❝ ပစ်တိုင်းထောင် ❞
( အောင်လင်း )
အပိုင်း - ၂
ကား နောက်သို့ ရောက်သော အခါ စပယ်ယာ လုပ်သူ က ကျွန်တော့် အား ကားပေါ် သို့ အရင် တက်စေ၍ သူ က နောက်မှ တက်သည် ။ ပြီးမှ သူ့ အိပ်ရာ ကို ကား နောက်ပိုင်း တွင် ခင်းလိုက်သည် ။
ကျွန်တော် က သူ့ အနားတွင် ငုတ်တုတ် ထိုင်၍ နေသဖြင့် သူ က ကျွန်တော့် အား ကား ရှေ့ပိုင်း ချောင် ထဲ သို့ တွဲခေါ်၍ သွားလေသည် ။ ကား အပြင်ဘက် တွင် လမ်းမီးတိုင် ၏ အလင်းရောင် ကြောင့် အနည်းငယ် မြင်ရ သော်လည်း ကား အတွင်းပိုင်း တွင် ဘာကို မှ မမြင်ရ ၊ ရုတ်တရက် အလင်း ထဲ မှ ဝင်သွား၍ အားလုံး မှောင်မည်း နေသည် ။ ကားစပယ်ယာ သည် ကျွန်တော့် အား ရှေ့ပိုင်း ချောင် ထဲ တွင် ထားခဲ့၍ သူ့ နေရာသို့ ပြန် သွားလေသည် ။ ကျွန်တော် သည် နေရာတွင် မလှုပ်မယှက် ထိုင်ရင်း ဘေးပတ်ဝန်းကျင် ကို ကြည့်လိုက်မိသည် ။ သည်တော့မှ လည်း မျက်စိများ မှာ ကျင့်သားရလာသည် ။
အလင်းရောင် မှိန်မှိန် အောက် တွင် ခြေပစ်လက်ပစ် လှဲ၍ အိပ် နေသော မိန်းမ တစ်ယောက် ကို တွေ့ ရသည် ။ ကျွန်တော် ဟုတ်မဟုတ် သေချာအောင် သိလိုသဖြင့် အိတ် ထဲမှ မီးခြစ် ကို ခြစ်၍ ဆေးပေါ့လိပ် ကို မီးညှိ လိုက်သည် ။ ထိုအခါ ကျွန်တော့် မျက်လုံးများ မှာ မယုံနိုင်အောင် ရှိတော့သည် ။ မြင်ရသော အရာကို ဆက်၍ မကြည့်ရဲ သဖြင့် မီးခြစ်ဆံ ကို ငြိမ်းသတ်လိုက်ရသည် ။
ကျွန်တော့် ရှေ့တွင် ရှိနေသော အရာကား မိန်းမ တစ်ယောက် အမှန်ပင် ဖြစ်နေသည် ။ ဖြစ်နေရုံ သာမက ကျွန်တော့် မျက်စိ ကို ကျွန်တော် မယုံနိုင်အောင် ရှိရပြန်သည် ။
မိန်းမပျို ၏ ကိုယ် ၌ အင်္ကျီမရှိ ၊ အတွင်းခံအင်္ကျီ ကို ကြယ်သီး မတပ်ဘဲ ဖွင့်ထား သဖြင့် သူ ၏ သုံးဆယ့်နှစ်ကောဋ္ဌာသ ကို မမြင်ချင် အဆုံး ရှိတော့သည် ။
ထဘီ မှာ လည်း ကိုယ်ပေါ် တွင် ရှိရုံသာ ရှိတော့သည် ။ အောက်စ တစ်ဖက် မှာ အပေါ်သို့ တက်နေသည် ။ ပေါင်သားကလေး တစ်ဖက် ကို လျှပ်တစ်ပြက် အတွင်း ဖွေးခနဲ မြင်လိုက်ရသည် မှာ ဈေးတွင် ရောင်းရန်ချိတ်ဆွဲ ထားသော ဝက်ပေါင်သားကြီးများ လို ဖြူဖွေးအိစက်၍ နေပေသည် ။ ထဘီ အထက်စ မှာ လည်း အောက်သို့ လျှောကျ နေပြန်သဖြင့် ကျွန်တော့် မျက်လုံးများ မှာ အောက်သို့ ပင် လိုက်၍ မကြည့်ရဲတော့ချေ ။
ထို့ကြောင့် ကျွန်တော် သည် မီး ကို အမြန် ငြှိမ်းလိုက်ရသည် ။ မိန်းမပျို သည် ကျွန်တော့် မီးရောင်ကြောင့် ဘာမှ ရှက်ခြင်း ကြောက်ခြင်း မရှိပေ ။ ဤသည်မှာ လည်း ကျွန်တော့် အတွက် အဆန်း ဖြစ်နေသည် ။ အံ့ဩစရာ လည်း ကောင်းလှသည် ။ အဝတ်အစား ဖရိုဖရဲ ဖြစ်နေသော မိန်းကလေး တစ်ယောက် က ယောက်ျား တစ်ယောက် မြင်သွားသည် ကို မရှက်မကြောက်ဘဲ နေရဲခြင်း မှာ ဤ တစ်ကြိမ် သာ ကျွန်တော် တွေ့ ဖူးလေသည် ။
“ ယိုသူမရှက် မြင်သူရှက် ” ဆိုသော စကားသည် ကျွန်တော့် အတွက် အလွန် မှန်၍ နေလေသည် ။ သူ မရှက် သော်လည်း ကျွန်တော် ရှက်လာသည် ။ မိန်းမပျို သည် ကျွန်တော့် အား ဂရုမစိုက် သလို တစ်ချက် လှမ်း၍ ကြည့်ပြီးလျှင် ကျွန်တော် ရှိရာသို့ လူးလွန့်၍ လာလေသည် ။ ကျွန်တော့် သူ့ အလစ် ထ ရန် ကြံစည်မိ၏ ။
သူ သည် ကျွန်တော် ၏ အရိပ်အကဲ ကို သိ၍လား မသိ ။ ရုတ်တရက် ကျွန်တော့် လက် ကို ဖမ်းဆွဲ ထားလိုက်၏ ။ ကျွန်တော် က ရုန်းရန် ကြိုးစားမိသည် ။ ကျွန်တော့် တွင် အား မရှိတော့ချေ ။ နတ်ပူး သကဲ့သို့ တစ်ကိုယ်လုံး ဆတ်ဆတ်တုန် လာလေသည် ။ မိန်းမပျို သည် ကျွန်တော့် လက် ကို ဆွဲ၍ သူ့ အနားသို့ ခေါ် နေပြန်သည် ။ ကျွန်တော် က ကြောက်ကန်ကန်၍ ရုန်းလိုက်ပြန်သည် ။ ဤသည် ကို မိန်းမပျို က ကျေနပ်၍လား မသိ ။ တဟားဟား ရယ်လိုက်ပြန်သည် ။
“ လာလေ .. ၊ ကဲ … ဘာလုပ်နေတာလဲလို့ ”
ကျွန်တော် သည် မိန်းမပျို ၏ အမိန့် ကို မလွန်ဆန်နိုင်သူ ကဲ့သို့ သူ့ အနားသို့ တရွေ့ရွေ့ ပါသွားလေသည် ။
မိန်းမပျို က ကျွန်တော် ၏ ပါးပြင် ကို လက်နှင့် စမ်းလိုက်သည် ။ ပြီးမှ ကျွန်တော့် လက်မောင်း ကို ဆုပ်နယ်၍ ပေးလိုက်သည် ။ မိန်းမပျို ၏ လက်များ ကား ပူနွေး၍ နေလေတော့သည် ။
“ ကဲ ... ကိုယ်တော်လေး ၊ ဘယ်လဲ ၊ တောများ ထွက်တော့မလို့လား ”
ကျွန်တော် သည် မိန်းမပျို အား ဘာမှ ပြန်၍ မပြောမိ ။ ကျွန်တော့် တစ်ကိုယ်လုံး မှာ ကား အေးစက်၍ နေတော့သည် ။
“ လက်တွေ က လည်း အေးလိုက်တာကွယ် ၊ ဘယ်လိုများ ဖြစ်နေတာတုံး ”
“ ကျွန်တော် ကြောက်တယ်ဗျာ ၊ ခင်ဗျား အိပ်ရင် အိပ်တော့ ၊ ကျွန်တော် စောင့်နေပါ့မယ် ”
မိန်းမပျို သည် ကျွန်တော့် အား ခေါင်း စောင်း၍ ကြည့်လိုက်သည် ။ သူ့ မျက်နှာသည် ကျွန်တော့် မျက်နှာ နှင့် ကပ်၍ နေတော့သည် ။ သူ့ နှာခေါင်း မှ ရှူထုတ်လိုက်သော လေကလေး သည် ကျွန်တော့် ပါးပြင်၌ တိုးဝှေ့ ကစားနေတော့သည် ။
“ ဘုရားရေ ၊ မင်း က များ …. ငါ့ ကို ကြောက်တယ် ၊ ဟုတ်လား ၊ အဆန်း ပဲဟေ့ မင်းကလေး ကတော့ အဆန်းပဲ ၊ အမလေး .. ဒီလိုဆိုရင် ကျွန်မ က လည်း အကြိုက်ပါပဲရှင် ၊ မိုးလင်းလိုက်ပါတော့ .. ”
ကျွန်တော် သည် စိတ်မရှည်နိုင်တော့ပေ ။ သူ ပြောသော စကားများ ကိုလည်း ကျွန်တော် နားလည်၍ မရတော့ပေ ။
“ မိုး မလင်းသေးဘူးဗျ ၊ ခုမှ နှစ်ချက်ထိုးလောက် ရှိသေးတယ် ၊ ဒါကြောင့် ခင်ဗျား ကို အိပ်ချင် အိပ်လို့ ပြောနေတာပေါ့ ”
မိန်းမပျို သည် ကျွန်တော် ၏ စကားကို ပြက်လုံး သဖွယ် သဘောကျ နေတော့သည် ။
“ ဪ …. မိုးမလင်းသေးဘူးလား ၊ အေး ... အေး .. မင်း အိပ်ချင်အိပ်ပါကွယ် ၊ ငါ တော့ မအိပ်တော့ပါဘူး ”
ကျွန်တော် သည် မိန်းမပျို ကို ထူးထူးဆန်းဆန်း ကြည့်နေမိသည် ။
“ မီး ပါရင် မမ ဆေးလိပ် ကို မီးကလေး ညှိပေးစမ်းပါကွာ ”
မိန်းမပျို လက် ထဲမှ စီးကရက် ကို ယူ၍ မီးညှိ ပေးလိုက်သည် ။ သူ သည် ကျွန်တော် မီးညှိ ပေးသော စီးကရက် ကို စတိုင်ကျကျ ဖွာ၍ နေသည် ။
“ ငါ့ မောင် က ရန်ကုန် က ထင်တယ်နော် ”
“ ကျွန်တော် တောကပါ "
“ ဪ … ဒါဖြင့် ရန်ကုန် ကို အလည် လာတာပေါ့ ”
“ မဟုတ်ပါဘူး"
“ အရောင်းအဝယ် နဲ့ လာတာလား ”
“ မဟုတ်ဘူးဗျ ”
“ ဟင် ... ဒါဖြင့် ဘာလာလုပ်တာလဲ ”
ကျွန်တော့် မှာ မိန်းမပျို ၏ အမေး ကို ဖြေသင့် မဖြေသင့် စဉ်းစား မရနိုင်တော့ပေ ။
“ ကျွန်တော် အလုပ် လုပ်ရအောင် လာတာပဲ ”
မိန်းမပျို က တစ်ခါ ရယ်လိုက်ပြန်သည် ။
“ ဟေ ... ရန်ကုန် ကို အလုပ် လုပ်ရအောင် လာတယ် ... ဟုတ်လား ”
ကျွန်တော် က သူ့ အမေး ကို ထပ်၍ မဖြေတော့ ။ ကျွန်တော့် စကား များသည် သူ့ အတွက် ဘာကြောင့် ရယ်စရာ ဖြစ်နေသည် ကို သာ စဉ်းစား၍ မရအောင် ရှိတော့သည် ။
“ နေစမ်းပါဦးဗျ ၊ ကျွန်တော် အလုပ် လုပ်မယ် ဆိုတာ ရယ်စရာလား ”
“ ရှင် ... ၊ ရှင့် ကို ရယ်တာ မဟုတ်ဘူး ၊ ကျွန်မ လည်း အတူတူပဲ ၊ ရန်ကုန် ကို အလုပ် လုပ်ရအောင် အစတော့ လာခဲ့တာပဲ ၊ နောက်တော့ ထင်တာနဲ့ တခြားစီ ဖြစ်နေလို့ပါ ၊ ရန်ကုန်မြို့ကြီး ဟာ ကျွန်မတို့ ထင်တော့ မြို့ ကြီး သလောက် အလုပ်အကိုင်တွေ ပေါ ၊ ပိုက်ဆံတွေ ပေါ ၊ စားစရာ သောက်စရာတွေ ပေါတယ်လို့ ထင်ခဲ့တာပေါ့ ၊ တကယ်ဆိုတော့ ရန်ကုန်မြို့ကြီး ဟာ ဘာနဲ့ တူသလဲ ဆိုရင် ငရဲ နဲ့ နတ်ပြည် ပေါင်းပြီး တည်ထားတဲ့ မြို့ကြီး ပဲ ၊ ပေါ တဲ့ လူတွေ မှာ သိပ် ပေါသလောက် ရှားတဲ့ လူတွေ မှာ သိပ် ရှားတာပဲ ၊ သူဌေး တွေ အတွက် နတ်ပြည် လောက် သာယာပေမဲ့ ဆင်းရဲသားတွေ အတွက် ငရဲပြည် ရောက်ရသလို ဒုက္ခ ခံ နေရတာပဲ ၊ ကျွန်မ က ရန်ကုန်မြို့ ကို တိုက်ကြီး တွေ ဆိုင်ကြီးတွေ ကြည့်ရင်း အားကိုး လာကြတဲ့ လူတွေ ကို ကိုယ်ချင်းစာမိ လို့ပါ ၊ တကယ်တော့ ဒီ တိုက်ကြီးတွေ ဆိုင်ကြီးတွေ ဟာ ကျွန်မတို့ နဲ့ ဘာမှ မဆိုင်ဘူး ”
မိန်းမပျို ၏ စကားများ သည် ကျွန်တော့် အတွက် အံ့ဩစရာ ကောင်းလှသည် ။ သူ ၏ စကား ကို ယုံရမလို မယုံရမလို ဖြစ်နေမိတော့သည် ။
“ နေတော့ ရော ... ဘယ်မှာ နေလဲ ”
“ ခုတော့ ဒီ ကား ပေါ်မှာပဲ အိပ်တာပဲ ၊ နောက်တော့ ဘယ် နေရမှန်း တောင် မသိဘူး ”
“ ရှင် လည်း ယောက်ျားကလေး ဖြစ်ပေလို့ ၊ မိန်းကလေးများ ဖြစ်ရင် အလီမူလာ ရောက်မှာပဲ ”
မိန်းမပျို သည် ပြောရင်း ရယ်လိုက်ပြန်သည် ။
“ အလီမူလာ ဆိုတာ ဘာလဲဗျ ”
“ အလီမူလာ ဆိုတာ ပြည့်တန်ဆာတွေ နေတဲ့ နေရာ ကို ပြောကြတာပေါ့ ”
ကျွန်တော် သည် မိန်းမပျို စကားကြောင့် ဒေါသ ဖြစ်မိပြန်လေသည် ။
“ ဒါဖြင့် ခင်ဗျား က ကျုပ် ကို ပြည့်တန်ဆာ ဖြစ်မယ်လို့ ပြောတာပေါ့ ဟုတ်လား ”
မိန်းမပျို က အသံ ထွက်အောင် ရယ်လိုက်ရင်း ...
“ ရှင့် ကို ပြည့်တန်ဆာ ဖြစ်မယ်လို့ ပြောတာ မဟုတ်ဘူး ၊ ရှင် ပြည့်တန်ဆာ ဖြစ်ရင်လည်း ဘယ်သူမှ ခေါ်ကြမှာ မဟုတ်ဘူး ၊ ကျွန်မ ပြောတာက ရန်ကုန် ရောက်ရင် ယောက်ျားကလေး ဆိုတော့ တော်သေးတယ် ၊ မိန်းကလေး ဆိုရင် ပျက်စီးတတ်ပုံ ကို ပြောပြနေတာပါ ”
“ ဒါကတော့ အလုပ် မှ မလုပ်ချင်ဘဲကိုးဗျ ”
“ ဒီလို ဘယ် ဟုတ်မလဲရှင် ၊ လူ ဆိုတာ ကောင်းကောင်း စား ၊ ကောင်းကောင်း ဝတ်ချင်ကြတာချည်းပဲပေါ့ ၊ ဒါပေမဲ့ အလုပ် ဆိုတာ လွယ်တာ မဟုတ်ဘူး လုပ်ချင် လည်း ရတာ မဟုတ်ဘူး ၊ ကျွန်မ လည်း ရှင့် လိုပေါ့ ၊ ရန်ကုန် ရောက်စတုန်း ကတော့ အလုပ် လုပ်မယ် ၊ ငွေ စုမယ် ဆိုပြီး လာခဲ့တာပေါ့ ၊ ဒီ ရောက်တော့ ဘာဖြစ်လဲ ၊ ခု ရှင် မြင်တဲ့ အတိုင်းပဲ ၊ နောက်ဆုံးတော့ ပျက်စီးရ တာပဲ ၊ ကျွန်မ အစုံ လုပ်ဖူးတယ် ၊ ဈေး လည်း ရောင်းဖူးတယ် ၊ ထီ စာရေးမ လည်း လုပ်ဖူးတယ် ၊ ဒါပေမဲ့ နောက်ဆုံးတော့ ဒီ ဘဝ ရောက်ရတာပဲ ”
ကျွန်တော် သည် မိန်းမပျို ၏ စကား ကို နားထောင် နေရင်း သနား သလို ဖြစ်မိသည် ။ သူ သည် လက် ထဲ မှ တိုနေသော စီးကရက် ကို တအား ဖွာ ပြီး ဘေး၌ ထိုး၍ ချေလိုက်သည် ။
“ ခင်ဗျား အဖေအမေ က ရော …. ခင်ဗျား ကို ဒီလိုပဲ ကြည့်နေတာပဲလား ၊ ပြန် မခေါ်ဘူးလား ”
“ အဖေအမေ ဟုတ်လား ၊ ရယ်စရာ ကောင်းသေးရဲ့ ၊ ကျွန်မ မှာ အဖေ မရှိဘူး ၊ ပထွေး နဲ့ နေရတာ ၊ နောက်ဆုံး ပထွေး က အနိုင်ကျင့်ချင် တိုင်း ကျင့်လို့ ဒီကို ပြေးလာတာ ၊ အမေ တော့ ပထွေး လက် ထဲမှာပဲ ဒုက္ခခံပြီး သေ သွားတယ် ၊ ဒီတော့လည်း ကျွန်မ အတွက် ဘာမှ မထူးတော့ဘူး ၊ ဖြစ်ချင်ရာ ဖြစ် ဆိုပြီး နေခဲ့တာ ၊ ခုတော့ ကိုယ် ရောက်တဲ့ ဘဝ မှာပဲ ပျော်ရတာပေါ့ ၊ စိတ် ညစ် နေလည်း အပိုပဲဟာ ၊ ဖြစ်သလို နဲ့ ပျော်သလို နေတာ အကောင်းဆုံးပဲ ”
ကျွန်တော် သည် မိန်းမပျို ၏ စကားကို နားထောင်ရင်း အံ့သြသလို လည်း ရှိမိသည် ။ သူ့ အတွက် သနားသလို လည်း ဖြစ်မိသည် ။ မိန်းမပျို တစ် ယောက် က ဖြစ်ချင်ရာ ဖြစ် ဆိုပြီး စွန့်ရဲ လျှင် ကျွန်တော် လို ယောက်ျား တစ်ယောက် က ဘာမှ မစွန့်ရဲစရာ မရှိ ဟူသော စိတ်များ ဝင်လာကာ အားတက်မိ ရသည် ။ တစ်ဖန် သူ ၏ ပျက်စီးနစ်မွန်းနေသော ဘဝ ကို သိရပြန်သော အခါ သူ့ အတွက် သနားမိရ ပြန်လေသည် ။ ဈေး အနီးတစ်ဝိုက် တွင် ကား ပြန် အသက်ဝင်၍ လာလေသည် ။
ကားသံများ ဆူ၍ လာသည် ။ ပန်းသည်များ အသံ သည် ဆူညံလျက် ရှိသည် ။
“ ကဲ .. ရှင့် ၊ ခုပဲ မိုးလင်းတော့မယ် ၊ ကျွန်မ ပြန်ရတော့မယ် ၊ ရှင် ရော ... ရှင့် ကိစ္စ ရှိတာကို ရှင် ပြီးအောင် လုပ်လေ ”
“ ဗျာ ... ကျွန်တော့် ကိစ္စ ဟုတ်လား ၊ ကျွန်တော့် ကိစ္စက ဘာမှ လုပ်စရာ မရှိဘူး ၊ ခင်ဗျား ကို အပြန် ပို့ရုံပဲ ”
မိန်းမပျို သည် ကျွန်တော့် အား ကလေး တစ်ယောက် လို ပွေ့ဖက် လိုက်ရင်း -
“ ရှင် ဟာ တကယ့် အစိမ်းသက်သက်ပဲ ၊ ဒါကို ပြောနေတာ မဟုတ်ဘူး ရှင့် ၊ ခက်လိုက်တာ ၊ ဟို ... ကျွန်မ လည်း မပြောတတ်တော့ဘူး ၊ ရှင့် လူတွေ က ကျွန်မ ကို ဘာလို့ ခေါ်လာသလဲ ... သိရဲ့လား ”
သူ ၏ အမေး ကို ကျွန်တော် က ခေါင်းခါ၍ ဖြေလိုက်သည် ။
“ ကျွန်မ ကို အလကား ခေါ်လာတာ မဟုတ်ဘူး ၊ သူတို့ ပျော်ချင်လို့ ပိုက်ဆံ ပေးပြီး ခေါ်လာတာ ၊ အဲဒါ ရှင် လည်း ပျော်ချင် ပျော်ဖို့ ပြောနေတာ ၊ ကဲ ... သိပလား ”
“ ကျွန်တော် ပျော်သားပဲ ”
“ ငါ့ နှယ် နော် .. စိတ်ညစ်လိုက်တာ ၊ ရှင့် လို လူချည်းသာ ရှိရင် ကျွန်မ တို့ ဒီ အလုပ်ကို လုပ်စားလို့ တောင် ဖြစ်မှာ မဟုတ်ဘူး ၊ ဒါကို ပြောတာ မဟုတ်ဘူးရှင့် ၊ စားဖို့ ပြောတာ .. ”
မိန်းမပျို သည် ပြောပြောဆိုဆို အားမရ ဖြစ်ကာ ကျွန်တော့် အား ဖက်လိုက်သည် ။ ပြီးမှ အားနာ သလို ဖြစ်သွားမိသည် ။
“ ကျွန်တော် နှမချင်း စာနာတတ်ပါတယ်ဗျာ ၊ သူများ သားသမီး ကို ကျွန်တော် မပြစ်မှား တတ်ပါဘူး ”
“ ရှင် ဟာ ဘုန်းကြီး ဝတ်ဖို့ ကောင်းတဲ့လူပဲ ၊ ရှင့် ရွာ မှာ ချစ်သူတွေ ဘာတွေ မရှိဘူးလား ”
“ ဟင့်အင်း .. မရှိဘူး ”
“ ဒါဖြင့်ရင် ရှင် ဘာလို့ ဒီကို ထွက်လာတာလဲ ၊ ရွာ မှာ အလုပ်အကိုင် ရှာပြီး လုပ်ရောပေါ့ ”
“ ရွာ မှာ ကျွန်တော် လုပ်စရာ အလုပ် က ဘာမှ မရှိဘူး ၊ ကြံဖန် လုပ်ရင် တော့ ရှိတာပေါ့လေ ။ လုပ်ရတာ လည်း ကျီးလန့်စာစား ဆိုတာလို မထွန် ချင်ဘူး ။ လှေ လိုက်တာ က လည်း ပင်ပန်းတယ် ၊ ပင်ပန်း သလောက် ခရီး မရောက်ဘူး ၊ ဒါကြောင့် ကျွန်တော် ဒီကို လှေ က ဆင်းပြီး ထွက်လာတာ ၊ အသိတွေတော့ ရှိတယ် ဒါပေမဲ့ ဘယ် နေလို့ နေမှန်း မသိဘူး ”
“ အေးလေ ၊ ရောက်စ ဆိုတော့ လည်း ဒီလိုပဲ နေမှာပဲ ၊ အကူအညီလေး ဘာလေး လိုရင် ပြောပေါ့ ”
“ ကျွန်တော့် အတွက် အလုပ်ကလေး ဘာလေးများ ရှိရင် ပြောပါဗျာ ၊ ဘာအလုပ် ဖြစ်ဖြစ် ကျွန်တော် လုပ်ပါ့မယ် ”
“ ရှင် အိမ် ကို လာခဲ့ ၊ ကျွန်မ တွေ့ရင် ပြောပါ့မယ် ၊ ကဲ .. ပြန်ကြရအောင် ၊ မိုးလင်းပါပြီ ”
မိန်းမပျို သည် အဝတ်အစားများ ကို ပြန် ပြင်၍ ဝတ် လိုက်သည် ။ ကျွန်တော် သည် ကားပေါ် မှ ဆင်း၍ မိန်းမပျို အား စောင့်နေသည် ။ အတန်ကြာ မှ မိန်းမပျို သည် ကား ပေါ် မှ ဆင်း၍ လာသည် ။
ကျွန်တော် က ဘယ် သွားရမှန်း မသိ၍ ရပ် နေမိသည် ။ သူ ကပင် ဦးဆောင်၍ ကျွန်တော့် ကို ခေါ်သွားလေသည် ။
ရန်ကုန်မြို့ကြီး သည် အသက်ဝင်စ ပြုလာလေပြီ ။ တချို့ ဈေးဆိုင် များပင် ဖွင့်စ ပြုနေပေပြီ ။ ဖွင့်ပြီးသား ဆိုင်ကလေးများ က အော်ဟစ် ရောင်းချ၍ နေသည် ။
ခရီးသည် တင်သည့် ကားများ သာ ပြေးစ ပြုနေကြသည် ။
ကျွန်တော် သည် အသွားလမ်း ကို မှတ်ရတော့သည် ။ လမ်းတိုနှစ်လမ်း နှင့် လမ်းကျယ်ကြီး တစ်လမ်း ကို ဖြတ်ကျော်လာခဲ့သည် ။ နောက် လမ်းထိပ် တစ်ခု သို့ ရောက်သောအခါ မိန်းမပျို က ရပ်၍ ...
“ ကဲ … လာ ၊ နို့လေးဘာလေး သောက်ရ အောင် ” ဟု ကျွန်တော့် အား ခေါ်လေသည် ။ ကု,လားနွားနို့ဆိုင်ကလေး တွင် ကျွန်တော်တို့ ထိုင်ကြ ပြန်သည် ။ မိန်းမပျို က သွက်လက်စွာပင် နို့နှစ်ခွက် မှာလိုက်သည် ။ ပြီးတော့ ပေါင်မုန့်အလုံးကလေး နှစ်လုံး ကို ရွေး၍ ကျွန်တော့် အား တစ်လုံး ပေးလိုက်သည် ။ သူ က ကြက်ဥအစိမ်း ကို ဖောက်၍ ပေါင်မုန့် အလယ် တွင် ဖဲ့၍ ထည့်လိုက်သည် ။ ပြီးမှ အားရပါးရ စား လိုက်ပြန်သည် ။
ကျွန်တော် က မူ နို့ နှင့် ပေါင်မုန့် ကို စားရင်း မိန်းမပျို ကို သာ ကြည့် နေမိသည် ။ အလင်းရောင် အောက်၌ မြင်ရသော မိန်းမပျို ၏ ရုပ် ကို ကျွန်တော် ခုမှ ထင်ထင်ရှားရှား မြင်ရလေသည် ။
မိန်းမပျို ၏ အသား က မဖြူမညို ပင် ရှိသည် ။ အလုံးအပေါက် က တောင့်တင်းပြည့်ဖြိုးသည် ။ မျက်လုံး နှင့် နှုတ်ခမ်းများ မှာ အထူး ကြည့်၍ ကောင်းသည် ။
မျက်လုံးကလေးများ သည် ခပ်မှေးမှေး ရှိနေ၍ တစ်မျိုး ကြည့်ကောင်း နေသည် ။ နှုတ်ခမ်း က ထူ၏ ။ အောက်နှုတ်ခမ်း က တွဲကျနေသလိုပင် ရှိသည် ။ သို့သော် ဘာကြောင့်မှန်း မသိ ။ ဤသည်ကပင် တစ်မျိုး ကြည့်ကောင်း နေသလို ရှိနေသည် ။ ရယ်လိုက် သည့် အခါ သွားများ က ဝင်းခနဲ လက်လိုက် ပုံမှာ ပို၍လှသည် ။ ကျွန်တော် ဇာတ်ပွဲ တွင် ကာလသားများ စွဲလမ်း ခဲ့ရသော တလိုင်းမကလေး ခင်ကြည် နှင့် တူသလို ထင်မိသည် ။
တလိုင်းမကလေး ခင်ကြည် သည် သူ့ လိုပင် တုတ်တုတ်ခဲခဲ နှင့် ချစ်စရာ ကောင်းသူ ဖြစ်သည် ။
တလိုင်းမကလေး သည် မေးထိုး၍ ကသည့် အခါတွင် သွားကလေးများ ပေါ်အောင် ပြုံးတတ်သည် ။ ထိုအခါတွင် ရွှေသွားကလေးများ မီးရောင် နှင့် တလက်လက် ဝင်း၍လာလေသည် ။ ဤသည်လည်း ယခု မိန်းမပျို နှင့် ဆင်သလို ရှိသည် ။
ကျွန်တော် သည် နို့ ကို သောက်ရင်း မိန်းမပျို ကိုသာ ငေးစိုက်၍ ကြည့်နေမိသည် ။
“ ခင်ဗျား နာမည် ဘယ်လို ခေါ်သလဲဟင် ”
မိန်းမပျို သည် နွားနို့ဖန်ခွက် ကို အနည်းငယ် မော့၍ သောက်ပြီးမှ ကျွန်တော့် ဘက် လှည့်၍ -
“ အဝင်း တဲ့ ၊ ဘာဖြစ်လို့လဲ ”
“ ဘာမှမဖြစ်ပါဘူး ၊ နောက် မှတ်ထားရတာပေါ့ ”
“ ရှင် မှတ်ထားချင်ရင် ဒီလို မေးလို့ မရဘူး ၊ အဝင်းတွေ က အများကြီး ၊ ရွှေသွားအဝင်း ဒါမှ မဟုတ်ရင် မလှမေ လို့ မေး မှ ရမှာ သိလား ၊ ရှင့် နာမည် ကကော … ”
“ ငယ် နာမည်ကတော့ ဘဲကေ တဲ့ ၊ ကြီးတော့ သံချောင်း လို့ ခေါ်ကြတယ် ”
အဝင်း သည် နို့များသီး သွားမတတ် ရယ်လိုက်သည် ။
“ သံချောင်း ဟုတ်လား ၊ ရှင် ဟာ နာမည် နဲ့ လူ နဲ့ မလိုက်ပါဘူး ၊ နာမည် က သံချောင်း ၊ လူ က ဖယောင်း ပဲ ”
အဝင်း သည် ရယ်ရင်း မောရင်း ပိုက်ဆံများ ကို ရှင်း၍ ပေးလိုက်သည် ။
ကျွန်တော် က အဝင်း ပြောသည့် စကားကို နားမလည် ။ ကျွန်တော့် အား ဘာလို့ ဖယောင်း လို့ ခေါ်သည် ကို လည်း ကျွန်တော် မသိပေ ။
ဆိုင် မှ ထွက်လာသောအခါ လမ်းကျယ်ကြီး တစ်ခုကို ကျော်ရပြန်သည် ။ အဝင်း သည် ကျွန်တော် ၏ လက် ကို ဆွဲ၍ လမ်း ကို ဖြတ်ကူးသည် ။ ထိုသို့နှင့် ပင် လမ်းကျယ် တစ်ခု သို့ ရောက်ခဲ့လေသည် ။ တစ်ခုသော တိုက်ကြီး ဘေးမှ ဖြတ်၍ နောက်ဖေး လမ်းကြား သို့ ဝင်ခဲ့ ပြန်သည် ။ တိုက် နောက်ဖေးဘက် တွင်ကား တဲကလေးများ ဖျက်သိမ်းလျက် ရှိသည် ။ ဝင်လျှင် ဝင်ချင်း ရှေးဦးစွာ ဆိုးရွားသော အနံ့ကြီး တစ်ခု ကို ရှူလိုက်ရသည် ။ ထို့နောက် မြောင်းဘေး သို့ စီးဆင်းလာသော အပုပ်ရေများ ကို တွေ့ ရသည် ။ အနှစ်နှစ် အလလ ရှိနေဟန် တူသော အမှိုက်ပုံ အဆွေးကြီး ကိုလည်း တွေ့ ရသည် ။ ထို တဲအိမ်များ ကြား သို့ ဝင်သွားသည့် အခါတွင် လူသွား လမ်းကလေး တစ်ခု ကို တွေ့ ရသည် ။ လမ်းကလေး မှာ ရွှံ့ဗွက် ထဲ တွင်ဖြစ်၍ အုတ်ခဲကျိုးကလေးများ စီ ထား သော်လည်း နင်းလိုက်သည့် အခါတိုင်း ရွှံ့ဗွက်ပုပ် ထဲတွင် ဖိနပ်များ ပါ နစ်သွား မတတ် ရှိတော့သည် ။ တဲ သုံးတဲ ကျော်မိလျှင် အဝင်း သည် တဲ တစ်ခု ၏ ဝင်းတံခါးပေါက် နား သို့ ရပ်လိုက်ပြီး အတွင်း မှ လူ ကို နှိုးလိုက်သည် ။ အတန်ကြာ မှ တဲတံခါး တစ်ဖက် ပွင့်၍ လာသည် ။
တဲ အတွင်း မှ လူ တစ်ယောက် ထွက်လာသည် ။ ထို လူ သည် အဝင်း အား ရှုသိုးသိုး ဖြင့် ကြည့် လိုက်ရင်း ...
“ အေးအေးဆေးဆေး ဖြစ်ခဲ့ရဲ့လား ”
အဝင်း က ထို သူ အား တစ်ချက် ပြုံး၍ ကြည့်လိုက် ပြီးလျှင် အတွင်းခံ အိတ် ထဲမှ ဆယ်တန်စက္ကူများ ကို ထုတ်၍ သူ့ အတွက် တရွက် ယူ ထားပြီး လျှင် ကျန် သုံးရွက် ကို လှမ်း၍ ပေးလိုက်သည် ။ ထို လူ သည် ဆယ်တန် သုံးရွက် ကို ယူလိုက် ပြီးလျှင် ..
“ နင် က ဘာလို့ ဒီ တစ်ဆယ် ကို ကိုင်ထားချင်သေးတာလဲ ၊ ဝယ် စရာ ရှိမှ ယူပေါ့ ၊ ငါ့ ဆီ ပေးထား ”
“ ဘာလဲ ၊ အစ်ကို့ ဆီ ပေးထားရင် ဖဲရိုက် ပစ်မှာပဲ ၊ အဝင်း အင်္ကျီ ဝယ်မလို့ ”
အဝင်း သည် သူ ၏ ဆယ်တန် ကို ခေါက်၍ ထဘီ ကြားသို့ ညှပ်ထား လိုက်သည် ။ ပြီးမှ ကျွန်တော့် ဘက် သို့ လှည့်လိုက်ပြီး ...
“ ကဲ .. ရှင် ပြန်ချင် ပြန်တော့နော် ၊ နောက် ဒီကို လာနိုင်ပါတယ် ၊ အကြောင်းကိစ္စ ရှိရင် အဝင်း တို့ ဆီ လာခဲ့ပါ ၊ အဝင်း တို့ တတ်နိုင်တာတော့ ကူညီပါ့မယ် ရှင် ”
“ ဟုတ်ကဲ့ဗျာ ၊ ကျွန်တော် တော့ အသိ မရှိ ဘာမရှိ ဆိုတော့ ခင်ဗျားတို့ ကို မိတ်ဆွေရင်း လို သဘော ထားရမှာပဲ ၊ ကဲ ... ပြန်ဦးမယ်ဗျာ ”
ကျွန်တော် သည် အဝင်း တို့ လမ်း ထဲမှ လာလမ်း အတိုင်း ပြန်၍ ထွက်ခဲ့လေသည် ။
ရန်ကုန်မြို့ကြီး သည် လှုပ်ရှား ဆူညံ လျက် ရှိလေပြီ ။
ကနေ့ ကျွန်တော် သည် အောက်ခြေလွတ်သော နေ့ ဖြစ်လေသည် ။ နေစရာ ဆိုလည်း ပျောက်ခဲ့လေပြီ ။ ခဏမျှ ခို နေရသော ကား မှာ လည်း ကုန် တင်ရန် ပွဲရုံ သို့ ရွှေ့သွားလေပြီ ။ ကုန် တင် ပြီးလျှင် ပြည် သို့ ပြန်မည် ဖြစ်၍ ကျွန်တော့် မှာ နေစရာ မရှိတော့ပေ ။
ထို့ကြောင့်လည်း ကျွန်တော် သည် တစ်နေကုန် ရန်ကုန်မြို့ ထဲ လျှောက်နေမိသည် ။ ပါးစပ် ပါ ရွာ ရောက် ဆိုသော စကား ကို လက်ကိုင် ထား ၍ ရန်ကုန်မြို့ အနှံ့အပြား သို့ လျှောက်ခဲ့မိသည် ။
သို့ လျှောက်ရင်း အိပ်စရာ နေရာ ကို လည်း ရှာခဲ့ရသည် ။ သည်အခါ တွင် ကျွန်တော် သည် မမျှော်လင့်သော အဖြစ်များ ကို မြင်ရသည် ။
အဝင်း ပြောသော စကား ကို ပြေး၍ သတိရမိသည် ။ အဝင်း ပြော သလိုပင် ရန်ကုန်မြို့ကြီး သည် ငရဲပြည် တစ်ပိုင်း နတ်ပြည် တစ်ပိုင်းများ ဖြစ် နေသလား ဟု စိုးရိမ်မိလေသည် ။
ရန်ကုန်မြို့ကြီး သည် တစ်နေရာ ၌ တိုက်ကြီး အိမ်ကြီးများ ဖြင့် ကြီးကျယ်ခမ်းနား သလောက် တစ်နေရာ တွင် ချောင်ကြိုချောင်ကြားများ ၌ တဲစုတ် တဲကုပ်ကလေးများ ကို တွေ့ ရလေသည် ။
ထို တဲစုတ် တဲကုပ်ကလေးများ ကို မြင်ရသော အခါတွင် မှ ကျွန်တော် တို့ ရွာ လောက်ပင် သန့်ရှင်း သပ်ရပ်ခြင်း ကို မတွေ့ရ ။ အလွန် ကြီးကျယ်မြင့်မား သော တိုက်ကြီးများ ကြား၌ ၎င်း တဲစုတ်ကလေးများ ကို တွေ့ရသည် ။ ၎င်း တဲစုတ်ကလေးများ ၏ မျက်နှာစာ တွင် တိုက်ကြီးများ ပေါ်မှ စွန့်ပစ်ထားသော ထမင်းကျန် ဟင်းကျန် အမှိုက်သရိုက်များ ကို တွေ့မြင်ရသည် ။ အညစ်အကြေးများ ကို လည်း တွေ့ ရသည် ။
အမှိုက်များ ကား အနှစ်နှစ် အလလ က မသိမ်းဆည်း ဘဲ ထားသဖြင့် ပုပ်သိုး ဆွေးမြည့် နေသည် ။ အညစ်အကြေးအရည်များ က ၎င်း အမှိုက်ပုံ ခြေရင်း တွင် စီးဆင်း နေသည် ။
နောက်ဖေး အိမ်များ သည် တဲစုတ်ကလေးများ မှ လူများ ကိုပင် သနား ညှာတာခြင်း မရှိပေ ။ တဲစုတ်များ မျက်နှာစာ တွင် တိုက်တန်းကြီး မှ နောက်ဖေး အိမ်သာများ သည် စီလျက် ရှိကြသည် မှာ မြင်၍ လည်း မကောင်း ၊ အပုပ်နံ့ တထောင်းထောင်း ဖြင့် ရှိလေတော့သည် ။
ထိုသို့သော ရေမြောင်းပုပ် ၊ အမှိုက်ပုံ ၊ အိမ်သာ ၊ ရွှံ့ဗွက် အညစ်အကြေးများ ကြားတွင် တဲစုတ်ကလေးများ မှာ သနားစရာ တည်ရှိ နေသည် ကို လည်း တွေ့ ရတတ်လေသည် ။
မြို့ထဲ လမ်းမကြီးများ ၌ လျှောက်သွားသည့် အခါတွင် ကားကြီး ကားငယ်များ ဖြင့် လူများ သည် ဥဒဟို သွားလာ နေကြသည် ။ ဝတ်ကောင်း စားလှ ဖြင့် ဝတ်ဆင် လာကြသည် မှာ တောဘုရားပွဲ ပင် ရှုံး လောက်သည် ။ ၎င်းတို့ သွားနေသော လမ်းဘေးများ ၌ လူးလှိမ့် အိပ်နေသူများ ကို လည်း အံ့သြ စွာ တွေ့ရလေသည် ။
ကျွန်တော် သည် ထို ဒုက္ခသည်များ ကို တွေ့ ရသောအခါ အရှင် လတ်လတ် ငရဲ ခံနေရသူများ ကို မြင်ရသူ ကဲ့သို့ နှလုံးတုန်မိသည် ။ သူတို့ ကိုယ် ၌ ကား အဝတ်ပင် လုံအောင် မဝတ်နိုင်ကြပေ ။ တစ်ကိုယ်လုံး ၌ လည်း ဖုံ အလိမ်းလိမ်း ကပ်လျက် ရှိနေသည် ။ ကျွန်တော် သည် သူတို့ နားတွင် ကြာကြာ မနေရဲတော့ပေ ။ တောင်မင်း မြောက်မင်း မကယ်နိုင်သော ဘဝ ကို မကြည့် ရက်သဖြင့် သူတို့ အနား မှ ခွာခဲ့ရပြန်သည် ။
စားစရာ သောက်စရာ ဆိုင်ကြီး များ ရှိရာသို့ ရောက်ခဲ့ပြန်သည် ။ ငွေကြေး ရှိသူများသည် ကားအမျိုးမျိုး ဖြင့် လာ၍ စားသောက် နေကြသည် ကို တွေ့ ရသည် ။ သည် ပတ်ဝန်းကျင် ၌ ကား စောစောက အပုပ်နံ့များ ကို မရှိ ၊ ညှော်နံ့များ ရှိုက်ရ သော်လည်း သင်းလျက် ရှိသည် ။ အလိုလို ဆာ၍ လာသည် ။ ကျွန်တော် သည် ဆိုင်တွင်း မှ စားကောင်းသောက်ဖွယ်များ ကို အားရ ပါးရ စားသောက် နေကြသူများ အား ငေးကြည့် မိသည် ။ သူတို့ ဘေး တွင်ကား ခွက်များ ကို ကိုင်၍ တစာစာ တောင်းနေသော သူတောင်းစားများ အား တွေ့ ရပြန်သည် ။
တချို့ကား အဘိုးကြီး အဘွားကြီးများ ဖြစ်ကြသည် ။ သူတို့ အပေါ် ပိုင်း၌ အင်္ကျီ မရှိသောကြောင့် ဟောက်ပက် နေသော ဝမ်းဗိုက်များ က မည်မျှ ဆာလောင် နေသည် ကို မသိနိုင်ပေ ။ တချို့ သားသည် အမေများ သည် ကလေးငယ် ကို လက် ဖြင့် ချီ၍ ကျန် ကလေးကြီးများ အား လက် မှ ဆွဲ၍ တစာစာ တောင်း နေသည် ကို တွေ့ ရလေသည် ။
ဆိုင်တွင်း မှ စားသောက် နေသူများ ကား သူတို့ အား လုံးဝ ဂရုပင် မစိုက် ၊ အစားအသောက် မပျက် ၊ စားသောက် နေကြသည် မှာ လည်း အံ့သြစရာ တစ်ခု ပင် ဖြစ်လေသည် ။
ကျွန်တော် သည် မြို့ ကို အနှံ့ လျှောက်ခဲ့ သော်လည်း ကျွန်တော့် အတွက် အားကိုးအားထား ဟူ၍ တစ်ခုမျှ မတွေ့ ခဲ့ပေ ။ စိတ်ပျက်စရာ နှင့် စိတ်ချမ်းသာစရာ သာလျှင် တွေ့ ရလေသည် ။ ကျွန်တော် သည် ညဘက် တွင် အိပ်နိုင်မည့် နေရာ ကို သာ မှတ်ခဲ့ရတော့သည် ။ ကျွန်တော့် အတွက် အိပ်စရာ နေရာများကား တွေ့ ရလေသည် ။
ညနေဘက် တွင် ကျွန်တော် ၏ ခြေထောက်များ က ဈေးဘက် သို့ အလိုလို ရောက်လာလေသည် ။ ဈေးနား မှ ကျွန်တော် စားနေကျ ထမင်းဆိုင် သို့ ရောက်ခဲ့ပြန်သည် ။ ကျွန်တော် သည် မိုးလင်း မှ နေဝင်သည့် တိုင်အောင် လျှောက်ခဲ့သော်လည်း မနက်စာ ကို ဟုတ်တိပတ်တိ မစားခဲ့ရပေ ။ တွေ့ရာ ကို သာ စားရင်း ဖြင့် မနက်စာ ကို တင်းတိမ်ခဲ့ရသူ ဖြစ်လေသည် ။
ထို့ကြောင့်လည်း ညနေပိုင်း သို့ ရောက်သော အခါတွင် ကျွန်တော် ၏ အစာအိမ် မှာ အလိုလို အော်မြည်၍ လာသလို ထင်ရလေသည် ။ ထို့ကြောင့် လည်း ကျွန်တော် စားနေကျ ရီရီချို ထမင်းဆိုင် သို့ ရောက်ခဲ့လေသည် ။ ထမင်းဆိုင် မှ မိန်းမပျို သည် ခါတိုင်းလို ပင် ကျွန်တော့် အား ဆီးကြို ဧည့်ခံ လေသည် ။ သူ သည် ကျွန်တော့် အား ကောင်းစွာ မှတ်မိပုံ ရလေသည် ။ ကျွန်တော် နှင့် အချင်းပွား ခဲ့သော ယောက်ျား တစ်ယောက် မှာ ကား အစအန ပင် မမြင်ရတော့ချေ ။
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment