Wednesday, June 18, 2025

အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း


 

❝ အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း ❞
          ( လူမျိုးနော် )

( ၁ )

အိပဲ့ အိပဲ့ လှုပ်ရှား ရွေ့လျားလာသော အမှတ် ( ၁ ) ဘတ်စ်ကားပြာ သည် ဘူတာကြီး မှတ်တိုင်သို့ ခြေပစ်လက်ပစ် ထိုးဆိုက် လိုက်သည် ။ ကားစက်သံ ရပ်သွားသည် နှင့် မရှေးမနှောင်း မှာပင် ဆင်းသူတက်သူများစွာတို့ဖြင့် တဒင်္ဂ ရှုပ်ထွေး၍ သွားတော့သည် ။

မင်းဇော် သည် အိတ်ကပ် ထဲမှာ နောက်ဆုံး ကျန်ရှိ နေသော ဒူးယားစီးကရက် တစ်လိပ် ကို ထုတ်ယူ မီးညှိကာ စိမ်ပြေနပြေ ဖွာရှိုက် လိုက်၏ ။ သူ ဆင်းရမည့် ဆေးကျောင်း မှတ်တိုင် ကို ရောက်ဖို့ သိပ်မလိုတော့သော်လည်း ကား က သည် ဘူတာကြီးမှတ်တိုင် မှာ ထုံးစံအတိုင်း တအောင့် လောက် ရပ်နားဦးမှာမို့ နည်းနည်းတော့ ကြာဦးမည် ဖြစ် သည် ။ မန္တလေး ၏ နွေနေ့လယ်ခင်းမို့ သမားရိုးကျခပ်စပ်စပ် အပူသည် ပြတင်းပေါက် မှ ကျော်ဝင်ကာ ကားထဲသို့ တိုင် ကျူးကျော် ပူလောင်နေ၏ ။ တစ်ချက် ဝေ့ဝဲတိုက်ခတ် သွားသော နွေလေရူးကြောင့် ကား ထဲက လူပေါင်းစုံတို့၏ အနံ့ပေါင်းစုံတို့သည် အချိုးအဆ မညီမျှစွာ ပေါင်းစပ်မိကာ တစ်ကားလုံး သင်းပျံ့ သွားတော့သည် ။ ပူရ အိုက်ရ နံစော်ရ သည့်အထဲမှာ စပယ်ယာ ၏ အသံခပ်စာစာ ခပ်စူးစူး ဖြင့် ပါစင်ဂျာ ခေါ်သံကြောင့် မင်းဇော် တစ်ယောက် စိတ်ပါအိုက် စပ်စပ် ဖြစ်စ ပြုလာ၏ ။

“ အစ်ကိုလေးရယ် ၊ ထမင်းဖိုးလေး ငါးပြား ၊ ဆယ်ပြားလောက် သနားပါဦး ”

ကား အောက်က ထွက်ပေါ်လာသော အသံချွဲချွဲ ပျစ်ပျစ်ကြောင့် မင်းဇော် သည် ဘာရယ်လို့ မဟုတ်ဘဲ အောက်သို့ ငုံ့ကြည့်မိလိုက်သည် ။ ပေရေမည်းသည်းနေသော အရွယ်မရောက်သေးသည့် ကလေးငယ် နှစ်ဦး ၊ ရက်ပေါင်းများစွာ အစာရေစာ ဝဝလင်လင် မစားခဲ့ရခြင်း အဖြစ် သည် ကလေးငယ် နှစ်ယောက် ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း လိုလိုမှာ ထင်ရှား ပေါ်လွင် နေတော့သည် ။ သနားကရုဏာစိတ်များ ရင်မှာ ရုတ်ခြည်း ဖြစ်ပေါ်လာသော ကြောင့် အိတ်ကပ် ထဲက အကြွေစ အနည်းငယ် ကို နှိုက်ယူကာ ရေ မနေတော့ဘဲ ခွက် တစ်လုံးစီ သို့ မျှ၍ ထည့်ပစ်လိုက်သည် ။

“ ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေကွယ် ၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ ၊ လိုရာဆန္ဒတွေ လဲ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ ”

လူကြီးသံဖြင့် ဆုတောင်းလိုက်သံကို ကြားမိတော့ မင်းဇော် တစ်ယောက် အခြေအနေ ကို ကောင်းစွာ နားလည် သဘောပေါက်မိတော့သည် ။ အသံရှင်သည် ခုနက ကလေးငယ်နှစ်ဦး ၏ မိခင် ဖြစ်ပုံရသည် ။ သို့သော် ရိုးရိုး မိခင် တော့ မဟုတ်ရှာ ။ အနာကြီးရောဂါ စွဲကပ် နေသော ဝေဒနာ သည် မိခင်တစ်ဦး မျှသာ ဖြစ်သည် ။ အဝတ်အစား လစ်လပ်နေသော ကိုယ်ခန္ဓာ နေရာတိုင်း က အသားအရေ သည် ကြမ်းတမ်းခြောက်သွေ့ကာ အမွေးအမျှင် ကျိုးတိုးကျဲတဲတို့ဖြင့် တကယ့်ကို စိတ်ပျက်စရာ ။ တိမ်စွဲ နေဟန် တူသော မျက်စိနှစ်လုံး စလုံးကြောင့် တောင်ဝှေး ကို အားပြု ရင်း စမ်းတဝါးဝါးဖြင့် ကလေးငယ် နှစ်ဦး နောက်မှ တကောက်ကောက် လိုက်နေရရှာသည် ။ မြင်းကုန်းနှီး လို ပုံပျက်ပန်းပျက် ဖြစ်နေသော နှာခေါင်း ၊ ငုံးစိစိ ငုတ်တိုတို ဖြစ်ကာ မလှမပ မညီမညာ ဖြစ်နေသော ခြေချောင်းလက် ချောင်းများ အစရှိသည်တို့ ကို ကြည့်ပြီး နှစ်ရှည်လများ ရောဂါ ထင်ထင်ရှားရှား ဖြစ်နေလျက်က ဆေးဝါး ကုသမှု လုံးဝ မခံယူခဲ့သူ သို့မဟုတ် ဆေးဝါးကုသမှု ပြတ်တောင်း ပြတ်တောင်း ခံယူခဲ့သူ တစ်ဦး ဖြစ်ပေလိမ့်မည် ဟု မင်းဇော်  ၏ စိတ် ထဲမှ အလိုလို တွေးတော မိလိုက်သည် ။

ယဉ်ယဉ်ကျေးကျေး ဖြစ်အောင် ၊ စကားလှအောင် ခေါ်ဝေါ် သုံးစွဲ ရင်တော့ အနာကြီးရောဂါ သို့မဟုတ် ကိုယ်ရေပြားရောဂါပေါ့လေ ။ ဒိုင်းခနဲ သိအောင် ရိုင်းရိုင်းစိုင်းစိုင်း မညှာမတာ ပြောဆိုရရင်တော့ လက်ပရိုစီ ဒါမှမဟုတ် ကုဋ္ဌနူနာရောဂါ ။ ရောဂါ တစ်ခုရယ်လို့ ရောဂါလက္ခဏာတွေ မြင်မြင်ထင်ထင် ပေါ်ပေါ်လွင်လွင်ဘဖြစ်လာဖို့ရာ ခဲယဉ်းကြာညောင်း သလောက် တကယ့်တကယ် ပီပီပြင်ပြင် ဖြစ်လာပြီ ဆိုရင်လည်း ပြတ်ပြတ်သားသား ပျောက်ကင်းဖို့ရာ ၊ သက်သာဖို့ရာ အတွက် အချိန်ဘအတော်ကြီး ယူရသော ကူး စက်ရောဂါတစ်မျိုး ဖြစ်သည် ။ သည်ရောဂါ ကို အမှန် တကယ် သက်သာ ပျောက်ကင်းစေနိုင်သော ဆေးဝါးကောင်းများ ရှိနေပြီဖြစ်သော်လည်း နှစ်ရှည်လများ စွဲစွဲမြဲမြဲ ဂရုစိုက်ကာ သောက်သုံးဖို့ လိုအပ်လှသည်မို့ ဇွဲမရှိ သော လူနာအများစု မှာ ဆေး ကို သောက်လိုက် ၊ မသောက်လိုက် လုပ်ရင်း ရောဂါ က ကျွမ်းသည် ထက် ကျွမ်း လာရတော့သည် ။ ပြီးတော့ ကူးစက်ရောဂါ အများစု ထဲက ကူးစက်ရောဂါ တစ်ခုပင် ဖြစ်သော်ငြားလည်း သည်ရောဂါ သာမန် ကူးစက်ရောဂါ မဟုတ်ပြန် ။ လူ့အဖွဲ့အစည်း က နှာခေါင်းရှုံ့သော ၊ ဝိုင်းပယ် နှိမ်ချသော စည်းဝိုင်း အပြင် ဘက်က ရောဂါ တစ်ခု မဟုတ်လား ။ ကိုယ့်ဘမှာ သည်ရောဂါ မရှိဘူးပဲထား ။ ကိုယ့် ဆွေမျိုးသားချင်း ထဲမှာ သည်လိုမျိုး ရောဂါသည် တစ်ဦးတလေ မျှ ရှိခဲ့ဖူးရုံမျှ နှင့် မျိုးရိုးတစ်ခု က လုံးဝ အဖတ်ဆည် ၍ မရလောက်အောင် ဂုဏ်သိက္ခာပိုင်း မှာ အကြီးအကျယ် ကျဆင်းရတော့သည် ။ ဒါကြောင့်မို့ ထင်ပါရဲ့ ။ ကိုယ့် ကိုယ် မှာ မသင်္ကာစရာ အကွက် တစ်ခုတလေ တွေ့ရင်တောင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် နိုးနိုးကြားကြား လုပ်ကာ အနာကြီးရောဂါတိုက်ဖျက်ရေးအဖွဲ့ သို့ ဘယ် သူမှ သိက္ခာကျခံပြီး လာ မပြတော့ ။ ကျောင်းတွေမှာ အဲသည် အဖွဲ့က တာဝန်ရှိ ပညာသည်တွေ စစ်ဆေးဖို့ လာရင် တောင် ကိုယ့် ကိုယ်ကိုယ် သိပ် စိတ်မချသူတွေ က ပုန်းအောင်း ရှောင်တိမ်း နေတတ်ကြသည် မဟုတ်ပါလား ။ အဆိုးရွားဆုံးမှာကား အနာကြီးရောဂါ ကို ကာလသားရောဂါ နှင့် မှားယွင်းမှု ကြီးမားစွာ ရောထွေး နားလည်ကြနေခြင်းပင် ဖြစ်သည် ။ ဟိုးတစ်ခေတ် က အနုပညာ အရ လျှမ်းလျှမ်း တောက် အောင်မြင်ခဲ့သော “ သည်ဆောင်းဟေမန် ” ဇာတ်ကား ။ သည်ဘက် ခေတ်မှာ စံရွှေမြင့် ကာတွန်းဇာတ် လမ်းတွေဘထဲက “ ဝမ်းနည်းရမှာလား ၊ ဝမ်းသာရမှာလား မိသိန်းကြည် ” ။

အနာကြီးရောဂါ အကြောင်း နှင့် ပတ်သက်၍ တောင်တောင်အီအီများ ကို အတွေးနယ်ချဲ့ကာ စဉ်းစားမိ ရာမှ မင်းဇော် သည် ခပ်စောစောက တွေ့ကြုံလိုက်ရ သည့် ကလေးငယ် နှစ်ဦး ၏ အနာဂတ် နှင့် ပတ်သက်၍ အကြီးအကျယ် စိတ်မောလူမော ဖြစ်သွားရသည် ။ “ အနီး ကြာတော့ အနာကြီးဖြစ် ” ဆိုသလို အနာကြီးရောဂါသည် မိခင် နှင့် သာ ခုလို လက်ပွန်းတတီး သွားလာနေထိုင် စားသောက်နေပါက မဝေးလှတဲ့ ကာလငယ် တစ်ခု မှာ သည် ကလေးငယ် နှစ်ယောက် လည်း ရောဂါသည်များ အဖြစ်သို့ မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်သည် ။ ခပ်ငယ်ငယ် က ကြားဖူး ၊ နားထောင်ခဲ့ဖူးသော ရေဒီယို ဇာတ်လမ်း ထဲ က လို သည်လိုမျိုး ရောဂါသည်တွေရဲ့ ရောဂါ မဖြစ်သေးတဲ့ ကလေးလေးတွေ ကို မွေးစားစောင့်ရှောက်ပေးမယ့် လူကြီးလူကောင်းတွေ များများစားစား ပေါ်ပေါက်လာခဲ့ရင် ဘယ် လောက် ကောင်းလိုက်မလဲနော် ဟု မင်းဇော် တစ်ယောက် ရိုးသားစွာ တောင့်တမိလိုက်သည် ။

“ ဆေးကျောင်း မှတ်တိုင်ပါလား ”

ဘူတာကြီးမှတ်တိုင် က ကား ဘယ်အချိန် ထွက် လာခဲ့လေသည်မသိ ။ စပယ်ယာ ၏ အသံစာစာ ကို ကြား လေမှ “ ပါတယ် ၊ ပါတယ် ” ဟု ကသောကမျော ပြောကာ
အနာကြီး အိပ်မက်ကမ္ဘာ မှ လန့်နိုးလာပြီး ဆေးကျောင်းမှတ်တိုင်ဝယ် မင်းဇော်  ကသုတ်ကရက် ဆင်းလိုက်တော့သည် ။

( ၂ )

တော်တော်လေးတော့ သေချာသလောက် ဖြစ်နေပြီ ။ သို့ပေမဲ့ သေချာသည် ထက် ပိုပြီး သေချာအောင် ပင်အပ် ကလေး ဖြင့် ထိုးကာ ၊ ဆွကာ စမ်းသပ် စစ်ဆေးကြည့်လိုက် သည် ။ လက် က စမ်းသပ်ပြုနေခိုက်မှာ မျက်စိ ကလည်း သူငယ်ချင်း ၏ မျက်နှာ ပေါ် က အမူအရာ ၊ အရိပ်အခြည် ပြောင်းလဲမှု ကို မသိမသာ အကဲခတ် ဂရုစိုက်ဘကြည့်လိုက် ၏ ။ ဘယ်လိုမှ မပြောင်းလဲ ၊ နည်းနည်းလေး မှ နာပုံကျင်ပုံ မရ ။

မင်းဇော် သည် သူ ၏ ချစ်သူငယ်ချင်း အတွက် အထူး တလည် စိတ်မကောင်း ဖြစ်မိသွားသည် ။ သို့သော် ရင်ထဲ က ခံစားရသမျှတွေ ကို မျက်နှာ မှာ မထင်ဟပ်ရလေအောင် အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိလုပ်ရင်း သူငယ်ချင်း အားရှိစေရန် ချိုမြိန်လှိုက်လှဲစွာ ပြုံးပြလိုက်၏ ။ စမ်းတွေ့ ရသလောက် ကတော့ သူငယ်ချင်းမှာ အနာကြီးရောဂါ ဖြစ်စ ပြုနေပြီ ။ ဒါပေမဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး ဖြစ်နေသည့် အတွက် သူ တွေ့ရှိသည့် အမှန်တရား ကို အရင်းအတိုင်း သူ့ ပါးစပ် မှ ဘယ်လိုလုပ်၍မှ မပြောရက်တော့ ၊ ပြောမထွက်တော့ ။ မြွေမသေ တုတ်မကျိုး အဓိပ္ပာယ်ရသည့်စကား များ ကိုသာ ဆုတ်သာတက်သာ ဖြစ်အောင် စီကာစဉ်ကာ နားဝင်အောင် ပြောပြရတော့သည် ။

“ ခု ငါ စမ်းကြည့်လို့ တွေ့ရသလောက်တော့ အနာကြီးရောဂါရယ်လို့ သေချာပေါက် ယတိပြတ် ပြောလို့ မရ သေးပါဘူးကွာ ၊ ဟုတ်ချင်မှလဲ ဟုတ်မယ် ၊ ဟုတ်ချင်လဲ ဟုတ်မယ်ပေါ့ ၊ အကောင်းဆုံးကတော့ အနာကြီးရောဂါ ပြင်ပလူနာဌာန မှာ သွားပြပါ ၊ မနက်ဖြန် မှ မနက်ပိုင်း ကျောင်းဖျက်ပြီး ငါ ကိုယ်တိုင် လိုက် ပြပေးပါ့မယ် ။ ဒါမှ မင်းလဲ သံသယ ရှင်းသွားတာပေါ့ ။ ဒါပေမဲ့ကွာ သိပ်လဲ စိတ်ပူစိုးရိမ် မနေပါနဲ့ ၊ တကယ်လို့ ဟုတ်ခဲ့သည် ရှိတောင်မှ ခုလို ရောဂါဖြစ်စ အခြေအနေမျိုး နဲ့ ဆိုရင် သိပ်ကြာအောင် ဆေးမစားရဘဲနဲ့ ကင်းကင်းရှင်းရှင်း ပျောက်သွားနိုင် ပါတယ် ”

