❝ ရွှေခွာကြတော့မှာလား ❞
( မောင်ဝဏ္ဏ )
အဲဒီတုန်းက မြေနီကုန်း ကြက်တန်း ရှိသေးသဗျ ။ လမ်းကြိုလမ်းကြားတွေ မှာ ကားပစ္စည်း အဟောင်းတွေ ၊ အသစ်တွေ ရောင်းချ နေကြတဲ့ အချိန်ပေါ့ ။ ကား ပစ္စည်းဆိုင်တွေ ကလည်း ခုလို တိုက်ကြီးတွေနဲ့ မဟုတ်ပါဘူး ။ သွပ်မိုး ပျဉ်ကာ အဖီထုတ် ထားတယ် ဆိုရင်ပဲ တော်တော် သပ်ရပ်တယ်လို့ ပြောရမယ့် အချိန်ပါ ။
တစ်နေ့မှာတော့ ကျွန်တော့် အစ်ကိုတော် တစ်ယောက် နဲ့အတူ မနက် စောစော ရွှေတိဂုံစေတီတော် ပေါ် ဘုရားဖူး တက်ခဲ့ပါတယ် ။ ကျွန်တော် ဘုရားဖူးရင် ညနေပိုင်း ၊ ညဦးပိုင်း မှာ ဖူးလေ့ ရှိပါတယ် ။ ကျွန်တော့် အစ်ကိုတော် ကတော့ နံနက်စောစော ဘုရားဖူးရတာ ပိုပြီး ကြည်နူးရတယ် ၊ သဒ္ဓါ ပိုပွားရတယ် ။ နေလည်း မပူသေးဘူး ၊ လေကောင်းလေသန့် လည်းရတယ် ။ ကျန်းမာရေးရှုထောင့် က ကြည့်ရင်လည်း နံနက်စောစော က ပို ကောင်းတယ် ။ ကြည်ညိုသဒ္ဓါ ပွားများမှုဘက်က ကြည့်ရင်လည်း နေ့စဉ်လုပ်ငန်းတွေ မစမီမို့ စိတ်ထဲ ပိုလို့ ကြည်နူးနိုင်တယ် ။ ဘုရားတရား ကို ပိုပြီး အာရုံကျနိုင်တယ် စသည်ဖြင့် အကြောင်းပြချက်တွေ ပြောပြီး ကျွန်တော်နဲ့ အတူ နံနက်စောစော ဘုရားဖူး ထွက်ခဲ့ကြပါတယ် ။
ဟုတ်ပါတယ် ။ နံနက်စောစောမှာ ဘုရားဖူးရတာ စိတ်ကြည်လင် သန့်ရှင်းပြီး ကြည်နူးရပါတယ် ။ ကျွန်တော် ကတော့ တတ်သမျှ မှတ်သမျှ ဘုရားရှိခိုးစာတွေ ရွတ်ပြီး ရွှေတိဂုံစေတီတော်ကြီး ကို ကြည်ညိုလိုက်ပါတယ် ။ စိတ်ထဲ မှန်းတာကတော့ ဗုဒ္ဓမြတ်စွာ ရဲ့ သဗ္ဗညုတဉာဏ်တော် နဲ့ ထိုးထွင်း သိမြင်ခဲ့တဲ့ တရားတော်ပါပဲ ။ အဲဒီ တရားတော် ကို အစဉ် စောင့်ရှောက် ထိန်းသိမ်းလာတဲ့ သံဃာတော်များ ကိုလည်း ပူဇော် လိုက်ပါတယ် ။ ဘုရားဖူး လိုက်ရတော့ ကျွန်တော့် စိတ်ထဲမှာ အေးမြနေခဲ့ပါတယ် ။
ကျွန်တော့် အစ်ကိုတော် ကတော့ ရင်ပြင်တော် ပေါ်က ဆင်းတုတော် တစ်ဆူကို ရေသပ္ပာယ်တာတို့ ၊ သန့်ရှင်းရေးလုပ်တာတို့ ၊ ပန်း ၊ ရေချမ်း ၊ ဆီမီး ပူဇော်တာတို့ လုပ်ပါတယ် ။ ပြီးတော့ ပုတီးထိုင် စိပ်နေလေရဲ့ ။
ကျွန်တော် လည်း တတ်သမျှ မှတ်သမျှ ဘုရားစာ တရားစာတွေ ရွတ်ဆို ရှိခိုးပြီးတဲ့ နောက် စေတီတော် ကို လက်ယာရစ် ပူဇော် လိုက်ပါတယ် ။
နံနက်စောစော လည်း ဖြစ်ပြန် ၊ ကိစ္စများမြောင် လူတို့ဘောင်ရဲ့ တစ်နေ့တာ လုပ်ငန်းတွေကိုလည်း ရင်မဆိုင်ရသေးတဲ့ အချိန်ဖြစ်လို့လားတော့ မသိဘူး ၊ ကျွန်တော့် စိတ်က ရှင်းသန့် နေခဲ့ပါတယ် ။
ကျွန်တော် ကြားဖူးတာလေး တစ်ခု ရှိပါတယ် ။ စေတီတော် တစ်ဆူ ကို လူသုံးယောက် လာရောက် ဖူးမြော်ကြပါသတဲ့ ။ ပထမ လူက စေတီတော် ရင်ပြင်ပေါ် ရောက်တာနဲ့ ဆိတ်ငြိမ်ရာ တစ်နေရာမှာ ထိုင်ပြီး မျက်စိမှိတ် ၊ မြတ်စွာဘုရား ရဲ့ ဂုဏ်တော်တွေ ကို အာရုံပြု ၊ သဗ္ဗညုတ ဉာဏ်တော် ကို ပူဇော် ၊ တရားတော် ကို အာရုံပြု ၊ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ တရားများ ကို ဉာဏ်မီသမျှ ဆင်ခြင် ၊ သံဃာတော်တွေ ကို အာရုံပြု ပူဇော် ၊ အရိယာရဟန္တာများ နှင့်တကွ သမုတိရဟန်းများ ကိုလည်း ပူဇော် ၊ တရားနှလုံး သွင်းပြီး ရှိခိုးကန်တော့လိုက် ပါသတဲ့ ။ အဲဒီ အချိန် အတောအတွင်းမှာ သူ့ မှာ တရားတော် ကို ကြည်ညို သဒ္ဓါပွားတဲ့ စိတ် က လွဲလို့ ဘာမှ မရှိပါဘူးတဲ့ ။
ဒုတိယ တစ်ဦး ကတော့ ရွှေတဝင်းဝင်း တောက်ပနေတဲ့ စေတီတော် ကြီး ကို ရွှေတွေ တဖိတ်ဖိတ် လက်နေတဲ့ အတွက် ကျေနပ်အားရစွာ ကြည်ညို နေပါသတဲ့ ။ အဲဒီ ရွှေတွေ ၊ ငွေတွေ ၊ ထီးတော် မှာ တင်လှူထားတဲ့ ကျောက်သံ ပတ္တမြားတွေ ကိုလည်း ကျေကျေနပ်နပ် ကြည်ကြည်နူးနူး ကြည့်ရှုပါသတဲ့ ။ အဲဒီ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြားတွေ ကို လှူခဲ့ကြသူများ ရဲ့ အလှူဒါန ကိုလည်း သာဓုအနုမောဒနာ ပြုပါသတဲ့ ။ စေတီတော်ကြီး ရဲ့ ရွှေတဝင်းဝင်း နဲ့ သပ္ပာယ်ပုံ ကို ကြည့်ရှု ဖူးမြော်ပြီး ကြည်နူးသဒ္ဓါ ပွားများပါသတဲ့ ။ ပြီးတော့မှ မြတ်စွာဘုရား ကို အာရုံပြုပြီး ကြည်လင်တဲ့ စိတ်ထားနဲ့ သီလ ခံယူ ဆောက်တည်ပါတဲ့ ။
တတိယ တစ်ယောက် ကတော့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတော် ကြီး ကို မြင်လိုက်ရရင်ပဲ သူ့ စိတ်ထဲမှာ လောဘတွေ ဝင်လာပါသတဲ့ ။ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြားတွေ ကို လိုချင်တဲ့ စိတ်က ခွာမရအောင် ကပ်တော့ တာပါပဲတဲ့ ။ စေတီတော်ကြီး ကို ဖူးမြော် နေပေမယ့် စိတ်က ရွှေတွေ လိုချင်တဲ့ လောဘ ဖိစီး နေပါသတဲ့ ။ နောက်ဆုံးတော့ လူ လစ်ရင် ရွှေ ခွာလိုက်ရ ကောင်းမှာပဲ ဆိုတဲ့ စိတ်ရိုင်းစိတ်မိုက်တွေ ဝင်လာပါသတဲ့ ။ စေတီတော် မှာလှူထားတဲ့ ရွှေတွေ ထဲက နည်းနည်း ဖြစ်ဖြစ် သူ ရလိုက်ရင် အတော့်ကို ကြွယ်ဝချမ်းသာ လာမှာပဲ လို့ စိတ်ကူးမိပါသတဲ့ ။
ဒီလိုနဲ့ စေတီတော် ပေါ်က အဲဒီ လူသုံးယောက် ပြန် ဆင်းလာခဲ့ကြ ပါသတဲ့ ။ တစ်ဦးစီမှာ ပါလာတဲ့ စိတ်အခြေအနေတွေ ကတော့ မတူကြတော့ပါဘူး ။
သဗ္ဗညုတဉာဏ်တော် ကို ကြည်ညိုပြီး တရားနှလုံး သွင်းရင်း ပြန်ဆင်း လာတဲ့လူ ။
စေတီတော် ကို ကြည်ညိုပြီး ဘုရား ထံမှ သီလ ဆောက်တည်ခဲ့တဲ့ အတွက် သီလကို နှလုံးသွင်းပြီး ပြန် ဆင်းလာတဲ့လူ ။
ရွှေတွေ ကို သာ ကြည့်ပြီး လောဘရမ္မက် လျှမ်းလျှမ်းတက်ပြီး ပြန်ဆင်း လာတဲ့လူ ။
စေတီတော် ကတော့ ဒီ တစ်ဆူတည်းပါပဲ ။ ဒါပေမယ့် ဘုရားဖူး လူ သုံးယောက် ရဲ့ စိတ်နေစိတ်ထားတွေ ကွဲပြားသွားတဲ့ အတွက် အကျိုး အပြစ် ရပုံခြင်း ကတော့ ကွာခြား ကုန်ကြပါတယ်တဲ့ ။
ရွှေခွာချင်စိတ် ပေါက်သွားတဲ့လူများဆို ဘယ်လိုများ ဆိုးကျိုးတွေ တသီတသန်း လိုက်ပါလာလိမ့်မယ် မသိဘူး ။
ဒါကြောင့် ဗုဒ္ဓမြတ်စွာ က စေ့ဆော် တိုက်တွန်းတတ်တဲ့ စေတနာ ကို ကံတရားလို့ ဟောတော်မူခဲ့တာပါပဲ ။
ကျွန်တော် က အဲဒီနေ့ မနက်ပိုင်းမှာ ဘုရားဖူးပြီး စိတ် ကြည်ကြည် လင်လင် နဲ့ ရင်ပြင်တော် ပေါ်က ပြန်ဆင်းခဲ့ပါတယ် ။ ကျွန်တော့် အစ်ကိုတော် က ဘုရား က အဆင်းမှာ စိပ်ပုတီးတစ်ကုံး ဝယ်ပါတယ် ။ ပြီးတော့ ကျွန်တော့် ကို မြေနီကုန်း ကြက်တန်း ဘက် မောင်းခိုင်းပါတယ် ။ အဲဒီတုန်းက ကျွန်တော့် မှာ ပစ်ကပ်ကားကလေး တစ်စီး ရှိပါတယ် ။ အဲဒီ ကားရဲ့ ရှေ့ဘီးနှစ်လုံး က သိပ် မကောင်းလို့ ဘီးအသစ် နှစ်လုံးဝယ် တပ်ပြီးခါစပါ ။ ဒန်းလော့ပ် အမျိုးအစား ကားဘီး ဆိုတာ မှတ်မိနေပါသေးရဲ့ ။
အစ်ကိုတော် က သူ ဝယ်ခဲ့တဲ့ စိပ်ပုတီး ကို အဲဒီ မြေနီကုန်း ကြက်တန်း ကြားလမ်း တစ်လမ်းက သူ့ မိတ်ဆွေဆီ ဝင်ပြီး လက်ဆောင် ပေးမလို့ပါတဲ့ ။
အဲဒီ လမ်းကြားထဲ ဝင် လိုက်တော့ ကားပစ္စည်း အဟောင်း အသစ်တွေ ရောင်းနေကြတဲ့ လမ်း ဖြစ်နေပါတယ် ။ မူလ အိမ်ရှင်တွေ က သူတို့ အိမ်ရှေ့ ဥပစာနေရာ ကို အဖီချပြီး ကားပစ္စည်း ရောင်းသူတွေကို ငှားထားတာနဲ့ တူပါရဲ့ ။ ဒါမှမဟုတ်လည်း အိမ်ရှင် ကိုယ်တိုင် ကားပစ္စည်း ရောင်းတတ်လို့ ရောင်းနေတာ လည်း ရှိချင် ရှိမှာပေါ့ ။
အစ်ကိုတော် က အဲဒီ ဆိုင်တွေ ကြားထဲက ဖြတ်ပြီး အနောက်ဘက် တစ်နေရာ ကို သွားလေရဲ့ ။ ကျွန်တော် ကတော့ ကားပေါ် မှာပဲ ထိုင်ပြီး စောင့်နေ လိုက်ပါတယ် ။
သိပ်မကြာမတင် မှာပဲ ကျွန်တော့် ကားအနား ကို ဘာသာခြား အသားမည်း လူသုံးယောက် လောက် ရောက်လာပါတယ် ။ ကျွန်တော့် ကားရှေ့ဘီး နှစ်လုံး ကို ကြည့်နေကြလေရဲ့ ။
ကျွန်တော့် စိတ်ထဲ မှာတော့ ကားပစ္စည်း ရောင်းဝယ်သူတွေမို့ ကား ပစ္စည်းတွေကို စိတ်ဝင်စားကြတာ သူတို့ အလုပ် သူတို့ စိတ်ဝင်စားတဲ့ သဘောပဲ ၊ ဒါ ကောင်းတာပေါ့လို့ အောက်မေ့လိုက်ပါတယ် ။ သူတို့ က ကျွန်တော့် ကို အကဲခတ်ပါတယ် ။ ကျွန်တော် လည်း ဘုရားပေါ် က ဆင်းလာ ခါစ ဆိုတော့ စိတ်ကြည်လင် နေတာနဲ့ ပြုံးပြလိုက်ပါတယ် ။
သူတို့ချင်း တစ်စုံတစ်ရာ တိုင်ပင်ကြပါတယ် ။ ပြီးတော့ ကျွန်တော့် နား လာကြပါတယ် ။ ပြီးတော့ ခပ်ရဲရဲပဲ မေးပါတယ် ။ ။
“ ကိုယ့်ဆရာ ရှေ့ဘီး နှစ်ဘီး လဲသွားမလား ” တဲ့ ။
ကျွန်တော် က “ မလဲပါဘူးဗျာ ၊ အသစ်တွေပါ ။ မနေ့တစ်နေ့ ကမှ ဝယ်ထားတာပါ ” လို့ ပြန်ပြောပါတယ် ။
“ အဲဒါကြောင့် ပြောတာပေါ့ ၊ ဒီ ဘီးအသစ်တွေ နဲ့ ကွန်ပေါင်း နဲ့ လဲ မလားလို့ မေးတာ ”
“ ဟာ မဟုတ်တာကြီးပဲ ၊ အသစ်နဲ့ ကွန်ပေါင်း ဘယ်လဲနိုင်ပါ့မလဲ ”
“ ခင်ဗျား အတွက် ငွေတစ်ထောင် ပေးမှာပေါ့ ”
“ မဟုတ်တာဗျာ ၊ မလဲပါဘူး ”
“ နည်းလို့လား ၊ ထောင့်ငါးရာ ပေးမယ်ဗျာ ”
“ မလဲပါဘူးဗျာ ”
“ ခင်ဗျား ကြည့်လိုက်ဦးလေ ”
အဲသလို ပြောပြီး ဒန်းလော့ပ်တာယာ တစ်လုံး သွား ယူလာပါတယ် ။ ကွန်ပေါင်း ဆိုပေမယ့် တကယ့် အသစ် အတိုင်းပါပဲ ။ ကွန်ပေါင်း ဆိုတာ ပန်းပါး သွားတဲ့ ကားဘီးတွေ ကို ပန်းပုံအသစ် ပြန်ဖော်ပြီး ရောင်းလေ့ ရှိတဲ့ တာယာမျိုး ဆိုတာ လောက်တော့ ကျွန်တော် သိထားပါတယ် ။ ။
“ ကဲ ခင်ဗျား ကြည့် ၊ ခင်ဗျား တာယာ နဲ့ ဘယ်လိုမှ ခွဲလို့ မရဘူး ။ ဘယ့်နှယ့်လဲ ”
ကျွန်တော့် စိတ်ထဲ ကသိကအောက် ဇဝေဇဝါတွေ ဖြစ် နေပါတယ် ။
ဘယ်နှယ့် ငါ့ တာယာ အသစ်ကို အဟောင်းနဲ့ လာ လဲပြီး ငွေအလိုက် ပေးနေတယ် ၊ ဘယ်လိုပါလိမ့်ပေါ့ ။
တာယာဆရာ က ဆက် ပြောပြန်ပါတယ် ။
“ ဖြုတ်တပ် ဆယ့်ငါးမိနစ် ပဲ ကြာမယ် ။ ခင်ဗျား လည်း ငွေ ထောင့် ငါးရာ စီမယ် ၊ စိတ်ချဗျာ ၊ ပိုင်ရှင် မသိစေရဘူး ”တဲ့ ။
ဒီတော့မှ ကျွန်တော့် ဇဝေဇဝါတွေ ရှင်းသွားပါတယ် ။
ကျွန်တော့် ကို ကားပိုင်ရှင် လို့ မထင်ဘဲ ကားမောင်းစားတဲ့ လူလို့ ထင်တယ်နဲ့ တူပါတယ် ။ ရုတ်တရက်တော့ စိတ် ထဲ ထောင်းခနဲ ဖြစ်မိပါရဲ့ ၊ ပြီးမှ ချက်ချင်း ပြန် စဉ်းစားမိတယ် ။
ကျွန်တော် က အဝတ်အစား ကို သိပ် ဂရုတစိုက် မရှိဘူး ။ တန်ရုံသင့်ရုံ အဝတ်အစားတွေ ပဲ ဝတ်တယ် ။ ရုပ်ရည် ကလည်း ခပ်ပိန်ပိန် ၊ ခပ်မွဲမွဲ ။ လက်ပတ်နာရီ မပတ်တာ အနှစ် သုံးဆယ် ကျော်ရော့မယ် ။ ရွှေ ၊ ငွေ ၊ လက်ဝတ် ရတနာ ဆိုတာလည်း ဘယ်လိုမှ ဝါသနာ ပါလို့ မရဘူး ။ ဒီတော့ ရုတ်တရက် ကြည့်လိုက်ရင် မော်တော်ကား ပိုင်တဲ့ လူလို့ ထင်စရာ အကြောင်း မရှိဘူး ။ နေ့စား နဲ့ မောင်းတဲ့ လူလို့ပဲ ထင်နိုင်တယ် ။
အဲသလို ထင်တာ သူတို့ အပြစ် မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလိုကိစ္စ မျိုးတွေ အားပေးအားမြှောက်လုပ်တာတော့ မကောင်းဘူးလို့ ထင်ပါတယ် ။
“ ဒါ ငါ့ကားကွ ၊ မင်းတို့ ဘာကောင်တွေလဲ ”
ဘာညာ ပြောဖို့ စိတ်မကူးမိဘူး ။ ကိုယ့်ဘာသာ ကိုယ်ပဲ ရယ်ချင်စိတ် ပေါက်နေတယ် ။ ဒါကြောင့်
“ မလဲပါဘူးဗျာ ၊ အသစ်ပဲ ကောင်းပါတယ် ”
လို့ သူတို့ ကို ပြန် ပြောလိုက်တယ် ။
ဒါတောင် သူတို့က
“ ကျုပ်တို့ပေးတာ အများဆုံးဈေးပဲ ကိုယ့်လူ ၊ ကိုယ်တို့ စားရလည်း ငါးရာလောက်ပဲ ”
လို့ ဆက် ပြောနေသေးတယ် ။
“ မလဲပါဘူးဆိုနေမှဗျာ ” လို့ လေသံ နည်းနည်း မြှင့်လိုက်မှ အဲဒီ လူတွေ ထွက်သွားကြတယ် ။ ကျွန်တော့် ကို ကြည့်သွားပုံ ကတော့ တော်တော်တုံးတဲ့ ငနဲ ၊ ဆယ့်ငါးမိနစ် အတွင်း ထောင့်ငါးရာ ရမယ့် ကိစ္စ မလုပ်ချင်ဘူး ။ ဒီလို ရိုးသားနေမှတော့ ပြောင်ပြောင်ရောင်ရောင် ရှိမှာ မဟုတ်ဘူး ဆိုတဲ့ အကြည့် မျိုးနဲ့ ကြည့် သွားကြတယ် ။ လှောင်ပြုံးတွေ လည်း ပြုံး သွားကြတယ် ။
အဲဒီ အချိန် လောက်မှာပဲ ကျွန်တော့် အစ်ကိုတော် ပြန်လာတယ် ၊ သူ ကားပေါ် တက်ပြီးတော့ ကျွန်တော် မောင်းထွက်ခဲ့တယ် ။
“ ခုနကောင်တွေ ဘာလာ ပြောတာလဲကွ ” လို့ သူ က မေးတယ် ။
“ ကားတာယာ ကွန်ပေါင်းနဲ့ လဲမလား လာမေးတာ ” အစချီပြီး “ ပိုင်ရှင် မသိစေရပါဘူး ” အထိ ပြောပြလိုက်တယ် ။ ပြီးတော့ ကျွန်တော် ရယ်တယ် ။
ရယ်မယ့် သာ ရယ်တာပါ ။ စိတ်ထဲ မှာတော့ မကောင်း ဖြစ်မိတယ် ။ လူတော်တော်များများ ရဲ့ အကျင့်စာရိတ္တတွေ ဘယ်လို ဖြစ်ကုန်ကြပြီလဲ ။
ခုတွင်က ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျွန်တော် ဘုရားပေါ် က ဆင်းလာခါစ စိတ်ကြည်လင် နေတဲ့ အချိန် ၊ ဒေါသစိတ် နည်းပါးနေတဲ့ အချိန်မို့ပေါ့ ။ စိတ်ဆိုး နေတဲ့ဘအချိန် ၊ တစ်ခုခု ပြဿနာ ဖြစ်နေတဲ့ အချိန်မျိုး ဆိုရင် မင်းတို့ ငါ့ ကို ဘာထင်လို့လဲ ဘာညာနဲ့ စကားများ ရန်ဖြစ် ၊ အချင်းများ နိုင်ပါတယ် ။
စိတ်မကောင်း ဖြစ်မိတဲ့ အချက်ကတော့ မဟုတ်မမှန် မတော်မတရား နဲ့ ကိုယ်ကျိုးစီးပွား ရှာချင်တဲ့ စိတ်တွေ များများလာတာ ကိုပါပဲ ။ ကားပစ္စည်း အရောင်းအဝယ် မှ မဟုတ်ပါဘူး ။ တခြား စီးပွားရေးလုပ်ငန်းတွေ မှာလည်း ကိုယ်ကျိုး တစ်ခုတည်း ကြည့်တာတွေ ရှိပါတယ် ။
မိမိ ရသင့်ရထိုက် တာကို ရိုးရိုးဖြောင့်ဖြောင့် ရှာဖွေလို့ မရနိုင်တော့ ဖူးလား ။ ကောက်ကျစ်မှု ၊ လိမ်ညာမှု ၊ လည်ရင် လည်သလို ၊ လစ်ရင် လစ်သလို ကိုယ်ကျိုးစီးပွား ပဲ အဓိကထား လုပ်မှ ရတော့မှာလား ။
အဲသလို စိတ်ထားမျိုး လူများစု မှာ လွှမ်းမိုး လာရင် ခက်ရချည်ရဲ့ ။
စေတီတော် တစ်ဆူ ကို လူ သုံးယောက် ဖူး သလိုပေါ့ ။
တစ်ယောက် က တရားတော် ဆိုတဲ့ အနှစ်သာရ ကို ရှာဖွေ ခံယူတယ် ။ နောက် တစ်ယောက် က သီလမြဲမြံဖို့ ကြိုးစားတယ် ။
နောက်ဆုံး တစ်ယောက် ကတော့ ရွှေခွာဖို့ စိတ်ကူးတယ် ။
လက်ငင်း ပိုက်ဆံ ရဖို့သာ အဓိက ၊ နောက်နောင် ဘာဖြစ်ဖြစ် ဆိုတဲ့ လူစားမျိုးတွေ ဟာ နောက်ဆုံး ဘုရားဖူး တစ်ယောက် လိုပါပဲ ။ ရွှေ ခွာဖို့ပဲ စိတ်ကူး နေကြဟန် တူပါရဲ့ ။
ကျွန်တော် တို့ ပတ်ဝန်းကျင် မှာ ရွှေခွာချင်တဲ့ လူမျိုးတွေကို မကြာမကြာ တွေ့ နေရပါတယ် ။ အဲသလို လူမျိုးတွေ ငွေကြေး အဆင်ပြေရင် လည်း ခဏပဲ ဆိုတာ မြင်နေရပါတယ် ။
လည်သူ စားစတမ်း ဆိုတဲ့ သီဝရီကြီး ကို ကျွန်တော် မယုံကြည် ပါဘူး ။ အဲဒီ သီဝရီကြီး ဟာ ကောင်းလည်း မကောင်းပါဘူး ။
သူ့ အကျိုးလည်း မယုတ်စေနဲ့ ၊ ကိုယ့် အကျိုးလည်း ဖြစ်ထွန်းစေ ဆိုတဲ့ စိတ်ထားမျိုး ရှိသင့်ပါတယ် ။ သူ့ အကျိုးလည်း ဖြစ်စေ ၊ ကိုယ့် အကျိုး လည်း ဖြစ်စေ ဆိုရင်တော့ ပိုကောင်းတာပေါ့ ။
အနည်းဆုံးတော့ ဘာအလုပ် ပဲ လုပ်လုပ် ၊ ဆိုင်ရာဆိုင်ရာ ကိုယ်ကျင့် သီလတွေ စောင့်ထိန်း သင့်ပါတယ် ။ အကျင့်သီလ ပျက်စေမယ့် ကိစ္စတွေ ကိုလည်း အားပေးအားမြှောက် မပြုသင့်ပါဘူး ။ ဒါမှ အများစု အဆင်ပြေကြ မှာပါ ။ ရွှေ ခွာဖို့ပဲ စဉ်းစား နေကြမယ် ဆိုရင်တော့ အဘက်ဘက် က ယိုယွင်းပျက်စီးကြမှာ မုချပါပဲ ။
⎕ မောင်ဝဏ္ဏ
📖မြင်သာ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂ဝဝဝ
No comments:
Post a Comment