Thursday, June 5, 2025

ပစ်တိုင်းထောင် ( ၀၆ ) ( ၂ )


 

❝ ပစ်တိုင်းထောင် ❞   
     အပိုင်း - ၆ ( ၂ )
    
အေးမောင် သည် ဖဲထုပ် ကို ယူ၍ တစ်ချက် နှစ်ချက် မွှေပြီး ပုတ်လိုက်သည် ။ ဒိုင် က တစ်ဖန် ဖဲ ကို ပြင်လိုက်ပြန်သည် ။

ဖဲစေ့ သွားသောအခါ ကျွန်တော် သည် ဖဲ ကို ရုတ်တရက် မကြည့် သေးချေ ။ သုံးချပ် စေ့သည် အထိ စောင့် နေမိသည် ။ သုံးချပ် စေ့ မှ ဖဲ ကို ကောက် ၍ တစ်ချပ်ချင်း ကြည့် လိုက်သည် ။

ပထမဆုံး ရှစ်ဖဲ ထွက်လာသည် ။ ရှစ်ဖဲ ကို မြင်၍ ကျွန်တော့် စိတ် ထဲ တွင် ထင့်၍ သွားသည် ။ ရှစ်ဖဲ သည် အမြဲတမ်း ကျွန်တော့် အတွက် နိမိတ် မကောင်းပေ ။ သူ လာလျှင် အမြဲတမ်း ရှုံးတတ်၏ ။ ကျွန်တော် သည် နောက် ဖဲ ကို ကြည့်လိုက်သည် ။ သုံးတန်း ပင် ဖြစ်နေသည် ။ တစ်ဖန် နောက်ဆုံးဖဲ ကို ဘေး ကြည့်လိုက်ပြန်သည် ။ နောက်ဆုံးဖဲ မှာ ကွက်ဖဲ ဖြစ်နေ၏ ။

ဤ ဖဲမျိုးသည် ကောင်းချင် လည်း ကောင်းတတ်၏ ။ မကောင်းချင် လည်း အရေးထဲ မှာ ဘူ ကျတတ်၏ ။ ဥပမာ … အပေါ် ရှစ်ဖဲ ၊ အလယ်သုံး တန်း က ခုနစ်ဖဲ ဖြစ်၍ အောက်ဆုံးဖဲ က ငါး ဖြစ်လျှင် ခွန်ငါးရှစ် ဘူတိ နေ၏ ။ စိတ်အချရဆုံး မှာ အလယ် ခြောက်ဖဲ ဖြစ်လျှင် သေချာပေါက် စုံနိုင်၏ ။ ကျွန်တော် သည် အလယ်ဖဲ ကို အကျောက်အကန် ကြည့်လိုက်လေသည် ။

တစ်ဖက်တွင် ချက် လွတ်၍ တအားတက်လာသည် ။ နောက် တစ်ဖက် ကို ကြည့် လိုက်ပြန်သည် ။ နောက်တစ်ဖက် တွင် ကား ကျွန်တော် ဆုတောင်း သလို ချက် မလွတ်တော့ချေ ။ အလယ် ဆို့၍ လာသည် ။ ကျွန်တော် သည် ဒိုင် ၏ ဖဲ အခြေအနေ ကို လှမ်း ၍ ကြည့်လိုက်သည် ။

ဒိုင် ကား ဣန္ဒြေ ကောင်းလှသည် ။ သူ့ ဖဲ ကိုပင် မကြည့်တော့ချေ ။ ကျွန်တော်တို့ ဖဲ အခြေအနေ ကိုသာ လိုက်၍ ကြည့်နေသည် ။ ကျွန်တော် က အေးမောင် ၏ အရိပ်အခြည် ကို ကြည့်လိုက်သည် ။ အေးမောင် သည် ဒူးတစ်ဖက် ကို ထောင်၍ ၎င်း ဒူးပေါ် တွင် မေးတင်လျက် သူ့ ဖဲ ကို ဇိမ် နှင့် မှုတ်၍ ကြည့်နေလေသည် ။

ကျွန်တော့် မှာ အေးမောင် အတွက် ရင်မော ၍ နေသည် ။ ဤတစ်ချီ ရှုံးလျှင် နှစ်ယောက်စလုံး ပြုတ်မည် ။ ရှုံးခြင်း ရှုံးလျှင် ကျွန်တော့် အိမ် က အရေးမကြီးလှ ။ သုံးကျပ်အိမ် ဖြစ်၍လည်း အကြောင်း မထူးပေ ။ အေးမောင် အိမ် က တစ်ဆယ်အိမ် ဖြစ်နေ၍ အေးမောင်အိမ် ရှုံးမည် ကို စိုးရိမ်မိသည် ။ အေးမောင် သည် ဖဲ ကို ရှုံ့ရှုံ့မဲ့မဲ့ မှုတ်၍ ကြည့်နေသည် ။

နဖူးရေများ က အလိပ်လိုက် တက်၍ လာသည် ။ နောက်ဆုံး ဖဲချပ် ကို တအား ဆွဲထုတ်လိုက်သောအခါ အေးမောင် ၏ မျက်နှာမှာ ဤနေရာ မှာ လုံးဝ မျှော်လင့်ချက် မရှိတော့ ။

“ မအေပေး ဖဲက ယုတ်ကန်းလိုက်တာ ၊ ကု,လားနှစ်ကောင် ပြီး တစ် လိုက်လာတယ် ၊ သွားပြီ ၊ ဒီ ညတော့ တစ်ထောင် ပါ လည်း ကုန်မှာပဲ ”

အေးမောင် သည် လက်ထဲ မှ ဖဲချပ်ကို ရှေ့သို့ ပစ်ချလိုက်သည် ။ဒိုင် က ငွေတစ်ဆယ် ကို ခပ်ပြုံးပြုံး ပင် သိမ်း သွားသည် ။ အေးမောင် က ဒိုင် ၏ လက်ကို ဆွဲထားလိုက်ရင်း ...

“ တစ်ပေါက် လောက်တော့ စာရင်း ထဲ မထည့်လို့ စားတာပေါ့ အေးမောင် ရာ ၊ မူတူး ဒိုင်ခံရင် နည်းအိမ် ကို သာ လျော်တာ ၊ များအိမ် ကို အမြဲ စား တယ် ဆိုတာ မင်း သိပါတယ်ကွာ ”

ဒိုင် သည် တစ်အိ မ်ပြီး တစ်အိမ် စားလာသည် ။ အလယ်အိမ် ငါးကျပ်အိမ် တစ်အိမ် ကို သာ လျော် လိုက်သည် ။ နောက်ဆုံး ကျွန်တော့် အလှည့် ရောက်လာသည် ။ ကျွန်တော့် အိမ် လောက် ကိုမူ ဒိုင် က အရှုံးအနိုင် သိပ်ဂရုထားဟန် မတူ ။

“ ကဲပါကွာ ၊ မင်း အိမ်တော့ ရှုံး လည်း လျော်ပါ့မယ် အပြန် ရှပ်ဖိုးကလေး ပေးလိုက်ပါ့မယ် ”

ကျွန်တော် က ခံပြင်းသော စိတ်ဖြင့် ဖဲ ကို တအား ရိုက်ချလိုက်၏ ။ တော်သေး၏ ။ လေးဖဲ ထွက်၏ ငါးဖဲ သာ ဆိုလျှင် ဘူတိ နေမည် ။ ယခု လေးဖဲ ဖြစ်နေ၍ ကိုး ဖြစ်လာ၏ ။

“ ကိုးဗျ ..ကိုး ၊ နည်းတယ်ဗျာ ၊ သုံးကျပ်ပါ ”

“ လျော်ပါတယ်ကွာ ၊ ငါ မပြောလား ၊ နည်း အိမ်ကို လျော်ပါတယ် ဆိုနေ ၊ များအိမ် ကိုသာ စားတာ ၊ မဟုတ်ဘူးလားကွာ အေးမောင် ”

ဒိုင်လုပ်သူ ကိုမူတူး က ခပ်ကြွားကြွား ပြောလိုက်သောအခါ အေးမောင် က မခံချင်သော မျက်နှာ နှင့် ပေါင် ကို လက်တစ်ဖက် ဖြင့် ပုတ်လိုက် သည် ။

“ အင်း .. ဖင်ခေါင်းလေးရယ် တဲ့ မှ တော်တော်ကျယ် ... ”

ကျွန်တော် က အေးမောင် ကို လှည့်၍ ကြည့်လိုက်သည် ။ အေးမောင် က စိတ်ပျက်စွာ မျက်နှာ ကို ရှုံ့ ပြလိုက်သည် ။

“ ကိုယ့်လူ ကြည့် မနေနဲ့တော့ ၊ ပြန်ရအောင် ၊ ဒီည တော့ ကိုကြီးကျော် ကို ပင့်လို့ မရဘူး ၊ ပါသလောက် ကုန်မှာပဲ ၊ ကဲ ... ပြန်မယ် ”

ကျွန်တော်တို့ နှစ်ယောက်သည် ကိုမူတူး အိမ် နောက်ဖေးပေါက် မှ ထွက်ခဲ့လေသည် ။

“ အေးမောင် …. မင်း ဘယ်လောက် ရှုံးလဲ ”

“ ခြောက်ဆယ် ၊ တစ်ပြားမှ မကျန်ဘူး ၊ မင်း ရော ... ”

“ ငါက  လေးဆယ် ပါတာ အခု ရှစ်ကျပ် ကျန်တော့ သုံးဆယ့်နှစ်ကျပ် ပြုတ်တာပေါ့ ”

“ ဒါဖြင့် တစ်ဆိုင်ဆိုင် ဝင်ကြတာပေါ့ကွာ ၊ ဒီ အနား မှာ အကျင်တို့ ဆိုင် ရှိပါတယ် ”

အေးမောင် သည် မြေနီကုန်း လမ်းကြား ထဲမှ တရုတ်အရက်ဆိုင် တစ်ဆိုင် သို့ သွား၍ နှိုးလေသည် ။ အချိန်မှာ တစ်ချက်တီးခန့် ရှိလေပြီ ။ သည်အချိန်မျိုး ၌ အရက် ရရန် မလွယ်လှပေ ။ သို့သော် မြေနီကုန်း ၊ ဗဟန်း ၊ တာမွေ တွင် ရှိသမျှ အရက်ဆိုင်တို့ သည် အေးမောင် ၏ ဖောက်သည်များ သာ ဖြစ်လေသည် ။

ယခုလည်း အကျင် ကို နှစ်ခွန်း မခေါ်ရပေ ။ အတွင်း မှ တံခါး ဖွင့် ပေးလိုက်သည် ။

“ အကျင်ရေ ... အကြီး တစ်လုံးပေးပါ ၊ ပဲလှော် ရော ပေးပါ ”

“ အေးမောင် ... နင် မလာတာ ကြာပြီ ၊ အရင် အကြွေး ပေးရမှာ စိုးလို့လား ”

အကျင် က အရက် ကို စပ်ဆေး ရော ထည့်ရင်း လှမ်း၍ နောက်လိုက် သည် ။ အေးမောင် က သူ့ ဆေးပြင်းလိပ်တို ကို မီးညှိ လိုက်ရင်း ...

“ ကနေ့ လည်း မပေးနိုင်ဘူးဟေ့ ၊ အေးမောင် တို့ ပြုတ် နေတယ် ၊ မြင်းပွဲ က ရသမျှ မြေနီကုန်း လာပေးရတာပဲ ”

“ မြင်းပွဲ နက်ဖြန် တွဲဖို့ တောင် မရှိဘူး ၊ ငါ လည်း ရှိတဲ့ ပိုက်ဆံ တတိတိ နဲ့ကုန်ပြီ ၊ ခြေစောင့်လက်စောင့် အစိတ်လား ရှိတော့တယ် ”

“ ရပါတယ်ကွာ ၊ အချိန်တန်တော့ ကြံဖန် ဖြစ်လာမှာပါ ”

အေးမောင် သည် အရက် ကို သာ ရေငတ် သလို အားရပါးရ သောက် နေတော့သည် ။

ကျွန်တော် ကား မရီ အိမ် မှ ဆင်းလာ ကတည်းက အေးမောင် အိမ် တွင် သောင်တင်၍ နေသည် ။ တစ်ခါတစ်ရံ ကိုမြ တို့ အိမ်တွင် အိပ်သည် ။ များသောအားဖြင့် ကား ပေါ်တွ င်သာ အိပ်မိသည် ။ ထမင်း ကို မူ ကြုံသလို စားလိုက်သည် ။ ကိုမြတို့ အိမ် ကြုံလျှင် ကိုမြ အိမ် မှာ စားသည် ။ တစ်ခါတရံ အပေါစားဆိုင် တွင် စားသည် ။ မရီ တို့ အိမ်မှ ဆင်းခဲ့သည့် နောက် ကျွန်တော် သည် အေးမောင် နှင့် တွဲ၍ အစုံ လုပ်တတ်လာသည် ။

ဖဲဝိုင်း လည်း ထိုင်တတ်သည် ။ အရက် လည်း သောက်တတ်သည် ။ သို့သော် အပျော်အပါး ကို ကား မလိုက်စားတတ်ပေ ။ အေးမောင် သည် ပိုက်ဆံ ရွှင် လျှင် လမ်းကြိုလမ်းကြား မှ မိန်းမများ ကို ခေါ်ထုတ် လာတတ်သည် ။ တစ်ခါတစ်ရံ ဖဲ နိုင်လျှင် ကွက်သစ်လမ်းကြား ထဲမှ အိမ်များ တွင် အေးမောင် သည် တစ်ညလုံး အိပ် နေတတ်၏ ။ ကျွန်တော် က တစ်ယောက် တည်း ပြန်ခဲ့ရသည် ။ အေးမောင် နှင့် ကျွန်တော်သည် နေရာတိုင်း တွင် တွဲ တတ် သော်လည်း မိန်းမကိစ္စ နှင့် ပတ်သက်၍ကား တွဲလေ့ မရှိပေ ။ အေးမောင် သည် ပိုက်ဆံ ရှိလျှင် ရှိသလို မိန်းမများ နှင့် ပျော်ပါးတတ်သည် ။

ထိုအခါများတွင် ကျွန်တော် က အေးမောင် နှင့် လမ်းခွဲ လိုက်သည် ။ သူ ပျော်ချင်သော ကိစ္စ ကို လည်း ကျွန်တော် က တားဆီး ပိတ်ပင်ခြင်း မပြု ။ ကျွန်တော် ဝါသနာ မပါသော အလုပ် ကိုလည်း သူ က ဇွတ်အတင်း ဆွဲဆောင်ခြင်း မပြု ။ ထိုကိစ္စနှင့် ပတ်သက်၍ သူ ဆွဲ လျှင်လည်း ကျွန်တော် ပါမည် မဟုတ်ကြောင်း ကို သူ ကောင်းကောင်း သိလေသည် ။

ယခုလည်း ဖဲဝိုင်း ရှုံးလာ၍ သာ အေးမောင် သည် ငြိမ်နေခြင်း ဖြစ်လေသည် ။ ကျွန်တော် က အရက်သောက်ရင်း တစ်စုံတစ်ခု ကို သာ စဉ်းစား နေမိသည် ။ အရက်ကလေး အနည်းငယ် ဝင်လာလျှင် ကျွန်တော် သည် မရီ ကို သတိရ၍ လာသည် ။ တစ်ခါတစ်ရံ တွင် လည်း မရီ ကို နာကြည်းလာမိသည် ။ မရီ ကြောင့် သာ ခုလို ပေတေလေလွင့် နေရသည် ဟု စိတ် က စွဲကာ မရီ ကို မကျေမချမ်း ဖြစ်မိသည် ။ နောက်တော့လည်း ကိုယ့် ကိုယ် ကိုယ် သာ အပြစ် တင် လိုက်မိလေသည် ။

မရီ ၏ အပြောင်းအလဲ မြန်သော စိတ်ထား ကိုကား ကျွန်တော် ယခု တိုင် စဉ်းစားမရပေ ။ ကိုလှမောင်ကြီး ကြောင့် ယခုလို ပြောင်းလဲသွားသည် ဟု ဆိုရသော်လည်း မရီ လို မိန်းကလေး တစ်ယောက် သည် အဘယ်ကြောင့် ကိုလှမောင် ၏ ထောင်ချောက် ထဲတွင် ဤကဲ့သို့ အမိ ခံလိုက်ရသည် ကို မတွေး တတ်အောင် ရှိလေတော့သည် ။

သည်အခါများတွင် ကျွန်တော် သည် မရီ ကို ခွင့်လွှတ်မိပြန်၏ ။ မရီ သည် ရိုးသားသော မိန်းကလေး တစ်ယောက် ဖြစ်၏ ။ မလည်မဝယ် မိန်းမသား တစ်ယောက် ဖြစ်၏ ။ ထိုသို့သော မိန်းမသား တစ်ယောက် အား အနိုင်ကျင့်သူ လောက် ယုတ်မာသူ မရှိပေ ။ ထိုသို့ တွေးမိပြန်သောအခါ ကျွန်တော် သည် ကိုလှမောင် အား လက်စားချေ လိုသော စိတ်များ က တဖွားဖွား ပေါ်၍လာသည် ။ ကျွန်တော် သည် တစ်ယောက်တည်း ဒေါသ ဖြစ်မိပြန်သည် ။ အရက် ကို ဆက်၍ မော့ လိုက်မိသည် ။

“ ဟေ့ကောင် ... ဘာဖြစ်တာလဲ ၊ ဆော်လှချည်လား ၊ ဖဲရှုံးတာများ ဒါလောက် စိတ်မညစ်ပါနဲ့ ၊ နက်ဖြန် ငါ တွဲပွဲ တိုက်မှာပါကွာ ”

“ မညစ်ပါဘူးကွာ ၊ ငါ့ အကြောင်း ကို ငါ တွေးနေတာပါ ၊ မိန်းမတွေ ရဲ့ စိတ်ဟာတော့ အသိရ ခက်တယ် ၊ ခု ဒါဆိုပေမဲ့ တော်တော်ကြာ ဟိုဟာ ဖြစ်ချင် ဖြစ်သွားတာ ၊ ငါ ဒီ မိန်းမ တစ်ယောက်တည်း ရင်းရင်းနှီးနှီး တွေ့ဖူး တယ် ၊ အဲဒီ တစ်ယောက် တွေ့ ဖူးရုံနဲ့ပဲ မိန်းမတွေ ကို ကြောက်သွားပြီ ”

“ မိန်းမ တစ်ယောက် ရဲ့ တစ် ကို ပြောရတာ မြင်းတစ် ထက် ဆိုးတယ် ၊ မိန်းမ တစ်ယောက် ပိုး ရတာဟာ တွဲပွဲ ထိုးရတာ ထက် ခက်သေးတယ် ၊ ရှေ့ပိုင်း က တိုက် လာပေမယ့် အလယ် မှာ ဖောက်ချင် ဖောက်တာ ၊ အရှေ့ နဲ့ အလယ်မှာ ဟန်ပေမယ့် နောက် ကျတော့ လွဲချင် လွဲတာ ၊ တွဲပွဲ ဆိုတာ မင်း စဉ်းစား ကြည့် ၊ မြင်း လည်း ကိုယ်ပိုင် ရှိတဲ့ လူတွေ ၊ ကွင်း မှာလည်း သြဇာ ရှိတဲ့ လူတွေ ၊ ငွေ လည်း ပုံပြီး တိုက်နိုင်တဲ့ လူတွေ သာ တစ်ခါတလေ စွတ်စက်ပြီး တိုက်တာ မဟုတ်ဘူးလား ၊ အေး ... မိန်းမ ဟာလည်း ဒီအတိုင်းပဲ ၊ မိန်းမတွေ နယ် မှာ အများဆုံး ကျက်စားဖူးတဲ့ လူ ဟာ သြဇာ လည်း ရှိမယ် ၊ ငွေ နဲ့ လည်း ပေါက်နိုင် မယ် ဆိုရင် ဒီ လူ ဟာ မိန်းမတွေ ကို အနိုင်ရတာပဲ ၊ တို့လို ဘိုင်ခါလီ ငနဲတွေ ကျတော့ အကပ် ခံရင် ခဏပဲ ၊ ပြီးတော့ ခိုးလိုး ဆိုပြီး မောင်း ထုတ်လိုက်တာပဲ ”

အေးမောင် သည် အရက်ကလေး တမြမြနှင့် မိန်းမကျမ်း ကို ဖွင့်၍ နေ တော့သည် ။ အေးမောင် ၏ စကားများကို ကျွန်တော် က စိတ်ဝင်စား နေမိသည် ။ သူ ပြောသော စကားများ ကို နားထောင်ရင်း မအေးချို က ကိုလှမောင် အား နိုင်လွန် ဝယ်ပေးရန် ပူဆာသော အသံ ကို ကြားယောင်လာသည် ။ မရီ မျက်နှာကလေး ကို လည်း မြင်ယောင်လာသည် ။

“ အေးကွ ၊ မင်း ပြောတာ ဟုတ်တယ် ၊ မိန်းမ ဆိုတာ ငွေ နဲ့ အဝတ်အစား ကို ငမ်းငမ်းတက် တပ်မက်တဲ့ သတ္တဝါတွေပဲ ၊ ငါ ဒါကြောင့် မိန်းမ ဆိုရင် စေ့စေ့တောင် မကြည့်ဘူး ”

အေးမောင် က ကျွန်တော် ၏ စကားကို နားထောင်ရင်း ဟားတိုက် ၍ ရယ်လိုက်လေသည် ။ ကျွန်တော်တို့ နှစ်ယောက် သည် စကားများ တပြော ပြောနှင့် ပုလင်း တစ်လုံး ချောသွား၏ ။ အေးမောင် က နောက် တစ်ပိုင်း မှာ လိုက်ပြန်သည် ။ အကျင် သည် ညဉ့်နက်နေပြီ ဖြစ်၍ မြန်မြန် သောက်ရန် တောင်းပန်ရှာသည် ။

ကျွန်တော် နှင့် အေးမောင် သည် အရက်တစ်ပိုင်း ကို တစ်ခါတည်း ငှဲ့ ၍ မော့လိုက်သည် ။ ပြီးမှ တစ်ယောက် လည်ပင်း ကို တစ်ယောက် ဖက်၍ ဆိုင် ထဲမှ ထွက်လာကြသည် ။

လမ်းပေါ် ရောက်သောအခါ ကျွန်တော် ၏ စိတ်များ က ပိုမို ကြွလာသည် ။ ကချင် ခုန်ချင် သလို ဖြစ်လာ၏ ။

“ အေးမောင် .. ငါ သီချင်း ဆိုမယ် ”

“ အေးကွာ ၊ ငါ က ပါးစပ်ဆိုင်း တီးမယ် ”

ကျွန်တော် သည် စိတ်ထဲ တွင် အလွန် ဆိုချင် နေသော သီချင်း ကို အသံကုန် ဟစ်၍ အော်လိုက်သည် ။

“ ကာမ ဆယ့်တစ်ဘုံမှာ ရာဂပွက်ပုံ တစ်ထောင့်ငါးရယ် နဲ့ ယောက်ျား တွေ အပို ရှာမှဖြင့် ... ရှား ... ဟား ဟား ... ဟေ ... မယ်သုမန ရဲ့  နင် လို ဟာ ရှား .. နင် လိုဟာ … ”

ကျွန်တော် သည် ငိုချင်းဆိုင်း နှင့် သီချင်း ဆိုရလေပြီတကား ။

“ ဘယ် သွားမလဲဗျား ”

“ ပိုက်ဆံ မပေးရသေးရင် ပေးကြပါ ”

“ မြင်းပွဲလား ခင်ဗျာ ”

ကျွန်တော် က လက်မှတ်များ ကို ကိုင် ၍ ကြည့်နေမိသည် ။ အေးမောင် သည် ခရီးသည်များ ထံ မှ ပိုက်ဆံ ကို သာ ယူသည် ။ လက်မှတ် ကို တစ်စောင်မျှ ဆုတ် မပေးချေ ။ တချို့ ခရီးသည်များ က လက်မှတ် မပေး၍ ကျေနပ်ပုံ မရပေ ။

“ ဟေ့ … ဘယ်မလဲကွ ၊ လက်မှတ် လည်း မပေးပါလား ”

“ ဘယ်သွား မလဲခင်ဗျာ ၊ မေ့လို့ပါ ”

“ ပိုက်ဆံတော့ ယူပြီး ခုမှ ဘယ်သွားမလဲ မေးနေရသေးလားကွ ”

ကျွန်တော် က လက်မှတ် ဆုတ်ရန် လက်မှတ်စာအုပ် ကို ကိုင်လိုက် သည် ။ အေးမောင် က ရှေ့ပိုင်း မှ ကျွန်တော့် ဆီ သို့ ရောက်လာသည် ။

“ ဟေ့ .. ဒီ လက်မှတ်တွေ က ဆုတ်လို့ ဘယ်ရမလဲကွ ”

အေးမောင် သည် ပြောပြောဆိုဆို ကျွန်တော့် အား လက်ကုတ် လိုက် ပြီး မှ ခရီးသည် ဘက် သို့ လှည့်၍ တောင်းပန် လိုက်ပြန်သည် ။

“ သည်းခံပါ အစ်ကိုကြီး ရာ ၊ ကျွန်တော်တို့ လက်မှတ် မပေးပါဘူး မြင်းပွဲနေ့ လက်မှတ်တွေ မှားမှာ စိုးလို့  ”

ခရီးသည် က မကျေမနပ် ဖြင့် ကျွန်တော်တို့ အား လှည့် ကြည့်လိုက်သည် ။ ကျွန်တော် က အလိုလို သွေးပျက်ချင်လာသည် ။ လက်မှတ်စစ် တက် လာမည် ကိုသာ တွေး၍ ပူနေမိသည် ။

“ ဟေ့ကောင် ... အင်စပိတ်တာ လာရင် ဘယ်လို လုပ်မလဲ ”

“ အသာ နေပါကွ ၊ မင်း ကလည်း တုံးလိုက်တာ ၊ ကိုမြ မပါတုန်း ဘုံးရတာ ၊ အင်စပိတ်တာ လာရင် ငါ ကြည့်ပြီး လုပ်ပါ့မယ် ”

မြင်းပွဲနေ့ သည် အရေးကြီးသော နေ့ဖြစ်၍ ကိုမြ ကိုယ်တိုင် လိုက် တတ်သည် ။ နောက်ပိုင်းတွင် မူ ကိုမြ ကိုယ်တိုင် က ကျွန်တော့် အား ယုံကြည် စိတ်ချ နေ၍ သူ ကိုယ်တိုင် မမောင်းတော့ပေ ။ တစ်ခါတစ်ရံ မနက်ပိုင်း စောစော မောင်း၍ မြင်းပွဲ သို့ လစ်တတ်သည် ။ တစ်ခါတစ်ရံ လည်း တစ်နေ့လုံး မလိုက်တော့ချေ ။

ယခုလည်း ကိုမြ မပါသဖြင့် အေးမောင် သည် ငွေ ကို ကစ်ချင် တိုင်း ကစ် နေတော့သည် ။ ကျွန်တော် က အေးမောင် ၏ အပြုအမူ ကို မကျေနပ် နိုင်ပေ ။

“ ဒါတော့ မကောင်းပါဘူးကွာ ၊ လိုချင် ရင် သူ့ ဆီ က ဗြောင် ချေးတာ ပေါ့ ၊ မြင်းပွဲ လောင်းချင်လို့ ဆိုရင် ကိုမြ က လည်း မပေးဘဲ နေမှာ မဟုတ်ဘူး ”

ကျွန်တော် က တောင်းပန်သည့် တိုင်အောင် အေးမောင် က အလျဉ်း ဂရုမစိုက် ။

“ မင်း ကလည်းကွာ ၊ ဘုရားလောင်း မျောက်မင်း လုပ်မနေစမ်းပါနဲ့ ၊ တို့ ယူတဲ့ အတွက် သူ မနာပါဘူးကွာ ၊ ဒီ ငွေကို ကာမိအောင် ဆွဲပေးမှာ ပေါ့ကွ ၊ ဟိုးဆရာ .. လိုက်မယ် လိုက်မယ် ၊ တက် ဆရာ တက် ၊ နေရာတော့ မရှိ ဘူး ၊ ပထမပွဲ စခါ နီးနေပြီ ၊ ဒီလို လိုက်မှ မီမယ် .. လာ .. ဆရာ ခိုးလိုး ...  ”

အေးမောင် သည် လူ ကို ရသမျှ ကုတ်ကတ် ၍ တင်သည် ။ ပိုက်ဆံ ကို မလွတ်တမ်း တောင်း၏ ။

“ ဘီလူးမဈေး ပါတယ်ဟေ့ ”

“ ဘီလူးမဈေး ပါတယ် ”

ကားသည် ဘီလူးမဈေး အလွန်တွင် ထိုးရပ်လိုက်သည် ။ ကျွန်တော် သည် မျက်လုံး ပြူးသွား၏ ။ လက်မှတ်စစ် တစ်ယောက် သည် ရှေ့ပေါက် မှ တက်လာသည် ။ သို့သော် အတွင်းသို့ ကား မဝင်ပေ ။ ဝင်လည်း မဝင်နိုင် စစ်သည် ကျွန်တော့် ထံမှ စာအုပ် ကို တောင်းလိုက်သည် ။

“ ဟေ့ … စာအုပ် ပေးဟေ့ ”

စာအုပ် တောင်းသော သဘောမှာ ကျွန်တော့် ကား မှ ခရီးသည်များ ကို လက်မှတ် စစ်ရန်ဖြစ်သည် ။ ကျွန်တော် သည် ရုတ်တရက် ဘာ လုပ်ရမှန်း မသိတော့ချေ ။ ရှေ့ပေါက် သို့ သွားရန် လူအုပ် ထဲမှ တိုး၍ မရပေ ။ သို့ဖြစ်၍ ကား ကို အရှိန်သတ် ခိုင်းပြီး လျှင် ဘေးမှ ဆင်း ပြေးရင်း ရှေ့ပေါက်သို့ ကူး လိုက်ရသည် ။

ကျွန်တော် က လက်မှတ်စစ် အား မျက်နှာငယ် ဖြင့် ကြည့် လိုက်သည် ။ ထိုအတွင်း အေးမောင် ရောက်၍ လာသည် ။ အေးမောင် က လက်မှတ်စစ် အား ရင်းရင်းနှီးနှီး ပခုံး ကို ပုတ်၍ နှုတ်ဆက် လိုက်သည် ။

“ ကိုယ့်လူ ကလည်း အချင်းချင်း တွေပါ ”

“ အချင်းချင်းတွေ လာ လုပ် မနေပါနဲ့ ၊ ကြည့်မြင်တိုင် မှာ ရွက်လှေကားတောင် နှစ်စင်း ပဲ ထွက်တယ် ၊ ကမ္ဘာအေး ကန်ပဲ့ဆင်ကား ဆိုတာကတော့ တစ်စင်း မှ မလာသေးပါဘူး ”

အေးမောင် ပြောပြောဆိုဆို လက်မှတ်စစ် ထံသို့ ကျပ်တန် တစ်ရွက် ကို ထည့်လိုက်သည် ။ လက်မှတ်စစ် က မကျေနပ်ဟန် ဖြင့် အေးမောင် အား လှမ်း ကြည့်လိုက်သည် ။

“ ဟေ့ကောင် … မင်းတို့ စင်းလုံး အုပ်တာပဲ ၊ နသံသီးတော့ လာပါကွာ ”

သူတို့ ပြောသော စကား ကို ခရီးသည်များ ရိပ်မိဟန် မတူပေ ။ ရှေ့ခန်း တွင်ရပ် နေသော လူငယ် တစ်ယောက် ကသာ ပြုံး၍ နားထောင် နေသည် ။ ပြောခြင်း မှာ ငွေနှစ်ကျပ် သာ အေးမောင် က လှေနှစ်စင်း သာ ထွက်သည် ဟု ပေးနိုင်သည် ဟု ပြောလိုက်ခြင်း ဖြစ်၏ ။ လက်မှတ်စစ် က ငါးကျပ် တောင်းသည် ။ အေးမောင် က သူ ပင် တစ်ဆယ် မရသေး၍ ငါးကျပ် မပေးနိုင်ဘူး ဟု ပြောခြင်း ဖြစ်၏ ။

ကာလပတ်လမ်း မှတ်တိုင် တွင် လက်မှတ်စစ် သည် မကျေမနပ် ဖြင့် ဆင်း သွားလေသည် ။ သည်တော့မှ လည်း ကျွန်တော့် မှာ အသက် ရှူနိုင် တော့သည် ။ အေးမောင် က ကျွန်တော့် အား ပြုံး၍ ကြည့်လိုက်သည် ။

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment