Friday, June 20, 2025

ငရုတ်သီးနီနီ


 

❝ ငရုတ်သီးနီနီ ❞

မော်လမြိုင်မြို့လယ် သိမ်ကုန်းရပ် က ဦးလှထွန်း ရဲ့ ခြံဝင်းကျယ်ကြီး ထဲ မှာ ဂရိစတိုင် တိုင်လုံးဖြူဖြူရှည်ရှည် နဲ့ ဆင်ဝင် ခံထားတဲ့ တိုက်အိမ် တစ်လုံး ရှိတယ် ။

တိုက်ထဲ ကို ဝင်လျှင် ဝင်ချင်း တွေ့ရတာ က ဦးလှထွန်း နဲ့ ဒေါ်တင်လှ တို့ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းလွှာတွေ ကို တသီးတသန့် ချိတ်ဆွဲထားတဲ့ ရှိုးကေ့စ် ။ အထက်တန်းကျောင်းအတွက် ကျပ်သိန်း ၁၅၀ ၊ ကတိုး - ကော့နှပ်ဇာသပြင်လမ်း ကတ္တရာခင်း တာ က ကျပ် ၃၁၅ သိန်းကျော် ၊ မော်လမြိုင်မြို့ စေတနာ ကုသိုလ်ဖြစ်ဆေးခန်း ကျပ် ၁ဝ၄ သိန်း ၊ ကော့နှပ် သံကပိုင်ရွာစာကြည့်တိုက် ကျပ် သိန်း ၉ဝ ၊ သာသနာရေး ၊ ပညာရေး ၊ လူမှုရေး ၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် သူတို့ မိသားစု လှူဒါန်းခဲ့တာ ကျပ် သိန်း ၈၀၀၀ လောက် ရှိသွားပြီ လို့ ဆိုပါတယ် ။

အလှူဂုဏ်ပြု မှတ်တမ်းလွှာ နဲ့ မလှမ်းမကမ်း မှာတော့ ငရုတ်သီးတောင့်နီနီ အတွဲလိုက် ပုံစံ တစ်ခု ကို ချိတ်ဆွဲ ထားတယ် ။ ဦးလှထွန်း ရဲ့ စီးပွားရေးလုပ်ငန်း က ငရုတ်သီးမှုန့် လုပ်တာပါ ။

ဧည့်ခန်း ထဲ မှာ ထိုင်ခုံ ဆိုဖာနီညိုကြီးတွေ ရှိတယ် ။ အဲဒီမှာ ထိုင်ပြီး ဦးလှထွန်း က သူ့ ဘဝ အတက်အကျ နဲ့ ပြန် ကြိုးစားခဲ့ရပုံတွေ ကို ပြောပြတယ် ။

“ မော်လမြိုင်မြို့ မြောက်အရပ် မိုင် ၂ဝ လောက် ဝေးတဲ့ ကော့နှပ်ကျေးရွာအုပ်စု သံကပိုင်ကျေးရွာ မှာ ကျွန်တော် မွေးတယ် ။ ဇာသပြင်လမ်း ၊ ကျွန်တော်တို့ ရွာ ပြီးရင် ကရင်ပြည်နယ် ပဲ ”

“ မိဘတွေ က ဘာလုပ်ငန်း လုပ်သလဲ ”

“ လယ်သမားတွေ ပါပဲ ။ တော်တော် ဆင်းရဲတယ် ။ လယ် က လုပ်တိုင်း ရှုံးတယ် ။ စပါး ပဲ စိုက်တာ ”

“ ဘာကြောင့် ရှုံးရတာလဲ ”

“ ရေ က အမြဲတမ်း ကြီးတယ် ။ ရေနက်ကွင်း ဖြစ်နေတာ ။ အဲဒါ မလုပ်ရင် လည်း အလုပ် က မရှိပြန်ဘူး ။ မိဘက ဆင်းရဲတော့ ဒုက္ခဖြစ်တယ် ။ ကျောင်း နေစ အရွယ် မှာ အခြေအနေ က မကောင်းဘူး ”

ဦးလှထွန်း က သူ့ အကြောင်း ကို ပြောရင်း အဝေးဆီ ကို ခဏ ငေးကြည့်တယ် ။ သူ့ အတိတ်ကာလ ကို ပြန်ရောက် သွားပုံ ရတယ် ။

“ ကျွန်တော့် အသက် ၁၀ နှစ်ဝန်းကျင် ၊ သုံးတန်းကျောင်းသား လောက် မှာ ကျွန်တော် ထန်းရည် ထမ်းရတယ် ။ ကျွန်တော်တို့ ရွာ မှာ ရှိတဲ့ ဦးမောင်ပု က ထန်းတော လုပ်တယ် ။ အခါးရည် လုပ်တာ မဟုတ်ဘူး ။ ထန်းလျက် ချက်တာ ။

ကိုယ် က ကျောင်း နေတာ ဆိုတော့ ဝင်ငွေ က မရှိဘူး ။ သူများ စားတာ မြင်တော့ ကိုယ် က စားချင်တယ် ။ မိဘ က လည်း မပေးနိုင်ဘူး ”

ပြောရင်း သူ ရယ်ပါတယ် ။

“ မပေးနိုင်တော့ ဘယ့်နှယ် လုပ်မလဲ ။ ကျွန်တော် ထန်းရည် သွား ထမ်းမယ်ပေါ့ ။ မုန့်ဖိုး ရရင် တော်ပြီ ဆိုပြီး လုပ်တာ ။ မနက် ၆းဝဝ နာရီ ထပြီး ထန်းတော သွားရတယ် ။ ထန်းတော ကလည်း ရွာ အပြင်ဘက် ဘုန်းကြီးကျောင်း နဲ့ သင်္ချိုင်း ဟိုဘက် မှာ ဗျာ ။ သွားရတာ ကြောက်စရာကြီး ”

“ တစ်ယောက်တည်း သွားတာ အဖော် မပါဘူးလား ”

“ မပါဘူး ၊ မပါဘူး ။ ကိုယ့် ဇော နဲ့ ကိုယ် ။ ကြောက်ပေမယ့် လည်း ငွေ လိုချင်တဲ့ စိတ် က ရှိနေတာကိုး ။ တစ်ဖက် မြူအိုး ငါးလုံး ထမ်းပိုး နဲ့ လျှို ထမ်းရတာ ။ ထန်းပင် ပေါ် က ထန်းရည်ချတဲ့ သူ က ချတယ် ။ ဒါကို ကိုယ် က ထမ်းပြီး ထန်းလျက် ချက် တဲ့ တဲ ကို ပို့ပေးရတာ ။ မနက် ၆းဝဝ နာရီ စရင် ၇း၃၀ နာရီ ၊ ၈းဝဝ နာရီ လောက် ဆို ပြီးတယ် ။ ကျောင်းသွား မီတယ် ”

ထန်းပင်တွေ ကြား မှာ မြူအိုးတွေ ထမ်းပိုးလျှို ထမ်းပြီး ခေါက်တုံ့ ခေါက်ပြန် ကူး နေတဲ့ ကျောင်းသားလေး တစ်ယောက် ရဲ့ ပုံ ကို မျက်စိ ထဲမှာ တွေးမြင်ကြည့်မိတယ် ။ ဘဝ မှာ ဖြစ်လာတဲ့ အနေအထား ကနေ ဝင်ငွေ တစ်ခု ရအောင် ကြံဆောင် လုပ်ကိုင်ချင်တဲ့ စိတ်ထား ဟာ ကြီးပွားကြောင်း ဖြစ်စေသလား လို့ ကျွန်တော် တွေးနေမိတယ် ။ ဦးလှထွန်းကတော့ သူ့ ဘဝ သူ့ အကြောင်း ကို ဆက် ပြောတယ် ။

“ ကျွန်တော့် မှာ မနက်ပိုင်း အစာတော့ မစားခဲ့ရသေးဘူး ။ ဆာတာပေါ့ ။ ထန်းရည်ချို ကို သောက်တယ် ။ ထန်းရည်ချို ထဲမှာ ပိုးကောင် က အကောင် လေး ၊ ငါးဆယ် လောက် ရှိတယ် ။ အခုမှ ပြန် စဉ်းစားမိတာ ခုဆို ဒီ ပိုးကောင်တွေ နဲ့ ထန်းရည် ကို ကျွန်တော်တို့ ဘယ် သောက်ရဲမှာလဲ ။ ပိုးကို မှုတ်ပြီး ဖယ်သောက်တာ ။ ငယ်ငယ် က မသိတော့ ဘယ် ကြောက်မှာလဲ ။ ထန်းရည်ချို သောက်လိုက်တော့ ဗိုက် က ပြည့်သွားတယ် ။ အပင် ရှိသလောက် ပြီးအောင် ထမ်းပြီးရင် ကျောင်းသွားတယ် ”

“ မုန့်ဖိုး ဘယ်လို ပေးသလဲ ”

“ မနက် ၁ဝ ပြား ၊ ည ၁ဝ ပြား ပဲ ပေးတာ ”

“ ည လည်း တစ်ခေါက် သွား ထမ်းသေးတာပဲလား ”

“ ကျောင်း က လွှတ်တာနဲ့ သွားထမ်းရတယ် ဆရာ ရဲ့ ။ မနက် ထမ်းလိုက် ၊ ညနေ ထမ်းလိုက် နဲ့ စာဘက်ကို သိပ် စိတ်မပါတော့ဘူး ။ ငွေဘက် ပဲ စိတ်ပိုပါတယ် ။ မိဘ က ဆင်းရဲတော့ ပိုက်ဆံ သိပ် လိုချင်တာ ၊ အဲဒါ လုပ်တာ ခြောက်တန်း အထိပဲ ”

“ ရွာ မှာ အလယ်တန်းကျောင်း ရှိသလား ”

“ မရှိဘူး ... ကတိုးကျောင်း မှာ နှစ်မိုင် လောက် ဝေးတယ် ”

မော်လမြိုင် မြို့ခံ ကျွန်တော့် မိတ်ဆွေ ဦးချိုချို က ဦးနာအောက် ရဲ့ ရွာ ပေါ့ လို့ ရှင်းပြပါတယ် ။

“ ကျောင်းသွားတာ ဖိနပ် မရှိဘူး ။ အင်္ကျီ လည်း မရှိဘူး ။ တော မှာ ကလေးဘဝ ဆိုတော့ ကိုယ်လုံးတီး ပဲ ။ ကျောင်းသွားရင် အဝတ်တစ်ထည် ကိုယ်တစ်ခု ပဲ ။ ကျောင်း က ပြန်လာရင် ဒီအဝတ် ကို ပြန်လျှော် ၊ ကျွန်တော်တို့ က ညီအစ်ကို ခုနစ်ယောက် ။ ကျွန်တော့် အထက် မှာ သုံးယောက် ။ သူ့ လုံချည် ကျွန်တော် ယူဝတ် ထားတယ် ၊ သူတို့ ကတော့ ဘောင်းဘီတို နဲ့ နေတာပေါ့ ”

အဲဒီလို ပြောနေခိုက် မှာ မိန်းမပျိုကလေး တစ်ယောက် က ကော်ဖီ နဲ့ မုန့်တွေ လာ ချပေးတယ် ။ ကျွန်တော်တို့ ကို စားသောက်ဖို့ ဦးလှထွန်း က ပြောပြီး သူ့ ငယ်စဉ်ဘဝ ချို့တဲ့ခဲ့ပုံတွေ ဆက်ပြောပါတယ် ။

“ ထန်းရည် ထမ်းပြီး ၈းဝဝ နာရီလောက် ကျတော့ အိမ်ပြန်တယ် ။ ထမင်းစား ပြီးရင် ကျောင်းသွားတယ် ။ နေ့လယ်စာ တော့ မစားရဘူး ။ အိမ်ပြန်လည်း ဘာမှ စားစရာ မရှိဘူး ။ ညနေကျောင်းဆင်းရင် ထန်းတော သွားတယ် ။ ညနေ ၆းဝဝ နာရီလောက် မှ ပြီးတယ် ။ အလုပ်ပြီးလို့ အိမ်ပြန်တော့ မှောင်ပြီ ။ သင်္ချိုင်းကုန်း ကို ကြောက်ကြောက် နဲ့ ဖြတ် ပြန်လာခဲ့ရတာပဲ ။ ကိုယ် က ပိုက်ဆံ လိုချင်တာကိုး ”

“ ခြောက်တန်း ရောက်တော့ ဘာကြောင့် ထန်းရည် ဆက် မထမ်းတော့တာလဲ ”

“ ကျွန်တော့် အမေ က အလုပ် တစ်ခု ရလာတယ်ဗျ ။ သူ က ငရုတ်သီး လှော်တယ် ။ ကျွန်တော်တို့ နယ် က ငရုတ်သီး အရမ်း ထွက်တယ် ။ အမေတို့ မှာ လယ်လုပ် ရာ က အကြွေးတွေ အများကြီး တင်နေတယ် ။ အတိုး နဲ့ ယူတာ ဆိုတော့ ဆပ် မနိုင်ဘူး ။ အဖေ့ ခမျာ ရင်မောမော နဲ့ ညညအိပ် မပျော်ဘူး ။ အမေ က မော်လမြိုင် ဆင်းပြီး အလုပ် ရှာတယ် ။ ငရုတ်သီးလှော် ထောင်းပြီး မော်လမြိုင် ပို့တယ် ”

ကော်ဖီ ချပေးတဲ့ မိန်းမပျိုလေး က နောက်ထပ် မုန့်တွေ လာ ချတယ် ။ မုန့်တင် အရံ စားပွဲငယ်လေးတွေ တစ်ဦးချင်း စီ ရှေ့ကို ရွှေ့ပေး နေလို့ ပြောလက်စ စကား ရပ်ထားတယ် ။ ပြီးမှ ဦးလှထွန်း က ဆက် ပြောပါတယ် ။

“ မှတ်မိသေးတယ် ။ ရွာ နဲ့ ခပ်လှမ်းလှမ်း က သင်္ချိုင်းဇရပ် ဘေးမှာ လှော်တာ ။ အသုဘ ရှိတဲ့ နေ့ ဆိုရင် လုပ်ငန်း ရပ်ပြီး သန့်ရှင်းရေး လုပ်ရတယ် ။ ကျွန်တော်တို့က ရုံကလေး တစ်ရုံ မဆောက်နိုင် သေးဘူး ။ လူတွေ ကလည်း ဘာမှ မပြောဘူး ။ အဆင်ပြေ နေတာပဲ ။ နောက်တော့ ဘုန်းကြီးကျောင်း ဟိုဘက် အစပ် မှာ ရုံကလေး ဆောက် နိုင်တယ် ။ ပေနှစ်ဆယ် ပတ်လည်လောက် ရုံကလေးပေါ့ ။ ငရုတ်သီးတွေ ကို ဝါးနဲ့ လုပ်တဲ့ ယင်းလိပ် ကို ခင်း ၊ ထင်းမီး နဲ့ ကျပ်တင်ပြီး လက်ဆုံ နဲ့ တစ်နေကုန် ထောင်း ရတာ ”

“ ဝါးယင်းလိပ် ကို မီး မကျွမ်းဘူးလား ”

“ ယင်းလိပ် က အပူဒဏ် မခံနိုင်ဘူး ။ နှစ်ရက် သုံးရက် တစ်ခါ လဲပေးရတယ် ။ ကျွန်တော့် အမေ က အငယ်ဆုံး ကလေး ကိုယ်ဝန် နဲ့ ။ ကလေး မွေးတဲ့ အချိန် မှာ ကလေး ရဲ့ ကိုယ် က အသားအရေတွေ ကွာ ကုန်တယ် ။ မီးအပူရှိန် ကြောင့်ပေါ့ ။ ကျွန်တော် လည်း ခုနစ်တန်း နဲ့ ပညာရေး ရပ်လိုက်တယ် ။ ပထမ ကျွန်တော့် အမေ နဲ့ နှစ်ယောက်တည်း လုပ်တာ ။ နောက်တော့ အလုပ်သမား ၁၀ ယောက် လောက် အထိ ငှား လုပ်ရတယ် ”

“ ငရုတ်သီးမှုန့်တွေ မော်လမြိုင် ကို ဘယ်လို ပို့သလဲ ”

“ အမေ က ရွာ မှာ ကြော်တယ် ။ ကျွန်တော် က မော်လမြိုင် ပို့ရတယ် ။ အမေ က အရမ်း တိကျတယ် ။ စာရင်း အတိအကျ ရှင်းရတာ ။ အပိုအလို မရှိရဘူး ။ ငွေအကုန်လုံး အပ်ရတာ ။ ကျွန်တော်တို့ မှာ အင်္ကျီအသစ် ဝယ်ဖို့ ဆိုတာ မရှိဘူး ။ ဝယ်ဝတ်တော့ အမေ ဆူတယ် ”

“ ကြုံဖူးလို့လား ”

“ မှတ်မိတယ် ။ ပန်းရောင်အင်္ကျီတစ်ထည် ဝယ်ဝတ်မိတာ ။ အမေ က ပြောလို့ မပြီးဘူး ။ ပန်းရောင် ကို ကျွန်တော် က အရမ်း ကြိုက်တာ ။ အရောင်နုနုလေး ၊ ဈေး က တော်တော်ပေါပါတယ် ။ အမေ ဆူတော့ စိတ်မကောင်းဘူး ”

“ အဲဒီတုန်းက အသက် ဘယ်နှနှစ် အရွယ်လဲ ”

“ အသက် ၁၈ နှစ် ၊ ၁၉ နှစ် မှာ ကျွန်တော် အိမ်ထောင် ကျတယ် ။ အမျိုးသမီး က မော်လမြိုင် မှာ ငရုတ်သီးမှုန့် ရောင်းတာ ။ ကျွန်တော့် ဖောက်သည်ပေါ့ ။ သူ နဲ့ ရင်းနှီး သွားပြီး အိမ်ထောင် ကျတာ ။ အိမ်ထောင်ကျတော့ မော်လမြိုင် က ယောက္ခမ ဆိုင် မှာ ကျွန်တော် ပြောင်း နေတယ် ”

“ အမေ့ လုပ်ငန်း ကတော့ကော ”

“ အိမ်ထောင် ကျစ က အမေ့ လုပ်ငန်း ကို ဝိုင်း လုပ်နေတယ် ။ ယောက္ခမ က သူ့ ဆိုင် ကို တစ်ခြမ်း ခွဲပေးပြီး ကျွန်တော်တို့ ကုန်ခြောက် ရောင်းတယ် ။ ယောက္ခမ က ငရုတ်သီးမှုန့် ရောင်းတာပေါ့ ။ နောက်တော့ ယောက္ခမ က သူ အသက်ကြီးပြီ မလုပ်နိုင် တော့ဘူး ။ ဆိုင် ကို မင်း ဝယ်လိုက် ၊ နှစ်သောင်း ( ကျပ် ၂၀၀၀၀ ) နဲ့ ထားပေးမယ်တဲ့ ။ ကျွန်တော် တို့ မှာ တစ်ပြား မှ မရှိဘူး ။ ငွေနှစ်သောင်း ရဖို့ ဆိုတာ ဘယ်သွား ရှာရမှာလဲ ။ မင်း မယူရင် သူများ နဲ့ ရောင်းမှာတဲ့ ”

ဦးလှထွန်း က လက်မ ကို ပါးစပ် မှာ တေ့ ၊ အရက်သောက် တဲ့ ပုံစံမျိုး လုပ်ပြပြီး ကျွန်တော့် ယောက္ခမ က ဒါသမား လို့ ပြောတယ် ။

“ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကို သွား ပြောတော့ သူ က မပူနဲ့ ဆိုပြီး ပိုက်ဆံ နှစ်သောင်း ချက်ချင်း ထုတ်ပေးတယ် ။ အတိုး တစ်ပြား မှ မပေးနဲ့တဲ့ ။ ကျွန်တော့် လုပ်ရည်ကိုင်ရည် သိလို့ သူ က ပေးတာ ။ ကျေးဇူး ကြီးလိုက်တာ ”

“ ဆိုင် နှစ်ဆိုင်စလုံး ရတာလား ”

“ နှစ်ဆိုင်လုံး နှစ်သောင်း နဲ့ ရတာ ။ အဲဒီ နှစ်သောင်း လည်း တစ်နှစ်အတွင်း ပြန်ဆပ်နိုင်တယ် ။ အတိုး မပေးနဲ့ ဆိုပေမယ့် ကိုယ့်ဘဝ ကို တိုးတက်အောင် လုပ်ပေးတဲ့ သူ ဆိုပြီး ငါးကျပ်နှုန်း နဲ့ ကျွန်တော် အတိုးပေးတယ် ။ အတိုး က တစ်သောင်းနှစ်ထောင် ( ကျပ် ၁၂၀၀၀ ) ကျတယ် ။ အရင်းကော အတိုး ပါ ပေးလိုက်တာ ”

“ ကုန်ခြောက် ဆက်ရောင်းသလား ”

“ မရောင်းတော့ဘူး ။ ငရုတ်သီးမှုန့် ပဲ အဓိက ရောင်းတာ ။ မော်လမြိုင် က နယ် ကျယ်တယ် ၊ မုဒုံ ၊ သံဖြူဇရပ် ၊ ရေး ၊ ဘားအံ ၊ ကျုံဒိုး ၊ ကော့ကရိတ် ၊ ရွှေဂွန်း အများကြီး ။ နယ် ဖောက်သည်တွေ အများကြီးရပြီး အများကြီး ပို့ရတယ် ။ နောက်တော့ ကိုယ်ပိုင် တံဆိပ် ကိုလှထွန်း ငရုတ်သီးမှုန့် ဆိုပြီး နာမည် နဲ့ လုပ်တာ ။ နာမည် က ထွက်သွားရော ။ နာမည် လည်း ထွက်ရော လောကဓံ က လာပြီ ဆရာရေ့ ”

ဘာ လောကဓံ လဲ ။ ကျွန်တော် စိတ်ဝင်စားပြီး နားစွင့်မိတယ် ။

“ ကျွန်တော် အိမ်ထောင် ကျစ က တောင်ရိုးတန်း မှာ နေတယ် ၊ နောက် လှည်းတန်း မှာ မြေကျယ်ကျယ် ဝယ်ပြီး ငရုတ်သီးမှုန့် စက်ရုံ တည်တယ် ။ အရင် ငွေ နှစ်သောင်း ချေးပေးတဲ့ သူငယ်ချင်း ဦးလူဝ က ဆားစက် တည်ချင်တယ် တဲ့ ။ အမှုန့် က တစ်ခြမ်း ၊ သူ က ကိုယ့်မြေ တစ်ခြမ်း မှာ ဆားစက် လာ တည်ပြီး အမြတ် တစ်ဝက် ပေးမယ်ပေါ့ ။ ကိုယ့် မြေ ကိုယ့် မီတာ နဲ့ စပ်တူ လုပ်ကြတယ် ။ လုပ်ကြတော့ လုပ်ငန်း က ရှုံးတယ် ။ ကိုယ့် လုပ်ငန်း နဲ့ ကိုယ် ဆိုတော့ ပြန် မကြည့် နိုင်ဘူး ။ အပျောက်အရှ များပြီး ရှုံးတယ် ”

ဦးလှထွန်း က ပြောလက်စ စကား ကို ရပ်ပြီး ရေနွေးကြမ်း သောက်တယ် ။ ကျွန်တော် လည်း သောက်တယ် ။

“ လောကဓံ က ဒီလို ၊ စီးပွားရေး မှ မတက်သေးဘူး ၊ ချဲ ပေါ် လာပြီး ကျွန်တော် လည်း ချဲထိုးတယ် ။ ကျွန်တော့် မိန်းမလည်း ချဲထိုးတယ် ။ ကျွန်တော့် မိန်းမ က ကျွန်တော့်ထက် ပို ထိုးတယ် ။ ကျွန်တော် ချဲ ထိုးတာ တစ်နှစ် လောက် ကြာတဲ့ အခါ ကျတော့ စီးပွားရေး တော်တော်လေး ကုန်ခန်းလာတယ် ။ ဆားစက် ကလည်း အဆင် မပြေဘူး ။ ကျွန်တော့် မှာ ငရုတ်သီးအကြွေး တွေ လည်း ပေးစရာ ရှိနေတယ် ။ ဒါနဲ့ အိမ် ရောင်းပြီး ကြွေးတွေ ပေး လိုက်တယ် ။ ဆားစက် လည်း ဦးလူဝ ကို လွှဲပေး လိုက်တယ် ။ ချဲ ထဲ နစ်လိုက်တာ နှစ်နှစ် သုံးနှစ် ကြာတော့ ဘဝ က ပြာ ဖြစ်သွားတာပဲ ”

“ အမှုန့်ကြိတ်စက် ကတော့ ကိုယ့် မှာ ရှိသေးတယ်ပေါ့ ”

“ ရှိသေးတယ် ။ အမှုန့်ကြိတ်စက် ရှိလို့ ကျွန်တော် သွားတော့ တစ်ဝင်းတည်း မှာ ရှိတဲ့ ဆားစက် အလုပ်သမားတွေ က ကျွန်တော့် ကို ဂရုမစိုက်ဘူးဗျာ ။ ကျွန်တော် က ပိုင်ရှင် မဟုတ်တော့တဲ့ အတွက် အရေး မလုပ်တော့တာ ။ အဲဒီ နေရာမှာ ကျွန်တော် စိတ်ဓာတ် အရမ်းတင်းမာသွားတယ် ။ စိတ်နာ တယ် ။ အလုပ်သမားတွေ ကို မဟုတ်ဘူး ။ ကိုယ့် ဘဝ ကိုယ် စိတ်နာတာ ။ ကျွန်တော် ချမ်းသာအောင် ကြိုးစားတော့မယ် ”

ဦးလှထွန်း မျက်နှာပေါ်မှာ မဖြစ်မနေ လုပ်မယ်ဆိုတဲ့ အားမာန်တွေ ကို တွေ့ မြင်ရတယ် ။

“ ချဲ ကို ကိုယ်တိုင် လည်း ဖြတ်တယ် ။ အမျိုးသမီး ကိုလည်း မပြတ် ပြတ်အောင် ဖြတ်ခိုင်းတယ် ။ မခံချင်စိတ် နဲ့ ဆားစက် ကို ပြန်ယူတယ် ။ ဆားလုပ်ငန်း အကြီးအကျယ် လုပ်တယ် ။ ပငဆား ဝယ် ပဲခူး ပို့တယ် ။ ငရုတ်သီးမှုန့် ကို ဇောက်ချလုပ်တယ် ။ တစ်ခါတည်း ကုန်းကျုံးပြီး လုပ်လိုက်တာ ဒီ အခြေအနေ ကို ရောက်သွားတာပဲ ”

ဦးလှထွန်း က ထိုင်ရာ မှ ထပြီး “ ဦးလှထွန်း လှူဒါန်းထားသော သာသနာရေး ၊ ပညာရေး ၊ ဒေသဖွံ့ဖြိုးရေး လှူဒါန်းထားရှိမှု စာရင်း မှတ်တမ်းစာအုပ် ” ကို ယူ ၊ ကျွန်တော့် ကို ပြတယ် ။ မှတ်တမ်း ဓာတ်ပုံတွေ နဲ့ အချက်အလက်တွေ ပါ ။

“ ကျွန်တော် ပြည့်စုံလာတဲ့ အချိန် မှာ လှူချင်တန်းချင် စိတ် ပေါ်လာတယ် ။ ကျွန်တော် လုပ်ခဲ့တဲ့ အလှူ သိန်း ၈၀၀၀ လောက် ရှိတယ် ။ ဒါတွေပဲ ဇောက်ချလုပ်ဖို့ စိတ်ကူးထားတယ် ”

⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment