Wednesday, June 18, 2025

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း )


 

❝ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❞

⎕ အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း

“ ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို ” ကို ရွေးချယ်ရာ တွင် တစ်ခါတစ်ရံ နောက်ဆုံး အဆင့်တွင် ဟိုသင်း ရွေးရနိုး ၊ သည်သင်း ရွေးရနိုး ဝေခွဲ မရနိုင်လောက်အောင် အခက် ကြုံရတတ်ကြောင်း ကျွန်တော် တစ်ခါက ရေးခဲ့ဖူးပါသည် ။ ယခု တစ်ကြိမ်တွင် လည်း ထို အခက်အခဲမျိုး ကို ကြုံရပြန်ပါသည် ။

ကြုံရပြန်သည် က လူမျိုးနော် ၏ ကိစ္စ ။

လူမျိုးနော် ကို ကျွန်တော် တစ်ခါ ရွေးခဲ့ဖူးပါပြီ ။ “ မအိုမီ ၊ မနာမီ ၊ မသေမီ ” ။

တစ်နှစ် လောက် သာလျှင် ရေးမည် ဟု ကျွန်တော် ရည်ရွယ်ထားသော ဤကဏ္ဍ တွင် ဝတ္ထုဆရာ တစ်ယောက် ကို နှစ်ခါ ထပ်ပြီး မရွေးချင်ပါ ။ မရွေးချင်ရုံ သာ မဟုတ် မရွေး ဘူး ဟု ကျွန်တော့် စိတ် ထဲတွင် သတ်မှတ် ထားခဲ့ပြီး ဖြစ်ပါသည် ။

ယခုလ တွင် မဂ္ဂဇင်းများ ၌ ဝတ္ထုတိုကောင်းကလေး တွေ ပါကြပါသည် ။ ထို့ကြောင့် အခြား တစ်ယောက် ကိုပဲ ရွေးတော့မည် ဟု အောက်မေ့လိုက်ပါသည် ။ သို့သော် သူ့ ဝတ္ထု က ကျွန်တော့် ကို လွှမ်းမိုးလွန်းလှပါသည် ။ ရွေးတော့မည် ကြံလိုက်တိုင်း သူ့ ဝတ္ထု သာလျှင် ရှေ့ဆုံးက ပေါ်လာ နေတတ်ပါသည် ။ အကြိမ်ကြိမ် မျက်နှာ လွှဲခဲ့ပါသည် ။ မရ ။ သူ က ကျွန်တော့် မျက်နှာရှေ့သို့ ရောက်အောင် လိုက်ပါသည် ချည်း ဖြစ်ပါသည် ။

ထို့နောက် ကျွန်တော့် ကိုယ် ကျွန်တော် သတိပြုမိ လာသည် ။ ကျွန်တော် မရိုးသားခြင်း ကို တွေ့လိုက်ရသည် ။ အကြိုက်ဆုံး ဖြစ်နေပါလျက် ( နှစ်ခါ မထပ်ချင်တာ လေးကြောင့် ) မျက်နှာ လွှဲရန် ကြိုးစားနေခြင်း မှာ မရိုးသား ခြင်း ပင် မဟုတ်ပါလော ။ ဓမ္မဓိဋ္ဌာန် ပျောက်ကွယ်နေခြင်း ပင် မဟုတ်ပါလော ။

ထို့ကြောင့် ရိုးသားစွာပင် ကျွန်တော့် ကိုယ် ကျွန် တော် ဝန်ခံ၍ ရှုမဝ မဂ္ဂဇင်း မှ လူမျိုးနော် ၏ “ အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း ” ကို ကျွန်တော် ရွေးလိုက်ပါသည် ။

••••• ••••• •••••

လူမျိုးနော် ၏ “ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” ကို ကျွန်တော် ဘာကြောင့် ကြိုက်ရသနည်း ။ အထပ်ထပ် သုံးသပ် ကြည့်မိပါသည် ။

သူ ၏ ရည်ရွယ်ချက် နှင့် အကြောင်းအရာ မှာ ကောင်းလှကြောင်း အငြင်းပွားဖွယ် မရှိပါ ။ အလွန် ကောင်းသော စေတနာ ၊ အလွန် ကောင်းသော ရည်ရွယ်ချက် ဟု ဆိုရပါမည် ။

သို့သော် စေတနာ ကောင်းတိုင်း ၊ ရည်ရွယ်ချက် ကောင်းတိုင်း ဝတ္ထုကောင်း မဖြစ်ပါ ။ စေတနာ သည် ဝတ္ထု မဟုတ်သေးပါ ။ ရည်ရွယ်ချက် သည် ဝတ္ထု မဟုတ် သေးပါ ။ ထို စေတနာ ၊ ထို ရည်ရွယ်ချက် ကို သုတစာပေ အားဖြင့်လည်း ဖော်ပြနိုင်ပါသည် ။ ရသစာပေ အားဖြင့်လည်း ဖော်ပြနိုင်ပါသည် ။

မိမိ ၏ အသိ ကို အမျှဝေသော အခါ သုတစာပေ ဖြစ်လာပါသည် ။

မိမိ ၏ ဝေဒနာ ကို အမျှဝေသော အခါ ရသစာပေ ဖြစ်လာပါသည် ။

လူမျိုးနော် သည် သူ ၏ ဝေဒနာ ကို အမျှဝေပါသည် ။

အမျှဝေသည် တော့ မှန်ပါပြီ ။ အမျှဝေတတ်ပါရဲ့လား ။

အမျှ မဝေတတ်လျှင် ခြောက်သွေ့သွေ့ သုတ ကို သာ ငြီးငွေ့ငွေ့ ရတတ်ပါသည် ။ ဝေဒနာ ပါ မလာတော့ပါ ။ ဝေဒနာ ပါလာတော့ မှ ဖတ်သူ တွင် လည်း ရေးသူ ၏ ဝေဒနာမျိုး ပေါ်ပေါက် လာတတ်ပါသည် ။

ဝေဒနာ ကို အမျှဝေခြင်းသည် စေတနာ နှင့် ဆိုင်ပါသည် ။

အမျှဝေတတ်ခြင်း သည် အနုပညာ နှင့် ဆိုင်ပါသည် ။

လူမျိုးနော် သည် အမျှလည်း ဝေပါသည် ။ ဝေ လည်း ဝေတတ်ပါသည် ။

••••• ••••• •••••

ဝတ္ထု ကို ခွဲခြမ်းစိတ်ဖြာ၍ ကြည့်လိုက်လျှင် အခန်း ( ၅ ) ခု တွေ့ရပါသည် ။ ထို အခန်း ( ၅ ) ခု ကို ဆက်လိုက်သော အခါ သူ ဖော်ပြလိုသော ဝေဒနာ မှာ အင်ကြီးအားကြီး နှင့် ပေါ်လာပါသည် ။ သို့သော် ဇာတ်လမ်းဇာတ်ကွက် တွေ့ရမည် မဟုတ်ပါ ။

အခန်း တစ်ခု နှင့် တစ်ခု ဇာတ်လမ်းချိတ်ဆက် တစ် ကွက်မျှ မရှိပါ ။ သီးခြားတွေ သာ ဖြစ်ပါသည် ။ ကျွန်တော် တို့သည် အဖြစ်အပျက် တစ်ခု ကို တင်ပြလိုက်လျှင် နောက် အဖြစ်အပျက် နှင့် ဘယ်လို ဆက်မလဲ ၊ ရှေ့ဆက်ပြီး ဘာဖြစ်မလဲ ယောင်ယမ်း မျှော်မိတတ်သည် ချည်း ဖြစ်ပါသည် ။ ထို မျှော်လင့်ချက် ကို လူမျိုးနော် က လုံးဝ လျစ်လျူရှုလိုက်သည် ။ သူ ပေးချင်သည့် ဝေဒနာ ကို စာဖတ်သူ ထံ ပို့ဆောင်နိုင်ရန် သူ အကြိုက်ဆုံး နည်းလမ်း ကို ဝံ့ဝံ့စားစားကြီး ရွေးချလိုက်သည် ။ တစ်နည်းအားဖြင့် အကြောင်းအရာ နှင့် အလိုက်ဖက်ဆုံး ပုံသဏ္ဌာန် ကို အလွတ်လပ်ဆုံး ရွေးလိုက်သည် ဟု ဆိုနိုင်ပါသည် ။

ဤသို့ ဇာတ်လမ်း ချိတ်ဆက် မပါသော ဖြစ်ရပ်တွေ ကို တစ်ခုစီ တင်ပြပြီး ဝတ္ထု ဖန်တီးရခြင်း မှာ လွယ်ကူသည် မဟုတ်ပါ ။ စာဖတ်သူ က တော်ရုံတန်ရုံ နှင့် စိတ်ရှည်ရှည် သည်းခံလိမ့်မည် မဟုတ်ပါ ။ ထို့ကြောင့် စာဖတ်သူ ကို ညှို့ငင် ထိန်းသိမ်းထားနိုင်ရန် စာရေး ကောင်းဖို့ အလွန် လိုပါသည် ။ လူမျိုးနော် က သူ့ လက် ကို သူ ယုံ ဟန် ရှိပါသည် ။ ယုံ လည်း ယုံလောက်ပါသည် ။ ဤအချက် မှာ ရှေ့တွင် ထင်ရှားလာပါလိမ့်မည် ။

••••• ••••• •••••

“ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” ဝတ္ထုတို ၏ အခန်း အသီးသီး ရှိ အကြောင်းအရာ အဖြစ်အပျက်များ ကို စိစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့နိုင်ပါသည် ။

အခန်း ( ၁ ) - ဇာတ်ဆောင် မင်းဇော် ကျောင်းသွား ရင်း ဘတ်စ်ကား ပေါ်မှ နေပြီး သူတောင်းစာလေး နှစ်ယောက် ကို တွေ့သည် ။ ပိုက်ဆံပေး လိုက်သည် ။ သူတို့ ၏ မိခင် မှာ အနာကြီးရောဂါသည် ဖြစ်နေကြောင်း ကို တွေ့ရ၍ အနာကြီးရောဂါ နှင့် ဝေဒနာသည် တို့ အကြောင်း စဉ်းစားမိ နေရင်း ကျောင်း ရောက်လာသည် ။

အခန်း ( ၂ ) - ငယ်သူငယ်ချင်း တစ်ယောက် တွင် အနာကြီးရောဂါ စွဲစ ပြုနေကြောင်း တွေ့ရသည် ။ ထို သူ မှာ မင်္ဂလာဆောင်ခါနီး ဖြစ်နေ၍ ရင်နာမိသည် ။

အခန်း ( ၃ ) - မိမိ ဘဝ ကို ပရဟိတ လောကအကျိုး အတွက် အပြီးတိုင် မြှုပ်နှံခဲ့သော ဆရာဝန် သူရဲကောင်းများ ၏ လမ်း ကို လိုက်သင့်ကြောင်း နှိုးဆော်သည့် ကဗျာ အတွက် မင်းဇော် ကဗျာ ပထမဆု ရသည် ။ မန္တလေးဆေး တက္ကသိုလ် ၏ ငွေရတုသဘင် အခမ်းအနား တွင် ဆုယူရသည် ။ မင်းဇော် ၏ စိတ် ထဲတွင် ထိုကဲ့သို့သော ဆရာဝန်မျိုး အလွန် ဖြစ်ချင်သည် ။ သမိုင်း တွင် အောင်မြင် ကျော်ကြားချင်သည် ။

အခန်း ( ၄ ) - အနာကြီးရောဂါကုဆေးရုံ သို့ ကျောင်းသားများ သွားရောက် လေ့လာကြရသည် ။ ရောဂါသည် တို့ ကို တွေ့ရသောအခါ လန့်သည် ။ ရွံရှာသည် ။ သက်ဆိုင်ရာ ဆရာဝန် ကိုယ်တိုင် ပင်လျှင် ရောဂါ ရနေကြောင်း တွေ့ရ သောအခါ တုန်လှုပ် ချောက်ချားမိသည် ။

အခန်း ( ၅ ) - မင်းဇော် ထိတ်လန့်နေသည် ။ ထိုကဲ့သို့ ဘဝ ကို မြှုပ်နှံပစ်လိုက်ရန် ( အကြွင်းမဲ့ ချစ်လိုက်ရန် ) ဝန်လေး နေမိသည် ။

ဤမျှသာ ဖြစ်ပါသည် ။ အခန်း ၁ ၊ ၂ ၊ ၃ တို့မှာ တစ်ခု နှင့် တစ်ခု အဆက်အစပ် ဘာမျှ မရှိပါ ။ ဇာတ်လမ်း ဇာတ်ကွက် ဖြစ်အောင် မဖန်တီးပါ ။ သို့သော် သူ ၏ ရည်ရွယ်ချက် အတွက် တော့ အထောက်အကူ ပြုသော အုတ်မြစ်များ ဖြစ်နေပါသည် ။ အခန်း ( ၄ ) ကို ဇာတ်ထွတ် ဟု ခေါ်နိုင်ပါသည် ။ ဇာတ်ရှိန် အမြင့်ဆုံး ဖြစ်ပါသည် ။ စာဖတ်သူ ကိုလည်း တမေ့တမော ဖမ်းစားနိုင်ပါသည် ။ အခန်း ( ၅ ) မှာ နိဂုံး ဟု ဆိုနိုင်ပါသည် ။ ဇာတ်ဆင်း ဇာတ်သိမ်း ဟု လည်း ဆိုနိုင်ပါသည် ။ သာမန်လူ တို့ ၏ အတ္တ ကို ဖော်ပြချက် ဟု ဆိုနိုင်ပါသည် ။ ထို့ကြောင့် ပရဟိတ ပုဂ္ဂိုလ်မွန် တို့၏ ဂုဏ် ကို ပိုမို ထင်ရှားစေသည် ဟုလည်း ဆိုနိုင်ပါသည် ။

••••• ••••• •••••

ဇာတ်ကွက် ကျိုးကြောင်း မဆက်သော အခန်းများ ကို တန်းစီ ပြီး ဖော်ပြရန်မှာ စာရေးကောင်းဖို့ လိုအပ်ကြောင်း ကျွန်တော် အထက်တွင် ပြောခဲ့ပြီးပါပြီ ။ လူမျိုးနော် သူ ၏ အရေးအသား စွမ်းရည်ဖြင့် စာဖတ်သူ အား ထိန်းသွားပုံ ကို တင်ပြပါရစေ ။

••••• ••••• •••••

      အိပဲ့ အိပဲ့ လှုပ်ရှားရွေ့လျား လာသော အမှတ် ၁ ဘတ်စ်ကားပြာ သည် ဘူတာကြီး မှတ်တိုင်သို့ “ ခြေပစ်လက်ပစ် ” ထိုးဆိုက်လိုက်သည် ။

      မင်းဇော် သည် အိတ်ကပ် ထဲမှာ နောက်ဆုံး ကျန်ရှိနေသော ဒူးယားစီးကရက် တစ်လိပ် ကို ထုတ်ယူမီးညှိကာ စိမ်ပြေနပြေ ဖွာရှိုက် လိုက်၏ ။ သူ ဆင်းရမည့် ဆေးကျောင်းမှတ်တိုင် ကို သိပ်မလို တော့သော်လည်း ကား က သည် ဘူတာကြီးမှတ်တိုင် မှာ တအောင့်လောက် ရပ်နားဦးမှာမို့ နည်းနည်းတော့ ကြာဦးမည် ဖြစ်သည် ။

      “ အစ်ကိုလေးရယ် ၊ ထမင်းဖိုးလေး ငါးပြား ၊ ဆယ်ပြားလောက် သနားပါဦး ”

      ကား အောက်က ထွက်ပေါ်လာ သော အသံချွဲချွဲပျစ်ပျစ်ကြောင့် မင်းဇော် သည် ဘာရယ်လို့ မဟုတ်ဘဲ အောက်ကို ငုံ့ကြည့်မိလိုက်သည် ။ ပေရေမည်းသည်း နေသော အရွယ် မရောက်သေးသည့် ကလေးငယ် နှစ်ဦး ၊ ရက်ပေါင်းများစွာ အစာရေစာ ၀၀လင်လင် မစားခဲ့ရခြင်း အဖြစ်သည် ကလေးငယ် နှစ်ယောက် ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း လိုလိုမှာ ထင်ရှား ပေါ်လွင် နေတော့သည် ။

အထက်ပါ စာပိုဒ်များ တွင် စာလုံးမည်းနှင့် ရိုက် ထားသော စာလုံးများ ကို ကြည့်ပါ ။ လူမျိုးနော် အားထုတ်မှု ကို တွေ့နိုင်ပါသည် ။

ကလေးများ ၏ မိခင် ကို တွေ့လိုက်သည် ။ ထို မိခင် ကို သရုပ်ဖော် ထားပုံ ကြည့်ပါဦး ။

       အဝတ်အစား လစ်လပ် နေသော ကိုယ်ခန္ဓာ နေရာတိုင်း က အသားအရေ သည် ကြမ်းတမ်းခြောက်သွေ့ ကာ အမွေးအမျှင် ကျိုးတိုးကျဲတဲ တို့ဖြင့် တကယ့်ကို စိတ်ပျက်စရာ ။ တိမ်စွဲနေဟန် တူသော မျက်စိ နှစ်လုံးစလုံး ကြောင့် တောင်ဝှေး ကို အားပြုရင်း စမ်းတဝါးဝါး ဖြင့် ကလေးငယ် နှစ်ဦး နောက်မှ တကောက်ကောက် လိုက် နေရရှာသည် ။ မြင်းကုန်းနှီး လို ပုံပျက်ပန်းပျက် ဖြစ်နေသော နှာခေါင်း ၊ ငုံးစိစိငုတ်တိုတို ဖြစ်ကာ မလှမပ ၊ မညီမညာ ဖြစ်နေသော ခြေချောင်း လက်ချောင်းများ ။

ဤ အရေးအဖွဲ့များ မှာ ရွံ့ရှာစိတ် နှင့် ကရုဏာစိတ် တို့ကို တစ်ပြိုင်နက် ပေါ်စေပါသည် ။ ကျောင်းသုံးစကား နှင့် ဆိုရလျှင် ဝိဘစ္ဆရသ နှင့် ကရုဏာရသ ကို တစ်ပြိုင်နက် ပေးသော အရေးအဖွဲ့များ ဟု ဆိုနိုင်ပါလိမ့်မည် ။

      မင်းဇော် သည် တစ်ဆက်တည်း မှာပင် အနာကြီးရောဂါ အကြောင်း ကို စဉ်းစား နေမိသည် ။

      အဆိုးရွားဆုံး မှာကား အနာကြီးရောဂါ ကို ကာလသားရောဂါ နှင့် မှားယွင်းမှု ကြီးမားစွာ ရောထွေး နားလည် နေကြခြင်း ပင် ဖြစ်သည် ။ ဟိုးတစ်ခေတ် က အနုပညာ အရ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော “ သည်ဆောင်းဟေမန် ” ဇာတ်ကား ၊ သည်ဘက် ခေတ် မှာ စံရွှေမြင့် ကာတွန်းဇာတ်လမ်းတွေ ထဲ က “ ဝမ်းနည်းရမှာ လား ၊ ဝမ်းသာရမှာလား ၊ မိသိန်းကြည် ” ။   

      အနာကြီးရောဂါ အကြောင်း နှင့် ပတ်သက်၍ တောင်တောင်အီအီများ ကို အတွေးနယ်ချဲ့ကာ စဉ်းစားမိရင်းမှ ...

      “ ဆေးကျောင်း မှတ်တိုင်ပါလား ”

      ဘူတာကြီးမှတ်တိုင် က ကား ဘယ်အချိန် ထွက်လာခဲ့လေသည် မသိ ။ စပယ်ယာ ၏ အသံစာစာ ကို ကြားလေမှ “ ပါတယ် ၊ ပါတယ် ” ဟု ကသောကမျော ပြောကာ ..

လူမျိုးနော် သည် ဘူတာကြီးမှတ်တိုင် တွင် ဘတ်စ်ကား တအောင့် နားခြင်း နှင့် ကျောင်းမှတ်တိုင် ရောက်လာခြင်း ကို မသိလိုက်ပုံ ဆက်စပ်ထားခြင်း ကို ကြည့်ပါ ။ အကွက်စေ့စေ့ အသေးစိတ် သတိပြုတတ်ပုံ တွေ့ရပါ လိမ့်မည် ။

••••• ••••• •••••

အခန်း ( ၂ ) တွင် သူ့ ငယ်သူငယ်ချင်း ၌ ရောဂါ စွဲစ ကပ်စ ပြုနေကြောင်း ဖော်ပြသည် ။ မင်းဇော် က အနာကြီးရောဂါ မှန်နေကြောင်း သိသော်လည်း ထိန်းထိန်းသိမ်းသိမ်း ပြော ကာ အားပေးစကား ဆိုပါသည် ။ ဤနေရာတွင် လူ့ သဘာဝ ကို တစ်ချက် သွင်းလိုက်ပါသေးသည် ။

      ဘယ်လို ဒုက္ခမျိုးပဲ ဖြစ်ဖြစ် ၊ ဘယ်လို ရောဂါမျိုးပဲ ဖြစ်ဖြစ် ကိုယ် ကိုယ်တိုင် နဖူးတွေ့ ၊ ဒူးတွေ့ ကြုံရတာ မဟုတ်သေး သရွေ့တော့ ဘေး ကနေ အားပေးရတာ အပန်းမကြီး ။ “ ငါ့အမေ သင်္ခါရ ” ပုံပြင်ထဲ က ဘုန်းကြီး လို အေးအေးလူလူ အားပေး ဖျောင်းဖျနိုင်သေးသည်သာ ဖြစ်သည် ။

••••• ••••• •••••

အခန်း ( ၃ ) ဖွင့်လိုက်ပုံမှာ အလန့်တကြား မဆီမဆိုင် ရှိလှပါတော့သည် ။ သို့သော် တကယ် ဆီဆိုင် နေကြောင်း ဖတ် ကြည့်ရင် သိသာရပါသည် ။ ဖွင့်ပုံ ကို ကြည့်ပါ ။

      “ ယခု ဆက်လက်ပြီး ချီးမြှင့်မယ့် စာပေဆု ကတော့ ကဗျာဆု ဖြစ်ပါတယ် ။ ကဗျာ ပထမဆု ကို ‘ ဝသုန်ဇော် ’ က အနာဂတ် အတွက် မွေးဖွားကြစို့ ကဗျာ နဲ့ ဆွတ်ခူးသွားပါတယ် ။ နောက်ဆုံးနှစ် အပိုင်း ( က ) အတန်း မှ ကလောင်ရှင် ဝသုန်ဇော် ဆုယူရန် စင်မြင့်ပေါ်သို့ ကြွပါ ”

ဤသို့ မင်းဇော် က ကဗျာ ပထမဆု ကို ရသည် ။ သူ ရေးသားခဲ့သော ကဗျာ ကိုလည်း ပြေးလွှား မြင်ယောင်နေ သည် ။ ကဗျာ မှာ အဲလ်ဘတ်ရွိုက်ဇာ ၊ ချေဂွေဗားရား ၊ ဂျိုဆေရီဇော် ၊ နော်မန်ဗက်သွန် စသော လူသားများ အတွက် နိုင်ငံတော် အတွက် ဘဝ မြှုပ်နှံခဲ့ကြသည့် ဆရာဝန်သမား တော်ကြီးများ အား ဦးညွတ်ခြင်း ၊ အားကျစေလိုခြင်းပင် ဖြစ်သည် ။

ဆောင်းပါး ရှည်လွန်းမည် စိုး၍ မဖော်ပြတော့ပါ ။ ဤကဗျာ ၌ပင် “ ငါ့နောင်တော်မများစွာ ” ဟူသော ဝံ့စားသည့် အသုံးကို တွေ့ရသေးသည် ။

ဤအခန်းတွင် မင်းဇော် ၏ ဆန္ဒ ၊ မင်းဇော် ၏ ဆုံးဖြတ်ချက်တို့ ကို ပြတ်သားစွာ ဖော်ပြသည် ။

      သူ့ ဘဝ တစ်ခုလုံး ကို ပြည်သူတွေ ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များတွင် မြှုပ်နှံပြီး ဦးဆွေးဆံမြည့် လုပ်ကိုင် သွားဖို့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်၏ ။ အထူးသဖြင့် တော်ရုံတန်ရုံ ဆရာဝန် တစ်ယောက် မလုပ်နိုင်သော အလုပ်မျိုး ၊ မကျင့်ကြံနိုင်သော ကိုယ်ကျိုးစွန့်မှုမျိုး ၊ မထားနိုင်သော စိတ်ထားမြင့်မြတ်မှုမျိုး တို့ဖြင့် ထူးထူးခြားခြား တီထွင်လုပ်ဆောင် သွားမည်ဖြစ်၏ ။ မြန်မာ့သမိုင်း မှာ ရော ၊ ကမ္ဘာ့သမိုင်း မှာ ပါ လူသားတို့ အတွက် စွမ်းစွမ်းတမံ ကောင်းကျိုး ပြုသူ တစ်ဦး အဖြစ် နောင်လာနောက်သားများ က သူ့အား တသသ ဖြစ်ကာ သတိတွေ ရစေချင်သည် ။ ကျေးဇူးတွေ တင်နေစေချင်သည် ။ ဤသည် မှာ မင်းဇော် ၏ အပြင်းပြဆုံးသော ဆန္ဒ ပင် ဖြစ်သည် ။

      လူ့ဘဝ မှာ ကံကောင်းထောက်မစွာဖြင့် လူတစ်ယောက်ရယ် လို့ ဖြစ်လာ ခိုက် သူလို ငါလို မွေးဖွား ကြီးပြင်းပြီး မထင်မရှား လှုပ်ရှား နေထိုင်ရင်း လူ့လောကကြီး အတွက် ဘာ တစ်ခု မှ မည်မည်ရရ လုပ် မပေးနိုင်ခဲ့ဘဲ တိမ်းပါး ကွယ်လွန်ရမည် ကို မင်းဇော် အကြောက်ဆုံး ဖြစ်သည် ။

လူငယ်တို့ ၏ တက်ကြွသော အားမာန် ကို အဘယ် မျှ ပေါ်လွင်စေပါသနည်း ။ စူးစူးရဲရဲ ရှိလှသော စကားများ ဖြစ်ပေသည် ။ အားမာန် နှင့် ပရဟိတစိတ် ကို ဖော်ကျူး သလောက် ပြင်းထန်သော ငါတကား မာန ၊ ကျော်ကြား လိုသော အတ္တသည် လည်း ပေါ်လွင်လှပါသည် ။ ဤ အချက်များသည် အခန်း ( ၄ ) ထဲ က ဆရာဝန် အကြောင်း တင်ပြရာ၌ ကြီးစွာသော အထောက်အပံ့ ကို ဖြစ်စေပါသည် ။

••••• ••••• •••••

အခန်း ( ၄ ) မှာ ဇာတ်ထွတ် လည်း ဖြစ်သည် ။ အရေးအဖွဲ့ တွင် လည်း လူမျိုးနော် စေတနာ ထက်သန်စွာ ကြိုးစားထားကြောင်း တွေ့နိုင်ပါသည် ။ ကျွန်တော် အကြိုက်ဆုံး အခန်း ဖြစ်ပါသည် ။ ရွံ့ရှာခြင်း ၊ ကြင်နာခြင်း ၊ ရိုသေခြင်း ၊ ကြည် ညိုခြင်း ၊ အံ့သြခြင်း စသည့် ရသများ ကို တစ်စုတစ်ဝေးတည်း ခံစားရသောအခန်း ဖြစ်ပါသည် ။

ဆေးကျောင်းသားကျောင်းသူများ အနာကြီးရောဂါ ကုဆေးရုံ သို့ လေ့လာရန် ရောက်လာကြသည် ။ ထိုင်ခုံ များ ပေါ်၌ ထိုင်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည် ။ တာဝန်ခံ ဆရာဝန် ကို တွေ့လိုက်ရသော အခါ ထူးထူးခြားခြား မရှိလှ ။ သူလို ငါလို မျှသာ ။ ထို ဆရာဝန် ကို မင်းဇော် ချီးကျူးဖွဲ့ထားပုံ ကို ကြည့်ပါ ။ အပို တစ်လုံး မပါဘဲ ပေါ်လွင်လှပါသည် ။ အလင်္ကာ မသုံးဘဲ ရသ မြောက်လှပါသည် ။

      တာဝန်ခံဆရာဝန် ၏ ရုပ်လွှာသည် ရိုးရိုးလေး နှင့် အဆန်းကြီး ဆန်းနေတော့ သည် ။ ဆရာဝန် တစ်ယောက် အနေနှင့် ကိုယ် တတ် ထားသည့် ဆေးပညာ ဖြင့် ကုစရာ လူနာတွေ သည်လောက်ပေါများ နေပါလျက် သည်လို လူနာတွေ ရှိသည့် သည်လို ဆေးရုံမျိုး ကို မှ တမင်တကာ ရွေးချယ် ဝင်ရောက်ပြီး ဘာလို့များ အမှု ထမ်းရတာပါလိမ့် ။ စတန့်ထွင်တာတော့ မဟုတ်နိုင် ။ သည်လို သိပ် မွန်မြတ်တဲ့ အလုပ်ပဲ ဟု လူတွေ တဖွဖွပြော ပြောပြီး မသိမသာ ရော သိသိသာသာ ပါ လက် ရှောင် နောက်တွန့် တတ်ကြသည့် အလုပ် မျိုး က စတန့်ထွင်သူတွေ မပြော နှင့် တော်ရုံ တန်ရုံ ပရဟိတစိတ် ရှိသူတွေ ပင် စိတ်ကူး ရဲသော အလုပ် မှ မဟုတ်ပဲ ။ ဝတ္ထု ထဲ က ဇာတ်လိုက် နှင့် ရုပ်ရှင် ထဲ က မင်းသားတွေ လောက်သာ ဆရာဝန် သရုပ်ဆောင် အဖြစ် လှုပ်ရှားလုပ်ဆောင် ပြစဉ် မှာ သဏ္ဌာန် လုပ် သရုပ်ဆောင် နိုင်သည့် အကွက်မျိုး မဟုတ်လော ။

      စကားပြော ကောင်းသည် မဟုတ် ပါပဲလျက် စကားကောင်းများ ကို ခံစား ထိရှစွာ စိတ်ပါ လက်ပါ ပြောဆိုရှင်း လင်းပြနေသည် မှာ ဇာတ်လမ်းကောင်း တစ်ခု ကို နားဆင်နေသည့်နှယ် မင်းဇော် ၏ စိတ်သန္တာန် ဝယ် လက်တွေ့ လောက ထဲ က ဆရာဝန် တစ်ယောက်မျိုး မဟုတ်ဘဲ ရုပ်ရှင် ထဲက ဇာတ်လိုက် ဆရာဝန် တစ်ယောက် လို ထင်မြင်လာမိတော့သည် ။ အနစ်နာခံခြင်း ၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း အစရှိသော အဖြစ်သနစ်များသည် သူ ကျင်လည်နေထိုင်ရာ လူ့ဘောင် လောက ထဲမှာ ရှားပါး သော်လည်း ရှိနေသေးသည် ကို တအံ့တသြ တွေ့နေရသောကြောင့် သူ့ ရင်မှာ ပျော်ရွှင်ခြင်းများ ဖြင့် လှိုက်လှဲလှုပ်ခုန်၍ နေတော့သည် ။ အတ္တဥခွံ ကျဉ်းကျဉ်းလေး ကို အိမ် လုပ်ကာ တံခါးပိတ် နေထိုင် ကြရင်း လူ့ဘဝ ၏ တန်ဖိုး ရှိလှသော ရွှေအချိန် ကာလများ ကို ကုန်ဆုံး ပစ်နေကြသည့် သမာရိုးကျ လူသား မြောက်မြားစွာ တို့ ကြားမှာ -

ဆရာဝန် က လူနာများစွာ ကို ခေါ်၍ လူနာများ ကို ကြင်နာယုယစွာ ပွေ့ဖက်လျက် ခြေလက်များ ကို ကိုင် တွယ်ပြီး လက်တွေ့ ရှင်းပြသည် ။ ထိုဆရာဝန် ပွေ့ဖက် နေသော လူနာများ ကို သရုပ်ဖော်ထားပုံမှာ -

      ပုံပျက်ပန်းပျက် နှာခေါင်း ၊ နီရဲ ထွတ်ပွနေသော မျက်နှာ ၊ ကြမ်းတမ်း ခြောက်သယောင်းသော အသားအရေ ၊ အတိုအရှည် မညီညာသော ခြေချောင်း လက်ချောင်းများ ၊ ကွေးကွေးကောက် ကောက် ခြေလက်များ ၊ မရေတွက်နိုင် လောက်သည့် အဖြူကွက် ဘုစုခရုများ ၊ နှာခေါင်းသံ ပါသည့် စကားပြောသံ ၊ ပျက်နေသည့် မျက်စိများ ၊ ရွဲ့စောင်း နေသည့် မျက်နှာခင်း ။

“ မျက်နှာခင်း ” ဟူသော စကားလုံး ကို ကျွန်တော် အလွန် နှစ်သက်မိပါသည် ။ ဤသို့သော ဝေါဟာရများ သည် စာရေးဆရာ ၏ အားထုတ်မှု ကို ထင်ရှားစေပါသည် ။

ဤသို့ အနိဋ္ဌာရုံတွေ တစ်ပြုံတစ်ခေါင်းကြီး ကို ခပ်ကြာကြာ တွေ့ရသော အခါ မင်းဇော် ကိုယ်တိုင် ပျို့ချင် အန်ချင် ဖြစ်လာသည် ။ ကျောင်းသား အားလုံး မသိမသာ မျက်နှာ လွှဲဖယ်လာသည် ။

ထို့နောက် တာဝန်ခံ ဆရာဝန် က ဆေးကျောင်းသားများ ကို ဖိတ်ခေါ်သည် ။

      “ အခြေအနေလဲ ပေးမယ် ၊ ဝါသနာလဲ ပါမယ် ဆိုရင် ဆရာတို့ ဆေးရုံ မှာ လာပြီး အမှုထမ်းလုပ်ကိုင် ကြဖို့ပါပဲကွာ ၊ အလုပ် က မွန်မြတ်လွန်းအား ကြီးပေမဲ့ တကယ့် တကယ် လက်တွေ့ ဝင်လုပ်ဖို့ ကျတော့ စိတ်ပါတဲ့ လူ မရှိ သလောက်ပဲ ၊ သူတို့တွေ ကိုတော့ ဆရာ အပြစ် မတင်လိုပါဘူးလေ ၊ ဒါပေမဲ့ အဲလို ဝင်လုပ်မယ့် ဆရာဝန်တွေ တစ်နေ့တစ်ခြား နည်းလာတာကြောင့် ခုလို ဆေးရုံတွေ မှာ အလုပ် လုပ်နေကြတဲ့ ဆရာဝန်တွေ အဖို့ လူ နဲ့ အလုပ် က အလွန်အမင်း ကို မမျှမတ ဖြစ်လာတယ် ၊ အဲဒါတွေကြောင့် မင်းတို့ ထဲ က ထွက်ပေါ်လာမယ့် သူရဲကောင်းတွေ ကို ဆရာ မျှော်ပါရစေနော် ”

ထိုကဲ့သို့ ရှင်းလင်း ပြောပြပြီးနောက် မေးချင်တာ မေးခွင့် ပြုလိုက်သည် ။ မင်းဇော် က မေးခွန်း တစ်ခု ကို အထစ်ထစ် အငေါ့ငေါ့ အားနာစွာ မေးလိုက်သည် ။ ထိုမေးခွန်း နှင့် ဆရာဝန် ၏ အဖြေ မှာ ဇာတ်ကွက် ၏ အမြင့်ဆုံး အပိုင်းပင် ဖြစ်သည် ။ စာဖတ်သူ ၏ ရင်နှလုံး ကို လှုပ်ခါ လိုက်သော စကားများ လည်း ဖြစ်သည် ။

လူနာ နှင့် ဆရာဝန် မမျှမတ ဖြစ်နေသည် ဟု ဖော်ပြခဲ့သော အချက်နှင့် ဤစကားများ မှာ အဖုံးအပိတ် အံဝင် လှပါသည် ။

      “ ဟို ... ဟို ... ဒီလိုပါ ဆရာ ၊ စိတ် မရှိနဲ့နော် ဆရာ ၊ ဆရာ ရဲ့ လက်ချောင်းကလေးတွေ တချို့တလေ တိုနေ တာ ကျွန်တော် သတိထား ”

      “ ဪ … ဒါလား ၊ အေးလေ ကွာ ၊ ဆရာ လဲ အနှစ်နှစ်ဆယ်လောက် ဒီလို လူတွေ နဲ့ လက်ပွန်းတတီး နေလာခဲ့ တော့ ဒီရောဂါ ကူးတော့တာပေါ့ အစတုန်း ကတော့ ဆေးတွေ ဘာတွေ သောက် သေးတာပေါ့ကွာ ၊ နောက်တော့လဲ သောက်တဲ့ ဆေးရဲ့ ပမာဏထက် ထိတွေ့ ကိုင်တွယ် နေရတဲ့ လူနာအရေအတွက် နဲ့ ရောဂါပိုး ပမာဏ က သိပ် မမျှမတ ဖြစ်သွားတော့ ဒီလို ဖြစ်လာတော့တာပေါ့ ၊ ကိုယ် ဝါသနာ ပါတဲ့ အလုပ် တစ်ခု ကို လုပ်မှတော့ နစ်နာဆုံးရှုံးမှု ဆိုတာ အထိုက်အလျောက် တော့ ရှိကောင်း ရှိနိုင်တာပေါ့ကွာ ၊ အများအကျိုး အတွက် အသက်အသွေးတွေ ကို တောင် အမှုမထားဘဲ စွန့်လွှတ်ခဲ့ကြတဲ့ သူတွေ နဲ့ နှိုင်းစာလိုက်ရင် ဆရာ့ စွန့်လွှတ်မှု ဟာ အသေးအဖွဲ့ ပါ တပည့်ရာ ”

      မင်းဇော် သည် သူ့ ကိုယ် သူ အရုပ်ကြိုးပြတ် လဲကျ မသွားရလေအောင် အတော်ကြီး ကြိုးစား၍ ထိန်းသိမ်းလိုက်ရ တော့၏ ။

••••• ••••• •••••

သာမန်အားဖြင့် ဆိုလျှင် ဝတ္ထုတို ကို ဤနေရာတွင် အဆုံးသတ် သင့်ပါသည် ။ အကောင်းဆုံး အကွက် မဟုတ်ပါလား ။ လူမျိုးနော် က ဝတ္ထုတို ပုံသဏ္ဌာန် ဇာတ်လမ်း တစ်ကွက် ထက် သူ ပြောချင်သော အချက် ကို သာ ပိုပြီး အလေးထားသည် ။ ထို့ကြောင့် အခန်း ( ၅ ) ကို ဆက်ရေးခြင်း ဖြစ်သည် ။ အခန်း ( ၅ ) မှာ အနာကြီးရောဂါ ဆေးရုံ မှ အပြန်ခရီး တွင် မင်းဇော် စဉ်းစားတွေးတောလာပုံ ဖြစ် သည် ။ ထိုအခန်း ( ၅ ) ကြောင့် ဝတ္ထုဇာတ်လမ်း သဘော အရ ဆိုလျှင် မျောသွားသည် ဟု ဆိုနိုင်သည် ။ ဇာတ်လမ်း က မျောသွား သော်လည်း အာဘော် က ပိုပြီး ထက်မြက်လာသည် ။

အခန်း ( ၃ ) တွင် ဖော်ပြခဲ့သော ပထမဆုရ ကဗျာ သည် အခန်း ( ၅ ) တွင် နှိုင်းယှဉ် ချိန်ထိုးရန် အတွက် ဖြစ်ကြောင်း အကွက်လည် လာပါပြီ ။

      မင်းဇော် ၏ အတွေးကွန်ချာ မှာ တော့ အနာကြီးရောဂါကုဆေးရုံ က ဆရာဝန် က လုံးလုံးလျားလျား နေရာယူ ထားတော့သည် ။ မင်းဇော်သည် သူ ၏ စိတ်ကူး ထဲ မှာပင် စောစောက တွေ့ခဲ့ရသည့် ဆရာဝန် နှင့် သူ ၏ ဆုရကဗျာ ထဲ က အဲလ်ဘတ်ရွိုက်ဇာ ၊ ချေဂွေဗားရား ၊ ဂျိုဆေရီဇော် ၊ နော်မန်ဗက်သွန် အစရှိသော ကမ္ဘာကျော် ဆရာဝန် လူစွမ်းကောင်းများ တို့ကို နှိုင်းယှဉ် ကြည့်မြင်နေမိ၏ ။

      လူသားများ အတွက် အနစ်နာခံ တာချင်း ၊ ကိုယ်ကျိုး စွန့်လွှတ်တာချင်း အတူတူ ဟို ဆရာဝန်တွေ က နာမည်ကျော် လူသိများပြီး လူတကာ က အားကျ ဂုဏ်ယူ ခြင်း ခံနေရပါလျက် သူ့ ဆရာဝန် က မထင်မရှား အညတရ တစ်ယောက် ဖြစ်နေသည့် အတွက် အထူးပင် အားမလိုအားမရ ဖြစ်နေမိတော့သည် ။

သူရဲကောင်းဝတ္ထုများ ကို သာ ဖတ်ကျင့်ရ နေသော သူများကား လူမျိုးနော် ၏ ဝတ္ထု အဆုံးသတ်ပုံ ကို အားမလို အားမရ ဖြစ်ကြပေလိမ့်မည် ။ သို့သော် သရုပ်မှန်ဝတ္ထု ဆို သည် သရုပ်မှန် ရပေလိမ့်မည် ။ လူမျိုးနော် ၏ ဝတ္ထုဆင်ပုံ ၊ စကားဖွဲ့စည်းပုံ မှာ ကဗျာငွေ့ သမ်းသော်လည်း သူ သည် ဘဝသရုပ်မှန် ဝတ္ထုဆရာ စင်စစ် ဖြစ်ချေသည် ။  အဆုံးသတ်ပုံ ကို ကြည့်ပါ ။

      သတ္တိကြောင်သည် ဟု ဆိုဆို ၊ အတ္တတွေ လိမ်းကျံနေဆဲ ရှိသေးသည် ဟု သမုတ်သမုတ် ၊ မင်းဇော် အနေနှင့် ကတော့ ပရဟိတ စိတ်ဓာတ် တော်တော်တန်တန် ရှိသည် ဖြစ်သော်ငြားလည်း သူ့ ဆရာဝန် လို လူမသိ သူမသိ ခုလိုမျိုး ကိုယ်ကျိုး စွန့် နေဖို့ အနစ်နာခံနေဖို့ ၊ အများအကျိုး သယ်ပိုး နေဖို့ မဝံ့မရဲသေးသည် ကတော့ အမှန်ပင် ဖြစ်သည် ။

      သူ့ လိုမျိုး အကြွင်းမဲ့ ပရဟိတ စိတ်ဓာတ် ထားဖို့ ကိုမူ မင်းဇော် တစ်ယောက် အကြောက်ကြီး ကြောက်နေမိတော့သည် ။

      ဪ ... တကယ့် တကယ် ကျတော့လည်း လူ ဆိုသည်မှာ လူ ပီသစွာပင် ကိုယ့် ကိုယ်ကိုယ် အနည်း နှင့် အများ ကုတ်ကတ် ကြံဖန်ကာ ချစ်နေတတ်ကြသည်သာပင် ။

••••• ••••• •••••

သာမန် ဇာတ်ကွက်ဇာတ်လမ်း ၊ အလှည့်အပြောင်း ဝတ္ထုတိုများ နှင့် လူမျိုးနော် ၏ ဝတ္ထုတို မည်မျှ ကွာခြားသည် ကို စာဖတ်သူ တွေ့နိုင်ပါပြီ ။

သူ ၏ ဝတ္ထုသည် လူငယ်တို့ ၏ ကျော်ကြားလိုသော သဘာဝ ကိုလည်း ဖော်ပြသည် ။ လူ့လောက ကို အကြွင်းမဲ့ ချစ်တတ်သော သူတို့ ၏ မြင့်မြတ်မှု ကိုလည်း ဖော်ပြသည် ။ တိတ်တိတ်ပုန်း သူရဲကောင်းများ ကိုလည်း ဖော်ပြသည် ။ ပြည်တွင်း က သူရဲကောင်း ဆရာဝန်များ ကိုလည်း အသိအမှတ် ပြုကြပါဦး ဟု သတိပေးရာ ရောက်သည် ။ အားလုံး ခြုံ လိုက်လျှင် လူ့အကြောင်း နှင့် လူ ထက် မြင့်သော လူတို့ အကြောင်း ကို ဖော်ပြသွားသည် ဟု ဆိုချင်ပါသည် ။

ဖော်ပြရာတွင် လည်း ဝိဘစ္ဆရသ ၊ ကရုဏာရသ ၊ သန္တရသတို့ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်သည် ဟု ဆိုချင်ပါသည် ။

⎕ အောင်သင်း
📖သဘင် မဂ္ဂဇင်း    
     အောက်တိုဘာ ၊ ၁၉၈၄

No comments:

Post a Comment