❝ ရတနာဒီပံတဲ့ဟေ့ ❞
( မောင်ဝဏ္ဏ )
ကျွန်တော်တို့ မြို့နယ် ထဲမှာ လွန်ခဲ့တဲ့ လေးငါးရက် လောက်က မီးလောင်မှု တစ်ခု ဖြစ်ပါတယ် ။ အိမ် ခြောက်လုံးလောက် မီးဘေးသင့် သွားပါတယ် ။ အရပ် ကလည်း ဝိုင်းငြိမ်း ၊ မီးသတ်ကား လည်း အရောက် မြန်လို့ သက်သာသွားပါတယ် ။
နွေရာသီမှ ဝင်မယ် မကြံသေးဘူး ၊ မီးဘေး က စလာပါပြီ ။ မီးလောင်မှုတွေ မှာ အများဆုံး ဖြစ်လေ့ရှိတဲ့ အကြောင်းရင်းကတော့ ပေါ့ဆမီးပါပဲ ။
ခုနပြောတဲ့ မီးလောင်မှု ဟာလည်း ပေါ့ဆမှု က စတယ်လို့ ဆိုပါတယ် ။ ဘာကြောင့် လောင်တယ် ဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ် ။
လူပြောသူပြော ကြားရတာကတော့ ဘုရားမီး ပူဇော်ရာ က စ လောင်တယ်တဲ့ ။ လောင်တဲ့ အချိန်က ညဉ့် တစ်နာရီ လောက် ။
ယတြာချေဖို့ ၊ ဓာတ်ဆင်ဖို့ ဆေးဖယောင်းတိုင်ကြီး ဆိုလား ၊ ရတနာဒီပံ ဆိုလား ထွန်းညှိ ပူဇော်သတဲ့ ။ ဘုရားစင် မှာ မီးပူဇော် ၊ လိုရာတွေ ဆုတောင်း ၊ ပြီးတော့ အိပ်လိုက်ကြသတဲ့ ။ သူတို့ ပူဇော်လေ့ရှိတဲ့ ဖယောင်းတိုင် က အကြီးကြီးတွေ ၊ ဝါဆို ဖယောင်းတိုင်ကြီးတွေ တဲ့ ။ အဲဒီ ဖယောင်းတိုင်ကြီးတွေ မှာ အင်းတို့ ၊ ဂါထာမန္တန်တို့ ရေးထားတဲ့ စက္ကူပတ်ကြီး ပတ်ထားသတဲ့ ။ ဖယောင်းတိုင် မှာ စက္ကူ ပတ်ထားတော့ လောင်အား ပို ကောင်းမှာပေါ့ ။
ဝါဆို ဖယောင်းတိုင်ကြီးတွေ ဟာ အနည်းဆုံး နှစ်နာရီ လောက်တော့ လောင်ကျွမ်း ထွန်းလင်းနေတာပါ ။
အိပ်ပျော်သွားတဲ့ အချိန်မှာ အဲဒီ ဖယောင်းတိုင်ကြီး က လဲကျ သွားပြီး ဘုရားစင် ကို ကာ ထားတဲ့ ဇာခန်းဆီးစ ကို မီးစွဲ သတဲ့ ။ အဲဒီက တစ်ဆင့် မီးလောင်တော့တာပါပဲတဲ့ ။
ဒါက ဘေးနားက လူတွေ က ပြောတာပါ ။ ဖြစ်တန်ရာ ကို မှန်းပြီး ပြောကြတာ ဖြစ်ပါလိမ့်မယ် ။ ဘယ်လိုက ဘယ်လို စပြီး မီးလောင်တယ် ဆိုတာ ကိုတော့ ကာယကံရှင်တွေ ကိုယ်တိုင် တောင် တိတိကျကျ သိမယ် မဟုတ်ပါဘူး ။ ဘာကြောင့်ဆို သူတို့ အိပ်ပျော်နေကြတာကိုး ။
ယတြာ ၊ ဓာတ်ဆင် ဓာတ်ရိုက် ဖယောင်းတိုင်ကြီး လဲကျရာ ကနေ စ လောင်တာ ဆိုရင်တော့ ပြောစရာတွေ ရှိလာပါတယ် ။
ဗေဒင်ပညာ ကို ကျွန်တော် လေးစားပါတယ် ။ လောကီရေး ကိစ္စတွေ အတွက် ရှေး အစဉ်အဆက် က ရှိခဲ့တဲ့ ပညာ မဟုတ်လား ။ ညာဝါး ဖြန်းသန်း တာတွေ ရှိသလို အစစ်အမှန် လည်း ရှိပါလိမ့်မယ် ။
ပြီးတော့ သောက ရောက်နေတဲ့ သူတွေ ကို စိတ်သက်သာရာ သက်သာကြောင်း တစ်နည်းတစ်လမ်း အားဖြင့် ကူညီပေးရာ လည်း ရောက်ပါတယ် ။ မပြေလည်တာ တစ်ခုခု ကြုံလာရင် ဒါမှမဟုတ် လုပ်ငန်း တစ်ခု ဆောင်ရွက်တော့မယ် ဆိုရင် ဗေဒင် မေးပြီး ယတြာ ချေတာတို့ ၊ အခါကောင်း ရွေးတာတို့ကြောင့် အဲဒီ ယုံကြည်တဲ့ သူမှာ အသင့်အတင့် စိတ်သက်သာရာ ရစေမှာပါ ။ လုပ်ငန်း အပေါ် ယုံကြည်ချက် ရှိလာမှာပါ ။ ဖြစ်တာ မဖြစ်တာ နောက်ထား ၊ လောလောဆယ် တော့ ယုံကြည်သူ အဖို့ ကျေနပ်မှု တစ်စုံတစ်ရာ ရနိုင်ပါတယ် ။ ဓာတ်တွေ ၊ ယတြာတွေပဲ အားကိုး နေပြီး ဘာအလုပ် မှ မလုပ်ရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။
ဗေဒင် ကို မယုံကြည်လို့ ဗေဒင် မမေးတဲ့ သူတွေကို အပြစ် ပြောစရာ မရှိ သလို ၊ ယုံကြည်လို့ မေးတဲ့ လူတွေ ကိုလည်း မေးပါစေ ။ တန်ဖိုး မကြီးတဲ့ ယတြာတွေ ချေတာလည်း ချေပါစေ ။ ဖယောင်းတိုင် နှစ်ဆယ် အစိတ်ဖိုး လောက် နဲ့ စိတ်သောက နည်းနည်း သက်သာတယ် ဆို နည်းလား ။ ရွှေမင် သုတ်တားတဲ့ ဖယောင်းတိုင်ကြီး တစ်တိုင် ကို တစ်ထောင် နှစ်ထောင် ဆိုရင်တော့ စဉ်းစားပေါ့ ။
ဘာပဲဖြစ်ဖြစ်လေ ဆေးဖယောင်းတိုင်ကြီးတွေ အိမ် မှာ ထွန်းတော့မယ် ဆိုရင်တော့ မီး မလောင်အောင် ကြိုတင် ကာကွယ်ထားရပါလိမ့်မယ် ။ ဖယောင်းတိုင်ကြီး မီးသေတဲ့ အထိ ဘုရား ရှိခိုးရင်း စောင့်ပေါ့ ။ အဲဒါတော့ အကောင်းဆုံး နည်းပါပဲ ။
အဲ .... မစောင့်နိုင်ဘူး ဆိုရင် သတ္တုဇလုံ ၊ ကြွေရည်သုတ် သံဇလုံ ခပ်ကြီးကြီး ထဲမှာ ဖယောင်းတိုင် ထွန်းပေါ့ ။ ပြီးတော့ အဲဒီ ဇလုံ ထဲ ရေထည့်ထားပေါ့ ။ ဖယောင်းတိုင် လဲကျသည့် တိုင် ဇလုံ ထဲမှာပဲ လဲနိုင်ဖို့ အထိတော့ အောက်ခံ ဇလုံ က ကြီးရပါလိမ့်မယ် ။ ဖယောင်းတိုင် မီးရှိန် တက်မယ့် အထက် တည့်တည့်မှာ ဗိတန် ခေါ်တဲ့ ပိတ် အစရှိတဲ့ လောင်စာ မရှိဖို့လည်း လိုတာပါပဲ ။ ဘုရားစင် က ခေါင်မိုး နဲ့ ကပ်နေပြီး ခေါင်မိုး ကလည်း ဓနိ စတဲ့ မီးလောင်လွယ်တာမျိုး ဆိုရင်တော့ ဖယောင်းတိုင်မီး ၊ ဆီမီး စတာတွေ ပူဇော်ရင် မီးငြိမ်းတဲ့ အထိ စောင့်တာပဲ ကောင်းပါတယ် ။ ဘုရား ရှိခိုးရင်း စောင့်လိုက်ပါ ။ ဘုရားရှိခိုး ရင် စိတ် တည်ကြည်ငြိမ်သက် လာပါလိမ့်မယ် ။ စိတ်သောကတွေ ရှိရင်လည်း တန်သလောင် ငြိမ်းမှာပါပဲ ။ လောကဓံ တရား ကို ဆင်ခြင် နှလုံးသွင်း နိုင်တဲ့ ပုဂ္ဂိုလ်များ ဆိုရင် သောကငြိမ်း မှာ သေချာပါတယ် ။
ဆေးဖယောင်းတိုင်ကြီး ထွန်းညှိ ပူဇော်တယ် ဆို ကတည်းက သောက ဒါမှမဟုတ် လောဘတွေ ပါ နေမှာပါပဲ ။ တရားတော် မှာ ဟောတာ က လောဘ သတ်ဖို့ပါ ။ သောက ငြိမ်းဖို့ပါ ။ ဖယောင်းတိုင် မီး တရှိန်ရှိန် တောက်သလို လောဘတွေ ၊ သောကတွေ တောက်လောင်ဖို့ မဟုတ်ပါဘူး ။
စိတ်ကျေနပ် ကြည်နူးမှု ရအောင် ဘုရားမီး ပူဇော်တယ် ဆိုရင် လည်း ဖယောင်းတိုင် သေးသေးလေးတွေ ပူဇော် လို့ ရပါတယ် ။ က်ိုယ် ဘုရား အာရုံ ပြုနေမယ့် အချိန် တစ်နာရီလောက် ကြာမယ် ဆိုရင် တစ်နာရီ အတွင်း ငြိမ်းမယ့် ဖယောင်းတိုင် နဲ့ ပူဇော်ပေါ့ ။ နာရီဝက် လောက် ကြာမယ် ဆိုရင်လည်း အသေးဆုံး ဖယောင်းတိုင်လေးတွေ ပူဇော်ပေါ့ ။
ဖယောင်းတိုင် သေးသေး နဲ့ ပူဇော်ရ ကောင်းလားလို့ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိရင်တောင် အပြစ် ဆိုမှာ မဟုတ်ဘူး ဆိုတာ စိတ်ချပါ ။
သက်တော်ထင်ရှား မြတ်စွာဘုရား က်ိုယ်တော်မြတ် ကို ကြည်ညိုလွန်းလို့ တစိမ့်စိမ့် ဖူးမြော်ရင်း တကောက်ကောက် လိုက် နေခဲ့တဲ့ “ အရှင် ဝက္ကလိ ” ဆိုတဲ့ ရဟန်းတော် ကို ဗုဒ္ဓမြတ်စွာ က ဟောကြားတဲ့ တရား ကို နှလုံးမသွင်းရကောင်းလား ၊ နိဗ္ဗာန် မျက်မှောက်ပြုဖို့ အတွက် မကျင့်ကြံရ ကောင်းလား ဆိုပြီး “ အချည်းနှီးသော ယောက်ျား ” ( အလကားကောင် ) လို့ မိန့်ဖူးပါတယ် ။
ဖယောင်းတိုင်မီး ၊ ဆီမီး ပူဇော်တဲ့ ကိစ္စ ကို က်ိုယ်ပိုင်ဉာဏ် နဲ့ စဉ်းစားကြပေါ့ဗျာ ။ မပူဇော်သင့်ဘူး လို့ မပြောပါဘူး ။ ဉာဏ် နဲ့ ယှဉ်ပြီး ပူဇော်ဖို့ ပြောတာပါ ။
လျှပ်စစ် ပျက်လို့ ဖယောင်းတိုင် ထွန်းရင်လည်း သတိထားရမှာပဲ ။ မလိုရင် မထွန်းနဲ့ပေါ့ဗျာ ။ အကုန်အကျတောင် သက်သာသေး ။
သည်စာစု အစပိုင်းမှာ ပါတဲ့ ဆေးဖယောင်းတိုင်ကြီး ပူဇော်မှု ဟာ တကယ်ပဲ အဲသလို ဆေးဖယောင်းတိုင် ကြောင့် မီးလောင်ရပါတယ် ဆိုရင် အကျိုး မဖြစ်တဲ့ အပြင် ရှိတဲ့ ပစ္စည်းလေးတွေ ပါ ပြောင်သွားတာ မဟုတ်လား ။ က်ိုယ် တင် မဟုတ်ဘူး ။ အနီးအနား အိမ်တွေ ပါ ဒုက္ခ ရောက်ကုန်ကြတယ် မဟုတ်လား ။ ဆင်ဆင်ခြင်ခြင် လုပ်ကြပါဗျာ ။
ယတြာတွေ ၊ ဓာတ်ဆင်တွေ ပေးတဲ့ ဆရာများကို လည်း တောင်းပန်ချင်ပါတယ် ။ ဆေးဖယောင်းတိုင် သေးသေးပဲ ပေးပါဗျာ ။ ဆရာတို့ ပညာ က ဖယောင်းတိုင် သေးသေးလေး နဲ့ လည်း အစွမ်းထက်တဲ့ အကြောင်း ပြရာ ရောက်တာပေါ့ ။ ဖယောင်းတိုင် မကုန်မချင်း ဘုရားရှိခိုးရမယ် ၊ ပုတီးစိပ် ၊ တရားထိုင်ရမယ် စသည်ဖြင့် လည်း ညွှန်ကြား ပေးစေလိုပါတယ် ။ ကုသိုလ် ပို ရတာပေါ့ ။ အန္တရာယ် လည်း တကယ် ကင်းတာပေါ့ ။
ကျွန်တော့် အိမ် မှာလည်း ဖယောင်းတိုင်ကြီး ကနေ စာအုပ်တွေ ကို မီးစွဲဖူးပါတယ် ။ အသိ မြန်လို့ ဘာမှ မဖြစ်တာ ။ “ မှတ်ကရော့ ” ဆိုပြီး မှတ်ထားရတယ် ခင်ဗျ ။
⎕ မောင်ဝဏ္ဏ
📖ကျွန်တော် အူကြောင်ကြား
No comments:
Post a Comment