❝ ခရမ်းရောင် ခရုလေးများ ❞
( မြတ်သင်း )
အစွဲအလမ်းများ တယ် ခက်သကိုး ။ ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်တာတောင်မှပဲ ထိုင်နေကျ စားပွဲ မှာ ထိုင်ရမှ ။ တကယ်တော့ ဒီ ဆိုင်မှာ မှ ထိုင်ချင်တယ် ဆိုတာ ကလည်း အစွဲအလမ်း တစ်ခုပါပဲ ။ အေးလေ ၊ မိုးလင်းလာတာ နဲ့ လက်ဖက်ရည်လေး တစ်ခွက်တော့ သောက်ရမှ ဆိုတာကလည်း စွဲလမ်းတဲ့ စိတ် ပဲ မဟုတ်လား ။
ဒီနေ့နံနက် လမ်းလျှောက် အပြန် ထုံးစံအတိုင်း ငုဝါလမ်း က ရွက်နု လက်ဖက်ရည်ဆိုင် မှာ ဝင် ထိုင်တယ် ။ ထိုင်နေကျ ဖြစ်တဲ့ ကောင်တာ ဘေး က စားပွဲ မှာပဲ ထိုင်လိုက်တယ် ။
“ ဝမ်းတီးပူပူလေး ”
ဂျိတ်သိုး က စားပွဲ ဘေးမှာ လာရပ်ရင်း အော် လိုက်တယ် ။ ဒါနဲ့ “ ဟေ့ကောင် လက်ဖက်ရည် မမှာနဲ့ ဦး ။ အေးကုန်လိမ့်မယ် ။ မုန့် အရင် စားဦးမယ် ” လို့ ပြော ရတယ် ။ ဂျိတ်သိုး က အလွန် နပ်တဲ့ကောင်ပဲ ။ ဘာမုန့် စားချင်တယ် ဆိုတာ ပြောစရာမလိုဘူး ။ ကျွန်တော် ထပ်တရာ စားမယ် ဆိုတာ သိပြီးသား ။
“ ဝမ်းတီးဘရိတ် ၊ ပလာပဲလုံး နဲ့ တစ်ပွဲ ၊ ကြက်သွန်ကြော်ပါမယ် ” လို့ တစ်ဆက်တည်း အော်လိုက်တယ် ။
ဝမ်းတီးဘရိတ် ဆိုတာ စောစောက မှာတဲ့ လက်ဖက်ရည် ကို မဖျော်နဲ့ဦး ၊ ရပ်လိုက်လို့ ပြောတာ ။ ပလာတာ ( ကျွန်တော်တို့ အညာအခေါ် ထပ်တရာ ) နဲ့ စားဖို့အတွက် ဒီ ဆိုင်မှာ ပဲ နှစ်မျိုး ရှိတယ် ။ စားတော်ပဲပြုတ် ကို ချေပြီး ပြန်ချက်ထားတာ ရှိသလို ဒီအတိုင်း ဆီဆမ်း ပေးတာလည်း ရှိတယ် ။ ကျွန်တော် ဆီဆမ်း ပေးတာ စားနေကျမို့ ပဲလုံးတစ်ပွဲ လို့ မှာလိုက်တာပါ ။ အဲ ချက်ပဲ ဆိုရင် ကြက်သွန် ( အနီ ) ကြော် ဖြူးပေးလေ့ ရှိပေမယ့် ပဲလုံး မှာ ကြက်သွန်ကြော် ထည့် မပေးဘူး ။ ဒီတော့ ကျွန်တော်က ကြက်သွန်ကြော် တောင်းဦးမယ် ဆိုတာ သိတဲ့ အတွက် ကိစ္စ ငြိမ်းအောင် ဂျိတ်သိုး က “ ကြက်သွန်ကြော်ပါမယ် ” လို့ တစ်ပါတည်း ထည့် အော်လိုက်တာပါ ။
ဂျိတ်သိုး ခါးမှာ ထိုးထားတဲ့ အဝတ်ကို ဖြုတ်ပြီး စားပွဲ သုတ်တယ် ။ ရေနွေးကရား ထဲ မှာ ရေနွေး ရှိ မရှိ မ ကြည့်တယ် ။ ပြီးမှ ခေါင်း ကို မသိမသာ ညွတ်ပြီး တခြား စားပွဲ ကို ရွှေ့သွားတယ် ။
ဂျုံကောင်းကောင်း သုံးတဲ့ အတွက် မုန့်ကောင်းတာ ၊ လက်ဖက်ခြောက်ကောင်းကောင်း သုံးတဲ့ အတွက် လက်ဖက်ရည် ရော ရေနွေးကြမ်းပါ ကောင်းတာ ၊ ဒါတွေကတော့ ဒီ ဆိုင်ရဲ့ ထူးခြားချက်တွေပါပဲ ။
အဲ မထူးခြားတာကတော့ စားပွဲထိုးတွေပါ ။
ဒီဆိုင်က စားပွဲထိုးတွေ ကလည်း တခြား ဆိုင်တွေက စားပွဲထိုးတွေ လိုပါပဲ ။ အားလုံး ချာတိတ်လေးတွေပါ ။
တစ်ခါတစ်ရံ နံနက်စောစော ရောက်လာရင် စားပွဲ တစ်လုံး မှာ စုထိုင်ပြီး ချာတိတ်တွေ ထမင်းကြော် စား နေတာ တွေ့ရပါတယ် ။ စားတော်ပဲပြုတ် နဲ့ ထမင်း နဲ့ ကြော်ပြီး ဆိုင်ရှင် က ကျွေးတာပါ ။ တစ်မိထဲ က ပေါက်ဖွားလာတဲ့ ညီအစ်ကိုတွေ ကို ကြည့်ရ သလိုပါပဲ ။ တစ်ယောက် ကို တစ်ယောက် နောက်လိုက် ပြောင်လိုက် နဲ့ ထမင်းစား နေတာ ကြည်နူးစရာပါပဲ ။ သူတို့ အဖို့တော့ တစ်နေ့တာ အလုပ်စခန်း ဝင်ဖို့ အတွက် ကိုယ်ခံအား ကောင်းအောင် ပြင်ဆင်နေကြတဲ့ သဘောပါ ။ စွပ်ကျယ် လက်စက ၊ ဘောင်းဘီတိုလေးတွေ နဲ့ ခဏ ကြာရင် ဟိုစားပွဲ ကနေ ဒီစားပွဲ ကို သံပတ်ရုပ်လေးတွေ လို ကူးသန်းလှုပ်ရှားကြရတော့မှာ မဟုတ်လား ။
ညီအစ်ကိုတွေ လို့ ထင်ရပေမယ့် မတူခြားနား တဲ့ အရပ်တွေ က လာခဲ့ကြတဲ့ ကလေးတွေပါ ။ ဒီဆိုင်မှာ စားပွဲထိုး ငါးယောက် ရှိတယ် ။ မောင်ခြိမ့် က အကြီးဆုံး ၊ ဂျိတ်သိုး က အငယ်ဆုံး ၊ ကျန်တဲ့ ကလေးသုံး ယောက်ကတော့ သံလုံး တဲ့ ၊ မောင်ထွန်း တဲ့ ၊ မောင်ချို တဲ့ ။
“ မောင်ခြိမ့် ရေ ၊ အမွှေးတိုင် ပါ ထွန်းလိုက်ဦးဟေ့ ”
ဘုရားစင် မှာ ဘုရားပန်း လဲနေတဲ့ မောင်ခြိမ့် ကို ဆိုင်ရှ င်က လှမ်းပြောတယ် ။ ဘုရားစင် က မြင့် တော့ စားပွဲ ပေါ်မှာ ခုံ ဆင့်ပြီး ခုံ ပေါ် ကနေ တက် ကပ်ရတယ် ။ ဆွမ်း ၊ သစ်သီး ကပ်တာ ၊ သောက်တော်ရေ လဲတာ မောင်ခြိမ့် ပဲ ။ နံနက်တိုင်း လုပ်တယ် ။ မောင်ခြိမ့် က အညာသား ပေမယ့် အသားလတ်တယ် ။ နေတာ ထိုင်တာ ဣန္ဒြေရတယ် ။ သူ့ ဇာတိ ကတော့ ညောင်ဦးနယ် ထဲကပါ ။
“ ကိုယ်ယိမ်းနေတာပဲကွာ ”
ဘရိတ်ကီ ရဲ့ တေးသွား စည်းချက်နဲ့ အတူကိုယ်ကို တွန့်လိမ်လှုပ်ရှားရင်း စားဖိုခန်း က ထွက်လာ တဲ့ သံလုံး ကို မောင်ခြိမ့် က လှမ်း အော်လိုက်တယ် ။ သံလုံး ကို ကြည့်လိုက်ရင် အမြဲပဲ လှုပ် နေတတ်တယ် ။ ကြိုး နဲ့ တွဲလောင်းဆွဲ ထားတဲ့ ဂတ်စ်မီးခြစ်လေး ကို တောင် လက်ဖက်ရည် ချရင်း အသွားအပြန် ခေါင်း နဲ့ တိုက်ပစ်ခဲ့တာချည်းပဲ ။ သံလုံး က တောင်သာနယ် က လာတာ ။ အသားညိုညို ၊ မျက်နှာလေးထောင့် နဲ့ သူ့ အသက် နဲ့ စာရင် အရပ်အမောင်း ထွက်တယ် ။ တစ်ရက်မှာတော့ သံလုံး က လက်ဖက်ရည် တွေ ကို အချ ဧည့်သည် က လက်မြှောက်လိုက်တော့ တိုက်မိပြီး လက်ဖက်ရည်ခွက်တွေ မှောက်ကုန်တယ် ။
“ ဟေ့ကောင် ဘယ်လို လုပ်လိုက်တာလဲကွ ။ ဒီမှာ ပေကုန်ပြီ ”
စားပွဲ ပေါ်မှာ လက်ဖက်ရည်တွေ အိုင်ထွန်း သွားတယ် ။ ပန်းကန် လည်း များတာကိုး ။
သံလုံး က စားပွဲ ကို အဝတ် နဲ့သုတ်တယ် ။ ဒီတော့မှ ပိုဆိုးသွားတယ် ။
“ အမယ်လေး ပူလိုက်တာကွာ ။ ပုဆိုး လည်း ရစရာ မရှိတော့ဘူး ။ မင်း ဘယ်လို ကောင်လဲကွ ။ ဒီလောက်မှ မသိတတ်ဘူးလား ။ တယ်လေ ၊ ငါ လုပ်လိုက်ရ ”
ဆယ်နှစ်အရွယ် ချာတိတ်လေး ကို ထိုးတော့ မလို ၊ ကြိတ်တော့ မလို ဒေါမာန်ပွားနေတဲ့ ဧည့်သည် လူကြီးမင်း ကို တစ်ဆိုင်လုံး က ဝိုင်း ကြည့်နေကြတယ် ။ အဲဒီဝိုင်း နား ကို မောင်ထွန်း ရောက်လာပြီး သံလုံး ကို အသာ တွန်းဖယ် လိုက်တယ် ။
“ မတော်လို့ပါ ခင်ဗျာ ၊ တောင်းပန်ပါတယ် ”
မောင်ထွန်း က လက်အု ပ်ချီပြီး တောင်းပန်တယ် ။
ပြီးတော့ ထိုင်ချလိုက်ပြီး လူကြီးမင်း ရဲ့ ခြေဖမိုး ကို အဝတ် နဲ့ သုတ်ပေးတယ် ။ ဆိုင်ရှင် ကရော ၊ တစ်ဝိုင်းတည်းသားတွေ ကပါ ဝိုင်းပြီး တောင်းပန်ကြတော့ လူကြီးမင်း လည်း စိတ်အဖုအထစ် ပြေပျောက်သွားပါတယ် ။
မောင်ထွန်း က သာယာဝတီ ဘက် က ရောက်လာတဲ့ ကလေး ပါ ။ အသားညိုညို ၊ ဆံပင်ကောက်ကောက် ၊ ပါး မှာ ပါးချိုင့်ကလေး နဲ့ ။ သဘောကောင်း ပြီး အပြောညက်တယ် ။ ဆိုင်ရှင် က အပြင်မှာ ခိုင်းစရာ ရှိရင် မောင်ထွန်း ကို ပဲ လွှတ်တယ် ။ အနား က အိမ် တွေ ၊ ဆိုင်တွေ ကို မုန့် ၊ လက်ဖက်ရည် ပို့ဖို့ ရှိရင် မောင်ထွန်း ပဲ ပို့ရတယ် ။ မောင်ထွန်း ကလည်း အပေါင်းအသင်း ကောင်းလိုက်ပုံများတော့ ဆိုက်ကားဆရာ နဲ့ လည်း အဖွဲ့ကျတာပဲ ။ အပြင်က လက်ဖက်ရည် ပို့ပြီး ပြန်လာရင် ဆိုင်ထဲ ကို တန်းဝင်မလာဘူး ။ ဆိုင်ရှေ့ ဆိုက်ကားဂိတ် မှာ သောင်တင် နေလိုက်သေးတယ် ။ ဆိုက်ကား လက်ကိုင် ပေါ် မေးတင်ပြီး ဂလိုင် ကို “ ကလင် ... ကလင် ” မြည်အောင် လှုပ်နေတတ်တယ် ။ ဆိုက်ကားဆရာ ကလည်း မောင်ထွန်း ရဲ့ ခေါင်းကို ပွတ်ပေးလို့ အကြည်ဆိုက် နေလိုက်ကြတာ ။ သားအဖတွေ ကျနေတာပဲ ။ ဆိုင်ရှင် က လှမ်း ခေါ်မှ မဝင်ချင် ဝင်ချင် ဝင်လာတတ်တယ် ။
ဆိုင် မှာ လူရှင်းတဲ့ အချိန်ဆိုရင် မောင်ထွန်း က ကျွန်တော့် ကို လည်း စကား လာပြောတတ်တယ် ။
“ ဘဘ မောင်ချို လေ မနေ့က ငိုတယ် သိလား ”
တစ်ရက် မှာ မောင်ထွန်း က ပြောတယ် ။
“ ဘာဖြစ်လို့လဲ ”
ကျွန်တော် က ပြန် မေးလိုက်တယ် ။ မောင်ချို ဘာကြောင့်များ ငိုပါလိမ့် ။ မောင်ချို က ရွှေဘိုနယ် က လာတာ ။ အသားညိုညို ၊ မျက်စိမှေးမှေး ၊ သွားခပ်ကြီးကြီးနဲ့ပါ ။
“ ဆိုင် ရှေ့မှာ နွားတွေ ဖြတ်မောင်းသွားတယ် ဘဘ ရဲ့ ။ အဲဒါ မောင်ချို က ပြေးထွက်ပြီး အကြာကြီး ကြည့် နေတယ် ။ ဘာဖြစ်လို့ ကြည့်တာလဲ လို့ မေးတော့ နွား မမြင်ရတာ ကြာလို့တဲ့ ။ ပြီးတော့ ရွာ ကို လွမ်းလို့ ဆိုပြီး တရှုပ်ရှုပ် ငိုနေတယ် ”
အကျိုးအကြောင်း စုံစုံလင်လင် သိချင်လို့ မောင်ချို ကို ကျွန်တော် လှမ်းခေါ်တယ် ။ မောင်ချို က မလာဘူး ။ မျက်နှာ ပျက်နေတယ် ။ ခေါင်းယမ်း ပြပြီး တခြား စားပွဲတွေ နားမှာ သွားပြီး ရှောင်နေတယ် ။
“ မောင်ချို လာမှာ မဟုတ်ဘူး ။ ဝိုင်း စကြလို့ သူ ရှက်နေတယ် အဘ ရဲ့ ”
ဂျိတ်သိုး က ပြောတယ် ။ ဂျိတ်သိုး က စားပွဲထိုး တွေ ထဲမှာ အငယ်ဆုံး ချစ်စရာ အကောင်းဆုံးပါ ။ ကျွန်တော်မို့ ဆိုင်ထဲ ဝင်လာတာနဲ့ “ ဝမ်းတီးပူပူလေး ” လို့ သူများထက် ဦးအောင် အော်တတ်တဲ့ ကလေးပါ ။ သူ က အိမ်မဲ ဘက် က လာတာ ။ အသားညိုညို မျက်နှာဝိုင်းဝိုင်း ၊ မျက်လုံးဝိုင်းဝိုင်း နဲ့ သနားကမားလေးပါ ။ ဂျိတ်သိုး တစ်ယောက် လူကြီးဂိုက် ဖမ်းပြီး ဟန်တစ်လုံး ၊ ပန်တစ်လုံး စကား ပြောရင် အင်မတန် ကြည့်ကောင်း ပါတယ် ။ ရယ်စရာ လည်း ကောင်းတယ် ။ ဂျိတ်သိုး က သူ့ ဟာ သူ လုပ်တာလား ။ အဖော်တွေ က လုပ်ပေးတာ လား မဆိုနိုင်ဘူး ။ သနပ်ခါးပါးကွက် ကွက်ပြီး နှာခေါင်းထိပ် မှာ လည်း သနပ်ခါး တစ်ပြောက် တင်ထား တတ်တယ် ။ ဘဲမြီးဆံပင်ထိပ် ကိုလည်း အပေါ်ကော့ ထောင် နေအောင် ဖြီးထားတတ်တယ် ။
“ နှာခေါင်းထိ ပ်မှာ သနပ်ခါးကွက် ထားတာ က ဘာသဘောလဲကွ ” လို့ မေးရင် ဂျိတ်သိုး က ဘယ်တော့မှ မဖြေဘူး ။ ဗိုက် ရှေ့မှာ လက်နှစ်ဖက် ကို ယှက် ပြီး ကိုယ်ကို ယိမ်းလို့ ပြုံးစေ့စေ့ လုပ်နေတတ်တယ် ။
“ အဲဒါ ဂျိတ်သိုးစတိုင်လ် လေ ” လို့ မောင်ထွန်း က သူ့ ကိုယ်စား ဝင် ဖြေပေးတတ်တယ် ။
တစ်နေ့မှာတော့ ဂျိတ်သိုးခေါင်း မှာ အနာချွန်း တွေ ထွက်နေတာ တွေ့တယ် ။ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်တာ နဲ့ အမှတ်တမဲ့ပဲ နေလိုက်မိတယ် ။
နောက် တစ်ရက် မှာတော့ ဂျိတ်သိုး ရဲ့ခေါင်း တစ်ခုလုံး ခရမ်းရောင်တွေ ၊ အနီရောင်တွေ ပွလို့ ၊ အနာတွေ ကလည်း ပို ဆိုးလာတယ် ။ သဖန်းသီးတွေ လို ပဲ ၊ ရဲမှည့် နေတယ် ။ အနာရှိန်ကြောင့် မျက်နှာ မှာ လည်း ယောင်ကိုင်းလို့ ။ ညကတဲ့ ကလေး အချင်းချင်း ဆေး လိမ်းပေးကြတာတဲ့ ။ အဲဒါ ဆေး မှားပြီး လိမ်းမိလို့ ခုလိုဖြစ်သွားတာတဲ့ ။ ဖြစ်မှ ဖြစ်ရပလေ ၊ မသေကောင်း ၊ မပျောက်ကောင်း မိဝေးဖဝေးမှာ ကလေးတွေ ဖြစ်ချင် သလို ဖြစ်နေကြတာပဲ ။ ဂျိတ်သိုး ကတော့ ငိုမလို ရှုံ့မဲ့ နေတယ် ။
“ ကျွန်တော် ဆေးခန်း မှာ ပြပေးပါတယ် ။ ဒီနေ့လည်း သွား ပြမှာပါ ”
ဆိုင်ရှင် က ပြောပြတယ် ။
နောက်နေ့တွေ မှာတော့ ဂျိတ်သိုးလေး ကို ဆိုင်မှာ မတွေ့ရတော့ဘူး ။ အိမ်မဲ ကို ပြန်သွားပြီ လို့ ပြော တယ် ။ နေမှ ကောင်းရဲ့လား ။ ဆိုင် ကို ရောက်တိုင်း ဂျိတ် သိုး ကို မတွေ့ ရတဲ့ အတွက် စိတ် ထဲမှာ တစ်မျိုးချည်းပဲ ။ ဟာတာတာ နဲ့ ။ “ ဝမ်းတီး ပူပူလေး ” လို့ ဂျိတ်သိုး ရဲ့ အော်သံလေး ကို ကြားယောင်နေမိတယ် ။
“ စားရမဲ့ သောက်ရမဲ့ဖြ စ်ပြီး ဆင်းရဲလို့ ရောက် လာတဲ့ ကလေးတွေ များပါတယ် ။ တချို့လည်း အစ်ကို က ရန်ကုန် မှာ အလုပ် လာ လုပ်လို့ အစ်ကို နဲ့ အတူ လိုက်လာတာ လည်း ရှိတယ် ။ အိမ်က ထွက်ပြေး လာတဲ့ ကလေးလား ၊ ရှိချင် ရှိမယ် ။ ကျွန်တော် တော့ မတွေ့ဖူးဘူး ”
ရန်ကုန် လက်ဖက်ရည်ဆိုင်တွေ မှာ တွေ့ရတဲ့ ကလေးတွေ အကြောင်း ဆိုင်ရှင် က ပြောပြတယ် ။ ကလေးတွေ ကို ဆိုင်တွေ မှာ လိုက်အပ်တဲ့ ပွဲစားတွေ လည်း ရှိသတဲ့ ။ ဘုန်းကြီးကျောင်း က ကျောင်းသားလေးတွေ ကို သွေးဆောင်ပြီး ဆိုင် ကို ပို့တတ်သတဲ့ ။ တချို့ ဝိသမသမားတွေ ကတော့ ကိုရင်လေးတွေ ကို တောင် ဖျားယောင်းပြီး လူထွက် ခိုင်းတာမျိုး လည်း ရှိသတဲ့ ။ ဆိုင်ရှင် က ပြောပြနေတယ် ။
ဆိုင်ရှင် ပြောတဲ့ စကားတွေ ကို နားထောင်ရင်း တစ်ခါတုန်း က လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ကို သွား သတိရမိတယ် ။
••••• ••••• •••••
မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေး မှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ရှိခဲ့ပါတယ် ။ ဆိုင်းဘုတ် မရှိ ၊ ဆိုင်နာမည် မရှိပါဘူး ။ ဆိုင်ရှင်နာမည် ကို အစွဲပြုပြီး “ စိန်ကောင်း လက်ဖက်ရည်ဆိုင် ” လို့ပဲ ခေါ်ကြတယ် ။
“ ဟိုကောင်ကွာ တော်တော် ရှုပ်တဲ့ကောင် ။ သတင်းစာ ထဲက ပိုက်ဆံပုံတွေ ဖြတ်လာပြီး ငါ့ ကို ပေး သွားတယ် ။ တခြားလူ ကို ပြန် အမ်းမိရင် မကောင်းဘူး ကွ ။ ရှုပ်ကုန်လိမ့်မယ် ”
အဲဒီအချိန်တုန်းက ငွေစက္ကူ အသစ် ထုတ်ရင် သတင်းစာ ထဲမှာ ငွေစက္ကူပုံ နမူနာ ဖော်ပြပါတယ် ။ အဲဒီ ငွေစက္ကူပုံ ကို ဖြတ်လာပြီး ကျောင်းသားတစ်ယောက် က သူ့ ဆိုင်မှာ သုံးသွားလို့ ကိုစိန်ကောင်း က ပြောတာပါ ။ နောက်ပြောင်တဲ့ သဘောနဲ့ လုပ်တာပါ ။ အဲဒီ ကျောင်းသား ကပဲ ငွေစက္ကူအစစ် ပေးပြီး ပြန်လဲလို့ ကိုစိန်ကောင်း သိတာပါ ။ ကိုစိန်ကောင်း တို့ မိသားစု က ကျောင်းသားတွေ ရဲ့ ဆိုးမျိုးကို အတော်လေး ခံရပါ တယ် ။ ကိုစိန်ကောင်း က တရုတ်အမျိုးသား ပေမယ့် မြန်မာဆန်ပါတယ် ။ သူ့ ဇနီးက လည်း မြန်မာအမျိုးသမီး တစ်ယောက်ပါပဲ ။
“ မင်းတို့ ငါ့ အဖေ ကို တရုတ်ပြည် အကြောင်း တွေ လာလာ ပြောပြီး မနောက်ကြနဲ့ကွ ။ သူ တကယ် စိတ်ညစ်နေတယ် ”
ကိုစိန်ကောင်း ရဲ့ အဖေ တရုတ်ကြီး က အသက် ခုနှစ်ဆယ် ကျော်လောက် ရှိပါပြီ ။ တရုတ်ပြည်ပေါက် အဘိုးကြီး ပါ ။ ခပ်နောက်နောက် ကျောင်းသားတွေ က အဘိုးကြီး ကို တရုတ်ပြည် အကြောင်းတွေ ( ဟုတ်တာရော ၊ မဟုတ်တာရော )ပြောပြီး ပြောင်ကြ ၊ စကြပါတယ် ။ ဒီအချိန်မှာ ဆိုရင်ဖြင့် ယန်စီမြစ် ထဲမှာ လှေပြိုင်ပွဲ ကျင်းပနေပြီ ဖြစ်တဲ့ အကြောင်း ၊ လမုန့်ပွဲတော် နီးပြီ ဖြစ်တဲ့ အကြောင်း ၊ ရိုးရာပူဇော်ပွဲမှာ မိသားစုတွေ ဘယ်လို ဆင်နွှဲကြတဲ့အကြောင်း ၊ ငါးထပ်တောင် မှာ ဆီမီး မငြိမ်းတဲ့အကြောင်း ၊ ဆောင်းလလယ်ပွဲတော် ဟာ ဖြင့် အလွန် သာယာကြောင်း စသဖြင့် တဖွဲ့တနွဲ့ ပြောကြတယ် ။ ကြာတော့ တရုတ်ကြီး ဟာ သူ့ မွေးရပ်မြေ ကို လွမ်းပြီး ငိုင်တိုင်တိုင် ဖြစ်လာတယ် ။ ဒါကြောင့် ကိုစိန်ကောင်း က သူ့ အဖေ ကို မစကြ ၊ မပြောင်ကြ ဖို့ ပြောတာပါ ။ တရုတ်ကြီး က အရွယ်အို ပေမယ့် အံ့ဩ လောက်အောင် ကျန်းမာတယ် ။ တောက်တက် တောက်တက် နဲ့သွားရင်း အလုပ် လုပ်နေတာပဲ ။ စားပွဲသုတ် ၊ မီးထိုး ၊ လှုပ်ရှား နေတာပဲ ။ ထိုင် နေတာ တွေ့ရခဲတယ် ။ ကိုစိန်ကောင်း ကလည်း လက်ဖက်ရည် ဖျော်လိုက် ၊ ငွေသိမ်းလိုက် အလုပ် လုပ်နေတာပဲ ။ ဆိုင် မှာ စားပွဲထိုး နှစ်ယောက် ရှိတယ် ။ ကိုခင်မောင် တဲ့ ၊ ကိုနီ တဲ့ ။ နှစ်ယောက်လုံး ကျွန်တော် တို့ ထက် အသက်ကြီးတယ် ။
ကိုခင်မောင် က ကျွန်တော်တို့ နဲ့ ပို လုံးတယ် ။ တစ်ခါတစ်ရံ ညနေစောင်း မှာ ကျွန်တော်တို့ နဲ့ ယမကာ ဝိုင်းဖွဲ့လို့ရတယ် ။ သူ က ပန်းကန် ဆေးရင်း ကိုစောညိန်း ရဲ့ သီချင်းလေးတွေ ကို ညည်းတတ်တယ် ။
“ ဪ မဖိုစုံလင် × × × ခွန်းတုံ့တင်လို့ × × × ကျေးငှက်ရွှင်လို့ × × × သိုက်ဝင်ရိပ်နန်း ၊ နွေဦးဆန်းဝယ် × × × ခေါ်တမ်း ကြင်နာ × × × ဘာသာလူနှယ် ၊ ဥသြငှက်ကလေးတို့ရယ် × × × ဟို ပင်ယံရွှေယင်းမာ က × × × တေးသံသာဖွဲ့ကာ ကျီစယ် × × × ရယ်ရွှင်ပါလို့ မောင့်ကို ညွှန်းသည့်နှယ် × × × ပူဝဋ်ကြွေးရယ်နဲ့ ၊ ဆွေးရတဲ့ မိန်အကျန်ဝယ် × × × ရော်ရွက်ဝါတို့ သက်ကြွေဆဲဝယ် × × × ဖော်နည်းသူမို့ မျက်ရည်ဝဲပြီကွယ် × × ×
ကိုနီ ကတော့ တစ်မျိုး ၊ စာဖတ်ဝါသနာ ပါတယ် ။ တစ်ရက် မှာ ဆရာမင်းကျော် ရဲ့ လှိုင်ဝတ္ထုကြီး ကို ဆိုင် ထဲ မှာ ကျွန်တော် ဖတ်နေတယ် ။ ( အဲဒီတုန်းက ပုဂံစာအုပ်တိုက် က ဆရာမင်းကျော် ရဲ့ စာအုပ်တွေ လှိုင်လှိုင် ထုတ်နေတဲ့အချိန်ပါ )
“ မင်းကျော် စာအုပ်လား ၊ ပြစမ်းပါဦး ကြည့်စမ်း ဘယ်နှစ်လုံး ပါလဲ ရှာကြည့်ရအောင် ”
ကိုနီက လက်ဖက်ရည် လာချရင်း ပြောတယ် ။ ဆရာမင်းကျော် ရဲ့ စာတွေထဲ မှာ “ ကြည့်စမ်း ” ဆိုတဲ့ စကားလုံး မကြာမကြာ သုံးလေ့ ရှိတာကို ရည်ညွှန်းပြီး ပြောလိုက်တာပါ ။ ကိုနီ စာဖတ်နာပုံ ကို အံ့သြ နေမိတယ် ။
တရုတ်အဘိုးကြီး နဲ့ ပတ်သက်လို့ မှတ်မိနေတာ တစ်ခု ရှိသေးတယ် ။ ဒီတုန်းက ဆိုင် ထဲကို ကလေး တစ်ယောက် ဝင်ဝင် လာတတ်တယ် ။ မယောင်မလည် နဲ့ စားပွဲတွေ နားမှာ ရစ်သီ ရစ်သီနဲ့ ။ ဒီ ကလေး ဝင်လာတိုင်း အဘိုးကြီး က မောင်းထုတ်တတ်တယ် ။
“ ဟေ့ကောင် သွား သွား မလာနဲ့ ”
ကလေး က လာမြဲတိုင်း လာတာပဲ ။ တစ်ရက် မှာတော့ အဘိုးကြီး က ကလေးရဲ့ နားရွက် ကို တအား ဆွဲလိမ်တယ် ။
“ အား နာလိုက်တာ ၊ နာလိုက်တာ ”
ကလေး က ရှုံ့မဲ့ပြီး အော်နေတယ် ။ ဇက်ကလေး လည်း စောင်း နေရှာတယ် ။ အဘိုးကြီး က ကလေးရဲ့ နားရွက်ကို လိမ်ဆွဲရင်း ဆိုင်ပြင် ကို ခေါ် ထုတ်သွားတယ် ။
“ သွား ၊ နောက် မလာခဲ့နဲ့ ။ နောက်တစ်ခါ ဒီထက် နာမယ် ”
ကြောက်သွားတယ် ထင်ပါရဲ့ ။ နောက်ထပ် ဒီကလေး လာတာ မတွေ့တော့ဘူး ။ ဘာလို့ဒီ ကလေး ကို မလာစေချင်ရတာလဲလို့ မေးကြည့်တယ် ။
“ အလကား ရှုပ်ရှုပ်ယှက်ယှက် ကျောင်းလစ် လာတဲ့ ကောင်တွေ ၊ လူ လစ်ရင် ပိုက်ဆံ နှိုက်မယ် ။ မုန့် ယူ ပြေးမယ် ။ မလာရဲအောင် နှိမ်ထားမှ ”
ရေနီမြောင်းဘေး လက်ဖက်ရည်ဆိုင်လေး ရဲ့ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစလေးတွေပါ ။
••••• ••••• •••••
ရွက်နုလက်ဖက်ရည်ဆိုင် ကို မကြာမကြာ ရောက်ပါတယ် ။
တီဗွီဂိမ်း ထဲ က အရုပ်တွေ လို လွန်းထိုးလှုပ်ရှား နေတဲ့ ကလေးတွေ ကို ကြည့်ရင်း ဒီ ဆိုင်မှာဖြင့် ကလေးတွေ များလိုက်တာ ၊ ရေနီမြောင်း က ဆိုင် မှာတော့ တရုတ်အဘိုးကြီး က ကလေးတစ်ယောက် လာတာ ကို တောင် မကြိုက်ဘူးနော် လို့ တွေးနေမိတယ် ။
“ ဝမ်းတီးပူပူလေး ”
အသံ တစ်သံ နားထဲ ဝင်လာတယ် ။ ဂျိတ်သိုး များလား ။ ဂျိတ်သိုး ပြန်ရောက်လာပြီ ဆိုပြီး ဝမ်းသာ သွားမိတယ် ။ ဂျိတ်သိုး အသံ မဟုတ်ပါဘူး ။ တခြား ကလေး တစ်ယောက် အသံပါ ။ ဂျိတ်သိုး ပြန်ရောက် မလာသေးဘူး ဆိုပြီး ဝမ်းနည်းမိပြန်တယ် ။
ဒါပေမဲ့ ဒီ ဝမ်းသာမှု ၊ ဝမ်းနည်းမှုတွေ ဟာ အမှန်တရား နဲ့ သဟဇာတ ဖြစ်ရဲ့လား ။ လေးစားကြည်ညိုဖွယ် ဖြစ်ရဲ့လား ။ စက်ဆုပ်ရွံရှာဖွယ်များ ဖြစ်နေရော့လား ။ မဆုံးနိုင်အောင် တွေးတောနေမိပါတော့တယ် ။
▢ မြတ်သင်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂၀၁၀
No comments:
Post a Comment