သူငယ်ချင်း ၏ ရင်ထဲမှာ တော့ ဘယ့်နှယ်ရှိမည် မသိ ။ ဆီးရွက် လောက် မျက်နှာငယ်တယ်တယ်လေး က တော့ ခုနတုန်းက လိုပင် ရှိမြဲရှိနေဆဲဖြစ်သည် ။ သဘာဝ တော့ ကျပါတယ်လေ ။ သည်လို ရောဂါမျိုး ၊ သည်လို အနေအထားမျိုး မှာ ဆိုရင် ဘယ်သူ မဆို သူသူ ကိုယ်ကိုယ် ဝမ်းနည်းအားငယ် မိကြမည် မှာ ဓမ္မတာပင် မဟုတ်ပါလား ။ ဘယ်လို ဒုက္ခမျိုးပဲ ဖြစ်ဖြစ် ၊ ဘယ်လိုရောဂါမျိုးပဲ ဖြစ်ဖြစ် ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရတာ မဟုတ်သေး သရွေ့တော့ ဘေးကနေ အားပေးရတာ ဘာမျှ အပန်းမကြီး ။ “ ငါ့ အမေ သင်္ခါရ ” ပုံပြင် ထဲက ဘုန်းကြီး လို အေးအေးလူလူ အားပေးဖျောင်းဖျနိုင်သေးသည်သာ ဖြစ်သည် ။

“ ကဲ သူငယ်ချင်းရေ ၊ မင်း လဲ ခရီးဝေးဝေး ကားစီးလာရတော့ ပင်ပန်းနေပြီ ငါ ခုတင်မှာ ခဏတစ် ဖြုတ် သက်သောင့်သက်သာ ဖြစ်အောင် နားလိုက်ဦး ၊ မင်း နားလို့ ဝမှ ရေမိုးချိုး ထမင်းစားပြီး ရုပ်ရှင်ညပွဲ သွားကြည့် ကြတာပေါ့ ၊ ဝင်းလိုက် မှာ ခုပြနေတဲ့ အီတလီကား သိပ် ကောင်းတယ်ကွ ၊ မင်း ကြိုက်တတ်တဲ့ စုံထောက်ဇာတ် ကြမ်းကားမျိုးပဲ ”

မင်းဇော် သည် အခန်းတံခါး ကို ညင်ညင်သာသာ စေ့ပိတ်ထားခဲ့သော အခန်း ထဲမှ တစ်ယောက်တည်း နှေးကွေးလေးလံစွာ ထွက်လာခဲ့တော့သည် ။ အောင်ဆန်း ဆောင် ရှေ့က အုတ်ခုံ မှာ စိတ်မသက်မသာ နှင့် ထိုင်နေမိရင်းက အခန်း ထဲ မှာ ကျန်နေခဲ့သော ငယ်သူငယ်ချင်း ထံ စိတ် က ဝဲပျံလွင့်ပါးကာ ရောက်ရှိနေမိသည် ။

သည် သူငယ်ချင်း က မင်းဇော် ၏ အချစ်ဆုံး သူငယ် ချင်း ထဲမှ တစ်ယောက်ဖြစ်သည် ။ ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက တစ်ယောက်နှင့် တစ်ယောက် လည်ပင်းဖက် ကြီးလာခဲ့ကြသူများလည်း ဖြစ်သည် ။ ပညာရေး ကံဇာတာ ခေလွန်းသောကြောင့် ဆယ်တန်း မှာ လေးခါ ဝါဆို ပြီးနောက် ကျောင်းပညာ ကို အပြီးအပိုင် နှုတ်ဆက် လက်ပြကာ ဇာတိချက်ကြွေ ကျောက်ပန်းတောင်းမြေ မှာပဲ မိဘလက်ငုတ် စီးပွားရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင် နေသူ ။

ဟိုတလောဆီ ကမှ သူ့ညာဘက် လက်ဖျံ ပေါ်မှာ အလိုလို ပေါ်ပေါက်လာသော အဖြူကွက်လေး တစ်ကွက် ကို စတင် သတိထား မိခဲ့ခြင်း ဖြစ်သည် ။ အစကတော့ ပွေး လိုလို ၊ ညှင်း လိုလို ယူဆမိပြီး ပေါ့ပေါ့တန်တန်ပင် နေမိခဲ့၏ ။ နည်းနည်းချင်း မသိမသာ ကြီးကြီး လာလေမှ လက်လှမ်းမီရာ ပွေးဆေး ၊ ညှင်းဆေးတွေ လိမ်းကြည့်မိခဲ့ သည်ဆိုပဲ ။ ဘယ်လို လုပ်၍မျှ မပျောက်သောအခါ နီးစပ်ရာ ဆရာဝန် တစ်ဦး ထံ ပြကြည့်ရပြန်သည် ။ ဆရာဝန် က စမ်းသပ်စစ်ဆေး ကြည့်ပြီးနောက် အနာကြီးရောဂါ ဟု သင်္ကာမကင်း ဖြစ်သောကြောင့် ပိုပြီးတော့လည်း သေချာအောင် ဒါမှမဟုတ် တခြား ရောဂါ တစ်ခုခု ဖြစ်နေရင်လည်း တစ်လက်စတည်း ကြပ်ကြပ်မတ်မတ် ကု ပြီးပျောက်ကင်း သွားအောင် မန္တလေးဆေးရုံ သို့ လွှတ်လိုက်ခြင်း ဖြစ်သည် ။ မင်္ဂလာ ဆောင်ခါနီး တစ်လလောက် အလိုမှာ အနာကြီး ရောဂါလိုလို ၊ ဘာလိုလို ဖြစ်လာရသည် ဆိုတော့လည်း သူငယ်ချင်း အနေနှင့်လည်း စိတ်ဓာတ်တွေ တစ်မုဟုတ်ချင်း ကျဆင်းရှာမည်ပေါ့လေ ။

ခရီး ရောက်မဆိုက် မင်းဇော် စစ်ဆေးကြည့်လို့ တွေ့ရသလောက်ကလည်း ဟို ဆရာဝန် ထင်သလို ဟုတ်ချင် စရာပင် မဟုတ်လား ။ အဖြူကွက်လေး နေရာ မှာ ချွေး မထွက် ။ မွေးညင်းနုများ မရှိ ။ ခြောက်သွေ့လို့ နေသည် ။ အနားစများ ကလည်း တိတိကျကျ မရှိ ။ ညီညီညာညာ မနေ ။ အသားအရေ အရောင်အဆင်း ကလည်း ဖြူရော်ရော် ။ ပင်အပ် ဖြင့် ထိုးကြည့် ၊ ဆွကြည့် သော အခါတွင် လည်း နာကျင်ပုံ မရ ။ ထုံနေသည် ။ ယားခြင်းပြုခြင်း လည်း မရှိ ။

ရောဂါ ဆိုတာမျိုးကတော့ ဖြစ်နိုင်ရင် ဘယ်သူ့မှာ မှ ဘယ်လို ရောဂါမျိုး မျှ မဖြစ်ပွား ၊ မကပ်ငြိလေ ကောင်း လေလေပင် ဖြစ်သည် ။ ခုတော့လည်း ကြည့်စမ်းပါဦး ။ အိမ်ထောင်ပြုခါနီး သတို့သားလောင်း ကို မှ ပေါက်ပေါက်ရှာရှာ ၊ ကြံကြံဖန်ဖန် လုပ်ပြီး အနာကြီးရောဂါ ဆိုတာကြီး လာဖြစ်ရတယ်လို့ ။ သည်လို ဆိုတော့လည်း ရက်စက်လှ ချေလား ဘဝဇာတ်ဆရာရယ် ။

မင်းဇော် သည် သက်ပြင်းရှည်ကြီး တစ်ခုကို ပင်ပန်းကြီးစွာ မှုတ်ထုတ်ပစ်လိုက်ရင်း အုတ်ခုံ မှ စိတ်ပျက်လက် ပျက် ထကာ အခန်း ထဲ က သူငယ်ချင်း ထံသို့ ပြန်လာခဲ့ တော့သည် ။

( ၃ )

“ ယခု ဆက်လက်ပြီး ချီးမြှင့်မယ့် စာပေဆု ကတော့ ကဗျာ ဆုဖြစ်ပါတယ် ။ ကဗျာ ပထမဆုကို “ ဝသုန်ဇော် ” က အနာဂတ် အတွက် မွေးဖွားကြစို့ ကဗျာနဲ့ ဆွတ်ခူးသွား ပါတယ် ။ နောက်ဆုံးနှစ် အပိုင်း ( က ) အတန်း မှ ကလောင်ရှင် ဝသုန်ဇော် ဆုယူရန် စင်မြင့်ပေါ်သို့ ကြွပါ ”

သိထားနှင့်ပြီး ဖြစ်သော်လည်း လူကြားသူကြား ထဲ မှာ အခမ်းအနား နှင့် ဘာ နှင့် ခုလို ကျကျနန ကြေညာခံ လိုက်ရသောအခါမှာ မျက်နှာတွေ ထူပူ ရှိန်းဖိန်းကာ အနေ ရအထိုင်ရ ခက်သွားသည် သာ ဖြစ်သည် ။ မင်းဇော်  ရုတ် တရက်တော့ ကြောင်တက်တက် ဖြစ်သွား၏ ။ နောက်မှ အိပ်မက် မက်ပြီး လမ်းထလျှောက်နေမိသူ တစ်ယောက် လို ခြေလှမ်းတွေ ယိုင်တိယိုင်တိုင် လှမ်းကာ စင်မြင့် ပေါ်သို့ ကြိုးစားတက်လိုက်သည် ။

ကြက်သွေးရောင် ကတ္တီပါကားလိပ်ပေါ် က ရွှေဖလားရောင်စာလုံးများ ကလည်း ပြောစမှတ် ပြုရလောက် အောင် တောက်တောက်ပပ ၊ ကြွကြွရွရွ ။ ဘွဲ့နှင်းသဘင် ခန်းမကြီး တစ်ခုလုံး ထဲရှိ ခပ်သိမ်းကုန်သော လူသားအပေါင်း တို့၏ စိတ်အာရုံသည် မင်းဇော် ၏ ကိုယ်ပေါ်သို့ စုပြုံ၍ ကျရောက်သွားတော့သည် ။ မင်းဇော် သည် ဆု ကို တရိုတသေ လှမ်းယူ လိုက်ပြီးနောက် ဦးခေါင်း ကို ညွှတ်လိုက် ရင်း က ပါမောက္ခချုပ် နှင့် လက်ဆွဲနှုတ်ဆက်လိုက်၏ ။ ကင်မရာမင်းများ ကြောင့် နေ့ခင်းကြောင်တောင်ကြီး ထဲမှာ လျှပ်စီး လက်လိုက် သလို အလင်းတန်းတွေ ဖွေးဖွေးလှုပ်သွားတော့သည် ။

လေးစားသော အကြည့် ၊ အားကျသော အကြည့် ၊ ချီးကျူးသော အကြည့် ၊ အထင်ကြီးသော အကြည့် ၊ မြတ်နိုးသော အကြည့် ၊ အားရသော အကြည့် စသည့် မုဒိတာ အကြည့်ပေါင်း များစွာကြောင့် မျက်လွှာ ကို ချကာ မျက်နှာ ကို ငုံ့လျက် လာရာလမ်း အတိုင်း ကိုယ့် ထိုင်ခုံ ဆီသို့ မင်းဇော်  ပြန်လျှောက်လာခဲ့သည် ။

ကြည့်ကြမည် ဆိုလျှင် လည်း ကြည့်ချင်စရာပင် ။ သည် အခမ်းအနား က သာမန် ကျင်းပနေကျ စာပေဆုနှင်း ပွဲမှ မဟုတ်ဘဲ မန္တလေးဆေးတက္ကသိုလ် ၏ ငွေရတုသဘင် အထိမ်းအမှတ် စာပေဆုနှင်းပွဲ အခမ်းအနား မဟုတ်လား ။

ခုလို သမိုင်းဝင် အခမ်းအနားမျိုး မှာ ခုလို ကဗျာဆု ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့သည့် အတွက် မင်းဇော် တစ်ယောက် အပျော်ကြီးပျော်နေမိသည် ။ ရင်ထဲ က အတိုင်းအဆ မရှိ ပျော်နေသလို ဦးနှောက် ကလည်း ငွေရတုသဘင် အထိမ်းအမှတ် နှစ်လည်မဂ္ဂဇင်း ထဲ မှာ လှလှပပ ဖော်ပြထားသော သူ ၏ ဆုရကဗျာလေး ကို ပြေး လွှားမြင်ယောင်ကာ သတိရနေမိ၏ ။

ငွေရတုသက်တမ်း ဆေးမန်းမိခင်
မွေးဖွားသန့်စင်ခဲ့ ...
ဆရာဝန် အရာအထောင် ... ။

အဲလ်ဘတ်ရွိုက်စာ ၊ ချေဂွေဗားရား
ဂျိုဆေရီဇော် ၊ နော်မန်ဗက်သွန်း
နိုင်ငံတော်အတွက်
အသက်စွန့်သူစွန်ခဲ့၏ .. လူသားများအတွက် ကိုယ်ကျိုးစွန့်သူ စွန့်ခဲ့၏ ... “ အတ္တ ” ဟူသည့်စကား
“ သူတို့ ” ကြားမှ ကြားဖူးပါလေစ ...
ငါ
အခါခါ ...
ဦးညွှတ်မိပါ၏ ။

သို့ရာတွင်
ငါ့နောင်တော်များစွာ
ဟွန်ဒါယဉ်ကျေးမှုမှာ
ယစ်မူးပျော်မွေ့ခဲ့ကြပြီ ။

ငါ့နောင်တော်မ များစွာ
စိန်နားကပ်ရေစီးကြောင်းမှာသာယာမိန်းမောခဲ့ကြပြီ ။

ငါ ...
သိလိုလှပါသည် ... ။
ငါတို့ကော ...
ဘယ်ကိုလဲ ...?
ဘယ်လိုလဲ ... ?

မင်းဇော် သည် သူ အလွန်အမင်း ကြည်ညိုလေးစား သော ကမ္ဘာကျော်ဆရာဝန် လူတော် လေးဦး ၏ အားကျဖွယ်ရာ လုပ်ဆောင်ချက်များ ကို ထုတ်ဖော် ချီးကျူးရင်း ၊ သမား တို့ လျှောက်ရမည့် လမ်းကို မီးမောင်းထိုး ပြရင်း လမ်းမှား ပေါ် မှာ ရောက်နေသူများ ကို လမ်းမှန်ကမ်းမှန် သို့ ရောက်အောင် ကလောင်ဖြင့် တည့်မတ် ကြည့်ခြင်းဖြစ်သည် ။ သူ ကိုယ်တိုင် လည်း ဆရာဝန် ဖြစ်လာသည့် အချိန်မှာ သူ့ ဘဝ တစ်ခုလုံး ကို ပြည်သူတွေ ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တွင် မြှုပ်နှံပြီး ဦးဆွေးဆံမြည့် လုပ်ကိုင်သွားဖို့ စိတ် ပိုင်းဖြတ်ထားပြီး ဖြစ်၏ ။ အထူးသဖြင့် တော်ရုံတန်ရုံ ဆရာဝန် တစ်ယောက် မလုပ်နိုင်သော အလုပ် မျိုး ၊ မကျင့်ကြံနိုင်သော ကိုယ်ကျိုးစွန့်မှု မျိုး ၊ မထားနိုင်သော စိတ်ထားမြင့်မြတ်မှုမျိုး တို့ဖြင့် ထူးထူးခြားခြား လည်း ဖြစ်အောင် တီထွင်လုပ်ဆောင်သွားမည်ဖြစ်၏ ။ မြန်မာ့သမိုင်း မှာ ရော ၊ ကမ္ဘာ့သမိုင်း မှာပါ လူသားတို့ အတွက် စွမ်းစွမ်းတမံ ကောင်းကျိုးပြုသူ တစ်ဦး အဖြစ် နောင်လာနောက်သားများ က သူ့ အား တသသ ဖြစ်ကာ သတိတွေ ရနေစေချင်သည် ။ ကျေးဇူးတွေ တင်နေစေချင်သည် ။ ဤသည်မှာ မင်းဇော် ၏ အပြင်းပြဆုံးသော ဆန္ဒပင် ဖြစ်သည် ။

လူ့ဘဝ မှာ ကံကောင်း ထောက်မစွာဖြင့် လူတစ် ယောက်ရယ် လို့ ဖြစ်လာခိုက် သူလို ငါလို မွေးဖွားကြီးပြင်း ပြီး မထင်မရှား လုပ်ရှား နေထိုင်ရင်း လူ့လောကကြီး အတွက် ဘာတစ်ခု မှ မည်မည်ရရ လုပ်မပေးနိုင်ခဲ့ဘဲ တိမ်းပါး ကွယ်လွန်ရမည်ကို မင်းဇော်  အကြောက်ဆုံး ဖြစ်သည် ။ ဒါကြောင့်လည်း လူမှန်းသူမှန်း သိတတ်စ အရွယ် ကတည်းက သူတကာ ထက် ထူးချွန်အောင် ၊ သူတကာ ထက် မြင့်မြတ်အောင် ၊ သူတကာ ထက် တန်ဖိုးရှိအောင် အပတ်တကုတ် ကြိုးစားကျင့်ကြံနေထိုင်ခဲ့သည် မဟုတ်ပါလား ။

အထက်တန်းကျောင်းသားဘဝ မှာ လူရည်ချွန်ဆု ကို လေးနှစ် ဆက်တိုက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ ခဲ့သည် ။ ဆယ်တန်းအောင် တော့လည်း ငါးဘာသာဂုဏ် ထူးဖြင့် အမှတ်တွေ ဖောဖောသီသီ ရကာ ဆေးကျောင်း သို့ မျှော်မှန်းထားခဲ့သည့်အတိုင်း ရောက်ရှိလာခဲ့သည် ။ အမှတ်ကောင်းသောကြောင့် နိုင်ငံတော် က ချီးမြှင့်သော စကောလားရှစ် ပညာသင်ဆု ကို အလိုအလျောက် ရခဲ့ပြန် သည် မဟုတ်လား ။

ပြီးတော့လည်း မင်းဇော် က အခြားအခြားသော ပညာရည်ချွန်သူ အများစု လို ကျောင်းစာတစ်ခုတည်း မှာ ဘဝ တစ်ခုလုံး ကို နှစ်မြှုပ်ထားသူမျိုး မဟုတ် ။ ကျောင်းစာ လည်း မှန်မှန် ကြိုးစားသည် ။ လူမှုရေး မှာလည်း တက်တက် ကြွကြွ ရှိသည် ။ အားကစား မှာလည်း ထက်ထက်မြက်မြက်ရှိသည် ။ ငယ်ငယ်လေး ကတည်း က ဝါသနာအရ စာကောင်းပေမွန်များ ကို ဂရုတစိုက် မျက်ခြည်မပြတ် ဖတ်ရှု လာခဲ့သူ တစ်ယောက်မို့ ရှေ့နောက်ဆင်ခြင် တိုင်းထွာ တတ်သည် ။ အမြော်အမြင် ကြီးမားသည် ။ ထို့ကြောင့်လည်း ပတ်ဝန်းကျင် နှင့် မင်းဇော် ၊ မင်းဇော် နှင့် ပတ်ဝန်းကျင်တို့ သည် တကယ့် ကို သဟဇာတ ဖြစ်နေခြင်းပင် ဖြစ်၏ ။ ရုပ်ရှင် ထဲက စံပြဇာတ်ဆောင် တစ်ယောက် လိုပင် ကောင်းသော ၊ တော်သော စရိုက်လက္ခဏာ နှင့် အရည်အချင်းများ အားလုံးနီးပါးလောက်သည် မင်းဇော် ထံ မှာ တိုက်တိုက်ဆိုင်ဆိုင် လာ၍ စုစည်းမိနေကြသည် ။

စာပေဆုနှင်းပွဲ အခမ်းအနားသည် နာရီဝက်ခန့် အတွင်း မှာပင် ပြီးပြတ် သွားတော့သည် ။ မင်းဇော် သည် ဆက်လက် ကျင်းပ ပြုလုပ်သော ဂီတဆည်းဆာ ကို မရှုစားတော့ဘဲ အောင်ဆန်းဆောင် ဘက် ဆီသို့ သုတ်ခြေတင် ကာ ပြန်လာခဲ့တော့၏ ။ ကိုယ့် အခန်း ကိုယ် ပြန်ရောက်မှ အခန်းတံခါး ကို ချက်ချကာ စိတ်ချလက်ချ အိပ်ပစ်လိုက် တော့သည် ။

မနေ့ည က ဆေးရုံ တက်သော အရေးပေါ် လူနာ သူငယ်ချင်း တစ်ယောက် ကို တစ်ညလုံး စောင့်ရှောက် ပြုစုရင်း မိုးလင်း ခဲ့ရသောကြောင့် မင်းဇော် သည် ခဏကလေး နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတော့၏ ။

( ၄ )

ပတ်ဝန်းကျင် သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်၍ နေသည် ။ သည်လို ဝေဒနာသည်မျိုး ကို သည့်အလျင် ကတည်းက မြင်ဖူးတွေ့ ဖူးခဲ့သည် ဖြစ်သော်ငြားလည်း ခုလို တစ်ပြုံတစ်ခေါင်းကြီး စုဝေးတွေ့မြင်ရသောအခါတွင်မူ ရင် ထဲမှာ ဘယ်လိုမှ မကောင်းနိုင်တော့ ။ စောစောက အေလမ်း တစ်လျှောက် ကားစီးလာရင်း ကား ပေါ်မှာ အချင်းချင်း ရယ်မောနောက် ပြောင်ရာမှ ကြည်လင်ရွှင်ပျလာသော ဦးခေါင်း သည် ပင်လျှင် နည်းနည်း နောက်တောက်တောက် ဖြစ်လာသည် ။

ကားပေါ် မှ ဆင်းလာကြသော မင်းဇော် တို့ နောက်ဆုံးနှစ်အပိုင်း ( က ) ကျောင်းသူ ကျောင်းသားများသည် ဆေးရုံ ဆီသို့ ပင်ပန်းလေးလံစွာ စူးစမ်းလျှောက် လျှောက် လာကြသည် ။ အနာကြီးရောဂါကုဆေးရုံ ထဲ က အပယ်ခံ လူသားများသည် သားသားနားနား လှလှပပ ရှိနေကြသော ဆရာဝန်လောင်းလျာများ ကို ရင်သပ်ရှုမော ငေးကြောင်ကြောင် ကြည့်နေမိကြ၏ ။ လူ့အဖွဲ့အစည်း က ဆေးဖော်ကြောဖက် ပင် လုပ်ဖော် မရသည့် သူတို့ လို ဝေဒနာသည်များ ၊ ဒုက္ခိတများ ထံ ကားဖြူဖြူ လှလှကြီး စီးကာ ခုလို တကူးတကရောက်လာကြခြင်း အတွက်လည်း သူတို့ ခမျာ ကျေးဇူးတွေ အကြီးအကျယ် တင်နေမိသည် မှာ အမှန်ပင် ။

ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဌာန က ကြီးကြပ်သူ ဆရာဦးစိုးနောင် သည် မင်းဇော် တို့ လူသိုက် ကို အခန်း တစ်ခု ထဲသို့ ဦးဆောင်ကာ ခေါ်ဆောင်သွားသည် ။ အခန်း ထဲ တွင် ဟောင်းနွမ်း သော်လည်း စနစ်တကျ စီစီရီရီ ချထားသော ခုံတန်းရှည် တော်တော်များများ ရှိနေသည် ။ အနက်ရောင် သုတ်ဆေးများ လွင့်ပါးပျက်ပြယ်စ ပြုနေသော ကျောက်သင်ပုန်း တစ်ချပ်သည် အခန်းထိပ် နံရံ ပေါ်တွင် နောက်ကျော ကို မှီထား၏ ။

ဆရာ က မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သော ကြောင့် ကျောင်းသူကျောင်းသားများ သည် ထိုင်ခုံအသီးသီး မှာ မထိုင်ချင့်ထိုင်ချင် ထိုင်လိုက်ကြ၏ ။ မင်းဇော် သည် ထိုအဖြစ် ကို သတိထား မြင်တွေ့မိလိုက်သောကြောင့် ကိုယ့် အတန်းသူ အတန်းသားများ အပေါ် အားမလိုအားမရ ဖြစ်မိသွား၏ ။ အတန်အသင့် ညစ်ပေစုတ်ချာသော ထိုင်ခုံ ၏ သစ်သားမျက်နှာပြင်ဝယ် အကွက်အစက် များစွာတို့ဖြင့် စွန်း ထင်းပေကျံ နေသော်ငြား မင်းဇော် ၏ စိတ် ကတော့ ဘယ်လို မှ မနေပေ ။ ဂျင်းဘောင်းဘီ သစ်သစ်လွင်လွင် ဖြင့် ပိုင်ပိုင်နိုင်နိုင် ထိုင်ချလိုက်ရင်း ရှေ့ဆီ ကိုသာ အာရုံကို စုစည်းပို့  လွှတ်ထားလိုက်သည် ။

ဆရာဦးစိုးနောင် သည် ကျောင်းသူကျောင်းသား များကို အနာကြီးရောဂါဆေးရုံ မှ တာဝန်ခံဆရာဝန် နှင့် စတင်၍ မိတ်ဆက် ပေးလိုက်သည် ။ ညိုမောင်းသော အသားအရေ ၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် တည်ဆောက်မှု ၊ ပါးလျပိရိသော နှုတ်ခမ်း ၊ စူးရှထက်မြက်သော မျက်လုံးများ စသည်တို့ဖြင့် လူလို ငါလို မထူးခြားစွာ ဖွဲ့စည်း ဖြစ်တည်နေသော တာဝန်ခံဆရာဝန် ဆိုသူ ကို မင်းဇော် တို့ အားလုံး လိုလိုသည် ထူးခြားအံ့သြစွာ ငေးမော ကြည့်လိုက်မိကြ၏ ။ ခံ့ညားကြီးမားသော ဆေးရုံကြီးများ မှာ သပ်ရပ် သားနားသော ဆရာဝန် များလှစွာ ကိုသာ ရုပ်ရှင် ထဲမှာ အပြင်လောက မှာ တွေ့မြင်ခဲ့ဖူးကြသူများပီပီ ဆရာဝန်လောင်းလျာများ၏ စိတ်ထဲမျက်စိထဲဝယ် အနာကြီးရောဂါ ဆေးရုံက တာဝန်ခံဆရာဝန် ၏ ရုပ်လွှာသည် ရိုးရိုးလေး နှင့် အဆန်းကြီး ဆန်းနေတော့သည် ။ ဆရာဝန် တစ်ယောက် အနေနှင့် ကိုယ် တတ်ထားသည့် ဆေးပညာ ဖြင့် ကုစရာ လူနာတွေ သည်လောက် ပေါများ နေပါလျက် သည်လို လူနာတွေ ရှိသည့် သည်လိုဆေးရုံမျိုး ကိုမှ တမင်တကာ ရွေးချယ် ဝင်ရောက်ပြီး ဘာလို့များ အမှုထမ်းရတာပါလိမ့် ။ စတန့် ထွင်တာတော့ မဟုတ်နိုင် ။ သည်လို သိပ်မွန်မြတ်တဲ့ အလုပ်ပဲ ဟု လူတွေ တဖွဖွ ပြောပြောပြီး မသိမသာရော သိသိသာသာပါ လက်ရှောင် နောက်တွန့် တတ်ကြသည့် အလုပ်မျိုး က စတန့်ထွင်သူတွေ မပြောနှင့် တော်ရုံတန်ရုံ ပရဟိတ စိတ်ရှိသူတွေ ပင် စိတ်ကူးရဲသော အလုပ်မှ မဟုတ်ပဲ ။ ဝတ္ထု ထဲက ဇာတ်လိုက် နှင့် ရုပ်ရှင် ထဲက မင်းသားတွေ လောက်သာ ဆရာဝန် သရုပ်ဆောင် အဖြစ် လှုပ်ရှားလုပ်ဆောင် ပြစဉ်မှာ သဏ္ဌာန်လုပ် သရုပ်ဆောင် နိုင်သည့် အကွက်မျိုး မဟုတ်လား ။

တာဝန်ခံ ဆရာဝန်သည် သူလုပ်ကိုင်နေကျ အလုပ် ၊ ထိတွေ့ကျင်လည် နေရသော အကြောင်းအရာတို့ ကို ရှင်းလင်းပြောဆို နေရ၍လား မသိ ။ စကားပြောကောင်း သည် မဟုတ်ပါပဲလျက် စကားကောင်းများ ကို ခံစားထိ ရှစွာ စိတ်ပါလက်ပါ ပြောဆို ရှင်းလင်းပြနေသည် မှာ ဇာတ်လမ်းကောင်း တစ်ခု ကို နားဆင် နေရသည့်နှယ် ကြည်နူး တိမ်းညွတ်ဖွယ် ကောင်းလှပေသည် ။ အနာကြီးရောဂါ ကို ဖြစ်စေသော ပိုး ၊ ကူးစက်နိုင်သည့် နည်းလမ်း ၊ ရောဂါဖြစ်ပွားပုံ ဖြစ်ပွားနည်း ၊ လူနာအမျိုးအစား ၊ ရောဂါ ကို ကုသပုံ ၊ ဆေးမှန်မှန် မစားမှု ပြဿနာ ၊ လူထုကြား က အယူအဆမှားများ ၊ ဆေးရုံ ပေါ်ပေါက်လာပုံ ၊ ကုသပုံကုသနည်း ၊ လုပ်ပေးနိုင်သမျှများ ၊ ကျန်းမာရေးဝန်ထမ်း ရှားပါမှု ကိစ္စ ၊ အနာကြီးရောဂါ ကာကွယ်ဆေး ပေါ်ပေါက်လာရန် အလားအလာ ရှိနေပြီ ဆိုသော သတင်း ၊ လူ့အဖွဲ့အစည်း က ထားရှိအပ်သော အပြုသဘော ဆောင်သည့် စိတ်ထားများ ။

နားထောင်ရင်း နားထောင်ခိုက် မှာ မင်းဇော် ၏ စိတ်သန္တာန်ဝယ် တာဝန်ခံ ဆရာဝန် ကို တကယ့် လက်တွေ့ လောက ထဲက ဆရာဝန် တစ်ယောက်မျိုး မဟုတ်ဘဲ ရုပ်ရှင် ထဲက ဇာတ်လိုက် ဆရာဝန် တစ်ယောက် လို ထင်မြင် လာမိတော့သည် ။ အနစ်နာခံခြင်း ၊ ကိုယ်ကျိုး စွန့်လွှတ် ခြင်း အစရှိသော လုပ်ရပ်များ ၊ အဖြစ်သနစ်များသည် သူ ကျင်လည် နေထိုင်ရာ လူ့ဘောင်လောကထဲမှာ ရှားပါး သော်လည်း ရှိနေသေးသည် ကို တအံ့တသြ တွေ့နေရ သောကြောင့် သူ့ရင်မှာ ပျော်ရွှင်ခြင်းများဖြင့် လှိုက်လှဲလှုပ် ခုန်၍ နေတော့သည် ။ အတ္တဥခွံကျဉ်းကျဉ်းလေး ကို အိမ် လုပ်ကာ တံခါးပိတ် နေထိုင်ကြရင်း လူ့ဘဝ ၏ တန်ဖိုး ရှိလှသော ရွှေ အချိန် ကာလများ ကို ကုန်ဆုံး ပစ်နေကြသည့် သမားရိုးကျ လူသား မြောက်မြားစွာတို့ကြားမှာ လူလူချင်း လေးစား ကြည်ညိုရလောက်အောင် ပရဟိတစိတ်ဓာတ် ကြီးမားသူ ကို ရှားရှားပါးပါး ဆုံးစည်း ကြုံကြိုက်မိပြန်သောအခါ လူဖြစ် လာရခြင်း အတွက် မင်းဇော် တစ်ယောက် အကြီးအကျယ် ဂုဏ်ယူနေမိ၏ ။

