Wednesday, June 4, 2025

ပစ်တိုင်းထောင် ( ၀၅ ) ( ၁ )


 

❝ ပစ်တိုင်းထောင် ❞
    အပိုင်း - ၅ ( ၁ )

တနင်္ဂနွေနေ့ တစ်နေ့ တွင် ကျွန်တော် သည် အလုပ် ကို မနိုင်အောင် ရှိတော့သည် ။ ထို့ကြောင့်လည်း ကျွန်တော် ၏ မိတ်ဆွေသစ် အေးမောင် က ကျွန်တော့် အား ကူညီပေး၏ ။ အေးမောင် သည် လူရှုပ် ဖြစ်၏ ။ သူ သည် အလုပ်မျိုးစုံ ကို လုပ်တတ်၏ ။ မြင်းပွဲနေ့ တွင် သူ သည် ကားသို့ လိုက်လေ့ မရှိ ။ လိုက်သည် ဆိုသော်လည်း ကြမ်းပိုးကျခြင်းသာ ဖြစ်လေသည် ။ ယခုလည်း အေးမောင် သည် ကျွန်တော့် ကား ပေါ်တွင် ကြမ်းပိုးကျနေ၏ ။

အလုပ် မနိုင်မှသာ ကျွန်တော် က သူ့ အား အကူအညီ တောင်းရ၏ ။ မြင်းပွဲ သို့ အသွားခေါက် တွင် လက်မှတ်စစ် တစ်ယောက်သည် ကျွန်တော့် ကားပေါ်သို့ တက်လာ၏ ။ လက်မှတ်များ ကို အသေအချာ စစ်နေ၏ ။ တချို့လက်မှတ်စစ်များ မှာ လေးငါးယောက် စစ်ပြီးလျှင် အရိပ်အကဲ စစ် ကြည့်၍ ဆင်းသွားတတ်၏ ။ ၎င်း လူကား တစ်ယောက်ချင်း လိုက်၍ စစ်နေ၏ ။ သို့ စစ်နေရင်း မှလည်း အေးမောင် အား လှမ်း၍ ပြောလိုက်သေး၏ ။

“ ဟေ့ ငကဲသစ် ရမလားဟေ့ ၊ လုပ်ပါကွာ ၊ ရွက်လှေ နှစ်စင်းလောက် ”

အေးမောင် သည် ရှေ့ အပေါက်တွင် ရပ်နေရင်း မှ ...

“ တုံးတယ်ဗျို့  ၊ တကယ် တုံးတယ် ၊ ငကဲ တော့ ရမှာ မဟုတ်ဘူး ”

လက်မှတ်စစ် သည် လက်မှတ်များ အကုန် စစ်ပြီးသော အခါ မကျေမနပ်ဖြင့် လက်မှတ် ထိုး ၍ ဆင်းသွားလေ၏ ။

“ မင်း လူက ဦးနှောက်ပါပဲကွာ ၊ စံပဲ ဟေ့ ၊ ဒီ ရက်ကြီးမှာ ငကဲပေါက်လေး ဘာလေး ကွာ လုပ်မထားဘူး ၊ ကျောင်းလေး ဘာလေး ပြန်တက်ပါစေဦး ”

ကျွန်တော် သည် လက်မှတ်စစ် ပြောသွားသော စကားများ ကို နား မလည်သဖြင့် အေးမော င်အား မေးကြည့်ရလေသည် ။

“ ဟေ့ ... ဘာလဲကွ ၊ လက်မှတ်စစ် က ငါ့ ကို မကျေနပ် သလို ပြော သွားတယ် ”

“ အေးပေါ့ကွ ၊ မင်း က တုံးတာကိုး ၊ ဒီရက် ဆိုတာ လက်မှတ် ကို အကုန် မဆုတ်ရဘူး ၊ ပိုက်ဆံ ပဲ တောင်းရတယ် ၊ ဒါမှ မြင်းပွဲဖိုးလေး ရတာ ပေါ့ ၊ လက်မှတ် မဆုတ်လို့ လက်မှတ်စစ် ကလည်း မဖမ်းဘူး ၊ ဥပမာ ... မင်း တစ်ခေါက် ဆိုရင် လေးငါးခြောက်ဆယ် အုပ်လို့ ရတယ် ၊ အဲဒါ လက်မှတ်စစ်လာရင် နှစ်ကျပ်လောက် ပေးလိုက်ရင် ပြီးတာပဲ ၊ အဲဒါကြောင့် မင်းကို ငကဲ မရလို့ သူ ဦးနှောက်ပဲ လို့ ညည်းသွားတာ... ”

“ ဘာလဲကွ ၊ ငကဲ ဆိုတာ ... ”

“ ငကဲ ဆိုတာ ပိုက်ဆံ ကို ပြောတာ ၊ မင်း ကလည်း ... တုံးပေ့ကွာ ”

“ ဦးနှောက် ဆိုတာ ကရော .. ”

“ စိတ်ပျက် သွားတယ်ပေါ့ကွာ ၊ ပိုက်ဆံ မရတော့ စိတ်ပျက်တာပေါ့ ၊ နို့မို့ရင် တွဲပွဲလေး ဘာလေး တွဲရတာပေါ့ ”

အေးမောင် က ရှင်းပြမှပင် ကျွန်တော့် မှာ လိပ်ပတ်လည် တော့သည် ။ အေးမောင် သည် ကားပေါ် လိုက်လာ သော်လည်း တစ်နေ့လုံး မြင်းပွဲ အကြောင်း ကိုသာ စပ်စုနေတော့သည် ။

“ ရှေ့က ဘာ ဝင်လဲဗျ ” ဟု မေးရသည်လည်း အမောပင် ။ ညနေပိုင်း သို့ရောက်သောအခါ အေးမောင် သည် မြင်းပွဲ တွင် ဆင်း၍ နေခဲ့သည် ။

မြင်းပွဲ ပြီးချိန်၌ ကျွန်တော့် မှာ တစ်ယောက်တည်း ချာချာလည်၍ နေတော့သည် ။ သည် အထဲ တွင် အမူးသမားများ ၊ ရှုံးလာသူများ ကို အထူး သည်းခံရသေး၏ ။ မမှားအောင် လည်း သတိထားရ၏ ။ ဆင်းချင်သော မှတ်တိုင် ကို ရပ်ပေးရန်လည်း ကိုမြ အား သတိပေးရ၏ ။ ကိုမြ သည် မြင်းပွဲ အလယ်ကောင် မတိုက်၍ စိတ်တို နေ၏ ။ ကိုမြ စိတ်တို နေသဖြင့် ကျွန်တော်  က ခရီးသည်များ အား ပြေပြစ်အောင် ဆက်ဆံ နေရသည် ။ မြင်းပွဲ လူများ ရှင်းသွား မှ ကျွန်တော် တို့ ဂိတ်၌ ခဏ နားကြရ၏ ။ ထိုအတွင်း မှာပင် အေး မောင် သည် အပြေးအလွှား ရောက်လာသည် ။

“ လာကြဗျာ ၊ ကောက်အီဆိုင် သွားမယ် ၊ ရှပ်ကလေး ဘာလေး ကိုင် ကြရအောင် ”

ကိုမြ က အေးမောင် ၏ အရိပ်အခြည် ကို ကြည့်ရင်း ...

“ ဘာလဲဟေ့ ၊ ဖြိုးလာသလား ၊ တွဲပွဲ ဘာ ဝင်သလဲ ”

“ ၃ - ၅ - ၉ လေ ၊ ကျွန်တော် တို့ တွဲပွဲ တိုက်တယ်ဗျ ၊ ငါးထောင့်ငါးရာ အစိတ် လျော်တယ်လေ ၊ စမတ် ကို ဂွမ် နေတာပဲ ၊ ငါးရာသုံးဆယ့်နှစ်ကျပ်ခွဲ ရတယ်ဗျ ၊ အဲဒါ အစွန်းထွက် သုံးဆယ့်နှစ်ကျပ်ခွဲဖိုး တော့ ဖြုန်းနိုင်တယ်ဗျို့  ၊ ကဲ ... လာ သွားကြမယ် ”

“ ဟာကွာ .. ဒါဖြင့် အလယ်ကောင် လွဲတာ ၊ ၅ ကို ငါ က မထင်ပါ ဘူး ၊ ရှစ်ပုံသေ တွက်တာ ၊ နာလိုက်တာကွာ ၊ ၅ ကို ပြုတ်ကောင် အောက်မေ့တာ ”

ကိုမြ သည် မကျေမချမ်း ညည်းလိုက်သည် ။ အေးမောင် သည် ကိုမြ အားပြုံး၍ ကြည့်နေသည် ။

“ ရှစ် က နိုင်ခြေ ရှိတယ် ၊ ဒါပေမဲ့ ဒီကောင် ကို ဂျော်ကီ အားမရဘူး ။ ငါး က ဘုရင်လေးဗျ ၊ ဂိတ်ထွက်ပဲ ကြောက်ရတာ ၊ ဒီကောင် ဂိတ်ထွက် အမြဲ နောက်ကျတယ် ၊ အဲ ... ဂိတ်ထွက် သာ မကျန်ရင် မီးကို သေနေတာ ၊ ဒီမြင်း ဖလားပွဲ မှာ ဂိတ်ကျန်တာတောင် သုံးလျား ဖြတ်ပြီး ဖလား ယူသွားတဲ့ကောင် ၊ ဒီနှစ်သာ တစ်နှစ်လုံး ခွေနေလို့ အီဖေတို့ က ဒါမျိုးကို အသေအချာ တွက် ထားတာ ၊ ကဲဗျာ .. လာ ”

ကျွန်တော် သည် သူတို့ ပြောသော စကားများ ကို ဘာမျှ နားမလည် နိုင်ပေ ။ အေးမောင် မြင်း ပွဲနိုင်လာသည်ကိုပဲ ကျွန်တော်  နားလည်မိလေသည် ။

“ ကဲဗျာ .. လာ သွားကြရအောင် ၊ လာဟေ့ ... ဖိုးသံချောင်း ၊ မင်း ကို လည်း ဇာတ်သွင်းရမယ် ”

“ နေဦးကွ ၊ တို့ ပြန်ထွက်ရလိမ့်မယ် ”

“ အိုဗျာ .. ဘာဖြစ်လဲ ၊ ခဏပဲပေါ့ ၊ ပြီးတော့ မြို့ထဲ ကျမှ ဆက် လုပ်ကြတာပေါ့ ”

ကျွန်တော် နှင့် ကိုမြ သည် အေးမောင် ခေါ်ဆောင်ရာ သို့ လိုက်ခဲ့ရ သည် ။ အေးမောင် သည် ခါတိုင်းထက်ပင် အူမြူး၍ နေလေသည် ။ သူ သည် စကား ကို မနားတမ်း ပြောလေသည် ။ သူ ပြောသော စကားများ ထဲ တွင် မြင်းပွဲ အကြောင်း ၊ အရက် အကြောင်း ၊ ဖဲ အကြောင်း နှင့် မိန်းမ အကြောင်း များသာ ဖြစ်လေသည် ။

“ ဒါတောင်ဗျာ ၊ နောက် ၄ ကို တွဲထားသေးတာ ၊ အင်း ... ၄ များ ဝင် ရင် အေးမောင် တို့တော့ ကားစပယ်ယာ မလုပ်တော့ဘူး ၊ စတင်း က ဂျစ် တစ်စီး ဝယ်ပြီး တက္ကစီ မောင်းစားမယ် ၊ ဟင်း ... ဒီတော့မှ စမတ် ကို ဂွမ် နေမှာပဲ ”

ကျွန်တော် သည် အေးမောင် ကို ကြည့်ရင်း အလိုလို ပျော်မိသည် ။ အေးမောင် သည် အမြဲတမ်း ပျော်တတ်သူ ဖြစ်၏ ။ ကား ပေါ်၌ လည်း အမြဲ တမ်း ရွှတ်နောက်၍ နေတတ်သည် ။ စကားကို ပေါက်တတ်ကရ ပြောတတ်သည် ။ ပါးစပ် က အငြိမ် မနေသလို လက် က လည်း အငြိမ် မနေတတ်ပေ ။ ကျွန်တော် တို့ လူသိုက်သည် တရုတ်ဆိုင် တစ်ဆိုင် သို့ ဝင်ကြသည် ။

ရောက်လျှင် ရောက်ချင်း ပင် အေးမောင် က အရက် နှင့် အမြည်း ကို မှာလိုက်သည် ။

“ ဟေ့ ... ကောက်အီ ၊ တို့ ကို လုပ်ပါဟေ့ ၊ အကြီး တစ်လုံး ၊ ပြီးတော့ အသားအခေါက် ငါးမူးဖိုး ၊ ဆာတာဟင်းချို တစ်ခွက် ”

စားပွဲတွင် ထိုင်နေသော တရုတ်အဘိုးကြီး သည် အေးမောင် ကို လှမ်း၍ကြည့်လိုက်ရင်း ...

“ အေးမောင် ၊ နင် တွဲပွဲ တိုက်သလား ၊ ငါ အားလုံး ရှုံးတယ် ၊ သုံးဆယ်ဖိုး သွားပြီ ”

အေးမောင် သည် နေရာမှ ထ၍ ကောက်အီ အနား သို့ သွားလေသည် ။

“ ဟေး .. ခင်ဗျား ၊ အလယ် ဘာတွဲလဲ ”

“ အလယ်ပေါ့ ၊ အလယ်ကောင် ဒုက္ခပေးလို့ ကုန်တာပေါ့ ၊ နောက် အားလုံးဝင်တယ် ၊ အလယ် ရှစ်သွား တွဲလယ် ၊ ဟိုကောင် မောင်မြ ပေါ့ ၊ ငါ ပြောလယ် ၊ ဂျော်ကီ မနိပ်ဘူး ပြောလယ် ၊ မောင်မြ အားကြီး ဒုက္ခပေးလယ် ၊ နင့် ကြောင့် သုံးဆယ်ဖိုး ပါသွားပြီ ”

ကိုမြ သည် ကောက်အီ အား ကြည့်ရင်း ပြုံးလိုက်သည် ။ အေးမောင် မှာ အသံများပင် ထွက်အောင် ရယ်လိုက်သည် ။

“ ခင်ဗျား တင် မဟုတ်ဘူး ၊ ကျုပ် လည်း ကုန်တာပဲ ”

“ နင်ကုန်လယ် ဘာဖြစ်လဲ ၊ နင့် သဘော နဲ့ နင် ထိုးလယ် ၊ နင် ကုန်ပေါ့ ၊ ငါ ကုန်လယ် နင် ပြောလို့ ကုန်လယ် ၊ ဘာကောင်းလဲ ”

ကိုမြ သည် အသံများ ထွက်အောင် ရယ်လိုက်သည် ။ အေးမောင် ကမူ ကောက်အီ ပခုံး ကို ပုတ်၍ ရယ်လိုက်သည် ။

“ ကောင်းတာပေါ့ဗျ ၊ ခင်ဗျား ကျုပ် ပြောတာမှ နားမထောင်ဘဲ ၊ နောက်လည်း ကုန်ဦးမှာပဲ ”

“ ဟေ့ကောင် … ဟေ့ကောင် ၊ နင် တွဲပွဲ တိုက်လယ် ၊ ငါ့ အကြွေး ပေးလေ ”

“ ပေးမယ်ဗျာ ၊ နောက်တစ်ခါ တိုက်တော့ ပေးမယ် ”

“ ပိုက်ဆံ ရှိတယ် ၊ ပေးရင် ကောင်းလယ် ၊ နောက် နင် ပိုက်ဆံ မရှိဘူး ၊ အကြွေး သောက်လို့ရလယ် ၊ ဒီတစ်ခါ မပေးဘူး နောက် အကြွေး မပေးဘူး ”

“ ပြီး အားလုံးပေါင်း ပေးမယ် ၊ ကဲ ... လုပ်စမ်းပါဦး ၊ တစ်လုံး ၊ ကောင်းတာ ပေးပါဗျာ ၊ ဟို .. ဆေးအရက် ... ”

“ ဆေးအရက် ၄ ကျပ် ပေးရမယ် ”

“ ပေးပါမယ်ဗျာ ”

အေးမောင် သည် ဆေးအရက်ပုလင်း ကို ကိုင်၍ စားပွဲပေါ် ၌ ပြန်၍ ထိုင်လိုက်သည် ။ ပြီးမှ အသင့် ရှိနေသော ဖန်ခွက်လွတ် သုံးလုံး ထဲသို့ အရက် များ ငှဲ့ ထည့်လိုက်သည် ။

“ ကျွန်တော်  မလုပ်တတ်ပါဘူးဗျာ ၊ ခင်ဗျားတို့ သောက်ကြပါ ”

“ ဘယ်ရမလဲ ၊ နည်းနည်းလောက်တော့ လုပ်ပါဦးကွ ”

ကျွန်တော် သည် အေးမောင် က ငှဲ့ပေးသော အရက်ဖန်ခွက် ကို စားပွဲ အလယ် သို့ တွန်း ထားလိုက်သည် ။ အေးမောင် ဖန်ခွက် ကို ကျွန်တော့် ရှေ့သို့ သာ ဇွတ် တွန်း ၍ ပေးရင်း ..

“ လုပ်ပါကွာ ၊ ငါ့ နှယ် ... ၊ တကယ့် ဘုရားလောင်း မျောက်မင်း နဲ့ လာတွေ့ နေတယ် ”

“ ကဲ .. ကဲ .. မင်း လုပ်နိုင်အောင် ငါ ရောပေးမယ် ၊ ကောက်အီရေး ဘင်တိုတစ်ပုလင်း ပေးပါ ”

အေးမောင် သည် ဘင်တို နှင့် အရက် ကို ရောစပ်၍ ပေးလိုက်သည် ။

“ ကဲ .. လုပ်ကြည့်စမ်း ၊ မင်း အရသာ တွေ့ သွားမယ် ၊ သောက်လိုက်ပါကွာ ၊ ဒါလောက်နဲ့ ဘာမှ ဖြစ်ပါဘူး ”

ကိုမြ ကပါ ကျွန်တော့် အား အတင်း သောက်ခိုင်း နေသဖြင့် ကျွန်တော့် မှာ မနေသာတော့ပေ ။ ဤသို့နှင့် တစ်ခွက် က နှစ်ခွက် ၊ နှစ်ခွက် က သုံးခွက် ဝင်၍ သွားလေတော့သည် ။ ကျွန်တော် သည် ခဏ နှင့် ပုလင်း တစ်လုံး ချောသွားသည် ။ နောက် တစ်ပုလင်း မှာပြန်လည်း နှစ်ခါလောက် သာ သောက်လိုက်ရသည် ။ ကုန် သွားလေသည် ။

“ ကဲ .. သွားကြရအောင်ဟေ့ ၊ လိုလိုမယ်မယ် တစ်လုံးလောက် တော့ ဆွဲတာပေါ့ကွာ ၊ ကား သိမ်းမှ သောက်ကြတာပေါ့ ”

အေးမောင် သည် တော်ချင်ပုံ မရသေးပေ ။ ကိုမြ ကို မလွန်ဆန်ရဲ သဖြင့်သာ အရက်ဝိုင်း မှ ထခဲ့လေသည် ။

တာမွေဂိတ် မှ ထွက်သည့် အခါတွင် ကျွန်တော်  တရစ်ရစ် မူး၍လာ တော့သည် ။ အေးမောင် က အလိုက်သိစွာ လက်မှတ် ရောင်းပေး သဖြင့် ကျွန်တော့် မှာ နောက်တန်း ချောင်ထဲတွင် မှီ၍ လိုက်ခဲ့ရလေသည် ။ တစ်လမ်း လုံး အေးမောင် အာရွှင်၍ နေလေသည် ။

“ ဟိုး ... ဆရာ လိုက်မယ် ၊ ကဲ ... ဘဘကြီး လိုက်မယ် မဟုတ်လား ၊ တက်လေ ... တက်လေ ၊ ဘိုင်စကုတ် အမီ ... ”

“ အမလေး .. ပြောစရာ ရှိရင်လည်း ကားပေါ်ရောက်မှ ပြောပါ ၊ ဦးနှောက်ပါပဲ ”

“ ဟေ့ .. ဘိုင် ဘယ်သွားမှာလဲ ”

“ မန္တလေးလမ်း ”

“ မန္တလေးလမ်း မရောက်ဘူး ၊ ကဲ ... ခုနေက ဆင်း ၊ တော်တော်ကြာ ပဲခူး ရောက်သွားမယ်နော် ၊ ဆင်းပါဆို ... နောက်ပိုင်း လွမ်းခန်း ပေါ်သွား မယ်နော် ၊ ကဲ .. ဆင်း ၊ ခိုးလိုးဆရာ ... ဆွဲလေ ဆွဲလေ ”

အေးမောင် သည် သူ့ ရေချိန် နှင့် သူ ဟန်ကျ၍ နေလေသည် ။

ကျွန်တော့် မှာ မူ ဣန္ဒြေပင် မနည်း ဆောင် နေရလေသည် ။ ကျွန်တော် သည် ဈေးမှတ်တိုင် တွ င်ဆင်း၍ အိမ် ဘက်သို့ ပြန်ခဲ့လေသည် ။

ကျွန်တော်  ပြန်ရောက်သည့် အခါတွင် အတော် ညဉ့်နက်၍ နေလေပြီ ။ ဆယ်နာရီကျော် လောက်တော့ ရှိပြီ ။ ကျွန်တော် သည် ထရံ မှ ကပ်၍ မရီ ကို နှိုးရသည် ။ မရီ သည် အိပ်သေးပုံ မရပေ ။ မရီ သည် ကျွန်တော့် အား အကဲခတ် သလို ကြည့်လိုက်သည် ။ မရီ ၏ မျက်နှာ တွင် ကျွန်တော့် အတွက် စိုးရိမ်ပူပန် သော အရိပ်အရောင်များ သမ်းနေသည် ကို ကျွန်တော် တွေ့မြင်ရလေသည် ။

“ ဘာဖြစ်လို့လဲ ဟင် .. ကိုသံချောင်း ၊ ဘာဖြစ်လို့လဲ ၊ နေမကောင်း ဘူးလား ၊ မရီ ရေနွေး တည်လိုက်မယ်နော် ၊ ဆေးနီလေး သောက်ပြီး ချွေးထုတ်လိုက်ရအောင်လေ ”

ကျွန်တော် သည် မရီ ကို မည်သို့ ပြန် ပြောရမှန်းမသိ ၊ မရီ သည် ကျွန်တော်  ပြန်ပြောသည် ကို ပင် မစောင့်ဘဲ နောက်ဖေး သို့ ဝင်၍ သွားလေသည် ။

မရီ နောက်ဖေး ဝင်နေစဉ် ကျွန်တော် က အိမ်ရှေ့ ထရံ ကို ဟ၍ အန် လိုက်သည် ။ အန်ထုတ် လိုက်ရ၍လည်း နေရထိုင်ရသည် မှာ ပေါ့၍ သွားသည် ဟု ထင်မိသည် ။

အတန်ကြာလျှင် မရီ သည် ရေနွေးပန်းကန် နှင့် ဆေးနီလေး ကို ယူ ၍ ကျွန်တော့် အား တိုက်ပြန်သည် ။ ကျွန်တော်  ဘာမျှ မပြောသာတော့ပေ ။ မရီ တိုက်သော ဆေး ကို မှိတ်၍ သောက်လိုက်သည် ။

မရီ ၏ အပြုအစု ၊ အယုအယ ကို ခံရင်း ကျွန်တော့် စိတ် မှာ လှုပ်ရှား လာသည် ။ မရီသည် ဆေးတိုက် ပြီးလျှင် ကျွန်တော် ၏ လက်မောင်းများ ကို ဆုပ်၍ ပေးနေပြန်သည် ။

ကျွန်တော် သည် မရီ ကို စိုက်၍ ကြည့်နေမိသည် ။ ကျွန်တော့် စိတ် ထဲ တွင် မရီ သည် ခါတိုင်းထက် လှနေသည် ဟု ထင်မိသည် ။ မရီ ၏ မျက်လုံး များသည် သောက်ရှူးကြယ်များ လို မတောက်ပ သော်လည်း အညှို့ဓာတ်ပါ သည် ဟု ထင်မိသည် ။ နှုတ်ခမ်းကလေး သည်လည်း နီရဲ နေသော နှင်းဆီပန်း ကလေးများ နေလောင် ခံရ၍ နွမ်းနေသလို ထင်သည် ။ အပေါ်သွားကလေး များ ခြောက်၍ နီညိုညို ရှိနေကြသည် ။ နှုတ်ခမ်းအတွင်းသား ကမူ နီရဲ၍ နေသည် ။ မရီ ဆိုသည့်အတိုင်း ရယ်လိုက်သည့် အခါတွင် ချစ်စရာကလေး ပေါ်၍ လာတတ်သည် ။ ပါးခွက်ကလေးများ က လည်း သူ့ ပါးမို့မို့ကလေး ကို ပို၍ လှစေသည် ။ ကိုယ်လုံးကိုယ်ထည်ကလေး မှာ လည်း တစ်တစ်ရစ်ရစ် လုံးကျစ် နေသဖြင့် တစ်မျိုး ချစ်စရာ ကောင်းလေသည် ။

ကျွန်တော် သည် မရီ ၏ လက်ကလေးများ ကို ဆုပ်ကိုင်၍ ထား လိုက်မိသည် ။ မရီ သည် သူ့ လက်ကလေးများ ကို ဆွဲလိုက်ရင်း ကျွန်တော့် အား မရဲတရဲ ကြည့် လိုက်သည် ။ ကျွန်တော် က မရီ ကို ကြည့်ရင်း ကတုန်ကယင် ဖြစ်လာလေတော့သည် ။

“ မရီ ”

“ ရှင် … ”

ကျွန်တော် သည် ပြောချင်သော စကားများ ကို ထွက်အောင် ကြိုးစား နေရသည် ။ စကားများ က လည်ချောင်း ထဲ တွင် တား နေပြန်သည် ။ ကျွန်တော် သည် မရီ ၏ နူးညံ့လှသော လက်ကလေးများ ကို ဆုပ်နယ် နေမိသည် ။

“ နေ့လယ် က ကားချင်း တိုက်တာကို ကျွန်တော်  သွားသတိရတယ် ”

“ ဟင် ... ကိုသံချောင်း တို့ ကားနဲ့ တိုက်လို့လား ”

မရီ က ကျွန်တော် ပြောသည်ကို နားမလည် သေး၍ စိုးရိမ်တကြီး မေးလိုက်ရှာသည် ။

“ မဟုတ်ပါဘူး ၊ တခြား ကားနှစ်စီး တိုက်တာကို မြင်ခဲ့ရတာပါ ၊ ဂျစ်ကား တစ်စီး က လမ်းကို ဖြတ်အထွက် လမ်းမပေါ် မှာလည်း ကားကြီး အလာ ဘရိတ်အုပ်ပေမဲ့ မရဘူး ၊ အရှိန် က ပြင်းတော့ လျှောပြီး တစ်ခါ တည်း ဝင်တိုက်တာ ၊ ကားကလေး စက်ခေါင်း တစ်ခုလုံး ကြေသွားတယ် ၊ ဒရိုင်ဘာ လည်း မေ့သွားတယ် ”

“ အတော် ကြောက်စရာပဲနော် ”

“ ဒီ ကားနှစ်စင်း တိုက်တာ ကို ကြည့်ရင်း ကျွန်တော်  စဉ်းစားမိတယ် ၊ အရှိန် ပြင်းရင် ဘယ်လိုပဲ ဘရိတ်အုပ် ပေမဲ့ မရဘူး ”

မရီ သည် ကျွန်တော့် အား ကြောင်၍ ကြည့်နေသည် ။ ကျွန်တော် ပြောသောစ ကားကို သူ နားမလည်သေးပေ ။

“ ဘယ်ဟာပဲ ဖြစ်ဖြစ် အရှိန် ပြင်းရင် ဘရိတ် အုပ်လို့ ၊ ထိန်းလို့ မရဘူး မရီ ၊ ကျွန်တော် လည်း အဲဒီ ဂျစ်ကားလေး လိုပဲ ကျွန်တော့် စိတ် ကို ခုမှ ချုပ် တည်း လို့ မရတော့ဘူး မရီ ၊ ကျွန်တော် မရီ ကို ချစ်နေပြီ ”

“ အို ... ကိုသံချောင်း ကလည်း ... ”

မရီ သည် ကျွန်တော့် ကို ကြည့်နေရာမှ မျက်နှာ လွှဲ၍ ခေါင်း ကို ငုံ့ ထားလိုက်သည် ။ သူ့ တစ်ကိုယ်လုံး တုန်နေသည် ဟု ထင်မိသည် ။

“ ကျွန်တော် ဒီ စိတ်တွေ ဘယ်လို က ဘယ်လို ဝင်လာမှန်း မသိဘူး မရီ ၊ စောစောက သိရင် မဝင်လာအောင် တားပါတယ် ၊ ခုတော့ မရတော့ဘူး မရီ ၊ ကျွန်တော် ချစ်တဲ့ အချစ်ဟာ ဘရိတ် အုပ်လို့ မရတော့ဘူး ”

မရီ သည် သူ့ လက်ကလေး ကို ရုပ်လိုက်ပြီး လျှင် ခေါင်း ကိုသာ အတင်းငုံ့ ထားခဲ့သည် ။ ကျွန်တော် က ပြောရင်း အားမလို အားမရ ဖြစ်လာသည် ။

“ ကျွန်တော်  မရီ ကို တကယ် ချစ်တာပါ ၊ မရီ တကယ် ကြည်ဖြူမယ် ဆိုရင် မရီ ကို ကျွန်တော် တစ်သက်လုံး စောင့်ရှောက်ပါမယ် ”

မရီ သည် ဘာမပြော ညာမပြော ဘဲ ခေါင်းကလေး ကို တစ်ဖက်သို့ လွှဲ ထားလေသည် ။ ကျွန်တော် က မရီ ၏ ပခုံးစွန်းကလေး ကို ဆွဲယူလိုက်မိ သည် ။ ပြီးတော့လည်း နေရာမှ ထ၍ မရီ ၏ ကိုယ်ကလေး ကို ပွေ့ဖက်ထား လိုက်ရင်း ..

“ မရီ ကျွန်တော့် ကို ချစ်တယ် မဟုတ်လားဟင် ပြောစမ်းပါ မရီရာ ၊ ကျွန်တော်  ဝမ်းသာချင်လွန်းလို့ပါ ”

မရီ သည် ကျွန်တော့် လက်တွင်း မှ အသာ ရုန်းဖယ်ရင်း ...

“ မရီ ဒါတွေ နားမလည်ပါဘူး ကိုသံချောင်း ရယ် ၊ ကိုသံချောင်း ကို မရီ အစ်ကို တစ်ယောက်လိုပဲ ချစ်တာပါ ”

“ ကျွန်တော့် ကို မညာပါနဲ့ မရီ ရယ် ၊ ကျွန်တော် စိတ်အေး သွားအောင် ပြောစမ်းပါ ၊ မရီ ကျွန်တော့် ကို ချစ်တယ် မဟုတ်လားဟင် ... ၊ ချစ်တယ် မဟုတ်လား ”

“ လွှတ်စမ်းပါ ကိုသံချောင်း ရယ် ၊ မရီ မနေတတ်ဘူး ၊ မရီ ကြောက်တယ် ”

“ ကျွန်တော် မေးတာ ကို ပြောလေ ၊ ပြောရင် လွှတ်ပေးမယ် ”

“ နောက်မှ ပြောပါရစေ ၊ မရီ စဉ်းစားပါရစေဦး ”

“ ဘာများ စဉ်းစားစရာ လိုသေးလဲ မရီရယ် ၊ မရီ ကျွန်တော့် ကို ချစ်တယ် မဟုတ်လား ”

ကျွန်တော် သည် ကိုယ့် စိတ် ကိုပဲ ရုတ်တရက် ဘာ လုပ်မိသည်ကို ပင် သတိမထားလိုက်ပေ ။ မရီ ၏ ပါးနီနီကလေး ပေါ်သို့ ကျွန်တော့် နှာခေါင်း က အလိုလို ရောက်သွားရင်း အားပါးတရ နမ်းမိလေသည် ။

“ အို …. ”

ထိုအသံကလေး လွှတ်ခနဲ ထွက်သွား၍ ကျွန်တော့်လ က်မှ ရုန်း ထွက် လိုက်လေသည် ။ ပြီးမှ ကျွန်တော့် အား မျက်တောင်မခတ် တွေတွေကြီး ကြည့်နေရှာသည် ။ သူ့ ပါးကလေး ကိုလည်း လက်ဖျား နဲ့ ပွတ်သပ် နေရင်း မျက်ရည်များ တလိမ့်လိမ့် စီးကျလာလေသည် ။

“ ငါ မှားပြီ ” ဟူသော စိတ်သည် ကျွန်တော့် အား ပြန်၍ လည်စေ၏ ။ မရီ အား တောင်းပန်မည် အပြုတွင် မရီ သည် တစ်ချက် ရှိုက်၍ အခန်းတွင်း သို့ ပြေးဝင် သွားလေသည် ။

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment