❝ အချစ် ၏ ကိုကို ❞
( သုမောင် နှင့် တွေ့ဆုံခြင်း )
သိတယ် မဟုတ်လား ။
ဒီလ ကျွန်တော် တွေ့ဆုံပေးမယ့်သူက စာပေ ၊ ရုပ်ရှင် နဲ့ ဂီတ အနုပညာသုံးလောက မှာ ကျင်လည်နေတဲ့ စာရေးဆရာ ၊ ရုပ်ရှင်မင်းသား ၊ အဆိုကျော် “ သုမောင် ” လေ ။
“ အချစ် ” ဝတ္ထု နဲ့ စာပေလောက မှာ အောင်မြင်မှု ရခဲ့ပြီး “ အချစ်နဲ့ သူ၏ ကိုကို ” ရုပ်ရှင်ကား မှာ ပရိသတ်တွေ သူ့ ကို လက်ခံအားပေးခဲ့ကြတယ် ။ ဒါကြောင့် ကျွန်တော် နဲ့ ဆရာသုမောင် တွေ့ဆုံပေးမယ့် ကဏ္ဍကို “ အချစ် ၏ ကိုကို ” လို့ပဲ ခေါင်းစီးတပ် ပေးလိုက်ပါတယ် ။
••••• ••••• •••••
“ ဆရာ က စာရေးဆရာကြီး ဦးသာဓု ရဲ့ သား ၊ စာရေးဆရာ မောင်ဝဏ္ဏ ရဲ့ ညီ ဆိုတော့ စာပေလောကထဲ ဝင်ရာမှာ သူတို့ တစ်တွေရဲ့ အကူအညီ ရခဲ့ပါသလား ၊ စာပေလောကထဲ စ ဝင်လာပုံ က စပြီး ပြောကြရအောင် ”
“ စာပေလောကထဲကို ကျွန်တော် စ ရောက်လာတာက ၁၉၆ဝ ပြည့်နှစ် ၊ ဟုတ်တယ် ။ ၁၉၆ဝ ပြည့်နှစ် စစချင်း ဘာလုပ်ရသလဲ ဆိုတော့ ယုဝတီဂျာနယ် မှာ စာပြင်ဆရာ လုပ်ရတယ် ။ အဲဒီ ယုဝတီဂျာနယ် မှာ ပဲ ကဗျာ အတိုအထွာကလေးတွေ စ ရေးဖြစ်တယ် ။ ယုဝတီဂျာနယ် ရဲ့ ထုံးစံ က ကဗျာ နဲ့ ဆောင်းပါး လောက်ပဲ အမျိုးသား စာရေးဆရာတွေ သုံးတယ် ။ ကျန်တာက အမျိုးသမီးတွေ ချည်း ရေးကြတယ် ။ ယုဝတီဂျာနယ် ဆိုတော့ လည်း ယုဝတီတွေ ချည်းပေါ့ဗျာ ။
ကျွန်တော့် အဖေ ကတော့ ဘယ်လိုမှ အားမပေးဘူး ။ ကိုယ့် ဘဝ ကိုယ် ဖန်တီးဖို့ပဲ အားပေးတယ် ။ စာရေးပါ ၊ ရုပ်ရှင်ရိုက်ပါ ၊ သီချင်းဆိုပါ ဆိုတာတွေ မပြောဘူး ။ ကိုယ့် ဘဝ ကိုယ် ရုန်းကန်တတ်ဖို့ အားပေးတယ် ၊ ဒါလောက်ပဲ ”
“ ဆရာ က ဝတ္ထုတို လည်း ရေးတယ် ၊ လုံးချင်းဝတ္ထုရှည်တွေ လည်း ရေးတယ်ဆိုတော့ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ဘယ်လို ကွာခြားပါသလဲ ”
“ ကျွန်တော် မြင်တာ ပြောရရင်တော့ ဝတ္ထုတို က မိုးကြိုးပစ်သလို ခံစားရတယ် ၊ ရေးရင်လည်း မိုးကြိုးပစ် သလိုပဲ ရေးရတယ် ။ ဝတ္ထုရှည် ကတော့ မိုးတွေ တစိမ့်စိမ့် ရွာနေသလို ရေးရတယ် ။ အဲသလိုပဲ ခံစား ရပါတယ် ”
“ ဝတ္ထုတို တစ်ပုဒ် ဖန်တီးဖို့ အတွက် ဘယ်လို ခံစားရှာဖွေယူပါသလဲ ၊ ဆရာ့ဝတ္ထုတွေ က အများအားဖြင့် ဆရာ့ အမေ ၊ ဆရာ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေချည်းပဲလို့ ပြောကြတယ် ”
“ ကျွန်တော် ဝတ္ထုတို တစ်ပုဒ် ရဖို့ရာ သိပ်မခက်ပါဘူး ။ သိပ်မခက်ဘူး ဆိုလို့ ကြီးကြီးကျယ်ကျယ် ပြောတာ မဟုတ်ပါဘူး ။ နောက်တစ်ခု က ပေါ့ပေါ့တန်တန် ပြောတာလည်း မဟုတ်ပါဘူး ။ ဝတ္ထုတို တစ်ပုဒ် ရဖို့ ကျွန်တော့် အတွက် သိပ်မခက်သလို သိပ်ခက်တာတွေလည်း ရှိပါတယ် ။
သိပ်မခက်ဘူး ဆိုတာက ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် က ကျွန်တော့် မိသားစု ၊ ကျွန်တော့် အသိုင်းအဝိုင်း အကြောင်း ၊ မိသားစု ဆိုတဲ့ နေရာ မှာ ကျွန်တော့် ရဲ့ တကယ့် အရင်းအချာ မိသားစု အပြင် ၊ အစွယ်အပွား မိသားစုတွေ အပြင် ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ မိသားစုတွေ ပါ ပါတယ် ။
ဒီမိသားစုတွေ အကြောင်း ရေးလို့ ကျဉ်းတယ်လို့ ထင်ရပေမယ့် ( ဒါ ကျွန်တော် ကိုယ်တိုင် လည်း ထင်ပါတယ် ။ ငါ ရေးတာ ကျဉ်းတယ်လို့ ) သို့သော် မဟုတ်ဘူးဗျ ။ သေသေချာချာ ပြန်စဉ်းစားတော့ အဲဒီ လူတွေ ဟာလည်း လူတွေပဲ ဆိုတာ သွားတွေ့တယ် ။ သူတို့ က ခွေးတွေ ၊ နွားတွေ မှ မဟုတ်ဘဲ ။
လူတွေဗျ ... လူတွေ ဆိုတဲ့ အတွက်ကြောင့် ကျွန်တော့် အသိုင်းအဝိုင်း ၊ ကျွန်တော့် မိသားစု ထဲမှာ ရှိတဲ့ ချမ်းသာတဲ့ လူတွေ ၊ ကား ၁၃ - ၄ စီး ပိုင်တဲ့ လူတွေ ရှိသလို လုံးဝ စုတ်ပြတ်သတ်ပြီး တဲကုပ် မှာ နေရတဲ့ လူတွေ လည်း ရှိတာပဲ ။ သူတို့ အကြောင်း ကို ရေးတဲ့ အတွက် ဝတ္ထုတွေ ရလာတယ် ။ အဲဒါ လူတွေ အကြောင်း ကို ရေးတာပဲ ။ အဲဒါ တစ်ကမ္ဘာလုံး အကြောင်း ရေးတာပဲလို့ ကျွန်တော် ထင်တယ် ။
ကျွန်တော့် ကို တချို့က ဝေဖန်တယ် ။ သူ့ အမေ အကြောင်းချဉ်း ရေးနေတာပဲတဲ့ ။ သူ့ အမေ အကြောင်း ရေး နေတယ် လာပြောတယ် ၊ မဟုတ်ဘူးဗျ ။ ကျွန်တော် ရေး နေတာ ကျွန်တော့် အမေအကြောင်းတွေ မဟုတ်ဘူး ။ “ အမေတွေ ” အကြောင်းတွေ ရေးနေတာ ။ လူတိုင်းမှာ အမေ ရှိတယ် ။ လူ ဖြစ်လာရင် အမေ ရှိရ မယ် ။ ဒါကြောင့် ကျွန်တော် ရေးနေတာဟာ ကျွန်တော့် အမေ အကြောင်းသာ မဟုတ်ပါဘူး ။ အမေတွေ အားလုံး အကြောင်း ပါလို့ ပြောချင်တယ် ။
ဝတ္ထုတို တစ်ပုဒ် ကို ဘယ်လို ဖန်တီးယူပါသလဲ ဆိုတာကို ပြောရရင် ဥပမာ - ကိုဝင်းငြိမ်း တို့ ပေဖူးလွှာ မှာ ပါခဲ့တဲ့ “ အသက်ကြီးတတ်ကြပါစေ ” ကို ပြန်ပြောပြမယ် ။
ဟိုတစ်လောက ကျွန်တော့် ဝတ္ထုတို စုပြီး ထုတ်တဲ့ “ ဍရင်ကောက် ” ဆိုတဲ့ စာအုပ်ထွက်တယ် ။ အဲဒီ စာအုပ်မှာလည်း အများအားဖြင့် အမေ့ အကြောင်း ၊ အဖေ့အကြောင်း ၊ ဦးလေး အကြောင်း ၊ အဒေါ် အကြောင်း ၊ ကျွန်တော့် အလုပ်သမားတွေ အကြောင်း စသဖြင့် ပါတယ် ။ အဲဒီ စာအုပ်ကို ကျွန်တော် ဆရာကြီး မင်းသုဝဏ် ဆီ သွားပို့တယ် ။ ဆရာကြီး မင်းသုဝဏ် မဟုတ်ပါဘူးလေ ။ ထုတ်ဝေသူက လက်ဆောင်ပေးတဲ့ အုပ်သုံးဆယ်စလုံး လူကြီးတွေ ကျွန်တော် အကုန်လျှောက်ပို့တယ် ။
ဆရာကြီး မင်းသုဝဏ်ဆီ ရောက်တော့ ဆရာကြီး က ကော်ဖီခွက်ကလေး ကိုင်ပြီး လာပို့ရင်း ဧည့်ခံတယ် ။ “ ကိုသုမောင် ... တဲ့ ၊ စာအုပ် လာပို့တာ ကျေးဇူးတင်ပါတယ် ခင်ဗျာ ” တဲ့ ။ ကျွန်တော် နည်းနည်းတော့ ဖျားသွားတယ် ။ ကြောက်သွားတယ် ။ ဆရာကြီး မင်းသုဝဏ် က ကျွန်တော့် အဖေ ရဲ့ ဆရာ ။ ကျွန်တော် နဲ့ ဆိုရင် ဆရာ့ဆရာ ။ အသက်အရွယ် အားဖြင့် ဆိုရင်လည်း ကျွန်တော့် အဘိုး လောက် ရှိတယ် ဆိုတော့ ဂုဏဝုဍ္ဎိ ၊ ဝယဝုဍ္ဎိ အရ ကျွန်တော် က ကြောက်ရမယ် ။ ရိုသေရမယ် ။ ချစ်ရမယ် ။ အဲဒီနည်းတူ သူ က လည်း ချစ်ရမယ် ။
သို့သော်လည်း ပြဿနာ က “ ကိုသုမောင် ” လို့ ခေါ်လိုက်တာ ။ ပြီးတော့ “ ဟုတ်ကဲ့ခင်ဗျာ ” လို့ ပြောလိုက်တာ ။ ကျွန်တော့် ရင်ထဲမှာ တစ်မျိုး ဖြစ်သွားတယ် ။ နောက် သူ့ ဇနီး ဆရာမကြီး ဒေါ်ကြည်ကြည် ထွက်လာတယ် ။ ထွက်လာတော့ ဆရာမကြီး က လည်း “ ဪ ကိုသုမောင် ရောက်နေပါလား ” တဲ့ ။ ဆရာမကြီး ဒေါ်ကြည်ကြည် ဆိုတာ ကျွန်တော်တို့ ကျောင်း မှာတုန်းက နံရံကပ်စာစောင် မှာ ကဗျာလေးတွေ ၊ စာလေးတွေ ရေးတုန်း မြန်မာစာဌာန မှာ သူ က အကြီးအကဲ ။ အဲဒီတုန်းက နာမည် မတပ်တတ်လို့ “ ဆရာမကြီး နာမည် ဘယ်လို တပ်ရင် ကောင်းမလဲ ” လို့ သွား မေးလို့ဗျ ။
“ ဟဲ့ ... စာဆိုသား ဖြစ်ပြီးတော့ ဒါလောက်မှ မလုပ်တတ်ဘူးလား ၊ မကိုင်တတ်ဘူးလား ” လို့ ပြောတယ် ။ ဆရာမကြီး က စာဆိုသား လို့ ပြောတယ် ၊ စာရေးဆရာ သား လို့ မပြောဘူး ဆိုတော့ အခုအချိန် ကျမှ ကျွန်တော့် ကို လာပြီး “ ကိုသုမောင် ၊ ကြွပါရှင် ” ဘာညာ လာ လုပ်တော့ ဆရာကြီး နဲ့ ဆရာမကြီး ကို ကြည့်ပြီး ကျွန်တော် တော်တော် ဒုက္ခ ရောက်တယ် ။ ဘာပြန်လုပ်လို့ လုပ်ရမှန်း မသိဘူး ။ မနေနိုင်တဲ့ အဆုံးမှာ ကျွန်တော် ပြန် ပြောလိုက်တယ် ။
“ ဆရာကြီး ၊ ဆရာမကြီး ကျွန်တော် ဟာ သားလောက် ၊ မြေးလောက် ရှိပါတယ် ။ ဘာကြောင့် ကျွန်တော့် ကို အဲဒီလို ဆက်ဆံနေကြတာလဲ ၊ ဟဲ့ကောင် ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ဆိုပြီး ကျွန်တော့်ကို ပြောကြပါလား ။ ဘာဖြစ်လို့ အဲဒီလို မပြောကြတာတုံး ” လို့ ဆိုတော့ ဆရာကြီး တို့ က အရင် နဲ့ မတူတော့ဘူးလေကွယ်တဲ့ ။ အသက်အရွယ် ကြီးတာ ၊ မကြီးတာ နဲ့ မဆိုင်ဘူး ၊ ဂုဏ် က ကြီးလာလေပြီကွယ်တဲ့ ။ တကယ် ကို လူကြီးဆန်ဆန် ပြောတယ် ။
ဆိုတော့ လူကြီးတွေ ရဲ့ “ ကာရိုက်တာ ” ကို လိုက် ဖမ်းရင် တချို့က တစ်မျိုး ၊ တချို့က တစ်မျိုး တွေ့ရတယ် ။ အဲဒီမှာ ကျွန်တော် ဝတ္ထုတို တစ်ပုဒ် ရလိုက်တာပဲ ။ အဲဒါဟာ “ အင်တာနေရှင်နယ် ” ဝတ္ထုတိုလိုင်း ထဲ ဝင်တယ်လို့ ကျွန်တော် ထင်တယ် ။ တချို့ လူကြီးတွေ ကျတော့ တူအရွယ် ၊ သားအရွယ် မို့ ဆဲဆိုပြီး နှုတ်ဆက်တယ် ၊ စကားပြောတယ် ။ ဒီ ကွာခြားချက် ကို ကျွန်တော် တွေ့လိုက်ရာက ဝတ္ထုတို ရလိုက်တာပဲ ။
အဲဒီတော့ ခု ရေးလိုက်တာလည်း ကျွန်တော့် အဖေ ၊ ကျွန်တော့် အမေ ပတ်ဝန်းကျင် နဲ့ ပတ်သက်ပြီး ရေးလိုက်တာပဲ မဟုတ်လား ။ ကျွန်တော့် အမေ ရဲ့ မျက်နှာ ပေါ်မှာ က ဒီ အရေးအကြောင်းတွေ အားလုံး ပေါ်နေတယ် ။ ဒါကြောင့်လည်း အမေ့ ဝတ္ထုတွေ အများဆုံး ကျွန်တော် ရေးဖြစ်တာပဲ ”
“ စာပေ လောက ထဲ ခြေချဖို့ ကြိုးပမ်းနေတဲ့ သူတွေ ကို ဆရာ ဘယ်လိုများ အကြံပေးချင်သလဲ “
“ အဲဒါနဲ့ ပတ်သက်လို့ကတော့ ဒီလို ရှိတယ်ဗျ ။ ရိုးရိုးသားသား ကိစ္စ ရှာကြံတတ်ဖို့ အရေးကြီးတယ် လို့ ကျွန်တော် ထင်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ပြောတယ်ဗျ ။ ဝတ္ထု ဆိုတာ ချစ်ကြိုက်ကွဲညား ပြီးရင် ဒါပဲတဲ့ ။ ချစ်ကြိုက်ကွဲညား က ချစ်ကြိုက်ကွဲညား ပဲပေါ့ ။ အဲဒါကို ပရိသတ် က ကြိုက်တယ် ။ အဲဒါ သိထား ဖို့က တစ် အချက် ။
နှစ် က ဘာလဲ ဆိုတော့ အဲဒီ ချစ်ကြိုက်ကွဲညား တွေ ကို ဝေဖန်ဖို့ အချက် ။ သုံး က ဘာလဲ ဆိုတော့ ချစ်ကြိုက် ကွဲညား ပြီးတော့ မင်းသား နဲ့ မင်းသမီး မပေးစားလို့ လူကြမ်း နဲ့ ပေးစားရမလား ။ ဒါကို စဉ်းစားတတ်ရမယ် ။ အဲဒီလို တစ်ပတ်လည်ပြီး ရိုးရိုးသားသား တွေးတတ်တဲ့ အလေ့အကျင့် ရှိရမယ် ။
အဲ ... ပြီးတော့ စာများများ ဖတ် ၊ များများ ရေး နိုင်အောင် ကြိုးစားရမယ် ။ ဒီလို များများ တွေး ၊ များများ ရေးနိုင်တဲ့ အချိန်ကျမှ တိုင်းပြုပြည်ပြု စာပေကို ကိုယ့်ဦးနှောက် နဲ့ ကိုယ် စဉ်းစားရမယ် ။ ရေးရမယ် ။ ဒါလောက်ပဲ အကြံပေးချင်ပါတယ် ”
“ ဆရာ ခုတစ်လော ကဗျာတွေ ရေးနေတာ တွေ့ရတယ် ။ ဝတ္ထု မရေးခင် ကကော ကဗျာ ရေးခဲ့သေး သလား ”
“ ရေးပါတယ် ။ ကျွန်တော် ပထမဦးဆုံး ရေးခဲ့တဲ့ ကဗျာ က “ မိုးသောက်တော်လှန်ရေး ” ဆိုတဲ့ ကဗျာပဲ ။ ယုဝတီ ဂျာနယ် မှာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာပဲ ။
ခုတစ်လော ကဗျာတွေ ရေးတာကတော့ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာတွေ ကို ဖျတ်ခနဲ ဖျတ်ခနဲ အခြားသူတွေ ကို တင်ပြတဲ့ နေရာမှာ ကဗျာ ဟာ ဝတ္ထု ( ဝတ္ထု မှာတော့ ဝတ္ထုတို ၊ ဝတ္ထုရှည် လို့ ရှိရာမှာ ဝတ္ထုတို ) က မိုးကြိုးပစ်သလို ဒိုင်းခနဲ တစ်ချက် ပစ်လိုက်ရုံ နဲ့ အများကြီး ထိရောက်တယ် ”
“ ဆရာ ကဗျာ ရေးတဲ့ နေရာမှာ ကာရန် နဲ့ ပဲ ရေးသလား ၊ ကာရန်မဲ့ကဗျာ ရေးသလား ”
“ ကျွန်တော် ကာရန် နဲ့ ပဲ ရေးပါတယ် ။ ဒါက ရိုးရာယဉ်ကျေးမှု ကို လက်ခံထားပါတယ် ”
“ ရှင်နေမင်း သို့ ပေးစာ ဆိုတဲ့ ဘာသာပြန်ဝတ္ထု ရေးပြီးတဲ့ နောက် နောက်ထပ် ဘာသာပြန် ဝတ္ထု မရေးဖြစ် တော့ဘူးလား ။ ရေးဖို့ကော အစီအစဉ် ရှိလား ”
“ ကျွန်တော်တို့ ဝတ္ထု ဖတ်တဲ့ နေရာမျာ ပြဿနာရှိတယ် ။ ဘာလဲဆိုတော့ အင်္ဂလိပ် ဝတ္ထု ဆိုတာကတော့တာပြီး ပြောလိုက်တာပါ ။ အနောက်တိုင်း ဝတ္ထု အားလုံး ပါတာပေါ့ ။
ကျွန်တော်တို့ မြန်မာဝတ္ထုတွေ မှာ ယဉ်ကျေးမှုကိစ္စတွေ ပါတယ် ။ ပြီးတော့ စာပေ စိစစ်ရေး လို အထိန်းအကွပ် လုပ်ပေးတဲ့ ဌာနတွေ ရှိတယ် ။ ဟိုဘက်က လာတဲ့ စာပေတွေ ကတော့ လွတ်လွတ်လပ်လပ် ရှိတယ် ။ အဲဒီတော့ ဖတ်တဲ့ နေရာမှာ လူ ဆိုတာ သဘာဝအလျောက် ယိမ်းတတ် ယိုင်တတ်တဲ့ သဘောရှိတယ် ။ အဲဒီလို ယိမ်းယိုင်သွားစေမယ့် စာမျိုး ကျွန်တော်တို့ ဘာသာပြန်ရင် မဖြစ်နိုင်တာတွေ ရှိတယ် ဆိုတော့ တတ်နိုင်ရင် ဘာသာ မပြန်ဘဲနေတာ ကောင်းမယ်လို့ ကျွန်တော် ထင်တယ် ။
ရှေ့လျှောက်တော့ လုပ်မယ်လို့ ကျွန်တော် စိတ်ကူးထားတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ မသင့်တော်တဲ့ ကိစ္စတွေ ပါရင်တော့ ပယ်ရမှာပဲ ”
“ ဆရာ ရေးခဲ့ တဲ့ “ အချစ်သစ်ပင် ” က နိုင်ငံခြားရုပ်ရှင် ကို မှီးခဲ့တာလား ”
“ အချစ်သစ်ပင် နဲ့ ပတ်သက်လို့ကတော့ ပထမဦးဆုံး မင်းမင်းလတ် ဆိုတာကို စပြီး ကြားဖူးတာပဲ ။ Yellow Ribbon ပေါ့ဗျာ ။ အင်္ဂလိပ်သီချင်း က တကယ် ခံစားကြည့်တော့ ပိုကောင်းတယ် ။ အဲဒီအခါမှာ ဝတ္ထု ရေးချင်စိတ် ပေါ်လာလို့ ဝတ္ထုအတိုကလေး တစ်ပုဒ် ကျွန်တော် ရေးလိုက်တယ် ။ ပြီးတော့မှ ဒီ ကျောရိုး ကိုပဲ ပြန် ယူပြီး ကျွန်တော့် စိတ်ကူး ကို ကျွန်တော် ဝတ္ထုရှည် ပြန် ရေးခဲ့တာပါ ။ ဒါပါပဲ ”
“ အချစ်ဝတ္ထု က ဆရာ့ ပထမဆုံး ဝတ္ထုနော် ”
“ ဟုတ်ပါတယ် ”
“ အဲဒီ ဝတ္ထု အရေးအသား နဲ့ ပတ်သက်ပြီး အခု ပြန်ဖတ်ကြည့်တော့ ဘယ်လို ခံစားမိသလဲ ”
“ အချစ်ဝတ္ထု မှာ ကျွန်တော့် ဘာသာ ရေးခဲ့တဲ့ အမှာစာ မှာ ကျွန်တော် ရေးထားပါတယ် ။ ဆရာဗန်းမော်တင်အောင် က သူ့ ပထမဆုံး ရေးတဲ့ “ ဖုန်းမောင့် တစ်ယောက်တည်းရယ် ” ဝတ္ထု မှာ တော့ကာပဲရယ် နဲ့ ၊ တော့ကာပဲရယ် နဲ့ လို့ ရေးခဲ့တာကို နောက် ဆယ်နှစ် ကြာတော့ ဒီ စာအုပ်ကို ပြန် ရိုက်ရာမှာ သူ ရှက်နေတယ်တဲ့ ။ ငယ်ငယ်တုန်းက သူ ရေးခဲ့တဲ့ အရေးအသားတွေ နဲ့ ပတ်သက်ပြီး သူ ပြုံးမိတယ်တဲ့ ။ ကျွန်တော် ကတော့ ကျွန်တော့် အရေးအသား နဲ့ ပတ်သက်ပြီး ခုချိန်ထိ ပြုံးမိတယ် မဟုတ်ဘူးလို့ ။ ဒုတိယအကြိမ် ထုတ်ဝေစဉ်က အမှာစာ ထပ်ထည့်တယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် အဖေ ဟာ ဒီနေ့ ထက် ထိ ခုံဖိနပ် ပဲ စီးတယ် ။ အဲဒီ အတွက် ခုံဖိနပ်ကြီး အောက်နေပြီလို့ ပြောလို့ မရဘူး ။ ခုံဖိနပ်ကြီး က ခေတ်မစားတော့ဘူး ။ သားရေဖိနပ် စီးပါလားလို့ ပြောလို့ မရဘူး ။ လူ ဆိုတာ သူ့စိတ်ကူး နဲ့ သူပဲ ။ ဆိုတော့ “ အချစ် ” ဝတ္ထု နဲ့ ပတ်သက်ပြီး အရေးအသား ကို ဒီနေ့ ထက်ထိ ကျွန်တော် ကြိုက်နေတုန်းပဲ ။ ကြိုက်တဲ့ နေရာမှာ ကွာတာ တစ်ခုကတော့ ရှိတယ် ။ စာရေးဆရာ တစ်ယောက် အနေနဲ့ ကြိုက်တာနဲ့ ၊ ပရိသတ် တစ်ယောက် အနေနဲ့ ကြိုက်တာ ... ။
ဆိုပါစို့ဗျာ ၊ ခုခေတ် မှာ ဘာ ကားတွေ ခေတ်စားတယ် ပြောပြော ဂျစ်ကား ကို လက်လွှတ်လို့ မရဘူး ။ အဲဒီနည်းတူပဲ ။ ကျွန်တော် ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ အလုပ် တစ်ခု ကိုလည်း ကျွန်တော် လက်မလွှတ်နိုင်ပါဘူး ။ သို့သော်လည်း ကျွန်တော် လုပ်ဦးမလား ဆိုတော့ မလုပ်တော့ဘူး ။ ဒါကို နောက်လူငယ်တွေ လုပ် လိမ့်မယ် ၊ ချာတိတ်တွေ ၊ နောက် တက်လာမယ့် လူငယ်တွေ လုပ်လိုက်မယ် ။ သို့သော် မကြိုက်ဘူးလား ဆိုတော့ ကြိုက်တယ် ။
ကိုယ့် သားသမီးပဲဗျာ ။ အသက် ဘယ်လောက် ကြီးသွား ကြီးသွား မချစ်ရဘူးလို့ မှ မရှိဘဲ ။ ဒါက ရှင်းရှင်း လေးပါ ”
“ အချစ်ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာ ၊ အိမ်ထောင်သည် တစ်ယောက် အနေနဲ့ “ အချစ် ” နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမိပါသလဲ ။ သိတယ် မဟုတ်လား ၊ ကျွန်တော် မေးချင်တာ ”
“ ကိုဝင်းငြိမ်း ရေ ... ခင်ဗျား မေးတဲ့ အချစ် ကို ကျွန်တော် စိတ်မဝင်စားဘူး ။ ကျွန်တော့် မိန်းမ ဈေး က ဘယ်အချိန် ပြန်လာမလဲ ဆိုတာကို စိတ်ဝင်စားတယ် ။ ကျွန်တော့် သားလေး နဲ့ သမီးလေး ဈေး က အပြန် ကားပေါ် က လိမ့်ကျမလား ၊ ဘာလား ဆိုတာကိုပဲ စိတ်ဝင်စားနေပါတယ် ”
“ ဆရာ့ ကလောင်နာမည် ယူတာနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြပါဦး ။ ကလောင်နာမည်တူ ခပ်ဆင်ဆင် ပေါ့ လေ ၊ ကြားဖူးသလားလို့ ”
“ ကလောင်နာမည် ယူခဲ့တာကတော့ ကျွန်တော့် အဖေ ခပ်ငယ်ငယ်က သုမောင် ဆိုတဲ့ ကလောင်နာမည် နဲ့ ဝတ္ထုအတိုအစကလေးတွေ ရေးခဲ့ဖူးပါတယ် ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ ကြံကြံဖန်ဖန် “ သာဓု ” နဲ့ ကျမှ အောင်မြင်တယ် ။ ကောင်းပါတယ် ။ တစ်သက်လုံး ဘုရားရှိခိုးတိုင်း ဒီနာမည်က ပါနေမှာကိုး ။
ကျွန်တော့် အလှည့်ကျမှ ဒီ ကလောင်နာမည် က အောင်မြင်လာတယ် ။ ကျွန်တော် ကလည်း မြတ်မြတ်နိုးနိုး ဒီနာမည် ကို အဖေ့ ဆီက အမွေ အဖြစ် ယူလိုက်တယ် ။ ကျွန်တော်တို့ အမေ့ ဆီက အမွေယူစရာ ဆိုလို့ ဦးနှောက် ပဲ ရှိပါတယ် ။
ဆိုတော့ ဒီနာမည် နဲ့ ပတ်သက်လို့ ကျွန်တော့် အဖေ နဲ့ တန်းတူ အချိန်လောက်တုန်းက “ တက္ကသိုလ် သုမောင် ” ဆိုပြီး တစ်ယောက် ပေါ်ဖူးပါတယ် ။ ဆရာတက္ကသိုလ်သုမောင် ပေါ့ ။ အမည်ရင်း က ဦးတင်ကိုကို လို့ ကြားပါတယ် ။ ဒုဗိုလ်မှူးကြီး လား ၊ ဗိုလ်မှူးကြီး လား တော့ မပြောတတ်ဘူး ။
နောက်ပြီးတော့ လည်း ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် မှာ ကျွန်တော် စာအုပ်တွေ မွှေတဲ့နှောက်တဲ့ နေရာမှာ “ တက္ကသိုလ်သုမောင် ” ဆိုပြီး သရော်စာ ရေးတဲ့ ဆရာ တစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာ တွေ့ခဲ့ရဖူးပါတယ် ”
“ ကျေးဇူးပဲ ဆရာ ၊ ရုပ်ရှင် နဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်ပါတယ် ။ နှောင်းတမြေ့မြေ့ က စပြီး ဒီနေ့ အထိ သရုပ်ဆောင် ခဲ့ရာမှာ ဘယ်လို အခန်းမျိုး သရုပ်ဆောင်ရတာ ပိုပြီး အားရပါသလဲ ”
“ သဘာဝကျကျ နဲ့ ရယ်ရတဲ့ ကားမျိုး ကို သဘောကျတယ် ။ အရင်တုန်းကတော့ အလွမ်းတွေ ရိုက်ချင်တယ် ။ လွမ်းပြရမှာလည်း ကျုပ် ရုပ်ကြီး နဲ့ လွမ်းပြရတော့ တစ်မျိုးကြီးပဲဗျ ။ အဲဒီတော့ လောင်တာ ကောင်းတယ်ဗျ ။ လူတွေ ပျော်နေရင် ကောင်းတာပဲပေါ့ ။ လူတွေ စိတ်ညစ်ရရင် မကောင်းဘူး ။ ဒါကြောင့် ပျော်စရာ ကောင်းတဲ့ ကားတွေပဲ ရိုက်ချင်တယ် ”
“ ငယ်သူငယ်ချင်း သုံးယောက် ရှိလေသည် ” ကား မှာ ဒါရိုက်တာ လုပ်ပြီး နောက် ဒါရိုက်တာ မလုပ်တော့ဘူးလား ၊ လုပ်ဖို့ကော အစီအစဉ် ရှိလား ”
“ ငယ်သူငယ်ချင်း က ကျွန်တော် ပထမဆုံး ဒါရိုက်တာ လုပ်တဲ့ ကားပါပဲ ။ ပထမဦးဆုံး ဆိုလို့ နောက်ထပ် ရှိသေးလား ဆိုတော့ မရှိဘူးဗျ ။ မရှိဘူး ဆိုတာက နှစ်မျိုးဗျ ။ ကိုယ်တိုင် ဒါရိုက်တာ မလုပ်တာလည်းပါတယ် ။ ပိုက်ဆံ မရှိတာလည်းပါတယ် ။ ပိုက်ဆံ ရှိမှ ဒါရိုက်တာ လုပ်လို့ ရတာကိုး ။ သူများတွေ လာ ငှားရင် ရိုက်ရအောင်ကလည်း ခက်တာက ကျွန်တော်တို့ အဖေ က စပြီး အစဉ်အဆက် ကို က ကျွန်တော့် ညီ အငယ်ဆုံး မင်းလူ အထိ သူများ ခိုင်းရင် မလုပ်ချင်ဘူး ။
ဆိုပါစို့ဗျာ ... ဟိုတစ်လောတုန်းက ကျွန်တော့် ဝတ္ထု “ ကြွေး ” ကို “ အကြွေး ” အဖြစ်နဲ့ ရုပ်ရှင် ရိုက်ဖို့ လာ ငှားတယ် ။ အဲဒါ မန္တလေး က မယူဘူး ။ အောက်မြန်မာပြည် ကလည်း မယူဘူးတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည်က “ အကြွေး ” ဖြစ်နေမှာ စိုးလို့ နာမည်ပြောင်းပေးပါ ဆိုလို့ ကျွန်တော့် မှာ နာမည်ပြောင်း ပေးလိုက်ရတယ် ။ အဲဒီ ပြဿနာမျိုးတွေ တစ်ပုံကြီး ရှိတော့ ဒါရိုက်တာ လုပ်ဖို့ တော်တော်ခက်နေတယ် ။
လုပ်တော့ လုပ်မှာပါပဲ ။ မလုပ်လို့ မဖြစ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် အဖေ က ဒါရိုက်တာ ၊ ကျွန်တော့် အစ်ကို က ဒါရိုက်တာ ဆိုတော့ ကျွန်တော် ဒါရိုက်တာ မလုပ်လို့ မရတော့ဘူး ၊ လုပ်ရမယ် ။ ဒါ ကျွန်တော် တို့ရဲ့ မိရိုးဖလာပဲ ”
“ ငယ်သူငယ်ချင်း သုံးယောက် ရှိလေသည် ” ကြော်ငြာပိုစတာ မှာ ဘာဖြစ်လို့ လက်လေးချောင်း ထောင်ပြထားတာလဲ ”
“ ရှင်းရှင်းလေးပါ ။ တချို့က ပြောတယ် ။ မင်းသား မင်းသမီး လေးယောက် ပါလို့တဲ့ ။ သုံးချောင်း ထောင်တော့ ဘာညာပေါ့ဗျာ ပြောကြတယ် ၊ တစ်ချောင်း ထောင်ရင် သတိထားလို့ ပြောရာ ရောက်တယ် ။ နှစ်ချောင်း ထောင်တော့ ခုခေတ် ကလေးစကား နဲ့ ပြောရင် “ ပိစ် ” ပေါ့ ။ အေးချမ်းစေပေါ့ ။ သုံးချောင်း ထောင်ရင် ငယ်သူငယ်ချင်း သုံးယောက် အဓိပ္ပာယ်ပေါ့ ။ လေးချောင်း ထောင်တော့ ဘာလဲလို့ လာ မေးကြတယ် ။ အဲဒါ ကြော်ငြာပဲပေါ့ ။ ကျွန်တော် ကြော်ငြာစာရွက် သက်သာသွားတာပေါ့ ”
“ ဆရာ ဝတ္ထုရေး တဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ်ပြီး ရေးတဲ့ ဝတ္ထု ရှိပါသလား ”
“ ဝတ္ထု ရေးတဲ့ နေရာမှာ ရုပ်ရှင် ရိုက်ဖို့ စိတ်မကူးပါဘူး ၊ ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်တော်တို့ ရုပ်ရှင်နယ် က ရုပ်ရှင်ရိုက်ဖို့ ဝတ္ထုကလေး ရေးပေးပါ ဆိုပြီး လာတတ်တယ် ။ အဲဒါမျိုးကျတော့ ရေးရတယ် ။ သို့သော် တစ်ခါ တလေ ကိုယ့်ဟာ ကိုယ် ဝတ္ထု ရေးတာပဲ ၊ ရုပ်ရှင် ရိုက်ရကောင်းမလားလို့ ဆိုတဲ့ အတွေးကလေး ဝင်လာ လိုက် ရင် အဲဒီဘက် ကို ယိုင်ယိုင်သွားတတ်တာမျိုး ရှိတယ် ။ ဥပမာ - “ အကယ်ဒမီ ” ဝတ္ထု ... ”
“ ရုပ်ရှင် ရိုက်ရင်းကော ဝတ္ထု ရေးဖြစ်တာမျိုး ရှိသလား ”
“ ရေးဖြစ်ပါတယ် ။ ရေးဖြစ်တဲ့ နေရာမှာ နှစ်မျိုး ရှိတယ် ။ တစ်မျိုးက ဒီကောင်မတွေ ယိုးဒယား က ပြီး တော်တော် နဲ့ ရောက်မလာသေးလို့ ပျင်းတဲ့ အချိန်မှာ ရေးဖြစ်တာ ရှိတယ် ။ ယိုးဒယား ကနေတယ် ဆိုတာ ကိုဝင်းငြိမ်း သိရဲ့လား ။ လက်သီး နဲ့ ထိုးမယ့် အရေးကို မထိုးသေးဘဲ ဟန်ပြင်နေတာကို ပြောတာဗျ ။
နောက်တစ်မျိုးက အဲဒီ ရိုက်ကွင်း ထဲ က လူတွေရဲ့ ဘဝ ကို ကြည့်ပြီး ရေးဖြစ်တာမျိုး ၊ ဆိုပါတော့ဗျာ ၊ ကျွန်တော် ရောက်သွားရင် မင်းသား ၊ မင်းသား ၊ မင်းသား ဆိုပြီး ဘာစားမလဲ ၊ ဘာလုပ်မလဲ မေးကြတယ် ၊ နေရာ ပေးကြတယ် ။ မင်းသမီး လာရင်လည်း ဒီလိုပဲ ။ ဒါပေမဲ့ ဟို ... လူကြမ်းကျတော့ တစ်မျိုး ၊ အဲဒီထက်ဆိုးတဲ့ မီးထိုး ၊ မှန်ထိုး ကလေးတွေ ကျတော့ ပစ်ထားကြတယ် ။ အဲဒီ ဘဝတွေ တွေ့ရတော့ ဝတ္ထု ရေးဖြစ်သွားတယ် ”
“ သရုပ်ဆောင် ရှားပါးတဲ့ ပြဿနာ နဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းရင် ကောင်းမယ်လို့ မြင်ပါသလဲ ”
“ ဒီ မေးခွန်းကို ဖြေရရင်တော့ ကျွန်တော်တို့ အပါအဝင် နာမည် ရှိတဲ့ မင်းသားတွေ ၊ နာမည် ရှိတဲ့ မင်းသမီးတွေ တဖြည်းဖြည်း နာမည် မကျ ကျသွားအောင် ဒါရိုက်တာတွေ က ရိုက်ပေးလိုက်ရင် နောက်ထပ် သရုပ်ဆောင်သစ်တွေ တက်လာမှာပါပဲ ။ ရှင်းပါတယ်နော် ”
“ ဂီတ ဘက် ဆက်ကြရအောင် ၊ ခေတ်ဟောင်းတေးတွေ ပြန်ဆိုတဲ့ နေရာမှာ မူရင်း ကို နားထောင်လေ့ရှိပါ သလား ”
“ အထူးသဖြင့် ခေတ်ဟောင်း က မူရင်း ကို မြန်မာ့အသံ မှာ သွား နားထောင်ပါတယ် ။ ပြီးတော့လည်း ကျွန်တော့် အရင် ပြန်ဆိုသွားကြတဲ့ ကိုဝင်းဦး တို့ ၊ ကိုမင်းနောင် ၊ ကိုမောင်မောင်ကြီး ၊ ဇော်မင်းလေး စသူ တို့ရဲ့ သီချင်း တွေ ကို လည်း ပြန် နားထောင်ပါတယ် ။
မူရင်းသီချင်း ကို ရေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိသေးရင် ဒီ ပုဂ္ဂိုလ်ကြီးတွေ ဆီမှာ သွား လေ့လာပါတယ် ။ မရှိတော့ ရင် ပါဝင် တီးခတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဆီ မှာ ချဉ်းကပ်လေ့လာပါတယ် ”
“ ဥဩဘသောင် ရဲ့ သီချင်းတွေ ကို ဆိုရာမှာ ဘာဖြစ်လို့ ကိုယ်ပိုင် အသံ နဲ့ မဆိုဘဲ သူ့ အသံနဲ့ တူအောင် လုပ် ဆိုပါသလဲ ”
“ သူ ဆိုတဲ့ သီချင်းမို့ သူ့ အသံ နဲ့ တူအောင် လုပ်ဆိုတာပါ ။ ဥဩဘသောင် ဆိုတဲ့ သီချင်း ကို ကျွန်တော် က ကိုဝင်းဦး အသံ နဲ့ ဆိုမယ် ၊ သုမောင် အသံ နဲ့ ဆိုမယ် ဆိုရင် ပျက်သွားမှာ စိုးလို့ပါ ။ တချို့ သီချင်းတွေမှာ ကျွန်တော့် မူ နဲ့ ဆိုတာတွေ ရှိပါတယ် ။ ဒါပေမဲ့ ဥဩဘသောင် ကတော့ ကျွန်တော် သိပ်ပြီး လေးစားကြည်ညို တဲ့ ပုဂ္ဂိုလ်မို့ သူ့ အသံ နဲ့ မတူ တူအောင် လုပ်ဆိုခဲ့တာပါ ”
“ သီချင်း ဆိုတဲ့ နေရာမှာ တချို့က လျှာဖျား နဲ့ ၊ တချို့က လည်ချောင်း က ၊ တချို့က ရင်ထဲ က ဆိုကြတယ် ။ ကိုသုမောင် က ဘယ်လို ဆိုပါသလဲ ”
“ ကျွန်တော် က တော့ ရင်ဘတ် နဲ့ ဆိုပါတယ် ။ ရင် ထဲက လာတဲ့ အသံဟာ အသက်အဝင်ဆုံး လို့လည်း ယုံကြည်လို့ပါ ”
“ ဒီနေ့ ဂီတလောက အပေါ် ဘယ်လို မြင်ပါသလဲ ”
“ လူဆိုး ဖြစ်ဖြစ် ၊ လူကောင်း ဖြစ်ဖြစ် သူ့ဟာနဲ့ သူတော့ ကောင်းနေကြတာပါပဲ ”
“ ခေတ်ပေါ်ဂီတ အပေါ်မှာကော “
“ ဟဲ ဟဲ ... ဟဲ ဟဲ ... ”
“ ဘယ်လိုလဲ ... နှာစေး နေလိုက်တာလား ။ ဒါဆို ဒီနေ့ ရေးနေကြတဲ့ တေးစာသားတွေ အပေါ်မှာကော ဘယ်လို မြင်ပါသလဲ ”
“ ဒီမေးခွန်း မှာတော့ နှစ်ခု ပြောပါရစေ ။ တစ်ခုက အများအားဖြင့် လူငယ်တွေ ကို ဘက်လိုက်ပြီးတော့ ကောင်းတဲ့ အတွေးအခေါ်တွေ ပေးတာ တွေ့ပါတယ် ။ နောက်တစ်ခု ကတော့ အရမ်း လွမ်းပြီး ၊ အရမ်းဒေါသ တွေ ကြီးနေကြတာ တွေ့ပါတယ် ”
“ ကိုသုမောင် အခု ကက်ဆက်ဇာတ်လမ်း တော်တော်များများ မှာ သရုပ်ဆောင်တာ တွေ့ရပါတယ် ။ ကက်ဆက်ဇာတ်လမ်း တော်တော်များများ ဟာ ဗရုတ်သုတ်ခ နဲ့ တော်တော် ဒုက္ခပေးနေကြပါတယ် ။ ဒီလို ဇာတ်လမ်း တွေ မှာ ကော သရုပ်ဆောင် ပေးနေတာပဲလား ”
“ အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရကို ကျွန်တော် တော်တော် ကျေးဇူးတင်နေပါတယ် ။ ဘာကြောင့်လဲဆိုတော့ အခု တစ်နိုင်ငံလုံး စာတတ်မြောက်ရေးကိစ္စ လုပ်နေတယ် ။ အဲဒီလို လုပ်နေတဲ့ အတွက်ကြောင့် နောင် လာမယ့် ဘယ်နှနှစ်လဲတော့ မသိဘူးပေါ့ဗျာ အဲဒီကျရင် တစ်နိုင်ငံလုံး စာတတ် သွားမယ်ဆိုရင် အခု ကိုဝင်းငြိမ်း ပြောတဲ့ ဗရုတ်သုတ်ခ အားလုံး ပပျောက်သွားပါလိမ့်မယ် ။
လောလောဆယ် မှာတော့ မရသေးဘူး ။ သူတို့ အသိဉာဏ်ဟာ နည်းနည်း နိမ့်နေသေးတယ် ။ တစ်နိုင်ငံလုံး စာတတ်လာရင်တော့ အသိဉာဏ်တွေ မြင့်မားလာပြီးတော့ တိုင်းပြည် အတွက် ဘာလုပ်မယ် ၊ ဘာကိုင်မယ် ဆိုတာတွေ ပေါ်လာမယ် ။ အဲဒီအခါမှာ အလိုလိုနေရင်း အခုနက ကိစ္စတွေ ပျောက်သွားပြီး အကျိုးပြု စာပေ ၊ အကျိုးပြု ဇာတ်လမ်း ၊ အကျိုးပြု တေးသရုပ်ဖော် ၊ အကျိုးပြုရုပ်ရှင် ၊ အကျိုးပြု သီချင်း စသည်ဖြင့် ပေါ်ပေါက်လာပါလိမ့်မယ် ။ အဲဒီလို ကျွန်တော် ယုံကြည်ထားပါတယ် ။
အခု အချိန်မှာ ဒီ ဗရုတ်သုတ်ခတွေ မှာလည်း ကျွန်တော် သရုပ်ဆောင် နေရတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ကျွေးမွေးထားရတဲ့ သူ မြောက်မြားစွာ ရှိပါတယ် ။ ကျွန်တော့် အဖေ လက်ထက် ကတည်းက စခဲ့တဲ့ အလုပ်သမားတွေရော ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ ရော ကျွန်တော့် အပေါ် မှာ တာဝန် အများကြီးရှိပါတယ် ။ ကျွန်တော်တို့ ခြံ ထဲမှာ ကလေးချည်း ပဲ ၈၇ ယောက် ရှိတယ် ။ အဲဒီကလေးတွေ ကို ကျွေးနိုင်ဖို့ အတွက် တစ်ခါတစ်ရံ မှာ မတတ်သာတဲ့ အဆုံး မှာ ဒီကိစ္စကို လုပ်နေရပါတယ် ။
မနက် မိုးလင်းရင် “ ဦးဦးသုမောင် ၊ ပိုက်ဆံတစ်မတ် ပေးပါ ” ဆိုတဲ့ ကလေး ၈၇ ယောက် အတွက် ကျွန်တော် သရုပ်ဆောင် နေရပါတယ်လို့ပဲ ပြောပါရစေ ”
“ စာပေဟောပြောပွဲတွေ ကို ကျင်းပတဲ့ နေရာမှာ ဝင်ကြေး ၊ အခကြေးငွေ ယူနေကြတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”
“ အစဉ်အလာ အရကတော့ စာပေဟောပြောပွဲ ကို ငွေကြေး ပေးပြီး နားထောင်ရတယ်ဆိုတာ မရှိခဲ့ပါဘူး ။ ဒါပေမဲ့ အခု နောက်ပိုင်းမှာ ကြိုးကြားကြိုးကြား ငွေကြေး လက်ခံပြီးတော့ လုပ်လာကြတာ တွေ့ရပါတယ် ။
အဲဒီ အတွက် ကောင်းတာ လည်း ရှိသလို ၊ မကောင်းတာ လည်း ရှိပါတယ် ။ ဘာကောင်းလာသလဲ ဆိုတော့ အခကြေးငွေ မယူဘဲ အပေါစားဆန်ဆန် လုပ်တော့ အပေါစား ဟေးလားဝါးလား လုပ်တဲ့ သူတွေ ရှိခဲ့ဖူးတာ သန့်သွားတယ် ။ မကောင်းတာ ကတော့ တကယ် နားထောင်ချင်ပါလျက် နဲ့ ငွေကြေး မတတ်နိုင်လို့ နားမထောင်ရတဲ့ သူတွေ ရှိတဲ့အတွက် ဟောပြောရတဲ့ စာရေးဆရာတွေ ဘက်က နစ်နာပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ တကယ့် စာဖတ်ပရိသတ် လျော့သွားသလိုပါပဲ ”
“ ကျေးဇူးပါပဲ ဆရာ ... အချိန်တို အတွင်း မှာ ဆရာနဲ့ ပတ်သက်ပြီး ဆွေးနွေးရတာ မပြည့်စုံသေးပေမယ့် စာဖတ်ပရိသတ် သိချင်တာတွေ တော်တော်များများတော့ ဆွေးနွေးခွင့် ရလိုက်ပါတယ် ။ ပေဖူးလွှာ အတွက် အချိန်ပေးခဲ့တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ။ ဆရာ ကျင်လည်နေရတဲ့ အနုပညာ အားလုံးမှာ အောင်မြင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ် ”
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၃၂
ဇန်နဝါရီလ ၊ ၁၉၈၄
No comments:
Post a Comment