❝ ရွှေဘ ဝတ္ထု ❞
( တင့်လွင်ကျော်ဖြိုး - စလင်း )
( ၁ )
ကိုမိုးမြင့် ဆီ ရွှေဘ ရောက်လာတော့ တချို့က ပြောကြတယ် ။ “ ချိုကုတ် ရှိရာ ချိုထောင် မလာဘူး ” တဲ့လေ ။ ကျုပ်တို့ မြို့က မြို့ကလေး သာ ငယ်ပေမယ့် လက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင် ၊ အရက်ဆိုင်တွေ ကတော့ ပေါသလား မမေးနဲ့ ။ လွှတ် ကို ပေါတာရယ် ။ နယ် က လည်း ကျယ်ပြီး ဆူဖြိုးသကိုး ။ စားသောက်ဆိုင်တွေ ထဲမှာ ‘ နဒီဧရာ ’ စားသောက်ဆိုင် က နာမည်အကြီးဆုံးပေါ့ ။တရုတ် ၊ မြန်မာ အစားအစာ ၊ ဘီယာတွေ ရသလို ဒီဆိုင် က မနက်စာ မုန့်တီ လည်း ကောင်းတယ် ။ ဆိုင် လာစားသူ ၊ ပါဆယ် ဆွဲသူတွေ တန်းစီလို့ပါ ။ ဆိုင်ရှင် ကိုမိုးမြင့် ဒီအလုပ် နဲ့ တင် အားမရနိုင်ပါဘဲ သူ့ စားသောက်ဆိုင် နဲ့ မျက်နှာချင်းဆိုင် မှာ တီဗီ ၊ ဗီစီဒီ ၊ ရေခဲသေတ္တာပြင်ဆိုင် ဖွင့်ထားသေးတယ်လေ ။ ဒီဘက်မှာ သူ ကျွမ်းကျင်လို့တော့ မဟုတ်ပါဘူး ။ ဆိုင်ခန်း ဝယ်ပြီး နားလည်တတ်ကျွမ်းသူ ကို ခေါ် ၊ အခကြေးငွေ ပေး ခိုင်းထားတာ ၊ စားသောက်ဆိုင် ရော ၊ တီဗီ ၊ ရေခဲသေတ္တာပြင်ဆိုင် ရော နှစ်ဆိုင်စလုံး အလုပ် ဖြစ်တာပါပဲ ။
ကိုမိုးမြင့် က စိတ်မြန်ကိုယ်မြန် ရှိပြီး ပါးစပ် က ပြောလိုက်တာ နဲ့ လက် ကလည်း ပါတတ်သူပါ ။ အဲဒီလို ဒေါသ ဖြစ်လွယ် ၊ လက် ပါလွယ်တယ် ဆိုပေမယ့် သူ က သဘောတော့ ကောင်းရှာတယ် ။ ဘယ်သူ့ ကို ဖြစ်ဖြစ် ကျွေးချင် မွေးချင် ပေးချင် ကမ်းချင်တယ် ။ သူ့ ဆိုင် က တပည့်တွေ ဆိုလည်း အစားကောင်း ကျွေးတယ် ။ အင်္ကျီလုံချည် က အစ ဆင်တယ် ။ အဲဒီလို သဘောကောင်း မနောကောင်း ပေမယ့် သူ က စိတ်တိုတာရယ် ၊ ဇွတ်တရွတ် လုပ်တတ်တာရယ်ကြောင့် သူ့ကို လူတွေ က လန့်ကြတယ်လေ ။ သူ စိတ်တို ရင် လူရှေ့သူရှေ့ မရှောင် အကြမ်းနည်း နဲ့ ဖြေရှင်းတတ်တာတွေ လည်း ပါသပေါ့လေ ။ လူတချို့ က သူ့ ကို ကောက်ချက် ချကြတယ် ။
“ ကိုမိုးမြင့် က တစ်ဦးတည်းသော သား ဆိုတော့ ဘယ် ကိုယ်ချင်းစာတတ်မတုံး ၊ သူ့ မှာ သားသမီး လည်း မရှိတော့ ပိုဆိုးတာပေါ့ ” “ ဒီ လူ က ပိုက်ဆံ ရှိတော့ အရာရာ မှာ ငွေ နဲ့ ဖြေရှင်းရင် ပြီးတယ်လို့ ထင်နေတာကွ ” “ ဗလအားကိုး တာကလည်း အလွန်ပဲ ၊ သူ က သိုင်းပညာတွေ ဘာတွေ သင်ဖူးတတ်ဖူးတယ် ဆိုတော့ နားထင် သွေးရောက်နေတာရယ် ”
ဘယ်သူတွေ ဘာ ပြောပြော ၊ ကိုမိုးမြင့် က တော့ သူ့ မူ နဲ့ သူ ရှေ့သို့သာ မှန်မှန်ကြီး ချီတက်နေလေရဲ့ ။
( ၂ )
ကိုမိုးမြင့် ခိုင်းစေနေတဲ့ တပည့် တွေ အများကြီး ထဲ က နောက် မှ ရောက်လာတဲ့ ရွှေဘ ကို တော့ သူ အတော် အားကိုးပုံ ရတယ် ။ အရေး လည်း ပေးတယ် ။ ရွှေဘ က တောသား ။ စာမတတ် ပေမတတ် ၊ မိဘ မရှိတော့ဘူး ။ တစ်ကောင်ကြွက် ရယ် ။ ဆံပင် ရှည်ရှည် ၊ မျက်လုံး ပြူးပြူး ၊ နဖူး ကျဉ်းကျဉ်း ၊ အသား ကတော့ မည်းလိုက်သမှ သပိတ် က တောင် ဆရာ ခေါ်ရလောက်တယ်လေ ။ တော မှာ လုပ်ငန်းကြမ်း လုပ်ခဲ့ရလို့လား ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့လို့လား မသိ ။ ဗလ သိပ်ကောင်းတယ် ။ စကား နည်းပေမယ့် ပြောလိုက် ရင် ဘုကန့်လန့်ချည်းပဲ ၊ အစပိုင်းတော့ သူ့ ရဲ့ အလုပ် က စားပွဲထိုး ပေါ့လေ ။ လူ ပုံ က ညှင်းသိုးသိုး ၊ ပြောပေါက်ဆိုပေါက် က ဆိုးတာနဲ့ ဆိုင်ရှေ့ မှာ မထား ဘဲ မီးဖိုချောင် ရောက်သွားရော ဆိုပါ တော့ ။ ဒီတော့ ရွှေဘ က အကြိုက်တွေ့တယ်လေ ။ သူ က အချက်အပြုတ် အကြော်အလှော် ဝါသနာ ပါသူကိုး ။ ဆိုင်ရှင် ကိုမိုးမြင့် က ရွှေဘ ကို သနားပုံ ရတယ် ။ ဆိုင် မှာ ဟိုလူ နဲ့ ရန်ဖြစ် ၊ ဒီလူ နဲ့ ရန်ဖြစ် တွေ ရှိပေမယ့် ရွှေဘ ကို နှင် မထုတ်ဘူး ။ ရန်ဖြစ်ဖက်တွေ ရဲ့ ရှေ့မှာတင် ရွှေဘ ကို ထိုးလား ကြိတ်လား ၊ ဆဲလားဆိုလား လုပ်ပြီး ဆုံးမ လေ့ ရှိ တယ် ။ ပြီးတော့ သူ ပြောနေကျ စကား က
“ လောက မှာ အိုးရွဲ့ ကို စလောင်း ရွှဲ့ နဲ့ ပိတ်မှ တော်ကာ ကျတာ ၊ မင်း မိုက် သလောက်ကတော့ကွာ ၊ ငါ အိပ်နေ သလောက် ရှိတယ် ”
အဲဒီလို ဆိုတော့လည်း ရွှေဘ ခမျာ မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ မခုတ်တတ်တဲ့ ကြောင်ကလေး လို ကုတ် လို့ပေါ့ ။ ဒါလည်း ကြောက်ရမယ့် သူ ရှေ့မို့ ထင်ပါရဲ့ ။ ခဏပါပဲ ။ ကြာတော့ ဒုံရင်းဒုံရင်း ဖြစ်သွားပြီး ထစ်ခနဲ စီစီညံညံ မကြားလိုက် နဲ့ သေချာပေါက် ဒွန်တွဲလျက် တစ်ဖက်က ရွှေဘ ပါမြဲပါပဲ ။
ကိုမိုးမြင့် က အလုပ်ချိန် မှာ တော့ တိကျ မှ ကြိုက်တယ် ။ အဲ ... အလုပ်ချိန် ပြီး ဆုံးသွားရင်တော့ လွတ်လပ်ခွင့် ပေးပါ တယ် ။ သူတို့ နဒီဧရာစားသောက်ဆိုင် က မနက်ပိုင်း အချိန်ရယ် ၊ နေ့လယ်ပိုင်း နဲ့ နေဝင်မိုးချုပ် တစ်ချက်ရယ် ပဲ လူရှုပ်တာပါ ။ ဒါလည်း အမြဲတမ်း တော့ မဟုတ်ဘူးရယ် ။ မနက်ပိုင်း တစ်ချက် ကမုန့်တီချိန် ဆိုတော့ ရွှေဘ နဲ့ မဆိုင်ဘူး ။ နေ့လယ်ပိုင်း နဲ့ ညနေ ဒါမှမဟုတ် ည ကိုးနာရီ လောက် တင် သူ နဲ့ ဆိုင်တာကလား ။ သူ က ခေါက်ဆွဲကြော် ၊ ကြာဆံ ကြော် လို ၊ ကုန်းဘောင်ကြီးကြော် ၊ ချိုချဉ်ကြော် လို တရုတ်စာ ကြော်ပေးရတာ ဟုတ်လား ။ အရက် နဲ့ မြည်းဖို့ အစားအစာတွေ လည်း သူ ပဲ လုပ်ပေးရတာလေ ။ ဒီဘက်မှာ ရွှေဘ က ဝါသနာ ပါ တော့ တတ်လွယ်တယ် ။ စိတ်ဝင်စား တော့ ကောင်းကောင်းကြီး ကို တတ်ကျွမ်းသူပါ ။ အစားအစာတွေ ကို လှလှပပ စားချင်စဖွယ် ပြင်ဆင်တတ်တယ် ။ တခြား နေရာမှာ မိုက်ကန်းပေမယ့် အကြော်ဆရာ နဲ့ ဆိုင်ရှင် ကိုမိုးမြင့် ကို တော့ အလွန် ရိုသေလေးစားသူပေါ့ ။ ဒီတော့ အကြော်ဆရာ ဦးဌေး က လည်း ရွှေဘကို ချစ်ရှာတယ် ။ ဆရာစား မချန် ဘဲ သင်ပေးရှာတယ် ။ ရွှေဘ က လည်း ဆရာ ကို ဆရာမှန်း သိတယ် ။ ညအိပ်ရာ ဝင်ခါနီး သူ့ ဆရာ ကို နင်းနှိပ်ပေးလား ၊ ပေးရဲ့ ။ လခထုတ်ရက် မှာ အရက် ဝယ်တိုက်လား ၊ တိုက်ရဲ့ ။ ဒီလိုနဲ့ သုံးနှစ်လောက် ရှိတော့ ဦးဌေး လေဖြတ် သွားတဲ့အခါ ရွှေဘ မီးဖိုချောင်ဘက် မှာ ဆရာကြီး ဖြစ်လာရော ။
( ၃ )
ရွှေဘ က အချက်အပြုတ် ဘက် မှာတင် ဆရာကြီး ဖြစ်လာတာ မဟုတ်ဘူး ။ သူ့ ဆရာ ကိုမိုးမြင့် ခေါ်ရာ နောက် လိုက်ရင်း အရက် လည်း သောက်တတ် ပြီ ၊ ဖဲ လည်း ကစားတတ်ပြီ ၊ မိန်းမ လည်း ပွေတတ် ရှုပ်တတ်ပြီလေ ။ သူ့ ဆရာ က သူ့ ကို အားကိုးတာ လည်း မပြောနဲ့ ၊ သူ က ဆရာသမား နဲ့ပတ်သက်လာရင် ပြဿနာ ဖြစ်တိုင်း ရှေ့က မားမားမတ်မတ် ရင်ဆိုင်ရဲသူ ကိုး ။ သူ့ ဆရာ အတွက် နဲ့ ဆေးရုံ လည်း ရောက်ဖူးရဲ့ ၊ အချုပ် ထဲ လည်း ရောက်ဖူးရဲ့ ။ ဒီလိုနဲ့ နဒီဧရာ စားသောက်ဆိုင် မှာ ရွှေဘ တစ်ယောက် ဘုန်းမီးနေလ တောက်ချင် တိုင်း တောက် နေပါတော့တယ် ။ ကိုမိုးမြင့် က ရွှေဘ နဲ့ ပတ်သက်ပြီး လင်မယားချင်း ရန်ဖြစ်တဲ့ အထိအောင် ဖြစ်လာပေမယ့် ရွှေဘ ဘက် က ရပ်တည်မြဲပဲ ။ ရွှေဘ နဲ့ ပတ်သက်လာရင် မိဘတွေ ပြောတာတောင် ကိုမိုးမြင့် နားမထောင်ဘူး ။ နဂိုကလည်း သူ လုပ်ချင်ရာ လုပ်ခဲ့တာပါပဲလေ ။ သူ တို့ သား ကို မနိုင်မှန်းသိပေမယ့် မအေ ဖြစ်သူက ကိုမိုးမြင့် ကို ပြောတယ် ။
“ မင်း ကတော့ သ ရဲမွေးသလို တစ်နေ့ ကိုယ့် ပြန် ဒုက္ခပေးတာ ခံရလိမ့်မယ် ” တဲ့ ။
ဘယ်သူတွေ သဘော တူတူ ၊ မတူတူ နဒီဧရာဆိုင် မှာ ရွှေဘ တစ်ယောက် မန်နေဂျာစားပွဲ မှာ အခန့်သား ထိုင်ပြီး ဘုန်းမီးနေလ တောက်ပလျက် သူ့ ခြေ ၊သူ့ လက် ၊ သူ့ မျက်လုံး ဖြစ်နေပါတော့တယ် ။ စာမတတ် ပေမတတ် နွားမူး ဆူးတိုး ၊ နွားသိုး ကြိုးပြတ် ဆိုတော့ ရွှေဘ ကို လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ကြည့်မရကြဘူး ။ ပတ်ဝန်းကျင် က လည်း မျက်စိစပါးမွေး စူးနေကြတယ် ပေါ့ ။ ဘယ်သူတွေ ဘယ်လို ဖြစ်ဖြစ် ရွှေဘ ကတော့ ဘုမ မမှာ ၊ ဘာမှ မမှု ဆိုတဲ့ အထဲ ကပါပဲ ။
ပို ဆိုးတာက ... ရွှေဘ ဆိုင်ကယ် တစ်စင်း ပိုင်ဆိုင်သွားခြင်း ပေါ့ ။ သူ့ ဆရာ ကိုမိုးမြင့် က သူ့ တပည့် ကို အရစ်ကျစနစ် နဲ့ သွင်းခိုင်းပြီး ငွေစိုက် ဝယ်ပေးထားတာကလား ။ ရွှေဘ ဆိုင်ကယ် စီးပြီ ဆိုရင် အရမ်း မြန်တယ် ။ ပါဝါအိပ်ဇော အသံကျယ်ကြီး နဲ့ အသံ နဲ့ နှိပ်စက်ရုံ မျှ မက တွေ့ရာ လူ ပွတ်ကာသီကာ ရှောင်ပြီး ထီမထင် လုပ်တတ်ခြင်း ပါပဲ ။ ဝင်ငွေ က ကောင်းတော့ အဝတ်အစား အသစ်အဆန်း ပေါ်တာ နဲ့ အဦးအဖျား ဝယ်ဝတ်ပြီး ရှိုးထုတ်လေ့ ရှိတယ် ။ ဒီတော့ သူ့ အကြောင်း မသိသူ တချို့ ကောင်မလေးတွေ က ရွှေဘ ကို အထင်ကြီးတယ် ဆိုပါတော့ ။ ဒီလိုနဲ့ ရွှေဘ ဆိုင်ကယ် တဝီဝီ စီးလို့ ယာဉ်တိုက်မှု ဖြစ်လား ၊ ဖြစ်ရဲ့ ၊ တစ်ယောက်တည်း မူးမူး နဲ့ ဆိုင်ကယ် မှောက်လို့ ဆေးရုံ ရောက်လားရောက်ရဲ့ ။ ရန်ခိုက်ဒေါသ ဖြစ်လို့ ရုံးပြင်ကန္နား ရောက်လား ရောက် ရဲ့ ။ ပိုဆိုးတာက ဆိုင် ကို လာရောက် စားသောက်သူ အချို့နဲ့ ပြဿနာ ဖြစ်တတ် ခြင်းပေါ့ ။ ကြာတော့ ဧရာနဒီစားသောက်ဆိုင် အရောင်း ကျလာရော ။ ကျသမှ အဖတ်ဆယ် မရအောင်ပါ ။ ရွှေဘ ကို ကြည့် မရသူတွေ ၊ ရွှေဘ နဲ့ ပြဿနာ ဖြစ်ဖူးကြသူတွေ ကတော့ ကွယ်ရာမှာ ပြောနေကြရဲ့ ။
“ တို့ကတော့ ရွှေဘ မျက်နှာ မမြင်ချင်တာ နဲ့ ဧရာနဒီ စားသောက်ဆိုင် ဆိုရင် တစ်သက်လုံး ဝေရာမဏိ ပဲ ဟေ့ ”
( ၄ )
ဆိုင်ရှင်ကိုမိုးမြင့် ခမျာ စားသောက်ဆိုင်က အလုပ် မဖြစ်တော့ ဘာ လုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွှေဘ ကတော့ ဘာမှ ထူးခြားမှုမရှိပါဘူး ။ ပျော်ပျော်ပဲ ။ တစ်နေ့တော့ ရွှေဘ တစ်ယောက် “ ထားမူ ” ဆို တဲ့ ကောင်မလေး ကို ခိုးပြေးတယ် ။ သူ့ ရွာ ကို လေ ။ မွေးချင်း မကင်းတဲ့ အိမ် တစ် အိမ် ဆိုပါတော့ ။ ရွှေဘ တို့ လင်မယား ရွာ မှာ ကြာကြာ မနေနိုင်ဘူး ။ ကိုမိုးမြင့် ဆီ ပြန် ရောက်လာတယ် ။ ဆိုင် က အလုပ် မဖြစ်တော့ ဆိုင် မှာ လည်း နေလို့ မဖြစ်ပြန်ဘူး ။ နောက်ဆုံး ယောက္ခမအိမ် ပဲ မိန်းမ လက် ဆွဲ ရောက်သွားရော ။ ယောက္ခမ အိမ် ကလည်း တဲသာသာ ။ သားသမီး တွေ က လည်း များ ၊ သူ လို စရိုက်ကြမ်းကြမ်း မို့ အဆင် မပြေဘူးပေါ့လေ ။ နို့ပေမဲ့ ပြေးစရာ မြေ မရှိတော့ ယောက္ခမ အိမ် မှာပဲ ကပ်နေရတာကလား ။ အလုပ် က မရှိတော့ ဆိုင်ကယ်ရောင်းပြီး ရတဲ့ ငွေ နဲ့ လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ဝယ် ၊ ယောက္ခမ ပေးသင့် တာ ပေး ၊ ကျန်တဲ့ ငွေလေး နဲ့ ဆိုက်ကား တစ်စင်း ဝယ်ပြီး ရွှေဘ ခမျာ ဆိုက်ကား နင်း ရတယ်ပေါ့ ။ လင်မယားချင်း ကလည်း တကျက်ကျက် ရယ် ။
တစ်နေ့တော့ ရွှေဘ နဲ့ ထားမူ လင်မယားချင်း ရန်ဖြစ်ပြီး သူငယ်ချင်း ဖြူဖြူ အိမ် ထွက်သွားတယ် ။ ဟိုရောက် တော့ ရင်ဖွင့်တယ် ။
“ စိတ်ညစ်ပါတယ် အေ ၊ ရည်းစားဟောင်း နဲ့ အဆင်မပြေ လို့ အရွဲ့တိုက်ချင်တာနဲ့ ရွှေဘ ကို ကောက် ယူလိုက်ပါ တယ် ၊ စားသောက်ဆိုင် မန်နေဂျာ ၊ ဆိုင်ကယ်ပိုင်ရှင် ဆိုပြီး ဆိုင်ကယ် တဝီဝီ စီးရ မလား အောက်မေ့ပါတယ် ၊ အခုတော့ ဆိုက်ကားသမား မယား ဖြစ်ပါရော့လား ကောင်မရယ် ”
ဒီတော့ ဖြူဖြူ က ပြန် ပြောတယ် ။
“ တော်သေးတာပေါ့ အေ ၊ ငါ ကြည့်ဖူးတဲ့ “ မွန်းတည့်ချိန်မှာ နေဝင်သည် ” ရုပ်ရှင်ကား ထဲ က ချိုပြုံး ပြော သလို ဖြစ်မသွားလို့ ”
ထားမူ တစ်ယောက် ဖြူဖြူ စကား ကြားရတော့ မျက်ခုံး တွန့်သွားပြီး စိတ် ဝင်တစား ဟို က အပြော မစောင့်နိုင်ဘဲ သိချင်ဇောနဲ့ ...
“ ဘာတဲ့တုံး ၊ ပြောစမ်းပါဟ မြန်မြန် ”
“ ဘာရမတုံးဟ ၊ ချိုပြုံး က ပြော တာလေ ၊ ဇာတ်ကား ထဲ မှာ ၊ စိတ်ညစ်ညစ် နဲ့ လောကကြီး ကို အရွဲ့တိုက်လိုက်တာ ၊ လောကကြီး က ဘာမှ မဖြစ်ဘဲ ကျွန်မ ပဲ “ ဖာ” ဖြစ်သွားသတဲ့လေ ”
ဒီတော့ ထားမူ က ဖြူဖြူ ကို မျက်စောင်းထိုး ၊ နှုတ်ခမ်းစူ ပြလိုက်တယ် ။
ရွှေဘ တစ်ယောက် ကတော့ ဘယ်လိုပဲ ဆင်းရဲ ဆင်းရဲ ၊ ဒီလို ဘဝမျိုး တွေ ရိုးနေပါပြီ ။ သူ က ဆိုင်ကယ် မစီးရ လည်း ကိစ္စ မရှိ ။ ဘီယာ မသောက်ရ တော့လည်း ဈေးပေါပေါ နဲ့ ရတဲ့ ဘီအီး သောက်မယ် ။ ဆေးလိပ် ဆို လည်း ကြိုးစည်း မပါပါ ၊ မီးခိုး လာဖို့ပဲ လိုတယ် ဆိုတာမျိုး ။ အသားဟင်း မစားရလည်း
ထမင်းကြမ်းခဲ ယပ်ခတ် စားမယ် ။ ပြဿနာ ဖြစ်လည်း ပတ်ဝန်းကျင် က လူ
တွေက ဘာတွေပဲ ပြောပြော သူ ဘာမှ ခံစား နေလိမ့်မယ် မဟုတ်ဘူး ။ ဒါ့ထက်
ဆိုးဝါးတဲ့ ပြဿနာတွေ ဖြစ်လာခဲ့တာ တောင် သီချင်းဆို ပျက်တဲ့ လူ မှ မဟုတ်ဘဲကိုး ။ အခုလည်း ကြည့် ၊ ဆိုက်ကား နင်း ရင်း အော် ဆိုနေတာ ...
“ မိန်းမသစ္စာ ၊ မာယာ လောက် တော့ ပျင်းသေးတယ် ၊ ပျင်းသေးတယ် ၊ ပျင်းတောင် ပျင်းသေးတယ် ” တဲ့ လေ ။
▢ တင့်လွင်ကျော်ဖြိုး ( စလင်း )
📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၂
No comments:
Post a Comment