❝ ရေနစ်သူ ❞
( ကြူးနှစ် )
ဘယ်ခေတ် ဘယ်နှစ် ဘယ်အချိန် က စပြီး ရန်ကုန်မြို့တော် ထဲ မှာ ဘတ်စ်ကားတွေ စတင် ပြေးဆွဲ အသုံးပြု ၊ လူထု ကို ဝန်ဆောင်မှု ပေးခဲ့တယ် ဆိုတာကို တချို့ သုတေသီတွေ တော့ သိကြပါလိမ့်မယ် ။ ကျွန်တော် တော့ဖြင့် အဲဒါကို မသိဘူး ၊ အဲဒီ ဗဟုသုတမျိုး ကျွန်တော့် မယ် မရှိဘူး ။ ကျွန်တော့် ကို ( ၁၉၅၂ ) ခုနှစ် မှာ ရန်ကုန် ဗဟန်းမြို့နယ် ထဲ က ဟာမစ်တိတ် ရပ်ကွက် မှာ မွေးခဲ့တာ ။ ကျွန်တော် လူ ဖြစ်ချိန်မှာ ရန်ကုန်မယ် ဘတ်စ်ကားတွေ ပြေးလွှား နေကြပြီ ဆိုတာပဲ ။ ကျွန်တော် လူမှန်း မသိခင် အရွယ် ကတည်း က မိဘတွေ ရဲ့ ရင်ခွင် ကြား ကနေ ဘတ်စ်ကား စီးဖူး နေခဲ့ပြီ လို့တောင် ပြောလို့ရပါတယ် ။
အဲသည် ကာလတုန်းက မဟာရန်ကုန် နဲ့ ဗဟိုချက်မ ဆူးလေစေတီတော် ကို ဦးခိုက်ပြီး မြို့ပတ်ပတ်လည် ပြေးဆွဲ နေကြတဲ့ ဘတ်စ်ကား အားလုံး ဟာ နောင် ကာလမယ် ( ချက်ကြီး ၊ ဗိုက်ပူ ၊ ချက်ပက်လက်ခေါင်းတို ) လို့ အမည်သညာ အမျိုးမျိုး ပေးခဲ့ကြတဲ့ ပုံဆိုးပန်းဆိုး ပုအိုက်အိုက် လိမ်ဖည်ဖည် ဘတ်စ်ကားကြီးတွေပါ ။
အဲသည် ဘတ်စ်ကားကြီး တွေရဲ့ မူလ ဇာတိကတော့ အမေရိကန်နိုင်ငံ ပဲ ။ စစ်သုံးလော်ရီ ( နောက်တွဲပက်လက် ) Lorry ကားတွေပါ ။ ဒုတိယ ကမ္ဘာစစ် ကာလမယ် မဟာမိတ် တပ်ဖွဲ့ဝင်တွေ နဲ့ အတူ အဲဒီ ချက်ပက်လက်ခေါင်းတို လော်ရီစစ်ကားကြီးတွေ မြန်မာပြည် ရောက်လာတာလို့ ထင်ပါတယ် ။ ကျွန်တော် က သုတေသီ မဟုတ်တော့ အချက်နဲ့ အလက်နဲ့ အတိအကျတော့ မပြောနိုင်ဘူး ။ စစ်ပြီးလို့ အင်္ဂလိပ်တွေ က မြန်မာပြည် ကို လက်လွှတ်ပြီး ပြန်ထွက် သွားကြတဲ့အခါ အဲသည် စစ်လက်ကျန် ‘ ချက်ကြီး ’ တွေ မြန်မာပြည် မှာ တောင်ပုံယာပုံ ကျန်ရစ်ခဲ့ကြတာပေါ့ ။
ဒီနေရာမယ် ရန်ကုန်လူထု ခရီးသွားလာရေး အဆင်ပြေ ချောမွေ့စေဖို့ ရွှေဉာဏ်တော် စူးရောက်ခဲ့ကြတဲ့ ‘ မြန်မာ့ စွန့်ဦးတီထွင် ’ အင်တရယ်ပရီနော ကြီးတွေ ရဲ့ အခန်းကဏ္ဍ ကို ချန်လှပ်ခဲ့လို့ မသင့်တော်ပါဘူး ။ သူတို့ ဟာ စစ်လက်ကျန် ချက်ပက်လက်လော်ရီကြီးတွေ ရဲ့ နောက်တွဲ ကုန်တင်ခန်း ( လူတင်ခန်း ) ကို ဖြုတ်ပစ်လိုက်ကြတယ် ။ ပြီးတော့မှ သံထည် နဲ့ မြန်မာ့ကျွန်းသစ်တွေ ၊ ပျဉ်းကတိုးသစ်တွေ ပေါင်းစပ် ‘ ဖရိမ် ’ အသစ်ဆင် ၊ ဘော်ဒီ ကိုယ် ထည် အသစ် တပ် လိုက်တော့ နောက်ပိုင်းမှာ ကျွန်တော်တို့ စီးနင်း ဇိမ်ခံခွင့် ရတဲ့ ဗိုက်ပူဘတ်စ်ကားကြီး ဖြစ်သွားခဲ့ပါတယ် ။ ဗိုက်ပူ မှာ ( ဆင်းပေါက် ) ( တက်ပေါက် ) တံခါး ပါတဲ့ အပေါက် နှစ်ပေါက် ပါရှိပြီး သစ်သားထိုင်ခုံ တွေ ၊ သစ်သား ‘ ရှော ’ ပြတင်းတံခါးရွက်တွေ တပ်ဆင်ထားတယ် ။ အဲသည် ခေတ် ကတော့ ဗိုက်ပူကြီးတွေ ဟာ မြို့တော်ရန်ကုန် ရဲ့ အထူးကျက်သရေဆောင် ခရီးသည်ပို့ဆောင်ရေး အမြန်ယာဉ်ကြီးများပါပဲ ။ အင်ဂျင်သံ ကို တော့ ၊ ( မျိုးချစ်စိတ် ရှင်သန် ထက်မြက်တဲ့သူ တစ်ယောက်အနေမျိုးနဲ့ ) အင်္ဂလိပ်ကြီး တစ်ယောက် မြန်မာတွေ ကို မချိမဆံ့ ထမ်းပိုးပြီး ကုန်းရုန်း သယ်ယူ နေတုန်း ညှစ်ထုတ်တဲ့ လုပ်အားသံကြီး အဖြစ် မှတ်ယူမယ် ဆိုလည်း မှတ်ယူနိုင်ပါသဗျား ။
နောက်ပိုင်း ၁၉၆၀ လောက်မယ် ဂျပန်ခေတ် လျော်ကြေး အဖြစ် ဝင် လာတဲ့ ဟီးနိုး ‘ Hino ’ ဘတ်စ်ကားကြီးတွေ ဝင် လာတော့လည်း ဗိုက်ပူကြီးတွေ က ပန်းပန်လျက်ပါပဲ ။ သြစတေးလျက လို့ပြောတဲ့ ‘ လေးလင့် ’ Lay Land ဘတ်စ်ကားကြီးတွေ ဝင်လာပြန် တော့လည်း ဗိုက်ပူတို့ က ခေါင်း မော့လျက်ပဲ ။ မကြာခင် ကမှပဲ ဗိုက်ပူကြီးတွေ ကို ‘ အိုပယ် ’ စာရင်း သွင်းပြီး ရန်ကုန်မြို့လယ် ကနေ နှင်ထုတ်လိုက်လို့ မြို့ပြင် ရောက်သွားကြရရှာတာ ။
ခုခေတ်မယ်တော့ ... ကျွန်တော်တို့ ရန်ကုန်သားတွေ ခရီး သွားလာရေး အတွက် ဂျပန်ဘတ်စ်ကား ( အဟောင်းကြီး ) တွေ ၊ ကိုရီးယားဘတ်စ်ကား ( အဟောင်းကြီး ) တွေက မလှမပ အသုံးတော် ခံနေကြပါပြီ ။ အဲသည် ကားကြီးတွေ က အဟောင်းကြီးတွေ ဆိုပေမဲ့ ( အသက်ကြီးပေမဲ့ မပျက်စီး သေးဘူး ) ဆိုတဲ့ စကား အတိုင်း ဗိုက်ပူတို့ ၊ ခေတ်ဟောင်း ဟီးနိုး တို့ ထက် အများကြီး ရုန်းနိုင် ပြေးနိုင်တယ် ။ ကားတိုင်း မှာ ကူရှင် ( ဆိုဖာ ) ထိုင်ခုံတွေ ပါတော့ အတော်အသင့် သက်သောင့်သက်သာ အရှိသား ။
သို့ပေမဲ့ မဟာရန်ကုန် မြို့တော်ကြီး မှာက လူဦးရေ အဆမတန် တိုးပွား နေတယ်လေ ။ ဘတ်စ်ကားစီးရေ ဘယ်လောက် တိုးတိုး ‘ ဆင့်ပါးစပ် နှမ်းပက် ’ အခြေအနေပဲ ။ ရန်ကုန်မြို့တော် က ဝန်ထမ်းဦးရေ အမြောက်အမြား ‘ နေပြည်တော် ’ ကို ရွှေ့လိုက်ပေမဲ့ ရန်ကုန် မှာ လူဦးရေ က ကြောက်ခမန်းလိလိပဲ ။ ကျွန်တော့် အမြင် ရန်ကုန် ဟာ အလုပ်ရှုပ်တဲ့ ဧရာမ ခြအုံကြီး တစ်အုံ နဲ့ တူနေ တယ် ။
ရန်ကုန် မှာ လူမျိုး ၁၀၁ ပါး မကတော့ဘူး ။ လူမျိုး ၁၀၀၁ ပါးလောက် စုဝေးလှုပ်ရွ နေကြတယ် ။ မြို့တွင်း မြို့ပြင်ပြေး ဘတ်စ်ကားကြီးတွေ ကို ကြည့်လိုက် ၊ ဘယ်တော့ မဆို ခရီးသည်တွေ ကျပ်တောင့်ပြွတ်သိပ်နေကြ တယ် ။ မြို့ဧရိယာကို ချဲ့လို့ ရချင်ရမယ် ။ ဘတ်စ်ကား စီးရေ ကို ချဲ့လို့ ရချင်မှ ရမယ် ။ ဒါပေမဲ့ ရန်ကုန်လမ်းမတွေ ကိုတော့ လက်ရှိ အနေအထား ထက် တိုးချဲ့လို့ မရနိုင်တော့ဘူး ။ ဒီတော့ လမ်းတွေ ပေါ် မှာ ကားမျိုးစုံ ‘ ဂျမ်း ’ ဖြစ် တော့တာပဲ ။ ဒါက ပြဿနာ မဟုတ်ပါဘူး ။ သဘာဝပါ ။ ခေတ်မီတိုး တက်တဲ့ နိုင်ငံကြီးတွေ ရဲ့ မြို့ပြ လက္ခဏာ တစ်ရပ် လို့သာ ကျွန်တော် မြင်ပါ တယ် ။ မှားချင် လည်း မှားမပေါ့လေ ။
ရန်ကုန် မှာ ၂ ထပ်တံတား ၃ ထပ်တံတားတွေ ၊ မိုးပျံရထားလမ်းတွေ တည်ဆောက်နိုင်တဲ့ အခါ လမ်းပေါ်က ကားကျပ်တဲ့ ပြဿနာ လျော့ပါးချင် လျော့ပါးသွားမယ် ။ သို့ပေမဲ့ ရန်ကုန် မှာ လူနေ သိပ်သည်းထူထပ်တဲ့ အခြေအနေ ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး ။ ‘ သီလဝါစက်မှုဇုန် ’ ကြီး ရှင်သန်လည်ပတ် လာတဲ့အခါမှာ ရန်ကုန် လူဦးရေ ဟာ ပေါက်ကွဲ မတတ် တောင် ဖြစ်လာနိုင်တယ် ။ ဒါက ကျွန်တော့် အမြင် သက်သက်ပဲ ၊ ကျွန်တော် က သုတေသီပညာရှင် မှ မဟုတ်တာ ။ ကိန်းဂဏန်း အရေအတွက် နဲ့တော့ ‘ ဂရပ် ’ graph ဆွဲပြီး မပြနိုင်ဘူး ။
လောလောဆယ် ကျွန်တော် က အင်းစိန် မှာ နေထိုင်ပြီး ရန်ကုန်မြို့လယ် ကို နေ့တိုင်း အလုပ် ဆင်းရတယ် ။ ( ဘာအလုပ် လုပ်သလဲ ဆိုတာတော့ ကိုယ်ရေးကိုယ်တာ ကိစ္စမို့ ပြောပြ မနေတော့ဘူး ။ ခင်ဗျားတို့ သိခွင့် ရလို့လည်း ဘာမှ အကျိုး မရှိနိုင်ပါဘူး ) ။ မနက် ၈ နာရီ တစ်ဝိုက် မှာ ကျွန်တော် အင်းစိန် တစ်နေရာကနေ အမှတ် ( ---- ) အထူး အမြန်ယာဉ်ဘတ်စ်ကားကြီး ကို စီးပြီး ရန်ကုန်မြို့လယ် က ရုံး ကို သွားရတယ် ။ အထူးအမြန်ယာဉ် ဆိုပေမဲ့ ဘာမှ မထူး ၊ ဘာမှ မမြန်ပါဘူး ။ သူလို ကိုယ်လို ဘတ်စ်ကား တစ်စီးပါပဲ ။
ပြောရရင် ရန်ကုန် လမ်းမတွေမှာ ၊ နံနက်ပိုင်းတွေ မှာ ဘယ် ကားမှ တစ်နာရီ ကို ကီလို ( ၄၀ ) ထက် ပို မမောင်းနိုင်ဘူး ။ ဘတ်စ်ကား စီးရင်ကြာမယ် ။ တက္ကစီ စီးရင် မြန်မယ် ထင်ပြီး တက္ကစီ စီးကြည့် ။ တက္ကစီ ဆိုတာလည်း နတ်မြင်းပျံ မှ မဟုတ်တာ ။ traffic jam ထဲ မှာ ကားကြီးရော ကားလေးပါ ပက်ကျိအလျင်နှုန်းသာသာ လိပ်အပြေးနှုန်း နဲ့ ရွှေ့နေကြရတာချည်းပဲ ။
ယခင်နေ့များ အတိုင်းပဲ မနက် ၈ နာရီ လောက်မှာ ကျွန်တော် ဟာ အမှတ် ( --- ) အထူး အမြန်ယာဉ် ဘတ်စ်ကားကြီး တစ်စီး ပေါ် ရောက်နေ ခဲ့ပြီ ။ ကျွန်တော် က ဂိတ်ရင်းက စီးသူ ဆိုတော့ အလှည့်ကျ ထွက်ရမယ့် ကားတစ်စီး ပေါ် ကို အရင်ဆုံး ပြေး တက်ပြီး ကားဝဲဘက်ခြမ်း က ရှေ့ဆုံးခုံ မှာ ကားနံရံဘက် ကနေ နေရာယူ ထားလိုက်တာ ။ ဒီ ခုံမှာ အားသာချက် ရှိ တယ် ။ ရှေ့ပေါက် ကနေ ဆင်း လို့လည်း လွယ်တယ် ။ တကယ်လို့ ကား မောင်းနေတုန်း ရှေ့ပေါက် က တံခါးဖွင့် ထားမယ် ဆိုရင် လေတိုးတဲ့ အတွက် အပူအအိုက် သက်သာတယ် ။ အသက် ရှူလို့တယ် ။ လေကောင်းလေသန့် ရတယ် ။ အားနည်းချက် ကတော့ ( မတော်တဆ ) accident ဖြစ်ရင် တစ်ဖက် က ကားခေါင်း က ကျွန်တော်တို့ ကားရဲ့ ဝဲဘက်ခြမ်း ကို ဝင်တိုးလာနိုင်တာမို့ ကျွန်တော် က ပထမဆုံး ရင်ခွဲရုံ အအေးတိုက် ထဲ ရောက်မှာပဲ ။ ဒါကလည်း ၁၀ ရေး ၁ ရေး ၊ ၉ ရေး ၁ဝဝ ဆိုသလို ဖြစ်တောင့်ဖြစ်ခဲပါ ။ ရန်ကုန် မှာ ကားတွေ မြန်မြန် မောင်းလို့ မရတာကြောင့် ကားချင်းပွတ်တာ ၊ ချိတ်တာ ၊ တိုက်တာ အင်မတန် ဖြစ်ခဲပါတယ် ။ အထူးသဖြင့် အထူး အမြန်ယာဉ် ကားကြီးတွေ က ရန်ကုန်လမ်း ပေါ်မှာ မတော်တဆမှု ဖြစ်ခဲပါတယ် ။ မယုံရင် သတင်းစာတွေ ကို ကြည့်လိုက် ၊ ( ၁ ) လ နေလို့ ကားတိုက် ကားမှောက်မှု တစ်ခု မတွေ့စေရဘူး ။ အထူး အမြန်ယာဉ် ဘတ်စ်ကားကြီးတွေ ကို ပြောတာနော် ။
အချိန်ကျတာ နဲ့ ဂိတ်မှူးတွေ က ခရာ တွတ် လိုက်တော့ ကားစထွက် တယ် ။ ထိုင်ခုံ အပြည့်ပဲ ။ အလယ်အူကြောင်း မှာ မတ်တတ် ခရီးသည်တွေ တောင် ကျိုးတိုးကျဲတဲ ပါလာသေးတယ် ။ မပူနဲ့ ။ ရှေ့မှတ်တိုင် ၂/၃ တိုင် လောက် ရောက်ရင် ခရီးသည်တွေ ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်တော့မှာ ။ ဒါ မဆန်းဘူး ၊ ရုံးတက်ရုံးသွားချိန် ဆိုရင် ခရီးသည်တွေ က မိုးပေါ်က ကျလာ ကြသလိုပဲ ။ တထောကြီး ။
ကျွန်တော် လည်း တောင်တွေး မြောက်တွေး နဲ့ ကားသယ်ယူရာ ကို အရုပ်ကြီး လိုပါလာတယ် ။ တောင်တွေး မြောက်တွေး ဆိုတာကတော့ ကိုယ်ရေးကိုယ်တာ နဲ့ အများသူငါ အရေးတွေ ရောထွေးပြီး နိုင်ငံရေးတွေ ၊ စီးပွားရေးတွေ ၊ လူမှုရေးတွေ ကို ခေါင်းထဲ ပြွတ်သိပ် ထည့်လိုက်တာမျိုးပါပဲ ။ ဒီအကျင့် က သိပ်တော့ အကျိုး မရှိလှဘူး ။ Killing time လို့ ခေါ်တဲ့ အချိန် ဖြုန်းတီးတာ သက်သက်ပဲ ၊ ဘတ်စ်ကား ပေါ်မှာ ကျွန်တော် က စာ လည်း မဖတ်တတ်ဘူး ၊ စမတ်ဖုန်း ဖွင့် ကြည့်ပြီး အပျင်းဖြေ ရအောင် ကျွန်တော့် မှာ စမတ်ဖုန်း လည်း မရှိဘူး ၊ MP3 ၊ MP4 တွေ လည်း မရှိဘူး ။ ဘာလုပ်မလဲ ၊ အဲဒါတွေက ကျွန်တော့် အတွက် အပိုတွေပဲ ။ ကျွန်တော် က ‘ တစ်မိုးလုံး ဖျောက်ဆိတ် ’ ဖြစ်နေတဲ့ လက်ကိုင်ဖုန်းကလေး တောင် မဆောင်ဘူး ။ ဖုန်း က ကျွန်တော့် ဘဝ မှာ အပို သက်သက်ပဲ ၊ ဖုန်း မရှိဘဲနဲ့ ကျွန်တော့် ဘဝ က ပြည့်စုံ နေတယ် ။ ကမ္ဘာ့ ဆက်သွယ်ရေး ကွန်ရက်ကြီး ဟာ အတ္တဗဟိုပြု စဉ်းစား တတ်တဲ့ လူ တစ်ယောက် တော့ မဟုတ်ဘူး ။ ကိုယ့် ပတ်ဝန်းကျင် ကို ဝေ့ဝိုက် လှည့်ပတ်ပြီး ကြည့်ရှု သတိပြုတတ် ၊ စဉ်းစားစေ့ငု တတ်တဲ့ အကျင့်ပဲ ကျွန်တော့် မှာ ရှိပါတယ် ။
ဒီလိုနဲ့ ဘတ်စ်ကား က ကြို့ကုန်း ၊ သမိုင်း ၊ အုတ်ကျင်း ၊ ကမာရွတ် ၊ လှည်းတန်း တို့ကို ကျော်ဖြတ်ခဲ့ရုံသာမက ဟံသာဝတီအဝိုင်း ကို ပတ်ကွေ့ ပြီး မြေနီကုန်း ဘက်ကို ဆက် ပြေးနေတယ် ။ ပြေးတယ်သာ ဆိုရတာ ။ ( စောစောက ပြောခဲ့သလို ) လိပ်အပြေးနှုန်းမျိုးနဲ့ပါ ။ လမ်းပေါ် မှာ ကားမျိုစုံ က Jam ဖြစ် သထက် ဖြစ်လာပြီ ။ အများဆုံး ကတော့ ကိုယ်ပိုင် ဆလွန်းကားတွေပဲ ။ ရန်ကုန် မှာ ကားစီးရေ တရမန်းကြမ်း တိုးပွားလာတယ် ဆို တာ ကိုယ်ပိုင်ဆလွန်းကားတွေပဲ ။ ဘတ်စ်ကား က လိုအပ်သလောက် တိုး မလာဘူး ။
ဘတ်စ်ကားစီးရေ တိုးမလာတာ ကို မူလ ဘတ်စ်ကားပိုင်ရှင်တွေ က ကြိုက်တယ် ။ ဘစ်စ်ကား တိုးလာရင် သူတို့ ဝင်ငွေ ကျ ( လျော့ ) သွားမှာကိုး ။ ကျွန်တော်တို့ ကတော့ ဘတ်စ်ကား တိုးလာရင် လူချောင်ချောင် စီးရမှာမို့ ကြိုက်တယ် ။ ဘတ်စ်ကား တိုးလာမှာကို မျှော်လင့်တယ် ။ ဒါပဲလေ ။ ဓနရှင် နဲ့ အခြေခံ လူတန်းစား တို့ ရဲ့ ဆန္ဒတွေ က ဘယ်တော့မှ တိုက်ဆိုင် တူညီနိုင်မှ ရှိမလာနိုင်ဘူး ။ တောင်ဝင်ရိုးစွန်း နဲ့ မြောက်ဝင်ရိုးစွန်း ပဲ ။ အဲဒါကို က လောက ဓမ္မတာပဲ ၊ စိတ်ပျက်စရာကြီးနော် ။
ဖြစ်လာမယ့် ၊ ကြုံဆုံလာမယ့် အနီးဆုံး အနာဂတ် ဖြစ်ရပ်ကို ကျွန်တော် တို့ ဘယ်လိုနည်း နဲ့မှ မသိနိုင်ကြဘူး ။ အခု ကျွန်တော် စီးနေတဲ့ ဘတ်စ်ကား က ဒရိုင်ဘာ လည်း မသိနိုင်ဘူး ။ ဒါဟာ ကံတရား ရဲ့ အလိုတော်ပဲ ။
မဟာမြိုင် အထူးကုဆေးရုံ နား ရောက်တော့ ၊ ကျွန်တော်တို့ ဘတ်စ်ကား က ရှေ့မှာ ရှိနေတဲ့ ဘတ်စ်ကား တစ်စီး ကို လက်ဝဲဘက် ကနေ ပန်းတက်ဖို့ ဟန်ပြင်တယ် ။ ကားခေါင်း ကို ဝဲဘက် ဆွဲ အထုတ်မှာ ကျွန်တော်တို့ ဘတ်စ်ကား ရဲ့ ဝဲဘက် ကနေ ဆလွန်းကားကလေး တစ်စီး ဟွန်းမတီး ဘာမတီး နဲ့ မဟားတယား ဖြတ်ဝင်လာတယ် ။ ကျွန်တော်တို့ ကားဆရာ က အတင်း ကား ကို ညာဘက် ပြန်ဆွဲပြီး ‘ ဒက်စတော့ dead stop ’ အုပ် လိုက်ရတယ် ။ တခြား ရွေးစရာ လမ်း မရှိတော့ဘူးလေ ။ ဝဲဘက် ကို ဆက် တိုးရင် ကားကလေး ကို ဝင် ‘ အောင်း ’ မှာ ။ ကားကလေး ဟာ ဆင်နင်း ခံရတဲ့ ဆိတ်ကလေး လို ဖြစ်သွားမှာ အသေအချာပဲ ။ ညာဘက် ပြန် ဆွဲရင်းက ‘ ဘရိတ် ’ မအုပ်ရင် လည်း ရှေ့က ဘတ်စ်ကားကြီး ရဲ့ ဖင် ကို ဝင် နမ်းတော့မှာ ။ ရှေ့က ဘတ်စကား ရဲ့ ဖင်ပိုင်း မှာက အင်ဂျင် ရှိတယ် ။ အင်ဂျင် ကို ဝင်တိုက်ရင် ဘာဖြစ်သွားနိုင်သလဲ ။ တွေးကြည့်ရုံ နဲ့ အသည်း ယားစရာကြီးပါဗျာ ။
အဲသည် အချိန်မှာပဲ ကျွန်တော်တို့ ကား ပေါ်မှာ ကမ္ဘာပျက်တော့တာ ပဲ ။ စူးစူးဝါးဝါး အော်သံတွေနဲ့ အတူ အလယ် အူကြောင်း မှာ မတ်တတ်ရပ် နေကြတဲ့ခရီးသည်တွေ ရှေ့ဘက် ကို ဆင့်ကဲဆင့်ကဲ လဲပြို ကုန်တယ် ။
ကျွန်တော် တောင် ရှေ့က သံပိုက်လုံးတန်း ကို ဆတ်ခနဲ ဖမ်းပြီး ကိုင်ထား လိုက်ပေလို့ ။ မဟုတ်ရင် သံပိုက်လုံးတန်း ကို ကျွန်တော့် ရင်ဘတ်ကြီး နဲ့ ဒိုင်းခနဲ ဝင်ဆောင့်ပြီး အွန့်ခနဲ ဟစ်လိုက်ရတော့မှာ ။ ဘုရား ... ဘုရား ... ဘုရား ကယ်ပေလို့ ။ ဘုရား မကယ်နိုင်တဲ့ သူ တစ်ယောက်ကတော့ အလယ် အူကြောင်း တစ်နေရာ မှာ တဟည်းဟည်း ညည်းညူရင်း နဲ့ လဲနေရှာပြီဗျ ။
“ ဟေ့ဟေ့ လုပ်ကြပါဦးဟ ။ သူ မထနိုင်တော့ဘူး ” လို့ တစ်စုံတစ်ယောက် က ထိတ်လန့်တကြား အော်တယ် ။ ကျွန်တော် ထိုင်ခုံ က ထပြီး ကြည့် လိုက်တော့ ကျွန်တော် နဲ့ ၃ မီတာ အကွာ လောက်မှာ လူတွေ ကြား ငုတ်တုတ်ကလေး ထိုင်နေတဲ့ အသက် ၆ဝ လောက် သားသားနားနား မိန်းမကြီး တစ်ယောက် ကိုတွေ့ ရတယ် ။ အဲဒီ အချိန်မှာ ကျွန်တော့် ညာဘက် မှာ ထိုင်နေတဲ့ နဖူးပြောင်ပြောင် တိုက်ပုံနဲ့ ဘာနဲ့ ( အော်ဖစ်ဆာ အသေးစားရုပ် ပေါက် နေတဲ့ ) ပုဂ္ဂိုလ်ကလေး က ထိုင်ရာ ကနေ အလောသုံးဆယ် ထတယ် ။ လူတွေ ကြား က အတင်း တိုးဝှေ့ပြီး လဲကျရာ ကနေ ထိုင်ရာက မထနိုင်တဲ့ မိန်းမကြီး ဆီ တိုး သွားတယ် ။
“ ကား မမောင်းတတ် ရင်လည်း ဆိုက်ကား သာ နင်းစား ” လို့ ပြော ရင်း လဲပြိုတုန်း က နှုတ်ခမ်းပေါက် သွားတဲ့ ကောင်မကလေး တစ်ယောက် ကားပေါ် ကနေ ဒေါနဲ့ မောနဲ့ ဆင်းသွားတယ် ။ ဒရိုင်ဘာ ကို မေတ္တာပို့သံတွေ ပွက်ပွက်ညံလို့ ။ ကျွန်တော်တို့ ဘတ်စ်ကား ဒရိုင်ဘာ က တော့ ဘယ်ဆီ ပျောက်သွားပြီမှန်း မသိတဲ့ ဆလွန်းကားကလေး ကို ပါးစပ် က ပွစိပွစိ နဲ့ ကျိန်ဆဲရင်း သူ့ ကို မေတ္တာပို့ကြတဲ့ ခရီးသည်တွေ ရဲ့ အသံ ကို ဥပေက္ခာ ပြု ထားပုံပဲ ၊ ခပ်မဆိတ် ဆိုပါတော့လေ ။
“ အန်တီကြီး ညာဘက် ခြေထောက် ကျိုးသွားပြီ ” လို့ တစ်ယောက် က ဒေါသတကြီးနဲ့ ဟိန်းပြန်တယ် ။
“ မပူနဲ့ ကျွန်တော်တို့ ကြည့်လုပ်ပေးမယ် ။ တရုတ်အရိုးအထူးကု ဆေးခန်း ကို ခေါ်သွားပေးမယ် ” လို့ စပယ်ယာ က လည်း စိတ်ရှုပ် ၊ စိတ်ဆတ် တဲ့ လေသံ နဲ့ ပြန်ပက်တယ် ။
“ ကဲ ကဲ ကားဆရာ ၊ ရန်ကုန်ဆေးရုံကြီး ကို သာ မောင်း ၊ မင်းတို့ အပြစ် မဖြစ်ရအောင် ငါ ကြည့်ရှင်းပေးမယ် ။ ငါ တာဝန်ယူတယ် ”
ဒီ စကား ကို ပြောလိုက်သူ ကတော့ ကျွန်တော့် ဘေး က ထသွားတဲ့ ကိုထိပ်ပြောင်ပဲ ။ အင်း ဒီ လူဟာ ပရဟိတ စိတ်အား ထက်သန်တဲ့ လူပေပဲ လို့ ကျွန်တော် တွေးမိတယ် ။
ကားပြန် ထွက်လာတဲ့ အချိန်ကျတော့ ကား ပေါ်မှာ ခရီးသည် တစ်ဝက် တောင် မကျန်တော့ဘူး ။ ကားပေါ် က ဆင်းပြီး တခြား ဘတ်စ်ကားတွေ နဲ့ လိုရာ ခရီးကို ဆက်ကုန်ကြပြီ ။ ခြေကျိုး သွားတဲ့ မိန်းမကြီး ဘေး မှာတော့ ကျွန်တော် တို့ရဲ့ မိတ်ဆွေ ပရဟိတသမားကြီး ကိုထိပ်ပြောင် က ( သူ့ အမေ ၊ သူ့ အဒေါ် ၊ သူ့ မယား ၊ သူ့ နှမ ဒဏ်ရာရတဲ့ မျက်နှာထားကြီး နဲ့ ) မျက်နှာထား အောက်သိုးသိုး နဲ့ ထိုင်နေတယ် ။
“ မင်းတို့ အားလုံး တာဝန် ယူရမှာနော် ” လို့ ကိုထိပ်ပြောင် က ပြောတော့ စွာတာတာ စပယ်ယာကလေး က “ နားလည်ပါတယ်ဗျာ ” လို့ အောက်သီး အောက်သက် အသံ နဲ့ တုံ့ပြန်လိုက်တယ် ။
ရန်ကုန်ဆေးရုံကြီး က “ အရေးပေါ်ဌာန ” ဝင်ပေါက် ကျတော့ ကားတွေ က Jam ဖြစ်ပြန်ပြီ ။ ကျွန်တော်တို့ ကား ခဏ ရပ်ထားရတယ် ။ အဲသည်တုန်း မှာ လူနာ ကို ဝန်ရံထားကြတဲ့ ခရီးသည်တော်တော်များများ ဟိုလိုသည်လို နဲ့ ကားပေါ် က ဆင်းသွားကြတယ် ။ သက်သေ လိုက်ရရင် အချိန်ကုန် ၊ အလုပ်ရှုပ် တော့ မှာကို တွေးမိကြလို့နဲ့ တူပါရဲ့ ။ ဒဏ်ရာ ရထားတဲ့ မိန်းမကြီး နံဘေး မှာ ကျွန်တော် ရယ် ၊ စပယ်ယာကလေး နှစ်ယောက် ရယ်ပဲ ကျန်ရစ် တော့တယ် ။ ဪ ... တယ်လည်း ပရဟိတစိတ် ရှိကြတဲ့ ရန်ကုန်သူ ၊ ရန်ကုန်သားတွေပါကလား ။
“ ဟင် ... အမလေး ၊ ငါ့ ဆွဲကြိုး မရှိတော့ဘူး ။ ငါ့ ဆွဲကြိုး ... ငါ့ ဆွဲ ကြိုး ” လို့ မိန်းမကြီး က ငိုသံပါကြီး နဲ့ ထ အော်လာလေရဲ့ ။
ဘယ်လူ့တိရစ္ဆာန် ရဲ့ လက်ချက်လဲ ဆိုတာ ကျွန်တော် ချက်ချင်း သိလိုက် ပါပြီ ။ တိုက်ပုံ ဝတ်တဲ့ “ ကလိမ်ကကျစ် ” လို့ ပါးစပ် က မရေရွတ် မိအောင် ကိုယ့် လျှာ ကိုယ် ပြန် ကိုက်ထားမိပါတယ် ။
မိန်းမကြီး ခမျာတော့ ချုံးပွဲချ ငိုနေရှာလေရဲ့ ။
▢ ကြူးနှစ်
📖 Treasure Land Magazine
Vol - 2 , No - 8
No comments:
Post a Comment