❝ အမြင့် တက်ရင် အမှည့် စားရရောတဲ့လား ❞
“ ဟင် အစ်ကိုကြီး အဲဒါဘာလုပ်တယ် ”
“ မင်းလှ သွားပြီး ပဲကြီး ဝယ်မလို့ကွ ”
“ ဒီမှာ ဘာဖြစ်လို့ ”
“ ဟိုမှာက ဈေး ပို သက်သာတာပေါ့ကွ ”
“ အင်း ဟုတ် ဟုတ် ”
ဤသည်မှာ လွန်ခဲ့သော ငါးနှစ် ( ၂ဝဝဝ ပြည့်နှစ် ) မတ်လ က ဖြစ်ပါ၏ ။
အောင်လံမြို့ မြစ်ကမ်းပါး ဆင်ပေါင်ဝဲ မော်တော်ဆိပ် တွင် ကျွန်တော့် ယောက်ဖ ကိုမြတ်ထွန်း နှင့် တွေ့ပါ၏ ။
ပဲကြီး လှောင်ဖို့ အောင်လံ မှာ မဝယ်ဘဲ ( အထက် ) မင်းလှ သို့ သွား ဝယ်မည် ဆိုနေပါ၏ ။ မင်းလှ က ပဲကြီးချောချောသန့်သန့် ထွက်သည် ။ ဈေးချိုသည် ဟု ဆိုပါ၏ ။
“ အစ်ကိုကြီး ရာ ဒီ အောင်လံ မှာ ဝယ်လိုက် ပြီးရော ၊ ပွဲစား တစ်ယောက် ကို အလုပ် အပ်လိုက် ၊ ငွေ နဲ့ အိတ်ခွံ ပေးလိုက် ၊ ကြိုက်တဲ့ ဂိုဒေါင် မှာ လှောင်လိုက် ၊ ပြတ်ဖူးလား ”
ပြောမရပါ ။
မင်းလှမြို့ သို့ လိုက်သွားပါ၏ ။ ရက်သတ္တ တစ်ပတ် လောက် ကြာသောအခါ ပြန်ရောက်လာ၏ ။
“ ဘယ်လိုလဲ အစ်ကိုကြီး အဆင်ပြေခဲ့ရဲ့လား ”
“ အတင်း ၂ဝဝ ဝယ်ခဲ့တယ်ကွ ”
“ ဘယ်သူ့ ဂိုဒေါင် မှာ ထည့်မှာလဲ ”
“ အိမ် မှာပဲ လှောင်မယ်ကွာ ”
“ အင်း အင်း ကောင်း ”
ထိုနှစ် ဒီဇင်ဘာလ အစ်ကိုကြီး နှင့် တွေ့ပြန်၏ ။
“ ဘယ်လိုလဲ အစ်ကိုကြီး ”
“ ပိုးတွေ လိုက်လာလို့ ထိုးရောင်းလိုက်ရတယ်ကွ၊ မမြတ်ပါဘူးကွာ ၊ တော်တော် ထိသွားတယ် ၊ ငါ နဲ့ လှောင်ကုန် နဲ့ အကျိုး မပေးပါဘူးကွာ ”
ကျွန်တော် သူ့ ကို အလု အငြင်း မပြောတော့ပါ ။ ရှင်းပြ နေလည်း နားလည်မည် မဟုတ်ပါ ။ နားလည်သည့် တိုင်အောင် လက်ခံမည့် ပုံလည်း မပေါ်ပါ ။
ကျွန်တော့် သဘောသာ ဆို လျှင် အောင်လံ က ပွဲရုံတွေ မှာ ကျသော ပဲကြီး ကို ပေါက်ရာပေါက်ဈေး ဝယ်ပါမည် ။ ပွဲစား ကို အလုံး တာဝန် ပေးလိုက်မည် ။ သူ ကြိုက်တဲ့ ဂိုဒေါင် မှာ လှောင်ပါစေ ။ ဂိုဒေါင်ရှင် က ဆေးအုပ် ပေးလိမ့်မည် ။ ရက်စေ့ သွားလျှင် နောက် တစ်ထပ် အုပ်လိုက်မည် ။ ပိုင်ရှင် က ဘာမျှ လှည့် ကြည့်စရာ မလို ။ ကြိုက်ဈေး ရပြီ ဆို ထုတ်ရောင်းဖို့ မီးစိမ်းကလေး ပြ ၊ ပဲကြီးဖိုးလေး ရှင်းယူ ၊ ကိစ္စ ကို ပြတ်လို့ဗျာ ။
ဟော မဟုတ်ဘူးတဲ့ဗျာ ။ အထက် မင်းလှ ကို သွားဝယ် ၊ ဟိုမှာ စရိတ်စားစရိတ် က တက်ပြီ ။ သယ်လာဦး ။ မောင်တော်ခ ပေးဦး ။ မြစ် ထဲ ကနေ ကုန်းပေါ် တင်တဲ့ လှည်းခ ပေးဦး ။ အိမ် သို့ သယ်သည့် စရိတ် ကို ခံဦး ။
အမှန်က အောင်လံ မှာ ထိုင် ဝယ်တာ ထက် စရိတ် က ပိုတက်နေပြီ ။ သူ ကတော့ အဟုတ်ကြီးပေါ့ ။ ဟော အခု ရောင်းချိန် တန်လို့ ထုတ် ရောင်းလိုက်တော့ သွားပြီ ။ ရှုံးပြီ ။ ပိုးထိုး သွားတော့ ပို ဆိုးတာပေါ့ ။
မောင်ချမ်းသာ က ကြုံဖူးပြီ ခင်ဗျာ့ ။ ၁၉၇၈ - ၁၉၈ဝ မြေပဲ ကုန်ကူးတုန်းက ။
သူ့ လိုပဲ ။ အမြင့် တက် အမှည့် စားရနိုးနိုး ဗျာ ။
ယာခင်း ထဲ အထိ လိုက်တယ် ။ အပင် က ဆွတ် နေတုန်း ဇွတ်ကြီး ထိုးဝယ် ။
အဲသည်မှာ ဘာဖြစ်သလဲ သိလား ။ ယာခင်းရှင် ၊ မြေပဲရှင် က မြို့ မှာ ပဲတွေ ဈေးကောင်း ရနေလို့ အခင်း ထဲ အထိ ဆင်း ဝယ်တယ်လို့ အထင် ရောက်ပြီး မပေါက်တဲ့ ဈေးခေါ် ပါလေရောဗျာ ။ ပြီးတော့ ခြောက်အောင် မစောင့်တော့ဘူး ။ မြေပဲ အစိုတွေ ထိုး ပေး ။ တင်း ချင်တော့ လည်း မောက်မောက်ဖြိုးဖြိုး သာထိုးထိုး မပေးချင်တော့ဘူးဗျာ ။ အတင်းသာ ယက်ချ နေတော့တယ်ဗျာ ။
ကျွန်တော် က အဝယ်တော် လက်သစ် မနူးမနပ် ဆိုတော့ ခံလိုက်ရသည့် ဖြစ်ခြင်း ၊ ရှုံးလိုက်သမှ ခွက်ခွက်ကို လန်လို့ ။
အဲသည် ကတည်းက တန်ဟ ။ ယာခင်း ထဲ ဆင်း မဝယ် ၊ ရွာ က သို့မဟုတ် မြို့ က ပေါက်ရာ ပေါက်ဈေး ပဲ ဝယ်တော့တယ်ဗျာ ။
တစ်ချီတည်း နဲ့ လန့်သွား ။
သည်လိုဘဲ ခင်ဗျာ့ ၊ အရောင်း အဝယ်သမား တော်တော်များများ ဟာ အ မြင့် တက် အမှည့် စားရမလား ထင်ပြီး ၊ ပင်ရင်း အထိ လိုက်တတ်ကြတယ် ။
ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဆိုင် အထိ လာပို့တာ ထက် ပိုပြီး ဈေး သက်သာလေမလားပေါ့ ။
ဟား ဟား ဟုတ်ဘူးဗျာ့ ။
ဆိုင် အထိ လာချပေးတာ က ပိုပြီး စရိတ် သက်သာတယ် ၊ အကြွေးတောင် ယူလို့ ရသေးတာဗျာ ။
အရောင်းအဝယ် လောက ၊ စီးပွားရေး လောက ဆိုတာ က တကယ် လုပ်ကြည့်မှ သိတာကလားဗျာ ။
▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၃၀ ဒီဇင်ဘာ၊ ၂၀၀၅
No comments:
Post a Comment