❝ ပုထုဇ္ဇနော ဥမ္မတ္တကော ❞
( ကြယ်နီ )
( ၁ )
အထက်အညာ ဒေသ ရှိ မြို့ကလေး တစ်မြို့ မှ ပွဲရုံ တစ်ရုံ အတွင်း ဧည့်ခန်း အဖြစ် သတ်မှတ် ဖွဲ့စည်း ထားသော စားပွဲရှည် တစ်လုံး နံဘေး မှ ကုလားထိုင် တစ်ခု ထက် တွင် ထိုင်ကာ ကျွန်တော် သည် လက်ဖက်ရည်ကြမ်း ကို သောက်နေသည် ။ ပွဲရုံ ရှေ့ရှိ မြေကွက်လပ် တွင်မူ ကွမ်းရွာဆေးပို အလုံး သုံး ဆယ်ခန့် သည် စီရရီဖြင့် ညီညာစွာ ရှိနေကြသည် ။ ပွဲစားကြီး သည် သူ့ လက်အောက် လုပ်သားများ ဖြင့် ထို ဆေးပိုများ ကို ပြုပြင် နေသည် ။ ပွဲကတော် က မူ အိပ်ခန်းတွင်း မှ ထွက် မလာသေး ။
ကျွန်တော် ထိုင် နေသော စားပွဲ နှင့် မနီးမဝေး တွင် ပွဲစားကြီး ၏ စာရေးစားပွဲ ရှိသည် ။ ပွဲစားကြီး သည် စာရင်းကိုင် မထားဘဲ ထို စားပွဲ တွင် သူ ကိုယ်တိုင် စာရင်းများ ကို ရေးမှတ်သည် ။ ထို စားပွဲ နံဘေး ရှိ နံရံတွင် အကွက်အသား ကောင်းလှသော ဆေးရွက်ကြီး တစ်ရွက် ကို မှန်ပေါင် သွင်းကာ အမြတ်တနိုး ဆွဲချိတ် ထားသည် ။ ထို ဆေးရွက်ကြီး ၏ နံဘေးတွင် ရေဒီယို တစ်လုံး ကို တပ်ဆင် ထားသည် ။
အချိန်မှာ နံနက်ခင်း ဖြစ်၍ အရောင်းအဝယ် မဖွင့်သေးသည့် အတွက် ပွဲရုံ တွင် ခြောက်ကပ် တိတ် ဆိတ် နေသည် ။ ကျွန်တော် သည် ပျင်းပျင်း ရှိလှ သဖြင့် ဆေးပိုများ ကို စဉ်းစား နေမိသည် ။ ကျွန်တော် ဤ မြို့ကလေး သို့ ကုန်ရောင်း ရောက်ခဲ့သည် မှာ ၁၀ ရက်ခန့် ကြာရှိပြီ ဖြစ်၍ ၊ ပွဲစားကြီး ၏ အကြောင်း ကို အတော် အတန် ပင် စုံစမ်း သိရှိပြီးလေပြီ ။
သူ ကား “ ဆေးဝိဇ္ဖာ ” ဟု နာမည်ကျော်ကြား နေသော ပွဲစားကြီး တစ်ဦး ပင် ဖြစ်ပါသည် ။ ဆေးဝိဇ္ဖာ ဟု ဆိုလိုက် ၍ ပြဒါးဝိဇ္ဖာ ၊ သံဝိဇ္ဖာ ၊ အင်းဝိဇ္ဖာ အစရှိ ကုန်သော ဝိဇ္ဖာအပေါင်း နှင့် ဆက်စပ်စဉ်းစားယူ လိုက်လျှင်တော့ တက်တက်စင် အောင်ပင် လွဲမှား သွားပေမည် ။ သူ့ အား ဆေးဝိဇ္ဖာ ဟု ဘွဲ့ထူး ပေး ထားကြခြင်း မှာ သူသည် ကွမ်းရာဆေး ၊ သစ်ထောင့်ဆေး စသော ဆေးများနှင့် ပတ်သက်၍ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင် တတ်မြောက် ထားသောကြောင့် ဟု ဆိုကြပါသည် ။
ဤအတွက် နှင့် ပတ်သက်၍ လည်း သူ က မကြာခဏ ဂုဏ်ယူဝင့်ဝါ တတ်ပါသည် ။ အကယ်၍ ကုန်သည် တစ်ဦး သည် သူ က ဝယ်ယူရန် တိုက်တွန်း နေသော ဆေးပို ကို “ မှားများ သွားမလား ” ဟူသော သံသယ ဖြင့် ဝယ်ယူရန် မဝံ့မရဲ ဖြစ်နေလျှင် သူက “ အို ... ကျုပ် ပြောတဲ့ အတိုင်း ဝယ်သာ ဝယ်လိုက်စမ်းပါဗျ ၊ ဒီလို ဆေးအစမျိုး နဲ့ ဒီဈေးမျိုး ဆိုရင် ဘယ်တော့မှ မမှား နိုင်ပါဘူးဗျ ။ ကျုပ် ပြောရင် ယုံပါ ၊ ကျုပ် က ဆေး နဲ့ ပတ်သက်လာရင် အရည်ကျို သောက်လာတဲ့ အကောင်ပါဗျ ” ဟု ပြောဆို တိုက်တွန်း တတ်ပါသည် ။
သို့သော် ကုန်သည်များ အဖို့ ဆိုလျှင်လည်း သူ ၏ ဤသို့ အရည်ကျို သောက်လာသည် အထိ ကျွမ်းကျင် နေမှုကြောင့်ပင် ပို၍ မဝယ်ယူရဲဘဲ ရှိနေတတ်ပါသည် ။ အကြောင်းမူကား အရောင်းအဝယ် ဖြစ်မှ သာလျှင် ဝယ်သူ့ ဘက်ကရော ရောင်းသူ ထံမှ ပါ နှစ်ဖက် ပွဲခ ကို ရရှိမည် ဖြစ်၍ ၊ အရောင်းအဝယ် ဖြစ်နိုင်ရန် အတွက် သူ တတ်ကျွမ်း နားလည်ထားသော ဆေး နှင့် ပတ်သက်သမျှ အထွေထွေ ဗဟုသုတ ကို အသုံးပြုကာ ၊ မကောင်း ကို အကောင်းလုပ် ပြောရာ၌ လည်း ပါရဂူ မြောက်လှပေသောကြောင့်တည်း ။
အကယ်၍ ဝယ်ယူမည့် သူ က မဝယ်ယူ လိုသောကြောင့် ဖြစ်စေ ၊ တတ်ယောင်ကား လုပ်လို၍ ဖြစ်စေ ၊ သူ ဝယ်ယူရန် တိုက်တွန်းသော ဆေးကို အပြစ်အနာကလေးများ ဖော်ပြ ပြောဆိုမိပါက သူ သည် ပြင်းထန်စွာ ချေပ ပြောဆိုတတ်ပါသည် ။
“ အောင်မာ ... ခင်ဗျားတို့ က ခုမှ ဆေး အရောင်းအဝယ် လုပ်မယ် ကြံတာပါဗျ ၊ ကျုပ် က ငယ်စဉ် ထဲ က ဆေးကြား ထဲမှာ ကြီးလာတဲ့ ကောင်ပါ ။ ဆေး ကောင်းမကောင်း ဆေးပို ကို ဖြဲခွဲပြီး ကြည့် မနေရဘဲ ဆေးပို နံဘေးက လက်တစ်ဝါး သာသာလောက် လှပ် ပစ်ပြီး ဆေးခေါင်း ကို ကြည့် လိုက်တာနဲ့ ဒီဆေး ရဲ့ အကြီးအသေး ၊ အညံ့ အကောင်း အမျိုးအစား နဲ့ ဘယ်နယ် က ထွက်တဲ့ဆေး ဆိုတာ တပ်အပ် ပြောပြနိုင်တဲ့ အကောင်ဗျ ” ဟု တုံ့ပြန် ပြောဆို တတ်ပါသည် ။ မှန်သည် ၊ သူ ကား ဆေး နှင့် ပတ်သက် လာလျှင် “ နိုးတူး ” ဟု စွဲမှတ်ထားသူ ဖြစ်ရာ ၊ သူ့ ထက် တတ်သိ သလိုလိုနှင့် ဆင်ခြေတက် လာသော အကြောင်းပြချက်များ ကို သူ လုံး၀ လက်မခံနိုင်ပါ ။
ဤသို့ ဆေးဝိဇ္ဖာ ဟူသော ဘွဲ့ထူး ကို ခံယူထား သော်လည်း သူ့ ပွဲရုံမှာ ဆေးတစ်မျိုးတည်း ကိုသာ လက်ခံ ရောင်းဝယ်ခြင်း ပြုသည် ဟူသော အဓိပ္ပာယ် ကိုတော့ မသက်ရောက်ပါ ။ ထန်းလျက် ၊ မန်ကျည်း ၊ ဆီ စသော အညာကုန်များ နှင့် ဆန် ၊ ဆား ၊ ငါးပိ ၊ ငါးခြောိက် စသော အောက်ကုန်များ ကိုလည်း လက်ခံ ရောင်းဝယ် ပေးပါသည် ။ သို့သော် ဆေး ကို သာလျှင် အဓိက ထား၍ ရောင်းဝယ်ခြင်း ပြုကာ ၊ အခြား ကုန်များ ကို အရံ သဘောဖြင့် သာမည မျှသာ ရောင်းဝယ်ခြင်း ပြုပါသည် ။
သူ ကား ဤသို့ ပွဲစား အလုပ်မျှ သာမက ကုန်သည် လည်း လုပ်လိုက်ပါသေးသည် ။ သူ ကား တောနယ် မှ ကိုင်းသမားမိတ်ဆွေ ပေါများသူ ဖြစ်ရာ ၊ ထို ကိုင်းသမားများထံ မှ ရောင်းချပေးရန် ပွဲရုံသို့ တင်ပို့ အပ်နှံထားသော ဆေးပိုများ ကို ငွေ မချေရဘဲ အကြွေး သဘောဖြင့် ဈေးဖြတ် သိမ်းယူ၍ ရန်ကုန် သို့ တင်ပို့ ရောင်းချ တတ်ပါသည် ။ ရောင်း၍ ရသမျှ ငွေများ ကို အပြန် တွင် ကုန်ဝယ် လာခဲ့ပြီး သူ့ ပွဲရုံ၌ တင်ကာ ရောင်းချ ပြန်ပါသည် ။ ဤနည်းအားဖြင့် ဤ ငွေများ ကို အသုံးပြုကာ အတန်ကြာ အောင်ပင် ရင်းနှီးရောင်းဝယ် ပြီးမှ ကိုင်းသမားများ သို့ ပြန်လည် ပေးဆပ် တတ်သည် ။ ဤသို့ လူရည် လည်မှု ကြောင့်လည်း တစ်နှစ် တစ်နှစ် သူ့ ဝင်ငွေ မှာ မနည်းလှပါ ။
ဤသို့ ကိုင်းသမားများ ထံ မှ ဆေးပိုများ ကို ရန်ကုန် သို့ တင်ပို့ ရောင်းချရာ၌ သူ တတ်ကျွမ်းသော ဝိဇ္ဖာ ပညာ ကို အသုံးပြုနိုင်သည့် အတွက် သူ့ အမြတ်ငွေ မှာ ပို၍ ပို၍သာ ရလာပြန်ပါသည် ။ ကိုင်းသမား လက်ထွက် ဆေးများ မှာ ဆေးမျိုးကောင်း ဆိုလျှင် ဆေးမျိုးကောင်းသန့်သန့် ၊ ဆေးလက် ဆိုလျှင် ဆေးလတ် သန့်သန့်ဖြင့် သူ့ အမျိုးအစားနှင့် သူ ၊ သူ့ အရွယ်အစားနှင့် သူ ရိုးသားသန့်စင်စွာဖြင့် တစ်ပိုစီ ခွဲခြား ထည့်သို ထားသည် ။ ဈေး မှာလည်း ဆေး ကိုလိုက်၍ သူ့ ဈေးနှင့် သူ ခွဲခြား ရောင်းချလိုက်သည် ။ ဒါကို သူ က ဆေးလတ် နှင့် ဆေးမျိုးညံ့များ ပျောက်ကွယ် သွား၍ ၊ အားလုံး ဆေးကြီး နှင့် ဆေးမျိုးကောင်း ချည်း အဖြစ် ပြောင်းလဲ လာအောင် သူ ၏ ဝိဇ္ဖာပညာ ဖြင့် ရောစပ် မွှေနှောက်ပစ်လိုက်နိုင်သောကြောင့် အမြတ် မှာ ပိုလာရခြင်းဖြစ်သည် ။
ရောစပ်ပုံ မှာ ပိုလွတ် တစ်လုံး ထဲတွင် ဆေးမျိုးညံ့ တစ်ကိုင် ထည့်ပြီးလျှင် အပေါ် မှ ဆေးမျိုးကောင်း တစ်ကိုင် ဖြင့် သိုသိပ် ပိပြားစွာ ဖုံးအုပ် လိုက်သည် ။ ဆေးလတ် တစ်ကိုင် ထည့် လျှင်လည်း အပေါ်မှ ဆေးကြီး တစ်ကိုင် ဖြင့် သိုသိပ်ပိပြားစွာ ဖုံးအုပ် လိုက်ပြန်ပါသည် ။ ပို ပြည့်သွားသော အခါတွင် ဆေးမျိုးညံ့ နှင့် ဆေးလတ် မှာ ပျောက်ကွယ် သွား၍ အားလုံး ဆေးမျိုးကောင်း နှင့် ဆေးကြီး အဖြစ်သာ အမြင်လှ နေတော့သည် ။ လွန်စွာ ကျွမ်းကျင်သော ကုန်သည် မဟုတ်လျှင် ရောစပ်ထားမှန်း မသိဘဲ မျက်စိမှား ကာ ဆေးမျိုးကောင်း နှင့် ဆေးကြီး ဈေးပေး၍ ဝယ်သွားရတတ်သည် ။
ဤနည်းအားဖြင့် သူ သည် ဝယ်ရာ၌ ဆေးမျိုးညံ့ နှင့် ဆေးလတ် ကို ဈေးချိုချို ဖြင့် ဝယ်ရသော်လည်း ၊ ရောင်းရာတွင် မူကား အားလုံး ဆေးမျိုးကောင်း နှင့် ဆေးကြီး အဖြစ် ဈေးကောင်း ရောင်းလိုက် ရသည်ဖြစ်ရာ ၊ သူ ၏ အမြတ်ငွေ မှာလည်း အဆမတန် ပိုလာ တော့သည် ။ ဤသည်ပင် လျှင် ဆေးဝိဇ္ဖာ အဖြစ် သူ ဂုဏ်ယူ နေသော ပဉ္စလက် အတတ်နှင့် အောက်လမ်းပညာ ဖြစ်သည် ။ သို့သော် ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ် အမြတ် ရဖို့သာ အဓိက မဟုတ်လား ။
ကျွန်တော်တို့ ပွဲစားကြီး မှာ ဤသို့သော ပွဲစားကြီးမျိုး ဖြစ်ပါသည် ။ သူ သည် ဤသို့သော ဉာဏ်နီ ဉာဏ်နက် ၊ ဉာဏ်ကလိမ်ချုံ ၊ တစ်နပ်စားဉာဏ် ၊ ပေါ်ကြော့ဉာဏ်မျိုး ကို နေရာတကာ ၌ လွှာ၍ အသုံး ပြုတတ်သည် ဖြစ်ရာ ကျွန်တော့် မှာ သူ့ အား မလစ်သော မျက်စိ ဖြင့် အကဲခတ် လေ့လာ နေရပါသည် ။ ကျွန်တော် တို့ လို တစ်ရပ်တစ်နယ် မှ ကုန်ရောင်း ရောက်သူများ အဖို့ မြို့ခံပွဲ စား က မကောင်း၍ ပွဲစား သ,တ်လျှင် သေတတ်သည် ဖြစ်ရာ ၊ ကျွန်တော့် မှာ သူ့ ကို မျက်ခြည်ပြတ် မခံဘဲ စောင့်ကြပ် လေ့လာ နေရ ပါသည် ။
( ၂ )
ပွဲကတော် သည် ခရီးဝေး သွားမည့် ဟန်ဖြင့် ဖြီးလိမ်း ဝတ်စားကာ ထွက်လာပေပြီ ။ သူ ၏ အသက် မှာ သုံးဆယ် ကျော် ၍ လေးဆယ် နား သို့ ပင် ချဉ်းကပ် နေပေပြီ ။ နဖူးရေ နှင့် ပါးရေကလေးများ ပင် တွန့်စ ပြုနေပါပြီ ။ သူ ၏ မျက်လုံးအစုံ မှာလည်း တောက်ပ ပူနွေးသော ရောင်ခြည်မျှင်များ ယှက်သန်း ကွန့်မြူးခြင်း မရှိဘဲ ၊ လူသေ့ မျက်လုံး လို အေးတိအေးစက် နှင့် ထိုင်းမှိုင်းငြိမ်ဝပ်သည့်အသွင် ကို ဆောင်နေသည် ။ ဆွဲငင်မြှူညှို့သော မျက်လုံးမျိုး မဟုတ် ၊ တွန်းကန် မောင်းနှင်သော မျက်လုံး ။ သည် မျက်လုံး က သူ ၏ အလှသည် ကုန်ခန်းခဲ့ပြီ ဖြစ်၍ သူ့ ၌ တောက်ပသော မျှော်လင့်ချက်များ လည်း ခြေက်ခန်း ကုန်ပြီ ဖြစ်ကြောင်း ဖော်ပြ နေသည် ။
တစ်ခါတစ်ရံ တွင် ပွဲကတော် ၏ မျက်လုံးအရောင် သည် ပြောင်းလဲ သွားတတ်သည် ကို ကျွန်တော် သတိပြု မိသည် ။ ဆွေးရိပ် သန်းနေသည့် မှိုင်းညို့ရီဝေ နေသော မျက်လုံး အရောင်မျိုး သို့ ပြောင်းလဲ သွားတတ်ခြင်း ပင်ဖြစ်ပါသည် ။ ထိုအချိန်တွင် သူ ၏ မျက်နှာ မှာ လည်း ပူပုံပန်း ဟန်မူရာမျိုးသို့ ပြောင်းလဲ သွားတတ်သည် ။ တစ်နေရာရာ ကို ငေးစိုက်ကာ တွေးကွက် တစ်ခုတွင် နစ်မျော နေသလို ငြိမ်သက် နေတတ်သည် ။
ထို့ကြောင့် ကျွန်တော် သည် ပွဲစားကြီး ကို စိတ်ဝင်စားစွာ လေ့လာ နေသလို ပွဲကတော် ကိုလည်း မသိ မသာ လေ့လာနေခဲ့ပါသည် ။ သို့သော် ကျွန်တော် လေ့လာနေဆဲ မှာပင် တစ်နေ့ ပွဲစားကြီး မရှိခိုက် ပွဲကတော် သည် ငိုကြီးချက်မ နှင့် သူ ၏ ရင်တွင်း၌ ခံစားနေရသော ဝေဒနာ ကို ကျွန်တေ့်အား ဖွင့်အန် ပါတော့သည် ။ ဤတွင်မှ ကျွန်တော် သိလိုသော အဖြေများ လည်း ဘွားခနဲ ပေါ်လာပါတော့သည် ။
ပွဲစားကြီး မှာ အပျော်အပါး အားကြီးသည် ဟု ဆို၏ ။
အထူးသဖြင့် မိန်းမ လိုက်စားရန် ဝါသနာ ထုံသည် ဟု ဆိုပါသည် ။ ဈေးသူများ ၊ အောက်အရပ် မှ ကုန်ရောင်း ရောက်လာ တတ်သည့် မိန်းမများ ထဲတွင် သူ့ အပျော်မယားများ မှာ လက်ညှိုးထိုး မလွဲ ဟု လည်း ဆိုသည် ။ ပွဲကတော် ၏ မိဘ ဘက်မှ ရရှိသော အမွေပစ္စည်း နှင့် ပွဲရုံ မှ အမြတ်ငွေ များ မှာလည်း ဤမှာ ဘက် တွင်သာ သုံးဖြုန်း ပစ်လိုက် သဖြင့် နှစ်ချုပ် စာရင်း ရှင်းလိုက်သော အခါတွင် လက်ကျန်ငွေ ဟူ၍ မရှိတော့ဘဲ ကြွေးပတ်လည် ဝိုင်း နေတော့ကြောင်း ၊ ပြောမရ ဆိုမရ ၍ လက်ပိုက်ပြီး ကြည့်နေရကြောင်း စုံတကာ့ ကို စေ့သွား ပါတော့သည် ။
ဈေးသူများ မှာ သူ့ ပွဲရုံမှ ကုန်စည်များ ကို “ ခေါက်ပြန်ချေ ” သဘောမျိုး ဖြင့် အကြွေးယူ ရောင်းကြရ သည် ။ သူ သည် ဤ ဈေးသူများ အား အကြွေး ပေးရာ၌ များစွာ ရက်ရော၏ ။ အကယ်၍ သူ မျက်စိကျသော မိန်းကလေး ဆိုလျှင် ပို၍ပင် ရက်ရော၏ ။ အနှမြော မရှိ ၊ မတွန့်တို ၊ မငြိုငြင် ။
“ ယူရောင်းပါ ၊ ရောင်းပြီးမှ ပေးတာပေါ့ ၊ အို ... မချောင်လယ်သေးရင်လည်း နေဦးလေ ။ သြ ... ဈေး ရောင်းလို့ ကလည်း မကောင်း ၊ ကုန် ကလည်း ရှုံးတာ နဲ့ ငွေရင်းကလေးပါ ပြုတ်သွားပါသလား ။ ကိစ္စ မရှိပါ ၊ ပွဲစားကြီး က ငွေစိုက်ပြီး ရှင်းလိုက်ပါမယ် ။ ထပ် ယူပြီး ထပ်သာ ရောင်းပါ ၊ ဒီကြားထဲ တခြား ဗာဟီရ အသုံး အတွက် ငွေ လိုရင်လည်း ပြောတာပေါ့ ။ မယ်ညို ပဒုမ္မာ နဲ့ နိုင်လွန်အင်္ကျီကလေးများ ကော မဝတ်ချင်ဘူးလား ။ ဘာ ... ဝတ်တော့ ဝတ်ချင်ပါရဲ့ ၊ ငွေအတွက် ကြောင့် မို့သာပါ ၊ ဟုတ်လား ။ အို ... ငွေ ဘာအရေး လဲ ၊ ငွေ ဆိုတာ ပွဲစားကြီး က ဖြစ်တာပါ ၊ ဝယ်သာ ဝတ် ၊ ဝယ်သာ ဝတ် ”
ကြာတော့ ပွဲစားကြီး ၏ စေတနာ ကွန်ရက် အတွင်း ဝယ် ကံဆိုးလှသော ဤ ဈေးသူခမျာ မလူးသာ မလွန့်သာအောင် အမိ ခံရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည် ။ ဤကား ဆင်းရဲသော ဈေးသူ အချို့အား သူ ၏ အပျော်မယား အဖြစ် သိမ်းသွင်းရာ၌ ပွဲစားကြီး ကျင့်သုံးသော နည်းပရိယာယ် ပင် ဖြစ်သည်ဟု ဆိုပါသည် ။
သူ့ ပွဲရုံသို့ တစ်ရပ်တစ်နယ် မှ ကုန်ရောင်း လာတတ် သော မိန်းမကုန်သည် တစ်ဦး ဆိုလျှင်တော့ သူ သည် အချိန် အတော် ကြာအောင် အကဲခတ် ကြည့်ရတတ်သည် ဟု ဆိုပါသည် ။ အနေအထိုင် ၊ အပြုအမူ ၊ အပြောအဆိုများ တွင် ဖောက်ပြန်သော အရိပ်အယောင်ကလေးများ အစွန်းအစ ထွက်ပေါ် လာမည် မကြံလေ နှင့် ။ ၃၇ မင်း ကို ပန်း မကိုင်ဘဲ ကျပြီး ဖြစ်နေသော ပွဲစားကြီး က ထိုအချက် ကို အခွင့်ကောင်း ယူ၍ ပါးနပ် လိမ္မာစွာ စခန်းသွားပြ လိုက်လိမ့်မည် ။ ကုန်ရှုံးလွန်း ၍ စိတ်ပျက် လက်ပျက် ဖြစ်ပြီး စိတ်လေ နေသော အမူအရာ များ ကိုလည်း ဖော်မပြလိုက်ပါလေနှင့် ။ ပွဲစားကြီး ၏ ပရိယာယ် ကွန်ရက်အတွင်းဝယ် “ ဒက် ” ခနဲ နေအောင် အမိ ခံရလိမ့်မည် ။
သို့သော် တကယ့် ဣန္ဒြေ ရှင် မိန်းမကုန်သည် အစစ် ဆိုလျှင်တော့ ပွဲစားကြီး သည် လူကြီးလူကောင်း ပီသ စွာဖြင့် ရိုးဖြောင့်စွာ ဆက်ဆံတတ်သည် ဟု ဆိုပါသည် ။
ကျွန်တော် သည် ပွဲကတော် ၏ စကား ကို ကြားနာရပြီး နောက် ပွဲကတော် ပေါ် တွင် သက်ညှာ သနားမိ သော်လည်း ကျွန်တော် လည်း မည်သို့မျှ တတ်နိုင်သော ကိစ္စမျိုး မဟုတ်သဖြင့် ဆိတ်ဆိတ်ပင် နေလိုက်ရပါသည် ။ ပွဲကတော် မှာလည်း သူ့ ရင်တွင်း ၌ ခံစားနေရသော အကျိတ်အခဲများ ကို ကျွန်တော့် အား ဖွင့်အန်ချပြ လိုက်ရပြီး ဖြစ်၍ ရင် ထဲ မှာ ရှင်းပြီး ပေါ့ပါး သွားဟန်ဖြင့် ကြည်ကြည်လင်လင် ရွှင်ရွှင် လန်းလန်း ပြန်ဖြစ် သွားပါတော့သည် ။
စင်စစ် ပွဲကတော် ပြောပြသော အကြောင်းအချက်များ သည် ယုံမှားသံသယ ရှိစရာ မလိုအောင် မှန်ကန်သည့် အကြောင်းအချက်များ သာ ဖြစ်သည် ဟု ကျွန်တော် ယုံကြည်ပါသည် ။ ကျွန်တော် သည် ပွဲစားကြီး ၏ စားပွဲ အံဆွဲ အတွင်းမှ စရင်းစာအုပ်များ အောက်တွင် လျှို့ဝှက်စွာ ဖုံးဝှက်ထားသော “ လူကြီး ချိုချိုစို့နည်း ” ၊ “ ဃရာဝါသ နိဿရည်း ” ၊ “ ကာလီဒါသ ၏ ကြာခြည် သဘာဝ ” ဟူသော စာအုပ် သုံးအုပ် ကို အမှတ်မထင် တွေ့လိုက်ရပြီး ကတည်း က ပွဲစားကြီး ၏ ဝါသနာ ကို ကျွန်တော် သည် ရိပ်စား မိပြီး ဖြစ်နေပါသည် ။
ပွဲစားကြီး သည် လူ့ဘဝ ကို လေးလေးနက်နက် အဓိပ္ပာယ် ပေးလိုသူ မဟုတ်ပါ ။ သူ ၏ လူ့ဘ၀ အဘိဓမ္မာ မှာ ပျော်ပျော်နေ သေခဲဖြစ်သည် ။ ဘဝ တွင် နေရသည့် အခိုက် ပျော်ပျော်ကြီး နေမည် ။ ပျော်စရာများ နောက်သို့ သာ တကောက်ကောက် လိုက်မည် ။ ပျော်စရာများ နောက်သို့ တကောက်ကောက် လိုက်ရင်း ကာမဂုဏ်တရား သည်သာ ပျော်စရာ ဖြစ်သည် ။ လူ့ဘဝ ဆိုတာ ကာမဂုဏ်တရား ကို နည်း အမျိုးမျိုးဖြင့် လိုက်စားခြင်း ဖြစ်သည် ဟူသော အချက် တွင် သွား၍ နိဂုံး ချုပ်သည် ။
( ၃ )
ပွဲကတော် သည် ကျွန်တော့် အနီးရှိ ကုလားထိုင် တစ်လုံး တွင် ဝင်ထိုင်ကာ ပွဲစားကြီးအား စောင့်ဆိုင်းနေသည် ။ ကျွန်တော် က သူ့ အား “ ဖြီးလို့လိမ်းလို့ ပါလားဗျ ၊ ဘယ်သွား မလို့လဲ” ဟု မေးကြည့်ရာ ၊ ချောက်မြို့ တွင် ကုန်ဖိုးငွေ ရစရာ ရှိနေ၍ ထို ကုန်ဖိုးငွေ ကို သွားရောက် တောင်းခံရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည် ။
ပွဲရုံ ရှေ့တွင် ဆေးပိုများ နှင့် အလုပ်များနေဟန် ရှိသော ပွဲစားကြီး သည် ဖြီးလိမ်းဝတ်စားပြီး သူ့ ကို စောင့်ဆိုင်း နေသော ပွဲကတော် ကို မြင်လိုက် သဖြင့် ပွဲရုံတွင်း သို့ ဝင်လာကာ ကျွန်တော်တို့ အနီးတွင် လာ ထိုင်၏ ။ နောက် ပွဲကတော် ကို စူးစမ်းသလို တစ်ချက်မျှ ကြည့်ရှု လိုက်ပြီးနောက် “ သြ ... မင်း သွားဖို့ အသင့် ဖြစ်နေပြီကိုး ” ဟု ရွတ်လိုက်၏ ။
“ ဟုတ်လယ်လေ ၊ သွားဖို့ အသင့်ပဲ ဖြစ်နေရမှာပေါ့ ။ ရှင် ကပဲ ဒီနေ့ မသွားရင် မဖြစ်ဘူး ၊ ဒီ ငွေ ကို ဒီနေ့ ရဖို့ အရေးကြီး တယ်လို့ ဆိုထားတာကိုး ”
“ ဟုတ်တယ် ၊ ဒီငွေ ကို ဒီနေ့ ရဖို့ အရေးကြီးတယ် ”
ပွဲစားကြီး သည် ပွဲကတော် ၏ စကား ကို သံယောင် လိုက်ကာ ပဲ့တင်ထပ် လိုက်ပြီး နောက် ရုတ်တရက် ကျွန်တော့် ဘက်သို့ လှည့်၍ -
“ ကဲ ... ခင်ဗျား စဉ်းစား ကြည့်စားပါဦးဗျ ၊ ကျုပ် အောက် အရပ်ကို ဆေးသွား ရောင်းပြီး အပြန် မှာ ပါလာတဲ့ ဆန် နဲ့ ဆားအိတ်တွေ ဟာ ကျုပ်တို့ မြို့နဲ့ ဆိုရင် နည်းနည်း များနေလို့ ချောက်မြို့ က သူ့ ပွဲရုံ မှာ ခွဲပြီး ရောင်းဖို့ အပ်ထားခဲ့တာ ခြောက်လ လောက် ရှိသွားပြီဗျ ။ အဲဒီ ဆန် နဲ့ ဆား ရောင်းလို့ ရတဲ့ ငွေ ကို ကျုပ် ကို ခုအထိ ရှင်းမပေးသေးဘဲ တစ်ဖက်လှည့် နဲ့ သူ့ လုပ်ငန်း ထဲမှာ ထည့်ပြီး ရင်းနှီး ရောင်းဝယ် နေတယ်ဗျ ။ ပွဲစား အချင်းချင်း ဒီလို လုပ်တာ ဘာကောင်းသလဲ ၊ ကျုပ် တော့ သည်းမခံ နိုင်လောက်အောင် ဒေါသ ထွက်ပြီဗျို့ ”
အမှန်ပင် သူ သည် သည်းမခံနိုင်လောက်အောင် ဒေါသ ထွက်နေဟန် တူပါသည် ။ အကြောင်းကို ဆိုသော် သူ့မျက်နှာ သည် ချက်ချင်းပင် တင်းမာလာပြီး နောက် အံကိုလည်း တအား ကြိတ်ထားကာ ၊ မျက်ထောင့်ကြီး မှာလည်း နီရဲ နေသောကြောင့် ဖြစ်ပါသည် ။ ဒါကို ပွဲကတော် က ဖျောင်းဖျသော လေသံ ဖြင့် -
“ အို ... ဒီလိုလည်း ဒေါသ ရှေ့မထားနဲ့လေ ၊ ကိုယ် ယုံကြည် လို့ သူ့ ကို ရောင်းခိုင်းမိမှ ကိုး ၊ ဒီတော့ သာယာ ညင်းပျောင်း နဲ့ ဖျောင်းဖျောင်းဖျဖျ ပြော တောင်းရတော့မှာပေါ့ ။ ကဲလေ ... ဟို ရောက်ရင် ကျုပ် ဘယ်လို ပြော တောင်းရမယ်ဆိုတာသာ မှာလိုက်ပါ ၊ ကျုပ် ရအောင် ကို တောင်းခဲ့မပေါ့ ”
“ ဆန်အိတ် နဲ့ ဆားအိတ်ဖိုး ငွေဟာ ရက်ကြာလှပြီမို့ အခု အပြေ ရှင်းပေးပါလို့ ပြော ။ နေပါဦး ... ဘာ ညာ ဆိုရင် မနေနိုင်ဘူး ၊ ကျွန်မတို့ မှာ ငွေအသုံး လိုနေလို့ ဒီနေ့ ရမှ ဖြစ်မယ် ၊ အဲဒီလို ပြောတောင်း ၊ လေအေးကလေးနဲ့ လုပ်မနေနဲ့ ၊ ခပ်မာမာသာ ပြော ။ ဒီကောင်တွေ က မတောင်းဘဲနဲ့ ပေးချင်တဲ့ ကောင်တွေ မဟုတ်ဘူး “
ပွဲစားကြီး သည် လက်သီးလက်မောင်း တန်းကာ ဒေါနှင့် မာန်နှင့် ပြောပြနေသည် ။ အကယ်၍ သူ့ ငွေ ရစရာ ရှိသော သူ သာ ယခု မျက်မှောက် တွင် ရှိနေခဲ့ပါ လျှင် သူ သည် မှုန့်မှုန့်ညက်ညက် ဖြစ်အောင် ချေမှုန်း ပစ်လိုက်မည် မလွဲ ဟု ထင်မှတ်ရပါသည် ။
ပွဲကတော် ထွက်ခွာ သွားသည် နှင့် တစ်ပြိုင်နက် ပွဲစားကြီး သည် လုပ်စရာ ရှိသော အလုပ်များ ကို သူ့ လက်ထောက် သို့ လွှဲအပ်ကာ ရေချိုး နေတော့၏ ။ ပြီးနောက်တော့ တောက်ပ သစ်လွင်သော ဝတ်စားတန်ဆာများဖြင့် ဆင်ယင် ပြုပြင်ထားသော ပွဲစားကြီး အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပါ ပြီ ။
ပွဲစားကြီး သည် သူ့ စားပွဲ မှ ကုလားထိုင်တွင် ထိုင် နေရာမှ တစ်စုံတစ်ရာ ကို မျှော်လင့်နေ သလို ပွဲရုံ ရှေ့သို့ မကြာခဏ လှမ်း ကြည့်တတ်၏ ။ သို့ ကြည့်ပုံ မှာ လည်း အမှတ်မထင် ကြည့်ပုံမျိုး မဟုတ်ဘဲ သူ မျှော်လင့် နေသော တစ်စုံတစ်ယောက် သည် ရောက်ရှိလာပြီလော ဟု ဂရုတစိုက် စူးစမ်း ကြည့်ရှုပုံမျိုး ဖြစ်၏ ။
ပွဲကတော် ထွက်ခွာသွားသည့် အချိန် မှ စ၍ ဂနာမငြိမ် ဖြစ် နေသော ပွဲစားကြီး ၏ အမူအရာ မှာ တစ်မျိုးပင် ထူးခြားနေသောကြောင့် ၊ ကျွန်တော် သည် ပွဲစားကြီး အား မသိမသာ အကဲခတ် နေမိသည် ။ နောက်တစ်ကြိမ် ပွဲစားကြီး သည် ပွဲရုံ ရှေ့သို့ မျှော် အကြည့် တွင် ကျွန်တော် လည်း သူ ကြည့်ရာသို့ လိုက်ကြည့်မိသည် ။ အသက် ၂၀ ခန့် အသားဖြူဖြူ မိန်းမရွယ် တစ်ဦး သည် ပွဲရုံ အတွင်းသို့ ဝင်လာ နေသည်ကို ကျွန်တော် မြင်တွေ့ရသည် ။ သူ ၏ ခြေလှမ်းများ ကား သွက်လက်ခြင်း မရှိဘဲ ပြစ်မှု ကျူးလွန်ထားသော တရားခံ တစ်ဦး သည် တရားသူကြီး နှင့် ဂျူရီလူကြီးများ ၏ ရှေ့မှောက် သို့ လျှောက်လာ နေရသလို လေးလံ တွန့်ဆုတ် နေ၏ ။
“ သြော် ... မလှခင် လာလာ ၊ နင့် ကုန်တွေတော့ ရောင်းပြီးပါပြီ ၊ မျှင်ငါးပိ နှစ်ပုံး သုံးပုံးလောက် ပဲ ကျန်တော့တယ် “
ပွဲစားကြီး သည် ဝမ်းသာအယ်လဲ ဖြစ်သွားသည့် အမူအရာ ကို မူ ဟန်ဆောင် ဖုံးဖိ၍ မထားနိုင်ဘဲ ၊ အရေးတကြီး မူရာဖြင့် ပွဲရုံဝ သို့ ကိုယ်တိုင် ထွက်ကြို၏ ။ မိန်းမပျို ကား ဘေးဘီ ကို ကြည့်ရှုခြင်း မရှိဘဲ ရှက်သွေးရောင် လျှမ်း နေသော မျက်နှာကလေး ကို အောက်သို့ ငုံ့ထားကာ မူမမှန်သော ခြေလှမ်းများ ဖြင့် ပွဲရုံ ထဲ သို့ ဝင်ရောက်လာသည် ။
“ နင့် ... မျှင်ငါးပိ က နည်းနည်း ကြမ်းနေလို့ တစ်ရာ့နှစ်ဆယ် ဈေး နဲ့ ရောင်းထုတ် ပစ်လိုက်တယ်လေ ။ တစ်ရာ့ သုံးဆယ်ဈေး ရအောင် ဆွဲ ရောင်းပါသေးရဲ့ ၊ ဒါပေမဲ့ အဝယ် က မလိုက်တော့ တစ်ရာ့နှစ်ဆယ်ဈေး နဲ့ပဲ ရောင်းပစ်လိုက်ရတယ် “
ပွဲစားကြီး က ရွှန်းရွှန်းဝေအောင် ပြောဆို နေသော်လည်း မိန်းမပျို ကား တစ်ခွန်း တစ်ပါဒ မျှ ပြန်ကြားခြင်း မရှိဘဲ ရှက်သွေးရောင် လျှမ်း နေသောမျက်နှာ ၊ မလုံမလဲ ဖြစ်နေသော အမူအရာဖြင့် ခေါင်းကလေး ကို သာ အောက်သို့ ငုံ့ထားရှာသည် ။
ပွဲစားကြီး ကား လူပရိသတ် ရှေ့၌ မိန်းမပျို အား ကုန်သည် တစ်ဦး အဖြစ် နာမဝိသေသန တပ်ဆင်ကာ သရုပ်ဖော် ပေးနေသော်လည်း သရုပ်မှန် မဟုတ်ဘဲ သရုပ်ပျက်သာ ဖြစ်ကြောင်း မိန်းမပျို ၏ အမူအရာ အားဖြင့် ဝန်ခံ နေသည် ။ တကယ့် သရုပ်မှန် မိန်းမ တစ်ဦး ဆိုလျှင် အမူအရာ အားဖြင့် ဖျပ်လတ် သွက်လက် ၍ စကားလည်း ကြွယ်ရမည် ။ ပွဲစား တစ်ခွန်း ကို သူ က နှစ်ခွန်း ၊ သုံးခွန်း ရအောင် အလုအယက် ပြောနိုင် ရမည် ။ အသံ မှာလည်း စာစာညံညံနှင့် နားမခံသာ အောင် ရှိရမည် ။
စကားပြောပုံ ဆိုပုံ မှာ လည်း ခေါင်းညိတ် ၊ လက်ကာ ၊ ရင်ကလေး ကို လှုပ်တဲ့ကာ မျက်စကလေး ကို ချီ ၊ မျက်လုံးကလေးများ ကို တော့ စွေချည် တစ်ခါ ၊ စောင်းချည် တစ်လှည့် ၊ နှုတ်ခမ်း ကို ရွဲ့၍ မဲ့သည့် အခါ မဲ့ ၊ မေးကလေး ကို ရှေ့ထိုး ၊ အမျိုးမျိုး ဖြင့် သုံးဆယ့်နှစ်ကောဌသလုံး လှုပ်ရှားခြင်း ရှိရမည် ။ ယခုတော့ တကယ့် သရုပ်မှန် နှင့် ကိုက်ညီခြင်း မရှိဘဲ တေမိဇာတ် ခင်းနေခြင်း က ပွဲစားကြီး ၏ သရုပ်ဖော်ချက်သည် သရုပ်ပျက် သာ ဖြစ်ကြောင်း ထင်ရှား နေသည် ။
ကျွန်တော် ကား ပွဲကတော် ထွက်ခွာသွားပြီး နောက်မှ ဂနာမငြိမ် ဖြစ်နေသော ပွဲစားကြီး နှင့် ၊ ပွဲကတော် မရှိခိုက်မှ ရောက်ရှိ လာသည့် သရုပ်ပျက် နေသော မိန်းမပျိုတို့ ကို ဆက်စပ်ကာ ဤသူ နှစ်ဦး အပေါ်တွင် ထူးထူးခြားခြား စိတ်ဝင်စား မိပေပြီ ။
( ၄ )
မွန်းတည့် နေသည် သဲ ဆန်သော အညာမြေလေး သို့ ပူပြင်းသော ရောင်ခြည် ကို သွန်းလောင်းပေး နေရာ သဲပွင့်ကလေးများ မှာ နေရောင်ဟပ်၍ ဝင်းဝင်းတောက် နေသည် ။ တမာပင် နှင့် မန်ကျည်းပင် များ အပေါ်ဝယ် အိပ်ငိုက် နေကြသော ကျီး အချို့ ၏ “ အား ... အား ... အား ” ဟူ၍ ပျင်းရိ လေးတွဲ့စွာ အော်မြည် နေသံသည် တိတ်ဆိတ် ခြောက်သွေ့သော ရှုခင်း ကို အသက်သွင်း ပေးနေသည် ။
ဆေးပိုများ ကို ပြုပြင်လျက် ရှိသော ဆေးအလုပ်သမားများကား မောမော နှင့် ထန်းတောသို့ သွားသူ က သွား ၊ ထမင်းစား ပြန်သူ က ပြန်ကုန်ကြသောကြောင့် ပွဲရုံ ရှေ့တွင် ခြောက်ကပ် တိတ်ဆိတ်နေ၏ ။ နေ့လယ်နေ့ခင်း ဖြစ်၍လည်း အရောင်းအဝယ် မရှိသောကြောင့် ပွဲရုံ တွင်း၌ လူသူ ကင်းရှင်းကာ ဆိတ်ငြိမ်နေ၏ ။
ကျွန်တော်သည် ဧည့်ခန်း ရှိ တန်းလျား ထက်တွင် တုံးလုံးလျောင်း ကာ “ ချားလ်စ်ဒစ်ကင်း ” ၏ “ အိုလီဗာတွစ်စ် ” ဝတ္ထု ကို ဖတ်နေသည် ။ ဝတ္ထု ထဲ တွင် ပါဝင်သော “ အိုလီဗာတွစ်စ် ” ၏ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသော သနားစဖွယ် ဘဝ ။ ခိုကိုးရာ ကင်းမဲ့သော မိဘမဲ့ ကလေးသူငယ်များ အား ပြုစုစောင့်ရှောက်ရာ ဌာန ဟု အဆိုရှိသော ဘုံအိမ် ကို ကြီးကြပ် အုပ်ချုပ်ရသည့် ဘုတ်အဖွဲ့ဝင် လူကြီးမင်း ဘုရားများ ၏ အပြင်ပန်း လှသလောက် အတွင်း သဘော ပုပ်ဟောင်လှပုံ ကို ခြယ်ရေးရာတွင် များစွာ ထိလှ မိလှသည့် အတွက် ကျွန်တော် ၏ စိတ်အာရုံ တစ်ခုလုံး စာအုပ် ထဲ တွင် သာ စုံးစုံးနစ်မြုပ်နေ၏ ။
“ ဗျို့ ဆရာကြီး ရဲ့ ... စာအုပ် ကို စိုက်ကြည့် နေလိုက်တာ မျက်လုံး ကို ကျွတ်ကျတော့မယ့် အတိုင်း ပါပဲကလားဗျာ ... လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် သောက်ချည်ရအောင် “
စာအုပ် ထဲ တွင်သာ ဝင်စားလျက် ရှိသော ကျွန်တော် ၏ စိတ်အာရုံတို့သည် အသံ က ဆွဲဆောင်လိုက် သဖြင့် ၊ ကျွန်တော် သည် စာအုပ် မှ မျက်လုံး ကို ခွာကာ အသံရှင် ကို မော် ကြည့်မိ၏ ။ အခြားသူ တော့ မဟုတ် ၊ ပွဲစားကြီး ၏ လူယုံတော် တစ်ဦး ပင် ဖြစ်သည် ။
ကျွန်တော် ဤ မြို့ကလေး သို့ ကုန်ရောင်း ရောက်ရှိခဲ့သည် မှာ ၁၀ ရက် ခန့်ပင် ကြာရှိလေပြီ ။ ဤ ရက်များ အတွင်း သူ သည် ကျွန်တော့် အား တစ်ခါဖူးမျှ လက်ဖက်ရည် သောက်ရန် ဖိတ်ကြားခြင်း မရှိခဲ့ ။ ယခုမှ လက်ဖက်ရည် တိုက်ရန် စေတနာ ပေါ်ပေါက်လာခြင်း မှာ အတော်ပင် ဆန်းနေသည် ။
“ နေပါဦးဗျ ... ကျွန်တော် ဒီ မြို့ကလေး ကို ကုန်ရောင်း ရောက်နေတာ ၁၀ ရက် လောက် ရှိနေပြီ ။ အဲဒီ ရက် အတွင်း ခင်ဗျား ကျွန်တော့် ကို တစ်ခါမှ လက်ဖက်ရည် မတိုက်ဖူးဘဲ နဲ့ အခုမှ လက်ဖက်ရည် တိုက်ချင်တဲ့ စေတနာ ပေါ်ပေါက် လာတာ က အတေ့်ကို ထူးဆန်းနေသဗျ ”
သူ သည် ကျွန်တော့် အား မျက်စိ တစ်ဖက် မှိတ် ပြလိုက်ပြီးနောက် လေသံ ခပ်တိုးတိုးဖြင့် “ လက်ဖက် ရည်ဆိုင် ကိုသာ လိုက်ခဲ့ပါဗျာ ၊ ဟို ရောက်တော့ ပြောပြပါ့မယ် ” ဟု ဆိုသဖြင့် ကျွန်တော် ကလည်း ငြင်း ဆန်ခြင်း ပြု မနေဘဲ ခပ်အေးအေး ပင် ထ လိုက်ခဲ့သည် ။ လက်ဖက်ရည်ဆိုင် သို့ ရောက်သော အခါ သူသည် ငါးကျပ်တန် တစ်ချပ် ကို စားပွဲ ပေါ် သို့ တင်လိုက်ရင်း “ အဟီး ... ပွဲစားကြီး ရဲ့ ကောင်းမှုတော်ပေါ့ဗျ ... ” ဟု ရွတ်ဆိုလိုက်၏ ။
ထို့နောက် သူ သည် လက်ဖက်ရည် နှစ်ပွဲ နှင့် မုန့်များပါ ယူလာခဲ့ရန် ဆိုင်ရှင် အား မှာကြား လိုက်ပြီး နောက် ကျွန်တော့် အား အကျိုးအကြောင်း ကို ရှင်းပြနေသည် ။
နံနက် က ရောက်လာသော မိန်းမပျို မှာ ပွဲစားကြီး သရုပ်ဖော် ပေးသလို မိန်းမကုန်သည် တစ်ဦး မဟုတ်ဘဲ ပွဲစားကြီး ၏ အပျော်မယား သာလျှင် ဖြစ်ကြောင်း ၊ ဤ အပျော်မယား နှင့် ပျော်ပါးလို၍ ပွဲကတော် အား ကုန်ဖိုး တောင်းခံရန် ဟု ဆိုကာ ချောက်မြို့ သို့ ဉာဏ်ဆင်ပြီး လွှတ်လိုက်ခြင်း ဖြစ် ကြောင်း ၊ ယခု ပျော်ပါးသည့် အချိန်တွင် လည်း ကျွန်တော် ရှိနေ ပြန်၍ သူ့ အား ငွေငါးကျပ် ထုတ်ပေးကာ ကျွန်တော့် အား လက်ဖက်ရည်ဆိုင် သို့ ခေါ်ဆောင် သွားရန် စေခိုင်းသည့် အတွက် ယခုလို ခေါ်လာရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည် ။
လက်ဖက်ရည် နှင့် မုန့်များ ရောက်လာပြီ ဖြစ်၍ စားသောက်ကြရင်း မှ သူ က ဆက်ရန် ရှိနေသေး
သော နောက်ဆက်တွဲ ကို ထပ်မံ၍ ပြောပြ နေပြန်၏ ။ ယခုလို ပွဲကတော် အား ချောက်မြို့ သို့ ဉာဏ်ဆင် လွှတ်ပြီး သူ့ အပျော်မယားကလေး နှင့် ချိန်းတွေ့ကြခြင်းမှာ ၊ ရိုးရိုးတန်းတန်း ပျော်ပါးရုံမျှ မဟုတ်ဘဲ နည်းသစ် တစ်မျိုး ကို စမ်းသပ် ကြည့်ရန် အတွက် လည်း ဖြစ်သည် ဟု ဆို၏ ။
ပွဲစားကြီး ၏ ဝါသနာ ကို အတွင်းသိ အပြင်သိ ဖြစ်နေသော ရန်ကုန် မှ ကုန်သည်တစ်ဦး က ကုန်ရောင်း လာရောက်ရင်း မဖွယ်မရာ စာအုပ် တစ်အုပ် ကို လက်ဆောင် ပေးသွားသည် ဟု ဆို၏ ။ သူ သည် ထိုစာအုပ် ကို လူမြင်ကွင်း ၌ မဖတ်ဝံ့ သော်လည်း ကွယ်ရာတွင် စေ့စေ့စပ်စပ် ဖတ်ရှုလေ့လာပြီး နောက် ၊ ထို စာအုပ် ထဲ မှ သဘောတရားများ ကို လက်တွေ့ ကျင့်သုံးလိုသော ဆန္ဒ မှာ ချုပ်တည်း မနိုင်အောင် ပြင်းထန် ကြွမောက်လာသည် ဟု ဆိုပါသည် ။
ထို့ကြောင့် ပွဲကတော် ကို ချောက်မြို့သို့ ကြွေးတောင်း လွှတ်ကာ သူ့ အပျော်မယားကလေး ကို ချိန်းတွေ့ခြင်းပင် ဟု နိဂုံးချုပ်ပါလေတော့သည် ။
ကျွန်တော် ကတော့ ပြုံး လို့သာ နေမိပါသည် ။ “ ပုထုဇ္ဇနော ဥမ္မတ္တကော ” - ပုထုဇဉ် မှန်သမျှ အရူး ချည်း သာ ဟု စာဆို ရှိသော်လည်း ၊ ဤလို ပွဲစားကြီးမျိုး နှင့် ထို့ထက် အဆင့်အတန်း မြင့်သော အထက်တန်းစားများ သာ အားလပ်ချိန် များများ ရသဖြင့် ကြံကြံဖန်ဖန် အရူးထ နိုင်ကြပါသည် ။ ဆင်းရဲသားများ မှာမူ ဝမ်းရေး အတွက် နေ့မနား ညမနား အပြေးအလွှား ရှာဖွေကြိုးပမ်း နေကြရ သဖြင့် ဤသို့ အရူး မထနိုင်အားကြပါ ။ အရူး ထ တတ်သော အလေ့အလာများ လည်း မရှိကြဖူးပါ ။
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် တွင် စကား ပြောလိုက် ၊ လက်ဖက်ရည် သောက် လိုက်ဖြင့် တစ်နာရီ ခန့် အချိန် ကြာမြင့်သွားမှ ပွဲစားကြီး လက်ဖက်ရည်ဆိုင် သို့ ရောက်ရှိလာသည် ။ သူ့ မျက်နှာ တွင် ချွေးသီး ချွေးပေါက်များ စိုရွှဲနေကာ အတော်ပင် နွမ်းနယ်မောပန်း လာပုံ ရပေသည် ။
သူ သည် လက်ဖက်ရည် ဆိုင်ရှင် အား “ အိုဗာတင်း ” တစ်ခွက် မှာ လိုက်ပြီး နောက် သူ့ လက် ထဲတွင် အသင့် ပါလာသော ကြက်ဥ နှစ်လုံး ကိုပါ ပေးအပ် လိုက်ကာ ၊ ထို ကြက်ဥ ကို ပါ ထည့်၍ ဖျော်ခဲ့ရန် အမိန့် ပေးလိုက်သည် ။ ကျွန်တော် ကတော့ သူ လုပ်နေပုံ ကို သာ တည်ငြိမ်စွာ ကြည့်နေ မိသည် ။ ကျွန်တော် ၏ အကြည့် တွင် စက်ဆုပ်မုန်းတီးခြင်း နှင့် ရှုတ်ချကဲ့ရဲ့ခြင်း အရိပ်အယောင်များ ပါရှိ သွားဟန် တူ၏ ။ သူ သည် ကျွန်တော် ၏ အကြည့် တွင် မနေတတ် မထိုင်တတ် နှင့် ရှိုးတိုးရှန့်တန့် ဖြစ်သွား ပုံရပါသည် ။
ကျွန်တော် သည် သူတို့ နှင့် စကား ဆက်လက် ပြောဆိုရန် ဆန္ဒ မရှိတော့ သဖြင့် သူတို့ ကို ခွဲခွာကာ ပွဲရုံ သို့ ပြန်လာခဲ့၏ ။ ပွဲရုံ တွင် သူ ၏ အပျော်မယားကလေး မှာ မရှိတော့ပေ ။ ကျွန်တော် ၏ မျက်စိ ထဲ ၌ နေပူကျဲကျဲ တွင် အဓိပ္ပာယ် မရှိသော ခရီး ကို သွား နေရရှာသော ပွဲကတော် ၏ သနားစရာ့ ရုပ်သွင် ကို သာ ထင်မြင် နေသည် ။
( ၅ )
ချစ်စဖွယ့် ဆည်းဆာ သည် အညာမြေ ၏ သရုပ်ဖော် ရှုခင်း ကို သူ ၏ နီရောင်လွင်သော စုတ်ချက်ဖြင့် လှပစွာ မှုန်းခြယ်၍ နေပေပြီ ။ ဆည်းဆာ ၏ အလှ နှင့် မဟပ်မိသော အညာလေ ကတော့ တဟူးဟူး တဝီဝီ ဖြင့် သောင်းကျန်း တိုက်ခတ် နေပေရာ ၊ သဲဆန်သော အညာမြေ မှ သဲပွင့်ကလေးများသည် တည်ငြိမ်ရာ မရရှာဘဲ လှုပ်ရှားပျံဝဲ၍ နေကြသည် ။ လမ်းသွားလမ်းလာ လူ အပေါင်းသည် မျက်စိ ထဲ သဲ ဝင်မည် စိုး၍ မျက်နှာ ရှေ့ တွင် လက်ဝါး ကာပြီး လျှောက် နေကြရ၏ ။
ချောက်မြို့ သို့ ကုန်ဖိုး သွား တောင်းသော ပွဲကတော် ကား ပြန်လာလေပြီ ။ ပွဲရုံဝင်း ထဲသို့ ဝင်လာသော ပွဲကတော် ၏ မျက်နှာ တွင်ကား ဒေါသရောင် သမ်းနေ၍ ၊ သူ ၏ နှုတ်ခမ်း မှာ လည်း စူတူတူကလေး ဖြစ်နေ၏ ။ ပူပြင်းလှသော ရာသီဥတု ဝယ် ခရီး အတော် ပန်းလာခဲ့ ဟန် ဖြင့် သူ ၏ မျက်နှာ မှာ နွမ်းလျနေ၏ ။ သို့သော် ဒေါသ က ဆောင်ထား၍ နွမ်းလျခြင်း မှာ မသိမသာ ညိူးမှိန် နေ၏ ။
အလိုက် သိတတ်၍ ပါးနပ်လှသော ပွဲစားကြီး က လည်း ပွဲရုံဝ သို့ ကိုယ်တိုင် ထွက်ကြိုကာ -
“ သြော် ... မင်း ပြန်လာမှ ကိုး ၊ ဘယ့်နှယ် ... ခရီး အတော် ပန်းလာ မှတ်တယ် ၊ ကုန်ဖိုး ငွေ ကော တောင်းလို့ ရခဲ့ရဲ့လား ” ဟု စကား အဆက် မပြတ်အောင် လေပြေ ထိုးနေ၏ ။
“ ရှင် ကျုပ် ကို မြန်မြန် သေအောင်လို့ ညှဉ်းစရာ မရှိ ကြံဖန်ပြီး ညှဉ်းဆဲ နေတာ မဟုတ်လား ဟင် ၊ ပေးစရာ ရှိတဲ့ ကုန်ဖိုးငွေ တွေ ကို လွန်ခဲ့တဲ့ တစ်လ လောက် ထဲ က ရှင့် ကို အပြေ ရှင်းပေးပြီးပြီ ဆိုပါ ကလား ။ ဒါနဲ့များ ကျုပ် ကို သက်သက် ထပ် လွှတ်တာက ဘာသဘောလဲ ဟင် ၊ ပြောစမ်းပါဦး ”
ပွဲကတော် ကား ခရီး ရောက်မဆိုက် ပင် ကောက်ကာ ငင်ကာ နှင့် ရန်တွေ့ နေလေပြီ ။ သို့သော် ဤ အဖြစ် ကို ကြိုတင် မျှော်လင့်ထား၍ အသင့် ပြင်ဆင်ထားပြီး ဖြစ်နေသော ပွဲစားကြီး လည်း မှင်သေသေ နှင့် ပင် -
“ နေစမ်းပါဦးဟာ ... ငါ စဉ်းစားပါရစေဦး ” ဟု ဆိုလိုက်ကာ စူးစိုက်စွာ စဉ်းစားနေဟန်ဖြင့် မျက်နှာ ကို အပေါ် မော့၍ မျက်မှောင် ကိုကြုတ်ကာ မျက်လုံး ကိုလည်း မှေးထား လိုက်ပါသည် ။ အတန်ကြာ မှ ဗြုန်းခနဲ သတိရလာ သလို ဟန်မူရာမျိုး ဖြင့် ပါးစပ် ကို ဟ ကာ မျက်ခုံး နှစ်ဖက် ကို အပေါ်သို့ မြှင့်ချီ လိုက်ပြီး နောက် ၊ မျက်နှာ ကို လည်း ကြည်ကြည်လင်လင် ဖြစ် သွားအောင် ပြောင်းလဲ ပစ်လိုက်ရင်း -
“ အေး ... ဟုတ်သားပဲဟ ၊ ကြည့်စမ်း ... ငါ မေ့တောင် နေတယ် ။ အင်း ... အလုပ် ကလည်း များ ၊ အသက်ကလေး ကလည်း နည်းနည်း ထောက်လာပြီ ဆိုမှဖြင့် တယ်ပြီး မေ့တတ် လျော့တတ်သကိုး ”
သူ့ အမူအရာ မှာ မှင်သေသေ နှင့် သဘာဝ ကျလွန်းလှ၍ ပွဲကတော် ၏ ဒေါသကလေး မှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ရရှာပါပြီ ။ ဤတွင် ဒေါသ ကွယ်ပသွားသော ပွဲကတော် ၏ မျက်နှာပြင် ကို ခရီးပန်း ၍ နွမ်းလျသော အသွင် က လုံးဝ ပင် လွှမ်းမိုး လိုက်ပါသည် ။
“ ငါ့ မလည်း လွှတ်ပြီးမှ နောင်တ ရမိတယ် ၊ နေပူ ထဲ သွားရလို့ ခရီးပန်းပြီး ဖျားများ နေမလားဟဲ့ ၊ ကားလမ်း ဓားပြတွေ နဲ့ များ သွားတိုး နေမလားဟဲ့ နဲ့ တစ်နေ့လုံး ပူလိုက်ရတာ ၊ အခုမှ ပဲ စိတ်အေး ရတော့တယ် ။ ကဲ ... ကဲ ... အေးအေးဆေးဆေး သွား ထိုင်ပြီး အနားယူ လိုက်ဦး ၊ အနားယူလိုက်ဦး ။ ဟေ့ ... ဖိုးတုတ် ၊ ဈေးနား က ဖျော်ရည်ဆိုင် မှာ လိုင်းမကြူး တစ်ခွက် လောက် အမြန် သွား ဝယ်စမ်း ... မြန်မြန်ဟေ့ နော် ... မြန်မြန် ”
ဒေါသ ကွယ်ပ သွား၍ အထီးတည်း ကျန်ရစ် ခဲ့သော ပွဲကတော် ၏ မျက်နှာပြင် မှ ခရီးပန်း ၍ နွမ်းလျသော အသွင် ကို လည်း ပွဲစားကြီး သည် ဤ စကားလုံးများဖြင့် အောင်မြင်စွာ ဖယ်ရှား ပစ်လိုက် နိုင်ခဲ့ပါပြီ ။ ယခု အချိန်တွင် ပွဲကတော် သည် သူ ၏ ချစ်လင် က ချောက်မြို့ သို့ ထပ် လွှတ်ရုံမျှ မက “ ဧဝရက် ” တောင်ထိပ် ကို တက်ခိုင်းစေကာမူ အပြေး တက်ရန် အသင့် ရှိနေပါပြီ ။ သနားစရာ့ ပွဲကတော် ။
ကျွန်တော် သည် ပွဲကတော် ကို စူးစိုက် ကြည့်ရင်း “ ပွဲကတော် မရှိခိုက် တွင် ပွဲစားကြီး သည် သူ ၏ အပျော်မယားကလေး တစ်ဦး နှင့် ကမြင်းထ နေပါသည် ” ဟု ထုတ် ပြောလိုသော ဆန္ဒ ကို မနည်းပင် မျိုသိပ် ထားလိုက်ရပါသတည်း ။
☐ ကြယ်နီ
📖ဝတ္ထုတို ပေါင်းချုပ်
No comments:
Post a Comment