Sunday, June 8, 2025

စိုက်ရန် မလိုသည့် သွား


 

❝ စိုက်ရန် မလိုသည့် သွား ❞
        ( အဏ္ဏဝါစိုးမိုး )

သွားဆရာဝန် ဒေါက်တာ ဒေါ်မာလာခင် စိတ်လှုပ်ရှား နေသည် ။ ယနေ့ ဆေးခန်း ဖွင့်ချိန် မှာ အစ်ကိုကြီး လာမှာ ဖြစ်လို့ စိတ်လှုပ်ရှား နေခြင်း ဖြစ်သည် ။ အစ်ကိုကြီး ရဲ့ အံသွား တစ်ချောင်း နုတ်ထားသည့် နေရာ မှာ ပြန်စိုက်ဖို့ အတွက် ပုံချရန် အစ်ကိုကြီး ကို ဒီနေ့ ပြန် ချိန်းထားခြင်း ဖြစ်သည် ။

အစ်ကိုကြီး နှင့် ဒီနေ့ ပြောမည့် စကားတွေ ကို ရွေးချယ် စုဆောင်းထားပြီး ဖြစ်သည် ။ “ အစ်ကိုကြီး က မုဆိုးဖို ၊ ကျွန်မ က အပျိုကြီး ၊ အသက်တွေ ကြီးလာပြီ ဆိုတော့ ဆေးပေးမီးယူ အဖော် ဆိုတာ လိုတယ် ။ ကျောင်းကန်ဘုရား တောင် တစ်ယောက်တည်း သွားရတော့ အားငယ်လို့ တရား မရနိုင် ဖြစ်နေရတယ် ။ အရွယ်လေး ရှိတုန်း အစ်ကိုကြီး လို စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူကြီးလူကောင်း နဲ့ သာ ဆိုရင် ဘဝကြင်ဖော် အဖြစ် လက်တွဲနိုင်ပါတယ် ” စသည်ဖြင့် ပြောမည် ဟု စကားလုံး ရွေးထားသည် ။ ဒီလိုသာ ပြောလိုက်မည် ဆိုလျှင် သိက္ခာ ဆယ်ပြီး မိမိ ကို ကျိတ်ပိုး ပိုးနေသည့် အစ်ကိုကြီး ဝမ်းသာ သွားမှာ သေချာသည် ။

မိမိ ဆေးကျောင်းသူ ဘဝ က မိမိ ကို စိတ်ဝင်စားသူ ဆေးကျောင်းသား တစ်ယောက် ရှိခဲ့ဖူးသည် ။ ရုပ်ဆင်းရူပါ ခံ့ထည်မှု နည်းရသည့် အပြင် အသား က လည်း မည်းသေးသည် ။ သူ ၏ ရုပ်ရည် နှင့် အသားအရောင်ကြောင့် သူ့ ကိုယ် သူ လျှော့တွက်ပြီး အားငယ်နေဟန် တူသည် ။ မိမိ ကို ရည်းစားစာ လည်း မပေးရဲ ၊ ချစ်ရေး လည်း မဆိုဝံ့ ဖြစ်နေရှာသည် ။ နောက်ဆုံးနှစ် လက်တွေ့ သင်တန်းတွေ မှာ လက်ပွန်းတတီး လုပ်ကြရသည့် အခါ သူ့ အမူအရာ က ပိုပြီး သိသာလာသည် ။ မိမိ က သာ တုံ့ပြန်သည့် အမူအရာ ပြလိုက်မည် ဆိုလျှင် တစ်ခါတည်း အဆင်ပြေ သွားမည်ဖြစ်သည် ။

အဲဒီတုန်းက သူ ကလည်း သွားဆရာဝန် ဖြစ်လာမည့် သူ ဆိုသည့် အတွေး က ဝင် နေခဲ့သည် ။ အကယ်၍ သာ သူ သည် အထွေထွေကု ဆရာဝန်လောင်း ဆိုလျှင် မိမိ ဘက် က ရုပ်ရည် နည်း တာ ၊ အသားမည်း တာ ကို ကြည့် မနေတော့ဘဲ သူ ၏ အချစ် ကို လက်ခံလိုက်မည် ဖြစ်သည် ။ သွားဆရာဝန် ချင်း တူ လျှင် သူ့ ထက် သားနား ၊ ခံ့ညားသူများ ရနိုင်ဦးမလား ဆိုသည့် မျှော်လင့်ချက် ဖြင့် စောင့်ရင်း ဘွဲ့ရ ၊ အပျိုကြီး ဖြစ်ခဲ့ရသည် ။

ယောက်ျားတွေ ကည်း အတော် အ သည် ။ ပညာတတ် ၊ ဥစ္စာပေါ ၊ ရုပ်ချော အမျိုးသမီး ကို အထင်ကြီး ပြီး မချဉ်းကပ်ရဲ ၊ ချစ်ရေး မဆိုရဲ ဖြစ်ကြသည် ။ ဆယ်တန်း တောင် မအောင် တဲ့ လူပျို က ဘွဲ့ရသူ အပျို ကို ချစ်ရေး မဆိုရဲ ဖြစ်ကြသည် ။ ဘွဲ့ ရသည့် ကျောင်းဆရာ လူပျို က လည်း ဆရာဝန်မ အပျို ကို လက်လှမ်း မမီဘူး ထင်ပြီး အနား မကပ်ရဲ ဖြစ်နေသည် ။ သွားဆရာဝန်မ အနား တောင် မကပ်ရဲဘူး ဆိုတော့ အထွေထွေကု ဆရာဝန်မ ဆိုလျှင် အဝေးက တောင် လှမ်း မကြည့်ရဲ ဖြစ်နေတော့သည် ။ ဘယ်လို အတွေးအခေါ်တွေ အောက် နေကြမှန်း မသိပါဘူး ၊ သိက္ခာ ရှိပြီး ကျန်းမာ သန်စွမ်းတဲ့ ယောက်ျား ဆိုရင် ပြီးရော ။ အဲဒီလို ရတာကို ယူမယ် လို့ စိတ် ဆုံးဖြတ်ထားကြတဲ့ ခေတ်ပညာတတ် အမျိုးသမီးတွေ အပျိုကြီး ဖြစ်ကြရတာ အဲဒီလို ခေတ်မမီ တဲ့ အတွေးအခေါ်တွေ ကြောင့် ဖြစ်သည် ။

မိမိ အသက် လေးဆယ် ပြည့်ခါ နီးမှ အစ်ကိုကြီး နှင့် တွေ့ကြသည် ။ တွေ့ကြတာ က ဘာမှ မဆန်း ။ သွားဆရာဝန်မ နှင့် သွားရောဂါ ဝေဒနာသည် အဘိုးကြီး တို့ တွေ့ခြင်း သာ ဖြစ်သည် ။ အံသွား တစ်ချောင်း ကိုက်လို့ ဆိုပြီး ဆေးခန်း လာပြသည့် အစ်ကိုကြီး ဆီ က ပဲရစ်ရေမွှေး အကောင်းစား အနံ့ သင်းပျံ့ပျံ့လေး ကို ရှူရှိုက်မိသည့် အချိန် က စပြီး အစ်ကိုကြီး ကို စိတ်ဝင်စားသွားသည် ။ အတော် သပ်ရပ်သန့်ရှင်း သည့် လူကြီး ပဲ ဟု သတိထား မိသည် ။

ဤမျှ သန့်ရှင်းသပ်ရပ် ၍ ကျန်းမာရေး ကောင်းသူ သည် ဘာကြောင့် သွားကိုက်သွားနာ ဖြစ်ရသနည်း ဟု စိတ်ဝင်စား မိသည် ။ လူနာမှတ်တမ်း ( ဆေးစာအုပ် ) မှာ အမည် ၊ အသက် ( ၆ဝ ) ဟု ရေးသွင်းစဉ် သိပ်ပြီး အသက် မကြီး သေးဘူး ဆိုတာကို သိလိုက်သည် ။ အသားအရေ ကလည်း တင်းတင်းရင်းရင်း ရှိသေးသည် ။ ကျန်းမာရေး ကောင်းတာ သေချာသည် ။

ဆေးမှတ်တမ်း စာအုပ် မှာ လိုအပ်တာရော ၊ မလိုအပ်တာတွေပါ ရေးသွင်း မိသည် ။ အလုပ်အကိုင် သင်္ဘောသား ဆိုသည့် အတွက် ရင်ခုန် သွားသည် ။ ဒါကြောင့် အကောင်းစား ရေမွှေး သုံးနိုင်တာကိုး ဟု သိလိုက်သည် ။ ဆေးစာအုပ် မှာ မလိုအပ်ဘဲ ပါနေသည့် ( မယ်ရီရှယ်စတေးတပ် ) ဆိုသည့် နေရာမှာ ဖြည့်စွက်ရန် အိမ်ထောင် ရှိ/မရှိ မေးကြည့်သည် ။ ဇနီး ဆုံးပါးသွားတာ ငါးနှစ် ရှိပြီ ဖြစ်လို့ အိမ်ထောင် မရှိ ဟု သိရသည် ။ ဒါကို သိချင်လို့ မလိုအပ်တာတွေ ကို ဖြည့်စွက် နေခြင်း ဖြစ်သည် ။

နာသည် ကိုက်သည် ဆိုသည့် သွား ကို စစ်ဆေးရန် သွားရောဂါကု အထူး ထိုင်ခုံ မှာ ထိုင်ခိုင်း လိုက်သည် ။ ပါးစပ် ကို ဟခိုင်းပြီး သွားတွေ ကို စစ်ဆေးသည် ။ အသက် ခြောက်ဆယ် သာဆိုသည် ၊ သွားတွေ တစ်ချောင်း မှ မကျိုးသေးတာ တွေ့ ရသည် ။ ခံတွင်း သန့်ရှင်းရေး အထူး ဂရုစိုက်ဟန် တူသည် ။ နာသည် ကိုက်သည် ဆိုတဲ့ သွားမှာ ပိုးစားပြီး အခေါင်းပေါက်လေး ဖြစ်နေတာ တွေ့ ရသည် ။

“ အန်ကယ့် သွားတွေ အားလုံး ကောင်းပါတယ် ။ သွားတိုက်တဲ့ နည်းစနစ် မမှန်လို့ စားကြွင်းစားကျန်တွေ က အချဉ် ပေါက်ပြီး ပိုးစား သွားတယ် ။ ဆေးထည့် ပေးလိုက်မယ် ”

ဆေးထည့် ပေးလိုက်သည် ။ ဆားရေ ငုံခိုင်း လိုက်သည် ။ မသက်သာပါ က ပြန် လာရန် နှင့် လိုအပ်ပါက ပိုးစား နေသည့် နေရာ ကို ဖာပေးမည် ဟု ပြောလိုက်သည် ။ သွား ကို စစ်ဆေးစဉ် တစ်ဦး နှင့် တစ်ဦး မျက်နှာချင်း နီးကပ်လွန်း၍ ရင်ခုန် ခဲ့ရသေးသည် ။

သုံးရက်ခန့် ကြာသောအခါ သွား ကိုက်တာ မသက်သာဘူး ဆိုပြီး ပြန်ရောက်လာသည် ။ ကိုက် နေသည့် သွားကို သေသေချာချာ စစ်ဆေး ကြည့်သည် ။ ဝဲဘက် အထက် အံသွား ( နံပါတ် - ၇ ) က ပိုးစား ထားသည့် အပေါက် သည် အောက် ကို တောက်လျှောက် ပေါက်နေပြီ ဖြစ်လို့ ကိုက်နေတယ် ဆိုတာ အဖြေ ထွက်လာသည် ။ မကိုက်အောင် ၊ မနာအောင် လုပ်ရမည့် နည်း က ( ၂ ) နည်း သာ ရှိသည် ။ ကိုက် နေတဲ့ သွား ကို နုတ်ပစ် မလား ၊ အကြောသတ် မလား ဆိုသည့် နည်းတွေ ဖြစ်သည် ။

“ နုတ်ပစ်လိုက်တာ ကတော့ မြန်မယ် ၊ သွား က အခိုင်ကြီး ဆိုတော့ နှမြော စရာ ကောင်းတယ် ။ အသေးစား ခွဲစိတ်ပြီး အကြောသတ်တာ က ကြာမယ် ။ အကုန်အကျ များမယ် ။ စဉ်းစား ”

စဉ်းစားပါရစေဦး ဆိုပြီး ဘာမှ မလုပ်သေးဘဲ ဆေး ပဲ ထည့်သွားသည် ။ ဒီလိုဖြင့် ဆေးခန်း ကို မကြာခဏ လာပြနေသည့် အစ်ကိုကြီး နှင့် ရင်းနှီးမှု ပိုများလာခဲ့သည် ။ မိမိ ကို သူ က ဆရာမ လို့ ခေါ်တာ မပြောင်းလဲ သော်လည်း မိမိ က သူ့ ကို အန်ကယ် လို့ ခေါ်ရာ မှ မသိမသာ ပြောင်းပြီး အစ်ကိုကြီး လို့ ခေါ်နေပြီ ဖြစ်သည် ။ မကြာခဏ ဆေးခန်း လာ ပြနေသည့် အစ်ကိုကြီး ရဲ့ သွား ကို စစ်ဆေးရာ မှာ မျက်နှာချင်းနီးကပ်ခွင့် ရသည် ။ သူ့ အနံ့ ကိုယ့် အနံ့ တွေ ကို အပြန်အလှန် ရှူနိုင်ကြသည် ။ မိမိ ၏ ရင်ဘတ် နှင့် အစ်ကိုကြီး ရဲ့ နဖူးတို့ မတော်တဆ လိုလို တမင် လိုလို ထိခွင့် ရသည် ။

“ ဒါလောက်တောင် ဒုက္ခ ပေးနေတဲ့ သွား ကို နုတ်ပစ် လိုက်တာ ကောင်းမယ် ၊ စားလို့ ဝါးလို့ အဆင် ပြေအောင် စတီး နဲ့ ပြန် စိုက်ပေးမယ် ”

“ ဆရာမ သဘော ၊ ဟောဒီက ဆရာမကြီး ရဲ့ သဘောပါဗျာ ”

အဲဒီလို နှစ်ဦးနှစ်ဖက် သဘော တူညီချက် ရပြီး နုတ်ပစ် လိုက်သည် ။ ညှော် မခံရန် ၊ ပူလွန်း အေးလွန်းသော အစာရေစာ ကို မစားသောက်ရန် ၊ ဆားရေ ငုံရန် နှင့် သွေးမတိတ် ပါက ပြန်လာ ပြရန် မှာခဲ့သည် ။ နောက်နေ့တွေ မှာ အကြောင်း မရှိဘဲ ဆေးခန်း ကို လာပြီး အခြေအနေ ပြောပြသည် ။ ရင်းနှီးရာ မှ တစ်ဆင့် တက်ပြီး လက်ထပ်ခွင့် တောင်းမည့် အမူအရာ တွေ့ ရသည် ။ သူ က သာ တောင်းဆိုလာလျှင် မိမိ က လည်း သဘောတူ လိုက်တော့မည် ဖြစ်သည် ။ အသက်ကြီး သော် လည်း သူ က သင်္ဘောသားကြီး ဖြစ်နေ၍ မိမိ ဘက် က မရှုံး ဟု တွက်ထားသည် ။

ဟော ... ပြောရင်းဆိုရင်း ၊ တွေးရင်းတောရင်း အစ်ကိုကြီး လာပါပြီ ။ ဒီနေ့ အထူး ရှယ် ပြင်ဆင် ဝတ်စားလာသည် ။ ဖွင့်ဟ ပြောတော့မည့်နေ့ ဖြစ်နိုင်သည် ။ ပဲရစ်ရေမွှေးနံ့ က သင်းပျံ့လှိုင် နေသည် ။ ဘာမျှ မပြောမီ သူ ဘယ်တော့လောက် သင်္ဘော ပြန် တက်မလဲ မေးရမည် ။

“ သွားစိုက်တာ အသာထားဦး ၊ အစ်ကိုကြီး က ဘယ်တော့လောက် သင်္ဘော ပြန် လိုက်မလဲ ”

“ အစ်ကိုကြီး က သင်္ဘော မလိုက်တော့ဘူး ။ နား လိုက်တာ သုံးနှစ် ရှိပြီ ။ အခု ဝတ္ထုတွေ ၊ ဆောင်းပါးတွေ ရေးတယ် ။ စာရေးဆရာ လေ ။ ဘယ်လောက် ဂုဏ် ရှိလိုက်သလဲ ”

“ ဘာ ... စာရေးဆရာ ... ဟုတ်လား ”

“ ဟုတ်တယ်လေ ဆရာမ ရဲ့ ၊ စာရေးဆရာ ဆိုတာ သင်္ဘောသား ထက် ဂုဏ် ရှိတာပေါ့ ”

“ ကဲ ... ရှင့် သွား က ကိုက် လည်း မကိုက် နာ လည်း မနာတော့ဘူး ဆိုတော့ ပြန် စိုက်စရာလည်း မလိုပါဘူး ၊ စားလို့ ဝါးလို့ လည်း ရနေတာပဲ ၊ ဆေးခန်း ကို လည်း လာစရာ မလိုတော့ဘူး ၊ သွားတော့ ”

ဟွန်း ... သူ ပြန် ထွက် သွားတော့ ဆေးခန်းတံခါး ကို ပါ ပိတ်ပစ် လိုက်သည် ။ သင်္ဘောသား ဘဝ ကနေ စာရေးဆရာ ဖြစ်သွားတာ ကို ဂုဏ်ယူနေတာများ အံ့ပါရဲ့ ။

☐ အဏ္ဏဝါစိုးမိုး
📖ရွှေမြင်သာ ဂျာနယ်
     အတွဲ ( ၄ ) ၊ အမှတ် ( ၁၀ )
     ၉ ရက် ၊ ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

No comments:

Post a Comment