တာဝန်ခံ ဆရာဝန် က အနာကြီးရောဂါ လက္ခဏာ သွင်ပြင်များနှင့် ပတ်သက်၍ ဆရာဝန်လောင်းလျာများ ကွဲပြားထင်ရှားစွာ တွေ့မြင်သိမြင် နားလည်ရအောင် လူနာ တွေ ခေါ်ကာ ရှင်းလင်းပြသသော အခါမှာတော့ မင်းဇော် တို့ အုပ်စု ဘယ်လိုမှ မတုန်လှုပ်ဘဲ မနေနိုင်တော့ ။ ဆရာဝန် က လူနာ ကို ကြည့်ဖို့ ပြနေသော်လည်း သူတို့တစ်တွေ ကမူ လူနာ ထက် ဆရာဝန် ကို ပို၍ စိတ်ဝင်စားစွာကြည့်နေမိတော့သည် ။ လူနာ ၏ ပခုံး ကို ကြင်နာစွာ ပွေ့ဖက်၍ လက်များ ၊ ခြေများကို ယုယစွာ ကိုင်တွယ်၍ ဖက်လှဲတကင်း ရင်းနှီး ချစ်ကြည်သော အပြုအမူ ၊ အပြောအဆို များကို ထမင်းစားရေသောက် သလို လုပ်ပြကိုင်ပြ နေသည်မို့ အဘယ်မှာ မတုန်လှုပ် မချောက်ချားဘဲ နေနိုင်ပါအံ့ နည်း ။ လူနာ က တစ်ယောက်လည်း မဟုတ် ၊ နှစ်ယောက် လည်း မဟုတ် ၊ တစ်ယောက် ပြီး တစ်ယောက် အယောက် များစွာ မဟုတ်လား ။ ပြီးတော့ ဆေးရုံ တက်ပြီး ကုသမှု ခံယူနေသူများမို့ ရောဂါရင့်နေသူများချည်းသာ ဖြစ်သည် ။ ပုံပျက်ပန်းပျက် နှာခေါင်း ၊ နီရဲထွတ်ပွနေသော မျက်နှာ ၊ ကြမ်းတမ်း ခြောက်သယောင်းသော အသားအရေ ၊ အတို အရှည် မညီညာသော ခြေချောင်းလက်ချောင်းများ ၊ ကွေးကွေးကောက်ကောက် ခြေလက်များ ၊ မရေတွက်နိုင် လောက်သည့် အဖြူကွက် ဘုစုခရုများ ၊ နှာခေါင်းသံ ပါသည့် စကားပြောသံ ၊ ပျက်နေသည့် မျက်စိများ ၊ ရွဲ့စောင်း နေသည့် မျက်နှာခင်း ။

ဆေးကျောင်းသား တစ်ယောက် ဖြစ်သော်လည်း ခုလိုမျိုး သက်ရှိ အနိဋ္ဌာရုံတွေ ကို တစ်ပြုံတစ်ခေါင်းကြီး ခပ်ကြာကြာ စုဝေး တွေ့မြင်ရသည်နှင့် အမျှ မင်းဇော် တစ် ယောက်ပင် ပျို့ချင်အန်ချင်သလို ၊ အဖျားတက်ချင်သလို ဖြစ်လာရတော့၏ ။ ရှေ့နား က ကျောင်းသူမလေး တချို့ လည်း လက်ကိုင်ပုဝါ ကို မသိမသာ ထုတ်ကာ ၊ နှပ်ညစ် သလိုလို ဘာလိုလို လုပ်နေပါလား ။ တစ်ယောက်စ နှစ် ယောက်စ ကတော့ ပေါင်ပေါ်တင်ထားသော စာအုပ် ကို ငုံ့ဖတ် နေသလိုလို လုပ်ကာ မျက်နှာ ကို အောက်သို့ လွှဲထားလျက် ။ နောက်ခုံတန်းများ မှ ကျောင်းသား အများစုသည် လူနာများ နှင့် ဆရာဝန် ကို ကြာရှည် စိတ်မဝင်စားနိုင်တော့ဘဲ ရှေ့နားက ကျောင်းသူများ ၏ ဖြူဆွတ်ဝင်းမွတ်သော နုဖတ်သည့် လည်ကုပ်သားများ ဆီသို့ အကြည့် ကို ပြောင်းရွှေ့ လိုက်ကြ၏ ။

မင်းဇော် တို့ လူသိုက် ကားပေါ် မှ ဆင်းလာခါစက အားငယ် ညှိုးရော်သော မျက်နှာများဖြင့် တိတ်ဆိတ်စိတ် ပျက်နေပုံ ရသော လူနာများ သည် ယခုတော့လည်း သူတို့ ဆရာသမား ၏ ပြောဆိုပြုမူ ပြသနေမှုများ အောက်ဝယ် ပျော်မွေ့ ကြည်နူးနေကြကာ သူတို့ ကိုယ် သူတို့ ရောဂါသည် များပါလား ဆိုသည် ကို မေ့ပျောက် နေကြသယောင်ပင် ။ တာဝန်ခံဆရာဝန် သည် လက်ပတ်နာရီ ကို မြှောက် ၍ ကြည့်လိုက်၏ ။ သူ့ လူနာများ ကို အခန်း ထဲမှ ဖယ်ရှား ခေါ်ဆောင် သွားပြီးနောက် အခန်း ထဲသို့ တစ်ခဏ အတွင်း ပြန်လည် ရောက်ရှိ လာခဲ့သည် ။

“ ကဲ ... အချိန်လဲ တော်တော် လင့်သွားပြီ ၊ မင်းတို့လဲ ထမင်းဆာ နေကြရောပေါ့ ၊ မပြန်ခင် မှာ မင်း တို့ တစ်တွေ ကို ဆရာ အနူးအညွတ် မေတ္တာရပ်ခံချင်တာ ကတော့ မင်းတို့ ဆရာဝန် ဖြစ်လာတဲ့ တစ်နေ့မှာ မင်းတို့ အထဲ က အခြေအနေလဲ ပေးမယ် ၊ ဝါသနာလဲ ပါမယ် ဆိုရင် ဆရာတို့ ဆေးရုံမှာ လာပြီး အမှုထမ်း လုပ်ကိုင်ကြဖို့ပါပဲကွာ ၊ အလုပ် က မွန်မြတ်လွန်း အားကြီးပေမယ့် တကယ့်တကယ် … လက်တွေ့ ဝင်လုပ်ဖို့ ကျတော့ စိတ်ပါတဲ့ သူ မရှိသလောက် ပဲ ၊ သူတို့တွေ ကိုတော့ ဆရာ အပြစ် မတင်လိုပါဘူးလေ ၊ ဒါပေမဲ့ အဲလို ဝင်လုပ်မယ့် ဆရာတွေ တစ်နေ့တခြား နည်းလာတာကြောင့် ခုလိုမျိုး ဆေးရုံတွေ မှာ အလုပ် လုပ်နေကြတဲ့ ဆရာဝန်တွေ အဖို့ လူ နဲ့ အလုပ်နဲ့ က အလွန်အမင်း ကို မမျှမတ ဖြစ်လာတယ် ။ အဲဒါကြောင့် မင်းတို့တွေ ထဲ က ထွက်ပေါ်လာမယ့် သူရဲကောင်းတွေ ကို ဆရာ မျှော်လင့်ပါရစေနော့ ၊ ကဲ ... မင်းတို့ အားလုံး ပြန်နိုင် ကြပါပြီ ၊ မပြန်ခင်မှာ မင်းတို့ စိတ်ထဲ မရှင်းတာ ၊ မသိတာ သိချင်တာတွေ ရှိရင် မေးနိုင်ပါသေးတယ် ၊ ဘယ်သူ မေးချင်သေးလဲ ”

မင်းဇော် သည် ထိုင်ခုံမှ အလိုလို ထ ရပ်မိလိုက်သည် ။

“ ဆရာ ကျွန်တော် တစ်ခုမေးပါရစေ ၊ စပ်စုရာများ ကျနေမလား မသိဘူး ၊ ဆရာ ရဲ့ ကိုယ်ရေးကိုယ်တာ နဲ့ ပတ်သက်တဲ့ လုပ်ငန်းပိုင်း ကိစ္စလေး တစ်ခုလောက် သိချင် လို့ပါ ”

“ မေးပါ တပည့်ရာ ၊ ဆရာ မကွယ်မဝှက် ဖြေပါ့မယ် ”

“ အဝှာပါ ဆရာ ၊ ဟို ... ဆရာ ဆရာ ... ဒီ ဆေးရုံ မှာ အလုပ်ဝင် လုပ်နေတာ ဘယ်နှနှစ် လောက်ရှိ ပြီလဲလို့ သိချင်လို့ပါဆရာ ”

“ အင်း ... သိပ် မကြာသေးပါဘူးကွာ ၊ အနှစ်နှစ်ဆယ်လောက်ပဲ ရှိပါသေးတယ် ၊ နေပါဦး တပည့်ရ ၊ မင်း ကို ဆရာ ပြန် မေးရဦးမယ် ၊ မင်း က ဘာလို့ အဲဒါကို သိချင်ရတာတုံး ”

“ ဟို ... ဟို ဒီလိုပါ ဆရာ ၊ စိတ်မရှိနဲ့ နော် ဆရာ ၊ ဆရာ ရဲ့ လက်ချောင်းကလေးတွေ တချို့ တလေ တိုနေတာ ကျွန်တော် သတိထား ”

“ ဪ … ဒါလား ၊ အေးလေကွာ ၊ ဆရာ လဲ အနှစ်နှစ်ဆယ်လောက် ဒီ လူတွေ နဲ့ လက်ပွန်းတတီး နေလာခဲ့တော့ ဒီ ရောဂါ ကူးတော့တာပေါ့ ။ အစတုန်း က တော့ ဆေးတွေ ဘာတွေ သောက်သေးတာပေါ့ကွာ ၊ နောက်တော့လဲ သောက်တဲ့ ဆေးရဲ့ ပမာဏ ထက် ထိတွေ့ ကိုင်တွယ် နေရတဲ့ လူနာအရေအတွက် နဲ့ ရောဂါပိုးပမာဏ က သိပ် မမျှမတ ဖြစ်သွားတော့ ဒီလို ဖြစ်လာတော့တာပေါ့ ။ ကိုယ် ဝါသနာပါတဲ့ အလုပ် တစ်ခုကို လုပ်မှတော့ နစ်နာ ဆုံးရှုံးမှု ဆိုတာ အထိုက်အလျောက်တော့ ရှိကောင်း ရှိနိုင်တာပေါ့ကွာ ၊ အများ အကျိုးအတွက် အသက်အသွေးတွေ ကိုတောင် အမှု မထားဘဲ စွန့်လွှတ်ခဲ့ကြတဲ့ သူတွေနဲ့ နှိုင်းစာ လိုက်ရင် ဆရာ့ စွန့်လွှတ်မှု ဟာ အသေးအဖွဲ ပါ တပည့်ရာ ”

မင်းဇော် သည် သူ့ ကိုယ်သူ အရုပ်ကြိုးပြတ် လဲကျ မသွားရလေအောင် အတော်ကြီး ကြိုးစား၍ ထိန်းသိမ်း လိုက်ရတော့၏ ။

( ၅ )

အေလမ်းဘေး ဝဲယာ တစ်ဖက်တစ်ချက် ဆီမှ သက်ရှိသက်မဲ့ အရာအားလုံးသည် ကားနောက်မှာ ရိပ်ခနဲ ရိပ်ခနဲ အဆက်မပြတ် နောက်ကျ ကျန်ရစ်ခဲ့ကြသည် ။ မင်းဇော် သည် လက်ဝဲဘက် သို့ အမှတ်မထင် ငေးမောကြည့် လိုက်မိ၏ ။ သပ်သပ်ရပ်ရပ် ဆောက်လုပ်ထားသော အုတ်ဂူ ဖြူဖြူ လှလှများတွင် စနစ်တကျ စိုက်ထူ ထားသော လက်ဝါးကပ်တိုင်များ ဖြင့် ပြည့်နှက်ပြွတ်သိပ် နေသည့် ခရစ်ယာန်သုသာန် သည် လွမ်းမောဆွတ်ပျံဖွယ် တည်ရှိ၍ နေလေသည် ။

သည်သုသာန် မှာ လူ အမျိုးမျိုး စိတ် အထွေထွေ ရှိကြမည့် ခရစ်ယာန်ဘာသာဝင်များသည် တူညီသော သေခြင်းတရား ကို ဖက်တွယ်ကာ ထာဝရ အိပ်စက်လဲ လျောင်း၍ နေပေတော့မည် ။ သည် လူတွေ ထဲက တချို့ သည် သက်ရှိထင်ရှား ရှိနေခိုက်မှာ အများအကျိုး ကို သယ်ပိုးကောင်း သယ်ပိုးခဲ့ကြပေမည် ။ တချို့လည်း ကိုယ်ကျိုး ရှေ့တန်းတင် ကောင်း တင်ခဲ့ကြပေမည် ။ တချို့မူ သူကျိုး ကိုယ်ကျိုး နှစ်ဖြာစလုံးကို မျှတစွာ လုပ်ဆောင်ခဲ့ကြပေမည် ။ တချို့များစွာ ကတော့ သူလိုငါလို ဘာသိဘာသာ နေခဲ့ ကြပေမည် ။

အလာတုန်း က လို မဟုတ်ဘဲ တစ်ကားလုံး ထူးခြားစွာ တိတ်ဆိတ် ငြိမ်သက်၍ နေလေသည် ။ ကျောင်းသူ ကျောင်းသား အားလုံးသည် အတွေး ကိုယ်စီဖြင့် တုံဏှိဘာ ဝေ လုပ်နေကြ၏ ။ မင်းဇော် ၏ အတွေးကွန်ချာ မှာတော့ အနာကြီးရောဂါကုဆေးရုံ က ဆရာဝန် က လုံးလုံးလျား လျား နေရယူထားတော့သည် ။ မင်းဇော် သည် သူ ၏ စိတ် ထဲမှာပင် စောစောက တွေ့ခဲ့ရသည့် ဆရာဝန် နှင့် သူ ၏ ဆုရကဗျာ ထဲက အဲလ်ဘတ်ရွိုက်ဇာ ၊ ချေဂွေဗားရား ၊ ဂျို ဆေရီဇော် ၊ နော်မန်ဗက်သွန်း အစ ရှိသော ကမ္ဘာကျော် ဆရာဝန် လူစွမ်းကောင်းများ တို့ ကို နှိုင်းယှဉ် ကြည့်မြင်နေမိ၏ ။

လူသားများ အတွက် အနစ်နာခံတာချင်း ၊ ကိုယ် ကျိုး စွန့်လွှတ်တာချင်း ၊ အများအကျိုး သယ်ပိုးကြတာ ချင်း အတူတူ ဟို ဆရာဝန်တွေ က နာမည်ကျော် လူသိ များပြီး လူတကာ က အားကျ ဂုဏ်ယူခြင်း ခံနေရပါလျက် သူ့ ဆရာဝန် က မထင်မရှား အညတရ တစ်ယောက် ဖြစ်နေသည့် အတွက် အထူးပင် အားမလိုအားမရ ဖြစ်နေမိတော့သည် ။

သတ္တိကြောင်သည် ဟု ဆိုဆို ၊ အတ္တတွေ လိမ်းကျံ နေဆဲ ရှိသေးသည် ဟု သမုတ်သမုတ် ၊ မင်းဇော် အနေနှင့် ကတော့ ပရဟိတ စိတ်ဓာတ် တော်တော်တန်တန် ရှိသည် ဖြစ်သော်ငြားလည်း သူ့ ဆရာဝန် လို လူမသိ သူမသိ ခုလိုမျိုး ကိုယ်ကျိုးစွန့် နေဖို့ ၊ အနစ်နာခံ နေဖို့ ၊ အများအကျိုး သယ်ပိုး  နေဖို့ မဝံ့စားရဲသေးသည် ကတော့ အမှန်ပင် ဖြစ်သည် ။

ထို ဆရာဝန် ကို မင်းဇော် စိတ် ထဲ က လေးစား ကြည် ညိုစွာ ချီးကျူး ဂုဏ်ပြု နေမိသည် ဖြစ်သော်လည်း သူ့လို မျိုး အကြွင်းမဲ့ ပရဟိတ စိတ်ဓာတ် ထားဖို့ ကိုမူ မင်းဇော် တစ်ယောက် အကြောက်ကြီး ကြောက်နေမိတော့သည် ။

ဩော် ... တကယ့်တကယ် ကျတော့လည်း လူ ဆိုသည်မှာ လူ ပီသစွာပင် ကိုယ့် ကိုယ်ကိုယ် အနည်း နဲ့ အများ ကုတ်ကတ် ကြံဖန်ကာ ချစ်နေတတ်ကြသည် သာပင် ။

⎕ လူမျိုးနော်
📖ရှုမဝ မဂ္ဂဇင်း
     စက်တင်ဘာ ၊ ၁၉၈၄

No comments:

Post a Comment