Tuesday, June 10, 2025

ခြံခုန် ကောင်းသူ


 ❝ ခြံခုန် ကောင်းသူ ❞  

    ( မောင်စည်သူ )


မယ်ဖား ဆိုသော နာမည် ကား မြစ်ဝကျွန်းပေါ် နယ်ပိုင်ဝန်ထောက် ရုံးစိုက်ရာ ကျိုက်လတ်မြို့ အပိုင် ရှိ ၊ သမဲ့ပြေ ၊ ချောင်းအဖျား ၊ ဆားဘိုကသပေါင်း ၊ စစ်ကွင်း ၊ တင်းကုပ်ကြီး စသော နယ်တစ်ရိုး တွင် အတော်ကလေး အကျော်ဇေယျ ဖြစ်ခဲ့လေသည် ။ ယင်းကဲ့သို့ သာမန် မိန်းမသား မျှ ဖြစ်သော မယ်ဖား ၏ နာမည်သည် ထို ကျေးရွာများ ၌ ပေါ်လွင် ကျော်ကြားခဲ့သည် မှာ အတော် ထူးပေဆန်းပေသည် ဟု ပင် ပြောဆို နိုင်လောက်ပါ၏ ။


အဘယ်ကြောင့် ဆိုသော် ဗြိတိသျှ အစိုးရများ အုပ်ချုပ်စဉ် အခါက အုပ်ချုပ်ဘက် မှာ သော် လည်းကောင်း ၊ အထူးသဖြင့် ပုလိပ်အဖွဲ့ မှာ သော် လည်းကောင်း ဝင်ရောက် ထမ်းရွက်ခဲ့ဖူးသော မင်းမှုထမ်းကြီး ၊ မင်းမှုထမ်းငယ် မှန်သမျှတို့ သည် လူဆိုး စာရင်းပြ မြေပုံ ကို ကြည့်ဖူးမည် ဆိုလျှင် ထို နယ်ဒေသ တစ်ဝိုက် အား ကြက်ခြေ မင်နီများ ဖြင့် ထင်ထင်ရှားရှား မှတ်သားထားသည် ကို တွေ့ရမည် အမှန် ဖြစ်ရာ အဘယ်မျှ လူစွမ်းကောင်းများ ပေါ်ထွက်ရာ အရပ် ဖြစ်ဘိသနည်း ဆိုသော အချက် မှာ အထူးပင် ပြောဖွယ်ရာ ရှိတော့မည် မဟုတ်ပေ ။


အမှန်လည်း ထို သမဲ့ပြေ ချောင်းရိုး မှာ လူစွမ်းကောင်း ထွက်လေသည် ။ ကျိုက်လတ် နယ်၌ ရာဇဝင် တွင် ခဲ့သော ဆိုးခဲ့သော ဓားပြ လူသ,တ်သမား နှင့် လူမိုက်မှန်သမျှ ၎င်း ချောင်း မှ ထွက်ခဲ့လေ သဖြင့် ၎င်း နယ် ဘက်သို့ ပြောင်းရွှေ့လာသော နယ် အုပ်ချုပ်ရေး မှန်သမျှ ရောက်ရောက်ချင်း ပထမဦးဆုံး ထို ရွာများ သို့ သင်္ဘောငယ်ကလေး ဖြင့် သွား၍ ထို ရွာ မှ သူကြီး ၊ ဆယ်အိမ် ခေါင်း စသည် တို့ နှင့် သူခိုး ၊ ဓားပြ ကာကွယ်ရေး အစီအမံများ ခန့်ခွဲရလေသည် ။


အဘယ်ကြောင့် ထို ချောင်းရိုး မှာ မြေကြမ်းရပါသနည်း ဆိုသော အချက်ကို စိစစ်လျှင် လည်း တကယ်ပင် စိတ်ဝင်စားစရာ ကောင်းသည် ကို တွေ့ရမည် ဖြစ်လေသည် ။


ဟုတ်ပါသည် ။ တကယ်ပင် စိတ်ဝင်စားစရာ ဖြစ်ပါသည် ။ အင်္ဂလိပ်မင်းများ ရှိစဉ် က မြစ်ဝကျွန်းပေါ် နိုင်ငံရေး မှတ်တမ်း စာအုပ် တွင် ဗိုလ်သာဒင် ဟူသော နာမည် သည် အထင်အရှား ဖော်ပြထားခြင်း ခံရပေသည် ။ သူ ကား သိုးဆောင်းနွယ်ဝင် အင်္ဂလိပ် အရှင်သခင်များ ၏ အမြင်တွင် လူဆိုး ဗိုလ်ကြီး တစ်ယောက် ဖြစ်သော်ငြားလည်း သာကီနွယ်ဝင် မြန်မာများ အဖို့ ကား မျိုးချစ် သူပုန်ကြီး သို့မဟုတ် တော်လှန်ရေး သမားကြီး တစ်ယောက် အစစ်အမှန် ဖြစ်လေသည် ။ သူ သည် ဓား ကို ဆွဲ၍ ရတတ်သမျှသော နောက်လိုက် အင်အား နှင့် ကျူးကျော်သူ နယ်ချဲ့ အင်္ဂလိပ် အစိုးရအား အန်တု လိုက်လေသည် ။ သီပေါအရှင် ပါသွားပြီ ဖြစ်သော်လည်း ငါတို့ အညံ့ မခံသေး ၊ ငါတို့ ကား စာမရီသွေး ဟူသော ကြွေးကြော်သံ ကို အော်လိုက်သည် ။ သူ ၏ အကြောင်း ကို -


“ ကု,လား တက်တုန်းက ပေါ့ကွာ ။ သွေးပျက်ရချည့်လား အောက်မေ့ရတယ် ။ သမဲ့ပြေ ထဲ က ဗိုလ်သာဒင် တို့ လင်မယား ထ လာပြီး သ,တ်လိုက်တာ ကြေးတန်းကြီး လို့ ဟိုတုန်းက ခေါ်သည် ။ အခု အခေါ် တော့ သူကြီး ပေါ့ ။ အဲဒီ ကြေးတန်းကြီး ကိုဖျံ ဆိုတာ ကို ခေါင်း ဖြ,တ် ၊ ကိုယ် ကို မွှန်းပြီး မြစ်ရိုး မှာ ဘောက်တူ ပေါ် တင်ပြီး မျှောလိုက်တာပဲ ။ သစ္စာဖောက် ဆိုတဲ့ စာတန်းကြီး လည်း ထိုးလို့ ပေါ့ ”


ထိုသို့ ဥဒါန်း တွင် ရစ်အောင် ထို နယ်မြေ မှာ ပေါက်ဖွားသည့် ရှေးမီ အဘိုးကြီး ၊ အမယ်ကြီးများ ၏ စကားများ ကို ကြားရတတ်သော လူငယ်များ က -


“ ဟုတ်လား အဘိုး ၊ သူတို့ က ဘာဖြစ်လို့ ဒီလောက် ရက်စက်ကြ တာလဲ ” ဟု မေးလိုက်မိကြပြန်သည် ။ 


“ ဪ ... ခက်ပါကလားကွယ် ။ ခေတ်ပျက် ကို ကွ ၊ ခေတ်ပျက် ဆို တာ ဒီလိုပေါ့ ။ ဗိုလ်သာဒင် ဆိုတာ က ကု,လားဖြူ အစိုးရ ကို သီပေါ အရှင်တို့ အတွက် သူပုန်ကလား ၊ ဒီတော့ ခံတိုက်တဲ့ အဲဒီ ကု,လားဖြူ က ခန့်ထားတဲ့ ကြေးတန်းကြီးတွေ ကို သ,တ်တာပေါ့ ”


“ ဒီလိုလား ... ဒါဖြင့် ဗိုလ်သာဒင် ဟာ အတော် စွမ်း လည်း စွမ်း ၊ သတ္တိ လည်း ရှိတာပေါ့နော် ” 


“ အင်း....စွမ်း လည်း စွမ်းပါတယ် ။ သတ္တိ လည်း ရှိပါတယ် ။ နောက်လိုက် လည်း အတော် ရသားပဲ ။ ယောက်ျား မှန်သမျှ ဆယ့်သုံးနှစ် အောက် ခုနစ်ဆယ်ကျော် အထက် က လွဲလို့ အကုန် ဓားဆွဲ ပြီး မလိုက်ဘဲ မနေရဘူး ဆိုပြီး ခေါ်တာကိုး ။ တို့ များတော့ မနည်း တောင်းပန်ပြီး ရိက္ခာ ထောက်ပါ့မယ် ဆိုပြီး နွားတို့ ၊ ကျွဲတို့ ၊ ဆန်တို့ ဆက်ရတယ် ။ နွားတစ်ကောင်များ သူတို့ လူအုပ် အဖို့ တစ်နပ်စာပဲ ရှိတယ် ။ဘယ်လောက် လူ များသလဲ ဆိုတာ စဉ်းစားကြည့်တော့ ” 


“ ဪ ... မနည်းဘဲကိုး အဘိုး ၊ ဒါနဲ့ စွမ်းပုံ ၊ သတ္တိရှိပုံ ၊ ကု,လားဖြူ ကို ခံချပုံကလေး ပြောစမ်းပါဦး ” 


“ စွမ်းတာလား ၊ စွမ်း ဆို အဲဒီလိုရှိ တဲ့ ဓားကလေး ၊ လှံကလေး နဲ့  ၊ သေနတ်တွေ ၊ အမြောက်တွေ ရှိတဲ့ ကုလားဖြူ အစိုးရ ကို ခံတိုက်တာ ကြည့်ပါလား ။ ပထမ အသုတ် မှာ တစ်ခါတည်း ကု,လားစစ်သားတွေ အကုန် ခေါင်းပြုတ် ကုန်တာပဲ ။ နောက်တော့မှ မဖြစ်ချေဘူး ဆိုပြီး စစ်သင်္ဘော နှစ်စင်း နဲ့ အပြည့် နေ့ခင်းကြောင်တောင် ဖိုးဒုတ် ဆို တဲ့ ရွာ အထိ ရန်ကုန် က စုန် လာ ပြီးတော့ စစ်ဘာရီ ခေါ်တဲ့ ကု,လားတွေ ကုန်း ကို တက်တာပဲ ။ ဗိုလ်သာဒင် တို့ တပ် ကလည်း ဘာ ခေမလဲ ရှောင် မပေးဘဲ အတင်း သွား တိုက်တာပေါ့ ။ အဲဒီတုန်းက အခု လို လယ်ကွင်းပြင်တွေ မရှိသေးဘူး ။ ကနစို တောအုပ်ကြီးတွေ ပဲ ရှိတယ် ။ အဲဒီ တောကြီးတွေ ကို

အကာအကွယ် ယူတဲ့ အခါ ယူ ၊ အရေး သာတဲ့ အခါ အသေခံ တိုက် ပြီး ဓား နဲ့ အတင်း တက်ခုတ် နဲ့ အတော်ပဲ စွန့်စွန့်စားစား တိုက် လာတာပဲ ။ လင်မယား နှစ် ယောက်စလုံး လည်း သတ္တိ ပြောင်မြောက်ကြပါပေတယ် ။ ဒါပေမဲ့ လက်နက်ချင်း က မမျှလွန်းတော့ နောက်ဆုံး ဗိုလ်သာဒင်ကတော် လည်း ကျရှာတယ် ။ ဗိုလ်သာဒင် လည်း ပေါင် ကို ကျည်သင့်ရှာတာ နဲ့ မြန်မာတပ် ပျက်သွား ရရှာတယ် ” 

 

“ ဒါဖြင့် ဗိုလ်သာဒင် ကို မိသွား တာပေါ့နော် ။ မိတော့ သ,တ်ပစ်ရောလား ” 


“ ဗိုလ်သာဒင် တော့ မမိပါဘူး ။ ရှမ်းပြည်နယ် ဘက် ရောက်အောင် ထွက်ပြေးသွား သလိုလို ကြားလိုက်ရတာပဲ ”


ထိုသို့သော ရာဇဝင်ကြောင်းကလေးများ ဖြင့် သူရဲကောင်းများ ပေါ်ထွက်ရာ ဖြစ်သော သမဲ့ပြေ ချောင်းသားများ သည် အဘယ်မှာ သတ္တိ မပြောင်ကြဘဲ ရှိလေမည် နည်း ။ ရေမြေ ကို လိုက်ကာ ထို အရပ် မှ အင်္ဂလိပ်မင်းများ ထားခဲ့သည့် ဥပဒေများကို ချိုးဖောက်သည့် အဓိကရ လူဆိုးများ ပေါ်ပေါက်ခဲ့လေသည် မှာ အံ့ဩဖွယ်ရာ မရှိချေ ။


ဤတွင် ယင်းကဲ့သို့ လူစွမ်းကောင်းများ ၏ နယ်မြေ၌ မယ်ဖား သည် မိန်းမသားကလေး တစ်ယောက်မျှ သာ ဖြစ်သည် ကို စဉ်လျက် ထို ရွာတန်းကလေးများ တစ်လျှောက် မသိသူ မရှိ သလောက်အောင် ထင်ပေါ် ကျော်ကြားခဲ့သည် မှာ တကယ်တော့ အဆန်းတကြယ် ရှိလှသည် ပင် မဟုတ်ပါလား ။


 ••••• ••••• •••••  


၂ ။


မယ်ဖား အား လူတိုင်း က ရင်ဖို ကြလေသည် ။ သို့သော် တစ်ယောက် နှင့် တစ်ယောက် ရင်ဖိုကြခြင်း ကား မတူပေ ။ မိန်းမပိုင်း က မယ်ဖား လာလျှင် သူမတို့ ၏ လင်ယောက်ျားများ ပါသွားလေမည် လား ဟူသော စိတ် ဖြင့် ရင်ဖိုကြလေသည် ။ အပျို ကလေးများ ကတော့မူ သူမ တို့ ၏ မိဘများ က - 


“ ဟင်းနော် ... ညည်းတို့ မယ်ဖား  နဲ့ သိပ် အရော မဝင်နဲ့ ” ဟု ပြောထားသည့် အတွက် ရင်ဖိုကြလေသည် ။ ယောက်ျာ ကလေးများ ကတော့မူ သူမ ၏ လှသည် ဟု လုံးဝ မဆိုသာပါလျက် စူစူကားကား ထွားသည့် နေရာ က ထွား ၊ မို့ သည့် နေရာ မို့ ပြီး ကော့ပျံပျံ ပုံသဏ္ဌာန် လို့ ပဲ ဆိုရ မလို ၊ ကြွကြွရွရွ ပုံသဏ္ဌာန် လို့ ပဲ ဆိုရ မလို ၊ တစ်မျိုးအားဖြင့် အခြား ရွာ က အပျိုအအိုများ ထက် ထူးခြားဟန် ပေါက်နေသော မယ်ဖား ကို ကြည့်ကာ ရင်ဖိုကြလေသည် ။ 


စင်စစ် မယ်ဖား မှာ ထိုမျှ လူတကာ ကြောက်ရွံ့လောက်သော အရင်းခံ အကြောင်းများ ဖြင့် မပြည့်စုံရှာခဲ့ပေ ။ ငယ်စဉ် ကတည်းက မိဘများ ကွယ်လွန်ခဲ့သောကြောင့် တစ်ကောင်ကြွက် တစ်မျက်နှာ မျှသာ ဖြစ်လေသည် ။ ထို့ကြောင့် သူမ သည် သူမ ၏ တစ်ဝမ်း တစ်ခါး ကိုပင် ဟိုအိမ် ကပ် ဒီအိမ် ကပ် ၍ ကျောင်းရရှာသည် ။ မယ်ဖား နာမည်ပျက် မရှိစဉ် က မည်သူမျှ ထမင်း တစ်လုတ် အတွက် မမြင်မြော်ကြ ။ ဟိုအိမ် က ခေါ်ချင် ၊ ဒီအိမ် က ခေါ်ချင် ဖြင့် လု၍ ပင် ခေါ်ကြသေး သည် ။ ဘယ့်ကြောင့် ဆိုသော် မယ်ဖား မှာ ကိုယ်လုံး ကိုယ်ထည် တောင့်တင်းဆူဖြိုး သလောက် အလုပ်အကိုင် ကလည်း ကောင်းသည့် အတွက် ဖြစ်လေသည် ။ ပြီးတော့ သူမ နဂို စိတ်ရင်းသည် သဘောကောင်းလေသည် ။ ထိုသို့သော အင်္ဂါရပ် ကလေးများကြောင့် အစက မယ်ဖား သည် ရွာရှိ လူများ ၏ သနားခြင်း ၊ ချစ်ခြင်းကို ပင် ခံခဲ့ရလေသည် ။ 


ဤသို့ အများ ၏ မေတ္တာခံယူ နေရာမှ မကောင်းသည့် ကြမ္မာ ဂြိုဟ်ဆိုး ဖန်လာပုံကား မယ်ဖားသည် အပျို ကလေး ဖားဖား ဖြစ်လာသည့် အချိန်တွင် လယ်ကူလီမ အဖြစ် သူမ ဝင်ရောက် လုပ်ကိုင် နေသော စာရင်းဒိုင် ဦးသာလှိုင် ဆိုသူ ၏ သား နှင့် မှားယွင်းမိကြကာ ကိုယ်ဝန် အရင့်အမာ ရှိ လာခြင်း ဖြစ်လေသည် ။ ထိုအခါ ကောင်လေး ၏ အမေ က -


“ ကြည့်စမ်း ... မိမရှိ ဖမရှိ ကောင်မက ငါ က သနားလို့ ကျွေးမွေးကြည့်ရှုထားတာကို မှ မထောက် ငါ့ သား အညွန့်အဖူးကလေး ကို များ ရက်ရက်စက်စက် တက်ချိန် မှ ချိန်ပလေတယ် ။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ၊ သွား အခု ငါ့ အိမ်ပေါ်က ဆင်း ၊ မနေနဲ့ ” ဟု သိလျှင် သိချင်းပင် ရိုက်မောင်း ပုတ်မောင်း လုပ်ကာ နှင်ချ လိုက်လေသည် တွင် အားကိုးရာမဲ့သော မျက်ခွက် ဖြင့် မယ်ဖားကလေး မှာ မျက်ရည် နှင့် ဗိုက်တစ်လုံး ကို ပိုက်ကာ ဆင်းလာခဲ့ရလေသည် ။ 


သူမ အား ထိုအခါက ကြားရသူ တို့သည် သနားသွားမိကြလေသည် ။ သို့သော်လည်း ဦးသာလှိုင် ဆိုသူမှာ သူကြီး နှင့် လည်း ညီအစ်ကို တော်သည့် အပြင် တပည့်တပန်း လည်း တောင့်ရကား မည်သူမှ ဝင်မစွက်ရဲကြချေ ။ သူတို့ သား နှင့် ရသော ဗိုက် မဟုတ် သလိုလို ၊ စာရင်းငှား တစ်ယောက် နဲ့ ပဲ ဖြစ်သလိုလိုပင် သတင်းလွှင့် လိုက်လေသေးသည် ။ နောက်ပြီး ကောင်ကလေး အားလည်း ရွာ ထဲ မှ အခြား မိန်းကလေး တစ်ယောက် နဲ့ ချက်ချင်း မင်္ဂလာဆောင် ပေးလိုက်လေသည် ။ မယ်ဖား မှာ လူ့လောက ၏ မတရားမှု ဒဏ်ချက် ကို ပထမဦးဆုံး အလူးအလှိမ့် ခံလိုက်ရပြီး ဘယ်လို လောကကြီးပါလိမ့် ဟူသော အတွေးသည် အလိုလို ခေါင်းထဲသို့ ဝင်လာမိလေသည် ။ သူမ အဖို့ ကံအားလျော်စွာပင် အဖေ မပေါ်သော သားကလေး သည် လူ့ပြည် တွင် ကြာရှည် မနေရဘဲ သေဆုံး သွားလေသည့် အတွက် ဒုက္ခရောက်သင့် သလောက် မရောက်လိုက်ပေ ။ 


သို့သော် အကုသိုလ် သည် မယ်ဖား အဖို့ မရပ်သေးပေ ။ အဘယ်ကြောင့် ဆိုသော် နောက်တစ်နှစ် မျှ မကြာသေးသော ကာလ အပိုင်းအခြား အတွင်း မှာ ပင် သူမ အား ကျွေးမွေးထားသည့် ဗိန္ဒောဆရာ ဦးရွှေကဲ ဆိုသူ အသက် ငါးဆယ် ကျော်ခန့် အဘိုးကြီး တစ်ဦး ၏ ခြင်ထောင် ထဲတွင် မိသည့် အတွက် ဆရာကတော် ၏ ရုပ်သိရွာကြား ဆဲဆို အော်ဟစ် ကြိမ်းမောင်းခြင်း ကို ခံရရုံတွင် မက -


“ ဟဲ့ အယုတ်မ ၊ နင့် မျက်နှာ ငါ မကြည့်ချင်ဘူး ။ ခု ဆင်းသွားဟဲ့ ” ဟု နှင်ချပြန်လေသည် တွင် -


“ ဒေါ်ဒေါ်ရယ် ကျွန်မ သဘောနဲ့ ဖြစ်ရတာ မဟုတ်ပါဘူး ။ ဒီလိုပဲ ခေါ် အနင်းခိုင်းပြီး ခဏခဏ အတင်းကြံ လို့ ဖြစ်ရတာပါ ။ နင့် ဒေါ်ဒေါ် ကို မပြောနဲ့ သ,တ်ပစ်မယ် ဘာမယ်လို့ ပြောလို့ လည်း ငြိမ် ခံနေရတာပါ ။ မယုံရင် မေးကြည့်ပါ ”


မယ်ဖား က ဟုတ်သလောက် ကို ကာကွယ် ပြောရှာပါသေးသည် ။ သို့သော် သူမ စကား ကို လက်မခံ ၊ လင်ခိုးမ ဟု သာ တဖက်သတ် စွပ်စွဲပြီး နှင်ချလိုက်သည့် အခြားမဲ့၌ သူမ မှာ ဆင်းလာခဲ့ရပြန်သည် ။ ဦးရွှေကဲ ကလည်း မယားကြောက်သူ တစ်ယောက် ဖြစ်ရကား ဘယ်သို့မျှ မကူရဲဘဲ ရှိလေသည် ။


ထိုတစ်ခါ၌ မူ မယ်ဖား အား သနားမည့် သူ ပင် မရှိတော့ချေ ။ ယခင် တစ်ခါတုန်းက လူငယ်ချင်း ဖြစ်ကြသည် မို့ မည်သူ့ မည်သူ ကိုမျှ အပြစ် မဆိုသာသည့် တိုင်အောင် ယခု တစ်ခါတော့မူ သူများ ယောက်ျား ကို ဗြောင် နှိုက်ဝံ့သည် မှာ အာဂကလေးမကလေး ဟု ပင် မဲ့ကြ ရွဲ့ကြလေသည် ။ ထိုသို့ မိန်းမထု ၏ ကြင်နာမှု ကို မရသော မယ်ဖားကလေး မှာ အိမ်ပေါ် ကိုပင် အတက်ခံရဲသူ မတွေ့နိုင်လေရှာသည် ၏ အခြားမဲ့၌ သနားစရာ အားကိုးမဲ့ ရှာနေလေတော့သည် ။


“ ညည်းတော့ သနားပါရဲ့ အေ .. ဒါပေမဲ့ တို့ မှာ လည်း တို့ ယောက်ျား က ရှိနေတော့ မတော်တဆ မဖြစ်ပါဘူးအေ ”


တချို့က ထိုသို့ပင် မျက်နှာ မထောက်ဘဲ ရက်ရက်စက်စက် ပြောဆို ငြင်းပယ် ကြလေသည် ။


မယ်ဖားကလေး မှာ အိပ်ရာလိပ်ကလေး ကို ပိုက်ရင်း ယောင်ချာချာ တစ်ဝဲလည်လည် တက်စရာ အိမ် မရှိ ဖြစ်နေရာ မှ နောက်ဆုံး အနှိပ်သည် အဘွားကြီး တစ်ယောက် က ခေါ်တင်ထားသဖြင့်သာ နေစရာ ရရှာလေတော့သည် ။


ထိုအခါမှ စ၍ ရွာ ထဲ၌ မယ်ဖား လာသည် မြင်လျှင် လင်ရှိ မိန်းမ တို့ သည် မိမိတို့ လက် ထဲတွင် မုန့် ရှိ နေခိုက် ကျီးကန်း လာ သကဲ့သို့ မျက်စိ အပြတ် မခံဝံ့ကြဘဲ ရှိလေသည် ။ ထိုမျှပင် မကသေးဘဲ မိမိ တို့ ၏ လင်ယောက်ျားများ က စိုစိုထွားထွား ခပ်ကြွားကြွား ကိုယ်လုံးကလေးဖြင့် ရှိနေသော မယ်ဖား အား လိုက်၍ ကြည့်တတ်သည့် အခါ -


“ ဟင်းနော် .. အဘိုးကြီး သေခါနီးမှ သိပ်မထချင်နဲ့  ”


ဟု သူမတို့ ဟာများ ကို သူမတို့ ထိုကဲ့သို့ ဟန့်တားရင်း မျက်စောင်း ထိုးလိုက်တတ်ကြလေသည် ။


မယ်ဖား အား ထိုမျှ အထင်သေး ၊ အမြင်သေး ဖြစ်ကုန်ကြသည့် အခါ အသက်အရွယ်ကလေး နှင့် မျှ မလိုက်သော စိတ်ဒုက္ခ ဝေဒနာ ကို သူမ သည် အတော် မှိတ်၍ ခံ လိုက်ရရှာသည် ။ သို့သော် ခံရဖန် များ သောအခါ သူမ သည် ထုံလာ ပြီးလျှင် ခေါင်းကလေး ကို ပင် ဇွတ်မော့ နေလိုက်မိတော့သည် ။ ပြီးတော့ သူတို့ အား လည်း အရေး မစိုက် သကဲ့သို့ လုပ်နေလိုက်လေသည် ။


တကယ်တမ်း ကြည့်လိုက် သောအခါ မယ်ဖား သည် သူမ ဘက် ၌ အင်အား မနည်းသည် ကို မကြာမီ တွေ့ရှိလိုက်မိသည် ။ သူမ အား မိန်းမထု ကသာ ရွံမုန်း သော်လည်း ယောက်ျားထု က မူ ရှေးကထက် အရေးပေး လာသည် ကို အံ့သြ ဖွယ်ရာ သတိထားလိုက်မိလေသည် ။ နောက် လောကကြီး ၏ အကောင်းအဆိုး များကို သိတန်သရွေ့သိလာပြီ ဖြစ်သော မယ်ဖား သည် ထို ယောက်ျားသား များအား မည်သို့ မည်ပုံ အသုံးချရ မှန်း ကိုလည်း ကောင်းစွာ သိရှိနားလည် လာလေတော့သည် ။ 


သို့နှင့် မယ်ဖား သည် ရွာ ထဲ က ယောက်ျား မှန်သမျှတို့ နှင့် အထိုက်အလိုက် ဆက်ဆံရင်း လောကကြီး ၌ နေနိုင် ထိုင်နိုင် ၊ နေတတ် ထိုင်တတ် ဖြစ်လာလေတော့သည် ။ ကျိုက်လတ် နှင့် ဆားဘိုရွာ သို့  ကူးတို့ ပို့ နေသော သမ္ဗန်သမား အဘိုးကြီး နှင့် လည်း အလိုက်သင့် ပေါင်း၍ သမ္ဗန်ခ မပေးဘဲ စီးနိုင်လေ၏ ။ ကာလသားခေါင်း ဖိုးဖေ ဆိုသူ ထံမှ လည်း သူမ သည် ငါးကျပ် ၊ တစ်ဆယ် စသည် ဖြင့် ဆွဲနိုင် လွဲနိုင်လေ၏ ။ တစ်ခါတစ်ရံ သူမ အား  ခြေတော်တင်ခဲ့ဖူးသည့် ဗိန္ဒောဆရာ ဦးရွှေကဲ ထံမှ လည်း အခွင့်အရေး ရသလို အင်္ကျီဖိုး ၊ လုံချည်ဖိုး ၊ ဈေးဖိုးများ ရအောင် တောင်း လိုက်သေး၏ ။


ထိုမျှမက နောင် တစ်နှစ် ၊ နှစ်နှစ် ကြာသွားသောအခါ မယ်ဖား  မှာ ပို၍ လောကကြီး ထဲ ၌ လူးသာ လှုပ်သာ ရှိနေတော့လေသည် ကို ရွာ ထဲ ရှိ မိန်းမထု တို့ ၏ အော့နှလုံး နာလုမခန်း တွေ့ရှိရလေ တော့သည် ။ မယ်ဖား ၏ မျက်နှာကလေး မှာ အမြဲတမ်း သင်းကြူကြူ ၊ မှ ဝိုင်းဝေဝေ စသော ပေါင်ဒါတို့ ဖြင့် မှုန်ထေ့ ထားသည် ကို တွေ့ရသည် ။ ပဒုမ္မာ အပါးစား ၊ အချောစားကလေးတွေ ကို လည်း ဝတ်နိုင် လာလေသည် ။ ပွင့်ရိုက် အဆင်ဆန်း လုံချည်များ ကို ပင် အထည်လဲ ခါးပေါ်၌ တင်နိုင် လိုက်လေသေးသည် ။ နဂိုက ကြွားကြွားရွားရွား ကိုယ်လုံးလေး မှာ ထိုသို့ သားသားနားနား ဆင်ယင်ထုံးဖွဲ့မှုကြောင့် ပို၍ ပင် ကာလသားများ မက်စရာ ဖြစ် လာလေတော့သည် ။ ရွာ ထဲ က ယောက်ျားပျိုအို မှန်သမျှတို့ သည် ညနေချမ်း အခါ၌ မယ်ဖား ၏ အိမ်နား တစ်ဝိုက်တွင် ရွှေစွန်ညိုများ ကဲ့သို့ပင် ဝဲလှည့်နေကြပေတော့ ရာ မိန်းမများ မှာ မယ်ဖား အား ဝါးစားချင်မတတ် ရွံမုန်းလာကြလေ တော့သည် ။


“ ဟေ့ .. ကိုယ်တို့ လူပျိုသိုးကြီး စံရွှေ မှာ လည်း ရသမျှ ကောက်ရိတ်ခကလေးတွေ မယ်ဖား ကြေးပနေရတာနဲ့ ပဲ ပြီးနေပါပကော လားဟေ့ ”


“ အံမယ် ... သူတင်လားကွ ၊ ငါတို့ ရွာဦးပိုင်း က ကျောင်းတကာကြီး ဦးဖျော်ကြီး တောင် တစ်တိတစ်တိ နဲ့ ပွန်းပြတ် ပြတ်တော့မယ် ။ အမယ်ကြီး ကဖြင့် နေ့တိုင်း

ကျိန်ဆဲ နေတာပဲ ”


ထိုသို့ ရွာသားများ အဖို့ မယ်ဖား ၏ အကြောင်းကို ဝိုင်းဖွဲ့၍ ပြောနေရသည် မှာ နေ့စဉ် ခလုပ် တစ်ခု ကဲ့သို့ ဖြစ်နေလေတော့သည်  ။ တစ်ခါတစ်ရံ မယ်ဖား နှင့် ပတ်သက်သည့် သတင်းများ မှာ မျှော်လင့်သည် ထက်ပင် ပို၍ ဆိုးလာတတ် ပုံကား - 


“ ဟေ့ .... ဟိုနေ့က မယ်ဖား တို့ အိမ် မှာ ငပုကြီး နဲ့ အောင်ကျော်တို့ လူစု ဓားတစ်ပြက် တုတ်တစ်ပြတ် တောင် ဖြစ်ကုန်ကြတယ် ဆိုပါလားဟေ့ ” 


“ အေး ... ဟုတ်တယ် ၊ ကြည့်နေပါ ကွာ ။ မကြာမီ ဒီ မယ်ဖား အတွက် လူသ,တ်ပွဲတွေ ဖြစ်ကုန်လိမ့်မယ် ။ ကောင်မလေး က လာသမျှ လက်သင့်ခံ ဆိုတဲ့ အစားထဲ က ကိုးကွ ၊ တစ်ယောက် ဆိုလည်း တစ်ယောက် သတ်သတ်မှတ်မှတ် ဟုတ်တာ မဟုတ်ဘူး ။ ဟို လူ့ လိုလို ဒီ လူ့ လိုလိုနဲ့ ” ဟု ရွာ ထဲမှာ အနည်းအပါး ချင့်ချိန်တတ်သူ တစ်ယောက် က မှတ်ချက်ချလေသည် ။


“ ဟာ ... ဒါတော့ သူ့ ကို ဘယ်သူ က မှ အတည် ကြံတာ မှ မဟုတ်ဘဲ ကွ ။ သူ က တစ်ခု မကဘူး နှစ်ခု ၊ သုံးခု လပ်ဆိုတဲ့ နာမည်ပျက်ကလေး က ရှိနေတော့ ဒီလိုသာ သွားသွားလာလာ နေချင်ကြတာပေါ့ ။ အဲဒီတော့ သူ ကလည်း အခုတော့ ရှစ်စပ် က လည် နေပြီလေ ။ ဘယ်သူ့ ကို မှ ဟုတ်တိပတ်တိ စွဲစွဲမြဲမြဲ မထားဘူး ။ ဒီလိုပဲ သူလည် သလို ကြည့်ပြီး နေတော့တာပေါ့ ” 


မယ်ဖား ၏ ဘဝ ကို ပို၍ သုံးသပ်တတ်သူ တစ်ယောက် ကမူ သူ့ ထက် လေးနက်သော ဝေဖန်ချက် တစ်ခု ကို ပေးလိုက်လေရာ -


“ အေး ... ဒါတော့လည်း ဟုတ်တာပဲကွ ။ သူ့ အဆိုး မဆိုသာဘူး ။


ဒါပေမဲ့ တို့ ရွာ ထဲ က လူပျို မှန်သမျှ ၊ ခပ်ထထ ခပ်ရွရွ အဘိုးကြီး မှန်သမျှ သူ့ ကို ပိုးကြေးပန်းကြေး မကျဘူးတဲ့ လူ မရှိသလောက် ဖြစ်နေပြီ ” ဟု တစ်ယောက် က ပြောပြန်သည် ။


“ အခု ... သူကြီး တောင်မှ မယ်ဖား  ကို သိပ် အရေး ပေးပါကလားကွ ။ ဘယ်လို သဘော နဲ့ မဆိုတတ်ဘူး ” 


“ ဟ ... ပေးရတာပေါ့ ။ အရာရှိတွေ လာတိုင်း မယ်ဖား ကို လက်ဆောင် ထိုး နေရတဲ့ ဟာပဲ ။ မပေးဘဲ ရှိမလား ။ အခုတလော အရာရှိတွေ ၊ ပုလိပ်ဘက် ကရော

ဘာရော ဒီ မယ်ဖား ကြောင့် ပဲနဲ့ တူတယ် တို့ ရွာ ကို ချည်း စက်ကျ နေတာပဲ ။ တော်တော်ကြာ မြို့ပိုင် ၊ တော်တော်ကြာ ဝန်ထောက် ၊ နယ်ပိုင် နဲ့ နားရတယ် မရှိဘူး ” 


“ ဟေ ... ဟုတ်လား ၊ ဒီလိုဖြင့် မယ်ဖား တယ် ဈေးကောင်း နေပါကလား ။ ဒါကြောင့်မို့နဲ့ တူတယ် မယ်ဖား မှာ ပေါင်ဒါ ၊ သနပ်ခါး ၊ လုံချည် ၊ အင်္ကျီ ညှိုးတယ် မရှိဘူး ” 


ဤသို့ဖြင့် မယ်ဖား ၏ ကောင်း သတင်း ၊ ဆိုး သတင်းများမှာ ထို သမဲ့ပြေချောင်းရိုး ရှိ ရွာကလေး တစ်ဝိုက် တွင် မွှေးတယ် ဟု ပဲ ဆိုရမလား ၊ နံတယ် ဟု ပဲ ဆိုရမလား အတိအကျ ပြောမပြ တတ်အောင် ပျံ့နှံ့ ကျော်ကြားလျက် ရှိလေတော့သည် ။


••••• ••••• ••••• 


၃ ။


မယ်ဖား မှာ ကာလ အတော်ကြာ နာမည် မကျသေး ၊ ဈေးကောင်း တုန်းပင် ဖြစ်နေလေသေးသည် ။ သူကြီး ကလည်း သူမ အား သူ့ အကျိုးနှင့် ဆက်စပ် နေ၍ အရေးပေးရသည် ။ အရာရှိများ ၏ မျက်နှာကောင်း လည်း ရလေသည် ။ အရာရှိများ ၏ ခဏခဏ တော ဆင်းကာ သူ့ အိမ်တွင် တည်းခိုရသည့် အတွက် ရွာသားတို့ ၏ ကြောက်ရွံ့ လေးစားခြင်း ကို ခံနေရလေသည် ။ ပြီးတော့ သူ ပြော သမျှတို့ လည်း အောင်လေသည် ။ အရာ ရောက်လေသည် ။ ရွာ ၏ အကျိုး အတွက် တာတမံ ဖို့ ဖို့ ၊ ဆည်မြောင်း တူးဖို့  ၊ အင်းလုပ်ငန်း ချဲ့ဖို့ စသော အခွင့်အရေးများ ရသည့် အပြင် သူကြီးစား လယ်မြေများ လည်း နောက်ထပ် ရလေသေးသည် ။ ထိုမျှမက လာမည့် ဒါဘာပွဲ တွင် တီ-ပီ-အက်စ် စသော ဘွဲ့များ ပင် ရဦး မလိုလို သတင်းပြေး နေလေသေးသည် ။ ထို အခွင့်အရေးများ ကား တကယ် ဆိုတော့ မယ်ဖား ကြောင့် သာ ရရှိခြင်း ဖြစ်လေသည် ကို သူ အသိဆုံး ဖြစ်လေရာ အဘယ်မှာ သူမ အား သူ သည် လက်သပ် မမွေးဘဲ ထားလေမည်နည်း ။


ထို့ကြောင့် တစ်ခါက မယ်ဖား ၏ မလိမ့်တစ်ပတ် လုပ်ခြင်း ကို ခံရသော ရွာ ထဲ မှ ဖိုးချစ် ဆိုသော ကာလသား တစ်ယောက် သည် မခံချင်သဖြင့် မယ်ဖား အား ရိုက်မောင်း ပုတ်မောင်း လုပ်ကာ ဆဲရေးတိုင်းထွာရုံနှင့် ထိတ်တုံး ထဲ နှစ်ဆယ့် လေးနာရီ တိတိ ခတ်ထား လိုက်ဖူးလေသည် ။ 


ဤသို့ဖြင့် မယ်ဖား မှာ မိုးကောင်းချင် တိုင်း ကောင်း၍ နေလေသည် ။ သူကြီး က အရေးပေး ရုံမျှ မက ကာလသား အချင်းချင်း မှာ ပင် အဝေ မတည့် သဖြင့် အကယ်၍ တစ်ယောက်ယောက် များ မူပိုင် လုပ် လိုသော သဘောဖြင့် ယူထားမည် ဆိုလျှင် အခြား သူများ က ကျေနပ်လိမ့်မည် မဟုတ်ဘဲ ရန်ရှာကောင်းပင် ရှာ ပေလိမ့်မည်လား မပြောတတ်ပေ ။ ထို့ကြောင့် မယ်ဖား ကို ယူရန်မှာ မကြံစည်ဝံ့ ၊ မယ်ဖား ၏ အချစ် ကို ခံရရုံဖြင့် ပင် ကျေနပ်၍ နေကြရပေလိမ့်မည် ။ သူမ က လည်း ဘယ်သူ့ ကိုမှ ကြာရှည် မချစ် ၊ ခဏသာ ချစ်သည် ။ ပြီးတော့ သူမ သည် တွေ့မြင်သမျှ ဖိုသတ္တဝါ တို့အား မချစ်ဘဲ မနေနိုင်အောင်လည်း ယခု အစွမ်းထက်နေလေပြီ ဖြစ်တော့သည် တကား ။ အာဂမယ်ဖား ဖြစ်နေချေပြီ ။


သို့သော် တစ်ခါတွင် ထိုသို့ မျှော်လင့်ဘဲဖြင့် မယ်ဖား သည် ယောက်ျား တစ်ယောက် နှင့် အိမ်ထောင် ကျလိုက်ရာ ၊ ရွာ တစ်ရွာလုံး သူကြီး ပါ မကျန် ပွက်လော ရိုက် သွားလေသည် ။


မယ်ဖား ယူလိုက်ရသည့် အကြောင်းမှာ လည်း တကယ်ဆိုတော့ သူမ ၏ ဆတ်ဆော့မှု သက်သက်ကြောင့်သာ ဖြစ်ပါသည် ။ အဘယ်သို့နည်း ဟူမူ မယ်ဖား သည် သူမ အား တွေ့လျှင် လုံးဝ ဂရုမစိုက် ရဟန္တာကြီး ကဲ့သို့ နေသော သူတစ်ယောက် ကို မတွေ့စဖူး တွေ့ရသည့် အတွက် အတော် မခံချင် ဖြစ်ခဲ့သည်မှာ ကြာချေပြီ ။


ထို တစ်ယောက်သော သူ မှာ ရဟန္တာ လည်း မဟုတ် ၊ နွား လည်း မဟုတ်ပါ ။ ကရင်လူရိုး ပကူး ဆိုသူ လူရွယ်ကလေး တစ်ဦး မျှသာ ဖြစ်လေသည် ။ သူ သည် ကရင် ပီပီ အလွန် ရိုးသည် ။ အေးသည် ။ သူ သည် ရွာ ထဲ မှာ လည်း မနေ ၊ သီးသီးသန့်သန့် ကွင်း ထဲ ၌ သူ့ ဖခင်အိုကြီး နှင့် နေလေသည် ။ သူ သည် ငါးထောင်သည် ၊ ဘဲမွေးသည် ၊ ဝက်မွေးသည် ဤသို့သော အလုပ် ဖြင့် အသက်မွေး ကာ အေးအေးနေသူ ဖြစ်လေသည် ။ ပကူး မှာ ဗလ လည်း ကောင်းသည့် အပြင် သတ္တိ လည်း ခေသူ မဟုတ် ။ သူ့ ဖခင် မှာလည်း စစ်ပြန် တစ်ယောက် ဖြစ်သဖြင့် ထို တစ်ဝိုက် ၌ မဟုတ်မခံ ဟူသော နာမည် တစ်လုံး ဖြင့် နေလေသည် ။ တစ်ခါတစ်ရံ အကြောင်းရှိမှ သာ ရွာ ထဲ သို့ လာတတ်သည် ။ သူ နေသော တဲမှာ လူတစ်ရပ် လောက် ရှိသော ဝါးချွန်များ ဖြင့် ခြံစည်းရိုး ခတ် ထားကာ ထိုအတွင်း သို့ လူတိုင်း အကြောင်းမဲ့ မဝင်ရဲချေ ။ တစ်ခါက ည အခါ ဝက်ခိုးရန် လာသူ လူဆိုး တစ်ဦး အား မှိန်း နှင့် လိုက်ဖူးလေသည် ။


ပြီးတော့ သူ့ ခြံ ထဲမှာ လူသုံးလေးယောက် လောက် ကို ကောင်း စွာ လုံသော ခွေးသမင်ကြီး နှစ်ကောင် လည်း ရှိလေသေးရာ သူ တို့ သားအဖ သည် ဘယ် ရန် မှ မမှု ဘဲ နေနိုင်ကြလေသည် ။ ထို ပကူး အား မယ်ဖား သည် မခံချင်စိတ် ဖြစ်မိတိုင်း နေနှင့်ဦး ဟု တွေးထားပြီး အကွက်ကောင်း ကို စောင့် နေလေသည် ။ တစ်နေ့တွင် မယ်ဖား သည် ရေ အတန်ငယ် စားပြီး ဖြစ်သော တစ်ပတ်နွမ်း သရက်ထည် လုံချည်ကလေး ကို ရင်လျား ကာ မျက်နှာ တွင် သနပ်ခါးကျဲကလေး လိမ်းရုံသာ လိမ်း၍ ပကူး ၏ ခြံဝ သို့ ရပ်လာလေသည် ။ အတွင်းမှ ကျားဟိန်း သလို ဟိန်းကြသော ခွေးသမင်များ ၏ အသံများ ကြောင့် လုလင်ပျို တစ်ဦး သည် ထွက်လာပြီး -


“ ဟဲ့ ... ရန်လုံ ဟောင်လှချည်လား ဟ ၊ လခွီး ဘယ်သူလဲ အိမ်ရှေ့က ” ဟု မယ်ဖား အား မမြင်မီ ကပင် ရေရွတ်လိုက်ရာ - 


“ ဪ .... ကျွန်မပါ ရှင် ” 


“ ဘယ်က ကျွန်မလဲ ” 


“ မယ်ဖား ပါရှင့် ... ကိုပကူး ရဲ့ ၊ တော့် ခွေးတွေကို ကြည့်ထားစမ်းပါဦး ”


“ ဘာကိစ္စလဲ ” 


“ ပဲညွန့်ကလေး တစ်ညွန့် ၊ နှစ်ညွန့်လောက် ဟင်းချို ခတ်ဖို့ လိုချင်လို့ ပါတော့ ၊ ဖွင့်စမ်းပါဦး ” 


ပကူး သည် ပထမ မောင်းထုတ် ဖို့ ကြံလိုက်ပါ သေးသည် ။ သို့သော် မယ်ဖား ၏ ကိုယ်ကလေး ကို ခြံစည်ရိုး ပေါ်မှ မျက်နှာ တင်၍ မြင်လိုက်မိသော အခါ အလိုလို တံခါးချက် ကို ဆွဲဖွင့်လိုက်ပြီး သား ဖြစ်သွားလေတော့သည် ။ 


“ အမယ်လေးရှင် .... တကတဲမှ ပဲ ။ သူ့ တံခါးကြီး ကလည်း ပိတ် ပိတ် ထားလိုက်ရတာ ရှင့် ကို နေ့ခင်းကြောင်တောင် ဘယ်သူက များ ဝင် ဆွဲသွားမှာ စိုးလို့ လဲ ” 


အထဲသို့ ရောက်လျှင် မယ်ဖား က မျက်လုံးနက်ကလေး ထောင့်စွန်းသို့ ကပ်ကာ ပြော လိုက်လေရာ ကရင် လူမျိုး ပကူး မှာ မည်သို့မျှ ပြန် မပြောတတ်အောင် ဖြစ် သွားတော့သည် နှင့် သူမ အား အသာ ပြုံး၍ ကြည့်နေလိုက်လေသည် ။


“ ဘယ်မလဲရှင့် ပြပါဦး ၊ ဘယ်မှာ ခူးရမှာတုံး ။ စကား လည်း မပြောဘူး ။ ဘာများ ကြည့်နေရတာလဲ ” 


မယ်ဖား က သူမ ၏ ရင်ဘတ် ဆီ သို့ လက်ဝါးကလေး နှစ်ဖက် ကို ယှက်တင်လိုက်ရင်း ပြောလိုက်တော့ မှ ပကူး မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရင်း - 


“ ဪ .... ဟို ... ဟိုဘက် ထောင့် မှာ ပဲပင်တွေ မတွေ့ဘူးလား ” 


သူ က ခါတိုင်း ကဲ့သို့ ဘောက်ဆတ်ဆတ်ပင် ပြောလိုက်မိလေသည် ။

 

“ ဘယ် တွေ့မလဲတော့ ရှင့် ခြံထဲ က ကျွန်မ က ဘယ် နေရာ ဘာရှိတယ် ဆိုတာ သိထားတာမှ မဟုတ်ဘဲ ။ ကဲ ... ဒါဖြင့် လိုက်ခဲ့ဦး ၊ တော်တော်ကြာတော့ ခွေးကြီးတွေ က ကိုက်နေပါဦးမယ် ”


“ ကဲ ... ဒါဖြင့် သွား ”


မယ်ဖား ၏ ပြောပုံကြောင့် ခေါင်းကလေး ကို စောင်းငဲ့ကာ ပြုံး လိုက်ပြီး ခြံထောင့်စွန်း ဆီသို့ သွားလေသည် ။ ပကူး က ခွေးသမင်ကြီး တစ်ကောင် ကို ကိုင်ရင်း နောက်က လိုက်လာလေသည် ။


ပဲချုံကလေး အနီးသို့ ရောက်သောအခါ မယ်ဖား သည် ပဲညွန့်ကလေးများ ကို ခြေဖျားကလေး ထောက်ကာ ထောက်ကာ လှမ်းခူးလေသည် ။ သူမ ၏ လျော့ရဲရဲ ဝတ်ထားသည့် ထဘီ အထက်ဆင် အနား သည် တက်ချည်ကျချည် အသည်းယားစရာ ဖြစ်လေသည် ။ ပကူး က ဘေးက ကြည့်နေလေသည် ။ ထိုအခိုက် -


“ အို ... ”


မယ်ဖား သည် ခြေချော်၍ လဲကျ သွားလေသည့် အတွက် ပကူး က လွှတ်ခနဲ အော်လိုက်ခြင်း ဖြစ်လေသည် ။ ဒါပေမဲ့ သူ သည် ဘယ်သို့မှ အကူအညီ မပေးဘဲ ကြက်သေ သေကာ ရပ်ကြည့် နေမိလေသည် ။ မယ်ဖား ကတော့ မျက်နှာကလေး ရှုံ့မဲ့ကာ ပါးစပ် မှ လည်း တကျွတ်ကျွတ် နှင့် မြည်ရင်း သူမ ၏ ဒူးကလေး ကို နှိပ်နေ ရှာသည် ။ ဒါတင်မက လုံချည် အောက်နားကလေး ကို ပင့်၍ လည်း သူမ ၏ ဒူးကလေး ကို ကြည့်နေလေသည် ။ နောက် ပြန် ဖုံးထားလိုက်လေသည် ။ 


“ ထလေ ... မထနိုင်ဘူးလား ” 


ပကူး က မေးလေသည် ။ 


“ ထနိုင် မှ ... ထမှာ ပေါ့တော့ ။ ရှင် ပြောမှ လား ”


မယ်ဖား က နှုတ်ခမ်းကလေး စူ ကာ ဒေါသသံကလေး ဖြင့် ပြော လိုက်လေရာ -


“ ဪ ... ဟုတ်လား ၊ မထ ... မထနိုင်ဘူးလား ။ ဒါဖြင့် ”


သူ သည် ဘာလုပ်ရမှန်း မသိ ဖြစ်နေလေသည် ။ သို့နှင့် နောက် မယ်ဖား ပါးစပ် မှ စုတ်တစ်ချက် သပ်ရင်း မျက်ရည်စကလေး ကို

လက်ဖမိုး နှင့် သုတ်လိုက်သော အခါ၌ မူကား သူ သည် ဒူးထောက် ချလိုက်ကာ မယ်ဖား အား ပွေ့ထူ လိုက်ပြီး ဖြစ်လေတော့သည် ။ နောက် သူ သည် သူမ အား ပွေ့ချီ ကာ တဲ ထဲသို့ ခေါ်သွားလေတော့သည် ။


ထိုနေ့ ညနေစောင်း လောက်မှ မယ်ဖား သည် ရွာ ထဲသို့ ပြန်ဝင်ခဲ့လေသည် ။ ဒါပေမဲ့ သူမ ၏ လက် ထဲ မှာ တော့ ပဲညွန့်များ မပါခဲ့ပေ ။


 ••••• ••••• ••••• 


၄ ။


နောက် သုံးလေးရက် ခန့် ကြာသွားသောအခါ ရွာ ထဲ၌ မိန်းမထု အဖို့ မယ်ဖား အား အတင်း ပြောစရာ အသစ်အဆန်း တစ်ခု ပေါ်လာစ ပြုပြန်တော့သည် ။


ဒါပေမဲ့ သူမ တို့ သည် ကြာရှည် မပြောလိုက်ရရှာပေ ။ အဘယ်ကြောင့် ဆိုသော် တစ်ပတ်ခန့် အတွင်း မှာ ပင် မယ်ဖား သည် ပကူး ၏ ခြံ သို့ သွားရာ မှ လုံးလုံး အိမ် မပြန်တော့ဘဲ နေလိုက်သည့် အတွက် ဖြစ်လေသည် ။


တစ်ဖန် ၎င်း သတင်းအကျယ် ကို အနှိပ်သည် ဒေါ်လွှာကြီး ထံ မှ တစ်ဆင့် ကြားရသည် ကား ပကူး နှင့် မယ်ဖား တို့ သည် ညားနေကြပြီ ဟူသတည်း ။


ဤတွင် သူကြီးမင်း မှ စ၍ ရွာသူရွာသား မှန်သမျှ တို့ သည် မ ကျေမချမ်း ဖြစ်ကုန်သည့် တိုင်အောင် ဘာမှ မတတ်နိုင်တော့သည့် အဆုံး သူကြီးမင်း က - 


“ ဟေ့ ပကူး ၊ ဒီလိုဖြ စ်ရင်လည်း ထုံးစံအတိုင်း လုပ်ရိုး လုပ်စဉ်ကလေး လုပ်ဦးမှ ပေါ့ ” ဟု သာ ပြောရုံပြော နိုင်တော့သည် ၏ အခြားမဲ့ ၌ ပကူး တို့ သားအဖ သည် တစ်နေ့တွင် သူတို့ အား ချိန်း၍ ဝက် က တစ်ကောင် ၊ မီးတဟုန်းဟုန်း တောက်သော ချက်အရက် က တစ်အိုး ဖြင့် ချက်ပြုတ်စား သောက်စေပြီး လျှင် မင်္ဂလာပွဲကလေး ကို အပြီးတိုင် ဆင်နွှဲ လိုက်လေတော့သည် ။


မယ်ဖား သည် ကွင်း ထဲက ပကူး တို့ ၏ တဲ ၌ နေရပေတော့သည် ။ သူမ မှာ တော့ ပျော်၍ ပဲ နေလေမလား ၊ မော်၍ ပဲ နေလေသလော မပြောတတ်နိုင် သော်ငြားလည်း ရွာ မှာ တော့မူ အတော်ကလေး ခြောက်ကပ်ကပ် နိုင်လျက် ရှိသည် တကား အမှန်ပင် ဖြစ်နေပေသည် ။ ကာလသား များ ၏ စိတ် ထဲ၌ တစ်ခုခု လိုနေ သလို ဟာလာဟင်းလင်းကြီး ဖြစ်နေကြသည် ဟု ထင်မှတ်ရလေသည် ။ သူကြီးမင်း မှာ ကား အထိခိုက်ဆုံး ဖြစ်လေသည် ။ မြို့ မှ မင်းစိုးများ လည်း ယခုအခါ အရင်က လောက် မလာကြတော့ပေ ။ မယ်ဖား ကို လည်း အအံ့ဩကြီး အံ့သြမိကြလေသည် ။ ရွာ ထဲသို့ တစ်လ နေလို့ တစ်ခေါက် တောင် မှ ပင် လာဖော် မရတော့ပေ ။ ထိုမျှ ငြိမ်ချက်သား ကောင်း နေသည် မှာ တကယ်ဆိုတော့ ပကူး ၏ အအုပ်အချုပ် ကောင်းလို့ပင် လော ။ သူမ သည် ပကူး တစ်မျက်နှာ အား ကမ္ဘာ ထင် နေပြီလော ။ ဘယ်တုန်းက မှ ယောက်ျား တစ်ယောက် အပေါ်၌ စွဲစွဲမြဲမြဲ တစ်လ ပြည့်အောင် စိတ်မဝင်စားသော မယ်ဖား မှာ ယခု ပကူး နှင့် ကျတော့ ငြိမ်ကျသွားပုံ မှာ အံ့ဖွယ်သရဲ ရှိလှသည် ။ ဤသို့ သူတို့ တွေး နေမိကြလေသည် ။


တစ်ခါတစ်ရံ သူတို့ သည် ပကူး တို့ ခြံ အနီးသို့ မယောင်မလည် သွားကြည့်ကြ၏ ။ မယ်ဖား အား တစ်ခါတစ်ရံ သာ တွေ့ရသည် ဆို၏ ။ တချို့က မယ်ဖား မှာ အဝ မပျက် စည်းစိမ်တွေ တိုးနေပုံရသည် ဟု မှတ်ချက်ချလေသည် ။ တချို့ ကတော့မူ မယ်ဖား မျက်နှာ မှာ သိပ်မသာလှ ဟု ဆိုလေသည် ။ မည်သူ့ စကား အမှန်ဖြစ်လိမ့်မည် ဟု တော့ သေချာတပ်အပ် မပြော နိုင်ကြပေ ။


ဒါပေမဲ့ မကြာမီပင် ရွာသားများ တို့ သည် အားတက် ဝမ်းသာ စရာ သတင်းကောင်း တစ်ခု ကြား ရလေတော့သည် ။

ထို သတင်း ကား မယ်ဖား သည် ဒေါ်လွှာကြီး အား သူမ ဒီမှာ မပျော်ဘူး ၊ သိပ်ချုပ်ချယ်တယ် ၊ ပကူး က ရိုက် လည်း ရိုက်တယ် ။ ဒါကြောင့် ကွာချင်ပြီ ၊ သူကြီး ကို လာ ခေါ်လှည့်ပါ လို့ ပြောလိုက်ပါ ဟူသော သတင်းပင် ဖြစ်လေသည် ။ ထို သတင်း ကို ကြားသောအခါ သူကြီး နှင့် အခြား ရွာသားများ တို့ သည် လူစု၍ ပကူး တို့ ခြံ သို့ သွားကြလေသည် ။ သူကြီးမင်း လည်း သူ ၏ နှစ်လုံးပြူး သေနတ်ကြီး တစ်လက် ကို လည်း ယူလာစေသည် ။


ခြံ အဝသို့ ရောက်သော အခါ သူတို့ သည် မယ်ဖား နှင့် ပကူး တို့ အား လှမ်းခေါ်လေသည် ။ သူတို့ သည် တံခါး ကို ဖွင့်ရန် မလွယ် ။ ဖွင့်၍ ရတောင်မှ ပကူးတို့ ၏ ခွေးများ က ကြောက်စရာ ကောင်းသည် ။


အထဲမှ မည်သူ တစ်ဦး တစ်ယောက် ကမှ မထူးဘဲ ရှိလေသည် ။ ထို့ကြောင့် သူတို့ သည် နောက်ထပ် သုံးလေးခွန်း အော် ခေါ်တော့မှ မယ်ဖား ၏ အသံ ကို ကြားရပြီး လူ ပါ တဲအဝ သို့ ထွက် လာလေသည် ။


မယ်ဖား မှာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေလေသည် ။ သူမ ၏ မျက်နှာ လည်း ဒေါသဖြင့် နီမြန်း နေပုံရလေသည် ။


သူမ သည် သူကြီး ရှိရာသို့ လာမည် အလုပ် ယောက်ျား တစ်ယောက် က နောက်မှ နေ၍ ဆံပင် ကို လှမ်း ဆွဲလိုက်လေသည် ။ ထို သူ ကား ပကူး ဖြစ်သည် ။ 


“ ဟဲ့ လွှတ်ဟဲ့ ... ခွေးကောင် ပကူး ”


“ ဘာလို့ လွှတ်ရမှာ လဲ နင် မသွားရဘူး ”


“ သွားမယ် နင် နဲ့ မပေါင်းဘူး ။ ခု သွားမယ် ”


“ နင် မသွားရဘူး ။ နင် ငါ့မယား ”


“ သွားမယ် ။ ဘာဖြစ်လဲ ”


“ မသွားပါနဲ့ မယ်ဖား ရယ် ၊ ငါ့ မှာ ဘာ အပြစ် ရှိလို့ လဲ ။ နင် နေချင်သလို နေရတယ် မဟုတ်လား ”


သူ ၏ အသံ မှာ ချော့မော့သော အသံ နှင့် တူလေသည် ။ 


“ ဒါပေမဲ့ မနေဘူး ။ နင့် ကို ငါ မပေါင်းချင်တော့ဘူးလို့ ပြောနေတယ် မဟုတ်လား ”


မယ်ဖား က အော်၍ ပြော လိုက်လေသည် ။


သူကြီး နှင့် ရွာသား တို့ သည် သူတို့ ပြောပုံကို ကောင်းစွာ ကြားနေရလေသည် ။ သို့သော် ဘာမှ ဝင်မပြော မိကြချေ ။ ကြည့်ရုံသာ ပဲ ကြည့် နေကြလေသည် ။


“ မသွားရဘူး ဆို .... မသွားရဘူးနော် ။ ဒါပဲ ”


ပကူး သည် မတတ်နိုင်သည့် အဆုံး ဒေါသံ ကို ပြောင်းသွားလေသည် ။


“ သွားမယ် .... သွားမယ် .... ခု လွှတ် .... မလွှတ်ဘူးလား ကဲ ... ကဲ ” 


သူမ သည် ပကူး ၏ လက်မောင်း ကို ကုန်း၍ ကိုက်လေရာ ပကူး မှာ နာကျင် သဖြင့် မျက်နှာကြီး ရှုံ့မဲ့ရင်း လွှတ်လိုက်ရလေသည် ။


မယ်ဖား သည် တဲပေါ် မှ ခုန်ချ ကာ သူကြီး တို့ ဆီ သို့ ပြေးလေသည် ။ ပကူး က ပထမ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည် ။ နောက်မှ -


“ မယ်ဖား ... မသွားနဲ့ ၊ မသွားနဲ့ ငါ ရန်လုံ ကို လွှတ်လိုက်မယ်နော် ”


ဟု အော်ပြောလေသည် ။ မယ်ဖား  က လှည့်မလာ ။ ဝင်းတံခါး ဆီသို့ ပြေးသွားလေသည် ။ ထို့ကြောင့် - 


လူတစ်ရပ် ခန့် နီးနီး ရှိသော အင်းခွေးကြီး သည် သခင် ၏ အမိန့်ကို နာခံ၍ လှောင်အိမ် ထဲမှ တစ်ဟုန်တည်း ပြေးထွက်လာသည် မှာ ကျားကြီးလား ဟု ပင် အောက်မေ့ ရတော့သည် ။ 


“ အမယ်လေး ... သေပါပြီ သူကြီး ။ သူကြီး ... ပစ်ပါ ”


ရွာသားများ က အော်လေသည် ။ မယ်ဖား မှာ တံခါး အနီး သို့ ရောက်နေပေပြီ ။ သူမ သည် နောက်သို့ တစ်ချက် သာ လှည့်ကြည့်သည် ။ သူကြီး က သေနတ် မောင်း ကို တင်လေသည် ။ နောက် ချိန်တဲ့ ကာ ပစ်မည့် ဆဲဆဲ - 


“ သူကြီး ... သူကြီး မပစ်ပါနဲ့  ၊ မပစ်ပါနဲ့ ”


မယ်ဖား က အော်ပြောသဖြင့် တုံ့သွားလေသည် ။ လူများ ကလည်း “ ပစ်ပါ ... ပစ်ပါ ” ဟု အော်ကြလေသည် ။ သူကြီး မှာ ဘာမှ မလုပ်တတ်တော့ သလို ယောင်ချာချာ ဖြစ်နေပေတော့သည် ။


ထိုအခိုက် ခွေးကြီး သည် မယ်ဖား အနီးသို့ ရောက်သောအခါ ခုန်၍ အုပ်လိုက်လေသည် ။ မအုပ်ခင် မယ်ဖား က လက်ဖျောက်ကလေး တစ်ချက် တီးပြီး “ ရန်လုံ ..ရန်လုံ ” ဟု ခေါ်လိုက်သည် ကို ဘယ်သူမှ ကြားလိုက်ပုံ မပေါ် ။


ဟုတ်ကဲ့ ။ ရန်လုံ သည် ခုန်၍ မယ်ဖား ၏ လယ်မျို ဆီသို့ အုပ်လိုက်ပါသည် ။ ဒါပေမဲ့ သူ ၏ ထိုးထွက်နေသော ပါးစပ် အတွင်း မှ အစွယ်များ ကို အထက် နှင့် အောက် ပြန်၍ မစေ့ပါ ။ တစ်ထွာသာသာ ခန့် ရှိသော လျှာကြီး ဖြင့် သာ မယ်ဖား ၏ ပါး ကို လျက်နေလေသည် ။


မယ်ဖား က ရန်လုံ ၏ ပါးကြီး ကို သူမ ၏ ပါး နှင့် အပ်ထားလေသည် ။ ပြီးတော့ သူ့ ကိုယ်ကြီး အားလည်း ဖက်ထားလေသည် ။ 


နောက် သူမ သည် တံခါးချက် ကို ဖွင့်၍ ခြံ အပြင်သို့ ခုန်ထွက် လာသော အခါ၌ ပကူး ဆီ သို့ လှမ်းကာ -


“ ဟဲ့ ပကူး ရဲ့ ၊ ရန်လုံ က နင့် လူ မဟုတ်တော့ဘူးဟဲ့ ၊ ငါ့ လူ ဖြစ်နေတာ ကြာပြီ ။ နင် နားလည်ရဲ့ လား ... ဟင်း ... ဟင်း ”


ထိုသို့ အော် ပြောလိုက်ရင်း သူကြီး တို့ လူစု နှင့် ရွာ ဆီ သို့ လိုက်ပါ လာလေတော့သတည်း ။ 


 ▢ မောင်စည်သူ


📖 ရှုမဝ မဂ္ဂဇင်း 

      ဒီဇင်ဘာလ ၊ ၁၉၅၆ ခုနှစ် 


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      အမှတ် ၁၆၄ 

      ဇူလိုင်လ ၊ ၂၀၀၃ ခုနှစ် 

No comments:

Post a Comment