လာရင် ဘူ တစ်ပေါက်ပဲ ဖြ စ်မှာပေါ့ ၊ ကဲ ... ကိုကြီးကျော် မ ပါဗျာ ၊ ကု,လားကလေး ကိုဗျတ္တ လာပါဗျာ .. လာပါ ”

အေးမောင် သည် ဖဲ ကို ပွတ်ကြည့်ရင်း တဖြည်းဖြည်း မျက်လုံး ပြာ၍ လာသည် ။

“ ဟုတ်ပြီကွ အပေါ် ကတော့ ခွပြီ ၊ ကဲ. .. ဘေး သုံးတန်းတောင် ခြောက်ပေါက်ကြီးပဲ ၊ ကဲကွာ .. သုံး တန်းစမ်း ၊ ဟာ ... ကွက်သွားပြီဗျို့ ၊ နှစ် ပေါက် သုံးပေါက်ပဲ ရှိမယ် ”

ကျွန်တော်တို့ သည် ဒိုင်ဖဲ ကို စောင့်ကြည့် နေကြသည် ။ ဒိုင် က ကျွန်တော်တို့ အားလုံး ဖဲကြည့် ပြီးမှ သူ ၏ နောက်ဖဲ ကို ခေါ်၍ ရိုက်ချလိုက်သည် ။

“ ကဲကွ … ဖဲကြီး လာ ဆယ် ကု,လားကွာ ”

ကျွန်တော် သည် ချွေးပြန်၍ လာလေသည် ။ ဒိုင် ရိုက်ချလိုက်သော ဖဲ မှာ သူ ခေါ်လိုက်သော ဖဲကြီး ပင် အမှန် ဖြစ်နေလေ၏ ။

“ ကဲ ... ဒီအိမ် ဘယ်လောက်လဲ ”

“ ခြောက်ပေါက် ”

“ စားတယ်ဗျ ”

ခြောက်ပေါက်အိမ် ကို စားသည့် နောက် ကျွန်တော်တို့ အိမ် မှာ စာရင်း ထဲ ပင် ထည့်စရာ မလိုတော့ ။

“ ဒီ အိမ်ရော … ”

“ စားပါဗျာ ၊ လေးပေါက်တည်း ပါ ”

ကျွန်တော် က စိတ်ပျက်သံ ဖြင့် ပြောလိုက်သည် ။ ဒိုင် က ကျွန်တော် အော ထားသော ငွေ ဆယ့်ငါးကျပ် ကို စား၍ သွားသည် ။ အေးမောင် သည် သူ့ ဖဲ ကို အပေါ်သို့ ပစ် တင်လိုက်သည် ။ အေးမောင် ရှေ့မှ ကျပ်တန် လေးငါး ခြောက်ရွက် ကို လည်း ဒိုင် က စားပြန်သည် ။ ကျွန်တော်တို့ သည် တစ်ယောက် မျက်နှာ ကို တစ်ယောက် လှမ်း ၍ ကြည့်လိုက်ကြသည် ။

ကျွန်တော်တို့ ၏ အကြည့် တွင် “ ဘယ့်နှယ်လဲ ” ဟူသော အမေးများ ရှိပါ၏ ။

“ ဟေ့ကောင် … တစ်ဆယ် ရှိသေးတယ် ၊ ငါ တော့ နောက်ဆုံးလက် အောလိုက်မယ်ကွာ ”

“ ငါ့ အိမ် က အောပါလား ၊ မင်း တော်တော် သေနေတယ် ”

“ မထူးပါဘူးကွာ ၊ နှစ်အိမ်စလုံး ပြောင်နေကာ မှ ဘယ်သူ့အိမ် က ပိုပြီး ဖဲ သာဦးမှာလဲ  ”

“ ကဲ .. မင်း သဘော ၊ ငါ တော့ ငါးကျပ် ရှိတာ သုံးကျပ်ပဲ လောင်းမယ် ၊ နှစ်ကျပ်တော့ ဆေးဖိုးဝါးခ ထားရဦးမယ် ”

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment