❝ သွေး နှင့် မြေ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အခါတိုင်းမူ သန္တာရိပ်သည် အက်ဖြာကွဲစိပ်၍ အရှေ့ ရပ်ဝယ် ကာဆီးလာစမြဲပင် ဖြစ်သည် ။ မည်းသိပ်သော မိုးသားတို့ တစ်ညလုံး အုံ့ဆိုင်းနေသောကြောင့် ဤ နံနက် ၏ အရုဏ်ဦးရောင်ခြည် က မထွက်ပေါ်လာနိုင် ။ တစ်မိုးလုံး နှင့် မြေအပြင်လုံး ပါ မည်းမှောင် နေသည် ။ လေအေးကလေးကမူ ခပ်သော့သော့ကလေး နှင်နေ သည် ။ ရွာ၏ တောင်ဘက် ထန်းတောကလေး အတွင်း မှ ကျယ်လောင်စွာ ထွက်ပေါ်လာသော ထန်းသီးကြွေ သံများ က လွှာရုံမည်း အောက်တွင် အိပ်မောကျနေ သည့် ရမ်းဘိုကုန်းရွာကလေး အတွင်းသို့ ပျံဆင်းလာ ပေ၏ ။
“ ကိုဆေးရိုး ... ကိုဆေးရိုး ”
ကျင့်သားရနေသော မကျီးဒန် က သည်အချိန် ဝယ် ထာဝစဉ် နိုးနေကျ ဖြစ်သည် ။ မကျီးဒန် နိုးလာ လျှင် တောင်ပိုင်းမှ ဟင်းစားကြက်တွေ သောသော ရုတ်ရုတ် ထတွန်တော့သည် ။ နံနက်တိုင်း ကိုဆေးရိုး ကို နှိုးရသည် မှာ သူ့ ဝတ္တရား ပင်ဖြစ်၏ ။ တစ်နေ့တာလုံး လုပ်ခွင်တွင် ကုန်ခန်းခဲ့ရသော ခွန်အား ကို အိပ်စက် နားနေခြင်း ဖြင့်သာ အားရပါးရ အစားထိုး ရသည် ။ မနေ့ညနေ တုန်း က ဆိုလျှင် ချဉ်ပေါင်ဖတ် နှင့် ငရုတ်သီးစိမ်း ကို ရောကျိုထားသော ငါးပိ ကင်း သည့် ဟင်း တစ်ခွက် နှင့်သာ လွေးလိုက်ရသည် ။ ခွေချည့်နုံးလျ ကာ ဟာ နေသော ဝမ်း ၏ ပူလောင်မွတ်သိပ်ခြင်း က တောင့်တတောင်းခံ နေသောကြောင့်သာ မျို လိုက် သည် ။ အရသာ ကား မရှိလှ ။ ငစိန်ဆန် တစ်ပြည်ချက် မှာ ကုန်၍သာ သွားသော်လည်း တင်းတိမ်ခြင်း မရှိလိုက် ။ ဝမ်းဗိုက် က လေးလေး ၊ မိုးကလေး တစိမ့်စိမ့် နှင့် ကွေး၍ ကောင်းတုန်းမှာမှ မကျီးဒန် က ပုတ်ကာ ပုတ် ကာ နှိုးစမြဲ ဖြစ်၏ ။ ညဉ့်တာများ က တိုတောင်းလေစွ ။
“ ကိုဆေးရိုး ... ကိုဆေးရိုး ”
ကိုဆေးရိုး ၏ ပခုံးကို လှုပ်၍လှုပ်၍ နိုးလိုက်ရာ ကိုဆေးရိုး ကမူ ညာဘက် လှည့်ကာ စောင်းအိပ် နေ ရာမှ ဘယ်ဘက် သို့ ပြောင်းလှည့် စောင်းအိပ် လိုက် သည် ။ ခပ်လေးလေး နှင့် မှန်မှန်ထွက်ပေါ်လာသော မောင်းကလေးထုသံ တစ်ခု က သဲ့သဲ့ကလေးမျှ ပျံ့လွင့် လာသည် ။
“ ကိုဆေးရိုး ”
“ အေးပါဟာ ”
“ အေးပါဟာ လုပ်မနေနဲ့ ၊ ကောက်စိုက်မောင်း တောင် ထုနေပြီတော် ၊ တော့်ဟာ က နေ့တိုင်းပဲ ၊ တစ်နေ့ လည်း မဟုတ် ၊ နှစ်နေ့ လည်း မဟုတ် ။ ဘယ်အချိန် ရှိလဲ ဆိုတာ ကို လည်း ထကြည့်ဦး ”
ပင်ပန်းစွာ လုပ်ကိုင်ကြရသည့် ဆင်းရဲသားတိုင်း ဆင်းရဲသားတိုင်း သည် သည်သို့ပင် အိပ်စက်မှု ကို တွယ်တာကြပေလိမ့်မည် ။ ပျင်းရိ၍ ကား မဟုတ် ၊ မွဲ ခြင်း နှင့် ငတ်ခြင်း တို့ သည်လည်း ပျင်းရိသောကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ် ။ နေ့စဉ်ရက်ဆက်မပြတ် အားရအောင် အိပ်ရသည် မရှိဘဲ တစ်နေ့လုံး ပင်ပန်း ခြင်းကြီးစွာ ဖြင့် ခွန်အားစိုက်ထုတ်ကြရရှာသော အလုပ်ကြမ်းသမား တိုင်း သည် အိပ်စက်ခြင်း ကို အားရ ပါးရ အလိုရှိကြပေလိမ့်မည် ။ မနေသာ ၍ သာ မျက်လုံး ကို ဖွင့်၍ အိပ်ရာ မှ ထခဲ့ရသော်လည်း ရင် ထဲ မှာ တလှပ်လှပ် တုန်ကာ ရီဝေမူးနောက်ပြီး ငိုချင်သ လိုလို နှင့် စိတ် က တိုလာရသည် ။ မိမိ ၏ ကိုယ်ခန္ဓာ ကိုပင် မသယ်ပိုး မထိန်းမတ် နိုင်တော့ဘဲ ယိမ်းယိုင်လာလေ သည် ။
“ ကိုဆေးရိုး ... ထလေတော် ”
“ တောက် ”
ကိုဆေးရိုး က မကျေမချမ်းနှင့် လုံချည် ကို ပြင် ဝတ်လိုက်ကာ မတ်တတ်ရပ်ရင်း
“ ငါ တုတ်လိုက်လိမ့်မယ်နော် ... တကျီကျီနဲ့ ”
“ တုတ်စမ်းပါလား ဘယ်အချိန် ရှိပြီလဲ ၊ အချိန် ကျလို့ နှိုးတဲ့ ဥစ္စာကိုပဲ လူ ကို လာပြီး ရန်လုပ်နေ ”
မကျီးဒန် ကလည်း ဆတ်ဆတ်ကြဲ ဖြစ်သည် ။
“ တယ်လေ ငါ တုတ်လိုက်ရ ၊ ဟင်း ... ”
အိပ်ရေးမဝ နုံးချည့် နေသောကြောင့် စိတ် က တို နေမိသည် ။ စိတ် တိုသည့် အလျောက် ဆဲရေးတိုင်းထွာ ရအောင် မကျီးဒန်မှာ ဘာအပြစ်မျှ မရှိ ။ အချိန်ကျ သောကြောင့် သာ နှိုးခြင်း ဖြစ်ရာ ဘာကို ရမယ်ရှာ၍ ဆဲရမည်နည်း ။ အကြောင်းမဲ့ ဆဲလျှင် မကျီးဒန် က လည်း ခံမည် မဟုတ် ။ ဆဲတော့ ဆဲချင်သည် ။
“ တယ် ... ဒီ ... ငါ ... ”
တဲအတွင်း မှ အထွက်တွင် မူလ ကတည်းက မလွတ်ခဲ့သော တဲတံစက်မြိတ် ကို ခေါင်း နှင့် တိုက်မိ သဖြင့် ကိုဆေးရိုး က အားရပါး ရဆဲလိုက်သည် ။ သည် တော့မှ ရင်တွင်းဝယ် ရပ်တည် နေသော အမည် မသိ ဝေဒနာ က လျော့ပါးသွားသည် ။
“ တူတူ ... တူတူ ”
ပျိုးနုတ်သမားများ ကို အချက်ပေး စုရုံးသော ကျွဲချိုမှုတ်သံ က ထွက်ပေါ် လာပြန်သည် ။
“ ဟဲ့ ... ဟင်း ... တယ် ... ဒီ ... ငါ ”
ကိုဆေးရိုး က အိပ်ရာမှ အထ နှေးသော နွား နှစ်ကောင် ကို အားရပါးရ ဆဲရေးရေရွတ်လိုက်သည် ။ မြိန်ရေရှက်ရေကြီး ကန်ပစ်လိုက်သည် ။ ကိုဆေးရိုး က ဘုန်းခနဲ ဘုန်းခနဲ တအား ကျုံး၍ ကန်လိုက် သော်လည်း နွားကြီး နှစ်ကောင်မှာ လေးတွဲ့ နှေးကန်စွာသာ ကုန်းထ နေကြသည် ။
ကြာခဲ့ပြီ မဟုတ်ပါလား ။ နှောင်းပိုင်းမှ စတင် ထွန်ယက် လာရသည်မှာ လယ်ပင် ပိတ်တော့မည် ။ အကြောတွေ ဆိုင်း၍ အားအင်လျော့ပါး နွမ်းနယ်နေကြပြီ ဖြစ်သဖြင့် အဘယ်မှာလျှင် သွက်လက်လျင်မြန် ကြတော့အံ့နည်း ။ အဘယ်မျှပင် ပြင်းထန်စွာ ရိုက်နှက် ပါစေ သူတို့ အဖို့ကမူ ဒါ့ထက် ပိုမိုသော စွမ်းနိုင်ချက် က မရှိကြတော့ပါ ။ ခေါက် ၍ ရင်ဘတ် အောက်သို့ သွင်းထားသည့် ခွာဆစ် ကို အပြင်သို့ ထုတ်ကာ မြေကြီး ကို ခွာ နှင့် ထောက်ပြီးမှ အူးခနဲ အားယူ ထလိုက်လေ သည် ။
မိုးပေါက်ကလေးများ က ခပ်ပါးပါး ရွာချလိုက် သည် ။ မကျီးဒန် က ခမောက် ၊ ဆေးလိပ် နှင့် ထမင်း ပခြုပ်ကို အသင့် လာရောက် ကမ်းလင့်သည် ။ တစ်ရွာ လုံး သည်လည်း အသက်ဝင် လှုပ်ရှားလာကြကာ ဆဲ ခြင်း ရိုက်ခြင်း ဖြင့် နွား ကို ရန်ပြုသံ တို့ စီညံ လာကြပြီ ဖြစ်၏ ။ လွင်သော နေ့ဦး ၏ လေချိုနော့ကလေးဝယ် ခရေပန်းနံ့ကလေး က ခပ်သင်းသင်း ပါလာ၏ ။
၂
ကိုဆေးရိုး ၏ လယ် မှာ ကျင်းတစ်ကွက် ကုန်းတစ်ကွက် စီ ယှဉ်၍ နေသော လယ်လျားရှည်ကြီး ဖြစ်သည် ။ ကျန်လယ်များ မှာ ဝါဆိုလ နောက်ပိုင်း က ပင် စိုက်ပြီးခဲ့ သဖြင့် စိမ်းညို့မှောင်နေပေပြီ ။ လယ် တစ်ကွက် နှင့် တစ်ကွက် ဆက်၍ ရေလွှတ် ထားရာ ပိတ်လုလု ကောက်ပင် ကြားဝယ် တရွေ့ရွေ့ ဖြတ်သန်းနေသည် ။ ကုန်း လယ်များ မှာ နယုန်လဆန်း စ က နှမ်းကြဲ ထားခဲ့ရာ ယခုမှ ရိတ်သိမ်းပြီးစပင် ရှိသေးသော်လည်း စပါး နောက်ကျမည် စိုးသောကြောင့် ရိတ်ပြီး နှမ်းပင်များ ကို ခြောက်သွေ့ အောင်ပင် မစောင့်နိုင်တော့ဘဲ ထိပ်ဆုံး လယ် နှင့် အနည်းငယ် ဝေးသည့် အပိုင်းသို့ ပို့ပြီး စုပုံ ထားရသည် ။ နှမ်းပင် ကို အနည်းငယ် ပုပ် လာအောင် စုပုံ ထားရသေးသည် ။ သို့မှသာ အရွက်များ ကြွေကျ သွားကာ နှမ်းစေ့များ ကို ရိုက်ထုတ်ယူတော့လည်း အရွက် အမှိုက်များ နည်းပါး နိုင်ပေသည် ။ ကုန်းလယ်တန်းရှိ လယ်သုံးကွက် မှာ ယမန်နေ့ ညနေက ရေသွင်း ပစ်ခဲ့သည် ။ နှမ်း မှာ မိုး ရှိလျှင် မြောင်းရေ မလို ။ မိုးခေါင် တော့ မြောင်းရေ သွင်းပြီး အနည်းငယ် သွေ့သွားမှ ညက်အောင် ထွန်ပြီး နှမ်းမျိုး ကို ကြဲချရသည် ။ သည်ကြား ကာလဝယ် မိုးခေါင် သောကြောင့် မြောင်းရေ ကို သွင်းလိုက် ပြန်လျှင် လည်း မြေကျပ် သွား၍ နှမ်းပင် ညံ့ သွားတော့သည် ။ နှမ်းပင် မှာ မိုးရေ ရေချိန်ကိုက် ရွာပေးပြီး အပေါ် ထွန်ရေး ကောင်းကောင်း နှင့် မြေပွ ကို ကြိုက်နှစ်သက်ပေသည် ။ ထို့ကြောင့် မြေ ကို ရေသွင်း၍ ထွန်လိုက်သော အခါ နွားကြီး နှစ်ကောင်မှာ ကျွံ၍ ကျွံ၍ နစ်နေ သဖြင့် ခရီး တွင်အောင် မသွားနိုင် ။ ထွန်ကိုင်း နှင့် ကြိုးစနှင်တံ ကို ကိုင်ပြီး နောက်မှ လိုက်နေရသူ ကိုဆေးရိုး မှာလည်း မသက်သာလှ ၊ တစ်တောင့်ထွာ အရှည် ရှိသော ထွန် သွားများ က မြုပ်၍ မြုပ်၍ သွားသဖြင့် မ၍ မ၍ ပေးနေ ရသည် ။ ထွန်သွား နစ် အသွား တွင် နွား က ဆောင့် အရုန်း နှင့် ကြုံသွားပါလျှင် ထွန်သွား သို့မဟုတ် ထွန်သန် ကျိုးမည် ။ ထွန်တုံး လည်း ကွဲချင် ကွဲမည် ။ ထွန်တုံး ၊ ထွန်သန် နှင့် ထွန်သွားတစ်စုံ ၏ တန်ဖိုးတို့ ကလည်း ကိုဆေးရိုး တို့ အဖို့ နင့်ခနဲ နေအောင် များပြားလှသည် ။ ဒါ ကြောင့်ပင် နွား ကို လည်း ထိန်းရ ထွန်တုံး ကို လည်း မ ရ ၊ ထွန်သွား တွင် ငြိတွယ်ကပ်ချိတ် ပါလာသော မလိုတမာ အမှိုက်များ ကို လည်း တွန်ချ ရနှင့် ဖားဖားဝေလျက် ရှိတော့သည် ။
“ ဟင် ... အင်း ... ဟင် ... ဟင်းဟင်း ... အင်းဟင် ”
ထွန် နှင့် နွား တပ်ပြီး လယ် ထဲ သို့ ဆင်း လိုက်လျှင် ကိုဆေးရိုး က တဟင်းဟင်း တအင်းအင်း နှင့် မြည် နေတော့သည် ။ ဒါက အကျင့် ပါ နေပြီဖြစ်၏ ။
“ အံမယ် နနီ ဘာလုပ်တာလဲဟင် ”
ကန်သင်းနား အရောက် တွင် ကန်သင်းပေါ် ရောက် အောင် မသွားဘဲ အလှည့်ဘက်က နွားရွှေနီကြီး က လယ်ကွင်းထဲ က ပင် ကွေ့၍ ချိုး လိုက်သောကြောင့် ၊ ကိုဆေးရိုး က ကြိုး ကို ကောက်ကာ ထွန်တုံး ကို မပြီး ကန်သင်းခြေသို့ ပစ်ရင်း ငေါက် လိုက်၏ ။ ကြာ တော့ လည်း နွား က ပါ သိလာသည် ။ သည်နေရာ ဟာ ခွဲ ကြောင်း ၊ သည်နေရာ ဟာ အကွေ့ ၊ သည်နေရာ ဟာ ဖြည်းဖြည်း သွားရမည် ဆိုတာကို သိလာသည် ။ ကန်သင်းခြေ သို့ ရောက်အောင် သွားလျှင် ကြာနေမည် ဟူသည်ကို သိသောကြောင့် အပါးခို ကာ ‘ ကွင်း ’ လှည့် ရမှန်းပါ သိနေပေ၏ ။
“ အဖေ ”
“ ဟေး ... ဘာလဲ လူလေး ”
“ အဖေ နားချေဦးလေ ၊ ကျုပ် မောင်းလိုက်မယ် ”
ကိုဆေးရိုး ၏ သားကလေး ဘညိန်း က မကျီးဒန် နှင့် အတူ ရောက်လာကာ ဖခင် ဖြစ်သူကို ကူရန် ကန်သင်း ပေါ်မှ ရပ်၍ ပြောလိုက်လေသည် ။
“ နေပါဦး လူကလေးရယ် ၊ အဖေ မမောသေး ပါဘူး ၊ မင့် အမေနဲ့သာ ကူညီပြီး နှမ်းစည်းချေပါ ”
ကိုဆေးရိုး က သား ၏ စေတနာ ကို ငြင်းပယ် လိုက်သော်လည်း ဘညိန်း က လယ်ကွက် ထဲသို့ ဆင်းလာပြီး ကိုဆေးရိုး လက်မှ ကြိုးစ နှင့် နှင်တံ ကို ဆွဲယူ လိုက်ကာ
“ ပေးပါ အဖေရယ် ... အဖေ ကလည်း ကျုပ် နှမ်း မစည်းချင်ပါဘူး ။ ချွဲကို ချွဲကျိနဲ့ ”
“ မဟုတ်ဘူး လူလေးရ ၊ နှမ်းခင်းကျွတ် တစ်စပ် နှစ်စပ် က သိပ်ပြီး ကျွံလို့ ထွန်တုံးကို လူလေး နိုင်မှာ မဟုတ်ဘူးကွ ”
“ နိုင်ပါတယ် အဖေရာ ၊ ဒါလောက်လည်း မဟုတ် ပါဘူး ။ ကနေ့ မနက် ဟောဒီ သုံးယောက်စိုက် တစ်ကွက် ၊ ဟိုဘက်က တစ်ယောက် တစ်ပိုင်း စိုက်ရယ် ၊ ဟောဟို လေးယောက် စိုက်ရယ် ၊ ပြီးတော့ ဟိုဘက် က နှစ်ယောက်စိုက်ကလေး ကိုလည်း ခဏ နားရင်း ရေ သွင်း ထားပြီး လေးစပ်စီရ အောင် ထွန်ပြမယ် အဖေရ ”
ကိုဆေးရိုး က ကန်သင်း ပေါ်မှ ရပ်ပြီး သား ကို စိတ်မချဟန် ပြောလိုက်သည် ကို သားငယ်က ရွှန်းရွှန်း ဝေအောင် ချေပ ပြောဆိုရင်း ထွန်ကျွံ သွားလျှင် မ ပေးလိုက် ၊ အမှိုက် ငြိ လာလျှင် ကန်ချလိုက်ကာ ယနေ့ အဖို့ မည်မျှ အစွမ်းပြမည် ဟု ကြုံးဝါးလိုက်လေသည် ။ သည်အရွယ်မျိုး မှာ တက်ကြွနေချိန် ဖြစ်သည် ။ ကိုယ့် ကိုယ်ကိုယ် အထင်ကြီး နေချိန်လည်း ဖြစ်သည့် အပြင် အရာခပ်သိမ်းတို့ ၏ စိုပြည်သာယာမှု ကို တောင့်တ လိုလား နေသော သဘောလည်း ရှိတတ်ပေသည် ။
သူတို့အဖို့ ရေသာခိုလိုစိတ် မရှိ ၊ အစွမ်းကုန် ကြဲသွန်လုပ်ကိုင်ပြီး အစွမ်းကုန် မခံစားရ သော်လည်း လူ တိုင်းလူတိုင်း နှင့် ညီမျှအောင် ခံစားလိုကြသည် ။ ထို့ကြောင့် ယန္တရား ကဲ့သို့ ထက်မြက်စွာ စွမ်းဆောင်လုပ် ကိုင်ကြသည် ။ မည်သူ့ကို မျှ အကြောမပေး ၊ ပွင့်စည် လာသည့် လုပ်ခင်းဆောင်တာ မှ မိမိ ၏ စွမ်းအား ကို ကြည်နူးနှစ်သိမ့်စွာ မှန်းဆ စိတ်ကူးယဉ် တတ်ကြသည် ။ သို့ရာတွင် မညီမျှသော ယနေ့ လူ့ဘောင် ၏ ကုန်ထုတ် စနစ် မှ ဟပ်ထင်လာသော လူနေမှုစနစ် ၊ လှိုင်းတံပိုး ၏ ရိုက်ပုတ်မှု ကို ခံစားရကာ မိမိ လုပ်ပါလျက် နှင့် မိမိ မခံစား ရခြင်း၏ တရားခံ ကို မရှာတတ်ကြဘဲ အံ့အားသင့် သွားမိကြသည် ။ နောက် ဝမ်းပန်းတနည်း ညှိုးငယ် အား လျော့သွားရာ မှ ခံပြင်းခက်ထန်သော စိတ်ဓာတ် တို့ ပေါက်ကွဲ လာကြရသည် ။
သား ဖြစ်သူ ၏ တက်ကြွရွှင်လန်းမှုကို ကန်သင်း ထက် မှ ရပ်လျက် ကြည့်ရင်း ကိဆေးရိုး မှာ ကြည်နူး ဝမ်းမြောက်နေမိပေသည် ။ ဘညိန်း က ထွန်တုံး ကို မ ၍ ကန်သင်းခြေ သို့ ပစ်လိုက်ရင်း မှ
“ မွန်းတည့် ရင် ဒီ လေးကွက်ကို ထွန်ရေး စပ်ရော အဖေ ရာ ၊ အောက်က ကျန်တဲ့ ခြောက်ကွက် ကို နေ့ လယ်မှာ ရေသွင်း ထားပြီး ညနေ ငါးယောက်စိုက် လောက်တော့ ပြီးမှာပဲ ။ ကျန်တာကို နက်ဖြန်မနက် ကို စပ်အောင် ထွန်ရော အဖေ ရာ ၊ နက်ဖြန် ညနေမှာ သမန်း ပြန် ၊ သန်ဘက်ခါ စိုက် ”
“ အမယ်လေး လူလေးနှယ် မင့် မှာ စိုက်နေပြီ ။ ဒီ နှမ်းထောင်တွေ က ဘယ်သွား ထားမလဲ ”
“ ဗျာ ... ”
ဘညိန်း က သူ ထည့် မတွက်မိသော အကွက်ကလေးများကို ဖခ င်ဖြစ်သူက ထောက်ပြလိုက် သဖြင့် ငေး သွားရာ ကိုဆေးရိုး က “ မင်း က ကျန်တာတွေ ကို နေ့လယ်မှာ ရေသွင်းပြီး ၊ ကနေ့ ညနေ နဲ့ နက်ဖြန်မနက် စပ်အောင်ထွန်းမယ် ဆို လူလေး ရ ”
“ ဟုတ်တယ်လေ အဖေရ ”
“ အေး .... ဒီတော့ ဒီ လယ်ကွက်တွေ ထဲကို ရေ သွင်းချင်ရင် ဒီလ ယ်ကွက်တွေ ထဲက နှမ်းပင် ရိတ်ပြီးသားတွေကို ဘယ်မှာ သွားထားမလဲ ”
“ အာ မြောင်းပေါင် ပေါ်မှာ တင်ထားမယ် ”
“ လွယ်လိုက်တာ ၊ မင်း ပြောရင် လွယ်တာချည်းပဲ ။ ဒီလောက် များတဲ့ ဟာတွေ ကို မင့် မြောင်းပေါင် ကျဉ်း ကျဉ်းကလေး ပေါ်မှာ ဆံ့ပါ့မလား လူကလေးရ ”
“ အာ ... အဖေ ကလည်း ဆံ့ပါတယ် ”
ကိုဆေးရိုး သား ကို ရှင်းတမ်းစစ်ထုတ် ပြလိုက် တိုင်း ပြလိုက်တိုင်း သားငယ်က အကျောက်အကန် နှင့် ချေပ ပြောဆိုနေသဖြင့် သား ဖြစ်သူ မရှင်းမရှင်း ၊ မမြင်မချင်း ပြောပြရန်မှာ သူ့ တာဝန်ဖြစ်နေသည် ။
“ အေး ဟုတ်ပြီ ၊ ကိုင်း မင်း မြောင်းပေါင် ပေါ်မှာ နှမ်းပင်တွေ ကို ပုံထား လိုက်ပါရောကွာ ။ နှမ်းပင်တွေ ကို စည်းနှောင် ပြီးသွားတော့ အဲဒီ နှမ်းစည်းတွေ ကို ဘယ် မှာ သွား ထောင်မလဲ ၊ ကိုင်း ...”
“ ဒီ မြောင်းပေါင်မှာပဲ ထောင်မှာပေါ့ အဖေ ရ ”
“ ဒီနှစ်တောင်လောက် သာ ကျယ်တဲ့ မြောင်းပေါင်ကလေး ပေါ်မှာ ဆံ့နိုင်ပါ့မလား ၊ လူကလေး ရ ”
“ ဒီလိုပဲ ကတ်သီးကတ်သတ် နဲ့ပဲ ထောင်ရမှာပေါ့ အဖေရာ ။ ကိုင်း .. ဒီလိုမှ မလုပ်ရင် အဖေ့ဥစ္စာ ဘယ်လို လုပ်ဦးမလဲ ”
ဘညိန်းက ခပ်ငိုက်ငိုက်ကလေး ငုံ့၍ စဉ်းစားလိုက် ပြီး ကိုဆေးရိုး ကို ပြန်လည်မေးလိုက်ရာ ကိုဆေးရိုးက နားရွက်ကြားတွင် ညှပ် ထားသော ပြောင်းဖူးဖက်ဆေး လိပ်တို ကို ဖြုတ်ယူနေရင်း
“ အောက်ဆုံး လယ်ကွက် ထဲမှာ ထောင်ထားရဦး မှာပေါ့ လူကလေးရ ” လို့ ပြောအပြီးတွင် ခါးပိုက်ထောင် ကို ဖြေ၍ သံဘူးကလေး ထဲ မှ မီးခတ်ကျောက် မှို့ နှင့် သံတုံးကို ထုတ်ယူကာ တချောက်ချောက် ခတ် လိုက်သည် ။
“ ကနေ့ပဲ တော်သလင်းလဆန်း ( ၆ ) ရက် ရှိနေပြီ အဖေရ ။ အဖေ့ နှမ်းထောင်တွေ ကိုသာ ခြောက်အောင် စောင့်နေရမယ် ဆိုရင် ဒီတစ်ကွက် ဟာ သွားရောပေါ့ နှမ်းထောင်တွေ ခြောက်လို့ နှမ်း က ခါဦးမယ် ။ ခါပြီး ပြန်တော့ ထပ်ပြီး နေလှန်းဦး ၊ ပြီးတော့ တစ်ခါ ခါဦး နဲ့ ၊ ဒီ မိုးကလည်း တဖွဲဖွဲနဲ့ ကနေ့ တစ်နေ့ပဲ နေလေး နည်း နည်း မြင်ရတယ် ။ ဒီတော့ သီတင်းကျွတ်လဆန်း လို့မှ စိုက် နိုင်ပါ့မလား ၊ ကျွတ် ကျွတ် ကျွတ် ”
ဘညိန်း က စကား ပြောရင်း မှ နွားနှစ်ကောင် ကို စုတ်သပ်ပြီး ရပ်တန့်စေကာ အနားပေး ပစ်ခဲ့သည် ။ ပြီးလျှင် သူ့ ဖခင် ဘက် သို့ လျှောက်လာကာ
“ အဲဒီ သီတင်းကျွတ်လ ထဲ ရောက်မှ စိုက်ရင် အဖေ့ လယ်ကွက်ကလေး ဟာ လှန်ထွက် ထွက်တော့မှာပဲ ။ ဒီလိုသာ ဆိုရင် မျိုးတောင် ဆုံးလိမ့်ဦးမယ် ။ ပြောင်းကြဲ ချင်ကြဲ ”
“ အေးပါ လူကလေး ရ ၊ စိုက်တန် လည်း စိုက်ရဦးမှာ ပေါ့ ၊ ကျေးစာကလေး ၊ ငှက်စာကလေး ပဲ ရရ ”
“ ဟာ အဖေ ကလည်း ”
“ ဟဲ့ ... လူကလေး ရဲ့ ၊ ဒီ လယ်ကွက်ကလေး ကို မစိုက်ဘဲ ပစ်ထားလိုက်ရင် အလကားပဲပေါ့ကွ ။ သူ့ ကို စိုက်လိုက်လို့ မကောင်းဘူးပဲ ထားပါ ၊ တစ်တင်း လောက်တော့ ထွက်ဦးမှာပဲ ။ အဲဒီ တစ်တင်း ဟာ စပါး မရိတ်မချင်း သောင်းကျန်းတဲ့ စာတို့ ကျေးတို့ ဖျက်ဆီး တဲ့ ဟာကို သွားပြီး မထေမိပါလား ”
ကိုဆေးရိုး က တင်ပါး နှစ်ခြမ်းပေါ်အောင် လိမ် ကျစ်ပြီး ပင့်ထားသော ခါးတောင်းကျိုက် ကို ဖြုတ် ချလိုက်သည် ။ သူ ၏ မျက်နှာနှင့် ရင်ဘတ် တွင် နွားမြီး ယမ်းတိုင်း စင်၍ စင်၍ တင်ကျန်ခဲ့သော ရွှံ့ရည်ရွှံ့ စက်တို့ မှာ လေတိုက် သဖြင့် တဖြည်းဖြည်း ခြောက် လာ ကာ ဖြူရော်ရော် ညစ်ပုပ်ပုပ်အ စက် အစွန်း အကွက်ကလေးများ ဖြစ်လာကြသည် ။
ကိုဆေးရိုး က ရှေ့က သွား၍ ဘညိန်း က နောက် မှ လိုက်ကာ ကန်သင်း ပေါ်တွင် လျှောက်လာကြသည် ။
“ ပြီးတော့ အခု စိုက်လိုက်တဲ့ ကောက်ပင် ကလေးတွေ ကကော ရေညှိ တွယ်နေလို့ မပွားနိုင်တာ တို့ ပုစွန် ညှပ်တာတို့ ရှိသေးတယ် ။ ရိတ်ခါနီး မှည့် လာပြီ ဆိုတော့လည်း ကြွက် က ဖျက်ဆီး လိုက်သေးတယ် ။ အဲဒါတွေကို ထေမိလို ထေမိငြား ရသရွေ့ ကလေး ကို ခြစ်ခြုတ်ပြီး လုပ်ရတယ် လူကလေး ရ ”
စကား ပြောရင်း ဖွာရှိုက်ထုတ် လိုက်သော ဆေးလိပ်မီးခိုးများ မှာ နောက်မှလိုက်ပါလာသော ဘညိန်း ကို ရစ်ပတ်ဝိုက် လေလွင့်ကျန်ခဲ့သည် ။ ဘညိန်း မှာ ခေါင်းမှ ခမောက် ကို ဖြုတ်ပြီး မေးသိုင်းကြိုး နှင့် ပခုံး တွင် ချိတ်ထားကာ ခေါင်း တွင် ပေါင်းထားသော လုံချည် ကို ဖြည်လိုက်သည် ။ ဘညိန်း ကတော့ သူ့ အဖေ လို ခါးတောင်းကျိုက်ထားခြင်း မရှိ ။ လုံချည် ကို ဒူးခေါင်း ဒူးဆစ် ပေါ်ရုံမျှသာ မြှင့် ဝတ်ထားသည် ။ ပါး ပြင် နှင့် ရင်ဘတ်တွင် ပေကျံနေသည့် ရွှံ့များ ကို လုံချည် နှင့် ပွတ်သပ်ပစ်ပြီး ဖွာလန်ကြဲ ငိုက်အုပ်လာသော ဘိုဆံတောက် ကို လုံချည်နှင့် လှန့်ပင့်ပြီး ရစ်ပတ် ပေါင်း
အုပ်လျက် ခမောက် ကို ပြန် ဆောင်းလိုက်သည် ။ ဤ အညာရပ် ၏ ခမောက်များ မှာ ဝါးဖတ်ဦးထုပ် ၊ ဖော့ဦးထုပ်များ ၏ ပုံသဏ္ဍာန်အတိုင်း နှီး ကို မျှင်မျှင် ကလေးဖြစ်အောင် ဖြာ စိတ်ပြီးမှ ရက်လုပ်ထားခြင်း ဖြစ်ရာ ဦးခေါင်း နှင့် အံကျ ဖြစ်စေရန် အတွင်းမှ လုံချည် တစ်ထပ် ပေါင်း ထားရသည် ။
မိုး ပါးသော ဒေသ ဖြစ်သည့် အလျောက် မိုးဒဏ် ကို အသင့်အတင့် ကာကွယ်နိုင်ခြင်းနှင့် နေပူရှိန် ကို ကာကွယ်နိုင်ဖို့ လည်း လိုပေသည် ။ ဒါကြောင့်ပင် ဘေး အပြန့် ကြီးရုံမှ အပ အခြား သဏ္ဌာန်များ မှာ ဦးထုပ် ကဲ့သို့ပင်ဖြစ်သည် ။
“ ဒါဖြင့်ရင်လည်း အဖေ ရာ နှမ်းပင်တွေ ကို စည်း ပြီး ရင် အိမ် ကို တဖြည်းဖြည်း သယ်သွားကြရအောင် အဖေ ရ ။ ဒါမှ အိမ်မှာ စိတ်ချလက်ချ ထားပြီး ခါချင် တော့ မှ ခါ ၊ ဒီမှာဆိုရင် ညကို သူခိုး ခိုးပြီး ခါသွားမှာ ခိုးရတာ နဲ့ဘာနဲ့ စိတ်မချရဘူး အဖေ ။ အဲဒီလိုဆိုရင် တစ်ခါတည်း လည်း ထွန်တုံး ပိတ်မယ် ၊ သူခိုး အတွက် လည်း စိတ်မထင့်ရတော့ဘူး ”
“ ကဲ မင့် အမေ ကိုပဲ တိုင်ပင်ကြည့်စမ်းပါဦး ”
မကျီးဒန် မှာ နှမ်းပင် အပုံကြီး ဘေး မတ်တတ်ရပ် ကာ နှမ်းပင် စည်းရင်းမှ စကားတပြောပြော နှင့်လျှောက် လာသော သားအဖ နှစ်ယောက် ကို သဘောကျ ဝမ်း မြောက်သော အကြည့်ဖြင့် ဆီးကြိုလင့်သည် ။
“ သားအဖ နှစ်ယောက် ဘာတွေများ ဒီလောက် ငြင်းခုံ နေကြရတာလဲ ။ ပြောစမ်း လူကလေး ၊ မင်းတို့ သားအဖ နှစ်ယောက် ငြင်းတာ ငါ ကြည့်နေတာ ကြာလှပြီ ”
ဘညိန်း က စည်းပြီးသား နှမ်းစည်းများ ပေါ်သို့ ထိုင်ချ လိုက်ကာ ခမောက် နှင့် ခေါင်းပေါင်း ကို ဖြုတ် လိုက်သည် ၊ ကိုဆေးရိုး က လည်း မကျီးဒန် နှင့်အတူ နှမ်းပင် ဝင်စည်းနေသည် ။
“ ကျုပ် က အမေရာ နှမ်းခင်းကျွတ်တွေ တစ်ခါ တည်း ပိတ်လဲ သွားအောင် ၊ သူခိုး အတွက်လည်း မပူ ရအောင်လို့ နှမ်းထောင်တွေ ကို အိမ် ကို သယ်ထားရ အောင်လို့ ပြောနေတာ ။ အဲဒါကို အဖေ က အောက်ဆုံး လယ်ကလေး ကို ချန်ထားပြီး အဲဒီ ထဲမှာ ထောင်ထား မယ်တဲ့ အမေ ရာ ။ ပြီးမှ တစ်ခါ စပါး စိုက်မယ်တဲ့ဗျာ ။ ကဲ ကောင်း လည်း ကောင်းမှာ မဟုတ်ဘူး ။ ပြီးတော့ အခါခါ အလီလီ နဲ့ အမေ ရ ”
“ အဲဒါ ကောင်းသားပဲ လူလေး ၊ မင်း ပြောသလို နှမ်းထောင်တွေ ကို အိမ်ကို သယ်သွားရရင် နီးတဲ့ ခရီး လားကွ ။ မင့် အဖေ ပြောသလိုပဲ ကောင်းပါတယ် ။ နေရာ မရှိ နေရာ ရှာလို့ အပို ပင်ပန်း နေမယ် လူကလေးရယ် ”
“ ကြည့်ပါလား အမေ က လည်း အဖေ့ ဘက်ကပဲ ”
ဘညိန်း က ခမောက် နှင့် လုံချည် ဆွဲ၍ စိတ်ကောက် ကာ ထသွားတော့ရာ
“ လူလေး ... နွားတွေ ကို မဲပြီး ရိုက်မနေနဲ့နော် ”
အငယ်ဆုံးကလေး မို့ အလိုလိုက် ထားရာ ကလေး စိတ် က မကုန်သေး ။ မိဘ ကို စိတ်ကောက်ကာ နွား ကို မဲရိုက် နေမှာ ကိုလည်း စိုးရိမ်ရသေး သဖြင့် လှမ်း မှာ လိုက်ရသည် ။
မျက်ရှုကြေးမုံ သည် သားငယ် ကို ရှင်ပြု လျှင် ရှင်လောင်းတော့ လှည့် လိုက်ဦးမည် ။ မတတ်နိုင်သည့် အဆုံးတွင် ရှင်လောင်း အဆင်အပြင် နှင့် ပဲ ဖြစ်ဖြစ် ခြယ်လှယ် ပွဲထုတ်ဦးမည် ဟူသော ရည်ရွယ်ချက် ဖြင့် အခါ လည် သား ကတည်းက ဦးစွန်းဖုတ်ကလေး နှင့် အစပျိုး ကာ တည်ထောင် လာရသော သျှောင်ထုံးကလေး ကို သား က ဘိုကေ ထားချင်လှချည်ရဲ့ ဟူ၍ ပူဆာလွန်း သောကြော င့်သာ ရိတ်ဖြတ်ခွင့် ပေးလိုက်ရ သော်လည်း ရင်တွင်း မှာ မူ မချည့်လှ ။ မျှော်မှန်းခဲ့ ၊ တောင့်တခဲ့ခြင်း သည်လည်း နွမ်းရော်ညှိုးချုံး သွားရသော မကျီးဒန် ၏ စိတ်နှလုံး နှင့် အတူ ကြေကွဲခဲ့ရသည် ။
ပဗ္ဗဇ္ဇိတ မင်္ဂလာ ဟူသော မင်္ဂလာမြတ် ကို လူတိုင်း သည် မက်မောလှ၏ ။ သားယောက်ျားကလေး ကို မွေးဖွားလိုက်ရခြင်း ကပင် သည် မင်္ဂလာကြီး အတွက် တအားတက်စရာဖြစ်၏ ။ ရင် ၌ ဖြစ်သော သား ကို သာသနာ့ဘောင် သို့ သွတ်သွင်း လိုက်ရသည် ကပင် မယှဉ်နှိုင်းနိုင်သော ပီတိသောမနုဿ တိုးပွားစေ၏ ။ သို့ရာတွင် မိမိ ၏ မွမ်းမံပြင်ဆင် ထားသော သားက လေး ရှင်လောင်း ကို လူတကာက အမွန်တမြတ် ချဉ်းကပ် ကြည့်ရှုစေအံ့သော ရည်ရွယ်ချက်ကြီး ပျက်ပြား ခဲ့ရရုံမျှ မက တတ်နိုင်သမျှကလေး နှင့် အဘယ်သို့ သင်္ကန်း ချည်နိုင်ပါအံ့နည်း ။ တစ်နှစ် လာသော် ရှင်ပြု နိုင် နိုး ၊ တစ်နှစ် လာသော် ရှင်ပြ နိုင် နိုး ဖြင့် စောင့်ဆိုင်း ဆွဲငံ့လာခဲ့ရာ သားငယ်ကလေး တဖြည်းဖြည်း အရွယ် ရောက်၍ ရောက်၍ လာလေသောကြောင့် ဘုန်းကြီးကျောင်း က သင်္ကန်းတစ်ပတ်ရစ်ကလေးများ ကို ဝယ်ယူပြီး ကျောင်းရှိ သံဃာများနှင့် သာ လက်သိပ်ထိုး ကျိတ်၍ တရားနာ ရှင်ပြု လိုက်ရသော ရှင်ပြုပွဲ ကို သာ သားကြီးရှင် ဖြစ် ဟု ခေါ်ဆိုလေသည် ။
ဤကား ဆို့မွန်း ကျပ်တည်းသော လယ်သမား တို့၏ ဘဝ မှ ပယောဂ မဖက် တွေ့မြင်ရသော အခြင်းအရာ တစ်ကွက်ပင် ဖြစ်ပေသည် ။ အမှန်မှာ ယောက်ျားကလေး မွေးဖွား လာလျှင် သာသနာ့ အမွေ ခံ သားသမီးရတနာ အဖြစ် ကြည်နူးဝမ်းမြောက်ရမည် ဖြစ်သော်လည်း သည် သား ကို သာသနာ့ဘောင် သို့ သွတ်သွင်းနိုင်ဖို့ အရေး ကိုပင် စိတ်မအေးစွာ ပူပန်ကြ ရသည် ။ သားကြီး ရှင်ဖြစ် လုပ်လိုက်ရအောင် က လည်း တွင်းဆုံးကျ ဓားမနောက်ပိတ်ခွေး အသွင်သို့ ဆိုက်ရောက် လေသောကြောင့် မလုပ်လိုကြ ။ သည်လို ဖြစ်မှာ စိုးရိမ်၍ ပူပန်ကြောင့်ကြရသော သောက က ပိုမိုလေသည် ။
၃
မကျီးဒန် က ထွန်ရပ် ထားရာသို့ တငုံ့ ငိုက်ငိုက် လှမ်း ထွက်သွားသည့် သားငယ် ကို လှမ်းမျှော် ကြည့်ရင်း မှ ရင်တွင်းဝယ် ပြည့်ညပ်ဆို့ကျပ်လာသည် ။
“ လူကလေး က ဒါဆို ဒါမှ တန်းတန်းစွဲ ၊ တစ်ရှူး ထိုးကြီး နော် ။ တော် က ဖျောင်းဖျောင်းဖျဖျ ပြော မပြဘူးလား ”
“ ပြောပါပကောအေ့ ၊ ညည့် သားကိုက သူ ဒါ လုပ်ချင်မိရင် ဒါကို လုပ်ရမှ သူ့ ဝါသနာ ဖြစ်နေတာ ၊ ငါ ဘယ့်နှယ် တတ်နိုင်ပါ့မလဲ ”
ကြည်လင်နေသော ကောင်းကင် မှာ မိုးရိပ်များ တက်လာကြပြန်သည် ။ စိမ်းညို့နေသော ကောက်ပင် များ က သည်တော့မှ ပိုမို နက်မှောင် လာကြသည် ။ တိုက်ခတ်နေသော လေ ကလည်း ပို၍ အေးလာသည် ထင်ရ၏ ။
မကျီးဒန် က ပုံထားသော ရိတ်ပြီးသား နှမ်းပုံ တွင်းမှ နှမ်းပင်များကို ပုပ်ရိနေသည့် အရွက်များ ကြွေကျသွားအောင် လှုပ်ယမ်းပစ်လိုက်သည် ။ နှမ်းပင် ကို အသီး ပါသော ဘက်ချင်း ဆိုင်၍ တစ်ခု နှင့် တစ်ခု ရစ်ချိုး ပတ်လိုက်သည် ။ အပေါ် မှ အရွက်စင်ပြီးသား နှမ်းပင်များ ကို တင်ပြီး စည်းနှောင်လိုက်သည် ။ နှမ်းပင် မှာ စပါးကောက်လှိုင်း ကဲ့သို့ ကြီးကြီးမားမား ဖွဲ့နှောင် ၍ မရ ။ အပင် ရှည်လျှင် ကြိုး အဖြစ် အောက်မှ ခံရမည့် နှမ်းပင်ချင်း မဆက်ဘဲ ၊ အပင် တို မှသာ ' ဘွဲ့ ' ချိုးပြီး စည်းရသည် ။ သင့်လျော်သော ပုံသေ အရွယ်အစားဖြင့် စည်းနှောင် မှ သာ အချိန်တိုတို နှင့် ခြောက်သွေ့ နိုင်ပေ မည် ။ အရွက်တွေ ကို ခါယမ်း ချလိုက် ၊ စည်းလိုက် နှင့် မကျီးဒန် လက်မှာ မည်းညစ် စေးကပ် နေတော့သည် ။ ကိုဆေးရိုး က မကျီးဒန် စည်းထားသော နှမ်းပင် များကို သုံးစည်း လေးစည်းစီ ယူပြီး အသီးကို အထက် မှ ထားကာ ထောင်နေသည် ။ အပေါ်သို့ အသီးမလှည့် သော အပင်များ ကိုလည်း အပေါ်သို့ အသီး လှည့်သွား အောင် အပင်ချင်း၏ ကြားထဲ သို့ သွင်းထားလိုက်သည် ။ ပြီးတော့ ကြိုး အဖြစ် အသုံးပြုသော ' ဘွဲ့ ' မှ အသီးများ ကို လည်း အပေါ်ကို ဦးလှည့် နေအောင် မတ် ပေးရပြန်သေးသည် ။ သည်လို ရွှေလို စုနိုင်ပါမှ တန်ရုံ ကျနိုင် သဖြင့် ယုယရသည် ။ စီးယိုကျသော ချွေး ပေါက်တို့ မြေထက် ဝယ် အိုင်ထွန်းအောင် ကြိုးပမ်း ရုန်းကန် ပြုလုပ်ရသော ချွေးသီးချွေးပင် ကို ယုယရ မည် ။ တကယ်ဆိုတော့ ကိုဆေးရိုး ၏ ခွန်အား ချွေး နှင့် အသားအဆီများ ၊ နွားကြီးနှစ်ကောင် ၊ သားငယ် ဘညိန်း ၊ သမီးငယ် ချောစိန် နှင့် မကျီးဒန် တို့၏ အဆီအခဲ အသွေးအသား နှင့် ခွန်အားသတ္တိ တို့သာ ဖြစ်၏ ။ နှမ်းပင် မဟုတ်တော့ပြီ ။
နှမ်းသီး ၏ အဖျားပိုင်း သည် အောက်သို့ စိုက်ငိုက် ကျနေပါမူ နေပူ သွေ့ခြောက်ကာ အသီးများ ကွဲအက် လာသော အခါတွင် မြေပြင် သို့ သွန်ချလိုက် သကဲ့သို့ လျှောကျကုန်တော့မည် ။ ကိုဆေးရိုး တို့ အဖို့က နှမ်း တစ်လုံး နှင့် ဆီ ဖြစ်သည် ဟု ဆိုရပါမည် ။ သည်လိုသာ မယုယ မသိမ်မွေ့ လျှင် ဖိတ်စဉ်သော နှမ်းတစ်လုံး ပေါင်း များစွာကြောင့်ပင် ကုန်ခန်းရတော့မည် ။ ဒါကြောင့်ပင် အောက်ခြေသိမ်း ဟု ဆိုရလောက်အောင် စေ့စပ်ရသည် ။ ပြီးတော့ သူတို့ မိသားစု၏ အသွေး အသား အဆီ မဟုတ်ပါလော ။
ကိုဆေးရိုးက ထောင်စရာ နှမ်းစည်းများ ကုန် သွားသဖြင့် ချထားသော ဆေးပေါ့လိပ်တို ကို မီးခတ် ညှိ သောက်ရင်း မကျီးဒန် အနီးမှ ခွာသွားရာ
“ ဘယ်ကိုလဲ ကိုဆေးရိုး ”
“ ကန်သင်း အနား တူးချေဦးမယ်အေ ၊ ညည့် နှမ်း စည်းတာက တော်တော်ကြာရင် ပြီးမှာပါ ”
ကိုဆေးရိုး က အခေါင်း ထွက်နေသော ဆေးလိပ်ထိပ်ဝ အတွင်းသို့ မီးစွဲနေသည့် လဲမှို့စ ကို ဖိသိပ်ကာ ပါးစပ် မှ အဆက်မပြတ် ဖွာလိုက်ပြီး မကျီးဒန် ဘက် သို့ မျက်နှာမူ လာပြန်သည် ။
“ လူကလေး နဲ့ အလုပ်ချင်း လဲရဦးမယ်ကွ ”
မကျီးဒန် က ဘာမျှ ပြန် မပြောတော့ ။ ကိုဆေးရိုး က လယ်ထိပ် ကတွတ်ဝ တွင် စိုက်ထောင် ထားခဲ့သော ငန်းပြား ကို သွားရောက် ဆွဲယူရင်း
“ လူကလေး ၊ မောရင် နားဦးဟေ့ ၊ အဖေ မောင်းလိုက်မယ် ”
“ မမောပါဘူး အဖေ ရာ ”
စောစောက ထိုးထိုးထောင်ထောင် ရှိနေသော နှမ်း ငုတ်များ မှာ ပုလဲမြှုပ်ရေပြင်တွင်း တွင် ယိုင်လဲ နစ်မြုပ် နေကြ၏ ။ မြေပေါ် သို့ မြင့်တက်လာသည့် ထွန်ချေးစာ အညိုချပ်ကလေးများ ကို ပုလဲဥ ရေမြှုပ်ကလေးများ က ပုတ်ရိုက် ထိ ကစား နေကြသည် ။
ကိုဆေးရိုး က ထွန်ရေးစပ်ပြီး စ ထိပ်ဆုံးလယ်ကွက်၏ ကန်သင်းခြေ ကို ငန်းပြားစိုက်လိုက်ကာ လုံချည် ကို ပြင် ဝတ်နေသည် ။ ငန်းပြားအရိုး ၏ အရင်း ပိုင်း တွင် ကလတက် ဟု ခေါ်သော သစ်သားကလေး တပ်ထားသည် ။ ကိုဆေးရိုး လာရောက် ကန်သင်းနား တူးသည့် နေရာမှာ နွားမတက် နိုင်သော ကုန်းစောက်ကြီး ဖြစ်သဖြင့် ကန်သင်းခြေ သို့ ထွန် မကပ်နိုင် ။ ကန်သင်းခြေ သို့ ထွန်ကပ်နိုင်သည် ထားဘိဦး ၊ ထွန်တုံး အစွန်း က တစ်မိုက်လောက် ရှည်သဖြင့် ထွန်ရေး မရှိ ။ ဒါကြောင့်ပင် အပြင်ဘက်တွင် ကျင်း မရှိသော ကန်သင်း မှန်သမျှကို အနား တူးပေးရသည် ။ ဒါမှသာ ကောက်ပင် စိုက်၍ ရနိုင်ပေသည် ။ ပြီးတော့ ထွန် မဝင် နိုင်သော ထောင့် ( ဒေါင့် ) များ ကိုလည်း သည်လိုပင် လူ ဝင်၍ တူးပေးရပြန်သည် ။ ထွန် မဝင်နိုင်သည့် နေရာ ကို ငန်းပြား နှင့် တူးထားပြီး သမန်း အစားထိုးပြီး မပေး ပါက ကောက်စိုက်သမ ကလည်း လက် အနာ ခံ၍ စိုက် မပေးခဲ့ပေ ။ တစ်ထောင့် လျှင် ကောက်ပင် သုံးပင်ဝင် သည် ထားပါဦး ၊ ထောင့်ပေါင်း များလာသောအခါ အပင်ရေ များလာပြီး စပါးအထွက် ကို အကျိုးသက်ရောက်စေသည် ပင် မဟုတ်ပါလား ။ တစ်ဖန် ကန်သင်း အနားများ ကို ထွန်ရေး အစားထိုး ကာ ငန်းပြား နှင့် တူး ဆွ မပေးပါက လယ်တစ်ကွက် ၏ ကန်သင်းနား တွင် တစ်ပင်တန်း စီ ပင် လျော့သွားသည် ထားဘိဦး ၊ လယ် ကွက် ၏ အကျယ်အဝန်း ကို လိုက်၍ စပါးထွက် လျှော့ နည်းရတော့မည် ။
ကိုဆေးရိုး တို့ က သည်လိုပင် အောက်သက်ကျေ ကြလေသည် ။ ဆယ်လီကျေသည် ဟု လည်း ခေါ်ရမည်ပင် ။ မကျီးဒန် က ဆိုလျှင် မြေပေါ်သို့ ဖိတ်စဉ် ကျပေါက်သော နှမ်းစေ့ကလေးများ ကိုပင် အဝတ်ကလေးများဖြင့် တို့ကာ တို့ကာ ယူပြီး ၊ အဝတ်တွင် ကပ်ပါ လာသော နှမ်းစေ့ကလေးများ ကို ဆံကော ထဲ သို့ ပွတ်ချ ယူလေသည် ။
သည်မျှပင် စေ့စပ်သေချာ ဇယား စေ့သော်လည်း ယနေ့ လူ့ဘောင်ဝယ် ညစ်နွမ်းငတ်မွတ်စွာပင် ရပ် တည်နေကြရသေး၏ ။ သည် လူတန်းစား တို့၏ ကြည်လင်ဝပြောမှုကို အဘယ် ဝါဒဖြန့်ချက်များ က မှ မကယ်တင်နိုင် ။ အဘယ် ကောင်းကင် ဆန်သော တရားရေး သဘောများ ကရော ကယ်တင် နိုင်မည်နည်း ။ အမှန် မှာ မူ သဘာဝ ကျသော တရားရပ်များ မှာ တိမ်ကော နေကြရ၏ ။
မိုး က တုံ့ပြက်ပြက် ဖြစ်နေရာမှ နေပွင့် လာပြန် သည် ။ မဆုံးနိုင်သော မြကမ္ဗလာအလွှာသည် ကြည်လင်တောက်ပ၍ ဟင်းလင်း ပွင့်သွားသည် ။ တိမ်ညို အရိပ်သည် လေ နှင့် အသော့နှင် ပြေးလွှားနေရာ ခပ် ဝေးဝေး မှ လယ်ကွင်းများ ဝယ် အမှောင်ရိပ် သမ်းသွားသည် ။
ကိုဆေးရိုး က ကုန်းမြင့် ကန်သင်းခြေ ကို ငန်းပြား နှင့် စောင်း၍ ခပ်ဆဆကလေး ထိုးပြီး ကလတက် မှ အပြားလိုက် နင်းကော်ပြီး မြေစာများ ကို ကုန်းပေါ် သို့ ပစ်တင်လိုက်သည် ။ တစ်နွေလုံး နွားလမ်း ဖြစ်နေ သဖြင့် မြေမှုန့်များ ပြိုကျလာကာ ဆင်ခြေလျှော ဖြစ် နေ၏ ။ တစ်ထွာခန့် ကျယ်သော ငန်းပြား ၏ ဗြက် တစ်နေရာစာ ချဲ့ထွင် ဖဲ့ချ လိုက်သဖြင့် အညာကောက်ကွက် အတိုင်း သာ ဆိုလျှင် ကောက်ပင် နှစ်ပင် နေရာ ရသွားပေ၏ ။
“ အဖေရေ ဟောဟော .... ဟာ ... ဟော ဟော ”
ပြင်းထန်သည့် ငှက်တောင်ပံ ခတ်သံ တစ်ခုနှင့် အတူ ဘညိန်း ၏ အော်သံ ကြားသဖြင့် ကိုဆေးရိုး က လှည့်ကြည့်လိုက်ရာ တစ်ရှိန်ထိုး ပျံတက်သွားသော လင်းယုန်ငှက် တစ်ကောင် ၏ ရင်ဘတ် အောက်တွင် မြွေတစ်ကောင် မှာ တွန့်လိမ်ယိမ်းလွှဲ ရင်း လင်းယုန် ငှက် ၏ မီရာ နေရာများ ကို ရစ်ပတ်လျက် လိုက်ပါသွားသည် ။
ကိုဆေးရိုး က ငန်းပြား ကို ဆ၍ ကန်သင်းခြေ ကို ပြန်လည် ဆွမြဲ ဆွ နေသော်လည်း ဘညိန်း မှာ ထွန်ကို ရပ် ထားပြီး ငှက် ၏ ပျံသန်းရာ သို့ လိုက် ကြည့် နေရာမှ
“ ဟော ... အဖေ ရေ ၊ ကျသွားပြီ ကျသွားပြီ ”
ငှက်ကြီး မှာ ထိုးတက် သွားရာမှ နားရန် သစ်ပင် ကို ရှာရင်း တစ်ပတ်လှည့် ဝဲ နေခိုက်တွင် မြေပြင်သို့ ထိုးကျ သွားခြင်းဖြစ်၏ ။ မြေမာကန်သင်း ပေါ်သို့ ကျ သွားသဖြင့် ဗုန်းခနဲ မြည်ဟည်းလာသော အသံကို ကြားလိုက်ရ၏ ။
ဘညိန်း က လယ်ကွက် ထဲမှ တန်းဝုန်း ပြေး တက် လာကာ ငှက်ကြီး ထိုးကျရာ ဘက်သို့ ပြေးလိုက် သွားလေသည် ။ ငှက်ကြီး မှာ မြွေဟောက် ကို ဇက် မှ မကုပ်မိဘဲ ခါးလယ် မှ သုတ်ယူမိ သဖြင့် မြွေကိုက် ခံရ ပြီး မြွေဆိပ် ပြင်းသောကြောင့် ချက်ချင်း အသက် ပျောက် သွားရကာ မြွေ မှာ လည်း နှစ်ပိုင်း ဖြစ်နေလျက် ခေါင်း မှာ ငှက်ကြီး ၏ လည်ပင်းတွင် စိုက် နေတော့သည် ။
“ အဖေရေ ... ငန်းပြား ပေးပါဦး ”
ငှက်သေ ကို ကောက်ယူရာ မှ အပြန် လယ်ထိပ် ရှိ ရေသွယ်မြောင်း မြောင်းလက်တက် ထဲတွင် ရေလာနေသည် ကို မြင်သဖြင့် ဘညိန်း က အော်၍ ငန်းပြား တောင်း လိုက်၏ ။
“ ဘာလုပ်ဖို့လဲ ဟ ”
“ ရေ မလာတော့ဘူး အဖေ ရေ ... မြောင်းရင်း က ပိတ်သွားကြပြန်ပြီ ထင်တယ် ။ မိများ မိရင်တော့ ငန်းပြားနဲ့ ကို ထိုးလိုက်မယ် ”
သား ဖြစ်သူ ၏ ဒေါသသံ ကို ကြားလိုက်ရသဖြင့် ရေပိတ်သူ နှင့် တွေ့ပါက ခိုက်ရန်ဖြစ်ပွားကုန်မည် စိုး သောကြောင့် ငန်းပြား ကို ဆွဲပြီး သူ ပါ လိုက်လာကာ မြောင်းလက်တက်ကလေး အတိုင်း လျှောက်၍ သား နှင့် အတူ မြောင်းရင်း သို့ တက်သွား၏ ။ သည်အရပ် က ဒါနှင့်ပင် တစ်ခက် ဖြစ်သည် ။
မိုး ကို စောင့်နေလို့တော့ ဘယ်တော့မှ မျိုး မကြဲရ ။ ကောက်စိုက်ရမည့် ဒေသ မဟုတ် ။ ပျိုး ကို လည်း မြောင်းရေ နှင့် ကြဲ ရပြီး ၊ ကောက် ကိုလည်း သည် မြောင်းရေ နှင့်သာ စိုက်ရသည် ။ မြောင်းရေ နှ င့် မသင့်လျော် လှသော နှမ်း ကိုပင် သည် မြောင်းရေ နှင့် သာ ကြဲရ ရေသွင်းရသည် ။
ဒါပေသည့် မိုး မရှိလို့တော့ မကောင်း ။ နှမ်းက လည်း မိုးဆွတ် ပေးမှ လန်းစည် ထွားကျိုင်းသည် ။ ပျိုး ကလည်း မိုးဖျန်း ပေးပါမှ ပွားခြင်း စည်ခြင်း ရှိလာ ကာ ၊ ကောက် ကလည်း မိုးသည်း လိုက် နေပူ လိုက် လုပ်ပေးမှ ထွားကျိုင်း ပြည့်ဖြိုးနိုင် ၊ စည်ပင်နိုင်ပေသည် ။ သို့ရာတွင် မိုး မရှိလည်း အထိုက်အလျောက် ကောင်းမွန်နိုင်သည် ။ မြောင်းရေ သာလျှင် အဓိက ဖြစ် ချေသည် ။ ကဆုန်လပြည့် ကတည်း က လွှတ်ပေးသော မြောင်းရေ က နတ်တော်လ ကုန်ခါမှ သာ ရပ်ဆိုင်းသွား တော့ရာ ဤ အရပ် မည်မျှ မိုးပါးသော အရပ် ဖြစ်ကြောင်း ခန့်မှန်းမိလောက်ပေပြီ ။ ထို့ကြောင့်ပင် မြောင်းရေ သာ အဓိက ဖြစ်ချေ သည် ။ မိုးကောင်းသော တောင်ကြားဒေသ ရေလှောင် ရေလွှဲ ဆည်ကြီး မှ ရေလွှတ် ပေးလိုက်သော မြောင်းမ ကြီး တွင် ကန့်သတ်ထားသည့် ရေဝင်ပေါက် နှင့် မြောင်းလက်တက်ကြီးများ ဖောက်လုပ် ထားပြန်သည် ။ ယင်း မြောင်းလက်ဘက်ကြီးများ ကို လယ်သမားများ က ဝေပုံကျ တာဝန်များဖြင့် တစ်နှစ် တစ်ကြိမ်ကျ ကောတိမ် မသွားအောင် တူးပစ်ရသည် ။ သည် မြောင်း လက်တက်ကြီး က မှ မိမိတို့၏ လယ် ထဲ သို့ ကိုယ်ပိုင် မြောင်းလက်တက်ကလေးများ ဖြင့် သွယ်ယူကြရသည် ။
မြောင်းလက်တက်ကြီး ၏ အောက်ဆုံး အဖျားပိုင်း မှ လယ်သမားများ မှာ အထက် မှ ပိုလျှံမှသာ ရေ ရသော ကြောင့် ပျိုးကြဲကောက်စိုက် နောက်ကျသည် မှာ အမြဲ တစေပင် ။ သူတို့ အဖို့ ဝီရိယ ရှိရသည် ၊ စွန့်စားရသည် ။ အထက် လယ်များ မှ လူများ ၏ အလစ်ကို ကြောင် ချောင်း သလို ချောင်းရသည် ။ အထက်လယ်များ မှ လူ များ သတိပေါ့ မေ့လျော့ နေလျှင် ရေ တားသော ကောက် ရိုးထုံးများ ၊ ရင်တား နှင့် ဆည်တိုင်များ ကို ဖျက်ချကာ မြောင်းလက်တက်များ ကို ပိတ်ပစ်ကြသည် ။
ယခုလည်း အောက်သား တစ်ယောက်ယောက် က လာရောက် ပိတ်ဆို့ သွားသောကြောင့် ရေ အလာ ရပ်သွားခြင်း ဖြစ်သည် ။ ကိုဆေးရိုး က သူ လျှောက် လာသော မြောင်းလက်တက်ကလေး မှ ရေများ စိမ့်ယို ပေါက်ကျ နေသော ပုစွန်တွင်း နှင့် မြွေလက်ပတ် အပေါက်များ ကို လိုက်လံ ပိတ်ဆို့နေသည် ။
ပုစွန်တွင်း မှာ ကျပ်ကျပ်တည်းတည်း ဆို့ပိတ် ထား လိုက်လျှင် ရသော်လည်း မြွေလက်ပတ်များ ဖောက်သော အပေါက် က ရိုးရိုး ပိတ်၍ မရ ။ မြွေလက်ပတ် ဖောက်သော တွင်းဝ ကို ရွှံ့များဖြင့် ရံ ပြီး လက်ကောက်ဝတ် ခေါ် ပိတ်နည်း ဖြင့် ပိတ်မှသာ လုံခြုံနိုင်ပေသည် ။
ကိုဆေးရိုး မှာ ရှေ့က သွားနှင့်သော သားငယ် ကို လည်း စိတ်မချ ။ စိတ်တထင့်ထင့် နှင့်ပင် အပေါက် များက သီကရီ ပိတ်ဆို့ နေရသည် ။ စိတ်မြန်တုန်း တက်ကြွတုန်း အရွယ်မို့ ပိုမို စိတ်မချရခြင်း ဖြစ်သည် ။ သူတို့ အရွယ်က ကိုဆေးရိုး လို သွယ်သွယ် ဝိုက် ဝိုက် ဖျောင်းဖျ ပြောဆိုခြင်း မရှိ ၊ လောကပါး မဝသေး ။ တစ်နည်း ဆိုသော် နှစ်လိုဖွယ် ကောင်း၏ ။ ဖောက်ပြန် ခြင်း ကို တမက်မောမော လက်ခံပြီး သစ္စာတရား ဘက် သို့ ဆီပွတ်ကျည်ပွေ့ စကားမျိုး ဖြင့် လှည့်ဖြားရခြင်း ကို နားမလည်ကြသေး ။ ဒါကြောင့်ပင် လောကပါး မဝသေး ။
“ ဟဲ့ လူကလေး ၊ လူကလေးရေ ... ဟေ့ လူကလေး ”
မြောင်းလက်တက် ထိပ် တွင် နဘူးချုံကြီး တစ်ခု က ကွယ် နေသောကြောင့် သား အတွက် စိုးရိမ်မကင်း ဗျာပါထန်ခြင်း ဖြင့် တစာစာ
ခေါ်နေရာ သား ၏ ထူးသံကလည်း မတုံ့လည်လာ ။
“ ဟေ့ လူကလေး ”
ကိုဆေးရိုး က ထပ်မံ ခေါ်လိုက်စဉ်
“ လာလေ သတ္တိ ရှိရင် လာခဲ့ပါ ၊ လာစမ်းပါ ”
“ လာပါတယ်ကွ ... လာပါတယ် ၊ ကဲ လာတယ် ”
နဘူးချုံ ၏ တစ်ဖက်ရှိ ပေါင်ထိပ် မှ နှစ်ယောက် သော လူတို့ ၏ ခိုက်ရန်ဖြစ်ပွားသံ ကို ကြားလိုက်ရ သဖြင့် နဘူးချုံ ကို ပန်းတက်ပြီး ပြေးသွား လိုက်မိသည် ။
“ လာရင် လုပ်တယ်ကွာ ၊ ကဲကဲ ”
“ ဟဲ့ ဟဲ့ ... ထွန်းဖေ ၊ ထွန်းဖေ မလုပ်နဲ့ ဟဲ့ ၊ မလုပ်နဲ့ ... ဟ ဟ ”
ငန်းပြား ကို ထမ်း၍ လယ်ကွက် ထဲမှ တက် လာ သော ကိုသိန်းမောင် ကို မြောင်းတောင်ဘက် မှ ထွန်းဖေ က ငန်းပြား နှင့် ဆီး၍ ထိုးလိုက်သည် ။ ကိုဆေးရိုး က အော်ဟစ် တားမြစ် ၍ ပြေးလာစဉ် မှာ ပင် ထွန်းဖေ က ကိုသိန်းမောင် ၏ ပေါင် ကို တစ်ချက် ထပ်ပြီး ထိုးလိုက်ပြန်ရာ
“ အို .. ဟဲ့ ထွန်းဖေ ၊ လက်လွန်မယ် ”
ကိုသိန်းမောင် မှာ မြောင်းပေါင်ကုန်းလျှောကလေး ထက်ဝယ် ပက်လက်လန် လဲကျနေကာ ပခုံး နှင့် ပေါင် မှ သွေး တို့သည် မြောင်း ထဲ သို့ စီးကျသွားသည် ။ ထွန်းဖေ ၏ လက်မှ ငန်းပြား ကို ကိုဆေးရိုး က ဆွဲယူ လိုက်၏ ။
“ မိုက်လှချည်လား ထွန်းဖေ ရယ် ၊ ဟင် ... မင်း ဒါဟာ မင်းတို့ ညီအစ်ကို တစ်ဝမ်းကွဲချင်းပါကော ဟ ”
ထွန်းဖေ မှာ ကိုသိန်းမောင် ကို ဒူးထောက် ပွေ့ယူ လိုက်ရင်း
“ ကျုပ် ... ကျုပ် မှားပြီ ကိုဆေးရိုး ရယ် ”
ထွန်းဖေ က ငိုသံကြီး နှင့် ပြော လိုက်သည် ။ မျက်လုံးအိမ် တွင်းမှ မျက်ရည်တို့ သည် ကိုသိန်းမောင် ၏ ပခုံး မှ ဒဏ်ရာ ပေါ်သို့ တစ်ပေါက် ပြီး တစ်ပေါက် ကျဆင်းလာကြသည် ။
“ သိန်းမောင် သိန်းမောင် ... ငါ့ ကို သ,တ်ပစ်ပါတော့ကွာ ”
ကိုသိန်းမောင် က မျက်ရည် အပြည့်သား နှင့် ထွန်းဖေ ကို မော့ကြည့် နေစဉ်မှာပင် လယ်နီးချင်းများ ပြေးလွှား ရောက်ရှိလာကြသည် ။
“ သိန်းမောင် .. သိန်းမောင် ”
ထွန်းဖေ က ငိုသံ ဖြင့် ကိုသိန်းမောင်ကို လှုပ်၍ လှုပ်၍ ခေါ်နေသည် ။
“ သိန်းမောင် .... သိန်းမောင် ၊ ငါ မှားပြီကွာ ”
“ ထွန်းဖေ မငိုနဲ့ ၊ မငိုပါနဲ့ကွာ ”
ကိုသိန်းမောင် ၏ အားနည်း တုန်ရီသော ဆို့ရှိုက်သံ က ထွက်ပေါ် လာ၏ ။
ထွန်းဖေ ၏ မျက်လုံးအိမ် တွင်း မှ ကျဆင်း လာ သော မျက်ရည်ပေါက် တို့ကား ကိုသိန်းမောင် ၏ ဒဏ်ရာမှ သွေးတို့ နှင့် အတူ မြောင်း ထဲ သို့ စီးလိမ့်သွားသည် ။ တစ်ရစ်ပတ်ပတ် အားသွန် မွေးဖွား ခဲ့ရသော သူတို့ ၏ စပါးပင်ပျိုများ က သူတို့ ၏ သွေး နှင့် မျက်ရည် ကိုလည်း သောက်စို့ကြရပေဦးတော့မည် ။
⎕ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုးပေါင်းချုပ်
No comments:
Post a Comment