❝ ယမုန်ဦး ❞
( မင်းကျော် )
ရေပြင်အောက် မှ ဝဲကတော့ နှင့် အတူ ရေမျက်နှာပြင် သို့ တက်လာသော ရေပန်းကလေး များမှာ ချာချာလည်၍ ရေစီးတွင် မျောပါ သွား ကြတော့သည် ။ ဂယက်ကလေးများ က ကမ်းခြေ သောင်စပ် ဘေးသို့ ထိခတ်၍ လွင်လွင် မြည်သော တေး ကို သီကျူးပြီး ရေလယ် သို့ ပြန် သွားကြ၏ ။ သောင်ခုံသည် လရောင်ဝယ် ဖွေးဖွေး ဖြူနေ၏ ။ မြစ်ပြင်တွင် လရောင်က ရွှေလို ဝါဝါဝင်း၍ လက်နေသည် ။ လှိုင်းက လေးများက မောဟိုက်ပန်းလျလှသည် မို့ သောင်ခြေတွင် ပန်းဖြေလိုကြဟန် တူသည် ။ သူတို့ ၏ တေးသီချင်း တွင် ရင်တလှပ်လှပ် နှင့် ကြေကွဲလွမ်းဆွတ် နေဟန်လည်း ရှိသည် ။ ဆွတ်ပျံ့ဖွယ်သော သီချင်း တစ်ပုဒ်သည် သောင်ခြေဝယ် လွင့်ပါး နေသကဲ့သို့ ရှိ၏ ။ ဂယက် လှိုင်းများက ကြေကွဲ တသဖွယ်သော သီချင်း တစ်ပုဒ်ကို ဆိုနေကြ ပေလိမ့်မည် ။
လရောင်ပြက်ပြက်မှ ရေလှိုင်း ကလေးများ နှင့် အတူ အသည်းနှလုံး ကပါ လိုက်ပါနေရသည် မို့ မောပန်းလှချေသည် ။ သို့ပေမဲ့ ဒါကိုပင် မြတ်နိုးဖွယ်ရာ လို ခုံမင်မိ၏ ။
“ မ - ဖိုခေါ်သံ ... လူ့နှယ်တူဟန် - ဖေါ်ကွာသူ ဆွေးစေဖို့ ဖန် - သဲတဲ့ သဲငွေလျှံ - ဝဲတဲ့ ဝဲကာပျံ - အို ငါးကြင်း တွေဆန် - ငါးတန်တွေ သောင်ရေစီးမှာလှ - ကိုတံငါ လှေယဉ်စီးပါလို့ ပိုက်ကြီး ကို ရေချလာ ”
တေးသံ တစ်ခု ညင်းပျောင်း နူးညံ့နေသလို တယောသံ ကလည်း နွဲ့နောင်းသာယာ လှပပေသည် ။
ည ၏ အလှ နှင့် ဂီတသည် ပနံတင့်နေသည် ရေစီး က ဂီတသံ ကို တင်ဆောင်၍ အညင်အသာ မျောပါနေ၏ ။ ရွှေလရောင် ကပင်လျှင် ဆိတ်ငြိမ်နေလေသည် ။ တယောသံ ၏ လှိုင်း ထက်ဝယ် ဝိညာဉ် က လွင့်မျော သွားလေပြီ လား မဆိုနိုင် ၊ သီချင်းသံ နှင့် အတူ လိုက်ပါ သွားမိသည့် အခါမှာတော့ ဘဝ တစ်ခုလုံး ကို မေ့ပျောက် ထားခဲ့ရသည် ။
တစ်ဖက်ကမ်း သောင်ခုံ ပေါ်ရှိ တံငါတဲကလေးများ ဆီမှ မီးရောင်ယဲ့ယဲ့သည် လရောင် အောက်၌ မှေးမှိန်နေသည် ။ လရောင်အောက် တွင် တံငါလှေကလေး တစ်စင်း ပိုက်ရုပ် နေဟန်တူ၏ ။
“ အဘ ... ”
သီချင်းဆုံးသွားပြီး တယောကြိုးကလေး များ ပေါ်တွင် ထိုးတံ ကို ညင်ညင်သာ ရွေ့ရှားရင်း ၊ လက်သံစမ်း နေသော အဘိုးအို က ခေါင်း မော်၍ ကြည့်လိုက်သည် ။ သည်တော့မှ သီချင်းရှင် လွန်းမယ် က ပါ အသံ လာရာသို့ ခေါင်းမော် လိုက်မိ၏ ။အဘတို့ မြေးအဘိုး နှင့် ကိုခင်ဦး တို့ စတင် တွေ့ဆုံကြရသည် ။
“ ဘာပါလိမ့် မောင်ရင် ”
“ ကျွန်တော် ... ကျွန်တော် ... အဘကို စကား တစ်ခွန်းလောက် ပြောချင်လို့ ပါ ”
ကိုခင်ဦး နေနှင့် အဘိုးအို နှင့် စကား ပြောရမည်ကို ရွံ့ကြောက်နေဟန် တူ၏ ။ သူ ပြောမည့် စကား အတွက်လည်း အားနာမိဟန် တူသည် ။
“ ပြောပါ ... မောင်ရင် .... ပြောပါ .. ”
အဘိုးအို က ဖော်ရွေ လွန်းလှသည် မို့ အားတက်မိသည် ။ လွန်းမယ် က မူ ကိုခင်ဦး ကို တစ်လှည့် ၊ အဘ ကို တစ်လှည့် ကြောင်၍ ကြည့်နေသည် ။
“ ကျွန်တော် ... အဘ ဆီမှာ တယောထိုး သင်ချင်လို့ပါ ”
“ ဘာကွ - တယောထိုး .. ”
အဘ က မြစ်ပြင် ကို ကျော်၍ တွေဝေနေပြန်သည် ။ ကိုခင်ဦး ကမူ အဘ ၏ မျက်နှာရိပ် ၊ မျက်နှာကဲ ကို စူးစိုက်နေ၏ ။
“ ဟုတ်ပါတယ် ခင်ဗျာ ”
“ ဘာလုပ်ဖို့ ဒီပညာ သင်ချင်ရတာလဲကွာ ”
“ ကျွန်တော် ဒီပညာ ကို မြတ်နိုး လည်း မြတ်နိုး ၊ လေးစား လည်း လေးစားလို့ ပါ ”
“ အေး ... ဒီပညာ ကို ... မောင်ရင် မင်းတို့ လို လူငယ် ကလေးတွေ ဟာ ဒီလိုချည်းပါပဲ ။ တကယ် တော့ ဒီပညာ ဟာ အလကားပဲကွဲ့ ၊ မတတ်ချင်ပါနဲ့ ကွာ ၊ ဒီပညာ ဟာ လူတစ်ယောက် ကို ထမင်း ကျွေးနိုင်တဲ့ ပညာ လည်း မဟုတ် ”
“ မဟုတ်ပါဘူး အဘ ၊ ဒီပညာ ကို ကျွန်တော် ဝါသနာ လည်း ပါ ”
“ ဝါသနာ မပါနဲ့ မပါနဲ့ မောင်ရင် ၊ အလကား ပညာ ၊ စိတ်လေ - ဆင်းရဲ ဘာမှ အကျိုး မရှိနိုင် ပါဘူး ”
“ ဒါလည်း မဟုတ်သေးပါဘူး အဘရယ် ၊ ဒီပညာ ဟာ တန်ဖိုးရှိတဲ့ ပညာ တစ်ရပ်ပဲဟာ ”
“ ဘာတန်ဖိုး ရှိတာမို့လဲကွ ၊ ငါ က ဒီပညာ သင်လို့ တတ်လာခဲ့တာ မင်းတို့ အရွယ် ကတည်းကပါကွာ ၊ ဘာတန်ဖိုး မှ မရှိလို့ ခုလို တံငါဘဝ က မတက်ခဲ့တာပေါ့ ”
အဘ မျက်လုံး အစုံ ကမူ မြစ်ပြင် မှ တစ်ဖက်သို့ တိုင် တွေဝေ၍ အတွေး က ပါ ပျံ့လွင့် နေလေသည် ။
“ ခု ဒီလို မဟုတ်တော့ပါဘူး အဘ ”
“ တို့ တုန်းကလည်း ကိုယ့်ကိုယ် ကို ဒီလို ထင်ခဲ့တာပါပဲကွာ ၊ ဒီ ပညာ တတ်ရင် နေ့ချင်းညချင်း ကြီးပွားတော့မလို ထင်ခဲ့တာပါပဲ ။ ဒါပေမဲ့ ... တံငါ ဟာ တံငါ ပါပဲ မောင်ရင် ရဲ့ ၊ ဪ ... ဒါနဲ့ မောင်ရင် က ဘယ်ကပါလိမ့် ”
“ ကျွန်တော် မြို့ထဲကပါ အဘ ၊ လသာတာနဲ့ ဒီဘက် ရောက်လာတာပါ ”
“ အေးလေ - ငါ ကတော့ ဒီပညာ ကို သင်ပေးပါ ဆို သင်ပေးပါတယ် ၊ ဒါပေမဲ့ မင်းဒီပညာ နဲ့ အသက်မွေးဖို့ တော့ စိတ်မကူးလေနဲ့ ၊ အဲဒါပဲ ငါပြောချင်တယ် ။ ဒီပညာဟာ တန်ဖိုး ရှိထိုက် တဲ့ ပညာ တစ်ခု ဖြစ်ပေမဲ့ ဘယ်သူက မှ လေးလေးစားစား ပြုတဲ့ ပညာ မဟုတ်ဘူး ကွဲ့ ၊ ဒီပညာ ကို အောက်တန်းစား ပညာ ၊ သူတောင်းစား ပညာလို့ တောင် ထင်နေကြတာ ”
“ ခုတော့ ဒီလို မဟုတ်ကြတော့ပါဘူး အဘ ”
“ ဒီလို ပြောခဲ့ကြ တွေးခဲ့ကြတာပါကွာ ၊ အေး အေး - မောင်ရင် တတ်ချင်သပ ဆိုရင် ...နေ့လယ်နေ့ခင်း အဘ နေတဲ့ ဟိုဘက် တံငါတဲကလေး တွေ ဆီကို လာခဲ့ပေါ့ ”
သည်လိုနှင့် ကိုခင်ဦး မှာ အဘတို့ အသိုက်အဝန်းသို့ ရောက်ခဲ့ရလေသည် ။ တစ်နေ့နေ့ အဘတို့ ဆီမှာ သာ ကိုခင်ဦး ၏ အချိန်တို့ သည် ကုန်ဆုံးခဲ့ကြရ၏ ။
အဘ ကိုခင်ဦး ကို တယောထိုး သင်ပေးနေတိုင်း လွန်းမယ်ကလေး မှာ အနားမှ ငေးမော နေခဲ့ရလေသည် ။ ကိုခင်ဦး အဖို့ တော့လည်း အဘတို့ အသိုက်အဝန်း သို့ ရောက်လာခဲ့ရသည် ကိုပင် ကျေနပ်အားရ နေဟန်တူ၏ ။ နံနက်စာ စားပြီး လျှင်ပင် အဘတို့ တဲကလေး ဆီ သို့ လာခဲ့၏ ။ ညနေစောင်း အဘတို့ မြေးအဘိုး ပိုက်ချ မဆင်းခင် ပြန်ခဲ့သည် ။ သည်အခါကျတော့လည်း အဘတို့ မြေးအဘိုး ကြားဝယ် ကိုခင်ဦး သည် အဖော် တစ်ယောက် လို ဖြစ်လာခဲ့သည် ။
ဝမ်းအသာဆုံး က လွန်းမယ်ကလေး ပင် ဖြစ်တော့၏ ။
“ အမောင် ... ကနေ့ လွန်းမယ် တို့ နဲ့ ပိုက်ချ လိုက်ကြည့်ပါလားဟင် ”
လွန်းမယ် က ကိုခင်ဦး ကို အမောင် ဟု ခေါ်တတ်သည် ။ လွန်းမယ် က သူတို့ ဘဝ ကို သူ့ အမောင် အား သိစေချင်ဟန် တူ၏ ။
“ အို .. ဘယ်ဖြစ်ပါ့မလဲ - ငါ့မြေးနှယ် ... သူတို့ မြို့ပေါ်က လူတွေ ခုလို အဘတို့ တဲ လာတာပဲ လွန်လှပြီ ၊ ဂုဏ်နဲ့ သရေ နဲ့ ဟာ တံငါတဲ လာတယ်ဆို ... ”
“ မဟုတ်ပါဘူး အဘ ၊ ကျွန်တော့် မှာ ဒီလို ခွဲခြားမှုမျိုး မရှိပါဘူး .... ”
“ ဘယ်ဟုတ်မလဲ မောင်ရင် ရဲ့ ၊ အဘတို့ တံငါအလုပ် ဆိုတာ အလွန် အောက်တန်းကျတဲ့ အလုပ်တစ်ခု ၊ ဒီအလုပ် လုပ်တဲ့ လူတွေ ဆိုတာကိုလည်း အောက်တန်းကျတဲ့ လူတွေလို့ ယူဆထားတာ ”
“ ဒါမဖြစ်နိုင်ပါဘူး အဘရယ် ၊ အောက်တန်း ကျတယ် ၊ အထက်တန်း ကျတယ် ဆိုတာဟာ လည်း လူတွေက တမင် ခွဲခြမ်း ခွဲခြမ်း လုပ်ကြ တာပါ ၊ ကျွန်တော်ကတော့ ဒီစိတ်ထားမျိုး မထားချင်ဘူး ၊ အဘ .. ထားတာလည်း မကြိုက်ဘူး ”
“ မောင်ရင်လေး လို လူမျိုး က အရှားသားကွဲ့ ”
အဘ က သူ့စကား အဆုံးတွင် တဲအပြင် ၌ လှန်းထားသော ပိုက်ကြိုးတန်း ဆီ သို့ မှုန်ရီသော မျက်လုံးအစုံဖြင့် ငေးကြည့်နေ၏ ။ ဘဝ ကို ရင်နာလာသည် မို့ မျက်လုံးအစုံဝယ် မျက်ရည်စတို့ ဖြင့် ရစ်ဝိုင်းလာလေသည် ။
“ မဟုတ်ဘူး မောင်ရင်လေး ၊ အဘတို့ ဟာ ဘဝ ကုသိုလ်ပေး သိပ်ဆိုးပါတယ် ၊ ဒီသံသရာ မှာ ဒီဘဝမျိုး က လွတ်နိုင်မှာ မဟုတ်တော့ပါဘူး ၊ အဘ အနေနဲ့ မထူးတော့တာမို့ ဖြစ်ရာက ပျော်နိုင်ပေမဲ့ မြေးကလေး အတွက် ... ”
အဘ ၏ အ သံ မှာ တိမ်၍ တိမ်၍ သွားရာမှ ဆို့နစ် ပျောက်ကွယ်သွားလေ၏ ။ ဆိတ်ငြိမ်ခြင်း တွင် လွန်းမယ် ၏ ရှိုက်သံ က အမှတ်မထင် ပေါ်ထွက်လာသည် နှင့် ကိုခင်ဦး ၏ ရင်ဝယ် နင့်ခနဲ ခံစားလိုက်ရသည် ။
“ ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ အဘရယ် ... အဘ က မှ ဝမ်းနည်း နေရင် ... လွန်းမယ်ကလေး ပိုဆိုးတော့ မပေါ့ ၊ တစ်နေ့နေ့ကျ ဒီဘဝမျိုး က လွတ်ရမှာ ပေါ့ အဘရာ ၊ ကဲ ... လွ န်းမယ် ငိုမနေ နဲ့ တိတ်တိတ် ၊ အမောင် လည်း ပိုက်ချ လိုက်ခဲ့မယ်နော် ”
အဘကမူ တဲကလေး အပြင်သို့ ကန် ဖင့်နွဲ့စွာ ထွက်ခွာသွားလေသည် ။ သို့တိုင်လေး
လွန်းမယ် ၏ ရှိုက်သံ မှာ တဲကလေး တစ်ခုလုံး ကိုပင် ဆွဲ၍ ဆွဲ၍ ခါနေ သကဲ့သို့ ထွက်ပေါ်နေပြန်၏ ။
“ ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ”
ငါးယောင်ခေါက်သံသည် မြစ်ပြင် တစ်ခုလုံး ညံနေလေသည် ။
“ ဒါက ဘာလုပ်တာလဲဟင် လွန်းမယ် ... ”
ကိုခင်ဦး အဖို့ ထူးဆန်းသော အဖြစ် တစ်ရပ်ကို ကြုံတွေ့ နေရလေသည် ။ သံပုံး ကို တဒေါင်ဒေါင် ခေါက်သံနှင့် အတူ လှေကလေးများ မှာ မြစ်ပြင်ဝယ် လူးလာနေကြ၏ ။
“ ငါးယောင် ခေါက်တာလေ အမောင်ရဲ့ ”
“ ဘာ ငါးယောင် ခေါက်တာလဲ ”
“ ခုလို သံပုံးတီးတော့ ရေထဲက ငါးတွေ လန့်ဖျပ်ပြီး ယောင်ယမ်း ဟိုပြေး ဒီပြေး ပြေးအောင်လို့ပေါ့ ”
လွန်းမယ် က ငါးယောင် ခေါက်သည့် အဓိပ္ပာယ်ကို ရှင်းပြနေပြန်၏ ။
“ ငါးတွေ ပြေးတော့ လာပါဦးမလား ... လွန်းမယ် ရဲ့ ”
အဘ က ပိုက်ကြိုး ကို လှေဦး မှ နေ၍ ချနေသည် ။ လွန်းမယ် က လှေပဲ့ ကို ထိန်းပေး နေ၏ ။ ကိုခင်ဦး ကမူ လွန်းမယ် နှင့် မျက်နှာချင်းဆိုင် ထိုင်ရင်း ငါးယောင်ခေါက်သည့် အဓိပ္ပာယ် မေးနေလေသည် ။
“ အို ... ဒါမှ ငါးတွေ က ပိုက် ကို လာ တိုးတော့ မပေါ့ အမောင်ရဲ့ ... ”
“ ဪ ... ”
သည်တော့မှ လည်း ကိုခင်ဦး ၏ ဦးနှောက်တွင် ရှုပ်ထွေးနေသော အကြောင်းအရာ တစ်ခုမှာ ရှင်းလင်း သွားတော့သည် ။ သူ့ အတွေးဝယ် “ ဒေါင် ... ဒင်ငယ် သံစာစာနဲ့ တံငါလှေလှော်ဆင်း ” ဟူသော အဘ ၏ သီချင်း တစ်ပိုင်းတစ်စ က ဝင်လာခဲ့လေသည် ။
“ အမောင် မြို့ထဲ ဘယ်နားမှာ နေသလဲဟင် ”
လွန်းမယ် က ကိုခင်ဦး ကို ငေးစိုက်ကြည့်ရာ မှ မေးလိုက်သည် ။
“ အမောင် ကွက်သစ် ထဲမှာ နေတယ် ၊ လွန်းမယ် ရောက်ဖူးတယ် မဟုတ်လား ... ”
“ ခဏ - ခဏတော့ မရောက်ဖူးဘူး ၊ အဘ ခေါ် လို့ တစ်ခေါက် နှစ်ခေါက် ရောက်ဖူးတယ် ၊ အမောင် က ဘာလုပ် သလဲဟင် ... ”
“ အမောင် ဘာမှ မလုပ်ပါဘူး လွန်းမယ် ၊ အမောင် က အိမ်မှာ တစ်ယောက်တည်း အလကားပါပဲကွယ် ၊ အမောင် လည်း စိတ်ပျက်လွန်း လို့ အမောင့်မိဘတွေ ဆုံးပြီးကတည်းက ဆိုပါတော့ ”
“ ဒါဖြင့် - အမောင် လွန်းမယ်တို့ ဆီမှာ လာ နေပါလား ဟင် ... ”
လွန်းမယ်ကလေး ၏ မျက်နှာပြင် မှာ အားရ ရွှင်လန်းခြင်းဖြင့် ပဝင်း သွားလေသည် ။ ရုတ်ခြည်းပင် မျက်နှာပြင် တွင် စိတ်အား လျော့ဝမ်းနည်းသည့် အသွင်သို့ ပြောင်းသွားကာ -
“ မဖြစ်ပါဘူးလေ ... လွန်းမယ် တို့ က အဘ ပြောသလို ၊ အောက်တန်းစားတွေ .. ”
“ လွန်းမယ် - အမောင့်ကို နောက် ဒီစကားမျိုး မပြောရဘူး ၊ အမောင် လာနေမှာ စိုးလို့လား ... ”
လွန်းမယ် ၏ မျက်နှာကလေး မှာ အမှားကို ကျူးလွန် မိသလို ဝမ်းနည်းသည့် အသွင်သို့ ပြောင်းသွားပြန်သည် ။
“ မဟုတ်ပါဘူး အမောင်ရယ် ... ”
“ ဒါဖြင့် မပြောရဘူးနော် .. ဒါပဲ - အမောင့် ကို ဒါမျိုး မပြောရဘူး .. ”
သည်လို အခြေမျိုးတွေကပင် ကိုခင်ဦး နှင့် လွန်းမယ်ကလေး တို့ ရင်းနှီးသည့် ဘဝမျိုး သို့ တိုင်ခဲ့လေသည် ။ ကိုခင်ဦး အဖို့ မှာတော့လည်း တစ်ကောင်ကြွက် တစ်မျက်နှာ ၊ လွန်းမယ် အနေနှင့် အားကိုး အားထား ဆို၍ အဘ တစ်ယောက်သာ ရှိသည် ။ သူတို့ နှစ်ဦး အဖို့ တော့လည်း ဘဝတာဝယ် တွယ်တာ မြတ်နိုးစရာ ဟူ၍ အချင်းချင်း တုံ့ပြန်သည့် ခင်မင်မှုမျိုး အနေနှင့် ပို၍ မြတ်နိုးဖွယ်ရာ ကောင်းနေလေ သည် ။
ဤညနေမျိုး မှ ပင် မမျှော်လင့်သော အဖြစ်အပျက် တစ်ခုကို ရင်ဆိုင် လိုက်ကြရပြန်သည် ။
လွန်းမယ် ခမျာ ရှိုက်ရှိုက်ကာ ငိုရသည့် အခြေသို့ တိုင်ခဲ့၏ ။
မြစ်ပြင်ဝယ် လှိုင်းတွန့်ကလေးများက ပို၍လူးလွန့် နေကြသည် ။
တံငါတဲစုကလေး တစ်ခုလုံး အဖို့ စိတ်မကောင်းစရာမျိုး ဖြစ်သည် ။ ဤ အဖြစ်အပျက် ကို တောင်ဘက်ဆုံး တဲမှ ဖိုးထင် တို့ လှေကလေးက ဆောင်ယူလာခဲ့သည် ။
ရေလယ် မှ လူသေအလောင်း တစ်လောင်း ကို စိတ်ရင်းကောင်း ရှိသော ဖိုးထင် က လှေတွင် တင်၍ ယူလာခဲ့မိ၏ ။
“ ဘာဖြစ်တာလဲဟင် ... ဘာဖြစ်တာလဲ .... ”
“ အလောင်း တစ်လောင်းပါဗျာ ... မိန်းကလေး တစ်ယောက် အလောင်းပေါ့ ”
“ ဟယ် .. ကိုယ်ဝန်ကြီးနဲ့ ပါကော ... ”
“ ရုပ်ကလေး သနားကမားဟယ် ... ”
“ ဘယ်လိုဖြစ်တာပါလိမ့် .... ”
ဖိုးထင် ရေလယ် မှ တင်ယူခဲ့သော အလောင်းမှ ရိုက်ခတ်ခဲ့သော ဂယက် က တံငါ တဲစုကလေး တွင် ပျံ့နှံ့ခဲ့လေသည် ။ ဖိုးထင် က တော့ ကိုယ်ဝန် နှင့် ရေနစ်သေသော မိန်းကလေး တစ်ယောက်အလောင်း ကို သရဏဂုံတင်ရန် ရည်ရွယ်ပြီး တင်ယူလာခဲ့ခြင်း ကို ရိုးသားစွာ ပြောပြသည် ။ တဲစုကလေး မှ လူတွေ အနေနှင့် တော့ သေသူအတွက် ကရုဏာ သက်မိကြသည် ။ ယူကျုံးမရ တသသ ဖြစ်မိကြလေသည် ။ လူသားချင်း မေတ္တာတရားကား ကျယ်ပြန့် ကြီးမားလှဘိ တကား ။
ထိုည တစ်ညနေလုံး ပိုက်ချက အပြန် လွန်းမယ် သည် ရှည်လျားစွာ ငိုကြွေးလေတော့သည် ။ ရေလယ် မှ အလောင်း နှင့် ပက်သက်၍ အမောင် က ကြေကွဲဖွယ် အဖြစ်အပျက် ထင်ကြေး တစ်ခုကို ဝတ္ထုတစ်ပုဒ် သဖွယ် ပြောပြလေသည် ။ လွန်းမယ် အဖို့ မူ အဖြစ်အပျက် ထိတ်လန့်တုန်လှုပ်စရာဖြင့် ကြောက်၍ ငိုရာမှ တစ်ဆင့်တိုးကာ ကြေကွဲသနားဖွယ် အဖြစ် တစ်ခု ကို ကြားရသည် မို့ မျက်ရည် သွယ်တန်များသည် ရှည်လျားလာရတော့သည် ။
အမောင့် အနေနှင့် တော့ ကြားဖူးနားဝ ဖြစ်စဉ်မျိုးကို ယှဉ်၍ ပြောပြခြင်းမျှသာ ဖြစ်၏ ။
“ ဒါဟာ ဘာမှ မဟုတ်ဘူး အဘရဲ့ ၊ ဒီကလေးမကလေး ကို တစ်ယောက်ယောက် က ခြေတော်တင်လိုက်ကြတာထင်ပါရဲ့ ၊ ဒါမျိုး တွေဟာ ခဏခဏ ကြားနေရတာပဲ ၊ ကျွန်တော့် အထင်တော့ ဆင်းရဲတဲ့ တောသူမကလေး တစ်ယောက် ထင်တယ် ၊ အဲဒါ ပိုက်ဆံရှိ တဲ့ လူတို့ ၊ တခြား လူငယ်တွေက ကောင်မလေးကို ကျွန်တော့် နှမလေး ရှေ့ မရိုမသေစကား ပြောရဦးမယ် ၊ ကျောရရုံ ကျင့်ကြံလိုက် ရာက အစ ကလေးမကလေး ခမျာ အရှက်ကို အသက် နဲ့ ကာကွယ်လိုက်ဟန်တူ ပါတယ် ။ ဒီလိုပဲ အဘရယ် ၊ အထူးသဖြင့် မြို့ပေါ်မှာ ဒါမျိုး တွေ ခဏခဏ ကြုံရတာပဲ ။ တစ်လောက တောင် မြို့ပေါ်မှာ စက်သူဌေးအိမ် က ကောင်မလေး တစ်ယောက် စက်သူဌေး ယုတ်မာလို့ လည်ပင်း ကြိုးတပ်ပြီး သေသွားရရှာတယ် ... ”
ထိုအခါ၌ အဘ က အမောင် ပြောပြသော လူတွေ ကို ရွံ့ရှာ မုန်းတီးမိသည် ။ မျက်နှာ က ခက်ထရော်လာ၏ ။ အံ ကို ကြိတ်ထားသည် ။ တောက်တစ်ချက် ခေါက်လိုက်သေးသည် ။ လွန်းမယ်ကလေး က မိန်းမချင်း စာနာပြီး ကြေကွဲ ဝမ်းနည်းစွာ ငိုကြွေးမိတော့သည် ။
“ အဘ ကျွန်တော် ပြန်မယ် ”
သည်လို နှုတ်ဆက်လိုက်မှ လွန်းမယ် မှာ ပို၍ ငိုလေတော့သည် ။ ကြုံတွေ့ခဲ့ရသော အဖြစ်သည် လွန်းမယ့် ရင်ဝယ် ထိတ်လန့်တုန်လှုပ်စရာ ကြေကွဲ ရင်နာစရာတွေဖြင့် ရောပြွမ်း ခံစားရလေသည် ။ သည်တော့လည်း ဤညဝယ် အဘ တစ်ယောက် နှင့် တဲငယ်တွင် အိပ်ရမည် ကို ထိတ်လန့်ကြောက်ရွံ့လာသည် ။
“ ကနေ့ည အမောင် မပြန်ရဘူး ၊ မပြန်ရဘူး .. ”
လွန်းမယ် က ငိုရင်း ပြောနေသည် ။
“ ဟယ် - ဘယ်ဖြစ်မလဲ လုံမလေး ရဲ့ ။ သူ့ အိမ် သူ ပြန်ဦးမှ ပေါ့ ... ”
“ လွန်းမယ် ကြောက်တယ် အဘ ၊ လွန်းမယ် ကြောက်တယ် ... ”
အဆုံးကျတော့ အဘ မှာ အမောင့် အတွက် အားတုံ့အားနာ ဖြစ်မိလေတော့သည် ။ အမောင် ကမူ သူ့ အတွက် ကိစ္စ မရှိ ၊ အားနာစရာ မဟုတ်ပါ ဟု ပြောဆိုပြီး လွန်းမယ် ၏ ဆန္ဒ ကို ဖြည့်ရတော့သည် ။
ဒါက ဇာတ်လမ်း အစ ...
ညနေခင်း ၏ ဇာတ်လမ်းသည် တစ်ညလုံး ခြောက်လှန့် နေချေတော့၏ ။
လူကြီး ဖြစ်သည့် အဘ မှာ အလုပ်ခွင်တွင် ပင်ပန်းမောဟိုက်ခြင်းဖြင့် အိပ်မောကျနေသည့် အချိန်မှာ ပင် လွန်းမယ် ခမျာမှာ ညနေခင်း အဖြစ်၏ ခြောက်လှန့်မှု ကို ခံယူရတော့၏ ။
အမောင် မှာ လွန်းမယ် ကို တစ်ညလုံး ညီမငယ် တစ်ယောက်လို ပြုစုရသည် ။ သို့ပေမဲ့ ကိုခင်ဦး နှင့် လွန်းမယ် မှာ သွေးသားမှ မတော်စပ် သော ယောက်ျား နှင့် မိန်းမသား တစ်ယောက် ဖြစ်၏ ။ သဒ္ဓါသည် လွန်ခဲ့ကြလေသည် ။
အပြင်ဘက်၌ သောင်ခြေဦး ကို လှိုင်းတိုးသံများ ကြားဝယ် ဤ ညနေခင်းတွင် လွန်းမယ် ၏ ရှိုက်သံကလေးများ မှာ မောဟိုက်ပန်းလျစွာ ပျောက်ကွယ်သွားခြင်း သို့ တိုင်ခဲ့ရသည် ။
လှိုင်းကလေးတွေများ ဖြင့် မောပန်းကြသည် ကို မရှိပါပဲကလား ... ။
အမောင့် အဖို့ နောင်တတရားသည် နောင် မှ ရလာခဲ့သည် ။ မိုက်မှားမှု တစ်ရပ် ဟု စိုးရွံ့မိသည် ။ လွန်းမယ် အဖို့ တော့မူ ဘဝ ၏ မြတ်နိုးဖွယ်ရာလို မှတ်ထင် ယူဆထားသည် ။ အမောင်သည် လွန်းမယ် ဘဝ အတွက် မိုးကျနတ်သား လို ဖြစ်လာရသည် ။
လူ့ဘဝ အတွက် အတွေ့အကြုံ ဆိုသည် များကို စတင် ကြုံတွေ့ ခံစားရခြင်း ကိုပင် ဘဝ ၏ မြတ်နိုးစရာ အစိတ်အပိုင်း ဟု တွေးယူလာသည် ။ ကျင်လည်ရသော ဘဝမှာ လည်း အဘ မှ လွဲ၍ အထီးကျန်သည့် ဘဝမျိုး ၌ အမောင် သည် အားကိုး စရာဟု သိလာသည် ။ အမောင် က မူ ဝေးဝေးက ရှောင်တိမ်း ထွက်ပြေးချင်စိတ် ပေါက်လာမိသည် ။
သံယောဇဉ် ချည်မျှင်တင်းတင်းကြီး ရစ်နှောင်မိပေပြီ ။
သည်လို စခဲ့မိသော ဇာတ်လမ်း ၏ နောက်ကွယ်ဝယ် လွန်းမယ် က မသိခရီး ကို ခဏခဏ ။ရောက်ချင်စိတ် ပြင်းပြလှစွာ အမောင့် ကို လက်တွဲခေါ်ခဲ့မိလေတော့သည် ။
ရိုးသားလှစွာသော တံငါသည် အဘိုးကြီး ခမျာ ကား မသိရှာပေ ။ ညနေညနေ တယောကွက်များ နှင့် သီချင်းတက် ပေးပြီးတိုင်း အမောင် ပြန်သွားသည့် အခါ၌ လွန်းမယ် မျက်နှာပြင် ပေါ်ဝယ် မျှော်လင့်ချက်တို့ ဖြင့် ရွှင်လန်းအားရ နေရှာသည် များ ကိုလည်း အဘ သည် မည်သို့မျှ မရိပ်စားမိခဲ့ချေ ။
တစ်ည တစ်ညတွင် သောင်ခြေဦး မှ ရေလှိုင်းကလေး များကသာ သောင်ခုံ ပေါ်မှ လွန်းမယ်ကလေး နှင့် အမောင် တို့ ၏ ဇာတ်လမ်းကလေးကို ကြည့်မြင်ရသည့် အခါတိုင်း ရှက်စနိုး ဖြင့် ခေါင်းကလေးများ ငုံ့လျှိုးကာ ရေလယ် သို့ ခပ်သုတ်သုတ်ကလေး ထွက်ပြေးသွားကြလေသည် ။
သူတို့ တစ်တွေသာ အသိဆုံး ဖြစ်ခဲ့၏ ။
အမောင် မလာသည့် ညမျိုး၌ လှိုင်းကလေးတွေ က သောင်ခြေတွင် အထီးကျန်လာထိုင် နေတတ်သော လွန်းမယ်ကလေး ကို ရှက်စရာ ကောင်းလောက်အောင် ပြောင်လှောင် သရော် ကြပြန်သည် ။ လွန်းမယ် က လှိုင်းကလေး ကို ဖြင့် ရှက်လို လိမ့်မည်မဟုတ် ။
အမောင်တို့ နှစ်ဦး ၏ နှောင်ကြိုးသည် အခိုင်အမြဲ စွဲခဲ့လေပြီဖြစ်သည် ။ အမောင် က လွန်းမယ် ကို မြတ်နိုးယုယ သလို လွန်းမယ် က အမောင့် ကို တွယ်တာ အားထားမိသည် ဖြစ်၏ ။
ကြယ်ကလေးတွေ ပြိုးပြိုးပြက်ပြက် နေသည့်လှိုင်းကလေးတွေ က အမောင့် ရင်ခွင် တွင်းမှ တွတ်တီးတွတ်တာ ပြောနေသော လွန်းမယ်ကလေး ၏ စကားလုံးကလေးများ ကို တိတ်တိတ်ပုန်း နားထောင်နေကြလေသည် ။ အစတော့ - လှိုင်းကလေးတွေ စိတ် က လွန်းမယ် ပြောသမျှ စကားလုံးတွေနှင့် လွန်းမယ် အား လှောင်ပြောင်လိုက်မည် အားခဲထားသည် ။ နောက်တော့လည်း လွန်းမယ် သည် ရှိုက်၍ ငိုနေပါလား ဟု သိရသည့် အခါ၌ ရင်ကလေး များ ပင် လှိုက်လှိုက် ဖိုမိကြ လေတော့သည် ။ လှိုင်းကလေးတွေများ ငိုတတ်ကြလျှင်ဖြင့် ဤ အခါက လွန်းမယ် အဖြစ်ကလေးများ အတွက် လွန်းမယ် နှင့် အတူ ရော၍ ငိုမိကြမည် ဖြစ်လေသည် ။
“ တိတ်ပါတော့ - လွန်းမယ်ရယ် ... တိတ်ပါတော့ - အမောင် သွားတာဟာ အမြဲနေဖို့ မှ မဟုတ်တာ ... ”
အမောင် က နှစ်သိမ့် နေရှာသည့်တိုင် လွန်းမယ် က စကား တုံ့ပြန်ခြင်း မရှိဘဲ ငို ရှိုက်၍သာ နေလေသည် ။
“ အမောင် ဒီပညာနဲ့ ကျော်ကြား ကြီးပွားနိုင်တာကို အဘ သိစေချင်တယ် ။ အမောင့် သူငယ်ချင်းတွေ နဲ့ အတူ ရန်ကုန် မှာ ဒီပညာ နဲ့ ကြီးပွားအောင် လုပ်မယ် .... အမောင် ကြီးပွားတာနဲ့ လွန်းမယ် ကို လာခေါ်မှာ ပေါ့ကွယ် ... ဒါတွေ အဘ ကို အမောင် အသိ မပေးချင်ဘူး ။ ဘာလို့လဲဆို ... အဘ က ဒီပညာနဲ့ ကြီးပွားနိုင်တာကို မယုံဘူး ။ ပြောပြလို့ မဖြစ်နိုင်တာ ဆိုပြီး အမောင့် ကို ကန့်ကွက်လိမ့်မယ် ... ။ ကဲ ... ကဲ ... လွန်းမယ်ကလေးရယ် ... တိတ်တော့နော် ... တိတ်တော့ - အမောင့် ကို ချစ်တယ်ဆို ... ”
“ အမောင့် ဘယ်တော့ ပြန်လာမှာလဲ အ မောင်ရယ် .. ”
လွန်းမယ် ၏ အသံ က ရှိုက်သံဖြင့် ရောပြွမ်း နေလေသည် ။
“ အလွန်ဆုံး ကြာလှရင် တစ်နှစ်ပေါ့ကွယ် ... ၊ ဒီနောက်ကျ အမောင် ပြန် လာပြီး အဘ ကို ပြော ၊ ဟော - ဘာလို့ ငိုရပြန်တာလဲ ကလေးရယ် ၊ အမောင့် ကို မယုံဘူးလားဟင် ၊ အမောင် ပြောစကားကို နားမထောင်ချင်ဘူးလား ၊ ပြော ပြော - အမောင်တို့ ခုလို ဆင်းဆင်းရဲရဲ နဲ့ နေသွားကြမလား ၊ လွန်းမယ်လေး ရော ဒီဘဝ နဲ့ ရောင့်ရဲနေမလား ပြောလေ - ပြော ”
အမောင် က လွန်းမယ် ၏ မေးစေ့ကလေး ကို ဆွဲလှုပ်ရင်း အထပ်ထပ် မေးနေလေသည် ။
ဤ ညမျိုး ကိုတော့ လွန်းမယ် က ကုန်ဆုံး သွားစေလိုမည် မဟုတ်ပေ ။ ဤ ည၏ အဆုံး၌ လည်း အမောင် နှင့် လွန်းမယ် တို့ မှာ ကွေကွင်း ဝေးကွာခြင်း သို့ ရောက်ကြရပေရော့မည်ဖြစ်သည် ။
လွန်းမယ် ၏ မျက်ရည်တွေက ဧရာဝတီမြစ် တစ်ခုလုံးကို ပြည့်လျှံ၍ သာ သွားပေရော့မည် ။ အမောင် သည် တော့မူ လွန်းမယ် အပါးမှ ဝေး၍ ဝေး၍ သွားခဲ့လေပြီ ဖြစ်သည် ။
လွန်းမယ် က သောင်ခုံ ဝယ် ငိုရှိုက်ရင်း ကျန်ရစ်ခဲ့လေသည် ။ လှိုင်းကလေးများ က ချစ်ခြင်း ဒုက္ခ နှင့် စပ်လျဉ်းသော တေးသီချင်း ဆို နေကြလေသည် ထင်၏ ။
ချစ်၍ ငိုရလေပြီတကား ... ။
မြစ်ရေသည် အရှိန်ပြတ်တောင်းသည့် ကာလဟူ၍ မရှိ ၊ ယခုတော့လည်း လွန်းမယ် ၏ မျက်ရည်စများ မှာ မြစ်ရေပြင်လို အတောမသတ်တော့ပေ ။
အချိန်ကာလတွေ ရင့်ညောင်းလာခဲ့သည် နှ င့် အမျှ သောင်ခြေဦးဝယ် မျက်ရည်တွေ တွေ ကျရင်း အမောင့် ကို တမ်းတ နေခဲ့ရလေသည် ။ ဘဝ ၏ အတွေ့အကြုံ ဟူသမျှကို မျှော်မှန်း၍ ပင် မတွေးထင်တတ်လောက်အောင် ရိုးသားလှသော လွန်းမယ် မှာ လည်း ဘဝပေး ဒုက္ခ တစ်ခု ကို မသိမသာခံစား လာခဲ့ရသည် ။ ကလေးငယ် တစ်ယောက် လို အဘ ၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်း လာရသည် မို့ မိန်းကလေး တစ်ယောက် အနေနှင့် သိရမည့် အသိ မျိုးကိုပင် မသိခဲ့ချေ ။
အမှတ်မထင် ပြောင်းလွဲလာသော ခန္ဓာကိုယ်ကလေး က ထင်ထင်ရှားရှား ပြောင်းလွဲလာသော အခြေသို့ ရောက်မှ ပင် ၊ မြစ်ရေစပ်ဝယ် ချုံးချ ငိုရတော့သည့် ကာလမျိုးသို့ တိုင်ခဲ့ရလေ ။
ကိုယ့် ဘဝ ကိုယ် ရိပ်စား သိလာတော့မှ အဘနှင့် ပင် ရင်မဆိုင်ဝံ့တော့ပေ ။
“ လွန်းမယ် .... မြေးကလေး ... ဘာလို့ အိပ်ရာ ထဲမှ ချည်း နေနေရတာလဲ ကလေးရယ် ”
အဘ က မြေးငယ် အိပ်ရာဝယ် လဲလဲနေတတ်သည် ကို ကရုဏာ သက်မိလေသည် ။ လွန်းမယ် အဖို့ တော့ ဘာဆို ဘာကို မှ စကား တုံ့ပြန် မပြောနိုင်တော့ပေ ။ ကိုယ့်အခြေအနေ ကို ထိတ်လန့် ကြောက်ရွံ့လာခြင်းနှင့် ဝမ်းနည်း ကြေကွဲ ခြင်းတို့ ဖြင့် မျက်ရည်တို့ ဝိုင်းဝိုင်းလည် လာ ကာ အဆုံးကျတော့လည်း အဘ ရင်ခွင်သို့ တိုး ဝင် ရှိုက်ငိုလိုက် လေတော့သည် ။
“ ဟင် .. မြေးလေး - ဘာဖြစ်တာလဲဟင် ၊ အဘ ကို ပြောစမ်း ၊ အဘ ကို ပြောစမ်း ”
သည် အခါကျတော့ အဘ မှာ ပို၍ ထိတ်ထိတ်ပျာပျာ ဖြစ်သွား မိလေသည် ။
“ အဘ ... အ ... အမောင် - အမောင် - ဘယ်တော့ ပြန်လာမှာ လဲဟင် ... ”
လွန်းမယ် ၏ အသံ မှာ ရှိုက်သံနှင့် လုံးထွေးအက်ကွဲနေ၏ ။
“ ဒီကောင်ဒီကောင် ဘယ်တော့မှ ပြန်မလာတော့ဘူး သိရဲ့လား ၊ အဘစကား နားမထောင်ဘူး ၊ သူ က ဒီပညာ နဲ့ လူတစ်လုံး သူတစ်လုံး ဖြစ်မယ် ထင်လို့ အဘတောင် မပြောဘဲ ငါ့မြေး တင် ပြောပြီး မြို့ကြီး ကို သွားတဲ့ ကောင် ၊ ငတ်ပြီး သေရောပေါ့ကွယ် ”
အဘ မှာ လည်း ကိုခင်ဦး အတွက် စိတ်နာ နေဟန်တူ၏ ။ အဘ အနေ နှင့် အနုပညာ တစ်ရပ်ဖြင့် ကြီးပွားနိုင်သည့် အခြေမျိုးကို မယုံစားသည် မို့ ကိုခင်ဦး ရန်ကုန် သို့ ထွက်သွားခြင်း ကို လုံးဝ သဘောမတူခဲ့ချေ ။
သည်လို အဖြစ်မျိုးကို ကြိုတင်မြင်ထားသည် မို့ ကိုခင်ဦး က လည်း သူ၏ စွန့်စားမှုကို လွန်းမယ် မှ တစ်ဆင့် အဘ ကို ပြောစေ၍ ထွက်ခွာ သွားခြင်း ဖြစ်၏ ။ အကြောင်းစုံ ကို မြစ်ပြင်က လှိုင်းကလေး တွေ လောက်မှ မသိရှာသည့် အဘကတော့ သူ့ ရင်ထဲ ရှိသမျှ ကိုခင်ဦး နှင့် ပတ်သက်၍ ခံစားရသမျှတွေ ကို ပြောပြလိုက်မိသည် ။ သည် အခါမှ လွန်းမယ် ခမျာ ပို၍ ကြေကွဲရတော့သည် ။ ဝမ်းနည်းခြင်း သည် အသည်းနှလုံး ဝယ် ထပ်ဆင့် တိုးဝှေ့ပေါ်ပေါက် လာလေသည် ။
“ အို .. ဘာလို့ ငိုရပြန်တာလဲ မြေးလေး ရဲ့ သူ က တို့ ကို မခင်လို့ ထွက်သွားတာ ... ”
“ ဒါ .. ဒါဖြင့် အမောင် ပြန်မလာတော့ဘူးပေါ့အဘရယ် ”
“ ဘယ်လာတော့မလဲကွယ် ”
လွန်းမယ် ၏ ရှိုက်သံဝယ် ပြောလိုသည့် စကားလုံး များ သည် ဆို့နစ်ပျောက်ကွယ်ပြီး အဘ ရင်သို့ မျက်နှာ အပ်၍ အားရပါးရ ငိုလိုက်မိ တော့သည် ။
“ တိတ်ပါကွယ် .. တိတ်ပါ ငါ့ မြေးက မောင်ရင့် အပေါ် သိပ်သံယောဇဉ် ကြီးနေပြီ ထင်တယ် ”
လွန်းမယ် အနေနှင့် တော့လည်း သူ့ ဇာတ်လမ်းကို ထုတ်အန် ပြောပြလိုက်ချင်သည် ။ အသည်းနှလုံးဝယ် ချုပ်တည်း မျိုသိပ် ထားရသမျှ များ ကလည်း ပေါက်ကွဲလျှံထွက် လာကြပြီ ဖြစ်သည် ။ အဘ ကို ထိတ်လန့် ကြောက်ရွံ့ခြင်းဖြင့် ပြောပြလိုသမျှတို့ ကလည်း အသည်း မှာ လျှံထွက်လာကြပြီး မှ ရှိုက်သံဝယ် ဆို့နစ် ပျောက်ကွယ်သွားကြကုန်ပြန်၏ ။
မည်သို့ဖြစ်စေ ၊ တစ်နေ့သော အခါ၌ အဘ သိလာမည်ဖြစ်သော ဇာတ်လမ်း အနေနှင့် ဖြစ်ဖြစ် ၊ ရင်ဝယ်တာရှည် မျိုသိပ်ထားခြင်းဖြင့် ခံစားရသမျှက ပိုမို မြင့်မားလာမည့် အားငယ်ခြင်းမျိုးဖြင့် ဖြစ်ဖြစ် ၊ ဒီအဖြစ်ကို တော့ လွန်းမယ် တာရှည်မျိုသိပ်ထားနိုင်မည် မဟုတ်ပေ ။ သို့ကြောင့် လည်း ငိုရှိုက်သံများ နှင့် ကြေမွနေ သော အသည်းနှလုံး ကြားမှ လွန်းမယ် ၏ ဇာတ်လမ်းသည် ကြေကြေကွဲကွဲ ပေါ်ထွက်လာလေတော့သည် ။
အဘ က မြစ်ပြင် သို့ တွေ၍ ကြည့်နေသည် ။ အဘ မျက်နှာပြင်သည် တဖြည်းဖြည်း ခက်ထရော်၍ လာလေ၏ ။ မျက်လုံးမှုန်မှုန်မှေးမှေး ကပင် အားယူ တောက်ပလာသည် ထင်ရသည် ။ ခန္ဓာကိုယ် ချည့်နဲ့ နဲ့ ကလည်း တုန်ယင်လာ၏ ။ ချွေးသီး ချွေးပေါက်များ သည် ပင် နဖူးပြင် မှာ လိမ့်ဆင်းလာ ကြ၏ ။ နှုတ်ခမ်း ကိုလည်း တင်းတင်း ကိုက်ထားသည် ။
လွန်းမယ် ကမူ အဘ ကို အားရပါးရ ဖက်၍ သူ့ ဇာတ်ကြောင်း ကို ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောင်း ပြောပြနေ၏ ။
ဇာတ်လမ်း မှ မဆုံးသေး ။ ဇာတ်ကွက် အရည်လည် လာသည် နှင့် အဘ ၏ တုန်ယင်နေသော လက်ချောင်းများ က လွန်းမယ်ကလေး ၏ လည်ပင်းကို တင်းကျပ်စွာ ဖျစ်ညှစ်၍ -
“ တော် ”
အဘ ၏ အသံ သည် လွန်းမယ် ၏ ရှိုက်သံ ကိုပင် ဖြိုခွဲပစ်လိုက်သည် ထင်ရ၏ ။ လွန်းမယ် ၏ အသည်းနှလုံးသည် တုန်သွားပြီး ဖျတ်ခနဲ ကွဲကြေ လွင့်စဉ်သွားသလား မှတ်ရသည် ။
“ လက်စသတ်တော့ ဒင်းက ဒီလို ခွေးကျင့် ခွေးကြံ လုပ်သွားတာကိုး .. ဟင် - ခွေးမကလေး ခွေးမကလေး ... ”
အဘ ၏ အသံက ဒေါသသံ နှင့် ဆို့နစ်သွားပြန်သည် ။ လွန်းမယ် ကမူ လည် ပင်း အညှစ်ခံ ထားရ၍ မျက်လုံးကလေး ချာချာလည်ကာ ရှိုက်သံ အစ်အစ် ကြုံနေရလေသည် ။ သည်လို အဖြစ်ကို မြင်ရတော့လည်း အဘ ၏ လက်များမှာ တုန်တုန်ယင်ယင်နှင့် လွန်းမယ် ၏ လည်ပင်းမှ ဖြေလျော့ လာကြလေတော့သည် ။ သို့တိုင် အဘ ၏ ဒေါသ ကမူ ထန်ပြင်းနေသေး၏ ။
“ ခွေးမျိုး - ခွေးမျိုး ၊ သင်း ( ဒင်း ) ဒီကို ဘယ်တော့မှ လာမှာ မဟုတ်တော့ဘူး ။ ဟဲ့ ... အမိုက်မ - အမိုက်မ ၊ နင့်ကိုပဲ ငါသ,တ်ချင်တယ် သိလား ၊ သိလား ... ”
လွန်းမယ် က အမောင် ပြောစကား တွေ ကို အားရသဖွယ် စွက်ဖက် ပြောပြချင်၏ ။ လွန်းမယ် စကားလုံးတွေ မှာ လည်း အဘ ၏ ဒေါသ ကြားဝယ် ပျောက်ကွယ် လွင့်သွားကြရရှာသည် ။
အဘ က တောက် ကို ပြင်းပြင်း ခေါက်ပြီး လွန်းမယ် ကို ကျောခိုင်း၍ ရပ်လိုက်သည် ။ တဲ ထရံတွင် ထိုးထားသော ဓားရှည် ကို ဆွဲလိုက်ပြန်သည် ။ အဘ ၏ မျက်နှာပြင်မှာ ဒေါသဖြင့် ဖုံး လွှမ်းနေ၍ အသိ ကင်းမဲ့နေပုံ ပေါ်နေ၏ ။
“ ခုတ်ပါ - အဘရယ် .. ခုတ်ပါ ၊ လွန်းမယ် ကို သ,တ်လိုက်ပါ .. ”
လွန်းမယ် က အဘ ရှေ့သို့ ပြေးလာပြီး ခေါင်း ကို ညွှတ်ပေးလိုက်သည် ။ သည်အခါကျတော့မှ အဘ ရင်ထဲမှာ နင့်ခနဲ ခံစား လိုက်ရသည် ။ အသည်းနှလုံး က ကြေကွဲသွားသည် မှတ်ရ၏ ။ အသည်း က ကြေကွဲသွားလေတော့ ဒေါသ တရားတို့ ကလည်း လွင့်စဉ်သွားကြပြန်သည် ဆိုရမည် ။ အဘ ၏ မှုန်ဝေနေ သော မျက်လုံးအစုံ မှ မျက်ရည်စ တို့ သွယ်ဆင်း ကျလာကြလေသည် ။
“ သ,တ် - သ,တ်ပါ အဘရယ် .. သ,တ်ပါ .. လွန်း - လွန်းမယ် - မိုက်တာပါ ... ”
လွန်းမယ် က အဘ ၏ ခြေအစုံ ကို ဖက်၍ ခြေရင်းတွင် ဝပ်စင်းလိုက်သည် ။ အဘ ကား ဘာမှ ပြန် မပြောနိုင်တော့ပေ ။
တကယ်တော့လည်း မိဘမဲ့ကလေး မြေးငယ် ကို အဘ ရက်စက်ရက်မည် မဟုတ်ပေ ။ မြေး အပေါ်တွင် ကရုဏာ နှင့် မေတ္တာ က ဒေါသ ကို နိုင်စိုးလိုက်ကြ၏ ။
မည်သို့ဖြစ်စေ ၊ လွန်းမယ် အဖို့ တော့ လည်း အဘ ပြောသော စကားတွေ ကို နားလည်လိုက်မိ၏ ။ သည် အခါမျိုး၌ အမောင် နှင့် လွန်ကျူးခဲ့ ရသည့် ည တစ်ညနေမှ အဖြစ် အပျက်က လွန်းမယ် အား ခြောက်လှန့် လာပြန်သည် ။
ရင်တွင်းဝယ် ခံစားရသမျှတွေ က ပင်လယ်ပြင် မှ မုန်တိုင်း လို ထန်ပြင်း၍ လှိုင်းတံပိုးတွေ လို လှုပ်ရှားနေကြသည် ။ ရင်ဝယ် ပို၍ ပို၍ နာ လာ၏ ။ အမောင့် အပေါ်ကိုပင် စိတ်နာလာသည် ။ အမောင် ပြောသမျှ စကားတွေ ကလည်း လွန်းမယ် အသိမှ လွင့်စဉ် ပပျောက် သွားကြကုန်သည် ။
မည်သူ တစ်ဦး တစ်ယောက် ကကော ဇာတ်လမ်း တစ်ခုခု ၏ အဖြစ်မှန် ကို ထင်ကြေး ထက် ပို၍ သိနိုင်ကြမည် မဟုတ်သော အဖြစ်မျိုး ဆိုတာတွေကလည်း ဤ လောကဝယ် ပေါများ လှပါဘိ ။
တကယ်တော့လည်း ထိုည ဝယ် ဧရာမြစ်ပြင်၌ လှိုင်းတံပိုးသည် ထန်ပြင်းခဲ့ရပါပကော ။ ဂယက်တွေ က စိုးရွံ့ထိတ်လန့်စွာ ကမ်းခြေသို့ ပြေးလာကြရပြီး လှိုင်းကလေးများ ၏ အသည်းနှလုံး ပင် ရင်နာစရာ ကောင်းလှသော အဖြစ်အပျက်ကြောင့် အမြွှာမြွှာ ကွဲကြေ သွားကြရလေသည် ။
မြစ်ကြောင်း ၏ အောက်ဆိပ်ကမ်း တစ်ခုခု တွင် ကြေကွဲစရာ ကောင်းလှသော ဇာတ်လမ်း ကလေး တစ်ခုခု ကို တွေးထင်ကြပြန်လေပြီ ။
လွန်းမယ် ကို အမောင် ပြောပြသော ဇာတ်လမ်းမှာ တကယ်တော့လည်း လွန်းမယ် ၏ ဇာတ်လမ်းပင် ဖြစ်ပေလိမ့် မည် ကို ဟိုစဉ်အခါက မည်သူမျှ မသိခဲ့ကြပေ ။
မြစ်ပြင် မှ ဂယက်သည် အပြင်းအထန် လှုပ်ရှားရာမှ ငြိမ်ဆိမ်သွားပြန်သည် ဆိုရမည် ။
ချစ်ခြင်း မေတ္တာသည် ဘဝ ၏ အဆုံးသို့ပင် တွန်းပို့ နိုင်စွမ်းပါကလား ဟု လှိုင်းကလေးတွေ သိလိုက်ကြလေမလား မဆိုနိုင် ။ သို့အတွက် လည်း သူတို့ ၌ အသည်းနှလုံး မရှိခြင်း ကိုပင် သူတို့ တစ်တွေ ကျေနပ်ကောင်း ကျေနပ်ကြပေမည်ဖြစ်၏ ။
အဘ ကား ထရံ မှ ဓား ကို ဆုပ်ကိုင်ရင်း မျက်ရည် တွေတွေကျကာ ဘဝ ဝယ်ထီးထီးကျန်ရစ်ခဲ့ရလေတော့သည် ။
လရောင် သည် ပဝင်းနေ၏ ။ မြစ်ပြင်ဝယ် တစ်ရံခါက တေးသံ သည် အိပ်မက်လို ပျောက်ကွယ်သွားပေပြီ ထင်၏ ။
အဘ က အပြင်ပ မှ လရောင် ကိုပင် ရှောင်ပုန်းကာ တဲ အတွင်း၌ လဲလျောင်းနေသည် ။
သည် အခါမျိုးမှ ပင် လွန်းမယ် ၏ အမောင် က ပေါ်ပေါက် လာခဲ့ပြန်တော့၏ ။ အမောင့် မျက်နှာမှာ ရွှင်ပျနေသည် ။ မျှော်လင့်အားထားခြင်းဖြင့် ပြည့်လျှမ်းနေပုံက ရွှေလမင်း ထက် ပင် သာပေဦးမည်ဖြစ်၏ ။ အကယ်တော့လည်း သူ့ ဘဝဝယ် ရည်မှန်း မျှော်လင့်ခဲ့သမျှတွေ ပြည့်စုံအောင်မြင်ခဲ့ရသည့် ယခုလို အခြေမျိုး၌ ရွှေလမင်း ထက် ပင် ဝမ်းပန်းတသာ ရှိပေမည် ဖြစ်၏ ။
တဲဝ မှ ခြေသံကြောင့် အဘ က အိပ်ရာ မှ ခေါင်းထောင် ကြည့်လိုက်သည် ။ တဲဝ မှ အမောင်သည် အဘ ၏ မျက်လုံးဝယ် မသဲမကွဲ ဖြစ်နေသည် မို့ အဘ က မျက်လုံးမှုန်မှုန်ကို ပွတ်သပ်ကြည့်လိုက်သည် ။ သို့တိုင် အဘ က တဲဝ မှ လူ ကို မသဲကွဲ နိုင်သေးသည် ဖြစ်၍ အမောင့် နားသို့ အဘ လာခဲ့သည် ။
အနား ရောက်တော့လည်း အဘ ၏ အင်အားလျော့၍ ချဉ်နဲ့ နေသော အဘ၏ လက်ဝါး သည် အရှိန်ပြင်းလှစွာ အမောင် ၏ ပါးပြင်ပေါ်သို့ ကျသွားလေသည် ။ အမောင် သည် တုန်လှုပ် ထိတ်လန့်သွား၏ ။ အမောင့် ရင် ထဲတွင် လှပ်ခနဲခံစား လိုက်ရသည် ။
“ ခွေး ”
အဘ ၏ တစ်လုံးတည်းသော စကားသံ မှာ ကမ္ဘာမြေ တစ်ခုလုံး ကိုပင် ဖြိုခွဲပစ်လိုက်သည် မှတ်ထင်ရ၏ ။ လျင်မြန်ခြင်း သည် ဖော်ပြ မစွမ်းနိုင်ပေ ။ အဘ ၏ အိုမင်းရင့်ရော် နေသော အရွယ် နှင့် အဘ ၏ လျင်မြန်ခြင်းမှာ လည်း နှိုင်းစာ မဖြစ်နိုင်လောက်အောင် ကြုံရသည် ။ အဘ က တဲထရံ မှ ဓားကို ဆွဲလိုက်သည် ။
သည်အခါကျတော့မှ လည်း ကိုခင်ဦး ဦးနှောက်တွင် အသိတစ်ခု က ကိန်းဝင်လာ သည် မို့ ကိုခင်ဦး က နောက်သို့ ဆုတ်ရင်း ...
“ အဘ ... အဘ ... ကျွန်တော် ... ကျွန်တော် .. ပြောပါရစေဦး အဘရယ် .. ”
အဘ က မူ ဘာမှ ပြန်မပြောဘဲ ကိုခင်ဦး ဆီ သို့သာ တိုးလာနေ၏ ။ အဘ ၏ မျက်လုံးမှုန်မှုန် တွေ က လရောင် အောက် မှ လက်တွင် ကိုင်ထားသော ဓား လို လက်ပနေသည် ထင်လိုက်ရ၏ ။
တဖြည်းဖြည်း နှင့် ကိုခင်ဦး မှာ ကမ်းစပ်သို့ ရောက်လာခဲ့သည် ။ အဘ က ရှေ့သို့တိုးလာ၏ ။
“ အဘ .... ကျွန်တော် ... ”
စင်စစ်တော့လည်း ကိုခင်ဦး ပြောလိုသမျှ စကားတို့သည် မည်သည့် အခါမှ ဆုံးနိုင်လိမ့်မည်တော့ မဟုတ်ပေ ။ သို့စေကာမူ ကိုခင်ဦး ထပ်၍ စကား ပြောနိုင်မည် မဟုတ်သည် ကလည်း သေချာလှ၏ ။
အဘ လက်မှ ဓား က လရောင် အောက်တွင် ဝင်းလက်သွားသည့် အရောင် မှာ ကမ္ဘာမြေ တစ်ခုလုံး မီးတောက်သွားသည် ဟု မှတ်ထင် လိုက်ရခြင်း မှာ အမောင် ၏ နောက်ဆုံး အသိသာ ဖြစ်လေသည် ။
လှိုင်းဂယက်ကလေးများ သည် ထိတ်လန့်တုန်လှုပ်စွာ ကမ်းခြေသို့ ပြေးလာကြပြီး ၊ အမြွှာမြွှာ ကြေကွဲသွားပြန်၏ ။ လရောင်သည် အမှောင်ဖြင့် ပိန်းပိတ် သွားပြန်လေပြီ တကား ။ ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။
ဧရာဝတီမြစ်ပြင် မှ ရေလှိုင်းကလေးများ က ဤဇာတ်ကြောင်း ကို မြစ်ပြင်သို့ စုန်ဆင်းရင်း တဖိုလှိုက်လှိုက် တရှိုက်ငင်ငင် ပြောကြပေလိမ့်မည် ။ အဆုံးကျတော့ ပင်လယ်ပြင်ကြီး က လှိုင်းတွေပင် ဤဇာတ်လမ်း ကို သိလာကြသည့် အခါ၌ ပြင်းထန်စွာ တုန်လှုပ်မိလေတော့သည် ။
တစ်ရံသော အခါက တေးသံသည် ယခု အခါ၌ ဧရာဝတီ မြစ်ပြင် ၏ တစ်နေရာဝယ် ဆိတ်သုဉ်းခဲ့သည် မှာ အတန်ငယ်ပင် ကြာခဲ့လေပြီ ။
ဤ တေးသံကို ကြားဖူးသော ရေလှိုင်းကလေးများ သာ မြစ်ပြင်သို့ စုန်ဆင်း မျောပါနေကြလေသည် ဖြစ်၏ ။
မြစ်ပြင် သည် ရင်လို ဖိုလှိုက် နေလေတော့သတည်း ။
▢ မင်းကျော်
📖 ရှုမဝ မဂ္ဂဇင်း
ဧပြီလ ၊ ၁၉၅၅ ခုနှစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင်လ ၊ ၂ဝဝ၄ ခုနှစ်
No comments:
Post a Comment