❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၅ ( ၂ )
ကျွန်တော် သည် အိပ်၍ မရတော့ပေ ။ မရီ အား ထို ကျူးလွန်ခဲ့ သော အပြစ် အတွက် ပြေပျောက်အောင် မည်သို့ လုပ်ရမည်ကို ကျွန်တော် မသိတော့ချေ ။
ကျွန်တော် ၏ အထင် နှင့် အမြင်တို့ မှာ လည်း တက်တက်စင် လွဲခဲ့ရ လေပြီ ။ အမှန် ဆိုတော့ မရီ သည် ကျွန်တော့် အား အစ်ကိုရင်း တစ်ယောက်လို အားကိုး ချစ်ခင်ရှာသူ ဖြစ်ပေသည် ။ မရီ ၏ ရိုးသားသော စိတ်စေတနာ ကို ကျွန်တော် က မထောက်ထားဘဲ ယခုလို ဖောက်ပြားမိသည့် အခါတွင် ကျွန်တော် သည် မရီ ၏ မျက်နှာ ကို မည်သို့ ပြန်၍ ကြည့်ရမည် ကို မတွေးဝံ့တော့ပေ ။
မရီ သည် ကျွန်တော် ၏ ကျေးဇူးရှင်မကလေး လည်း ဖြစ်သည် ။ ကျွန်တော် ၏ နှမလေး ဆိုလည်း ဟုတ်လေသည် ။ မရီ သည် ကျွန်တော် ဒုက္ခ နှင့် ရင်ဆိုင် တွေ့ပါလျှင် တတ်စွမ်းသမျှ ကူညီတတ်ရှာသော ကျေးဇူးရှင်မကလေး ဖြစ်သည် ။ ထိုမျှသာ မက ကျွန်တော့် အား အစ်ကိုရင်း တစ်ယောက် လို ဝတ်ကြီး ဝတ်ငယ် အမှု ကို လိုလေသေး မရှိအောင် ပြုစုပေးသူ ဖြစ်လေသည် ။
ဤသို့ သဘောဖြူ အူစင်း ကျေးဇူးရှင် တစ်ယောက် ကိုမှ ဖောက်ပြား မိသည်ကို ကျွန်တော် ပြန် တွေးမိသည့် အခါတွင် ကိုယ့် ကိုယ် ကိုယ် ပင် ခွင့်မလွှတ်နိုင်အောင် ရှိတော့လေသည် ။
ကျွန်တော် သည် တစ်ညလုံး အိပ် မရတိုင်း ကျွန်တော် ကျူးလွန်မိ သည့်အတွက် ဘာလုပ်ရမည် ကို စဉ်းစားနေမိသည် ။ နောက်ဆုံးမှ တစ်စုံ တစ်ခု ကို ဆုံးဖြတ် လိုက်ရသည် ။
ကျွန်တော် သည် မနက် မိုးလင်းလျှင် အဝတ်အစားများ ကို ထုပ်၍ ပြင်လိုက်သည် ။ အဝတ်အစား ၊ အိပ်ရာလိပ်များ ကို ထုပ်၍ ပြီးခါနီးတွင်ပင် မရီ သည် အပြင် သို့ ထွက်လာသည် ။ သူ သည် ကျွန်တော့် အား ဝမ်းနည်းသည့်ဟန် ဖြင့် စိုက်၍ ကြည့်နေရင်း .…
“ ဘယ် သွားမလို့လဲ ကိုသံချောင်း ၊ ဟင် .. မရီ တို့ ဆီမှာ မနေတော့ဘူးလား ”
ကျွန်တော် သည် မရီ မျက်နှာ ကို မကြည့်တော့ဘဲ ဦးထုပ် ကိုသာ ထပ်၍ ဆောင်း မိသည် ။ မရီ ၏ မေးလိုက်ပုံကလေး မှာ သနားစရာ ကောင်းလှ ပေသည် ။ ရင် ထဲ တွင် အလိုလို ဝမ်းနည်း လာမိသည် ။
“ ကျွန်တော် ဒီ အိမ်မှာ နေဖို့ မကောင်းတော့ပါဘူး မရီ ရာ ”
“ ဘာလို့ နေဖို့ မကောင်းရမှာလဲ ၊ ကိုသံချောင်း ကို ဘယ်သူက ဘာများ ပြောနေလို့လဲ ”
“ ဘာမှ မပြောပေမဲ့ ဒါလောက်တော့ သိတတ်ရမှာပေါ့ မရီ ရာ ၊ ကျွန်တော် ည က မရီ အပေါ်မှာ လွန်ကျူးခဲ့တဲ့ အပြစ်ဟာ မရီ တို့ မျက်နှာ ကိုတောင် မကြည့်ရဲတော့ပါဘူး ”
“ ကိုသံချောင်း ကို မရီ ဘာများ ပြောလို့လဲဟင် ၊ မရီ စိတ်ဆင်းရဲ အောင် မလုပ်ပါနဲ့ ကိုသံချောင်း ရယ် ၊ မရီတို့ နဲ့ မခွဲရဘူး ”
မရီ က မျက်ရည် အဝိုင်းသားဖြင့် ပြောလိုက်သည် ကို ကျွန်တော့် မှာ ကိုယ့် စိတ် ကို ကိုယ် မယုံနိုင်လောက်အောင် ဖြစ်လာသည် ။
“ ဒါဖြင့် မရီ ကျွန်တော့် ကို စိတ်မဆိုးဘူးပေါ့ ဟုတ်လား ”
ကျွန်တော် က အားတက်သရော မေးလိုက်သည့် အခါတွင် မရီ သည် ပါးချိုင့်ကလေး ပေါ်အောင် ပြုံးလိုက်ရှာသည် ။
“ ဘယ်သူက စိတ်ဆိုးတယ် ပြောလို့လဲ ”
ကျွန်တော် သည် ဝမ်းသာအားရ မရီ ၏ လက်မောင်းကလေး ကို လှမ်း၍ တအား ဆုပ်ရင်း ကိုင်ထားလိုက်မိလေသည် ။
“ ဒါဖြင့် မရီ ကျွန်တော့် ကို ချစ်တယ်ပေါ့နော် ”
“ လာပြန်ပြီ ၊ ဒါကြီးကို မပြောနဲ့ ၊ မရီ ရှက်တယ် သိလား ၊ စိတ်မဆိုးဘူး ဆိုရင် နားလည်ရောပေါ့ ”
ဒီ တစ်ကြိမ်တွင် ကျွန်တော် က မရီ အား အလျှော့ပေး လိုက်ရလေသည် ။ နှုတ် ဖြင့် အလျှော့ပေး လိုက် သော်လည်း ကျွန်တော့် လက်များကမူ မရီ ၏ ငါးရံ့ကလေး ကို တအား ဖက်ထားလိုက်မိသည် ။ ပြီးတော့ လည်း မရီ ၏ ပါးကလေး ကို ခပ်ဖော့ဖော့ နမ်း လိုက်ပြန်သည် ။
မရီ သည် ကျွန်တော့် အား အသာ ပြန် ဖက်လိုက်သည် ။
“ မရီ ”
“ ရှင် ... ”
“ ကျွန်တော် မရီ နဲ့ တစ်သက်လုံး မခွဲတော့ဘူးနော် ၊ မရီ လည်း ကျွန်တော့် ကို မခွဲပါနဲ့နော် ”
မရီ သည် ကျွန်တော့် ကို ပြုံး၍ ကြည့်နေရှာသည် ။ ကျွန်တော် သည် ခုတစ်ခါ မရီ ကို ကြည့်ရသည်မှာ စိတ် ထဲ တွင် ကြည့်ရင်း ချမ်းမြေ့ကြည်နူး မိသည် ။ အလိုလို ပျော်၍လာသည် ။ ရင်ထဲ ၌ အလိုလို ဝမ်းသာ၍ လာသည် ။
“ ကိုသံချောင်း ထမင်း စားချင်ရင် မရီ အသင့် ခူးထားတယ်နော် ၊ မရီ ဆိုင် သွားတော့မယ် ”
မရီ သည် ကျွန်တော့် အပါးမှ ခွာ၍ သွားလေသည် ။ ကျွန်တော် က မရီ အား မျက်စိတဆုံး ကြည့်၍နေမိလေသည် ။ ကျွန်တော် သည် မရီ နှင့် တစ်နေ့ခင်းလောက် ခွဲရမည် ကိုပင် လွမ်းသလို ဆွေးသလို ဖြစ်မိသည် ။ ဤ သည်ပင် မရီ နှင့် ကျွန်တော် အတူ နေချင်လာသော စိတ်ဆန္ဒ ၏ အရင်းခံ အစ ဖြစ်လေတော့သည် ။
ကနေ့ လကုန်ရက် ဖြစ်၍ ပို ပင်ပန်းသည် ။ လူတွေ က တင်းကျမ်း တိုး၍ တက်ကြသည် ။ ရပ် မပေး လျှင် ကားသမား ကို ဆဲကြသေးသည် ။ ရပ် ပေးပြန်တော့လည်း ကား နှင့် လူ မဆံ့အောင် တက်ကြပြန်သည် ။
ရုံးဆင်းချိန် သာသာလောက် တွင် ကျွန်တော် တို့ ကား သည် မော်တင် မှထွက်ခဲ့သည် ။ သိမ်ကြီးဈေး ရောက်လျှင် လူ က ပြည့်လုပြည့်ခင် ရှိ၍ နေသည် ။ ဆူးလေ လွန်သည့် အခါတွင် လူ မှာ မဆံ့အောင် ရှိတော့သည် ။ ကျွန်တော် သည် လက်မှတ် ဆုတ်၍ မလည်နိုင်အောင် ရှိတော့သည် ။
“ လက်မှတ် ဆုတ်ကြပါဗျာ ၊ မဆုတ်ရသေးရင် ဆုတ်ကြပါ ၊ လက်မှတ်စစ် လာရင် စကား များမှာ စိုးလို့ ”
ကျွန်တော် သည် ခရီးသည်များ အား လက်မှတ် ဆုတ်ရန် တောင်းပန်ရလေသည် ။
“ လက်မှတ် ရပြီလား ခင်ဗျာ ”
“ မင်း ပိုက်ဆံ ကို ပေးမှာပေါ့ ၊ တကတည်း ... ကားပေါ် မရောက်ခင် တော့ အမကြီး အမလေး ၊ ကားပေါ်လည်း ရောက်ရော ဆီးဖြူသီး ဆန်ကော ထဲ ခလောက် သလို ၊ တကတည်း ... ခရီးသည်တွေ မှ အားမနာဘူး ”
“ ကျွန်တော် ထိုင်စရာ မရှိဘူးလို့ ပြောပါတယ် အဒေါ်ရယ် ၊ အဒေါ့် ဟာ အဒေါ် တက်လာတာ ကျွန်တော် ဘယ်လို လုပ်ရမလဲ ”
“ ဟဲ့ .. ပိုက်ဆံ တောင်းကာ ကြည့်တောင်းမှပေါ့ ၊ မင်းတို့ တောင်းတာက သောက်ရမ်း တောင်းတာ ၊ ပိုက်ဆံ နှိုက်လို့ ရပါ့မလား ”
“ ကဲ .. အဒေါ် ၊ ပြီးမှသာ ပေးတော့ ”
“ ဟေ့.. ပန်းဆိုးတန်း ပါတယ်ကွ ၊ ဘာလို့ မရပ်တာလဲ ၊ မင်းတို့က ဒီလိုချည်းပဲ ”
“ ဟိုး ... ဆရာ ဟိုး ... ”
ကျွန်တော် သည် အဒေါ်ကြီး နှင့် စကား ပြောနေရ၍ မှတ်တိုင် ကို သတိမေ့ သွားသည် ။ ကိုမြ က လည်း ဆင်းသည့် လူ မပါဘဲ မရပ်ရဲတော့ပေ ။ စောစောက ရန်တွေ့ ကောင်းသော အဒေါ်ကြီး သည် စတော့ဂိတ် လွန် မှ နေရာရလေသည် ။ ကျွန်တော် လည်း ထိုအခါမှပင် သူ့ ထံမှ ပိုက်ဆံ ကို ရလေသည် ။ ကားပေါ် တွင် ကားစီးသူများ ကျပ်တုန်းပင် ။ ရှေ့ နှင့် နောက် ကိုပင် မနည်း သွားရလေသည် ။
ကာလပတ်လမ်း ရောက်ခါနီး တွင် ကျွန်တော် သည် ရှေ့သို့ သွား၍ နောက်တက် လာသည့် လူများ ကို လက်မှတ် ဆုတ်ရပြန်သည် ။ ကာလပတ်လမ်း ၌ လူများ တွယ်တက်ကြသည် ။ ကျွန်တော် သည် တဖြည်းဖြည်း ဦးနှောက်ခြောက်၍ လာလေသည် ။ ထို့ကြောင့်လည်း နောက် တက်သည့် လူများ ကို တောင်းပန်၍ ဆင်းမည့် လူများ ကို ခပ်သုတ်သုတ် အဆင်း ခိုင်းရသည် ။ ထိုသို့ ဆင်းနေစဉ် ကား က ရုတ်တရက် ထွက်သွားတော့သည် ။ ထိုအခိုက်တွင် နောက်ပိုင်း မှ အလန့်တကြား အော်လိုက်သံများ ကြားရလေ သည် ။
ကိုမြ သည် ကား ကို ချက်ချင်း ရပ် ပေးလိုက်သည် ။ ကျွန်တော် သည် ရှေ့ပေါက် မှ နောက်သို့ ပြန် ကြည့်လိုက်သည့်အခါ စောစောက အဒေါ်ကြီး မှာ လမ်းဘေး တွင် လဲ၍ နေတော့သည် ။ ဘေးမှ လူများက ဝိုင်း၍ ထူပေး ကြသည် ။ တချို့ ယောက်ျားများ က ကျွန်တော် တို့ ကားဘက်သို့ ဒေါသတကြီး ကြည့်ရင်း ကြိမ်းဝါး နေကြသည် ။ ကျွန်တော် သည် အဒေါ်ကြီး အား ပြေး၍ ပွေ့ထူပေးခဲ့သည် ။
“ ခွေးမသားကား ... အရမ်း မောင်းရသလားကွ ”
“ မင်းတို့ကောင်တွေ ကို က ရိုင်းစိုင်းတယ် ”
ကျွန်တော် သည် ကိုယ့် အပြစ် ဖြစ်နေ၍ တောင်းပန်ရလေသည် ။
“ နောက်က ဆင်းပြီးပြီ ထင်လို့ပါဗျာ ၊ တောင်းပန်ပါတယ် ၊ အရမ်း မောင်းတာ မဟုတ်ပါဘူး ”
အဒေါ်ကြီး သည် ကျွန်တော့် အား ဒေါသတကြီး ရန်တွေ့ နေတော့ သည် ။ ကျွန်တော် သည် အဒေါ်ကြီး အား တောင်းပန် ပြီးလျှင် ကားဆီ သို့ ပြန်၍ လစ်ခဲ့ရသည် ။
ကျွန်တော့် စိတ်ထဲ တွင် စိတ် မကောင်းခဲ့ရပေ ။ သို့သော် ကိုယ် တတ်နိုင်သည် လည်း မဟုတ်ပေ ။ မတော်တဆ ဖြစ်ရသည့် ကိစ္စ မို့ အမှန်တွင် ကိုမြ သည် ကျွန်တော် က သွားရန် မပြောဘဲ ဇွတ် ထွက်ခြင်းကြောင့် ယခုလို ဖြစ်ရသည်ကို ကျွန်တော် သိလေသည် ။ သို့သော် သူ့ ကို လည်း အပြစ် ဆို ၍ မရပေ ။ ဤလို ရက်များ တွင် အထူး စိတ်ညစ်စရာ ကောင်းလှ၏ ။ တော်တော်တန်တန် ကားဆရာတို့ သည် လည်း ခရီးသည် ပေါင်းစုံနှင့် ဆက်ဆံရ သဖြင့် စိတ် မရှည်နိုင်တော့ပေ ။ သို့ စိတ်မရှည် သဖြင့် ကား ကို စိတ်လိုက်မာန်ပါ မောင်းလျှင် တစ်စုံတစ်ခု ဖြစ်တတ်၏ ။ ဖြစ်လျှင် ကျွန်တော် တို့ က ဓားစာခံ ဖြစ်ရသည် ။
စပယ်ယာ လုပ်သူသည် ဘယ်နေရာမှ သက်သာလှသည် မဟုတ်ပေ ။ မှတ်တိုင် ကို ရပ် မပေးလျှင်လည်း စပယ်ယာ အပြစ် ။ တော်တော်တန်တန် အော်ပြောလျှင် ဒရိုင်ဘာ က စက်သံ နှင့် မကြား ဟု ဆို၏ ။ မကြား၍ ရပ် မပေးလျှင် ခရီးသည် က စပယ်ယာ ကို ဆဲပြန်၏ ။
ယခုလည်း ကျွန်တော် ခိုးလိုး မခိုင်းဘဲ ထွက်ခြင်းကြောင့် ယခုလို ဖြစ်ရခြင်းဖြစ်လေသည် ။ သို့သော် ကိုမြ ကို အပြစ် တင်၍ မရတော့ပေ ။ ကနေ့ ကိုမြ ရော ကျွန်တော် ပါ စိတ်ညစ် လာသဖြင့် ညပွဲ ဘိုင်စကုတ် ကို စောင့်၍ပင် မဆွဲတော့ချေ ။ လူပါးချိန် ဆယ်နာရီ ဆယ့်တစ်နာရီ လောက် ကား ကို သိမ်းလိုက်သည် ။
ကျွန်တော် အိမ် ပြန် ရောက်သောအခါ ဆယ့်တစ်နာရီ နီးပါး ရှိလေ ပြီ ။ သို့ရာတွင် မရီ ကား မရောက်သေးချေ ။ အမေ က ထမင်းစားရန် ပြော သော်လည်း မရီ ကို စောင့်၍ နေမိသည် ။ တစ်နာရီကျော်ကျော် လောက်တွင် မရီ ပြန်၍ လာသည် ။ သူ သည် ကျွန်တော့် ကို ပင် ခါတိုင်းလို နှုတ်မဆက်ဘဲ အိမ် ထဲသို့ ဝင်သွားလေသည် ။ ကျွန်တော် က သူ့ နောက်သို့ လိုက် သွားရင်း စိုးရိမ်တကြီး မေးလိုက်မိသည် ။
“ မရီ ဘာဖြစ်လို့လဲ ဟင် ၊ နေမကောင်းဘူးလား ”
ကျွန်တော် က ပူမိ သလောက် မရီ မှာ အေးစက်စက် နိုင်လှသည် ။
“ ဘာမှ မဟုတ်ပါဘူး ၊ မရီ နေကောင်းပါတယ် ”
“ မဟုတ်ပါဘူးကွယ် ၊ မရီ မျက်နှာ ကြည့်ရတာ သိပ် မကောင်းပါဘူး ၊ ကိုလှမောင် က ဘာပြောလို့လဲ ၊ ပြောစမ်း မှန်မှန် ”
“ အစ်ကို က မရီ ကို ဘာမျှ မပြောပါဘူး အစ်ကို သံချောင်း ရဲ့ ”
မရီ သည် ကျွန်တော့် အား ဟန်လုပ်၍ ပြောနေရ သော်လည်း သူ့ မျက်နှာ က မလုံမလဲ ဖြစ်နေသည် ကို သိသာလှပေသည် ။ ကျွန်တော် က မရီ ၏ မေးဖျားကလေး ကို ဆွဲ၍ မော့လိုက်သည် ။ မရီ သည် ကျွန်တော့် အား တွေ ၍ ကြည့်နေရင်း သူ့ မျက်နှာ မှ သူ့ မျက်လုံးများသည် အရောင် လက်၍ လာ လေသည် ။ ကျွန်တော် သည် ဘာ ပြောရမည်ကို စဉ်းစား၍ မရသော်လည်း စိတ် ထဲ တွင်ကား လှုပ်ရှား၍ နေသည် ။ ရင် ထဲ ၌ အလုံးကြီးများ ဆို့၍ လာ သည် ။
မရီ သည် ကျွန်တော့် အား မျက်တောင် မခတ် ကြည့်နေရာမှ သူ့ မျက်လုံးအိမ် ထဲ မှ မျက်ရည်များ ပြည့်လျှံ၍ လာလေသည် ။ သူ့ ရင်အုံကလေး မှာ တစ်ချက်မျှ သိမ့်ခနဲ လှုပ်ပြီးလျှင် ရှိုက်သံကလေးများ ဆင့်ကဲ၍ ထွက်လာ တော့သည် ။ ပြီးမှ မျက်နှာ ကို လက်ဝါးနှင့် အုပ်၍ ချုံးပွဲချ ကာ ငိုလိုက်တော့ သည် ။
ကျွန်တော် သည် မရီ ပခုံးကလေး ကို ပွေ့ထူရင်း စိုးရိမ်တကြီး မေးလိုက်မိသည် ။
“ ဘာဖြစ်လို့လဲ မရီ ၊ ဘာဖြစ်လို့လဲ ၊ ကျွန်တော့် ကို ပြောစမ်းပါဦး ”
မရီ သည် ခေါင်းကလေး ကို ဒူးနှစ်ဖက် ကြားတွင် ဝှက်ထားရင်း ငို နေတော့သည် ။
“ ကျွန်တော့် ကို ပြောစမ်းပါ ၊ မရီ ကို ဘယ်သူ စော်ကား သလဲဟင် ၊ ကျွန်တော် ဒီလူ ကို သွားသတ်,မယ် ”
“ မရီ ကို ဘယ်သူမှ မစော်ကားပါဘူး ကိုသံချောင်း ရယ် ၊ ကိုသံချောင်း ကိုသာ မရီ သနားတယ် ”
မရီ ပြောသော စကားကို ကျွန်တော် လုံးဝ နားမလည်နိုင်ပေ ။
“ ဘာဖြစ်လို့ ကျွန်တော့် ကို သနားရတာလဲ မရီ ရယ် ၊ ဖြစ်မှ ဖြစ်ရလေ ”
“ မရီ မပြောတတ်ဘူး ကိုသံချောင်း ၊ မရီ ခု ပြောလို့ မရဘူး ၊ နောက်မှ ပြောပါ့မယ် ”
“ ကျွန်တော် အနေရ ခက်အောင် မလုပ်ပါနဲ့ မရီ ရယ် ၊ ဘာဖြစ်လာ လဲဟင် ၊ ကျွန်တော့် ကို ပြောစမ်းပါ ၊ ကျွန်တော် သိပါရစေ မရီ ရာ ”
“ ကျွန်မ ဘာမှ မဖြစ်ပါဘူး ကိုသံချောင်း ရယ် ၊ ကဲ … တကယ်လို့ ဖြစ်ခဲ့ဦးတော့ ၊ ခုမှ ကိုသံချောင်း ဘာ တတ်နိုင်မှာ ... ”
မရီ ၏ စကားသည် ကျွန်တော့် ရင်တွင်း တစ်ခုလုံး ကို လှုပ်ခါ သွားစေသည် ။ ကျွန်တော် သည် မရီ ကို တအား ဖက်ထားလိုက်မိသည် ။ မရီ က လည်း ကျွန်တော့် အား ကလေးငယ် တစ်ယောက် လို ဖက်၍ ဝမ်းနည်းပက်လက် ငို ချလိုက်ပြန်သည် ။ ကျွန်တော် သည် မရီ ၏ တစ်ကိုယ်လုံး ကို သိမ်းကျုံး ဖက် ထားပြီး အငမ်း မရသော စိတ်ဖြင့် နမ်း လိုက်မိသည် ။ မရီ က ကျွန်တော် ၏ ဆံပင်ကလေးများ ကို ဖွလိုက် သပ်လိုက် လုပ်နေရှာသည် ။
“ မရီ လေ ... ကိုသံချောင်း ကို သိပ်ချစ်တယ် သိလား ”
ကျွန်တော် သည် မရီ ကို တအံ့တသြ ကြည့် နေမိသည် ။ ကျွန်တော့် အဖို့ မရီ သည် ကနေ့ ည ထူးဆန်းနေသည် ။ မရီ မျက်နှာ မှာ ဘာမှ လှုပ်ရှားခြင်း မရှိ ၊ ပကတိ အေးစက်လှ၏ ။
“ မရီ ”
မရီ သည် ကျွန်တော့် အား မချိတင်ကဲ ကြည့်နေရာ မှ အက်ကွဲသော အသံဖြင့် ထူး လိုက်ရှာသည် ။
“ မောင် .. ”
မရီ ၏ ထူးသံသည် ကျွန်တော့် ရင်ထဲတွင် သိမ့်သိမ့်ခါ သွားစေ၏ ။ မရီ သည် ခုတစ်ကြိမ် သာ ကျွန်တော့် အား ‘ မောင် ’ ဟူ၍ ခေါ်သွားလေသည် ။ ခေါ်လိုက်ပြန်တော့လည်း မရီ ၏ အသံ မှာ ရင်နာစရာ ကောင်းသလို တစ်မျိုး ခံစားလာရသည် ။ မရီ သည် အနိုင်နိုင် အားယူ၍ ပြုံးလိုက်ရှာသည် ။ ကျွန်တော် ပြောချင်သော စကားများ မှာ ဘယ်သို့ ရောက်သွားသည် မသိတော့ပေ ။ မရီ က အလိုက်သိစွာပင် ထပ်၍ ထူးလိုက်ပြန်သည် ။
“ ဘာ ပြောမလို့လဲ မောင် … ပြောလေ ”
“ မရီ ကို ကျွန်တော် မြန်မြန် လက်ထပ်ချင်ပြီ ”
မရီ သည် တဖြည်းဖြည်း ပြုံး၍ လာသည် ။ ခုမှပင် ပါးချိုင့်ကလေး နှစ်ဖက် ကို ခွက်ဝင်သွားသည် အထိ ပြုံးလိုက်သည် ။ သို့ ပြုံးနေရင်း မှ မျက်ရည်ပေါက်များ ပါးပြင် ပေါ်တွင် တလိမ့်လိမ့် စီးဆင်း၍ လာလေသည် ။
ကျွန်တော့် မှာ ထိတ်ထိတ်ပျာပျာ ဖြစ်ရပြန်သည် ။ ကိုယ့် စကား ပင် မှားသွား၍လား ။ မရီ စိတ်ထိခိုက်အောင်များ ပြောလိုက်မိသလား ဟု စိုးရိမ်မိလေသည် ။
“ ကျွန်တော် နဲ့ လက်မထပ်ချင်ဘူးလားဟင် မရီ ၊ ကျွန်တော် မရီ ကို စိတ်မချဘူး ကျွန်တော် မရီ ကို သိပ် ချစ်နေပြီ သိလား ၊ မရီ နဲ့ ကွဲရင် ကျွန်တော် ဒုက္ခ ရောက်လိမ့်မယ် ”
မရီ သည် ကျွန်တော် ပြောသမျှ ကို မလှုပ်မယှက် ငြိမ်၍ နားထောင် နေရှာ၏ ။ သို့သော် သူ့ မျက်လုံးများ က ကြောင်နေ၏ ။ မျက်တောင် လည်း မခတ် ၊ ကျွန်တော့် အား စိုက် ကြည့်နေ သော်လည်း ကျွန်တော့် ကိုပင် မမြင် တော့သလို ကြောင်၍ နေသည် ။ ပြုံးသည် ဆိုသော်လည်း မရီ ၏ အပြုံး မှာ မလန်းဆန်းတော့ပေ ။ ညှိုးငယ်လှ၏ ။
ခါတိုင်း မရီ ၏ အပြုံး မှာ ပန်းပွင့်ကလေး တစ်ပွင့် ကို ရေထဲ သို့ ပစ်ချ လိုက်သလို လန်းဆန်းပေါ့ပါး နေသည် ။ ခပ်ကြွကြွကလေး ရှိနေသည် ။ ယခု တစ်ကြိမ် မရီ ၏ အပြုံး မှာ ခြောက်ခန်းလှ၏ ။ လေးလံလှ၏ ။ ဆို့နစ်ဖွယ် ကောင်းလှ၏ ။
“ မရီ ဘာဖြစ်နေလဲဟင် ၊ ကျွန်တော့် ကို ပြောစမ်းပါ ၊ မရီ နဲ့ ကျွန်တော် နဲ့ လက်ထပ်ဖို့ ပြောတာတောင် မကျေနပ်တော့ဘူးလားဟင် ”
မအောင့်နိုင်လွန်း သဖြင့် စိတ်ထဲ ၌ ရှိသလို ပြောချလိုက်မိသည် ။ မရီ က ကျွန်တော် ၏ ပါးစပ် ကို လက် ဖြင့် ပိတ်ထား လိုက်သည် ။ ပြီးမှ သူ ၏ နှုတ်ခမ်းကလေး နှစ်လွှာ ကို အထက်အောက် အပြန်အလှန် ကိုက်ထား လိုက်ရှာသည် ။
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment