❝ ကတိသစ္စာ ခိုင်မြဲသည့် အိမ်ရှေ့မင်း ❞
ရှေးသရော အခါ ဘုရင်မင်းမြတ် တစ်ပါး သည် ညီတော် ကို အိမ်ရှေ့မင်း အရာ ပေးကာ တိုင်းပြည် ကို မင်းကျင့်တရား ဆယ်ပါး နှင့် အညီ အုပ်ချုပ် စိုးစံလေ၏ ။ တစ်ခါသော် ဘုရင်မင်းမြတ် သည် ညီတော် အား အရွယ် ရောက်နေပြီ ဖြစ်သဖြင့် မင်းဆွေမင်းမျိုး ထဲ မှ မိန်းမပျို တစ်ဦးဦး ကို ကြင်ယာတော် အဖြစ် ရွေးချယ်ပါရန် တိုက်တွန်း အကြံပေးလေသည် ။ အိမ်ရှေ့မင်း လည်း နောင် တော်မင်းကြီး ၏ အကြံပေး တိုက်တွန်းချက် ကို ငြင်းပယ်လိုက်ပြီးလျှင် သူ နှစ်သက်ချစ်မြတ်နိုးသူ မိန်းမပျို ကို တွေ့ရှိပါက ကျေးတောသူ ပင် ဖြစ်စေ ကြင်ယာတော် အဖြစ် ရွေးချယ်ပါမည် ဟု လျှောက်ထားလေ၏ ။ မင်းကြီး လည်း ညီတော် ၏ လျှောက်ထားချက် ကို သဘောတော် မတွေ့သည် နှင့် ညီတော် သည် မင်းဆွေမင်းမျိုး မဟုတ်သူ ကို ကြင်ယာတော် အဖြစ် ရွေးချယ်ပါ က အိမ်ရှေ့မင်း အရာ ကို စွန့်လွှတ်ရမည် ဟု မိန့်တော်မူသည် ။ အိမ်ရှေ့မင်း လည်း အကယ်၍ သူ ချစ်နှစ်သက်သည့် ဖူးစာရှင် ကို တွေ့ရှိပါလျှင် အိမ်ရှေ့မင်း အရာ ကို သာ မဟုတ် အခြား မည်သည့် စည်းစိမ် ကို မဆို စွန့်လွှတ်ရန် အသင့် ရှိကြောင်း ကတိပေး လျှောက်ထား လိုက်လေသည် ။
တစ်နေ့သော အခါ ဘုရင်မင်းမြတ် သည် တိုင်းပြည် ၏ အခြေအနေ မှန် ကို စုံစမ်း ထောက်လှမ်းရန် ညီတော် ကို စေလွှတ်လိုက်၏ ။ အိမ်ရှေ့မင်း လည်း နောင်တော် ပေးအပ်သည့် တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ရန် တစ်ကိုယ်တည်း ရုပ်ဖျက် လျက် နန်းတော် မှ ထွက်ခဲ့တော့၏ ။ သူ သည် သာမန် အရပ်သား တစ်ဦး ကဲ့သို့ ဝတ်ဆင်ထားပြီး လှပသည့် မြင်းဖြူကြီး ကို စီးထားရာ ခံ့ညားသော လုလင်ကြီး အသွင်ဖြင့် ကျက်သရေ ရှိနေ၏ ။ နေပြည်တော် အတွင်း စနည်းနာရင်း တဖြည်းဖြည်း မြင်း နှင့် လှည့်လည်ခဲ့ရာ မြောက်ပြင်အရပ် သို့ ရောက်ရှိလာတော့သည် ။ ထိုအချိန်တွင် မြောက်ပြင်သူဌေးကြီး ၏ လှပ ချောမွေ့သော သမီးပျို သည် လေသာပြတင်း ကို ဖွင့်ကာ အပြင်သို့ ငေးမော နေရင်း အဝေး မှ တဖြည်းဖြည်း နီးလာသည့် မြင်းဖြူကြီး နှင့် လုလင် သည် ပနံရလှ သဖြင့်မျက်တောင် မခတ် ကြည့်ရှုနေမိ၏ ။ မြင်းမြူကြီး စီးလာသော လုလင် လည်း သူဌေးကြီး ၏ အိမ် အနီး ရောက်လတ်သော် ရုတ်တရက် အိမ်ပေါ် မော့ ကြည့်လိုက်ရာ သူဌေးကြီး ၏ သမီးပျို နှင့် အကြည့်ချင်း ဆုံ သွားကြလေသည် ။ လုလင်ကြီး သည် မြင်း ကို ရပ်တန့်လိုက်ပြီး မိန်းမပျို ၏ အလှတွင် နစ်မြောကာ ငေးမော ကြည့်နေတော့၏ ။ အတန်ကြာသော် မိန်းမပျို သည် အိမ်အောက် ရောက်ရှိကာ ပန်းချုံ တစ်ချုံ ဘက် လျှောက်သွား နေသည်ကို တွေ့လျှင် လုလင်ကြီး သည် မြင်းပေါ် မှ ဆင်း၍ လိုက် သွားလေသည် ။ ပန်းချုံ နားတွင် နှစ်ဦး ဆုံမိကြလျှင် လုလင်ကြီး က ချစ်ခွင့်ပန် ရာ မိန်းမပျို က လည်း အလွန်တကူ လက်ခံလေ၏ ။ သူတို့ နှစ်ဦး မေတ္တာ မျှကြလျှင် ထို ပန်းချုံ နား တွင် မကြာခဏ တွေ့ဆုံကြပြီး တစ်ဦး ကို တစ်ဦး လည်း မည်သည့် ဘေးအန္တရာယ် ဒုက္ခ နှင့်ပင် ရင်ဆိုင်ရ သော်လည်း မခွဲကြစတမ်း သစ္စာ ဆိုကြလေ၏ ။
သူဌေးကြီး ၏ သမီးပျို နှင့် မြင်းဖြူကြီး စီးလာသော လုလင်ကြီးတို့ မကြာခဏ တွေ့ဆုံ ကြသည့် သတင်းသည် အစေခံများ မှ တစ်ဆင့် သူဌေးကြီး ၏ နားသို့ ပေါက်ကြား သွားတော့သည် ။
“ ငါ့ သမီး လို ချောမောတဲ့ သူဟာ အညတရတွေ နဲ့ ထိုက်တန်တာ မဟုတ်ဘူးကွ ။ ဘုရင်မင်းမြတ် ကို မိဖုရား မြှောက်ဖို့ ဆက်သရမှာကွ ။ ဒီတော့ ငါ့ သမီး ကို လာ တွေ့နေတဲ့ ကောင်စုတ်ကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်သ,တ်ရမယ် ... သ,တ်ရမယ် ” ဟု မြောက်ပြင် သူဌေးကြီး သည် ယမ်းပုံမီးကျ ဒေါပွကာ ကြိမ်းမောင်း နေတော့သည် ။
အနား တွင် ရှိနေသော သူဌေးကတော်ကြီး လည်း သူဌေးကြီး ကို ကြည့်ပြီး “ ကိုရင် ခုလို ဒေါပွ ကြိမ်းမောင်း နေမယ့် အစား ဘုရင်မင်းမြတ် ကို သွား လျှောက်ချေပါလား ... ဒါမှ အညတရ အကောင်စုတ် ကို မင်းကြီး က အပြစ်ဒဏ် ခတ် ဆုံးမလိမ့်မယ် ” ဟု အကြံ ပေးလေ၏ ။
သူဌေးကြီး လည်း ဇနီး ဖြစ်သူ ၏ အကြံပေးချက် အတိုင်း နန်းတော် သို့ သွား ကာ မင်းကြီး ရှေ့တော်မှောက် ပင် “ ဘဝရှင် မင်းတရားကြီး ဘုရား ... ကျွန်တော်မျိုး ၏ သမီး မှာ သူ မတူအောင် ချောမောလှပသူ ဖြစ်သဖြင့် အရှင်မင်းကြီး ကို ဆက်သရန် ရည်ရွယ်ထားပါသည် ဘုရား ။ ယခုမူ မည်သည့် အရပ် က မှန်း မသိသော အညတရ လုလင် တစ်ဦး သည် ကျွန်တော်မျိုး ၏ သမီး နှင့် မကြာခဏ လာရောက် တွေ့ဆုံ နေကြကြောင်းပါဘုရား ... ”
မင်းကြီး လည်း သူ့ အား ဆက်သမည့် သမီးကညာ ကို အညတရလုလင် တစ်ဦး က အနှောင့်အယှက် ပြုဝံ့ရမည်လား ဟု ဒေါသအမျက် ထွက်လေသဖြင့် စစ်သူကြီး အား “ ငါ ၏ စစ်သူကြီး သည် ဤ မြောက်ပြင် သူဌေးကြီး ၏ သမီးပျို ကို မကြာခဏ လာရောက် တွေ့ဆုံသော ငမိုက်သားလုလင် ကို ဖမ်းဆီး၍ အကျဉ်းချ ထားရမည် ” ဟု အမိန့် ရှိတော်မူ၏ ။ စစ်သူကြီး လည်း နောက်လိုက်များ နှင့် အတူ မြောက်ပြင်သူဌေးကြီး အိမ် သို့ သွားရောက်ပြီး လုလင် အလာ ကို စောင့်ဆိုင်း နေကြလေသည် ။ ထို့နောက် ချစ်သူမိန်းမပျို နှင့် တွေ့ဆုံရန် လာသော လုလင်ပျို ကို ဝိုင်းဝန်း ဖမ်းဆီး လိုက်ကြသည် ။ စစ်သူကြီး လည်း လုလင်ပျို မှာ အိမ်ရှေ့မင်း မှန်း သိသော်လည်း ဘုရင်မင်းမြတ် ၏ အမိန့် ကို မလွန်ဆန်ဝံ့၍ အကျဉ်း ချပြီးနောက် မင်းကြီး ရှေ့တော်မှောက် ဝင်ကာ လုလင် ကို ဖမ်းဆီး အကျဉ်းချ ထားပါကြောင်း လျှောက်ထားလေ၏ ။ ဘုရင်မင်းမြတ်လည်း စစ်သူကြီး ကို ချီးကျူး ပြီးလျှင် အကျဉ်းသားလုလင် ကို ကြည့်ရှုရန် ရောက်လာခဲ့၏ ။ အကျဉ်းသား လုလင် သည် ညီတော် ဖြစ်ကြောင်း မြင်လေလျှင် မင်းကြီး သည် အံ့အားသင့် နေတော့သည် ။ ညီတော် နှင့် မျက်နှာချင်း မဆိုင်ရမီ နန်းတော် သို့ ပြန်ခဲ့လေသည် ။
နန်းတော် သို့ ရောက်သော် အချိန် အတန်ကြာအောင် စဉ်းစား ပြီးလျှင် မင်းချင်း တစ်ယောက် ကို ခေါ်၍ အသင် မင်းချင်း မြောက်ပြင်သူဌေးကြီး ၏ သမီး အား အကျဉ်းသားလုလင် နှင့် အတူ ငါ ၏ ရှေ့တော်မှောက် လာရောက် ခစားရမည့် အကြောင်း ပြောကြားပါလေ ” ဟု အမိန့်တော်မြတ် ချမှတ်လေ၏ ။
မကြာမီ အကျဉ်းသား ဘဝ ရောက်နေသည့် အိမ်ရှေ့မင်း နှင့် သူဌေးကြီးသမီး တို့သည် မင်းကြီး ရှေ့တော်မှောက် ရောက်ရှိလာကြလေသည် ။
သူဌေးကြီးသမီး လည်း ချစ်သူ အကျဉ်းသား ကို ကြည့်ကာ တုန်လှုပ် နေတော့သည် ။ သူ့ ချစ်သူ သည် မင်းပြစ်မင်းဒဏ် ခံရတော့မည် ဟု ယူကျုံးမရ ဖြစ်ပြီး မျက်ရည် အသွယ်သွယ် ကျနေ၏ ။ အိမ်ရှေ့မင်း သည် သူဌေးသမီး အား မစိုးရိမ်ပါရန် နှင့် မင်းပြစ်မင်းဒဏ် ခံရသည့် တိုင် အချစ် မပြယ်ပါကြောင်း နှစ်သိမ့်လေသည် ။ မင်းကြီး လည်း ညီတော် ကိုကြည့်ကာ ...
“ ဘယ်လိုလဲ ညီတော် ... တစ်ချိန် က ညီတော် ကိုယ်တိုင် ကတိပေး လျှောက်ထားချက် ကို ” အိမ်ရှေ့မင်း က လည်း “ ညီတော် ၏ လျှောက်ထားခဲ့သည့် ကတိ ကို အမြဲ မှတ်မိ နေကြောင်းပါ နောင်တော် ” ဟု ပြန်လည် လျှောက်ထားလိုက်၏ ။
“ ကိုင်း ... ကောင်းပြီ ညီတော် ။ ခု ... နောင်တော် မေးမြန်းတော်မူမယ် ။ ညီတော် သည် အိမ်ရှေ့မင်းစည်းစိမ် ကို စွန့်လွှတ်ကာ မိန်းမပျို နှင့် အတူ အကျဉ်းခံမည်လော ။ သို့မဟုတ် မိန်းမပျို ကို စွန့်လွတ်ကာ အိမ်ရှေ့မင်း အရာကို စိုးစံမည်လော ။ ဤ နှစ်သွယ် တွင် ညီတော် နှစ်သက်ရာ ကို ဆုံးဖြတ်ပေတော့ ” ဟု မင်းကြီး လည်း မိန့်ကြားလိုက်သည် ။
ထိုအခါ အိမ်ရှေ့မင်း လည်းပြုံးရွှင်သော မျက်နှာ ဖြင့် သူ သည် နောင်တော် မင်းကြီး အား ပေးခဲ့ဖူးသည့် ကတိ နှင့် မိန်းမပျို အပေါ် ထားခဲ့သည့် သစ္စာ ကို မပစ်ပယ်လို၍ အိမ်ရှေ့မင်းရာထူး နှင့် စည်းစိမ် ကို စွန့်လွှတ်ကာ မိန်းမပျို နှင့် အတူ အကျဉ်းခံမည့်အကြောင်း လျှောက်ထား လေသည် ။
တစ်ဖန် မင်းကြီး လည်း သူဌေးသမီး ကို ကြည့်ပြီး ..
“ ကိုင်း ... သူငယ်မ ... သင် က ကော သင့် ချစ်သူ ကို စွန့်လွှတ်ကာ မိဘ အိမ် ပြန် နေမည်လော ။ သို့မဟုတ်သင့် ချစ်သူ နှင့် အတူ အကျဉ်းခံမည်လော ။ ဤ နှစ်ခု တွင် သင် ကြိုက်ရာ ကို ဆုံးဖြတ်ပါလေ ” ဟု မိန့်တော်မူပြန်ရာ သူဌေးသမီး လည်း သူ့ ချစ်သူ နှင့် အတူ အကျဉ်းခံမည့် အကြောင်း မဆိုင်းမတွ လျှောက်ထားလိုက်သည် ။
ဘုရင်မင်းမြတ် လည်း ညီတော် နှင့် သူဌေးသမီး တို့ ၏ လျှောက်ထားချက် ကြောင့် ခေါင်း တညိတ်ညိတ် ပြုံးရယ်လျက် “ အင်း ... ညီတော်တို့ နှစ်ဦး ၏ အချစ်သည် စစ်မှန်သော မေတ္တာဖြစ်ပေသည် ။ ညီတော် သည်လည်း ကတိသစ္စာ ကို ခိုင်မြဲအောင် စောင့်ထိန်းနိုင်သူ ဖြစ်သဖြင့် အိမ်ရှေ့မင်း အရာ ကို စွန့်လွှတ်စရာ မလိုဘဲ မိန်းမပျို အား ကြင်ယာတော် အဖြစ် ရွေးချယ်ခွင့် ပြုပါမည် ” ဟု အမိန့် ရှိလေ၏ ။
မင်းကြီး ၏ မိန့်ကြားချက် ကြောင့် အိမ်ရှေ့မင်း နှင့် သူဌေးသမီး လည်း တစ်ဦး ကို တစ်ဦး ကြည့်ကာ နှစ်ခြိုက်စွာ ပြုံးနိုင်ကြတော့၏ ။
နောက်တစ်နေ့ နန်းတွင်းသူ နန်းတွင်းသားတို့ စုံရာ ညီလာခံ တွင် အိမ်ရှေ့မင်း လည်း သူဌေးသမီး ကို သူ ၏ ကြင်ယာတော် အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်လေသတည်း ။
▢ အေးမိုး - အထောင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ စက်တင်ဘာ
No comments:
Post a Comment