Thursday, June 12, 2025

ပစ်တိုင်းထောင် ( ၁၃ )


 ❝ ပစ်တိုင်းထောင် ❞

     ( ဇာတ်သိမ်း )


ကျွန်တော် က လှဲနေရာ မှ ထလိုက်မိသည် ။ မရီ ၏ မျက်နှာ ကို မသင်္ကာသလို ကြည့်လိုက်သည် ။ မရီ က မူ ကျွန်တော့် အား ပြုံး၍ ကြည့်နေရင်း သူ ၏ ချွေးခံအင်္ကျီအိတ် ထဲမှ ခေါက်ထားသော ဆယ်တန် သုံးရွက် ကို တရွက်ချင်း ဖြန့်၍ ပြလိုက်သည် ။


“ ဟင် ... ဒီ ငွေတွေ မင်း ဘယ်က ရလဲဟင် ၊ ငါ့ ကို မှန်မှန် ပြောစမ်း ၊ ဒီငွေတွေ ဘယ်လိုလုပ်ပြီး ရလာသလဲ ”


ကျွန်တော် က မရီ ပခုံးနှစ်ဖက် ကို ခပ်ကြမ်းကြမ်း ဆွဲ၍ မေးလိုက်မိသည် ။ မရီ ၏ ပြုံးနေသော မျက်နှာသည် ရုတ်ခြည်း ညှိုးကျ သွားလေသည် ။


“ မရီ ရိုးရိုးတန်းတန်း ရတဲ့ ငွေပါ အစ်ကို ရယ် ၊ မရီ ကို ယုံပါ ”


“ ငါ မေးတာ မှန်မှန် ပြော ၊ မင်း ဒီ ငွေတွေ ဘယ်က ရခဲ့သလဲ ၊ လှမောင် ဆီကလား ၊ မွတ်တား ဆီကလား ”


“ မဟုတ်ဘူး မဟုတ်ဘူး ၊ မရီ တခြား က ရတာ ၊ အစ်ကို မရီ ကို အရမ်း မစွပ်စွဲနဲ့ ”


မရီ ၏ အဖြေ ကို ကြားရတိုင်း ကျွန်တော့် မှာ ပို၍ မခံမရပ်နိုင်အောင် ရှိတော့သည် ။


“ ငါ မေးတာ ကို မှန်မှန် ပြော ၊ မင်း ဒီငွေတွေ ကို ဘယ်သူက မင်း ကို အလကား လာ ပေးမလဲ ၊ ဒီ ငွေတွေ ရအောင် မင်း ဘာလုပ်လာလဲ ၊ ငါ့ ကို မှန်မှန်ပြော ...”


မရီ မျက်နှာ တွင် သွေး မရှိတော့ချေ ။ ကျွန်တော် မေးသည်ကို ရုတ်တရက် ပြန်၍ မဖြေနိုင်သော်လည်း သူ့ နှုတ်ခမ်းကလေးများ မှာ တုန်၍ နေသည် ။ မျက်ရည်များ က တလိမ့်လိမ့် ကျ၍ လာသည် ။


“ မရီ ပြောပါ့မယ် အစ်ကို ၊ မရီတို့ အလုပ်ရှင် က မရီ ကို သနားလို့ ဆိုပြီး ဒီငွေ ကို ပေးလိုက် ..”


မရီ စကား မဆုံးခင်ပင် ကျွန်တော် ၏ လက်တစ်ဖက် က မရီ ၏ ပါးပေါ်သို့ တဖြန်းဖြန်း ရောက်၍ သွားလေသည် ။ မရီ သည် ကြမ်းပေါ်တွင် ခွေ၍ လဲကျသွားသည် ။ ကျွန်တော် က မရီ ၏ ဆံပင် ကို အရင်းမှ ကို-င်၍ ဆွဲထူလိုက်သည် ။


“ မင်း ကို ငါ ဒီ ဘဝ ထဲက ဆွဲထုတ်လာတာ ၊ အခု ငါ့ ကြောင့် မင်း ဒီ ဘဝ ကို ပြန်သွား မလို့လား ၊ ဒီငွေ မရှိလို့ ငါတို့ ငတ်သေရော … ဘာဖြစ်လဲ ဟင် ၊ မင်း ဒီဘဝ ကို သွားချင်ဦးကွာ ”


မရီ သည် ဘာတစ်ခွန်း မှ ပြန်၍ မပြောနိုင်တော့ချေ ။ တစ်ဖက်ခန်း မှ ဦးလေးဦးသာဒင် နှင့် ဒေါ်လေးတုတ် တို့ အူရားဖားရား ပြေး၍ လာကြသည် ။ ဦးသာဒင် က ကျွန်တော့် အား ဖက်၍ ထားသည် ။ ဒေါ်လေးတုတ် က မရီ ကို ပွေ့ထူ လိုက်သည် ။


“ နေပါဦးဟ သံချောင်းရ ၊ ဘာဖြစ်တာလဲ ၊ မင်းတို့ ဟာ အေးအေးချမ်းချမ်း ပြောလည်း ပြီးရောပေါ့ ၊ ဘာဖြစ်တာလဲ ၊ တို့ကို လည်း ပြောစမ်းပါဦး ”


ဒေါသ မွှန် နေသောကြောင့် ဦးလေးဦးသာဒင် မေးသည်ကို ပင် ပြန်၍ မဖြေနိုင်တော့ချေ ။ မရီ က ဒေါ်လေးတုတ် လက် ထဲမှ ငိုရင်း အဖြစ် ကို ပြောပြ လိုက်၏ ။


“ ကနေ့ ကျွန်မ အုတ် သယ်ရင်း ချော်လဲတာ ၊ အုတ် သုံးချပ် ကွဲလို့ လျော်ရတယ် ဦးလေး ရဲ့ ၊ ဒါပေမဲ့ အလုပ်ရှင် က မရီ ကို နင် အလုပ် လုပ်နေကျ မဟုတ်ဘူးလား မေးတော့ မရီ က အဖြစ်မှန် အတိုင်း ပြောပြလိုက်တယ် ၊ ဒါ အလုပ်ရှင် က သနားလို့ ဆိုပြီး ဆိုက်ကားစပေါ် တင်ဖို့ ငွေသုံးဆယ် အတင်း ပေးလိုက်တယ် ၊ ဒါကို အစ်ကို က မရီ ကို မယုံလို့တဲ့ ”


မရီ က ဦးသာဒင် ကို ငို၍ တိုင်သည် ။ ကျွန်တော် က မူ မရီ ပြောသော စကား ကို ယုံ၍ မရနိုင်ပေ ။ မရီ ၏ အလုပ်ရှင် က သနားသည် ဆိုခြင်းမှာ ကျွန်တော့် အား ချစ်တီး က သနားသော သနားခြင်းမျိုး သာ ဖြစ်ပေမည် ။ သူ့ အကျိုး အတွက် တစ်ခုခု ကို မျှော်ကိုးပြီး သနားခြင်း သာ လျှင် ဖြစ်ပေမည် ။


“ မရီ ဒီလို နည်းနဲ့ သာ ပိုက်ဆံ ရှာချင်ရင် ခုလို ပင်ပင်ပန်းပန်းတောင် မလုပ်ရပါဘူး ဦးလေး ရယ် ၊ အစ်ကို နေမကောင်း ကတည်းက ကိုမွတ်တား က မရီ ကို ဆွယ်နေတာ ကြာပါပြီ ၊ ဒါပေမဲ့ မရီ အစ်ကို့ အပေါ်မှာ တစ်သက်လုံး မဖောက်ပြန်ဘူး လို့ ဘုရား မှာ သစ္စာပြုထားတာပါ ဦးလေး ရယ် ၊ မရီ ဘယ်လို နေတယ်ဆိုတာ ဒေါ်လေးတို့ အသိဆုံးပါ ၊ အစ်ကို မယုံရင် မရီ သစ္စာ ရေ သောက်ပါ့မယ် အစ်ကိုရယ် ၊ မရီ ကို ဒီလို အထင်ခံရတာ သတ်ပစ်လိုက် တာက တော်သေးတယ် ”


မရီ ၏ စကားများသည် ကျွန်တော့် နားတွင်းသို့ တစ်လုံးချင်း ဝင်၍ လာလေသည် ။ ဒေါ်လေး က အထိတ်တလန့် ငိုနေရှာသော သမီး ကို ကောက် ၍ ချီလိုက်သည် ။


“ လာ သမီး ၊ နင့် အဖေရော အမေရော စိတ်ညစ်အောင် လုပ်တယ် ၊ လာ ... အမေတို့ ဆီ လာ .. ”


ဒေါ်လေးတုတ် က သမီး ကို ချီ၍ သူ့ အခန်းသို့ ပြန်သွားသည့် တိုင်အောင် ဦးသာဒင် က ကျွန်တော့် အား မကျေမနပ်ဖြင့် ဆုံးမ နေတော့သည် ။


“ ဟုတ်သားပဲကွ ၊ ပေးတဲ့ လူက ဘယ်လို စေတနာနဲ့ ပေးပေမဲ့ ကိုယ် က မဖောက်ပြန်ရင် ပြီးတာပဲ ၊ မင်း ဟာက ဒေါသတကြီး ဆုံးဖြတ်လို့ ဘယ်မှ အမှန်ရနိုင်ပါ့မလဲ ၊ တဏှာ နဲ့ ပတ်သက်လာရင် ပုထုဇဉ်တွေ ဆိုတာ ဖောက်ပြန်တတ်ကြတာပေါ့ ၊ ပေးတဲ့ လူလည်း တဏှာ ဆိုတဲ့ တပ်မက်တွယ်တာမှု တစ်ခုခုကြောင့် ပေးတာပေါ့ ၊ ယူတဲ့ လူကရော ဘာလို့ ယူလဲ ၊ ငါ့လင် ငါ့သမီးရယ် ဒီလင် ဒီသားတွေ အတွက် ဒီငွေ လိုတာပါကလား ဆိုတဲ့ တပ်မက်တဲ့ အသိနဲ့ ယူမိတာပေါ့ ၊ ဒါဟာ ပုထုဇဉ် သဘာဝပဲ ၊ ကိုယ့် အပေါ်မှာ မဖောက်ပြန် မလော်လီ ရင် ဒါဟာ ဘာမှ စိတ်ဆိုးစရာ မဟုတ်ဘူး ၊ ပြီးပြီးသား ပြီးကြတော့ ၊ နောက် ဆက်ပြီး မဖြစ်ကြနဲ့ မရီ ကလည်း ဒီ ငွေ ကို သံချောင်း မကျေနပ်ရင် ပြန်ပေးလိုက် ၊ ဆိုက်ကား ရဖို့ အတွက်က မင်းတို့ ဘာမှ မပူကြနဲ့ ၊ ငါ လည်း ဒီ သင်္ကြန် မှာ ဒုလ္လဘရဟန်း ခံမလို့ ၊ ဒီအတွင်း မင်းတို့ ယူ နင်းကြပေါ့ ၊ တို့ လင်မယား အုံနာခ ရရင် တော်ပါပြီ ၊ ကဲ ... အေးအေးနေကြကွာ ”


ဦးသာဒင် ထွက်သွားသော အခါ ကျွန်တော် က မရီ ကို မည်သို့ တောင်းပန်ရမှန်း မသိတော့ချေ ။ မရီ ကား ကျွန်တော့် ကို ပင် မကြည့်ရဲတော့ ချေ ။ ခေါင်းငုံ့၍ တရှုံ့ရှုံ့ ငိုနေရှာတော့သည် ။ ကျွန်တော် က မရီ ၏ မျက်နှာကလေး ကို လက်နှစ်ဖက် ဖြင့် ကိုင်၍ မော့လိုက်သည် ။


“ အစ်ကို့ ကို စိတ်မဆိုးပါနဲ့ မရီ ရာ ၊ အစ်ကို အထင်မှား မိတာဟာ ချစ်လို့ပါ ၊ မရီ အစ်ကို့ အတွက်ကြောင့် ဒီမကောင်းတဲ့ ဘဝထဲ ကို ပြန်ရောက်မှာ စိုးလို့ပါ ”


မရီ သည် မျက်လုံးဝိုင်းကြီး ဖြင့် ကျွန်တော့် အား ကလယ်ကလယ် ကြည့်နေရှာသည် ။ ပြီးမှ ကျွန်တော့် ကို တအား ဖက်၍ ငိုလိုက်ရှာသည် ။


“ မရီ အစ်ကို့ ကို စိတ်မဆိုးပါဘူး အစ်ကို ရယ် ၊ မရီ ဘဝ ကိုက အစ်ကို စိုးရိမ်စရာဖြ စ်ခဲ့တာကိုး ၊ မရီ အပြစ်ပါ အစ်ကို ရယ် ၊ မရီ ကို ဒီအပြစ် အတွက် နဲ့တော့ တစ်သက်လုံး မယုံမရှိပါနဲ့ ၊ အရင်က ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အစ်ကို နဲ့ ရပြီးတဲ့ နောက်မှာတော့ မရီ ဟာ အစ်ကို့ အပေါ်မှာ ဘယ်တော့မှ မဖောက် ပြန်ပါဘူး အစ်ကိုရယ် ”


“ အစ်ကို ယုံပါတယ် မရီ ရာ ၊ ဒီငွေ တွေကို ပြန် ပေးလိုက်နော် ၊ အစ်ကို တို့ တောင်းစားရချင် စားရပါစေ ၊ နောက်ဆုံး ငတ် သွားတောင် ကိုယ်တို့ သားအမိ သုံးယောက် အတူ ဖက်ပြီးသေမယ် ”


ကျွန်တော်တို့ နှစ်ယောက် သည် တစ်ယောက် ကို တစ်ယောက် အပြန်အလှန် ဖက်ထားလိုက်ကြသည် ။


“ စောစောက အစ်ကို ရိုက်တာ နာသွားသလား ”


ကျွန်တော် က အခုမှ မချိတင်ကဲ မေးလိုက်မိသည် ။ မရီ က သူ့ ပါးမို့မို့ကလေးကို ပွတ်ရင်း ပြုံးလိုက်သည် ။


“ မရီ ကို ချစ်လို့ ရိုက်တာကို မရီ နာရမှန်း မသိပါဘူး အစ်ကိုရာ ၊ ရိုက်ရုံ မပြောနဲ့ ၊ သ,တ်ပစ်တောင် မရီ အစ်ကို့ ကို စိတ်မဆိုးဘူး သိလား ၊ မရီ အစ်ကို့ ကို သိပ်ချစ်တယ် ”


မရီ ပြောလိုက်သော စကားများသည် ကျွန်တော် ၏ ရင်တွင်း၌ သိမ့်သိမ့်တုန်၍ သွားလေသတည်း ။


••••• ••••• •••••  


ယနေ့ သင်္ကြန် အကြိုရက် ဖြစ်သည် ။


မနက်ပိုင်း တွင် သံဃာတော်များ အား ဆွမ်း ကပ်သည် ။ ဦးလေး ဦးသာဒင်နှင့် သက်ကြီးဝါကြီး ဆိုက်ကားဆရာ ငါးဦး အား ရဟန်းခံသည် ။ ညနေပိုင်းတွင် ပရိတ်တရားတော် နာသည် ။ တရားနာ ပြီးလျှင် ကျွဲသိုး တို့ လူသိုက်မှာ သောင်းကျန်း နေတော့သည် ။


“ ဒိုးပတ် ဆိုတာဟာဗျာ ၊ မော်မကြွားတတ်ပါဘူး ”


“ ကျွန်တော်များ ရဲ့ ဆိုက်ကားဆရာတွေ မှာ ...”


“ ကြက် ကို မြင်ရင် နာသံသီး ယူခဲ့ပါဗျာ ”


ကျွဲသိုး သည် သီချင်း ကို ကပေါက်တိကပေါက်ချာ ဆို၍ ကွေးနေ အောင် ကတော့သည် ။ ကျွဲသိုး သည် အတော်ပင် မူးနေပုံ ရသည် ။ စောမောင် က ဒိုးပတ် ကို တီး၍ တခြား ဂိတ်မှ ဆိုက်ကားဆရာ က နှဲမှုတ်သည် ။ လူအားလုံး က ကျွဲသိုး ကို ဝိုင်း၍ မြှောက်ပေး နေကြသည် ။ ဦးသာဒင် နှင့် ရဟန်းလေးပါး ကား မဏ္ဍပ် မှ ကြွမည် အပြုတွင် ကျွဲသိုးက ဦးသာဒင် ခြေအစုံကို သူ ၏ ခေါင်း နှင့် ဖိပြီး ဖက်ထားလိုက်သည် ။


“ အမလေး … ၊ ကိုယ်တော်ကြီး ရဲ့ ၊ ကြွတော့မလား ဘုရာ့ ၊ တရားဦးလေး မှ မဟောတော့ဘူးလားဘုရာ့ ”


အားလုံးက ကျွဲသိုး အား ဝိုင်း၍ ရယ်သည် ။ ဒေါ်လေးတုတ် က ကျွဲသိုး ကို ဝင်၍ ဟန့်လိုက်သည် ။


“ ဟဲ့ကောင် ကျွဲသိုး ၊ ငရဲကြီး လိမ့်မယ် ”


ကျွဲသိုး က ဒေါ်လေးတုတ် အား ကြည့်လိုက်ပြီး လျှင် ခေါင်း နှင့် သင်္ကန်း ကို ဝှေ့လိုက်သည် ။


“ အမလေး ကိုယ်တော်ကြီး ရဲ့ ၊ ဒကာမလေး မတုတ်တုတ် ကို ဘယ်သူနဲ့ ယုံလို့ ပုံခဲ့တာလဲ ၊ အီး ဟီး ဟီး ...”


“ မအေမျိုးဟဲ့ ၊ သေချင်းဆိုး ကျွဲသိုး ... ”


ဒေါ်လေးတုတ် က ကျွဲသိုး ၏ ကျော ကို တအုံးအုံး ထုနေသည် ။ အားလုံးက ဝိုင်း ရယ်ကြပြန်သည် ။


“ ဦးလေး မှ မဟောနိုင်ရင် ကိုယ်တော် ရှူတဲ့ ဆေးခြောက်ကလေးများ ကျန်ရင် တပည့်တော် ကို စွန့်ခဲ့ပါဦး ဘုရာ့ ၊ ဒီအချိန် ဆိုရင် ကိုယ်တော်ကြီး ဆေးခြောက် ရှူနေကျ မဟုတ်လား ဘုရာ့ ၊ ကိုယ်တော် အစား တပည့်တော် ရှူပါရစေဘုရာ့ ”


“ ကဲ ... ဖယ်စမ်းပါကွာ ၊ ကျွဲသိုး ရာ .. ”


“ ကြွပါစေကွာ ကျွဲသိုး ရ ၊ ကိုယ်တော်တွေ ထိုင်ရတာ ညောင်းရောပေါ့ ”


ထိုအတွင်း မှာပင် မြူလူကြီး သခင်ကျောက်တုံး နှင့် ဇနီး ရောက်လာ ကြသည် ။ မြူလူကြီးကတော် က ဒေါ်လေးတုတ် နားသို့ သွား၍ ကိုယ်တော်များ ပြန် မကြွသေးရန် တောင်းပန် လိုက်ပြန်သည် ။ မြူလူကြီး နှင့် အတူ သူ့ နောက်မှ ဗိုက်ရွှဲဦးဘကြား လည်း အခန့်သား ပါ၍ လာသည် ။ ကျွဲသိုး လည်း ငြိမ်၍ သွားသည် ။


“ ကဲ .. ကိုယ်တော် တို့ ၊ မြူလူကြီး ဦးကျောက်လုံး နဲ့ ဇနီး က အအေးရေလေး ဘာလေး ကပ်ပါရစေတဲ့ ၊ ထိုင်တော်မူကြပါဦးဘုရာ့ ”


ဦးသာဒင် က တကယ့် ရဟန်းကြီး ၏ ဟန်ပန်မျိုး ဖြင့် ဒေါ်လေးတုတ် ကို မကြည့်ဘဲ စကား ပြန် လိုက်သည် ။


“ ဟေ့ ... ဗိုက် ထဲ မှာလည်း အရေကလာပ်တွေ များလှပြီ ၊ ကဲလေ ကိုယ်တော်တို့ ကပ်တဲ့ လူ က ကပ်ရင် မငြင်းကောင်းပါဘူး ၊ သူတို့ ရဲ့ ဒါန အတွက် လက်ခံတော်မူပါ ”


အားလုံးက ကျွန်တော်တို့ ဦးသာဒင်ကြီး အား သဘောကျ နေကြသည် ။


ကျွန်တော် က အနားက လူများ ကို ဦးသာဒင်ကြီး အား တရားဟော ရန် သွေးထိုး ပေးလိုက်သည် ။


“ ကိုယ်တော် ဦးသာဒင် က တရားဟော ကောင်းတယ် ၊ တရားဟောဖို့ ပြောပါ ”


“ ကိုယ်တော်ကြီး ဦးသာဒင် ၊ တရားဟောပါဘုရာ့ ”


ဦးသာဒင် က ကျွန်တော့် စနက်မှန်း သိ၍ ပြုံးနေသည် ။ မြူလူကြီး ဦးကျောက်လုံး ပါဝင်၍ တောင်းပန်လိုက်သော အခါ ဦးသာဒင် မှာ မနေသာ တော့ပေ ။ ဓမ္မကထိက တို့၏ ဟန်မျိုးဖြင့် ချောင်း တစ်ချက် ဟန့်လိုက်သည် ။


“ အဟမ်း ... အဟမ်း ၊ ဒကာ ဒကာမများ တို့ တရားနာချင်တယ် ဆိုတော့ တရားဦး ဟောရမှာပေါ့ကွယ် ”


မဏ္ဍပ် တစ်ခုလုံး ငြိမ်၍ သွားသည် ။


“ လောကေအနန္တစကြဝဠာ ကမ္ဘာလောကကြီး အတွင်း၌ တဏှာ တပ်မက် တွယ်တာသော တရားတော်သည် ၊ သတ္တာနံ ၊ ပုထုဇဉ်သတ္တဝါ အပေါင်းတို့၏ ၊ ဝံသလက္ခိတသမာ ၊ အလွန်တရာ ကျယ်လှစွာသော မျက်လုံး နှင့် တူ၏ ၊ အဟမ်း ... ”


ကျွန်တော် က တရားတွင် ဝင်စားနေစဉ် ပွကြီး ရောက်၍ လာသည် ။


ပွကြီး က တစ်စုံတစ်ခု ကို တီးတိုး ပြောလိုက်သော အခါ ကျွန်တော့် မှာ ရုတ်တရက် ထ လိုက်ရသည် ။


“ မရီ တစ်ယောက် လမ်း မှာ မွတ်တား တို့နဲ့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေတယ် ထင်တယ် ၊ မရီ က ရှေ့က အတင်း ဇွတ်သွားတယ် ၊ မွတ်တား နဲ့ လူ တစ်ယောက် က နောက်က လိုက်နေတာ ငါ မြင်လိုက်တယ် ”


“ ဟင် ... ဘယ်ဘက် သွားလဲ ”


“ မင်းတို့ အိမ်ဘက်ပဲ ”


ကျွန်တော် သည် အိမ်သို့ တစ်ချိုးတည်း လစ်ခဲ့သည် ။ လမ်းထိပ် တွင် တွေ့လို တွေ့ငြား ကြည့်မိသည် ။ အရိပ်အရောင် ကို မျှ မတွေ့ရချေ ။ အိမ် သို့သာ တန်း၍ လာခဲ့သည် ။


အိမ်ဝသို့ ရောက်သောအခါ ကျွန်တော့် ခြေလှမ်းများမှာ ရုတ်တရက်တုံ့ ၍ သွားလေသည် ။


“ နင် အခုမှ အဆန်း လုပ် မနေပါနဲ့ဟာ ၊ မွတ်တား က အကုန် ပြောပြီးပြီ ၊ နင် ဘာလဲဆိုတာ ငါ သိတယ် ”


“ ဒါပဲနော် ၊ ရှင် .. လွှတ် … လွှတ် .. ၊ ကျွန်မ အော်လိုက်မယ် ၊ ကျွန်မ အခု ဒါမျိုး လုပ်တဲ့ မိန်းမ မဟုတ်ဘူး ... လွှတ် .. ”


ကျွန်တော် သည် အိမ်ပေါ် သို့ အသာ တက်၍ သွားသည် ။ အတွင်းခန်း တွင် ကား တဝုန်းဝုန်း ဖြစ်နေသည် ။ ယောက်ျား တစ်ယောက် သည် မရီ အား အတင်း ဖက်၍ ကြမ်း ပေါ်သို့ လှဲချလိုက်သည် ။


“ နင့် ယောက်ျား ကို ဆိုက်ကား ထောင် ပေးမယ်ကွာ ၊  ကဲ ... ကျေနပ်လား ဟုတ်လား ”


“ လွှတ် .. လွှတ် ၊ ကျွန်မ ဘာမှ မလိုချင်ဘူး ၊ ရှင့် ငွေသုံးဆယ် လည်း ပြန်ယူ …. ”


“ ဟေ့ကောင် ... လွှတ်လိုက် ”


ကျွန်တော် ၏  မာကျောသော အသံကြောင့် ထို လူသည် လန့်၍ သွားဟန်တူသည် ။ ကျွန်တော် က သူ ရှိရာသို့ တစ်လှမ်းချင်း ကပ်၍ သွား သည် ။ မရီ က ကျွန်တော့် ဆီသို့ ပြေး၍ လာသည် ။ မရီ ကို အသာ ဘေးဖယ် ၍ ထိုလူ ကိုပင် ကျွန်တော် က မျက်ခြည်မပြတ် ကြည့်နေသည် ။


“ ဘာလဲ .. ၊ မင်းက ဘာလဲ ”


“ ငါ ဘာလဲ ဆိုတာ မင်း ခုသိမှာပေါ့ ၊ မင်း မဟုတ်လား ၊ မရီ ကို ငွေသုံးဆယ် ပေးလိုက်တဲ့ အကောင် ”


ကျွန်တော် က ပြောပြောဆိုဆို ထိုလူ အနားသို့ သာ တိုးကပ်၍ သွားသည် ။ ထို လူကား နောက်သို့ တစ်လှမ်းချင်း ဆုတ်၍ သွားလေသည် ။ ကျွန်တော် က သူ့ ကို ခုန်အုပ်လိုက် ပြီးလျှင် လည်မျို ကို ညှစ်ရန် ကြိုးစား လိုက်သည် ။ သူ က ပြန်၍ တွန်းလိုက်သဖြင့် နောက်သို့ လွင့်သွားသည် ။ သို့ လွင့်သွားခြင်းပင် သူ့ အတွက် ကံဆိုးသည် ဟု ဆိုရပေမည် ။ ခေါင်းရင်း ကျူဖျာ ကြားတွင် ညှပ်ထားသော မောင်းချဓား ကို အသင့် တွေ့ ရသည် ။


ဓား ကို အမြန် ဖွင့်လိုက်ပြီး လျှင် လက်ထဲ တွင် တင်းတင်း ဆုပ် ထားလိုက်သည် ။


“ ရိုးရိုးသားသား လုပ်စားတဲ့ တို့ ဆင်းရဲသားတွေ ကို နှိပ်စက်ချင်တဲ့ မင်းတို့ လို ကောင်တွေ လူ့ပြည် မှာ မထားဘူး ”


ကျွန်တော် က ပြောပြောဆိုဆို သူ့ ဆီ တစ်ရှိန်ထိုး စွတ် ဝင်လိုက် သည် ။ နှစ်ယောက်သား ထွေးလုံး ၍ သွားသည် ။ မရီ ၏ စူးရှသော အော်သံ သည် မွတ်တားတို့ အိမ် တုန်းက အော်လိုက်သော အသံလို ပင် ကျွန်တော့် နား တွင် ကြားလာရသည် ။ ကျွန်တော် ၏ ဓားသည် သူ၏ နံကြားနှင့် ရင်ညွန့်သို့ တစ်ချက်ပြီး တစ်ချက် ဝင်၍ သွားလေသည် ။ ထို လူကား မလှုပ်နိုင်တော့ချေ ။ မရီ က ကျွန်တော့် ကို တအား ဖက်ထားသည် ။


ကျွန်တော့် လက်တစ်ဖက် ထဲမှ ရန်သူ ကား အသက် မရှိတော့ပေ ။ ကျွန်တော် က မရီ ကို တစ်ချက်မျှ လှမ်း၍ ကြည့်သည် ။ မရီ က ဘေးသို့ ကျီးကန်းတောင်းမှောက် ကြည့်လိုက်သည် ။


ခုမှပင် အိပ်ရာ ထဲ မှ ငိုနေသော သမီးကလေး ၏ ငိုသံ ကို ကြားရသည် ။ ကျွန်တော့် တစ်ခေါင်းလုံး ကား မီးတောက် သလို ပူလောင်လှပေသည် ။


“ အေး ... သူများအသက် သ,တ်ပြီးရင် ကိုယ့်အသက် ခံဖို့ရှိတာပေါ့ ၊ ဒါမဆန်းပါဘူးကွာ ၊ ကိုယ် လုပ်ရဲရင် ခံရဲရမှာပေါ့ ”


“ မရီ လည်း မနေဘူး အစ်ကို ၊ မရီ ကို မထားခဲ့ပါနဲ့ ၊ မရီ ကို သတ် လိုက်ပါ ၊ အစ်ကို မရှိရင် မရီ ဘယ်လို လုပ်ပြီး နေရမလဲ ”


ကျွန်တော် သည် အံကို တအား ကြိတ်၍ ထားလိုက်သည် ။ ကျွန်တော့် မျက်လုံးများမှ တစိမ့်စိမ့် ကျသော မျက်ရည်များ သည် သွေးကဲ့သို့ ပူလောင် လှသည် ။ တရုတ်ဖြူ၏ မိန်းမ မျက်နှာ ကို မျက်စိ ထဲ တွင် မြင်ယောင်လာ၏ ။


“ မရီ .. ငါ မင်းကို ဘယ်လောက် ချစ်တယ် ဆိုတာ သိတယ် မဟုတ်လား ”


မရီ ခေါင်းညိတ်၍ ဖြေလိုက်သည် ။ ကျွန်တော် က မရီ ကို တအား ဖက်ထား လိုက်သည် ။


“ လူ့ပြည် မှာ လူများ အနှိပ်စက်ခံဖို့ မနေချင်ပါနဲ့တော့ မရီ ရာ ၊ ငါ မင်း ကို ချစ်တယ် ၊ မင်း ကို ချစ်ပေမဲ့ လူယုတ်မာတွေ နှိပ်စက်ဖို့ မင်း ကို မထားခဲ့ဘူး ”


ကျွန်တော် သည် လက်တစ်ဖက် ဖြင့် မရီ အား တင်းကျပ်စွာ ဖက် ထားရင်း တစ်ဖက်မှ ကိုင်ထားသော ဓား ဖြင့် တစ်ချက်ပြီး တစ်ချက် ဆင့်၍ ထိုး လိုက်သည် ။ မရီ သည် ကျွန်တော့် လက်တွင်း၌ တွန့်လိမ်၍ နေရာမှ ပျော့ ခွေ၍သွားသည် ။ မရီ ကို ထိုးလိုက်သော ဓားချက်များ သည် ကျွန်တော် ၏ ရင်ညွန့် ကို ထိုးလိုက် သလိုပင် နာကျင်လှသည် ။


မရီ သည် အောက်သို့ ခွေ၍ ကျသွားသည် ။ ကျွန်တော် က အလိုက် သင့်ပင် မရီ ၏ အိစက်နူးညံ့သော ကိုယ်ကလေး ကို ဒူးပေါ် တွင် အသာ တင် ၍ ပွေ့ထားလိုက်သည် ။


မရီ သည် တစ်ချက်မျှ လူးလွန့်၍ လာသည် ။ မျက်လုံး ကို ခပ်မှေး မှေးဖွင့်လိုက်သည် ။ ကြီးမားလှသော ဒဏ်ရာဖြင့် ဝေဒနာ က ခံစားနေရ သော်လည်း မရီ ၏ မျက်နှာကလေး က ပြုံးသလို ရှိတော့သည် ။


“ အစ်ကို သတ်ပစ်တောင် စိတ်မဆိုးဘူး လို့ ပြောခဲ့ပါတယ် အစ်ကို ၊ မရီ အစ်ကို့ ကို ချစ်ပါတယ် ”


“ မရီ မရီ … ၊ အစ်ကို လည်း မရီ နောက် လိုက်ခဲ့မယ် သိလား ၊ မရီ နဲ့ ဘယ်တော့မှ မခွဲဘူး ”


“ အစ်ကို နဲ့ မရီ အဖို့ ဝဋ်ကျွတ် သွားပေမဲ့ သမီးလေး ခွေးမ ၊ ခွေးမ သမီး ... ”


ကျွန်တော် က မရီ ကို အတင်းအကျပ် ဖက်ထား လိုက်သည် ။ ကျွန်တော့် ခေါင်းထဲ၌ ဘာမျှ မရှိတော့ချေ ။ ရင်ထဲ တွင် လည်း ဟာလာဟင်းလင်း နေသလို ခံစားရသည် ။


သမီးလေး ၏ ငိုသံကို ပြန်၍ ကြားရသည် ။ မရီ ပြောသွားသော စကားများသည် ကျွန်တော့် နားတွင် ပဲ့တင်ထပ်လျက် လာလေသည် ။ ကျွန်တော်သည် ဓား ကို ဆုပ်၍ သမီး ရှိရာသို့ ပြေးသွားမိသည် ။ သမီးလေး သည် ဘာမျှ မသိနားမလည် ရှာ၍ အိပ်ရာ ထဲတွင် ခါတိုင်းလိုပင် ငိုနေရှာသည် ။ ကျွန်တော် က သမီး ကို ဆွဲ၍ ပွေ့လိုက်သည် ။


“ သမီး ... သမီး ... ”


သမီး သည် ငိုနေရာမှ တိတ်သွားပြီးလျှင် ကျွန်တော့် အား မျက်စိသူငယ် ဖြင့် ကြည့်လိုက်သည် ။


“ သမီး … သမီး ဖေဖေတို့ နဲ့ သမီး နဲ့ ခွဲရတော့မယ် သမီးရဲ့ ၊ သမီး တစ်ယောက်တည်း လူ့ပြည် မှာ ဒုက္ခခံပြီး နေချင်သေးသလားဟင် ၊ သမီး အမေ လို သမီး ကို လူတွေ နှိပ်စက်ဖို့ ထားခဲ့ရမလား ဟင် ”


ကျွန်တော် သည် ဘာမှ နားမလည်သော သမီးကလေး အား အရူး ကဲ့သို့ ပြောနေမိသည် ။ သမီး က ကျွန်တော့် အား မျက်စိသူငယ် ကြည့်နေရှာသည် ။ ပြီးမှ ဝမ်းပန်းတသာ အပြုံးဖြင့် ပြုံးလိုက်ပြီးလျှင် ....


“ ပေါ် ... ပေါ် ပေါ် ... ” ဟု မပီကလာ ပြောလိုက်ရှာသည် ။


ကျွန်တော် သည် လက်ထဲ မှ ဓားကို ဆုပ်ထားရင်း ဓာတ်လိုက်သူ ကဲ့သို့ မလှုပ် နိုင်အောင် ရှိတော့သည် ။


“ ဟေ့ကောင် ... သံချောင်း ... သံချောင်း ... ”


ဦးသာဒင် နှင့် ကျွဲသိုးတို့ လူသိုက်သည် ကျွန်တော့် အနားသို့ ဝိုင်း ၍လာ ကြသည် ။ ကျွန်တော် ၏ လက်ထဲမှ ဓားသည် အလိုလို လွတ်ကျ၍ သွားလေသည် ။ သမီး ကို ပွေ့ချီ၍ တအား ဖက်ထား လိုက်သည် ။


“ တပည့်တော်တို့ ဒုက္ခကို ကယ်ပါဦးဘုရား ”


ဦးသာဒင် သည် ကျွန်တော် ၏ ဦးခေါင်း ကို အသာ သပ်၍ ပေးလိုက်ရှာသည် ။


“ အင်း … ဒုက္ခ နဲ့ သမုဒယ အရင်းတည်သမျှ ဒီလောက မှာ အဝိဇ္ဇာ အမှောင်ကြီး ဟာ အမြဲ ကျနေမှာပဲ ၊ အဝိဇ္ဇာ ဖုံးလွှမ်း နေသမျှ ငြိမ်းချမ်းမှု ဆိုတာ လုံးလုံး မရှိတော့ဘူး ၊ သံသရာ မှာ ကြုံသမျှ ဒုက္ခတွေ ကို တရားနဲ့ ဖြေပြီး ဒီ ဒုက္ခဘုံ က လွတ်မြောက်အောင် ကြိုးစားရမယ် ”


ဦးသာဒင် ၏ တရားများ သည် ကျွန်တော့် နားတွင် မစူးဝင်နိုင်တော့ ချေ ။ ပစ္စည်းဥစ္စာ တန်ဖိုး အာဏာမဲ့သူ တို့ အတွက် ငြိမ်းချမ်းမှုသည် မရှိ ၊ လုံခြုံခြင်းသည် လည်း ကင်း၏ ။ ဤ ငရဲဘုံ အတွင်း၌ ဤသို့သော ဒုက္ခမျိုးသည် ဘာမျှ ဆန်းကြယ်သော အရာ မဟုတ်ဟု ယုံကြည်မိတော့သည် ။


ရဲအရာရှိများ သည် လက်နက် ကိုယ်စီဖြင့် ဝင်၍ လာလေသည် ။ သူတို့ နောက်တွင် ဗိုက်ရွှဲဦးဘကြား ကို တွေ့ ရ၏ ။


ကျွန်တော် သည် သူတို့ ကို မတုန်မလှုပ် ကြည့်နေရင်း သမီးကလေး ကို ဦးသာဒင် ၏ လက်ထဲသို့ လှမ်း ပေးလိုက်မိသည် ။


“ တပည့်တော် ရဲ့ သမီးကလေး ကို တပည့်တော်တို့ လို ဒုက္ခမျိုး မတွေ့ ရအောင် စောင့်ရှောက်ပေးပါဘုရား ”


“ အေး … သာဓု … သာဓု ၊ ငါတို့ ရဲ့ ရင်သွေးနဲ့ မခြား ယုယပြုစုပါ့မယ်ကွာ ”


ကျွန်တော် က ဦးသာဒင် အား သုံးကြိမ်သုံးလီ ရှိခိုးလိုက်သည် ။ ရဲအရာရှိများ က ကျွန်တော့် ကို လက်ထိတ် ခတ်လိုက်သည် ။ ကျွန်တော် က ဣန္ဒြေမပျက် နေရာမှ ထလိုက်သည် ။ ကျွန်တော့် ဘေးတွင် ပွကြီး နှင့် ကျွဲသိုး ကို တွေ့ ရသည် ။ ကျွန်တော့် အတွက် မည်မျှ စိတ်ထိခိုက် နေကြောင်း သူတို့ မျက်နှာများ တွင် ပေါ်လွင်လှပေသည် ။


“ တို့တစ်တွေ ဟာ မင်း ပြောသလို ပစ်တိုင်းထောင်တွေ မဟုတ်ပါဘူး ကျွဲသိုး ရာ ၊ လူတကာ အနင်းခံပြီး ကြေမွသွားတော့ မြေကြီး ထဲ အမှုန့် ဖြစ်ပြီး ရောက်သွားတဲ့ လမ်းပေါ် က ကျောက်ခဲကလေးတွေ ပါကွာ ”


ကျွဲသိုး သည် ခု တစ်ကြိမ် ကျွန်တော့်အား ဘာမျှ ပြန်၍ မပြောတော့ ချေ ။ နှုတ်ခမ်း ကို သာ ကိုက်၍ ထားလိုက်သည် ။


အိမ်ရှေ့ တွင် မှောင်အတိ ကျလျက်ရှိသည် ။ ကျွန်တော့် မျက်စိထဲ ၌ကား အလင်းရောင် ကို မမြင်ရတော့ချေ ။


သမီးလေး ၏ ငိုသံကို ကား အဆက်မပြတ် ကြားနေရသည် ။ ကျွန်တော် ၏ သမီးကလေး သည် ဤ ငရဲဘုံ သံသရာ တွင် မည်သို့သော ဒုက္ခ အပေါင်း နှင့် ကြုံတွေ့ ကျင်လည်ရှာဦးမည် ကို ကား လုံးဝ မတွေးဝံ့အောင် ရှိလေတော့သတည်း ။


အောင်လင်း 

၂၄ - ၉ - ၅၈


  ⎕ အောင်လင်း

📖 ပစ်တိုင်းထောင်

No comments:

Post a Comment