Wednesday, June 11, 2025

ခါးသက်သွားသော ပျားရည်တစ်စက် ၏ ရသ


 

❝ ခါးသက်သွားသော ပျားရည်တစ်စက် ၏ ရသ ❞
☐ မြင့်မြတ်ဖြူစင် ( အရှေ့ပိုင်းတက္ကသိုလ် )

( ၁ )

“ ကိုမြင့်မြတ်ရေ ... ခင်ဗျား, ကဗျာလေး တစ်ပုဒ် ( --- ) မဂ္ဂဇင်း မေလထုတ် မှာ ပါလာတာ တွေ့ လိုက်တယ် ... ခင်ဗျား သွားထုတ် ပြီးပြီလား ”

“ ဟင် ... ဟုတ်လို့လား ... ဆရာရယ် ... ကျွန်တော်, အဲဒီ မဂ္ဂဇင်း မှာ တစ်ခါမှ ကဗျာ မပို့ဖူးဘူးထင်တာပဲ ”

သတင်း ပေးလာသူ စာရေးဆရာ တစ်ယောက် အား ဝမ်းသာမှု တစ်ဝက် မယုံ တစ်ဝက် ယုံတစ်ဝက် မတင်မကျစိတ် တစ်ဝက် နှင့် ဇဝေဇဝါ နိုင်စွာ ပြန်ပြီး မေးလိုက်သည် ။

“ နာမည် ကတော့ ခင်ဗျား ရဲ့ ကလောင်နာမည် ပဲဗျ ။ အဲ ... ကလောင် တူ ရှိရင်တော့ မသိဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ မဂ္ဂဇင်း မှာ ကျွန်တော် လည်း တစ်မျက်နှာဝတ္ထု တိုလေး တစ်ပုဒ် ပါတယ်လေ ။ နေဦးဗျ ။ သေချာအောင် ကျွန်တော် ပြမယ် ၊ လာဗျာ ... ”

ဟု ဆိုကာ အဆိုပါ စာရေးဆရာ မိတ်ဆွေသည် ကုန်သည်လမ်း နှင့် ( ၃၈ ) လမ်း ထောင့် မှ စာအုပ်ဆိုင် တစ်ဆိုင် သို့ ဝင်ကာ ၊ ထိုမဂ္ဂဇင်း စာအုပ်အား ယူ၍ ဟိုလှန် သည်လှန်ဖြင့် ကြည့်နေလေ၏ ။

“ ဟုတ်မှ ဟုတ်ရဲ့လား ” ဟူသော ဒွိဟစိတ် ဖြင့်ပင် သူသည် ထို မဂ္ဂဇင်းကြီး သို့ စာမူ ပို့မိသလား မပို့မိသလား ဟူသည် ကို အပြေးအလွှား စဉ်းစား နေမိရင်း အောင်စာရင်း ထွက်သည့်နေ့ ၊ အောင်စာရင်း သွားရောက် ကြည့်ရှုမိသော ဆယ်တန်း ကျောင်းသား တစ်ယောက် ကဲ့သို့ သူ့ ရင် ထဲမှ သွေးခုန်နှုန်း သည် တဒုန်းဒုန်း တဒိုင်းဒိုင်း နှင့် မြန်ဆန် မြင့်တက် နေခဲ့သည် ။

“ ဟော ဒီမှာ တွေ့ပြီ ကိုမြင့်မြတ် ရေ ... ဒီမှာ ... ဒီမှာ ... ရော့ ... ကြည့် ”

အားရဝမ်းသာဟန် နှင့် အော်ဟစ် ပြောဆို လိုက်သော မိတ်ဆွေ စာရေးဆရာ ၏ အသံနှင့် အတူ သူ့ ထံသို့ ကမ်းပေး လာသော မဂ္ဂဇင်းစာအုပ် ကို ကြည့်လိုက်စဉ် ...

“ ဟာ ... ဟုတ်တယ် ဆရာ ရေ ၊ ဒါ ကျွန်တော့် ကဗျာလေ ။ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဒီကဗျာလေး ကို ကျွန်တော် ရေးပြီး ပို့ထားတာ နှစ်နှစ်တောင် ကျော်နေပြီ ။ ခုမှ ပါလာတာ ... လာ ... ဆရာ ... ကျွန်တော် ဆရာ့ ကို လက်ဖက်ရည် တိုက်မယ် ၊ ကျွန်တော့် ဆီမှာ သူငယ်ချင်း တစ်ယောက် က ထမင်းစားဖို့ ပေးထားတဲ့ နှစ်ရာတန် တစ်ရွက် ရှိသေးတယ် ။ ကျွန်တော် ရဲ့ စာပေ သက်တမ်း မှာ ၊ ပထမဆုံးအကြိမ် အဖြစ်, ဝမ်းသာစရာ သတင်း ကို စ, ပေးတာ ဆရာပဲ ။ ကျွန်တော် လက်ဖက်ရည် တိုက်ပါရစေ ဆရာရယ် ”

“ ဟာ ... ဗျာ .. ကိုမြင့်မြတ် ကလည်း မဟုတ်တာဘဲ ။ ကျွန်တော် က ပဲ တိုက်ပါရစေ ။ ကျွန်တော် လည်း အဲဒီမှာ ဝတ္ထု ပါတယ်လေ ... ”

သူသည် ဝမ်းသာလွန် ပီတို့ကို ခံစား နေရသဖြင့် ရုတ်တရက် ဘေးဘီ ဝဲယာ သို့ပင် မေ့လျော့ကာ အားပါးတရ ပြောပြ နေမိသည် ။သူသည် ဣန္ဒြေပျက်ယွင်း လောက်အောင်ပင် ခံစား လှုပ်ရှားနေမိသောကြောင့်လား မသိ ။ စာအုပ်ဆိုင် မှ ဖြူသွယ် သွယ် ခပ်ချောချော ကောင်မလေး အပါအဝင် လမ်းသွား လမ်းလာ အများက နားမလည် နိုင်စွာဖြင့် သူ့ကို ကြည့်၍ ပြုံးစိစိ လုပ်သွားကြ လေသည် ။

ထို့နောက် သူနှင့် သူ့ မိတ်ဆွေ သည် ထို စာအုပ်ဆိုင် နံဘေး၌ ပလက်ဖောင်း ပေါ် ထိအောင် ထိုင်ခုံပုကလေးများ ချခင်းကာ ရောင်းချ နေသော လက်ဖက်ရည် ဆိုင်ကလေး ၌ ထိုင်ဖြစ် ကြလေသည် ။

“ ကျွန်တော် အရမ်း ပျော်တာပဲ ဆရာရယ် ... တစ်ခါမှ ဒီလို မပျော်ဖူးဘူး ”

သူ သည် ယခုကဲ့သို့ တစ်ကြိမ်တစ်ခါဘူးမျှ ဖုံးမနိုင် ဖိမရ လောက်အောင် အပျော်လွန် ပီတိမျိုး ကို မခံစားခဲ့ရဖူးပါချေ ။

သူ့ ကဗျာ တစ်ပုဒ် ကို မထင်မှတ်သော အချိန်၌ မထင်မှတ်စွာ ကွာလတီ မဂ္ဂဇင်း တစ်စောင် ၌ ဖော်ပြခြင်း ခံခဲ့ရ သဖြင့် လည်း သူ ၏ ပျော်ရွှင်မှု သည် အတိုင်းအဆ မဲ့နေခြင်း ဖြစ်မည် ။

ထိုကဗျာ ၏ ခေါင်းစဉ် မှာလည်း “ ပျားရည် တစ်စက်၏ ရသ ” ဟူ၍ ဖြစ်ပြီး ထို ကဗျာကလေး အား ၊ ထိုမဂ္ဂဇင်းတိုက်ကြီး သို့ ပို့ထားခဲ့သည်မှာ တစ်နှစ် ပင် ကျော်လွန်ခဲ့ပြီ ဖြစ်ကာ သူ ကိုယ်တိုင် ပင် မေ့လျော့နေခဲ့ပြီ ။ အခုအချိန်သို့ ရောက်ခါမှ ရုတ်တရက် ဆိုသလို မမျှော်လင့် မထင်မှတ်ဘဲ ဗြုန်းစားကြီး ဖေါ်ပြလိုက် သဖြင့် သူ၏ ရင် ထဲ၌ ပန်းပေါင်းစုံ တို့၏ ဝတ်ရည် ၊ ဝတ်မှုန် ၊ ရနံ့များစွာ တို့နှင့် အတိ စီရင်ပြီး အပ်သော သဘာဝ ပျားရည် စစ်စစ်တစ်စက် ၏ အရသာ ထက်ပင် ပို၍ ချိုအီ, အေးမြ, လတ်ဆတ်သင်းပျံ့ ခဲ့သည် ဟု အထင် ရှိခဲ့ရချေသည် ။

ဒါသည်ပင်လျှင် စာရေးဆရာ ၊ ကဗျာဆရာ စာပေ အနုပညာသမား ဟု အမည် ခံယူခဲ့ကြသူ တို့၏ ရင်ကို ပြင်းရှကွဲအက်စွာ ထိမှန်၍ စူးနစ်ပျော်ဝင်ကာ ဝေဝေဆာဆာ ဖူးပွင့်စေခဲ့ကြသော ပီတိပန်း တစ်ပွင့်လေလား ... ဟု ထင်မိခဲ့ရလေသည် ။ သူ့ ရင်၌ ထိုမျှမက ခံစားနေရ သော်လည်း သူ သည် သည့်ထက် ပို၍ စာမဖွဲ့ပြတတ်တော့ပေ ။

( ၂ )

သူ ထင်ပါသည် ။ စာပေအနုပညာ နယ်ပယ် သည် အဆုံးအစ မဲ့သော ၊ အဆုံးအစ မသိသော အာကာသ ဟင်းလင်းပြင်ကြီး နှင့် လည်းတူသည် ။ သမုဒ္ဒရာပင်လယ်ပြာကြီး နှင့် လည်း တူသည် ဟူ၍ ကျယ်ဝန်း သလောက် ရပ်တည်ဖို့ ခက်ခဲသလို ဖြတ်သန်းရန် ခက်ခဲပြီး နက်နဲ သိမ်မွေ့လွန်းသည် ဟူ၍ မြစ် ကဲ့သို့ ကွေ့ ကောက်ကာ ရှည်လျားလွန်းပြီး ရှုပ်ထွေးမှု များစွာတို့နှင့် မာယာ ကြွယ်စွာ ဖွဲ့စည်းထားသည့် လောကငယ် တစ်ခု ... ဟူ၍ ...

သို့သော်...

သည်လို အနုပညာ နယ်ပယ် လွင်ပြင်ကျယ်ကြီး တစ်ခု ထဲတွင် သူသည် ကန္တာရဆန်သော ငှက်ငယ် တစ်ကောင်သဖွယ် ခက်ခဲကြမ်းတမ်း ၊ ပင်ပန်းဆင်းရဲ ၊ ချို့ငဲ့နွမ်းပါး မောပန်းနွမ်းလျစွာဖြင့် ရုန်းကန် ရင်ဆိုင် ဖြတ်ကျော် ပျံသန်းရင်း ခရီးပြင်း နှင်နေခဲ့သည်မှာ ဆယ်စုနှစ် တစ်စုစာမျှ မကတော့ ၊ သည်မျှ ပေးဆပ် ရင်းနှီး ခဲ့ပြီးသည့် အချိန်အထိ သူ ၏ စာမူများသည် ဂျာနယ်မဂ္ဂဇင်း စာမျက်နှာများ ပေါ်၌ ကွန်ပျူတာ ပုံနှိပ်စာလုံးဒီဇိုင်းများ ဘဝနှင့် ကဗျာ တစ်ပုဒ် တစ်လေ ၊ စာတစ်လုံး တစ်ပါဒမျှ ရွေးချယ် ဖော်ပြခံခဲ့ရဖူးခြင်း လုံးဝ မရှိခဲ့သေး ပါချေ ။

သို့သော်လည်း သူ သည် ...

ရည်ရွယ်ရာ ဦးတည်ချက် ပန်းတိုင် ရှိသူ တစ်ယောက်ပီပီ စိတ်ဓာတ် တစုံတစ်ရာ ကျဆင်းခြင်း မရှိခဲ့ဘဲ တစိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးစားကာ လျှောက်နေဆဲ ၊ လျှောက်နေမြဲ ။ ဆက်လက်၍ လည်း လျှောက်နေဦးမည် သာ ဖြစ်လေသည် ။

သူ ၏ ရူးသွပ်ခြင်း အပေါ် ခြွင်းချက်မဲ့စွာ နားလည်စာနာမှု အပြည့်အဝ ပေးနိုင်ခဲ့သူဆို၍ ဤ စကြဝဠာကြီး အတွင်း ရှိရှိသမျှ လက်ချိုး ရေတွက် ကြည့်ပါမှ ၊ တစ်ယောက် တည်း သာလျှင် ရှိခဲ့ပြီး ။ ထို တစ်ယောက်တည်း သော သူမှာ လည်း သူ ၏ မိခင်ကြီး ပင် ဖြစ်လေသည် တကား ။

သူ ၏ ကဗျာစာမူများ စာနယ်ဇင်း စာမျက်နှာများ ထက် ၌ တစ်ကြိမ် တစ်ခါလောက်မျှ ၊ ယောင်ရမ်း၍ မျက်စိ လည်ကာ ဖေါ်ပြခြင်း မခံခဲ့ရဘူးသေး သော်လည်း ဇွဲ ၊ လုံ့လ ၊ ဝီရိယ ရှိစွာဖြင့် မဆုတ်မနစ် ကြိုးစားပါ က တစ်နေ့နေ့ တွင် မုချမသွေ အောင်ပွဲခံနိုင်ရမည်သာ ဖြစ်ကြောင်း ၊ အားတက်သရော ပြောဆို အားပေးခဲ့ မြဲပင် ဖြစ်သည် ။ ထိုအခါတိုင်း၌ သူ ၏ ကိုယ်ခန္ဓာ အနှံ့ အားအင်တို့သည် တစ်မုဟုတ်ချင်း ပျံ့နှံ့ ပြည့်ဖြိုးသွားဘိ သကဲ့သို့ ခံစားရစမြဲပင် ။

တစ်ခါတစ်ရံ၌ အမေ သည် မဂ္ဂဇင်းဂျာနယ်တိုက်များ သို့ပို့ရမည့် သူ ၏ စာမူကြမ်းများ အား ၊ သူမ ၏ မညီမညာ လက်ရေးများ ဖြင့် စိတ်ရှည်လက်ရှည်ပင် ပြန်လည်၍ ကူးရေးပေးလေ့ ရှိတတ်သည် ။

ဆိုရလျှင် ...

သူ ၏ ဖြစ်ချင်လွန်းသော ဆန္ဒ ၊ ရူးသွပ် ယုံကြည်ရာ ပန်းတိုင် ၊ အနာဂတ် မျှော်လင့်ချက် တစ်စုံတစ်ရာ နှင့် သူ ဖန်ဆင်းထုဆစ်ရာ ပုံရိပ် ၊ စိတ်ကူးအိပ်မက်တွေ ကို အမေ သည် တုနှိုင်းဘက် မဲ့စွာဖြင့် ပါရမီ ဖြည့်ခဲ့သည်သာ ဖြစ်သည် ။ အမေ ၏ မျှော်လင့်ချက် သည် သူ ယုံကြည်ရာ ပန်းတိုင် ဖြစ်သကဲ့သို့ အမေ ၏ အနာဂတ် သည် လည်း အောင်မြင်မှု ပန်းပေါင်းစုံ ရနံ့တို့ဖြင့် ထုံမွှမ်းသော ဥယျာဉ်ကလေး ရှင်သန်ရေး ပင် ဖြစ်လေသည် ။

ထို့ကြောင့်ပင် သူ သည် ...

( ၃ )

“ ဟဲလို ... အမေ လား သားပါ ”

သူ သည် လမ်းဘေး တယ်လီဖုန်း တစ်ခုမှ မြို့အစွန်ဆင် ခြေဖုံးကွက်သစ် ကလေးရှိ အိမ် အနား မှ အခပေး၍ တစ်ဆင့် ဆက်သွယ် နိုင်သော ဖုန်း ဖြင့် အမေ ထံ ဆယ်သွယ် လိုက်ခြင်း ဖြစ်သည် ။

“ ဟုတ်တယ် ... အမေ ၊ ဒီလထုတ် မဂ္ဂဇင်းကြီး မှာ သားရဲ့ ကဗျာလေး တစ်ပုဒ် ပါလာပြီဗျ ။ သိလား ”

“   ...  ...  ...  ”

“ ဟုတ်တယ် အမေ ၊ အဲဒါ သား အမေ့ ကို ကြိုတင်ပြီး ဝမ်းသာရ အောင်လို့ ဖုန်းနဲ့ လှမ်းပြောတာ ”

“   ...  ...  ...  ”

“ ဟုတ်ကဲ့ .. အမေ ”

“   ...  ...  ...  ”

“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ဟုတ် ... ကဲ့ ... ပါ ...  ။အဟင်း ... ဟင်း .. ။ အမေ့ သဘော ... အမေ့ သဘောပဲ ။ ဟုတ်ကဲ့ .. ပါ ။ ဒါပဲနော် ...  ။ အမေ ... သား ဖုန်းချလိုက်တော့မယ် ... နော် .. အော် ... ဟုတ်ကဲ့ ... စောစော ပြန်ခဲ့ပါမယ် ”

သူ ဖုန်းချလိုက်သည် ။ တယ်လီဖုန်း ထဲတွင် အမေ သည် သူ ဝမ်းသာ ကြည်နူးပျော်ရွှင်သည် ထက် အဆပေါင်း များစွာပင် သူ့ အတွက် ဂုဏ်ယူ ဝမ်းသာ မဆုံး ဖြစ်လျက် စကားတွေ မရပ်မနား ပြောသွားသည် ။ အမေ သည် သူ့ လက်ဆောင် ရမည် ဆိုသော မဂ္ဂဇင်း ကို သွားရောက် ထုတ်ယူကာ သည်နေ့ ညနေ၌ အိမ်သို့ စောစော ပြန်လာရန် နှင့် သူ ၏ ဘဝ၌ ပထမဆုံး အကြိမ် အဖြစ် ဖော်ပြခံရသည့် ထို ကဗျာကလေး ပါသော စာအုပ် အား အမှတ်တရ သိမ်းထားရမည် ဟု ဆိုသည် ။

ပြီးလျှင် ... သူ စာရေးဆရာ ကဗျာဆရာ ဖြစ်ပြီ ဖြစ်ကြောင်း ၊ စာရေးဆရာ ဆိုလျှင် အထင်အမြင် သေး တတ်ကြသော ပတ်ဝန်းကျင် အား ထိုပုံနှိပ်ကဗျာလေး ကို ပြကာ ကြွားပစ်ရမည် ဆိုသည့် အကြောင်း ... ။

“ နင့် သား, ဘာ အလုပ် လုပ်သလဲ ၊ စာရေးဆရာ ... ဟုတ်လား ၊ အမလေး ဟယ် ၊ အံ့ပါရဲ့ .. စာရေးဆရာ တဲ့ ၊ ဟင် ... ဖွတ် သားအမိ တော့ ကျော မှာ ပြာစုနေတာ မြင်ယောင်မိပါရဲ့ ၊ အံ့ရော ၊ အံ့ရော ...  ” ဟု ဆိုကာ ချိုးနှိမ် နှိမ့်ချတတ်သော ဆွေမျိုး အပေါင်းအသင်း မိတ်ဆွေများ အား တစ်နေ့ နေ့မှာ လက်မ ထောင် ကာ ရင်ဆိုင်နိုင်ဖို့ အတွက် ဒါသည် ပထမဆုံး ခြေလှမ်းကလေး တစ်လှမ်း ၊ လှေကားထစ်ကလေး တစ်ထစ်ပင် ဖြစ်ကြောင်း ၊ အောင်မြင်မှုပန်းတိုင် သို့ ရောက်ရန် ခြေတစ်လှမ်း မှ စ, ခဲ့ကြောင်း ...

စသည်ဖြင့် အမေ သည် သူမ ၏ ဒဿန လား ၊ ဘယ်တုန်း က ရထား သိထားခဲ့သလဲ မသိနိုင်သော စကားတို့ဖြင့် ရွှန်းရွှန်းဝေအောင် ပြောသွားပါတော့သည် ။ တစ်ခါတစ်လေမျှပင် ယခုလို ဒဿနဆန်ဆန် စကားမျာ မပြောခဲ့ဘူးသော အမေ သည် ယခုအခါ ...

အမေ သည် သူ့ ဘဝ ၏ မြင်းမိုရ်တမျှ ဝေသီမြင့်မားပြီး ၊ ကျောက်တောင်ကြီး တမျှ ထုထည်ခိုင်ခံ့ကြီးမားသော လုံခြုံမှုတံတိုင်းကြီး သဖွယ် ဖြစ်ခဲ့သည်မှာ ယုံမှား သံသယ ဖြစ်စရာပင် မရှိတော့ပေ ။ အမေ ၏ စကားလုံးတိုင်း သည် သူ ၏ ရင် ကို ပြင်းစွာ ထိမှန် စူးရှလွန်းလှချေသည် ။ ဒါသည် ပင်လျှင် ‘ ငါးရာနှစ်ဆယ့်ရှစ် ’ မည်သော မြား တစ်စင်း၏ စွမ်းပကား ဖြစ်ဟန် တူလေသည် ။ အမေ နှင့် သူ ၊ သူ နှင့် အမေသည် ...

“ ဦး ... ဖုန်းဖိုး နှစ်ရာ ကျပါတယ် ”

“ ဟေ ဟင် .. အော် အေးအေး ရော့ ... ရော့ ... ဖုန်းခ နှစ်ရာ ”

သူ သည် အပျော်အမော များစွာ တို့နှင့် အတွေး လွန်နေကာ ဖုန်းဖိုး ပေးရန် ပင် မေ့လျော့ နေသည်တကား ။

ဖုန်းဖိုး ကျသင့်ငွေ ရှင်းပေး ပြီးနောက် သူထံ၌ ပိုက်ဆံငွေကြေး ဆို၍ တစ်ကျပ် မျှပင် မကျန်တော့ပါ ။ သူ သည် သူ ၏ ကဗျာစာမူလေး အား ဖော်ပြခဲ့သော မဂ္ဂဇင်းတိုက်ကြီး ဆီသို့ သွားရမည် ဖြစ်သည် ။ မဂ္ဂဇင်းတိုက် မှပေးမည့် မေတ္တာလက်ဆောင် စာအုပ် တစ်အုပ် နှင့် စာမူခ အနည်းငယ် ရပေမည် ။ ထိုအခါ သူ သည် အိမ်သို့ ပြန်ရန် ပထမဆုံး ရဖူးသည့် စာမူခ အနည်းငယ်မျှ ထဲမှ အမေ့ အတွက် အမှတ်တရ တစ်ခုခု အဖြစ် ဝယ်သွားရန် လည်း စိတ်ထဲ မှ ရည်စူး လိုက်သည်  ။

လိုင်းကား စီး၍ သွားရန် မဖြစ်နိုင်တော့သည့် အခြေအနေ တွင် ၊ မိတ်ဆွေ တစ်ဦးဦး ထံမှ အကူအညီ မတောင်းခံလို သဖြင့် အမှတ်တရ မေတ္တာလက်ဆောင် စာအုပ်နှင့် စာမူခ ထုတ်ယူရန် အတွက် ထို မဂ္ဂဇင်းတိုက်ကြီး တည်ရှိရာ ဗဟန်းမြို့နယ် ဆီသို့ လမ်းလျှောက် ထွက်လာခဲ့မိလေသည် ။

( ၄ )

“ သားရဲ့ ကဗျာလေး ပါတဲ့ စာအုပ် ကို အရင် ပြပါဦးကွာ ၊ ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရတဲ့ စာမူလေး ဆိုတော့ ဦးဦးဖျားဖျား ကြည့်ရအောင် ။ ပြီးရင် မှတ်မှတ်ရရ သိမ်းထား ရမယ် ”

“ သား ကလဲကွာ ၊ ဒီနေ့တော့ စောစော ပြန်လာခဲ့ပါ ဆိုမှ အရမ်း နောက်ကျ တာပဲ ၊ အမေ သားကို မျှော်နေတာ ”

သူ, အိမ်ပြန် ရောက်တော့ ည ( ၈ ) နာရီ ကျော်နေပြီ ဖြစ်သည် ။ အမေ သည် သူ့အား အမှန်တကယ်ပင် ၊ သူပြန် အလာကို စောင့်မျှော်နေဟန် တူလေသည် ။ ပတ်ဝန်းကျင် ဘေးဘီကို ငဲ့စောင်း၍ မျှပင် မကြည့်မိလေဘဲ ခေါင်းငိုက်စိုက် ချ၍ လျှောက်လာသော သူ့ အား အမေ သည် နွေးထွေး အေးမြသော အပြုံး တို့ဖြင့် ဆီးကြို ကာ ဝမ်းသာအားရ ဆိုနေလေသည် ။

ဇရာအငွေ့ အသက်များ လိမ်းကျံနေသော အမေ ၏ ဟန်အမူအရာသည် သူ့ အား အောင်ပွဲရစစ်သူကြီး တစ်ဦး ရှေ့တန်း မှ ပြန်လာသည် ကို အောင်ပန်း နှင့် ကြိုဆို သကဲ့သို့ အဓိပ္ပါယ် ပြည့်ဝ လေးနက်လွန်းသော ဝမ်းသာအားရ ပြုံးရွှင် ချိုမြခြင်း များစွာတို့ ဖြင့် ဆီးကြို နေခြင်းဖြစ်သည် ။ သူ ကတော့မူ အမေ့ ကို အတိတ်မေ့ ဝေဒနာသည် တစ်ဦး ပမာ ပြန်လည်၍ ငေးမောရီဝေစွာဖြင့် စိုက်ကြည့် နေမိလေသည် ။ အမေ့ ကို ဘာ ပြောရမှန်း မသိတတ်နိုင်အောင် ဖြစ်လျက် စကားလုံးတို့ သည် ရှာမရအောင် လွင့်ပျောက်နေသည် ။

“ ဟင် ... သားကလဲကွာ ၊ မေးနေတာ မဖြေဘဲ ဘာလို့ အမေ့ ကို ငေးကြည့် နေရတာလဲ မမြင်ဖူးတာ ကျနေတာပဲ ။ လုပ်ပါကွာ ဈေးကိုင် မ‌နေ စမ်းပါနဲ့ ၊ အမေ သား အတွက် သားကြိုက်တဲ့ ငါးခူစင်းကော ချက်ပြီး ခူးခပ်ပြီး စောင့်နေတာ ဒီနေ့ သားရဲ့ အောင်မြင်မှု အတွက် အမေ့ ရဲ့ ဂုဏ်ပြုညစာ ကို ပျော်ပျော်ရွှင်ရွှင် စားကြရင်း သား ရဲ့ကဗျာ ပါတဲ့ စာအုပ်ကို ကြည့်ရအောင် ပြစမ်း ပါဦး ”

သည်ကနေ့ ကျကာမှ အမေ သည် ညစာထမင်း မစားနှင့်သေးဘဲ သားအမိ နှစ်ယောက် အတူစားရန် သူ့ ပြန် အလာကို ထမင်းပွဲ ခူးခပ် ပြင်ဆင်ကာ အသင့် စောင့် နေခြင်းဖြစ်ဟန် တူသည် ။ စားပွဲဝိုင်း ပုပုကလေး ပေါ်တွင် အုပ်ဆောင်းဖြင့် အုပ်ထားသော ထမင်းပွဲ သည် အဆင်သင့် ။

ထိုအချိန်ထိ အမေ ၏ မျှော်လင့်ချက်များ သည် လင်းလက်တောက်ပ ဆဲပင် ။ သူသည် အမေ ၏ ထို မျှော်လင့်ချက် ရောင်စဉ်ကလေး အား မပြယ်မလွင့် သွားစေချင်ပေ ။ သို့သော် သူ သည် ဘယ်က စ၍ ဘာကိုဘယ်လို ပြောပြရမည်မှန်း မသိပါပေ ။ အမေ နားလည် လွယ်နိုင်လောက်မည် ဟု ထင်ရသည့် စကားလုံး တို့သည် ရှားပါးပြတ်လပ် ချို့တဲ့နွမ်းပါးစွာနှင့် ခြောက်သွေ့ မွန်းကြပ်ကာ သူ၏ လည်ချောင်းဝ ၌ ပြောမထွက်နိုင်အောင် တစ်ဆို့နေ သကဲ့သို့ ရှိနေရ လေသည် ။

အမေ နားထောင်ချင် လွန်းလှသော ကာရံ ပျောက်၍ သံစဉ်တို့ပါ မဲ့နေခဲ့ရသည့် ထို သီချင်းတစ်ပုဒ်အား သူ မည်သို့ ဆိုပြရလေမည်နည်း ။ ထိုကဲ့သို့ အဓိပ္ပါယ်မဲ့စွာ မှားယွင်း လွဲချော်မှုတို့ဖြင့် ရစ်သမ် မမှန်ခဲ့ရလေသော ထို ကဗျာ တစ်ပုဒ် ကို သူ, မည်ကဲ့သို့ ရွတ်ပြရလေမည်နည်း ။

အမေ အရမ်း ဖတ်ချင် လှပါသည် ။ အရမ်း ကြည့်ချင် လှပါသည် ။ အမှတ်တရ ဖြစ်အောင် သိမ်းထား ချင်ပါသည် ။ အထင်သေး ရှုတ်ချ တတ်သော ဆွေမျိုးသားချင်း နှင့်မိတ်သင်္ဂဟ အားလုံးကို တစ်နေ့ နေ့တွင် လက်မထောင် မော်ကြွား ပြနိုင်ရန် အတွက် ခြေတစ်လှမ်း ၊ လှေကားထစ်ကလေး တစ်ထစ် ၊ ဖြစ်ပါသည် ဟု တဖွဖွ ပြောခဲ့ပြီး ၊ မိုင်ပေါင်း များစွာသော ခရီး ကို ရောက်ဖို့ အတွက် ခြေ တစ်လှမ်းဖြင့် စ , ခဲ့ကြသည် ဟု ဆိုခဲ့သော အမေ ... ၊ အမေ ... ။

သူ့ ရင် တွင် အတွေးတို့ဖြင့် ဆို့နစ် လာသည် ။ ကွာလတီ မဂ္ဂဇင်းကြီး ထဲ၌ ကွန်ပျူတာပုံနှိပ်စာလုံး ၊ ဒီဇိုင်းဆန်းဆန်း တို့ဖြင့် ပထမဦးဆုံး ဖော်ပြခြင်း ခံရသော သူ ၏ ကဗျာ စာမူခလေးသည် ထို မဂ္ဂဇင်းကြီး ၏ ( လူသစ်တန်း ရွက်ပုန်းသီး ဝါသနာရှင်များ ကို သာ တခုတ်တရ စင်တင် ပေးသည် ဟု ဆိုသည့် ) ကဗျာ့ငုံဖူးကဏ္ဍ အတွင်း ကဗျာ ဖြစ်နေခဲ့ခြင်း ကြောင့် အမှတ်တရ မေတ္တာလက်ဆောင် စာအုပ် နှင့် ထိုကဗျာ စာမူ အတွက် စာမူခ ( လုံးဝ ) မပေးပါ ဟု ပြော လိုက်သော မဂ္ဂဇင်း တာဝန်ရှိ ပုဂ္ဂိုလ်များ ၏ စကားကြောင့် အမေ့ အတွက် အမှတ်တရ ဝယ်ပေးရန် ရည်ရွယ် ထားခဲ့သည့် “ စိပ်ပုတီး ” ကလေး တစ်ကုံး ဝယ်ရန်ပင် မဆိုထားနှင့် အိမ်သို့ ပြန်စရာ လမ်းစရိတ် ပင် မရှိတော့၍ မြို့လယ်ကောင် မှ မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်ကလေး သို့ ရောက်အောင် အထိ လမ်းလျှောက် ပြန်ခဲ့ရကြောင်း ကို သာ ( သူ မပြောဘဲ ) အမေ သိနိုင်ခဲ့မည် ဆိုပါလျှင် ... ။

☐ မြင့်မြတ်ဖြူစင် ( အရှေ့ပိုင်းတက္ကသိုလ် )
📖အလင်္ကာရပ်ဝန်း ( ၇ )

No comments:

Post a Comment