Wednesday, June 4, 2025

အုံ့ပုန်းချစ်


 ❝ အုံ့ပုန်းချစ် ❞ 

( မိုးမခ - ကျောက်ဆည် )


သာယာလှတဲ့ ဆောင်းညနေခင်း ရဲ့ ရင်ခွင် တစ်ခုဝယ် သဇင်ပန်း ၊ ရွက်လှ ပန်း ၊ ပန်းအိုးလေးတွေ အစီအရီ နှင့် နံရံကပ် တစ်ထပ်တိုက်ကလေး တစ်လုံး ရဲ့

အိမ်ရှေ့မျက်နှာစာ သို့ ဆိုင်ကယ် တစ်စင်း ထိုးရပ်လိုက်လေသည် ။


ထို ဆိုင်ကယ် ပေါ်မှ လူ က တိုက် အတွင်းရှိ လူ တစ်ဦး တစ်ယောက် ဆီသို့

လှမ်း အော်လိုက်သည့် အသံ ... 


“ ဟေ့ ... ကိုကျော်ရေ ၊ လက်ဖက်ရည်ဆိုင် သွားမလို့ ၊ လိုက်ဦးမလား ” 


ထိုအသံ ကို ကြားကြားချင်းပဲ တိုက်အတွင်း မှ ကိုကျော် ဆိုသူက လေးတိ လေးတွဲ ပျင်းရိ နေသည့် လေသံဖြင့် ... 


“ ဟာ ... ဒီမှာ စာရင်းဇယားတွေ နဲ့ ခေါင်းရှုပ် နေတာ ၊ ဦးနှောက် ဆေးချင် နေတာနဲ့ အတော်ပဲ ၊ လိုက်ခဲ့မယ် ကိုသစ်ရေ ” 


အပြင် ဆိုင်ကယ် ပေါ်မှ ကိုသစ် ဆိုသူ ထံသို့ လှမ်း ဖြေ အပြီး နောက်ဆက် တွဲ ထွက်ပေါ်လာသည့် အသံ က ...


“ မိန်းမ ရေ ၊ ယောက်ျား လက်ဖက်ရည်ဆိုင် လိုက်သွားလိုက်ဦးမယ် ၊ ဘောလုံးပွဲ ကောင်းရင် ကြည့်ချင် ကြည့်ဖြစ်မှာ မို့ နည်းနည်း နောက်ကျမယ်နော် ၊ သား နဲ့ သမီး နဲ့ အတူ ထမင်း စားနှင့်လိုက်တော့ ” 


တီဗီ ဖန်သားပြင် ရှေ့ ကိုရီးယားဇာတ်ကား ထဲ ဈာန်ဝင် နေသည့် မိန်းမ ဖြစ်သူ ထံ သို့ ခွင့်ပန်လိုက်တဲ့ အသံ ။ တစ်ဆက်တည်း ဆိုသလို မိန်းမ ဖြစ်သူ က လည်း ...


“ ဟုတ်ပြီ ယောက်ျား ရေ ၊ တီဗီ ကလည်း အကယ်ဒမီ ရတဲ့ ဇာတ်ကား လာဦး မှာ ဆိုတော့ မိန်းမ လည်း ညဉ့်နက် လိမ့်မယ် ၊ အပြန် ကျရင် လက်ဖက်ရည်ပေါ့ဆိမ့်လေး တစ်ခွက် လောက် ပါဆယ် ဆွဲခဲ့ဦး ” 


“ အေး ... အေး ... သွားပြီ ၊ အိမ်တံခါး ကို လည်း လုံလုံခြုံခြုံ ပိတ်ဦးနော် ” 


အပြန်အလှန် အမှာတော်တွေ ခြွေလှိမ့်ပြီး “ လာ .. သွားကြစို့ ကိုသစ် ရေ ” ဟုဆိုကာ ဆိုင်ကယ် အနောက်သို့ ခွ ထိုင်လျက် ကိုသစ် ဆိုသူ မှ ဆိုင်ကယ် ကို စက် နှိုးပြီး တိုက်ရှေ့ မှ ခုတ်မောင်း ထွက်ခွာခဲ့လေ၏ ။


ဆိုင်ကယ် ကို ဖြည်းညင်းစွာ ခုတ်မောင်းရင်း ရှေ့ မှ ကိုသစ် ဆိုသူ က ..


“ ဘယ့်နှယ်လဲ ၊ အခြေအနေ ကောင်းလား ”


ကိုကျော် ဆိုသူ မှ ပြန် ဖြေလိုက်သည် ။


“ ဒီနေ့ အရောင်းအဝယ် ပါးလိုက်တာကွာ ၊ တစ်သောင်းခွဲ လောက်ပဲ စာရင်း ဖျောက်လို့ ရတယ် ” 


“ အေး .. ငါလည်း မိန်းမ က အံဆွဲ ကို လုံးဝ မျက်နှာသာ မပေးဘူးကွ ၊ ဒါတောင် သူ ဗိုက်နာ လို့ ဆိုပြီး အိမ် ကို အိမ်သာ ပြန် တက်နေတဲ့ အချိန် ရောင်းလိုက်ရတဲ့ ဂျင်းဘောင်းဘီဖိုး တစ်သောင်းခွဲ ပဲ ဘတ်လို့ ရခဲ့တာ ”


အဲဒီလို တစ်ယောက် နဲ့ တစ်ယောက် ညှိနှိုင်းတိုင်ပင် လိုက်တဲ့ ငွေ ရာသီဥတုပမာဏ က ငွေသုံးသောင်း ဆိုတော့ ကိုကျော် ဆိုသူ မှ ...


“ ဟ ... အဲဒါဆို မဆိုးဘူးကွ ၊ လုံလောက်ပါတယ် ”


ကိုကျော် ဆိုသူမှာ မြို့မဈေးကြီး ထဲ တွင် ဆိုင်ခန်း ၃ ခန်းတွဲ ဖြင့် ဆန် ရောင်းဝယ်ရေးလုပ်ငန်း ကို လုပ်ကိုင်သူ ၊ အသက်အရွယ် တော့ ငါးဆယ် စွန်းစွန်း ၊ ကလေး နှစ်ယောက် ၏ ဖခင် ။


ကိုသစ် ဆိုသူ မှာ မြို့လယ်ကောင် ဘူတာတိုက်ခန်း တွင် မိန်းမ နှင့် အတူ အထည်ဆိုင်ကြီး တစ်ဆိုင် ကို ဖွင့်လှစ် ထားသည် ။ အသက်အရွယ်အားဖြင့် လေးဆယ့်ကိုး ၊ ငါးဆယ် ။ ကလေး သုံးယောက် ၏ ဖခင် ။


သူတို့ နှစ်ယောက် က ကျောင်းနေဖက် သူငယ်ချင်းတွေ ဆိုတော့ တစ်ယောက် နဲ့ တစ်ယောက် ပြောမနာ ဆိုမနာတွေပေါ့ ။


သူတို့ ဦးတည်ရာ ဆိုင် တစ်ဆိုင် ရှေ့သို့ ဆိုင်ကယ် အား ထိုးရပ်လိုက်လေသည် ။ သူတို့ ထိုးရပ်လိုက်သည် က လက်ဖက်ရည်ဆိုင် တော့ မဟုတ်ပါ ။ စင်တင်တေးဂီတ နှင့် တွဲဖက် ပြီး ဧည့်ခံ ဖြေဖျော်တဲ့ စည်ဘီယာဆိုင် ။ နှစ်ယောက်သား ဆိုင်ကယ်ပေါ်မှ ဆင်းပြီး ဆိုင်အတွင်းသို့ လှမ်းအဝင် မှာ ပင် ဝိတ်တာလေး မှ ဦးညွှတ်လျက် “ မင်္ဂလာပါ ၊ ကြွပါ ” ဟု ဆိုကာ နေရာချ ပေးပြီး “ ဆရာတို့ ဘာများ သုံးဆောင်ကြမလဲ ”


ကိုသစ် မှ “ အေး ... ဘီယာနှစ်ခွက် ချကွာ ”


“ အမြည်း က ဘာ မြည်းမလဲဆရာ ”


နှစ်ယောက်သား တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် မျက်စပစ်လိုက်၏ ။ ထိုသို့ မျက်စပစ်ရသည့် အကြောင်းရင်း က ပါလာသည့် ငွေပမာဏ နှင့် ဈေးသက်သာမည့် အမြည်း တစ်ခု ကိုသာ မှာလိုက် ဆိုသည့် သင်္ကေတ ဆိုတာ အချင်းချင်း အထာ သိပြီးသားပေမို့ ...


“ အေး.. ပြောင်းဖူးသုပ် ပဲ ပေး ကွာ ၊ ဒီနေ့ သက်သတ်လွတ်ပဲ မြည်း တော့မယ် ” ဟု ကိုသစ် ကပဲ မှာကြား လိုက်လေတော့၏ ။


အချိန် က ညနေ ၆ နာရီ ဆောင်းကာလ ပေမို့ မှောင်မိုက်သော ညဉ့်အချိန် သို့ ကူးပြောင်းခဲ့ပြီလေ ။ မကြာခင် မှာပဲ သူတို့ နှစ်ဦး ထိုင်သည့် စားပွဲဝိုင်း ရှေ့

တည့်တည့် စတိတ်စင် ပေါ်မှ အသံ တစ်ခု ဟိန်းထွက်လာလေ၏ ။ 


“ သာယာသော မင်္ဂလာ ညချမ်းလေးပါ ရှင့် ၊ မကြာခင်မှာပဲ ကျွန်မတို့ ရဲ့ စင်တင်တေးဂီတဖျော်ဖြေမှု အစီအစဉ် စတင်ပါတော့မယ်ရှင် ”


သူတို့ နှစ်ဦး ဘီယာခွက် ကို ကိုယ်စီ ကိုင်မြှောက်ရင်း နှုတ်ခမ်းချင်း ထိကာ စတင် ဌာပနာတော် သွတ်သွင်းကြလေပြီ ။


စတိတ်စင် ပေါ်က ဂီတမယ်လေးများ ၏ သံစဉ်ချိုချိုလေးတွေ က ပျံ့လွင့်လျက် ။


“ ဟေ့ ... ဦး ရောက်နေတာ ကြာ ပြီလား ၊ ဘာဖြစ်လို့ ညီမလေး ကို မခေါ် ခိုင်းရတာလဲ ” 


ဟု ပြောပြောဆိုဆို ကိုကျော် ဘေးသို့ ထိုင်ခုံ ကို တိုးကပ် လိုက်ပြီး ထိုင်လိုက်သူ က ကိုကျော် ၏ ရင်ခုန်သံလေးပေါ့ ။ အသက်အရွယ် က ၂ဝ ကျော် လေး ။ ကျစ်လျစ်သိပ်သည်းစွာ ဝတ်စားဆင်ယင်ထားပုံ က မြင်သူတကာ သွားရည်ယိုစရာပေပဲဗျ ။ 


“ ညီမလေး တစ်ခုခု သောက်လေ ” 


ဝိတ်တာလေး က မမှာလိုက်ရပါဘဲ အလိုက်သိစွာနဲ့ Sprite အချိုရည်ဘူး တစ်ဘူး အား လာ ချပေးလေ၏ ။ 


“ ဒါပြီးရင် ညီမလေး ဆိုရမယ့် အလှည့် ၊ မျက်နှာ မငယ်ရအောင် ပန်းကုံး တစ်ကုံး တော့ စွပ်ပေးဦးနော်လို့ ” ဟု ဆိုကာ ကိုကျော် ဆိုသူ၏ ပါးတစ်ဖက် ကို အားရပါးရ အနမ်း တစ်ပွင့်ခြွေလိုက်ပုံ က ပါးလေး တစ်ခြမ်း ချိုင့်ဝင်သွားမတတ်ပဲ ။


ရှေ့တည့်တည့် မှ ကိုသစ် မှာတော့ မခံချိမခံသာ မျက်နှာ နှင့် ဘေးဘီ သို့ လိုက်လံ ကြည့်ရှုနေလေ၏ ။ ထိုသို့ ကြည့်ရှုရသည့် အကြည့် က အကြောင်းမဲ့တော့ မဟုတ် ။ သူ ၏ ရင်ခုန်သံလေး ကို လိုက်လံ ရှာဖွေ နေခြင်းသာ ။


မကြာခင် မှာပဲ စတိတ် မှာ ကိုကျော် ၏ ရင်ခုန်သံလေး အလှည့် ကို ကြေညာလိုက်လေ၏ ။


“ ဦး ဒါပဲနော် ၊ ညီမ ကို မျက်နှာငယ် ရအောင်တော့ မလုပ်နဲ့ ” ဟု ဆိုကာ နဖူး

ပေါ် သို့ ထပ်မံပြီး အနမ်းပန်း တစ်ပွင့် ခြွေလွင့် လိုက်ပြီး ပြေးတက် သွားလေ၏ ။ ချက်ချင်း ဆိုသလို ...


“ ဟေ့ ... ဦး ၊ ဘာလို့ မခေါ်ခိုင်းတာလဲ ”


အဲဒါကတော့ ကိုသစ် ရဲ့ ရင်ခုန်သံ လေးပေါ့ ။ ထုံးစံအတိုင်း သူတို့ စင်တင် လောက ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း စတင် တိုက်စစ်ဆင်တော့တာပေါ့ဗျာ ။ ကိုကျော် ဆိုသူ မှာ ၄င်းတို့ နှစ်ဦး ကို ရှောင်ပေး သလိုနဲ့ ..


“ ကိုသစ် ၊ အေးအေးဆေးဆေး စကား ပြောဦးနော် ” ဟု ဆိုကာ လှည့် ထွက်သွားပြီး ပန်းကုံးစတန်း ပေါ်က ငါးထောင်တန် ပန်းကုံးလေး တစ်ကုံး ကို

လှမ်း ယူပြီး တေးသီချင်း သီဆိုနေသော သူ့ ရဲ့ ရင်ခုန်သံလေး ရဲ့ လည် ၌ အလှ ဆင် ပေးလိုက်၏ ။ ကိုကျော် ရင်ခုန်သံလေး သီဆို အပြီးမှာတော့ ...


ချက်ချင်း ဆိုသလို Sound Box မှ အလှည့်ကျ တေးသံရှင် ၏ အမည် ကို ကြေညာလိုက်သည့် ကိုသစ် ရဲ့ ရင်ခုန် သံလေး အလှည့် ။ ရိုးရာဓလေ့ ထုံးစံအတိုင်း ။


“ ဒါပဲနော် ဦး ” ဟု ဆိုကာ နဖူး ပေါ် သို့ နှုတ်ခမ်းရာ တံဆိပ်တုံးလေး ရိုက်နှိပ် ပေးပြီး စင်ပေါ် သို့ တက်သွား လေ၏ ။


ကိုကျော် ၏ ရင်ခုန်သံလေး ပြန်လည် ရောက်ရှိလာပြီး ကိုကျော် ၏ ရင်ခွင် အတွင်း သို့ ခေါင်းလေး တိုးဝှေ့ကာ ထိုင်လိုက်လေ၏ ။


ကိုသစ် ကလည်း ထုံးစံ အတိုင်း ရှောင်ပေး သလိုနှင့် စင်ပေါ် တက်ပြီး ငါးထောင်တန် ပန်းကုံးလေး ကို ရင်ခုန်သံလေး ရဲ့ ခါးလေး ကို ပတ်ချည်နှောင်ကာ အလှဆင် ပေးလေ၏ ။ တေးသီချင်း သီဆို ပြီးသော အခါ ကိုသစ် ရဲ့ ရင်ခုန်သံလေး လည်း ကိုသစ် ဘေးသို့ ပြန်လည် ရောက်ရှိလာ၏ ။


ရင်ခုန်သံ ကိုယ်စီ နှင့် လေးယောက်ဝိုင်းလေး အခုမှပဲ မျက်နှာချင်း ဆိုင် ကြရပေပြီပေါ့ ။


အဲသည်မှာ ပဲ ကိုသစ် က စပြီးတော့ စကားဖောင်ဖွဲ့ လေ၏ ။


“ ညီမလေးတို့ က အချိုရည်ဘူးတွေ ကို မှာပြီး ဘာဖြစ်လို့ ဖောက် မသောက်ကြတာလဲ ”


အဲသည် အချိန်မှာ ကိုကျော် ရဲ့ ရင်ခုန်သံလေး ဖြေကြားလိုက်ပုံ က ..


“ ညီမလေးတို့ က အဲဒီအချိုရည်ဘူးလေး ကို အမှတ်တရ သိမ်းထားချင် လို့ပါ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဦးတို့ ကို လွမ်းတိုင်း ဒီ အချိုရည်ဘူးလေးတွေ ကို ကြည့်ပြီး အလွမ်း ဖြေရတာလေ ” 


ကဲ ... ကြည့်ဦး ။ ဖြေကြားလိုက်ပုံ က မလှပေဘူးလား ။ အမှန်တကယ် က သူတို့ တစ်တွေ ဟာ အချိုရည်ဘူး တွေ ကို စုပြီး အများကြီး ဖြစ်လာသည့် အခါ ၊ ဆိုင် မှာလည်း အချိုရည်ဘူးတွေ ကုန်သလောက် ဖြစ်သည့် အခါမျိုးမှာ ဆိုင် ကို ပဲ ပြန် သွင်းကြတာလေ ။ ဆိုင်ပိုင်ရှင် ကလည်း အချိုရည်ဘူး ငါးဒါဇင် လောက် ရှိရင် ဆိုင် အတွက် လုံလောက်ပြီပေါ့ ။ အပြင်ဆိုင်ကြီးတွေ က ထပ်မံ ဝယ်ဖြည့်စရာ မလိုဘဲ အပြင် ဈေး ထက် ချိုသာတဲ့ ဈေး နဲ့ပဲ အဆိုတော်တွေ ဆီက ပြန် ဝယ်လိုက်တော့ အဆိုတော် နဲ့ ဆိုင်ရှင် နှစ်ဦးနှစ်ဖက် အဆင် မပြေပေဘူးလားဗျာ ။ အဆင် မပြေရသည် က ဧည့်သည်တွေ ပဲကိုး ။


ကိုကျော် ရဲ့ ရင်ခုန်သံလေး က အချိုရည် ဇာတ်ထုပ် ကို ဖြေ အပြီး မှာပဲ ကိုသစ် ရဲ့ ရင်ခုန်သံလေး ဆီ ခင်းကျင်း လိုက်တဲ့ ဇာတ်ထုပ် က ... 


ကိုကျော် ရဲ့ ရင်ခုန်သံလေး ဆီ မျက်နှာမူပြီး “ အဆောင် ကလည်း ဘာ ဟင်းတွေ ချက်ကျွေးမှန်း မသိဘူးနော် ၊ ငါ တော့ စားချင်စိတ် မရှိတာနဲ့ မစားခဲ့ တော့ဘူး ”


“ အေး ... ငါ လည်း မစားခဲ့ပါဘူးအေ ”


အဲသည် အချိန်မှာ ကိုကျော် မှ စကား ဖြတ်ပြီး မေးလိုက်၏ ။ 


“ ဘာဟင်းတွေ ချက် ကျွေးလို့လဲ ”


ရင်ခုန်သံလေးတွေ ကလည်း မဆိုင်းမတွဆို သလိုပဲ ပြန်လည် ဖြေကြားလိုက်ပုံက “ ဘဲဥ ” နဲ့ “ ငါးပိရည်ကျို ” ။


ကိုသစ် မှ သနားသည့် လေသံဖြင့် ...


“ ဪ ... ဖြစ်မှ ဖြစ်ရလေ ညီမလေးရယ် ၊ ဒါဖြင့် ညီမလေး တို့ တစ်ခုခု မှာစားလေ ”


ကိုသစ် စကား ကျွံသွားသည် ကို ကိုကျော် ရိပ်မိလိုက်သည် ။ ဘယ် တတ်နိုင်ပါ့မလဲ ။ သူတို့လေးတွေ ရဲ့အလှ က ငါတို့ ရင်ခုန်သံတွေ ရဲ့ စိတ်ကစားမှု ကို လွှမ်းမိုးထားလေတော့ ဪ ... ရှိစေတော့ ၊ ရှိစေတော့ ဟု စိတ် ထဲမှပဲ ဖြေသိမ့် ပစ်လိုက်လေ၏ ။


ရင်ခုန်သံလေးတွေ ကလည်း ကိုသစ် ကျွံထွက် လာသည့် လူကျွံဘော ကို အမိအရ ဖမ်းဆုပ်လိုက်ပြီး ဝိတ်တာ အား ချက်ချင်းပင် လက်ယပ် ခေါ်လိုက်လေ၏ ။


ဝိတ်တာလေး အနား သို့ ရောက် အလာ မှာတော့ အမှာတော် ခြွေလေ၏ ။ ကိုကျော် ရဲ့ ရင်ခုန်သံလေး ကိုလည်း လှမ်း မေးလိုက်သေး၏ ။


“ ညည်း ခေါက်ဆွဲကြော်ကြိုက်လား ”


“ ကြိုက်တယ် အစ်မ ” 


စည်းဝါး ကိုက်ညီလိုက်ပုံ က မလှပေဘူးလားဗျာ ။


“ ဟေ့ ... မောင်လေး ၊ အစ်မတို့ အတွက် ခေါက်ဆွဲကြော် နှစ်ပွဲ ၊ ကြက်သားနဲ့နော် ၊ နောက်ပြီးတော့ ခေါက်ဆွဲကြော် နဲ့ စားဖို့ ကြက်ခြောက်ကြော် တစ်ပွဲ ၊ ကြက်ခြောက်ကြော် ကို ကြွပ်ကြွပ်လေး ကြော်ခိုင်းပေးနော် ” 


“ ဟုတ်ကဲ့ ”


ရင်ခုန်သံလေး ရဲ့ အမှာတော်ခြွေမှု ကို ကြားလိုက်ရသူ ကိုသစ် နဲ့ ကိုကျော် ခမျာ မျက်လုံးချင်း စကား ပြောရ ပေပြီပေါ့ ။ ဒါပေမဲ့ သူတို့လေးတွေ မရိပ်မိ အောင် ပဲ ဣန္ဒြေ မပျက် အောင့်အည်းပြီး အဖတ်ဆယ် ထားရတဲ့ အဖြစ် ။ မကြာခင် မှာပဲ စားတော်ပွဲတွေ ရောက်ရှိ လာပြီမို့ ရင်ခုန်သံတွေ စိတ်မကစား တော့ဘဲ ကိုကျော် နဲ့ ကိုသစ် ရဲ့ လက်ကလေးတွေ က ရင်ခုန်သံလေးတွေ ရဲ့ ပခုံးပေါ် သို့ ချက်ချင်း ရောက်ရှိသွားပေပြီ ။


ကိုသစ် ကပဲ စတင်ကာ ရင်ခွင် ထဲ သို့ ဆွဲသွင်း လိုက်ပြီး “ ညီမလေး စိတ် ချမ်းသာရဲ့လားဟင် ၊ ရှလွတ် ” ပြောပြော ဆိုဆို ခြွေချလိုက်တဲ့ အနမ်းပန်း ။


ကိုကျော် ကလည်း ထိုနည်းတူစွာ “ ချစ်လိုက်တာ ညီမလေး ရာ ၊ ရှလွတ် ” 


နှစ်ဦးစလုံး တန်အောင် အခွင့်အရေး ယူလိုက်ကြသည့် သဘော ။


ဒါပေမဲ့ ရင်ခုန်သံလေးတွေ ခမျာ အပြုံးမပျက် ခေါက်ဆွဲကြော်လေး စား လိုက် ၊ ကြက်ခြောက်ကြော်လေး ဝါး လိုက် ၊ ရင်ခွင် ထဲ တိုးဝှေ့လိုက် နဲ့ မည်သို့ မည်ပုံ စားတော်ပွဲတွေ ကုန်လို့ ကုန်သွားမှန်း တောင် မသိလိုက်ဘူးဗျာ ။ အဲဒီ အချိန်မှာပဲ ကိုကျော် ခမျာ အသိ တစ်ချက် ဝင် လာပြီး စားပွဲ အောက် ကနေ အသာလေးပဲ ကိုသစ် ရဲ့ ခြေထောက် ကို လှမ်းတို့လိုက်တယ် ။ သဘော ကတော့ ပြန်ကြစို့ ဆိုတဲ့ သဘောပေပဲ ။ ဟုတ်တယ်လေ ။ သူတို့လေးတွေ ရဲ့ သီဆိုရမယ့် အလှည့် ထပ် ရောက်လာရင် ပန်းကုံး က ထပ်ပြီး ပေးရဦးမယ် ။ အဲဒီတော့ ကိုကျော် ကပဲ စပြီး ...


“ ကဲ ... ညီမလေးတို့ လည်း စားပြီးပြီ ၊ ဦးတို့ လည်း တအား မမူးခင် ပြန်တော့မယ်နော် ။ မနက်ဖြန် ကျမှ ပြန်ဆုံ ကြတာပေါ့ ၊ ဟုတ်လား ”


မမူးခင် ဆိုတဲ့ စကားလုံး က သုံးလို့ သာ သုံးလိုက်ရတယ် ။ သောက်ထားတာ ကမှ တစ်ယောက် ကို ဘီယာ သုံးခွက်စီရယ်ပါ ။


“ ဦးတို့ မနက်ဖြန် ကျ ဆက်ဆက် လာခဲ့နော် ၊ ညီမလေးတို့ က လွမ်းနေမှာ ၊ သိလား ရှလွတ် ”


ကိုကျော် ရဲ့ ရင်ခုန်သံလေး ချွဲချွဲ နွဲ့နွဲ့ နဲ့ ပြောရင်း နမ်း လိုက်တဲ့ အနမ်း တစ်ချက် ။

ဒီတော့မှ ကိုသစ် က ဝိတ်တာလေး ကို လှမ်း ခေါ်ပြီး “ ညီလေးရေ ၊ ဦးတို့ ဘေလေးယူခဲ့တော့ ”


“ ဟုတ်ကဲ့ ”


မကြာခင် မှာပဲ ဘေစာရင်းစာရွက် ရောက်ရှိလာပါတယ် ။ စာရင်း စာရွက် ကို ကိုသစ် ကပဲ အရင် ဖတ်ကြည့် ပြီး ကိုကျော် ဆီ ကို လှမ်း ပေးလိုက်တယ် ။


တော်သေးတာပေါ့ဗျာ ။ ကျသင့်ငွေ က နှစ်ပုလင်း ရှစ်ထောင့်ငါးရာ ။ ပါ လာတာက နှစ်ယောက်ပေါင်း သုံး ပုလင်း ဆိုတော့ ကိုကျော် က သူ့ အိတ်ကပ် ထဲ က တစ်ပုလင်းခွဲ ကို ကိုသစ် ဆီ လှမ်း ပေးလိုက်တယ် ။ ကိုသစ် ကပဲ ပိုက်ဆံ တွေ ရေပြီး ဝိတ်တာလေး အား 


“ ရော့ .... ညီလေး ၊ ဒါအကုန်လုံး ပေါင်း သုံးပုလင်း ။ ပိုတာ မင်း ယူလိုက်တော့ ” ဟု ဆိုကာ ပိုက်ဆံ ကို လှမ်း ပေးပြီး ရင်ခုန်သံလေးတွေ ကို အနမ်း ကိုယ်စီ နှင့် နှုတ်ဆက်ကာ အမြန် ပြန်ခဲ့ရသည့် အဖြစ် ။


ထုံးစံအတိုင်း အပြန် ခရီး မှာ အဖြစ်အပျက်လေးတွေ ကို စားမြုံ့ပြန်ကြ ပြန်ရောဗျာ ။


ကိုသစ် က ပဲ စ ပြီးတော့ ... 


“ ငါတို့ တော့ ဒီနေ့ ခွာခံလိုက်ရ တာပဲလို့ ထင်တယ်ကွာ ၊ ဘာဖြစ်လို့လဲ ဆိုတော့ တို့ နှစ်ယောက် သောက်တဲ့ ဘီယာ ၆ ခွက် က တစ်ခွက် ၅၀ဝိ/- နဲ့ ဆို ၃ဝဝဝိ/- ၊ အမြည်း က ၅၀ဝိ/- ဆို တော့ ငါတို့ သောက်စရိတ် က စုစုပေါင်း ၃၅၀ဝိ/- ပဲကျတာ ၊ ကျန်တာတွေ က သူတို့ ရဲ့ ပန်းကုံးကြေး နဲ့ စားဘေတွေ ချည်းပဲကွ ”


အဲဒီတော့မှ ကိုကျော် က နှစ်သိမ့် သည့် လေသံ နှင့် “ ထားလိုက်ပါကွာ ၊ အလှူဆိုတာ လှူတတ်ရင် မြတ်ပါတယ် ကွ ၊ တို့ နှစ်ယောက် သွယ်ဝိုက်သော နည်း နဲ့ အလှူ ပေးလိုက်တယ် လို့ပဲ သဘောထားလိုက်ပါကွာ ” တဲ့ဗျာ ။ 


နှစ်ယောက်သား စကား တပြော ပြော နှင့် စားမြုံ့ပြန် လာလိုက်ကြတာ ကိုကျော် ရဲ့ အိမ်ရှေ့ သို့ ပြန်ရောက်ခဲ့ပြီ မို့ ပြောလက်စ စကားတွေ ကို ရပ်တန့်ပြီး ဣန္ဒြေ မပျက် တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် နှုတ်ဆက်လိုက်လေ၏ ။


ကိုသစ်မှ စတင်ပြီး “ ကဲ ... သွား တော့မယ်ကွာ ၊ ကိုကျော်ညိုလွင် တစ်ယောက် ဘုရားသခင် ကောင်းချီးပေးပါစေဗျာ ”


ကိုကျော် ဆိုသည့် ကျော်ညိုလွင် က လည်း “ အေး... ပေးတဲ့ ဆုနဲ့ ပြည့် ပါစေဗျာ ၊ ကိုသစ်လှိုင်း လည်း အလုပ် မလုပ်ဘဲ ချမ်းသာပါစေဗျာ ” ဟု ပြန်လည် ဆုပေးရင်း ...


“ Good Night ”


“ OK , Good Night ”


နှုတ်ဆက် အပြီး ကိုသစ် လည်း ဆိုင်ကယ် ကို မောင်းထွက် သွားလေ၏ ။ ကိုကျော် လည်း အိမ်တံခါး ၌ ချိတ်ရုံ ချိတ် ထားသော သော့ ကို ဖြုတ်ပြီး အိမ်ထဲ သို့ ဝင်ခဲ့လေတော့၏ ။


အိမ် ထဲ သို့ ရောက် လျှင် ရောက်ချင်း ပဲ “ ယောက်ျားရေ ၊ ပြန်လာပြီလား ၊ တစ်လက်စတည်း မီးဖိုခန်း ထဲက ခွက်ကလေး ပါ ယူခဲ့ပေးဦးနော် ၊ ဒီမှာ ဇာတ်ကား က ကောင်းနေလို့ ”  


ဒီတော့မှ သူ အိမ် က ထွက်ခါနီး အမှာတော် ပါးလိုက်တဲ့ မိန်းမ ရဲ့ လက်ဖက်ရည်ပေါ့ဆိမ့် တစ်ခွက် ကို သတိရ လိုက်တယ် ။


ကျော်ညိုလွင် တစ်ယောက် အခက် ကြုံရပြီလေ ။ အဘယ်သို့ ထုချေလွှာ တင်သွင်းရမည် ကို စဉ်းစားရင်း ခေါင်းတွေ မူးနောက် လာ၏ ။ သောက် လာသည့် ဘီယာ ကြောင့် မမူးရဘဲ ထုချေလွှာ တင်သွင်းဖို့ စဉ်းစားရသည် က ပို၍ မူးဝေခဲ့ပြီပဲလေ ။ ကြံရာ မရ မတတ်နိုင်တော့တဲ့ အဆုံး ပါးစပ် ထဲ ရှိသည့် တွေ့ကရာ ထုချေလွှာ ကိုပဲ တင်သွင်းလိုက်လေတော့၏ ။


ကိုကျော်ညိုလွင် အဝေး က နေ အော်ဟစ်ပြီး တင်သွင်းလိုက်သည့် ထုချေလွှာလေး ကတော့ ...


“ မိန်းမ ရေ ၊ မင်း မှာလိုက်တဲ့ လက်ဖက်ရည်ပေါ့ဆိမ့် က ကုန်သွားပြီတဲ့ ကွ ၊ ဖန်ချို တို့ ချိုဆိမ့် တို့ ပဲ ရတော့တာမို့ ငါ မဝယ်ခဲ့လိုက်တော့ဘူး ”


 ⎕ မိုးမခ ( ကျောက်ဆည် )

📖 ရယ်စရာ မဂ္ဂဇင်း

      စက်တင်ဘာ ၊ ၂၀၁၂

No comments:

Post a Comment