❝ အထဲ မှာ အကျယ်ကြီးပဲ ❞
“ အဖေ ဧည့်သည် ”
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်း စာ ရေးလို့ အရှိန် ရနေစဉ် သမီးက လာ သတင်းပို့လေ၏ ။ သူ့ နောက် လူငယ် တစ်ယောက် ပါလာလေ၏ ။
“ ဦးလေး ကျွန်တော့် ကို မှတ်မိလား ”
“ ဟေ့အေး ”
“ ကျွန်တော် မောင်မြ လေ ”
“ ဟင့်အင်း ”
“ ဦးလေး နဲ့ ကျွန်တော် ..... ”
ပထမ သော် ဘာတွေ လာပြီး အကြောင်ရိုက် နေပါလိမ့် ဟု တွေးနေမိ၏ ။ ဘာလုပ်ချင်လို့များ လာပြီး မိတ်ဖွဲ့နေပါလိမ့် ။
စာရေးဆရာ ဖြစ်ချင်လို့လား ။
ပိုက်ဆံ ချေးချင်လို့လား ။
အကြံဉာဏ် တောင်းချင်လို့လား ။
ဘာကြောင့်လဲ ဆို လူတွေ ဟာ အကြောင်း တစ်ခုခု ရှိမှ ပေါ်လာ တတ်ကြတာကလားဗျာ ။
အဲ အကြောင်း ရှိပြီဆို ဖုန်းနံပါတ် ဘယ်က ရတယ် မသိ ၊ အိမ် လိပ်စာ ဘယ်က ရတယ် မသိ ၊ ပေါက်ချလာကုန်ပြီ ။
“ ဦးလေး ကို ကျွန်တော် ကျေးဇူးဆပ်ချင်လို့ ”
ဟိုက် ဗုဒ္ဓေါ ကျေးဇူးဆပ် ချင်လို့ဆိုပြီး ဘာတွေများ ညာတာပါတေး လုပ်ဦးမည် မသိ ။
“ လွန်ခဲ့သော ငါးနှစ် ၊ မှတ်မှတ်ရရ ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့ မှာ ငါးနှစ် အတိပဲ ဦးလေး ၊ ဦးလေး နဲ့ ကျွန်တော် ပြည်အောင်လံ ကား ပေါ်က ကားခေါင်းခန်းထဲ မှာ ဆုံမိခဲ့ကြတာ ”
“ အင်း ပြောပါဦး ”
“ အဲသည်တုန်းက ကျွန်တော် က ကျောင်း ပြီးခါစ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ယောင်ဝါးဝါး ဖြစ်နေတဲ့ အချိန် ”
“ အင်း ”
“ အဲဒါ ဦးလေး က ပြောတယ် ၊ ငါ့ တူ ဘာမှ မကြောက်နဲ့ အထဲမှာ အကျယ်ကြီးပဲကွ ဆိုပြီး ကျွန်တော့် ကို လမ်းညွှန် သွားတယ် ၊ ကြုံတဲ့အခါ ဝင်ခဲ့ကွာ ဆိုပြီး လိပ်စာ လဲ ပေးသွားတယ် ”
“ ဆက်ပါဦး ”
“ အဲဒါ ကျွန်တော် အိမ် ရောက် ၊ ဒိုင်ယာရီ ထဲ မှာ မှတ်ထား ၊ ဦးလေး ပြောတာတွေချရေးထား ၊ တစ်ဆင့် ပြီး တစ်ဆင့် လုပ်သွားတာ ၊ အခု တော်တော် ခိုင်နေပြီ ဦးလေး ”
သူ သည် ပြောပြောဆိုဆို ပါလာသော ပုဆိုး တစ်ကွင်း နှင့် နိုင်ငံခြား ဖြစ် ဝီစကီ တစ်လုံး ကို ကျွန်တော့် ရှေ့က စားပွဲပေါ် တင်ကာ ဦးကုန်းချလေ၏ ။
“ ငါ က ဘာတွေများ ပြောခဲ့လို့လဲကွာ ”
မောင်ချမ်းသာ ဆိုတဲ့ ကောင် ကလည်း လျှာ က အရှည်သားဗျာ ။ တွေ့သမျှ လူတွေ ကို ယူချင်လား မသိ ၊ မယူချင်လား မသိ အကြံဉာဏ် တွေ ပေးတတ်တဲ့ ကောင် ။
“ အဲဒီတုန်းက ဦးလေး က ပြောတယ် ။ စီးပွားရေး ဆိုတာ ဘီလူးကြီး လို သရဲကြီး လို ကြောက်စရာ အကောင်ကြီး မဟုတ်ဘူးကွ ။ စီး ပွားရေးနယ် ထဲ ဝင်သာ ဝင်လိုက် ။ အထဲ ရောက်တော့ မင်း မြင်လာလိမ့်မယ် ။ အဝင်ဝ မှာ ကျဉ်း သယောင် ထင်ရပေမဲ့ အထဲမှာ အကျယ်ကြီးပဲလို့ ဆိုပြီး ”
“ အေး အေး ဒါတော့ ဟုတ် ”
“ ဦးလေး က ဆက် ပြောတယ် ၊ အဝေးကြီး လျှောက်ကြည့် မနေနဲ့ ၊ မင်း နေတဲ့ ရွာ ၊ မင်း နေတဲ့ မြို့ မှာကို ပဲ စီးပွားရေး လုပ်လို့ရတယ် တဲ့ ၊ မင်းတို့ ဒေသ မှာ ဘာထွက်သလဲ ၊ ဘာရှိသလဲ ၊ စပါး ထွက်ရင် စပါး နဲ့ ပတ်သက်တာ လုပ် ၊ နှမ်း ထွက်ရင်နှမ်း နဲ့ ပတ်သက်တာ လုပ် ၊ ယုတ်စွ အဆုံး ငါးတွေ ထွက်ရင် ငါး နဲ့ ပတ်သက်တာ ကို လုပ် ၊ လုပ်တော့ မြင် ၊ မြင်တော့ ဆက်လုပ် ၊ ဆက်လုပ် တော့ ကျယ်ပြန့် ၊ ကျယ်ပြန့်တော့ ထပ်ချဲ့ ၊ တော်ကြာကွာ ကျယ်လွန်း လို့ မင်း နိုင် မှာတောင် မဟုတ်ဘူးတဲ့ ”
“ ကျွန်တော် အိမ် ပြန် ရောက်တော့ စဉ်းစား ၊ ကျွန်တော်တို့ ဒေသက ဘာ ထွက်သလဲ ၊ ဘာ ပေါသလဲ ကြည့် ”
“ မင်းတို့ အရပ် က ဘာပေါသလဲကွ ”
“ ဝါး ပေါတယ် ဦးလေး ”
“ အဲဒါနဲ့ ဝါးကုန် ကူးရောလား ”
“ မကူးဘူး ဦးလေး ၊ ဝါးဆိုင် ဖွင့်တယ် ၊ ဝါးလုံးလေး လှည်းတစ်စီးတိုက် က စတာ ”
“ နောက် ဝါးထွက် ပစ္စည်းတွေ တင် ရောင်းတယ် ၊ ဆန်ကော ၊ ဆန်ခါ ၊ ဖျာ ၊ တင်းတောင်း ဟာ စုံလို့ပဲ ”
“ နောက်တော့ တင်လဲ ရောင်းတယ် ၊ ဝါးကုန်ကြမ်း ကနေ ကုန်ချော ဖြစ်အောင် လုပ်တတ်တဲ့ လူ တွေ ရှာပြီး ဝါးထွက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းတယ် ”
“ ဟာ ဒါဖြင့် အခု မင်း ဝါးသူဌေး ဖြစ်နေပြီပေါ့ ”
“ သူဌေး တော့ မဟုတ်သေးပါဘူး ဦးလေး ၊ လမ်းပေါ် တော့ ရောက်နေပါပြီ ”
“ ဟေ့ မောင်မြ မင်း ငါ့ ကို လဲ အရမ်း အထင်ကြီး မနေနဲ့ ဦးကွ ၊ ငါ လဲ ငါ့ ဦးလေး ဦးထောင် က သင်ပေးလို့ လူ ဖြစ်လာတာ ၊ ၁၉၆၃ ခုနှစ် ငါ့ မားသားကြီး ဆုံးသွားတော့ ငါ ကလဲ ငယ်သေးတော့ ဘာမှ လုပ် မစားတတ်ဘူးကွ ။ လူ က ပိန်ညှောင်ရိုးလေး ဆိုတော့ တောလုပ်တောကိုင် ပင်ပန်းတဲ့ အလုပ်တွေ နဲ့ လဲ မကိုက်ဘူး ။ ဒါနဲ့ ဦးလေး က သူ လဲ မရောက်ဖူး ၊ ငါ လဲ မရောက်ဖူးတဲ့ ရန်ကုန် ကို ငါ့ ကို လိုက် ပို့ပြီး သူ့ အသိ ဆရာတော် တစ်ပါး ရဲ့ ဘုန်းကြီးကျောင်း မှာ အပ်ထားခဲ့တာ ။ ကဲ သူများ တွေ ကြည့်ပြီး လုပ်စားပေတော့ တဲ့ ။ ကျောင်း မှာ ဝေယျာဝစ္စ ဆောင်ရွက် ၊ ကျောင်းထမင်း ကျောင်းဟင်း စားပြီး စီးပွားရေးနယ် ထဲ ရောက်ခဲ့တာကွ ။ စစချင်း ဘာလုပ်သလဲ သိလား ။ ရန်ကုန် လဟာပြင်ဈေး ရှေ့ မှာ ရေခဲရေ ရောင်းခဲ့တာကွ ။ အဲဒီ ကမှ တစ်ဆင့် ... ။ မောင်မြ ရေ စီးပွားရေး ဆိုတာက မြန်မာတိုင်းရင်းဆေးတွေ ထည့်လေ့ ရှိတဲ့ ဖန်ပုလင်းကြီး လိုပဲကွ ။ မင်း မြင်ဖူးတယ် ဟုတ်လား ။ ရေအိုးလောက် ရှိတဲ့ ပုလင်းကြီးတွေ ။ အပေါက်ဝကလေး က ကျဉ်းကျဉ်းလေး ကွ ၊ ဒါပေမဲ့ အထဲ မှာ အကျယ်ကြီး ဟကောင်ရ ”
▣ မောင်ချမ်းသာ
📖ကုမုဒြာ ဂျာနယ်
၂၈ အောက်တိုဘာလ ၊ ၂၀၀၅
No comments:
Post a Comment