❝ ရုက္ခစိုး ဆီ က မီးထိုးခံလာရသူ ❞
( ဝေယံလင်းခေါင် )
ဤ အဖြစ်အပျက် ကို မဖော်ပြမီ ကျွန်ုပ်တို့ ဆီက ရုပ်ဓလေ့ ၊ ရွာဓလေ့ တစ်ခု ကို ဦးစွာ ဖော်ပြရဦးမည် ။ သို့မှသာ စာဖတ်သူများ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်သွား နိုင်ကြမည် ။ ထို အလေ့အထ မှာ လည်း ယခင် က မြန်မာနိုငံ အတော်များများ တွင် ရှိခဲ့ ကျင့်သုံးခဲ့ ကြသော ရပ်ဓလေ့ ရွာဓလေ့ တစ်ခု ဖြစ်သည် ။
သို့သော် ထို အလေ့အထ မှာ ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကျွန်ုပ်တို့ ဆီ၌မူ ယခုထိ ကျင့်သုံးနေကြဆဲ ဖြစ်သည် ။
ကျွန်ုပ်တို့ ဆီ၌ ဘယ်ခေတ် ကာလ က ပင် စတင် ကျင့်သုံးလာခဲ့ကြသည် မသိ သော ‘ အောက်နှိုက် ၊ အပေါက်နှိုက် ’ အလေ့အထ တစ်ခု ရှိသည် ။ ထို အလေ့အထမှာ အရွယ် ရောက်လာသူ လူပျို ကာလသား တစ်ယောက်သည် အပျို ကာလသမီး တစ်ယောက် အား ချစ်ကြိုက် နေပါက ည လူခြေတိတ် ၊ လူကြီးများ အိပ်ချိန်တွင် ထို အပျို ရှိရာ အိမ် အောက်သို့ သွားရသည် ။
ထို အိမ်၌ သူ ချစ်ကြိုက်နေသော အပျိုမ ၏ အိပ်ရာ ကို ဦးစွာ လေ့လာရသည် ။ အိပ်ရာ ကို သိပြီး လျှင် ည ၌ အပျိုမ နိုး သွားလျှင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း ၊ သူ့ ကို ချစ်၍ကြိုက်၍ စကား ပြောရအောင် လာပါကြောင်း ပဏာမ ပြောရသည် ။
အပျိုမ က လည်း သူ့ ကို ချစ်ကြိုက်နေပါ က စကား လက်ခံ ပြောသည် ။ ဤသို့နှင့် ညစဉ် ညတိုင်း သူ့ ဆီ ရောက်လာသော လုလင်ပျို နှင့် ချစ်ကြိုက် သွားကြပြီ ဆိုလျှင် မိန်းမပျို ၏ အကြံပေးချက် အရ လူပျို က မိန်းမပျို ၏ အိပ်ရာအောက် ခေါင်းရင်း မှ ပျဉ်ကြမ်းခင်း စသည် ကို လက် တစ်နှိုက်စာ အပေါက် တစ်ပေါက် ဖောက်ရသည် ။ ဤသို့ အပေါက် ဖောက်သည်ကို သူ့ အား ချစ်ကြိုက် နေသော မိန်းမပျို ကလည်း အကူအညီ ပေးသည် ။ ထို့ကြောင့်လည်း အပျိုမ ၏ ခေါင်းရင်း မှ ပျဉ်ကြမ်း စသည် လက်တစ်နှိုက်စာ အပေါက် တစ်ပေါက် ကို လွယ်လွယ်ကူကူ ဖောက်ဖြစ်သွားသည် ။
ဤသည်မှာ မိန်းမပျို နှင့် လူပျိုကာလသား တို့ ရက်လ အတော်ကြာကြာ တစ်ဦး နှင့် တစ်ဦး စကား ပြောဆိုကြပြီး နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ချစ်ကြိုက်မိကြကာ လက်ထပ်ကြတော့မည် ဟု ဆုံးဖြတ်တော့မှ ထို လက်တစ်နှိုက်စာ အပေါက် ကို သူ့ အိပ်ရာ အောက်၌ အဖောက် ခံခြင်း ဖြစ်သည် ။ ထို့နောက်တွင်တော့ ချစ်သူ အိ မ်အောက် ရောက်လာသော လူပျို အတွက် အခက်အခဲ မရှိတော့ ။ သူ ဖောက်ထားသော အပေါက် မှ လက် နှိုက်ကာ မိန်းမပျိုအား ကိုင်တွယ် တို့ထိ၍ နှိုးလိုက်ရုံသာ ။ မိန်းမပျို က လည်း သူ့ ချစ်သူလာလျှင် အလွယ်တကူ နိုး နိုင်အောင် ထို အပေါက် နား တွင် အိပ်နေခြင်း ဖြစ်သည် ။ ဤသည် ကို ‘ အောက်နှိုက်သည် ၊ အပေါက်နှိုက်သည် ’ ဟု ခေါ်ကြခြင်း ဖြစ်သည် ။
လူပျိုကာလသားချင်း တစ်ဦး နှင့် တစ်ဦး စကားလက်ဆုံ ကျကြလျှင် တစ်ဦးသူ သည် မည်သည့် အပျိုမ နှင့် ချစ်ကြိုက်နေပါသည် ဟု ပြောလျှင် ‘ ဒါဆို အောက်နှိုက်ရပလား ၊ အပေါက်နှိုက်ရပလား ’ ဟု မေးတတ်သည် ။ အောက်နှိုက် ရပြီ ၊ အပေါက်နှိုက် ရပြီ ဆိုလျှင်တော့ ထို မိန်းမပျို ဆီကို တခြား ကာလသားများ ကလည်း ရည်းစား ရှိနေသူ ၊ ချစ်သူ ရှိနေသူ အဖြစ် သတ်မှတ် ကြကာ မသွား မလာကြဘဲ ရှောင်ကြဉ်လေသည် ။
အပေါက် မနှိုက်ရသေးဘူး ၊ အောက် မနှိုက်ရသေးဘူး ဆိုလျှင် လုလင်ပျိုက မည်မျှ ချစ်ချစ် ၊ မည်မျှ ကြိုက်ကြိုက် လုလင်ပျို အချစ်ကို လက်မခံသေး ဟု ယူဆကြပြီး ထို မိန်းမပျို ဆီ ကို လူပျို လှည့်ရန် မည်သူမဆို သွားနိုင်သေး သည် ။ ဤသည် မှာ ဂါမပညတ် ဖြစ်သည် ။
မိန်းမပျို အနေနှင့် သူ့ အား ချစ်ကြိုက်နေပါသည် ဟု ပြောပြီး သူ့ အိပ်ရာ အောက်ကို နေ့စဉ် ရောက်လာသူ အား သူ မကြိုက် ၊ မနှစ်သက်ပါက သူ့ အိပ်ရာ အောက် ၌ အပေါက်ဖောက် မခံသလို လုလင်ပျို နှင့် လည်း စကား ကြာကြာ လက်ခံ မပြောဘဲ ‘ မနက်ဖြန် စောစော ထရမည် ၊ ဘာအလုပ် ရှိသည် ၊ ညာအလုပ်ရှိသည် ။ နေမကောင်း ၊ ခေါင်းမူးနေသည် ။ အိပ်ချင်လှပြီ ၊ သူ့ကို သနားလျှင် အိပ်ခွင့်ပေးပါ ပြန်ပါတော့ ’ စသည့် ဥပါယ်တံမျဉ် တစ်ခုခု ပြော၍ မိန်းမတို့ ပရိယာယ် နှင့် လုလင်ပျို ကို နှင်လွှတ်တတ်သည် ။ မိန်းမပျို ၏ စကား အသွားအလာ ပြောနည်းပြောဟန် အကဲခတ်၍ သူ့ ကို မကြိုက်၍ တမင် နှင်လွှတ်မှန်း သိတတ်ရသည် ။
ရည်းစား ဖြစ်ပြီး တစ်နှစ် နှစ်နှစ် ကြာနေကြပြီ ဖြစ်သော်လည်း နောက်ပိုင်း တွင် တစ်စုံတစ်ခု ကြောင့် သဘောချင်း မတိုက်ဆိုင် ဖြစ်ကြကာ မိဘချင်း သဘော မတူကြတာ ဖြစ်ဖြစ် ပြဿနာ ဖြစ်လာလျှင် မိန်းမပျို ကလည်း သူတို့ နှစ်ယောက် သဘောတူ ဖောက်ထားကြသော သူ့ အိပ်ရာ အောက်က အပေါက် ကို မိန်းမပျို က ဥပါယ်တံမျဉ် တစ်ခုခု နှင့် ပိတ်ပစ်လိုက်သည် ။ ထို အခြေအနေ ရောက်သွားပြီ ဆိုလျှင် လုလင်ပျို ကလည်း သူ့ ချစ်သူ သူ့ အား စိမ်းကားသွားပြီဟု မှတ်ယူရပေသည် ။
ဤသည်မှာ အစဉ်အလာ အရ ကျွန်ုပ်တို့ ဆီ၌ လူပျို လှည့်ကြသော ဓလေ့ ဖြစ်လေသည် ။
••••• ••••• •••••
ကြတ္တိန်ရွာ မှ ကာလသား မောင်ထွန်းရွှေ သည် သပြုတောင် ရွာသူ မပိုပို ဆီ သွားရန် ည လူခြေတိတ်၌ ကြတ္တိန်ရွာ က ထွက်လာသည် ။
ကြတ္တိန်ရွာ နှင့် သပြုတောင်ရွာ တို့ မှာ တစ်ကျောင်းတည်း ကိုးကွယ် ကြသော ရွာ နှစ်ရွာ ဖြစ်သည် ။ အကွာအဝေး မှာ နှစ်မိုင်နီးပါးခန့် ရှိ၏ ။ လမ်းခရီးကြားတွင် လည်း တောင်တန်းငယ်များ ၊ တောတန်းများ ၊ ချောက်ကမ်းပါးများ ရှိနေသည် ။
သို့သော် သပြုတောင်ရွာသူ မပိုပို နှင့် ချစ်ကြိုက်နေသော ကြတ္တိန် ရွာသား မောင်ထွန်းရွှေ မှာ ညကြီးမိုးချုပ် လူခြေတိတ် လမိုက်ည ၌ ပင် ချစ်သူ ရှိရာ သပြုတောင်ရွာ သို့ မကြောက်မရွံ့ ‘ သွေးငင်ကြမ္မာ ဝါသနာကြောင့် ဆရာမိဘ ၊ ဆိုဆုံးမလည်း ချစ်စံထုံးနှောင် .. ပျော်ရအောင် ဟု သန်းခေါင်မ ၊ သန်းလွဲမခန့် အသက်စွန့်၍ ဝေးဒွန့်ခရီး ၊ ချုံကြီးတောအုံ ၊ လုံမဆေး ၊ သစ်ကျားဘေးကို ၊ မတွေးဆံဖျား မလေးစားတည်း ’ ဆိုသကဲ့သို့ ပင် ကြိတ္တိန်ရွာ မှ ချစ်သူ ရှိရာ သပြုတောင်ရွာ သို့ ညကြီးမှောင်ကြီး တစ်ယောက်တည်း ထွက်လာလေသည် ။
သပြုတောင်ရွာ သို့ သူ ရောက်လာချိန်မှာ ည ဆယ်နာရီကျော် ခန့် ရှိလေပြီ ။ စောစော အိပ်တတ်ကြသော တောရွာတို့ ၏ ထုံးစံ အတိုင်း တစ်ရွာလုံး သည်
တိတ်ဆိတ်၍ အိပ်မောကျ နေကြ လေပြီ ။ ထို့ကြောင့် မောင်ထွန်းရွှေ သည် သူ့ ချစ်သူမပိုပို ၏ အိမ်အောက် သို့ ရောက်လာလေသည် ။
ညစဉ် လာနေကျ ဖြစ်သဖြင့် မလွယ်ပေါက် ကို လည်း သိထားပြီး ဖြစ်ရာ လက်နှိုက်ကာ မပိုပို ကို တို့ထိ၍ နှိုးသည် ။ မပိုပို ကလည်း သူ့ ချစ်သူ မောင်ထွန်းရွှေ မှန်း အတပ် သိသဖြင့် တမင် အိပ်ပျော်ယောင် ဆောင်နေလိုက် သေး၏ ။ ထိုအခါ မောင်ထွန်းရွှေ မှာ မပိုပို ၏ ကိုယ် ကို ကိုင်လှုပ် တီးတိုး ခေါ်၍ နှိုးရ သည် ။
ထိုအခါမှ မပိုပို လည်း နိုးလာပြီး ချစ်သူတို့ ဘာဝ ချစ်စကား ၊ ကြိုက်စကား များ ပြောကြလေသည် ။
သူတို့ နှစ်ယောက် မည်မျှ ကြာကြာ ချစ်စကား ၊ ကြိုက်စကား ပြောနေကြ သည်မသိ ။ မိုးလင်း ကြက်ဦး တွန်သံတွေ မှာ ရွာအနှံ့ မှ ကြားလာရ သလို မပိုပို တို့ အိမ်နား ရှိ ဥသျှစ်ပင် ပေါ်မှ မပိုပို တို့ ကြက်ဖကြီး ပင် တွန်သံ ပေးလာ တော့မှ မိုးလင်းပိုင်း ရောက်လာပြီ ဆိုသည်ကို နှစ်ယောက်သား သတိပြုမိ လိုက်ကြသည် ။
ထိုအခါမှ မပိုပို က သူတို့ အိမ်နား ရှိ ဒေါ်ကြီးသာ တို့ အိမ်မှာ ယနေ့၌ ဆွမ်း လှည့် ကျနေသည် ။ ဒေါ်ကြီးသာ တို့ ဆွမ်းချက်ဖို့ စောစော ထကြလိမ့်မည် ။ ပြန်တော့ တစ်ယောက်ယောက် မြင် သွားလျှင် ရှက်စရာ ဟု ဆိုလာသည် ။ ထိုအခါ မောင်ထွန်းရွှေ လည်း ချစ်သူ ရှိရာ သပြုတောင်ရွာ မှ မိမိ ရွာ ကြတ္တိန် ဘက် ထွက်လာလေသည် ။
အချိန်မှာ နံနက် မိုးလင်းပိုင်း ဟု ဆိုသော်လည်း ရောင်နီ ကိုပင် မမြင်ရသေး ။ အပြန်လမ်း မှာ အလာတုန်း က လိုပင် မှောင်နှင့်မည်းမည်း သာ ရှိနေသေး၏ ။ သည်လိုနှင့် မောင်ထွန်းရွှေ သည် တောလမ်း အတိုင်း မိမိ ရွာဘက် သို့ ခြေမြန်စွာ လျှောက်လာသည် ။ ဤလမ်း ဤခရီး မှာ ညစဉ်ညတိုင်း အသွား တစ်ခေါက် အပြန် တစ်ခေါက် သွားနေကျ ဖြစ်သဖြင့် ကြောက်ရွံ့ ထိတ်လန့်စိတ် လည်း လုံးဝ ကို မရှိပေ ။
သို့သော် သူတို့ ရွာနှင့် တစ်ခေါ်သာသာ အဝေး ကျောက်တောင်ပေါက် လမ်းကြား အရောက် မှာ သူ့ ရှေ့က ထီးထီးမားမားကြီး လာနေသော ဧရာမ လူမည်းကြီး တစ်ယောက် ကို မျက်နှာချင်းဆိုင် မှာ မြင်လိုက်ရသည် ။ ထို့ကြောင့် မောင်ထွန်းရွှေ မှာ အလိုလို ခြေလှမ်း တုံ့မိသွားသည် ။
မောင်ထွန်းရွှေ ကသာ ခြေလှမ်း တုံ့ပြီး ရပ်ကြည့် နေမိသော်လည်း သူ့ အရပ် ထက်ပင် မြင့်သော လူကြီး ကား မောင်ထွန်းရွှေ ရှိရာဘက် သို့ သာ မျက်နှာချင်းဆိုင် ဘက် မှ လာနေသည် ။ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ထိုသူကြီး ၏ အရပ်မှာ နိမ့်နိမ့် သွားသည် ။ ထို လူကြီး နှင့် မောင်ထွန်းရွှေ တို့ ဝါးနှစ်ပြန် ၊ သုံးပြန်ခန့် အကွာအဝေး သို့ ရောက်လာချိန်မှာတော့ ထို လူကြီး ၏ အရပ်မှာ မောင်ထွန်းရွှေ ၏ အရပ် နှင့် အတူတူလောက် ဖြစ်လာလေသည် ။
သူ့ ကိုတော့ တစ္ဆေ ခြောက်ပြီ ဆိုသည်ကို မောင်ထွန်းရွှေ အတပ် သိလိုက် သည် ။ ဤ ကျောက်တောင် ပေါက်လမ်း ၏ သပြုတောင်ရွာဘက်လမ်း အဝင်ဝတွင် ပညောင်ပင်ကြီး တစ်ပင် ရှိသည် ။ ထို ပညောင်ပင် တွင် ရုက္ခစိုး ရှိသည် ။ ထို ရုက္ခစိုး ကို ဤ လမ်း က ဖြတ်သွားဖြတ်လာ သူများ သည် ညည
မြင်တွေ့ရတတ်သည် ဟု လူပြောသူပြော များသည် ။ ထို ရုက္ခစိုး သည် ယခု အခါ သူ့ ကို ခြောက်လေပြီ ။ မြင်စက သူ့ အရပ် နှစ်ပြန် မြင့်သော ရုက္ခစိုးကြီး သည် ယခု သူ နှင့် ဝါး နှစ်ပြန် သုံးပြန် အကွာအဝေး သို့ ရောက်လာသောအခါ သူ နှင့် အရပ် တူလောက် ဖြစ်သွားသည် ။ ဤသည်မှာ လူယောင် ဆောင်၍ သူ့ အနား ရောက်မှ ဖက်လုံးချင်၍လား ဟု မောင်ထွန်းရွှေ တွေးလိုက်သည် ။
ထို့ကြောင့် ငယ်စဉ်ကပင် တောထဲ တောင်ထဲ နေလာခဲ့၍ လုံးဝ မကြောက်တတ်သော မောင်ထွန်းရွှေ သည် ယခုလည်း ကြောက်စိတ်တော့ များစွာ မဖြစ်မိသေး ။ သူ လူပျိုလှည့် သွားလျှင် သူ့ ခါးတွင် ဓားမြှောင် တစ်လက် ကလည်း အမြဲပါ၏ ။ ထို့ကြောင့် မောင်ထွန်းရွှေ သည် သူ နှင့် မျက်နှာချင်းဆိုင် မှ လာနေသော ရုက္ခစိုးကြီး အား လမ်းဖယ် ပေးထားသည့် အနေ နှင့် လမ်းဘေးတစ်ဖက်ရှိ တောင်ကမ်းပါးယံ ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်သည် ။ ခါး တွင် ဓားပါသော်လည်း သူ့ အား တစ်စုံတစ်ခု လှမ်း လုပ်လျှင် လက်လှမ်း မမီရာ က လှမ်းပေါက်နိုင်အောင် ဥသျှစ်သီးကြီး လောက် ရှိသော ကျောက်ခဲကြီး တစ်ခဲ ကို မြဲမြဲ ဆုပ်ကိုင်ကာ တောင်ကမ်းပါးယံ ပေါ် က လှမ်း ငုံ့ကြည့် နေသည် ။
ရှေ့တည့်တည့် မှ လာနေသော ရုက္ခစိုးကြီး သည် သူ နှင့် နီးလာလေ သူ အရပ်က နိမ့်နိမ့် သွားလေနှင့် တဖြည်းဖြည်း သူနှင့် ဘေးတည့်တည့်သို့ အ ရောက်မှာတော့ တစ်တောင် လောက်သာ မြင့်သော လူပုလေး တစ်ယောက် ဖြစ်သွားသည် ။ ထို လူပူလေး သည် မောင်ထွန်းရွှေ အောက် တုတ်ပေါက် လမ်းထဲ က မောင်ထွန်းရွှေ ကို တစ်ချက် မော့ကြည့်သည် ။ လူပုလေး ၏ မျက်လုံး နှစ်လုံးသည် ခေါင်းနှင့် မလိုက်အောင် သပြုသီး လောက် ရှိသဖြင့် ရုတ်တရက် မောင်ထွန်းရွှေ က လန့်သွားပြီး အော်ဆဲလိုက်ကာ လက် ထဲရှိ ကျောက်ခဲလုံးကြီး နှင့် လူပုလေးယောင် ဆောင်လိုက်သော ရုက္ခစိုးကြီး ၏ ခေါင်း ကို အပေါ်စီး က ပေါက်ချလိုက်သည် ။
မောင်ထွန်းရွှေ ပစ်ပေါက်လိုက်သော ကျောက်ခဲကြီး သည် လူပုလေး ရုက္ခစိုး ကို ထိမထိ မသိ ။ ပေါက်လည်း ပေါက် ပြေးလည်း ပြေး နှင့် မောင်ထွန်းရွှေ သည် မိမိ ရွာ ကြတ္တိန် ဘက် သို့သာ တစ်ဟုန်ထိုး ပြေးလာလေသည် ။ ထိုအချိန် မှာ ရောင်နီ ကို လည်း မြင်ရပြီ ဖြစ်သည် ။ ထို့ကြောင့် မောင်ထွန်းရွှေ ပြေးလာနေစဉ် သပြုသီးခန့် ရှိသော မီးလုံး တစ်လုံးသည် မောင် ထွန်းရွှေကို လိုက် ထိုးတော့သည် ။ ထိုအခါမှ မောင်ထွန်းရွှေ မှာလည်း “ အမယ်လေး လေး ကယ်ကြပါဦးပျို့ ၊ ကယ်ကြပါဦး ” ဟု သံကုန် ဟစ်အော် ကာ မိမိ ရွာဘက်သို့ တအားကုန် ပြေးလာရသည် ။
သပြုသီးခန့် ရှိသော မီးလုံးကြီး မှာ လည်း မောင်ထွန်းရွှေ နောက် ဝဲပျံလိုက် လာကာ မောင်ထွန်းရွှေ အား တရစပ် တုတ်ထိုးလာသည် ။
ကြတ္တိန်ရွာ အဝင်ဝ မှာ မောင်ထွန်းရွှေ သတိ လစ်ပြီး လဲကျသွားသည် ။
မောင်ထွန်းရွှေ အော်ပြေးလာသံ ကို ကြားသဖြင့် ကြတ္တိန်ရွာ မှ လူများ ထွက်လိုက်လာကြရာ ရွာအဝင်ဝ ၌ မောင်ထွန်းရွှေ ကို သတိလစ် မေ့မြော၍ တွေ့ကြရသည် ။ ရွာသားတွေ က မောင်ထွန်းရွှေ ကို ဆွဲယူပွေ့မ၍ ရွာ ထဲ သွင်း လာကြ၏ ။ သူ့ အိမ်တွင် တစ်နေ့လုံး သတိမရဘဲ မောင်ထွန်းရွှေ မေ့မြော နေ၏ ။
ထိုအခါ မိဘ ညီအစ်ကို မောင်နှမများ နှင့် ရွာသူရွာသားတွေ မှာ နှာနှပ်ကြ ၊ လှုပ်နှိုးကြည့်ကြ ၊ ဆေးဆရာ ခေါ်ကြ ၊ နတ်မေးကြ နှင့် အမျိုးမျိုး ကုသကြ သော်လည်း မောင်ထွန်းရွှေ မှာ ကား လုံးဝ ကို သတိမရသေး ။ ပက်လက် ထားလျှင် ပက်လက် ၊ စောင်းထားလျှင် စောင်းလျက် မှောက်ခုံ ထားလျှင် မှောက်ခုံ နှင့်သာ သတိ မေ့မြောနေလေသည် ။
နောက်တစ်နေ့ အရုဏ်တက်ချိန် ရောက်မှ မောင်ထွန်းရွှေ လူးလွန့်လာပြီး သတိရ လာသည် ။ ထိုအခါမှ ဘယ်လို ဖြစ်တာလဲ ဟု ဝိုင်းမေးကြရာ မနေ့က သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက် ကို ပြန်ပြောနိုင်သည် ။ သူ က ရုက္ခစိုး မီး နှင့် လိုက်ထိုးသည် ဟု ပြောသည်ကို မယုံ၍ အင်္ကျီ ကို ချွတ်လှန်ကြည့်ကြရာ ထိုအခါမှ အမှန်ပင် သူ့ တစ်ကိုယ်လုံးမှာ မီးလောင်ကွက်များ ကို မြင်ကြရသည် ။ ထူးဆန်းသည် မှာ အင်္ကျီ တွင် မီးပေါက်ရာ လုံးဝ မတွေ့ရဘဲ ကျောကုန်း တစ်လျှောက်၌ သာ မီးလောင်ရာများ ကို တွေ့ကြရသည် ။
သည်တော့မှ သူ့ အား ရုက္ခစိုးကြီး က မီး နှင့် လိုက် ထိုးကြောင်း အားလုံး ယုံကြည်သွားကြသည် ။ လူကြီး တစ်ယောက် က ပြောသည်မှာ ထို ရုက္ခစိုးကြီး ခြောက်သည် ကို သူတို့ လည်း ယခင်က ကြုံဖူးသည် ။ ရုက္ခစိုးကြီး သည် တစ်ညလုံး သူ့ အကြောင်းကိစ္စ နှင့် သူ သွားသွားလာလာ လုပ် နေပြီး မိုးလင်း ပိုင်း ရောက်မှ သူ့ ဘုံဗိမာန် ရှိရာ ပညောင်ပင်ကြီး သို့ ပြန်လာတတ်သည် ။ ရုက္ခစိုး အဝင်အထွက်ကို ရှေးလူကြီးများက ရှောင်ကြဉ်ဖို့ အမှာရှိဖူးသည် ။
ရုက္ခစိုး အဝင်အထွက် တွင် လူတွေ နှင့် တွေ့ သော်လည်း လူတွေ က ရှောင် ပေးလျှင် လူတွေ ကို ဘာအန္တရာယ် မှ မပြုတတ် ။ ယခု မောင်ထွန်းရွှေ မှာ သူ့ ကို ကျောက်ခဲနှင့် ပစ်ပြေး သဖြင့် မောင်ထွန်းရွှေ အား မီး နှင့် လိုက် ထိုးခြင်း ဖြစ်သည် ။
ထို့ကြောင့် ရုက္ခစိုးကြီး အား သွား ၍ ပူဇော် ပသ,ရန် မောင်ထွန်းရွှေ ၏ မိဘ နှစ်ပါး ကို ပြောကြသည် ။
ထို လူကြီးများ ပြောသည့် အတိုင်း မောင်ထွန်းရွှေ နှင့် တကွ မိဘနှစ်ပါး က ပညောင်ပင်ကြီး ခြေရင်း သွားပြီး ငှက်ပျောပွဲ ၊ အုန်းပွဲ ၊ မုန့်ဖြူ ၊ မုန့်နီတို့ နှင့် သွားရောက် ကန်တော့ကြသည် ။ ထိုအခါ မှ မောင်ထွန်းရွှေ ၏ ကိုယ်ပေါ်မှ မီးလောင်ရာ အမည်းအကွက်များ သည်လည်း မနာမကျင်ဘဲ အလိုလို ပျောက်သွားလေသည် ။
▣ ဝေယံလင်းခေါင်
📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ
No comments:
Post a Comment