Wednesday, June 18, 2025

ဘာ အတွက် ရှင်သန် နေကြတာလဲ


 

❝ ဘာ အတွက် ရှင်သန် နေကြတာလဲ ❞
         ( မောင်ဝဏ္ဏ )
      
တချို့ညတွေ ဆိုရင် ကျွန်တော် စာဖတ်လိုက် ၊ ယောင်တောင် ကြောင်တောင် တွေးလိုက် နဲ့ မိုးလင်း သွားလေ့ ရှိပါတယ် ။ မနက် ငါးနာရီခွဲ ခြောက်နာရီ ကျတော့ အနီးအနား မှာ မုန့်ဟင်းခါးဆိုင်လေးတွေ ဖွင့်ပါပြီ ။ မုန့်ဟင်းခါးလေး တစ်ပန်းကန်လောက် စား ၊ ဟိုဟိုဒီဒီ ကြည့် ၊ လက်ဖက်ရည်ဆိုင် သွား စသည်ဖြင့် လှုပ်ရှားလိုက်ပါတယ် ။ အဲဒီ မုန့်ဆိုင် ၊ လက်ဖက်ရည်ဆိုင် အလုပ်သမားတွေ လည်း အရုဏ်တက် လောက် က စပြီး အလုပ် လုပ်မှ ဝေလီဝေလင်း မှာ ဆိုင်ဖွင့်နိုင်မှာပါ ။

နံနက်စောစော ဆိုပေမယ့် ဘတ်စ်ကား ကတော့ ထုံးစံအတိုင်း ကျပ်ကျပ်တောက်တောက်ပါပဲ ။ ဘတ်စ်ကားဆရာတွေ လည်း အရုဏ်တက် လောက် က စပြီး လှုပ်ရှားရတာပါ ။

နံနက်အစောကြီး ကတည်းက စတင် လှုပ်ရှား အလုပ်များ နေရတဲ့ သူတွေ အကြောင်း တွေးမိပါတယ် ။ နံနက် ခြောက်နာရီ မှာ စပြီး အလုပ် ကို  သွားဖို့ အတွက် အဲဒီ လူဟာ နောက်အကျဆုံး နံနက် ငါးနာရီ မှာ အိပ်ရာ က ထ ရပါလိမ့်မယ် ။ သူ အလုပ် သွားဖို့ အတွက် အိမ် က အိမ်ရှင်မ ဖြစ်ဖြစ် ၊ သားသမီး ဖြစ်ဖြစ် နံနက် လေးနာရီလောက် ကတည်းက ပြင်ဆင် ချက်ပြုတ် ပေးရပါလိမ့်မယ် ။ ထမင်းချိုင့် ထဲ စားစရာ ထည့်ဖို့ ဆိုတာ လွယ်မှတ်လို့ ။

အရပ် ထဲ က လူတွေ ပဲ ဖြစ်လို့ အဲဒီ နံနက်စောစော အလုပ် သွားသူတွေကို မျက်မှန်းတန်းမိနေပါတယ် ။ သူတို့ တစ်တွေ ဟာ တစ်ယောက် တည်း ရဲ့ လုပ်စာ နဲ့ တစ်မိသားစုလုံး ထိုင်စား နေနိုင်လောက်တာ မဟုတ်ပါဘူး ။ ခုအခါမှာ တစ်ယောက်တည်း ရဲ့ လုပ်စာ ကို တစ်မိသားစုလုံး စားလောက်တဲ့ အခြေအနေ လူအများစုကြီး မှာ မရှိပါဘူး ။ မိသားစုဝင်တွေ ဟာ အလုပ်ကလေး တစ်ခု လောက်တော့ ကြိုးစား လုပ်ကြရတာပါပဲ ။ ငါးဆယ် ရရ ၊ တစ်ရာ ရရ ။ ပိုရရင်လည်း ရသလောက်ပေါ့ ။

သူတို့ တစ်တွေ အိမ် ပြန်လာကြတဲ့ အချိန်ဟာ ညနေ ခြောက်နာရီ ၊ ခုနှစ်နာရီ ဝန်းကျင်ပါပဲ ။ နံနက် ခြောက်နာရီ ကနေ ညနေ ခြောက်နာရီ အထိ လှုပ်ရှားနေကြရတယ် ဆိုပါတော့ ။

သူတို့ ထက် လူနေမှု အဆင့် မြင့်ပါတယ်လို့ ပြောလို့ရတဲ့ သူတွေကော ။ မနက် ရှစ်နာရီ ကိုးနာရီ မှ အလုပ် သွားလို့ ဖြစ်နိုင်ပါတယ် ဆိုပေမယ့် အဲဒီ လူတွေ လည်း မနက် ခြောက်နာရီ လောက် မှာ စတင် လှုပ်ရှားကြရမှာပါပဲ ။ အညောင်းထိုင် အလုပ်လုပ်ရတဲ့ လူတွေဟာ အညောင်း မမိစေဖို့ မနက် စောစော ထပြီး လမ်းလျှောက်လေ့ ရှိပါတယ် ။ ကျန်းမာ မှ အလုပ် လုပ်နိုင်မှာလေ ။

အဲဒီ လူလတ်တန်းစား ကနေ တစ်ဆင့် တက် ကြည့်ရအောင် ။ စီးပွားရေး လုပ်ငန်းရှင်တွေ ဆိုပါတော့ ။ တချို့ က သာမန် စီးပွားရေး ၊ တချို့က ကြီးကျယ်တဲ့ စီးပွားရေး ။ စီးပွားရေးလုပ်ငန်း ဆိုတာနဲ့ တစ်ပြိုင်နက် တွဲပြီး ပါလာတဲ့ မယူ မနေရ ဘာသာရပ် ကတော့ “ သောက ” ပါပဲ ။ လုပ်ငန်း ကြီးတာနဲ့ အမျှ သောက ကြီး လာမှာပါပဲ ။ စိုးရိမ်သောက ကြီးတာ နဲ့ အမျှ စိတ်အနားရမှု နည်း သွားမှာပါပဲ ။

အဲဒီ စီးပွားရေး လုပ်ငန်းရှင်တွေ ကို အပြင်ပန်း က ကြည့်ရင် အားကျစရာကြီးပဲ ။ တိုက်ကြီး နဲ့ ။ ကား သုံးလေးစီး နဲ့ ။ ဆဲလ်ဖုန်း နဲ့ ။ ဝတ်ကောင်းစားလှတွေ နဲ့ ။

ဒါပေမယ့် ကျွန်တော့် မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ကို သေသေချာချာ လေ့လာကြည့်တော့ သူ့ မှာ အိပ်ချိန် တောင် မနားရရှာဘူး ။ အိပ်တာပဲ နားနေတာပေါ့လို့ ပြောနိုင်ပေမယ့် သူ့ အိပ်ရာ ဘေးမှာ အချိန်မရွေး ဆက်သွယ်လို့ ရတဲ့ တယ်လီဖုန်း ကို ထားထားရပါသတဲ့ ။ ညဉ့်နက်သန်းခေါင် စီးပွားရေး ကိစ္စ အရေးကြီး ရင် ကြီးသလို ဆက်သွယ်လို့ ရအောင်တဲ့ ။ ကဲ အိပ်တာတောင် ဖြောင့်ဖြောင့် မအိပ်ရရှာပါကလား ။

အဲဒီ မိတ်ဆွေ ဟာ သူ့ အိမ် ကနေ နံနက် ဆယ်နာရီ လောက် အလုပ်ခန်း ကို သွားတယ် ။ ညနေ ငါးနာရီ မှာ အိမ် ခဏ ပြန်တယ် ။ ည ခုနစ်နာရီ မှာ နောက်ထပ် လုပ်ငန်း တစ်ခု အတွက် ဆက် လှုပ်ရှားတယ် ။ ညဉ့်သန်းခေါင် တစ်နာရီ လောက် မှာ အိမ် ပြန်ရောက်တယ် ။ တနင်္ဂနွေ တစ်ရက် တော့ သူ နားတယ် ။ ဒါပေမယ့် အရေးကြီး ရင် ကြီးသလို အဲဒီ တနင်္ဂနွေနေ့ လည်း အလုပ် လုပ်ရသတဲ့ ။

“ ဘာဖြစ်လို့ ဒီလောက် အပင်ပန်းခံသလဲဗျာ ” လို့ ကျွန်တော် က ပြောတော့ “ ဒီ ရေစီး မှာ ပါမိပြီဗျာ ၊ ဘယ်သူမှ တိုက်တွန်းလို့ မဟုတ်ဘူး ။ ကိုယ့် ဘာသာ ကိုယ် ခုန်ဆင်းပြီး လိုက်လာခဲ့တာ ၊ ဒီ ရေစီးကြောင်း ထဲက ပြန် ထွက်ဖို့ မလွယ်တော့ဘူး ။ ထွက်ဖို့ ကြိုးစားတာ နဲ့ ကျွန်တော့် စည်းစိမ် ပြုတ်သွားနိုင်တယ် ။ မတတ်နိုင်တော့ဘူး ” လို့ သူ က ပြန်ပြောပါတယ် ။ ဘယ်လို အကျပ်အတည်းတွေ ရှိတယ် ဆိုတာတော့ မသိဘူး ။

ကျွန်တော် က သူများတွေ ကို လိုက် ကြည့်ပြီး ကိုယ့် ကိုယ် ကို လည်း ပြန် ဆင်ခြင်ကြည့်တယ် ။ ကျွန်တော့် မိသားစု ဟာ အလတ်စား ဝင်ငွေ ရှိတဲ့ မိသားစုပါ ။ ကျွန်တော့် မိသားစုဝင်တွေ လည်း မနက် ခုနစ်နာရီ လောက် က စတင် လှုပ်ရှားရတာ မိုးစုပ်စုပ် ချုပ်တဲ့ အထိပဲ ။

ကျွန်တော် ကိုယ်တိုင် က စာလေး ရေး ၊ စာလေး ဖတ် လုပ်နေတယ် ဆိုပေမယ့် ကျွန်တော့် အလုပ် က မျက်စိ နဲ့ နား ကို အမြဲ ဖွင့်ထားရတာ မဟုတ်လား ။ မနက် အိပ်ရာ ထ ၊ မျက်စိ နှစ်လုံး ပွင့် ကတည်းက မြင်သမျှ ကြားသမျှ လိုက်ကြည့် ၊ နားထောင် ၊ မှတ်သား ၊ တွေး ၊ ကောက်ချက်ချ ၊ မှတ်စရာ ရှိ မှတ် ၊ ဖတ်စရာ ရှိ ဖတ် ၊ စာရေးချင်ချင် ရှိရင် ရေး ၊ ရုပ်ရှင်ရိုက်ဖို့ အတွက် စဉ်းစား ။

ကျွန်တော့် အိမ်ရှင်မ က အိမ်ဆိုင်ကလေး ဖွင့်ထားတော့ သူ့ခမျာ လည်း အိမ်မှုကိစ္စ တစ်ဖက် ၊ ဈေးရောင်းရတာ တစ်ဖက် နဲ့ နားရတယ် မရှိရှာပါဘူး ။

လူ အားလုံး လိုလို ဟာ ဒီလိုပဲ ၊ မိုးလင်း က မိုးချုပ် အလုပ်တွေ လုပ်နေကြရတာပါပဲ ။ မလုပ်ချင် လို့ မရပါဘူး ။ အလုပ် တစ်ခုခု လုပ်မှ စားဝတ်နေရေး ကို အထောက်အကူ ပြုမှာ မဟုတ်လား ။

လူတွေ ဟာ ဘာကြောင့် အလုပ် လုပ်ကြသလဲ ။ အတိုဆုံး အဖြေ ကတော့ စားဝတ်နေရေး ပြေလည်ဖို့ပဲ ။ ဒါက သာမန် စဉ်းစားချက်ပေါ့ ။ စားဝတ်နေရေး ပြေလည်ရုံ နဲ့ ပြီးရောလား ။ ဒီတော့ မဟုတ်သေးဘူး ဆိုတဲ့ အဖြေ ရလာတယ် ။ ဒါဖြင့် ဘာတွေ ထပ် လိုသေးလဲ ။ ကောင်းကောင်း ဝတ်ချင်တယ် ၊ ကောင်းကောင်း စားချင်တယ် ၊ ကောင်းကောင်း နေချင်တယ် ။ အဲဒါ ပြည့်စုံပြန်တော့ ပိုပြီး ကြီးကျယ်တဲ့ အနေအထား ကို မှန်း ပြန်တယ် ။ ဒီလို မှန်းချက်တွေ နဲ့ လှုပ်ရှား နေလို့ ကတော့ ဆုံးနိုင်မှာ မဟုတ်ပါဘူး ။ မြန်မာပြည် က အချမ်းသာဆုံး ဆိုတဲ့ လူ ဟာ ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီးတွေ က  အငယ်စား လုပ်ငန်းရှင် အဆင့်လောက် ပဲ ရှိနိုင်လိမ့်မယ် ထင်ပါရဲ့ ။ ကမ္ဘာ နဲ့ တစ်ဝှမ်း လုပ်ငန်း ဖြန့်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေ ကော တကယ် ချမ်းသာကြရဲ့လားလို့ တွေးကြည့်မိတယ် ။ လိုချင်တပ်မက်မှုကြီးတွေ ၊ မာန်မာနတွေ ၊ အပြိုင်အဆိုင်တွေ နဲ့ ထွေးလုံး ရစ်ပတ် နေမှာပါပဲ ။ ငွေ ချမ်းသာ တိုင်း စိတ် ချမ်းသာမယ် လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး ။ အဲ ငွေကြေး ဆင်းရဲလွန်းရင် လည်း စိတ် မချမ်းသာနိုင်ပါဘူး ။

နောက်ဆုံး ကောက်ချက် ကို တွေးကြည့်တော့ “ လောဘ ” ဆိုတာကို တွေ့ရပါတယ် ။ လောဘ ဟာ အရောင် အမျိုးမျိုး ဆိုးထားလေ့ ရှိပါတယ် ။ “ ဒို့ က ပိုက်ဆံ ကို ဂရုစိုက်တာ မဟုတ်ဘူးကွ ” ဆိုတာလည်း မာန် တစ်မျိုး နဲ့ လောဘ ဖြစ်နေတာပါ ။

ကျွန်တော် စဉ်းစား မိ သလောက် ပြောရရင် ကိုယ် တတ်ကျွမ်းတဲ့ အလုပ် တစ်ခုကို သေသေသပ်သပ် ကျကျနန တာဝန်ကျေကျေ လုပ်နေရင် စားဝတ်နေရေး လည်း အဆင် ပြေတန် သလောက် ပြေမယ် ။ စိတ် လည်း သိပ် မညစ်ရဘူးပေါ့ ။ ကိုယ့် အလုပ် ကို ကိုယ် သပ်ရပ်ကျန ကောင်းမွန်စွာ လုပ်တာဟာ အခြား သူတွေ ကို တစ်နည်း အားဖြင့် ကျေးဇူးပြုရာ ရောက်ပါတယ် ။ စိတ် သောက လည်း နည်းပါတယ် ။ သောက နည်းရင် စိတ် အေးချမ်းပါတယ် ။ စိတ် အေးချမ်း ရင် လူ့ ဘ၀ ရဲ့ အနှစ်သာရ အဓိပ္ပာယ် အကြောင်း တွေးချင်လာပါလိမ့်မယ် ။ ကိုယ့် အကျိုး ကို နည်းနည်း ပဲ ကြည့်တဲ့ သူ ဟာ အများ အကျိုး ကို ဆောင်ရွက်ဖို့ ဝန်မလေးတော့ပါဘူး ။ လောကုတ္တရာတရား ရှာဖွေတဲ့ ပုဂ္ဂိုလ် အစစ်အမှန်တွေ ကတော့ ကိုယ်ကျိုး ကို လုံးဝ မငဲ့တော့ဘူးတဲ့ ။ လူ ဆိုတာ ကိုယ့် တစ်ယောက်တည်း အတွက် အသက်ရှင်နေတာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ် ။

✒️  မောင်ဝဏ္ဏ
  📖 ရွှေပြည်တန်ဂျာနယ်
        ၂၀၀၀

No comments:

Post a Comment