❝ စပ်ကြားလိပ်ပြာ ❞
( ထက်ငြိမ်းဝေ )
“ အစကတော့ သူ ပိုင်တယ်ပြောတာပဲ ဆရာ ။ အခုလို မနိုင်ရင်ကာဖြစ် လာတော့ လစ်ပြေးသွားပြီ ။ အဲဒါနဲ့ ကျွန်တော့်တို့ လည်း ဆရာ့ ကို ”
တစ်စုံတစ်ရာ ကို ခပ်ပြင်းပြင်း ပြောမည် ပြင်ပြီးမှ စကားလုံးတွေကို ပြန်မျိုချ ထိန်းစမ်း ၊ ဒေါသကိုထိန်းစမ်း ။ စိတ်ကို ငြိမ်အောင် ထိန်းစမ်း ။ ဘာမှ ပြောမနေ နဲ့ ။ လုပ်စရာ ရှိတာလုပ် ။
လူနာ ကို ပဋိဇီဝဆေးတစ်လုံး ထိုးပေး လိုက်သည် ။ အလွန်အမင်း ကျဆင်းနေသော သွေးပေါင်ချိန် ကိုပြန်တက်လာစေရန် ဒရစ်တစ်ပုလင်း အမြန် သွင်း ။ အခြေအနေ ကို ပြန်စစ်ဆေးကြည့် ။ Incomplete Abortion ပဲ ။ နှစ်လခွဲ ၊ သုံးလရွယ် ကိုယ်ဝန် ကို ဖျက်ချ ထားတာ ။ ရက်ရက်စက်စက် ။
သားအိမ်ဝ မှာ တစ်ရှူးအပိုင်းအစ တချို့ ။ ညိုပုပ်ပုပ်သွေးတွေ စီးဆင်း ။ လူနာ က ကိုက်ခဲညည်းညူ ။ သားအိမ် ခြစ်ရမည် ။ သားအိမ်ခြစ် သည့် ကိရိယာ က သူ့ မှာ မရှိ ။
“ ဆေးရုံ တင်ရမယ် ။ ဘယ်ဆေးရုံ နဲ့ ပိုနီးသလဲ ။ မြောင် နဲ့ မြင်းမူ ”
“ ရေတိုးချိန် ဆိုတော့ မြောင် က ပို အဆင်ပြေမယ် ဆရာ ။ မြင်းမူ ဆို ရေဆန်ကြီး ”
“ ကဲ .. လုပ်လုပ် ။ ဦးကျွဲစက်လှေလေး ရှိတယ် မဟုတ်လား ။ အကူအညီ တောင်းဗျာ ။ မြန်မြန်နော် ။ ဒီမှာ သွေးပေါင်တွေ သိပ်ကျနေတယ် ”
ဒရစ်တစ်ပုလင်း ကုန်ခါနီးမှာ သွေးပေါင် ထပ်ချိန်ကြည့် ။ ၈ဝ/၄ဝ ။ စိတ် မချရသေး ။ ချိုငန်တစ်ပုလင်း ထပ်သွင်း ။ အမြန်နှုန်း ။
“ ဆရာ ရော လိုက်ခဲ့ပေးပါ ဆရာ ”
လူနာရှင် ၏ အားကိုးတကြီး တောင်းဆိုသံ ။ လူနာ က ဖြူဖျော့ပျော့ ခွေ ။ အသံက ယဲ့ယဲ့ ။ သွေးက ဆင်းနေတုန်း ။ ဆေးရုံ မရောက်ခင် လမ်းမှာ နောက်ထပ် အနည်းဆုံး သုံးပုလင်းလောက် တော့ သွင်းရဦးမယ် ထင်တယ် ။
“ လိုက်ခဲ့မယ်ဗျာ ”
ညနေခင်း မှာ ကြည့်ပေးရမယ့် ရွာထဲ က လူနာတွေ ကို မေ့ထား ။ ဘေးရွာ က လှည်းတွေ ၊ စက်ဘီးတွေ နှင့် လာတတ်ကြသည့် လူနာတွေ ရော ထားလိုက်တော့ ။ မတတ်နိုင်တော့ ။ ဒီ လူနာ က အရေးပေါ် ။ သူ လိုက်မသွားလျှင် လမ်း မှာ ဒုက္ခရောက် သွားနိုင်သည် ။
“ ကဲ ... အဆင်သင့်ဖြစ်ရင် သွားကြစို့ ။ မြန်မြန်လေး ”
နွားလှည်း ဖြင့် လှေဆိပ်သို့ ခပ်သွက်သွက် ဆင်းခဲ့ကြ ။ လှေဆိပ် မှာ ဦးကျွဲ ၏ စက်လှေလေး က အဆင်သင့် ။
“ အမြန်ဆုံးနှုန်း နဲ့ မိုင်ကုန်သာ မောင်းဗျာ ”
စက်လှေကလေး က လျင်မြန်သော အဟုန်ဖြင့် ရေလွှာကို ထိုးခွဲ ။ ဦးတည်ရာ အရပ် အနောက်စူးစူး ။ တော်သလင်း မို့ မြစ်တွင်း သင်ဖြူးခင်း နေ ။ တော်သလင်း နေ က ညနေချိန်မှာ ပင် ပြင်းရှရှပူလောင် ။ နေအပူရဲ့ အောက်က ရင်အပူ နှင့် လူတစ်စု ။ ချွေးသီးချွေးပေါက်တွေ ပြိုက်ပြိုက်ကျ ။
“ ဆရာ့ ကို အားနာလိုက်တာ ”
သည် စကား ဟုတ်သလား ။ တကယ် အားနာတာလား ။ တကယ်ရော အားနာသင့်သလား ။ အားနာရမှာ က ဆရာဝန် ကို လား ။ အဖျက်ခံရသည့် သန္ဓေသား လေးကိုလား ။ သူ အပြုံးမဲ့စွာ လှမ်းကြည့်လိုက်တော့ နောင်တတွေ ၊ သိမ်ငယ်မှုတွေ ကို ထမ်းပိုးထားသည့် လူ တစ်ယောက်ကို တွေ့ လိုက်ရ ။
ဒေါ်အိုဇာ ။ Abortionist ခေါ်မလားပဲ ။ ကလေးဖျက် ကျွမ်းကျင်သူ ။ သူ နှင့် ထိပ်တိုက် မတွေ့ ။ လက်တွေ့ မကြုံဖူးခင် ကတည်း က သတင်း တွေ သိုးသိုးသန့်သန့် ကြားနေရ ။ သူမ သ,တ်ခဲ့သည့် လူပေါင်း မနည်းတော့ ။ သန္ဓေသားပေါင်း မြောက်မြားစွာ ။ တစ်ခါတစ်ရံ သန္ဓေသား လွယ် ထားသူပါ အဆစ် ပါသွားခဲ့ ။
ခက်တယ် ။
သန္ဓေတားဆေးတွေ ပေါ်နေတာ ကြာပြီ ။ မသိကြ ။ မသုံးကြဘူးလား ။ ထမင်း တစ်လုတ် အတွက် လုပ်စားစရာ သမ္မာအာဇီဝ အလုပ်တွေ ရှိ နေတာ မကြည့်ကြ ။ မလုပ်ကြဘူးလား ။ ဟောဒီ ဆိုးရွားစွာ မှားယွင်းမှု တွေ ဘယ်အချိန်မှ အဆုံးသတ်မလဲ ။
“ မော ... လိုက် ... တာ ... ”
ဟော တစ်ယောက် ယောက်များ ညည်းတွား လိုက်လေသလား ။ ဘယ်သူ လဲ ။ လူနာလား ၊ လူနာရှင်လား ၊ သူလား ။ ဒါမှ မဟုတ် မိုင်ကုန် ပြေးနေရသည့် စက်လှေလေးလား ။
“ မောလိုက်တာနော် ။ ငါ့နှယ် ”
ကုန်လွန်ခဲ့သည့် ဆယ်နှစ် ၊ ဆယ့်ငါးနှစ် လောက် က အသံတွေ ပြန် ကြားနေမိ ။ အမေ ရဲ့ ဘဝအမောတွေ ။ သားသမီး ဆယ့်တစ်ယောက် ကို ခေါင်း ပေါ် ၊ ပခုံး ပေါ် ၊ ကျော ပေါ် တင်ပြီး မာရသွန် ခရီးကြမ်းကြီး ပြေး ခဲ့ရ ။ ဒါပေမဲ့ အမေ အပြုံး မပျက်ခဲ့ ။
သားသမီး ဆယ့်တစ်ယောက် မှာ သူ က ဆယ့်တစ်ယောက်မြောက် အထွေးဆုံး ။ သားသမီး ဆယ်ယောက် ရပြီးသည့် အမေ့ အတွက် သူသည် လိုလားအပ်သော အရာမဟုတ် ။ ဒါပေမဲ့ အမေ က သူ့ ကို နွေးထွေးစွာ ကြိုဆိုခဲ့သည် ။ ကျေးဇူးပါ အမေ ။
အမေ့ကျေးဇူးတွေ ကို သူ ထိုက်တန်စွာ ပြန် မဆပ်နိုင်ခဲ့တာ သတိရ လာပြန်သည် ။ အမေ့ ကို လစဉ် ကန်တော့ခဲ့သည့် သူ ၏ ဝင်ငွေ ကို ( ဆရာဝန် တစ်ယောက် အနေနှင့် ) သူ အားမရ ။ သူ ဆေးခန်း ဖွင့်သည့် ရွာ က လူတွေ က ဆင်းရဲသည် လေ ။
“ မနည်းပါဘူး သားရယ် ။ စားဝတ်နေရေး ဖူလုံရင် တော်ရောပေါ့ ။ ကိုယ် ချမ်းသာချင်တာနဲ့ မရှိဆင်းရဲသားတွေ ကို လည်ပင်း မညှစ်ချင်ပါနဲ့ ”
သူ ဘယ်သူ့ကို မှ လည်ပင်း မညှစ်ခဲ့တာ သူ သာ အသိဆုံး ။ ကိုယ် လည်း ဆင်းရဲခဲ့ဖူးသည် မို့ ကိုယ်ချင်းစာ တရား မမဲ့ခဲ့ ။ ဒါပေမဲ့ တန်ရာတန်ဖိုးလေးတော့ ဖြစ်စေချင်သည် ။
အရေးပေါ် အခြေအနေတွေ မှာ သူ့ ဆေးတွေ ကို အနှမြော မရှိ ထုတ် သုံး ခဲ့တာ မှတ်မိနေသည် ။ ပြီးတော့ အဲဒီ ဆေးဖိုးတွေ ဘယ်တော့မှ ပြန် မရတာလည်း မှတ်မိနေပြန်သည် ။ အမေရေ ... ဒီလိုနဲ့ ကျွန်တော့် အိပ်မက် လူရိုသေ ၊ ရှင်ရိုသေ အဆောင်အယောင် စီးတော်ယာဉ်လေး ဆေး သား မှိန်ဖျော့ခဲ့ရတာ ။
“ ဆရာ ဆလိုင်း ပုလင်း ကုန်ခါနီးပြီ ”
ပုလင်းဆီ ဖျတ်ခနဲ အကြည့် ရောက် ။ ချွေးစေးတွေ ပြန်ကာ ခြေဖျား လက် ဖျားတွေ အေးစက်နေသည့် လူနာ ကို သွေးပေါင်ချိန်ကြည့် ။ ၆ဝ/၃ ဝ ။ နောက် တစ်ပုလင်း ခပ်သွက်သွက် သွင်းဦးမှ ။
“ သွင်းရဦးမှာ လား ဆရာ ”
“ သွင်းရဦးမယ် ။ ဆေးရုံ မရောက်မချင်း လမ်းတစ်လျှောက်လုံး သွင်း သွား ရမှာ ။ နာရီဝက် ကို တစ်ပုလင်းနှုန်း တော့ သွင်းရလိမ့်မယ် ထင်တယ် ”
“ ဆေးဖိုးတော့ မနည်းလောက်ဘူး ထင်တယ် ။ ဟူး ... ”
လူနာ နေထိုင်ရာ ဓနိမိုး ၊ ထရံကာ အိမ်စုတ်ချာချာလေး မျက်စိထဲမှာ ထင်းခနဲပေါ်လာ ။ အဝတ်အစားမဲ့ မည်းညစ်ညစ် ဘုစုခရုတွေ ထမင်းရည်သောက်နေကြ ။ ဆေးရုံသို့ ယူဆောင်လာသည့် ထဘီအစုတ် ၊ စောင် အစုတ်ဟောင်းနွမ်းနွမ်း လေးများ ။ ဒါပေမဲ့ ..
မိန်းမ ဘက်ကလား ၊ ယောက်ျား ဘက်ကလား မသိ ။ အဒေါ်တော်စပ် သည့် မိန်းမကြီး က ပိုက်ဆံထုပ်ကလေး ကို တဘက် နဲ့ ပတ် ၊ ချိုင်းမှာ ညှပ်ပြီး လိုက်ပါလာခဲ့ ။ သည် အထုပ် ကို သူ စိတ်မဝင်စားချင်ယောင် ဆောင်ရင်း စိတ်ဝင်စားခဲ့ ။ ( သူ့ အိပ်မက် ကို ဆေးသား ဖြည့်စွက်ပေးလေမလား ) ။ တကယ်ဆို ဒီအချိန်မှာ သူ့ အာရုံ ထဲမှာ အပြည့်အသိပ် ထည့်ထား သင့်တာက သွေးဆင်းမှု အနည်းအများ ၊ လူနာအခြေအနေ နဲ့ သွေးပေါင်ချိန် မဟုတ်ဘူး လား ။ ဒါပဲပေါ့ ။ ဘာကိစ္စ သည် တဘက်ထုပ်ကို ခေါင်း ထဲမှာ နေရာ တစ်နေရာ ပေးထားရသလဲ ။
“ ဟိုးအနောက် က မြင်နေရတာ မြောင် ပဲ ဆရာ ”
“ အင်း ... တွေ့တယ် ၊ တွေ့တယ် ။ အဲဒီ ရောက်အောင် ဘယ်လောက်ကြာကြာ မောင်းရဦးမလဲ ”
“ တစ်နာရီခွဲ လောက်တော့ ကြာမယ် ဆရာ ”
“ ဟင် ... တစ်နာရီခွဲ တောင် ကြာမှာ လား ။ အဲဒီထက် မြန်လို့ မရဘူး လား ။ ဒီမှာ ဒရစ်ပုလင်း က နှစ်ပုလင်းပဲ ကျန်တော့တယ် ”
“ အဲဒီ ထက် တော့ မြန်လို့ မရဘူး ဆရာ ။ ရှေ့မှာ ငါးဖမ်းပိုက်တွေ တန်းထားတာ အများကြီးပဲ ။ ပိုက်ကို ဝင်မငြိအောင် ရှောင်မောင်းရမှာ ”
ကြည့်စမ်းပါဦး ။ ပိုက်တွေ တန်းထားလိုက်တာ ။ ဝင်္ကပါကြီး ဆောက် ထားသလို ။
စက်လှေဆရာ က စက်လှေ ကို အရှိန်လျှော့ပြီး စိတ်ရှည်လက်ရှည် ကွေ့ပတ် မောင်း ။ စိတ်မရှည်နိုင် သူ က သူ ။ နေ လည်း ဝင်တော့မယ် ။ ဒရစ်ပုလင်း လည်း ကုန်တော့မယ် ။ လူနာ က သွေးပေါင်တွေ တရိပ်ရိပ်ကျ ဆင်း ။
“ ဟော ... ”
လူနာ ၏ နှုတ်မှ တိုးတိုးလေး ညည်းသံ ရပ်ဆိုင်းသွား ။ အသက်ရှူ မရ မှုကြောင့် မို့မောက်လှိုင်းထနေသည့် ရင်အစုံ ။ အားပျော့တိုးလျ နှလုံးခုန်သံ ။
“ စက်ဆရာ ၊ စက်ဆရာ မြန်မြန် ”
သူ၏ ဥသြဆွဲသံ က စက်လှေသမား ကို လန့်ဖျပ်သွားစေ ။ ပိုက်တန်း တွေ ကြားမှာ ပင် စက်လှေ ကို အရှိန် မြင့်လိုက်မိ ။
“ ဟာ ငြိပြီ ”
ဘယ်လိုမှ ရှောင် မရ ၊ တိမ်း မရ ။ စက်လှေ ၏ ပန်ကာဒလက်တွေ ကြား မှာ စုတ်ပြတ်သွားသော ငါးဖမ်းပိုက်များ ။
“ ဟေ့ စက်လှေ ၊ ရပ်စမ်း ၊ ရပ်စမ်း ၊ ပိုက်တန်း ထားတာ မမြင်ဖူးလား ကွ ။ အကုန် စုတ်ပြတ်ကုန်ပြီ ”
လှေတစ်စီး နှင့် လူနှစ်ယောက် ။ အသားညိုညို ၊ ရုပ်ကြမ်းကြမ်း ၊ အင်္ကျီဗလာ ၊ ဖျင်ကြမ်းလုံချည် အစုတ်တွေနှင့် ။ ရှေ့တူရူ မှာ လည်း တံငါ လှေ သုံးလေးစီး ။ သူတို့ ကို လှမ်း ကြည့်နေကြ ။
“ ရှိစုမဲ့စု ပိုက်ကလေးများ ပြတ်သတ်ကုန်ပြီ ။ ကျုပ်တို့ မှာ ဒါလေးနဲ့ လုပ်စားနေရတာ ။ ကြည့်ပြီး လျော်ပေးဦး ”
“ တောင်းပန်ပါတယ် တော် ။ ကျုပ်တို့ လည်း လူနာ အရေးကြီးလို့ ကမန်းကတန်း မောင်းလာရတာပါ ။ တော်တို့ ပိုက်ဖိုး လည်း လျော်ပါ့မယ် ။ ဘယ်လောက် ပေးရမလဲဆိုတာ ”
အဒေါ်ကြီးက ချိုင်းမှာ ညှပ်ထားသော တဘက်ထုပ်ကလေး ကို ဆွဲထုတ် ။ တံငါသည် ကြီး က တဘက်ထုပ် ကို မကြည့် ။ စက်လှေ ပေါ်က လူနာ ကို လှမ်းကြည့် ။
“ ဟာ လူနာ ပါလာတာပဲ ။ တော်တော် အနေဆိုးတယ် ထင်တယ် ။ မသိလို့ပါဗျာ ။ မောင်းပါ ၊ မောင်းပါ ။ ဆေးရုံ မြန်မြန် ရောက်အောင် မောင်း ”
“ ပိုက်ဖိုး က ဘယ်လောက် ”
“ အာ ... နေပါစေ ၊ တစ်ပြား မှ မပေးနဲ့ တော့ ။ ကွမ်းယာ ပါရင်သာ တစ်ထုပ် လောက် ”
သူ့ မျက်နှာ နွေးခနဲ ဖြစ်သွား ။ တံငါသည်ကြီး ရဲ့ ရှေ့မှာ ၊ ပြီးတော့ ကောင်းကင်ပေါ် ကနေ သူ့ ကို ငုံ့ကြည့် နေသည့် သူ့ အမေ မျက်နှာ ရှေ့ မှာ သူ့ ခန္ဓာကိုယ် ရုတ်ခြည်း သေးငယ် ကျုံ့ဝင်သွား ။
⎕ ထက်ငြိမ်းဝေ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၂၆
မေလ ၊ ၂ဝဝဝ ခုနှစ်
No comments:
Post a Comment