❝ ဒွေးချိုး လေးတိုး ❞
( မိုးဟိန်း )
“ အဟမ်း ... အဟမ်း ... မိန်းမ ကတော့ ယူမှပဲ ခင်ဗျ ၊ မိန်းမ မယူရရင်တော့ မဖြစ်တော့ဘူး ဟူးဟူး ...”
ဝကစ်ကစ်ကြီး နှင့် ကလေးဆိုးကြီး လို ညည်းညည်းညူညူ ပြောလိုက်သော ဝတ်လုံတော်ရ ကိုသင်းလှိုင် အား ကြည့်ကာ အလွန် ကရုဏာ အသက်ကြီး သက်နေသော မျက်နှာပေးများဖြင့် သူ့ ရဲဘော် သုံးယောက် က ခေါင်းတဆတ်ဆတ် နှင့် ညိတ်နေကြရာ၏ ။ သူ့ ရဲဘော်များ သနားကရုဏာသက်မည် ဆိုကလည်း သက်စရာပင်တည်း ။ အကြောင်းမူကား ကိုသင်းလှိုင် မှာ အသက် ၃၅ နှစ် ရှိပြီ ။ အသက် ၂၈ နှစ် ဝတ်လုံစာမေးပွဲ အောင်ပြီးစ ဘိလပ် မှ ပြန်လာ ကတည်းက နှစ်စဉ် သီတင်းဝါလကျွတ်လု ဆဲဆဲတိုင်း ဤသို့ဤနှယ် ညည်းညူကြိမ်းမောင်း၍ ရံဖန်ရံခါ ပါစကဓာတ်ရည်ကလေးများ ဝမ်းထဲ များနေလျှင် လက်သီးလက်မောင်း တန်းကာ ဟိန်းဟောက်ဖူးသည် ကား ဤအကြိမ်ပါနှင့် ဆိုလျှင် သတ္တမမြောက် ခဲ့ပြီ ဖြစ်သတည်း ။
“ မိန်းမ က ကော မောင်ရင့် ယူဦးမှာလား .. ”
အတွင်းသိ အစင်းသိ သခင်ဘသိန်း က မေးလိုက်သဖြင့် ကိုသင်းလှိုင် ရှူးရှူးရှားရှားနှင့် ဒေါကန် သွားသည် ။
“ ဟွန်း .. ဘောက်မဲ့ကြောင့် မယူရမှာလဲဗျ ။ မိန်းမ ပဲ ခု လိုချင်ရင် ခု ရရမှာပေါ့ ”
“ အေးလေ မောင်ရင် ပြောသလိုသာ ခု လိုချင် ခု ရနေရင် မောင်ရင် လိုချင်နေတာ ခုနစ်နှစ် ရှိနေမှပဲ ။ ကျုပ်တို့ တစ်တွေ မောင်ရင့် သား ရှင်ပြု မှာ ဧည့်ခံနေရဖို့တောင် ကောင်းနေပြီ ”
“ ဝါး ... ဟား ဟား ”
သခင်ဘသိန်း ၏ စကားကို ကျန် ရဲဘော် နှစ်ယောက်က ဟားတိုက် ထောက်ခံလိုက်သည် ။ ကိုသင်းလှိုင် ကား စားပွဲ တစ်ခုလုံးကို မျက်နှာနီနီ နှင့် ကြည့်ပြီး ။
“ ခု ကျွန်တော် တကယ် မိန်းမ ယူတော့မလို့ဗျ ”
“ တကယ် ”
ကျန် နှစ်ယောက် က တအံ့ဘဩ ရေရွတ်ကြကုန်သည် ။ သို့သော် သခင်ဘသိန်း က မူကား တယ်ပြီး မထူးခြားဟန်နှင့်
“ ဘယ်မှာလဲ အန်တီဂျမ်း အိမ်မှာလား ... ”
“ ထွတ် ... ”
ရှုံ့ရှုံ့မဲ့မဲ့ နှင့် ကိုသင်းလှိုင် က ပခုံး တွန့်ကာ ထွက်လိုက်သဖြင့် ဗိုလ်မှူး ညိမ်းဟန်နှ င့် ဟဲ့ဟဲ - ဟဲဟဲ စာရေးဆရာ အသေးစား အစ်ကိုကြာဟိန်း တို့ က ရယ်ကြရသည် ။
“ တကယ် မှ တကယ့်ကို မိန်းမ ယူတော့မှာပါ ခင်ဗျ ။ ရောင်းရင်းတို့ ယုံကြစမ်းပါ ။ တကယ် ယူမယ်ဗျာ ။ ဟော ခု ဝါကျွတ် လို့ မှ မယူဖြစ်ရင် ခွေးဘရင်ဂျီနာ ပေါက်ရစေရဲ့ဗျာ ။ မြွေအလမ္ပာယ် ပြတဲ့ အဝိုင်း ဝင်ကြည့်မိပြီး မြွေဆေး ရောင်းချင်တဲ့ ဆရာ ခိုင်းတဲ့ အတိုင်း မြွေပွေး ကိုင်ကြည့်မိစေရဲ့ဗျာ ။ ကဲ - ယုံပလား ”
“ ယုံပါပြီ ။ သို့သော် မိန်းမ ယူမယ် ဆိုရင် ငါ့ မိန်းမမျိုး ရှာယူဖို့ အရေးကြီးသကွဲ့ ”
ဗိုလ်မှူးညိမ်းဟန် က သူ့ ဥမ္မာဒါနီကြီး ပွဲထုတ်လာတော့ မောင်ကြာဟိန်း ကလည်း တယ်ပြီး မကျေမနပ် ။
“ ဗိုလ်မှူးညိမ်းဟန် မိန်းမ ထက် ကိုယ့်မိန်းမမျိုး က ပိုပြီး ကောင်းပါတယ်ကွာ ။ ယုံပါ တကယ်ပါ ”
“ ခင်ဗျား မိန်းမ ကောင်းတာ ခင်ဗျား သာ သိမှာပေါ့ ... ”
သခင်ဘသိန်း က တောလိုက် သဖြင့် အားလုံး ဝါးခနဲ ရယ်ကြသည် ။ ပြီးမှ “ ကိုယ့်မိန်းမ ဘယ်လောက် တော်တယ် က စချင်တယ် ” ဟု သူ ကလည်း သူ့ ပဘဝတီကြီး ပွဲထုတ်ချင်လာပြန်သည် ။ ဒီတော့ ကိုသင်းလှိုင် က ..
“ နေဦး ရောင်းရင်းတို့ နေကြဦး ။ ဒီလို ခင်ဗျားတို့ သုံးယောက်စလုံး ပြိုင်တူလျှောက်လဲချက် ပေးနေကြရင် ( အဲဒါကတော့ ဝတ်လုံတော်ရ ပီပီ ဥပဒေစကား ပြောတာ ခင်ဗျ ) ကျွန်တော် ဘယ်လိုလုပ်ပြီး စဉ်းစားခန်း ဝင် ရမလဲလို့ ။ ဒီတော့ ခင်ဗျားတို့ သုံးယောက် စလုံး တစ်ယောက် ပြီးမှ တစ်ယောက် စ ဗျာ ။ ကဲ - ကိုညိမ်းဟန် ရဲ့ ဥမ္မာဒါဒီ က စ ... ”
“ အဟမ်း ... အဟမ်း မိန်းမ ယူတယ် ဆိုရင် အင်တာနေရှင်နယ်လီး လက်ခံထားတာကတော့ ( Half The age Plus Seven ) တဲ့ မင်း ယူမယ့် မိန်းကလေး ဟာ ၊ မင်းအသက် ထက်ဝက် ကို ခုနစ် နဲ့ ပေါင်းတာဟာ သူ့ အသက် ဖြစ်ရမယ် ။ အဲ မင်းအသက်က ၃၅ နှစ် မဟုတ်လား ”
“ ဟုတ်ကဲ့ ... ”
ကိုသင်းလှိုင် က စိတ်ပါလက်ပါ နားထောင်ရင်း က လေးလေးနက်နက်ကြီး ဟုတ်ကဲ့ လိုက်၏ ။
“ အေး မင်း ယူမယ့် မိန်းမ ဟာ ၂၄ နှစ် ၊ ၂၅ နှစ် လောက် ဖြစ်ရမယ်ပေါ့ကွာ ”
“ ဘာကြောင့် ... ”
ဒီ တစ်ကြိမ်တော့ သူ နဲ့ ရွယ်တူတန်းတူ အမျိုးသမီး ကို အသက် နှစ်ဆယ်လောက် ကတည်းက ကမြင်းကြော ထပြီး ယူခဲ့မိသော ငကြာဟိန်း က ...
“ ဒီမှာ ရဲဘော် ကိုယ် ရှင်းပြပါ့မယ် ။ အင်တာနေရှင်းနယ်လီး အပြင် ၊ ဗမာ့ ရိုးရာ ယုံကြည်ချက် လည်း ပြောပါဦးမယ် ။ ဒွေးချိုးလေတိုး ဆိုတာ ရဲဘော် ကြားဖူးလား .. ”
“ ဟွန်းအင်း ... ”
“ ဒွေးချိုးလေးတိုး ဆိုတာ ခင်ဗျား ယူမယ့် အမျိုးသမီး ရဲ့ အသက် ဟာ ၊ ခင်ဗျား အသက် ထက်ဝက် ကို လေး နဲ့ ပေါင်းရမယ် ။ ခု ခင်ဗျား အသက် လေးဆယ် ဆိုပါတော့ လေးဆယ် ရဲ့ ထက်ဝက် နှစ်ဆယ် ကို လေး နဲ့ ပေါင်း ၊ ခင်ဗျား အမျိုးသမီး ဟာ နှစ်ဆယ့်လေးနှစ် ရှိရမယ် ။ အဲသလို လည်း ရှိသေးတယ် ခင်ဗျ ”
“ အားပါး အဲသလို ယူရမယ် ဆိုရင် မိုးကြိုးပစ် ဘုရားစူး ခု တစ်ယောက်လောက် ယူချင်သေးသဗျာ ”
သူ့ လိုပင် လော်ဆယ်ကျေး လေးဆယ်ကျော် နေသော အိမ် က မန္ဓာလီ ကြီးမေ့သွားပြီး ကြာဟိန်း က သွားရည်တများများ နှင့် မြည်တမ်းဘိသည် ။
“ အေး .. ခုနက ခင်ဗျား မေးတာ ဖြေရဦးမယ် ။ ယောက်ျား က ဘာကြောင့် မိန်းမထက် အဲဒီ ဖော်မြူလာတွေ အတိုင်း အသက်ကြီး ထားရသလဲ ဆိုတော့ အသက် ၅၀ လောက် ရောက်လာကြပြီ ဆိုပါတော့ ။ ခု ခင်ဗျားတို့ ကျုပ်တို့ ကြည့်လေ ၊ ၄၀ ကျော် ၅ဝ တွင်း ချဉ်းပေမယ့် အလုပ် လုပ်ရတုန်း ၊ အလုပ် လုပ်ရလို့ နေ့ခင်း ပင်ပန်းရသမျှ ညနေ ကျတော့ ခုလို အပေါင်းအသင်း တွေ နဲ့ စုပြီး အပန်းဖြေရတုန်း ၊ ဒီတော့ စိတ်ပျိုကိုယ်နု ဆိုသလို ယောက်ျား တွေ အဖို့ အသက် ၅၀ ဆိုတဲ့ အရွယ်ဟာ ဘာမှ ကြီးသေးတာ မဟုတ်ပေမဲ့ အမျိုးသမီးတွေ အဖို့တော့ အသက် ၅၀ ဆိုတာ တကယ့် ဇရာပဲ ခင်ဗျ ။ ၅ဝ ဆိုရင် သားသမီးတွေ အရွယ် ရောက်လာရုံတင် မကတော့ဘူး မြေး ပါ ရနေပြီ ။ ဟဲဟဲ့ ... ဟဲဟဲ ... ပြီးတော့ သူရို့ ခမျာမှာ ခင်ဗျားတို့ ကျွန်တော်တို့ ယောက်ျား တွေ လို အပြင်ထွက် အပန်းဖြေစရာလည်း ရှိတာ မဟုတ်တော့ ၅ဝ ရွယ် အမယ်ကြီး ဟာ ပုတီးကိုင် မြေး မ , ရတဲ့ အလုပ်အပြင် ဘာအလုပ် ရှိသေးလို့ တုံး ။ ဒီလို စိတ်ကျ ကိုယ်ကြေ ဖြစ်လာတော့ ယောက်ျားတွေ အဖို့ အိမ်ထောင် သာယာမှု ကင်းလာတော့တာပေါ့ဗျာ ။ ကျွန်တော် ပြောခဲ့တဲ့ ဗမာ့စကားဟောင်း ဖော်နည်းကား အတိုင်း အသက်တစ်ဝက် လေး နဲ့ ပေါင်းထားလို့ အသက် ၅ဝ ရွယ် လူတစ်ယောက် ရဲ့ မိန်းမ ဟာ ၂၉ နှစ် သာ ဆိုရင် အဟိ ၊ ဘယ်လောက် ပျော်ဖို့ ကောင်းလိုက်မလဲလို့ ”
“ ရွှေ - ကောင်းလိုက်လေ ၊ ဒါတော့ ကြိုက်ပြီ ရောင်းရင်း ”
ကိုသင်းလှိုင် က အားရပါးရ ထောက်ခံဘိသည် ။
“ ဒါကြောင့် ကျုပ် ဟာ အဲဒီ ဖော်နည်းကား အတိုင်း မိန်းမ ယူခဲ့တယ် ။ ဒီ မိန်းမဟာ ခုထက်ထိ ပျိုတုန်း ဆိုတာ ရဲဘော်တို့ အမြင်ပဲ ၊ အဲ .. ကျုပ် မိန်းမ ရဲ့ ထူးခြားချက်ကလေးတွေ ပြောရရင် ကျုပ် ဘယ်အချိန် မှ အိမ်ပြန် ရောက်ရောက် ရဲဘော်တို့ သိတဲ့အတိုင်း ည ၁၂ နာရီ နာရီပြန် တစ်ချက် နှစ်ချက် တိုင်ပါစေ ထမင်းပွဲ ပြင်ရက်က မစားဘဲ စောင့်တယ် ။ ကျုပ် က လည်း အပြန်အလှန် ကြင်နာရတာပေါ့ ။ အိမ်ပြန် ရောက်ရင် ကားဟွန်းသံ တစ်ချက် ပဲ ပေးတယ် ။ တစ်ချက် ဟွန်းတီး လို့မှ မနိုးရင် ကား ထဲ ခွေအိပ်တာပဲ ”
“ ဟဲဟဲ ... ဟဲဟဲ ... ကြင်နာမှုတွေ ကြင်နာမှုတွေ ”
ကိုသင်းလှိုင် က အားကျသံကြီး နှင့် ဝမ်းခေါင်းလိုဏ်သံ ပါအောင် ပဲ့တင်လိုက်သဖြင့် ပြုံးကြရသည် ။ သို့သော် သခင်ဘသိန်း က
“ အဲ မနက်ကျ မှ ကားထဲ ခွေအိပ်နေတဲ့ ခင်ဗျား ကို နှာခေါင်း ခြေမ နဲ့ ညှပ် လှုပ်နှိုးရောလား ”
“ ဝါး ... ဟားဟား ... ဟားဟား ”
“ ဘယ်က ခြေမ နဲ့ ညှပ် လှုပ်နိုးရမလဲဗျ ။ အသာနှိုး အိမ်ထဲဝင် အိပ်ခိုင်း ပြီး ကားမောင်း မပို့နိုင်တဲ့ ကျွန်တော့် ကို အနှောင့်အယှက် မပေးတော့ဘဲ သုံးဘီး ခေါ်ပြီး ကလေးတွေ ကို သူ ကိုယ်တိုင် ကျောင်း လိုက်ပို့သဗျ ”
“ ကဲ ... ကောင်းတာလေးတွေတော့ နမူနာ ကြားရပါဘီ ၊ ခင်ဗျား ဥမ္မာ ဥမ္မာဒါနီအကြောင်း မကောင်းတာကလေးတွေ ဆိုစမ်းပါဦး ၊ လောက မှာ ဘယ် မိန်းမမှ စင်းလုံးချော သဲလဲစင် တော့ မရှိဘူး ခင်ဗျ ”
မောင်ကြာဟိန်း က စာရေးဆရာ ပီပီ အဘိဓမ္မာ တစ်ရပ်ကို ထုတ်ဖော် လိုက်သဖြင့် ဗိုလ်မှူးငြိမ်းဟန် က
“ အင်း .. ကျွန်တော် ဥမ္မာဒါနီ ဆိုးတာကတော့ မိခင်စိတ် သိပ် ပြင်းထန်တာပဲဗျ ။ အဲသလို ကျွန်တော့် အလိုလိုက်ပေမဲ့ ဘယ်အချိန်မှာ ဘာလုပ်ရမယ် ၊ ဘယ်နေရာမှာ ဘာအဝတ်အစား ဝတ်ရမယ် ဆိုတာတွေကို သူ စီမံရမှ ကျေနပ်သဗျ ။ ကုန်ကုန် ပြောလိုက်မယ်ဗျာ ။ အိမ်သာတက်တာ က အစ “ မျက်စိအကျင့် ဝမ်းအချင့် ” တဲ့ ။ မောင် အိမ်သာ မတက်ရသေးဘူး ။ တက်လိုက်ဦးလေ ဆိုတာ မတက်မချင်း တဖွဖွ နဲ့ ပြောနေတာပဲ ခင်ဗျ ။ ဒီတော့ တစ်ခါတလေလည်း ဝမ်းမနာဘဲ နဲ့ သူပြောလာတာ နားငြီးတာ နဲ့ အိမ်သာ ထဲ ဝင် ထိုင်နေရတယ် ”
“ အဟတ် - ဟတ် - ဟား .. ဒါကတော့ မိခင်စိတ် ပြင်းထန်တာကိုး ခင်ဗျ ။ ခွင့်လွှတ်နိုင်ရမှာပေါ့ ။ ဒီ ချွတ်ယွင်းချက် လောက် တော့ ... ”
ကိုသင်းလှိုင် က ဒီ ချွတ်ယွင်းချက်လောက် ကို ခွင့်လွှတ်နိုင်သည် ဆို သဖြင့် ဗိုလ်မှူးညိမ်းဟန် က နိဂုံးချုပ် သဘောဖြင့်
“ အဲဒီ ငါ့ မိန်းမမျိုး ရှာယူလို့ မင်း ကို အကြံပေးရမှာပဲ သင်းလှိုင် ရေ ၊ ကဲ - သခင် ဘသိန်း က ဆိုစမ်းပါဦး ”
ဒီတော့မှ သခင်ဘသိန်း တစ်စခန်း စလာသည် ။ အံမယ် သူ က လည်း တယ်မခေ ၊ ခြေဆင်းကလေး နိဒါန်းကလေး နှင့်ပင်တည်း ။
“ အင်း - တက္ကသိုလ် ဆရာတစ်ဦး က မှာဖူးသည့် နှုတ်ရည် ၊ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ။ ဒီသုံးချက် မပိုင်လျှင် နောင်ပြင်နိုင်ခဲသည့် အမျိုးတဲ့ မောင်ရဲ့ ။ မင်း ငါ့ မိန်းမ လို မိန်းမမျိုး ရှာမရရင်တော့ လူပျိုကြီး ဘဝနဲ့ အရိုးထုတ် ၊ လင် ကို ဂရုစိုက်သည်းခံရုံတင် မကဘူး ။ အချက်အပြုတ် လည်း ကောင်းတယ် ၊ အိမ်ထောင်မှု လည်း နိုင်နင်းတယ် ၊ လင် က ငါးခြောက်ဖုတ်ဟေ့ ဆိုတာနဲ့ ဆီဆမ်းပြီးသားပါ ဖရော့ ဆိုတဲ့ အထဲကကွ ”
“ အင်း - ဆိုစမ်းပါဦး ။ ခင်ဗျား ပပဝတီ မဟုတ်တဲ့ ပပဝဒီကြီး အကြောင်း ကို ”
“ ဟိုတုန်းက ငါ က ခုလို ချောင်ချောင်လည်လည် မဟုတ်သေးဘူးပေါ့ကွာ ။ သခင် ဆိုတော့ ဆင်းဆင်းရဲရဲပေါ့ ။ အလုပ် မရှိ ဘာမရှိနဲ့ပေါ့ ။ အဲဒီ အချိန် ကတည်းက ငါ့ မိန်းမဟာ ငါ့ ကို ဘယ်ကလောက် အလိုလိုက်ပြီး အကြိုက်ဆောင်သလဲ ဆိုရင် တစ်နေ့ ငါ က ဆိတ်သားဗင်ဒါလူးကလေး စားချင်လိုက်တာလို့ ညည်းမိတာကိုး ။ တစ်ခါထဲ လက်ထဲ ပိုက်ဆံ တစ်ပြား မှ မရှိတဲ့ ငါ့ မိန်းမဟာ သူ့ အမေ ဆီ သွားပြီး ငါ့ သားအကြီးလေး ကိုယ်တွေ ပူနေလို့ ဆေးတိုက် သွားပြီး ဆရာဝန် နဲ့ ပြမလို့ ဆိုပြီး ငွေ တစ်ဆယ် ချေးလာသကွ ။ အဲဒါနဲ့ ငါ ကြိုက်တဲ့ ဆိတ်သားဗင်ဒါလူး သူကိုယ်တိုင် ချက် ၊ ကလေးတွေ နဲ့ တို့လင်မယားတွေ ပျော်ပျော်ပါး စား နေတုန်းဟေ့ တကတဲ ငါ့ ယောက္ခမကြီး က ဆိုက်ကား တစ်စီးနဲ့ သူ့ မြေး နေမကောင်းဘူး ဆိုတော့ ည စောင့်အိပ်ဖို့ ရောက်လာပါလေရော ။ အဲဒီမှာတင် ငါ့ မိန်းမ နဲ့ သူ့ အမေ နဲ့ နောင်ဂျိန်ကြတာ သားအမိချင်း တစ်နှစ်ခွဲလောက် ဘယ် စကား ပြောကြလို့လဲကွ - ဟားဟား - ဟားဟား ၊ ငါ့ မိန်းမက လင် ကို ချစ်တဲ့ ဘဝ မအေ နဲ့ တောင် နပန်းချစ်တဲ့ မိန်းမ ၊ ကဲ - ငါ့ မိန်းမမျိုး ရှာယူပေတော့ သင်းလှိုင် ရေ ”
“ ခင်ဗျား မိန်းမ ပျော့ကွက် ဟာကွက်ကလေးများ ကော လုပ်စမ်းပါဦး ”
ဒီတစ်ခါတော့ ကိုသင်းလှိုင် က ပင် တောင်းခံလိုက်၏ ။ ဒီတော့မှ သခင်ဘသိန်း ရှုံ့ရှုံ့မဲ့မဲ့ ဖြစ်သွားကာ စေ့ထားသော ပါးစပ်ပေါက် က အလိုလို အောက် ကို ကုပ်ကျ သွားပြီး ပါးစပ်ပေါက် မှာ ဒယ်အိုး မှောက်ထား သလို ဖြစ်သွားဘိ၏ ။
“ တစ်ခုတော့ ရှိတယ် ။ မိန်းမ က အလွန် စကားများကွာ ။ ဘယ်လောက်တောင် များသလဲ ဆိုရင် ငါ ကလည်း မင်း သိတဲ့အတိုင်း ခေါင်းချလိုက်တာနဲ့ ခေါ ဝေါ .... ဝေါ ... ခရော နဲ့ အိပ်ပျော်နေကျ မဟုတ်လား ။ ည - ည - အိပ်ရာထဲ ရောက်လို့ အိပ်ကြပလား ဆိုရင် တတွတ်တွတ် နဲ့ပြောပါ လေရော ။ ငါ ကလည်း အတွင်အိပ်ပေါ့ ။ တစ်ခါတလေ ငါ့ နားနား တဝုန်းဝုန်းနဲ့ ခြင်တွေ အော်နေတယ် မှတ်ပြီး လန့် နိုးသကွ ။ အဲ - နိုးတော့မှ ခြင် တစ်ကောင် မှ မရှိဘူး ။ ငါ့ မိန်းမ တတွတ်တွတ်နဲ့ စကားပြောနေမှန်း သိရတော့ တယ် ”
“ အဟက် - ဟက်ဟက် - စံပါပဲ ။ ခင်ဗျား ပပဝဒီး ကတော့ ၊ နို့ပေမဲ့ ဂျီကျတာတော့ မဟုတ်ဘူး မဟုတ်လား ”
“ ဂျီ - မကျလှပါဘူးကွာ ။ အိပ်ရာထဲ သူ့ ကို ချစ်သထက် ချစ်အောင် ပီယဝါစာ စကား ဆိုတာပါပဲ ။ နို့ပေမဲ့ ငါ က အအိပ်မက်တဲ့ကောင် ဆိုတော့ သူ ပြောတာ ဘာမှန်း ဘယ်သိမလဲ - ဟဲဟဲ - ဟဲဟဲ ။ နို့ပေမဲ့ ဒါလောက်က တော့ ကိုယ့် အပေါ် ဒီလောက် ကောင်းထားတဲ့ မိန်းမ ခွင့်လွှတ်နိုင်ရမှာပေါ့ ”
“ အာ - ခွင့်လွှတ်ရမှာပေါ့ ။ ဘယ် သဲလဲစင် တော့ ဖြစ်နိုင်မှာလဲဗျာ ။ ဒီလောက်တော့ ခွင့်လွှတ်ရမှာပေါ့ ”
ကိုသင်းလှိုင် က ကျေကျေနပ်နပ်ကြီး ဆိုရှာ၏ ။ ဒီနောက်တော့ ကျွန်တော်မျိုး အသေးစား ငကြာဟိန်း အလှည့် ခင်ဗျ ။
“ ဒီမှာ ရဲဘော်သင်းလှိုင် ၊ ကွန်ဖြူးရှပ် ( စ် ) က ဘယ်လို ပြောခဲ့သလဲ ”
“ လူ့ထောင်လောင် ဘော်ကွေ့ လား ။ အီးစံကွားလား လို့ ပြောခဲ့တာပေါ့ ”
“ ဝါးဟား - ဟားဟား ”
ငကြာဟိန်း စကားကို သခင်ဘသိန်း က ဝင်ဖောက်လိုက်သဖြင့် ပွဲကျသွားကြပြန်သည် ။
“ ကွန်ဖြူးရှပ် ( စ် ) က မိန်းမ ယူလိုက်ခြင်းဖြင့် သင့် အဖို့ အရှုံး မရှိတဲ့ ။ လိမ္မာသော မိန်းမ ကို ရလျှင် သင် စိတ်ချမ်းသာမည် ။ မိုက်မဲသော မိန်းမ ကို ရလျှင် သင် ပညာရှိ ဖြစ်မည်လို့ ပြောခဲ့တယ် မဟုတ်လား ။ ကိုယ့် လူ ယူသာ ယူ ၊ ဘာစိတ်ကူး မလွဲနဲ့ ။ သို့သော် သူရို့ သူရို့ မိန်းမမျိုးတွေ ထက် ကိုယ့် မိန်းမမျိုး ရဖို့ အရေးကြီးတယ်"
“ အဲ ဆိုစမ်းပါဦး အစ်ကိုကြာဟိန်း က ”
“ ဒီလိုလေ မိန်းမ ယူတယ် ဆိုတာ ( Better Hall ) ကိုယ် ရဲ့ကိုယ်ပွား အကောင်းစား ကို ရှာတာ မဟုတ်လား ။ အဲဒီတော့ ကိုယ်တို့ ယူတဲ့ မိန်းမ ကျ တော့ ၊ ကိုယ် အခိုက်အလှည့် မသင့်တုန်း ဆိုရင် သူ က အလုပ် လုပ်တယ် ၊ ဟော ခု ကြည့်လေ အထက်တန်း စာရေးမ ”
“ အား .. ဟုတ်တယ် ဟုတ်တယ် ၊ ဒါလည်း အရေးကြီးတယ် ”
“ ပြီးတော့ ကိုယ် ခပ်ငယ်ငယ် ဆန်စပါးလုပ်ငန်း လုပ်တုန်း က ဆိုရင် ၊ စီးပွား ဆိုတာ ရှာလို့ လည်း အလွယ်တကူ ရတာပဲ ။ အလွယ်တကူ လည်း ကုန်ခဲ့တာပဲ ။ ဒီကြားထဲ ကိုယ် က သုံးလိုက် ဖြုန်းလိုက်သေးတယ် ။ အဲ - ကိုယ်တို့ အိမ်ထောင်သက် အနှစ် နှစ်ဆယ် ကျော်လာခဲ့ပြီ ၊ ကိုယ့် မိန်းမ က ဘယ်တုံးကမှ ရှင် သုံးလို့ ဖြုန်းလို့ ဘယ်လောက် ကုန်ခဲ့တာပဲလို့ တစ်ခွန်း မပြောဖူးဘူး ။ ဂျီ မကျဖူးဘူး ”
“ ဒါလည်း လိုတာပဲ ။ ကဲ အစ်ကိုကြာဟိန်း မိန်းမ ရဲ့ ကောင်းခြင်းအင်္ဂါ လက္ခဏာရပ်တွေတော့ သိရပါပြီ ”
ဤတွင် ငကြာဟိန်း ၊ သူ့ မိန်းမ ကောင်းကြောင်း စလုံး ရေ စရုံ ရှိသေး၍ ချွတ်ယွင်းချက် ဘက် လှည့်ရန် တယ်ပြီး စိတ်မကောင်း ။ သို့သော် မတတ်နိုင်ပါလေပြီ ။ သူ ကပင် အဘယ် မိန်းမ မှ စင်းလုံးချော မကော င်းဟု အဘိဓမ္မာ ပြုထားလေသည် မဟုတ်ပါလော ။ သူတကာ့ မိန်းမတွေ ၏ ချွတ်ယွင်းချက် ကို တောင်းခံထားခဲ့လေပြီ မဟုတ်တုံလော ။
“ အဲ - ကိုယ့် မိန်းမ မှာလည်း ညံ့ကွက် တစ်ကွက် ရှိသကွ ။ အဲဒီ ညံ့ကွက် က ဘာလဲ ဆိုတော့ သိပ် ခေါင်းမာတယ် ”
“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ”
“ ခေါင်းမာပုံ ကို ဥပမာ ပုံဆောင် ပြောရမှာဖြင့် သူ့ အဒေါ်တွေ က ပြောဖူးတယ်သိလား ။ ခန္ဓာလီတို့များ ဘယ်ကလောက် ခေါင်းမာတယ် မမာတယ် ငယ်ငယ်တုန်း က သူ့ နှာခေါင်းက တွဲလောင်းကျ နေတဲ့ နှပ်တွေ ယူပစ်တာတောင် ပြန်တပ်ပေးရမယ် ။ ဒီအတိုင်း ထားရမယ်နဲ့ တက်မတတ် ချက်မတတ် ငိုနေလို့ ကပျာကယာ ဂျုံမှုန့် ကို ကော်ရေ ခပ်သွက်သွက် ဖျော်ပြီး နှပ်လုပ် တင်ပေးခဲ့ကြရသတဲ့ကွာ"
“ ဟားဟား ... ဟားဟား ”
ဝိုင်း၍ ရယ်လိုက်ကြပြီး နောက် ကိုသင်းလှိုင် က
“ ခေါင်းမာတဲ့ဘက် ကတော့ ဧတဒဂ် ရ ဆိုပါတော့ဗျာ ”
“ အေး ....နို့ပေမဲ့ သူရို့ မိန်းမတွေ ခေါင်းမာတာ ကို တို့ ယောက်ျားတွေ အလျှော့ပေးရတာက စင်စစ်မတော့ အိမ်ယာထောင်မှုမှာ အရှည်သဖြင့် သာယာဖို့ပါ ။ တို့တစ်တွေ စည်းမဲ့ကမ်းမဲ့ နွားသိုးကြိုးပြတ် နွားငတ်ရေကျ မဖြစ် ကြရအောင် မာတာပါကွာ ။ သူတို့ အဖို့ မိုက်မိုက်မဲမဲ မာတာ မဟုတ်ပါဘူး ”
“ ဟာ ... ဒီလို ခေါင်းမာပုံမျိုး တော့ ခွင့်လွှတ်နိုင်ရမှာပေါ့ ” ဟု ကိုသင်းလှိုင် က ဝမ်းသာအယ်လဲ တွန်ကျူးပြန်၏ ။
“ ခွင့်လွှတ်ရတာပေါ့ကွာ ၊ ခွင်လွှတ်နိုင်တဲ့ ခေါင်းမာနည်းမျိုးပါ ”
“ အေးဗျာ ၊ ခင်ဗျားတို့ သုံးယောက် စလုံး ကို သိပ် ကျေးဇူးတင်တယ်ဗျာ ။ ကျွန်တော်လည်း ခင်ဗျားတို့ ဒေသနာတွေ နာရလို့ ဗဟုသုတ အများကြီး ဖြစ်တယ် ။ ခင်ဗျားတို့ အမျိုးသမီးတွေ နဲ့ တူတဲ့ မိန်းမ ကို သေသေချာချာ ရှာယူမယ် ဟဲဟဲ ... ဟဲဟဲ ၊ ဒွေးချိုးလေးတိုးကလေး တစ်ယောက်ပေါ့ ဟဲဟဲ ... ဟဲဟဲ ”
••••• ••••• •••••
ကျွန်တော်တို့ ရဲသုံးဘော် သာ ဆုံမိကြသည် ။ ကိုသင်းလှိုင် တစ်ယောက် ထိုနေ့နောက်မှ ပျောက်ချက် ကောင်းနေသည် မှာ ရက်သတ္တ နှစ်ပတ် ပင် ကျော်ခဲ့ပြီ ။ သူ့ ရုံး တယ်လီဖုန်း ဆက်ကြည့်တော့လည်း သူ့ စာရေးကြီး က သူ့ အမှုသည်တွေ နှင့် အလုပ်များ နေလို့ပါဟု တောင်းပန်သည် ။ သူ့ အိမ် စုံစမ်းကြည့်တော့လည်း ခရီးထွက်သွား သလိုလို ဖြေသည် ။ ကျွန်တော်တို့ ဘာကို ယုံရမှန်းပင် မသိတော့ ။ တစ်နေ့တော့ သူ နှင့် ရဲဘော်များ ဆုံမိကြ ပြန်၏ ။
“ ဟ - သင်းလှိုင်ရ ဘယ်များ ပျောက်ချက် ကောင်းနေရတာလဲကွာ ။ မင့် ရှာလိုက်ရတာ ”
“ ဟဲဟဲ - ဟဲဟဲ - ဗမာနိုင်ငံ မှာ စံထားလောက်တဲ့ စမ်းသပ်မှု တစ်ခု သွား ပြုနေတယ်ခင်ဗျ ”
“ အလို အလို - ဆင် ဆိုသည်မှာ မြွေကြီး နဲ့ တူပါကလားလို့ ထ အော်ရမလို ဖြစ်နေပါကလား သင်းလှိုင် ရေ့ ။ မောင့်ရင့် စမ်းသပ်မှုကလေး လင်းစမ်းပါဦး ”
သခင်ဘသိန်း က အဘိယာစက ပြုမှ ကိုသင်းလှိုင် က အားရပါးရ ပြုံးလိုက်ကာ
“ အဟက် ... ဟက်ဟက် ဒီလိုလေ ဗမာပြည် မှာ က ယောက်ျားကလေး နဲ့ မိန်းကလေး အာဝါဟဝိဝါဟ ပြုကြမယ်ဆိုရင် တချို့တွေလည်း မိဘဆွေမျိုးတွေ က တော်တယ် ဆိုလို့သာ ယူလိုက်ရတယ် ကြိုကြိုတင်တင် တစ်ယောက် နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး မလေ့လာခဲ့ရဘူး ”
“ အဲဒါ မှန်တယ် ”
“ တချို့ကျတော့လည်း အသည်းတစ်ခြမ်း ပေးတမ်း ကစားနေရာ က နေ ယူလိုက်ကြတာကိုး ။ မိန်းကလေး နဲ့ ယောက်ျားကလေး ဟာ အချစ် မှ တစ်ပါး အိမ်ထောင်ရေး မှာ လိုအပ်တာတွေ ရာသက်ပန် ပေါင်းသင်းသွားကြ လို့ ဘယ်လိုနေကြရမယ် ၊ ထိုင်ကြရမယ် ၊ တစ်ယောက် အကြိုက် တစ်ယောက် လိုက်နိုင်ပါ့မလား ။ တစ်ယောက် ချွတ်ယွင်းချက် တစ်ယောက် သည်းခံနိုင် ကြပါ့မလား ဆိုတာတွေ ကို ဘာမှ ကြိုတင်မလေ့လာခဲ့ဘူး ”
“ အဲဒါလည်း မှန်တာပဲ ”
“ ဟဲဟဲ - ဟဲဟဲ ဒါကြောင့် ကျွန်တော် ကျတော့ သူ့ မိဘတွေ ဆီ ခွင့်ပန် ပြီး တနင်္ဂနွေနှစ်ပတ် တိတိ သူ့တို့ အိမ်မှာ တည်းခို လေ့လာခဲ့တယ် ။ သူ နဲ့ လည်း ဆွေးနွေးခဲ့တယ်ခင်ဗျား ”
ဒီတော့ ရဲသုံးဘော် က သူရို့လူပျိုကြီး ကို “ အားပါး ဒီလူပျိုကြီး က တယ်လာပါကလားဟ ” ဟူသော ချီးမွမ်းသြဘာ ထောမနာပြုသည့် အကြည့် ဖြင့် ကြည့်ကြကုန်သတတ် ။
“ လေ့လာခဲ့တော့ ”
“ သူဇာ မှာ ခင်ဗျားတို့ အမျိုးသမီးတွေ မှာ ရှိရတဲ့ အရည်အချင်းတွေ အားလုံး ရှိတယ် ”
“ ဟ - ဟ - နေပါဦး ၊ မင့် အမျိုးသမီး က ‘ တူစာ ’ ဆိုတော့ အလုပ်သမား ခေတ်ကြီးထဲ မနိပ်သေးပါဘူးကွာ ”
ဗိုလ်မှူးညိမ်းဟန် က ဝင် ထုလိုက်သဖြင့် ကိုသင်းလှိုင် မှာ ရှုံ့မဲ့သွား ပြန်ကာ “ သူဇာပါ ဗျ ။ ဘယ်က ‘ တူစာ ’ ရမလဲ ။ ကျွန်တော့် အမျိုးသမီး နာမည် က သူဇာ တဲ့ ”
“ အဲ - ထားပါတော့ ။ ဟို အမျိုးသမီး သုံးယောက်ပေါင်း ရဲ့အရည်အချင်း ၊ အကောင်း မှန်သမျှ ရှိတယ် ဆိုပါတော့ ”
“ ဟုတ်တယ် ဟုတ်တယ် ၊ ပြီးတော့ အသက် ကလည်း အဟိ ... အဟိ ... ဒွေးချိုးလေးတိုး ဆိုရိုးစကားအတိုင်းပဲခင်ဗျ ။ ခုမှ ၂၂ နှစ် ရှိသေးတယ် ။ ကျွန်တော် က ၃၅ ၊ သူ က ၂၂ နှစ် ။ ကျွန်တော် က ၃၅ သူ က ၂၂ နှစ် ။ ကျွန်တော် က ... ”
“ တော်ပါတော့ဟာ ဒွေးချိုးလေးတိုး ဆိုလည်း နားလည်ပါပြီ ”
“ ပြီးတော့ ကိုညိမ်းဟန် မိန်းမလိုပဲ တစ်အိမ်ထောင်လုံး ရှိတဲ့ သားသမီး တစ်စုထဲ သူ က အကြီးဆုံးကိုး ။ အားလုံး အိပ်ရာဝင်ပြီးကြလို့ တံခါးပိတ်တာ တွေ မင်းတုပ်ကျ မကျ သူ ကိုယ်တိုင် စစ်ဆေးပြီး မှ အိပ်တယ်ခင်ဗျ ”
“ နိပ်ပြီ ကဲ .... ဗိုလ်မှူးညိမ်းဟန် အမျိုးသမီး အရည်အချင်းတော့ မီပြီ ၊ ငါ့ အမျိုးသမီး အရည်အချင်းမျိုးကော ”
သခင်ဘသိန်း က ဝင် စောဒနာ ပြန်သဖြင့် ဝတ်လုံကြီး က ရှင်းလင်းချက် ထုတ်ရပြန်၏ ။
“ အဲ .. ခင်ဗျား အမျိုးသမီးလိုပဲ အချက်အပြုတ် ကောင်းတယ် ။ တစ်နေ့ ကျွန်တော့် အတွက် သူ့ အမေ နဲ့ အချီအချ ပြောနေသံတောင် ကြားရသဗျ ။ ဒါ မညားရသေးဘူးနော် ။ ညားသာ ပြီးရင် အဟီး လင့် အတွက် မအေ နဲ့ နပန်း ချရဖို့ ဘာမှ မခဲယဉ်းတဲ့ မိန်းမဗျ ”
“ ကဲ ... အစ်ကိုကြာဟိန်း မိန်းမ အရည်အချင်း မျိုး ကော ”
“ ဒါလည်း ရှိတယ် ။ သူ ကိုယ်တိုင်က ကျောင်းဆရာမ ၊ လူတိုင်း အလုပ် လုပ်ကြရမယ့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီး နဲ့ လည်း ညီညွတ်တယ် ”
“ အဲ ... အဲ ... မင့် အမျိုးသမီး က ”
“ ဟုတ်တယ်လေ ၊ အစ်ကိုကြာဟိန်းမိန်းမ လို လင်ယောက်ျား ကို တစ်ထောက်တစ်အား ပေးနိုင်တာပေါ့ဗျ ။ ကဲ - ဘာလိုသေးသလဲ ”
“ လိုသေးတာကတော့ မောင်ရင့် အမျိုးသမီး ဟာ ကိုယ်တို့ မိန်းကလေး တွေမှာ ရှိတဲ့ အရည်အချင်းတွေ အားလုံး ရှိတယ် ဆိုတော့ အကောင်းဆုံးပေါ့ ။ သို့သော် ကိုယ်တို့ မိန်းမတွေ မှာ ရှိတဲ့ အပြစ်အနာအဆာမျိုးကော ”
ဤတွင် ဝတ်လုံတော်ရကြီး မှာ မအီမလည်ကြီး ဖြစ်သွားပြီး ၊
“ အင်း ... ကောင်းတာကလေးတွေ အစုံ ရှိသလို မကောင်းတာလည်း စုံတယ်ဗျ ။ ကိုညိမ်းဟန် ဇနီး လို မိခင်စိတ် လည်း ပြင်းထန်ပုံပဲ ။ ဘာပြုလို့လဲ ဆိုတော့ အိမ် က သူ့ ညီမလေးတွေ ၊ မောင်လေးတွေ ကို သူ ပဲ တဟဲ့ဟဲ့ နဲ့ အုပ်ချုပ်နေတာကိုး ။ သူ့အမေ နဲ့ အဖေ က ဘာမှ ဝင် မစီမံရဘူးဗျ ၊ ခပ်အေးအေးပဲ ။ သခင်ဘသိန်း မိန်းမလို စကားလည်း များတယ် ။ နို့ ကျောင်းဆရာမ ကိုး ၊ မများလို့ ဘယ့်နှယ် ဖြစ်နိုင်ပါ့မလဲ ။ အဲ - အဲ အစ်ကိုကြာဟိန်း မိန်းမ လိုလည်း ခေါင်းမာပုံ ပဲခင်ဗျ ”
“ ဟ - ဒါဖြင့် မင့် အမျိုးသမီးက ကောင်းတာကော မကောင်းတာ ကော စုံလှချည်လား ”
သခင်ဘသိန်း က အထိတ်တလန် နှင့် ရေရွတ်ဘိသည် ။
“ ဟုတ်တယ်လေ ။ နို့ပေမဲ့ ကျွန်တော် က ရှေ့နေ မဟုတ်လား ။ ဟဲဟဲ - ဟဲဟဲ လိုအပ်လာလျှင် ဆင် ကို ဆိတ် ဖြစ်အောင် ၊ ကြမ်းပိုး ကို လိပ် ဖြစ်အောင် ပြောတတ်ပါတယ်ဗျာ မပူပါနဲ့ ။ ခင်ဗျားတို့ မိန်းမတွေ မှာ ရှိတဲ့ ချွတ်ယွင်းချက်ကလေးတွေ ကျွန်တော့် မိန်းမ ဆီက ချွတ်ယူ နိုင်ခဲ့သော် ”
ကိုသင်းလှိုင် က အင်မတန် ကျေနပ်အားရ ပီတိလျှမ်းလျှမ်း ကြွနေသော မျက်နှာကြီး ဖြင့် တွန်ကျူးလိုက်ဘိသည် ။
ဝတ်ထားသော အဝတ် ကို ချွတ်လိုက်ဘိ သကဲ့သို့ မှောက်ထားသော တောင်း ကို လှန်လိုက်ဘိ သကဲ့သို့ လုံးတီး မြင်ကြရအံ့တည်း ။
ကျွန်တော် က နောင်ကြီး ဘဆွေ လေသံ အတိုင်း ရွတ်ပြ လိုက်သဖြင့် အားလုံး ဟားကြရသည် ။
••••• ••••• •••••
နောက်ပိုင်းတော့ ကျွန်တော်တို့ တစ်တွေမှာ ကိုသင်းလှိုင် မင်္ဂလာ ကိစ္စအတွက် ရတတ်သမျှ အလုပ်ခွင် မှ ပိုတတ်သမျှ အချိန်ကလေးများတွင် အလုပ်ရှုပ် နေကြရကုန်သည် ။ သို့သော် နောက်ဆုံးတော့ မင်္ဂလာနေ့ကြီး လည်း ရောက်လာ၏ ။ အဲဒီ မဟာမင်္ဂလာနေ့ထူးကြီး ကျတော့လည်း ပျော်လိုက်ကြတဲ့ ဖြစ်ခြင်း ။
ကျွန်တော်တို့ တစ်တွေ ကိုသင်းလှိုင် ဇနီးမယား တစ်ယောက် က လက်ရွေးစင် ခေါင်းခေါက်ပြီး ကျွန်တော်တို့ တစ်တွေ ၏ ဩဝါဒစရိယ နှင့်အညီ ရသွားသည် ကို ဝမ်းသာလို့ ကြည်နူးလို့ စမြုံ့ပြန် လို့ မှ အရှိန် မသေသေးခင် မင်္ဂလာဆောင်ပြီး လေးရက်မြောက် ညနေခင်း တွင်ကား ကိုသင်းလှိုင် တစ်ယောက် ကျွန်တော် တို့ နှင့်ဆုံဆည်းရပြန်သည် ။
အခါတိုင်း ဆိုလျှင် ခရမ်းချဉ်သီး ဝင်းဝင်းမှည့်မှည့်ကြီး လို ဝဝကက်ကက်ကြီး ပြည့်ဖြိုးပြီး ကျက်သရေ တိုးချင်တိုင်း တိုးနေသော ကိုသင်းလှိုင် မျက်နှာ မှာ ယခုအခါသော်ကား အနှာ ခရမ်းချဉ်သီးကြီး ကို မီးဖုတ်ထားဘိ သကဲ့သို့ ညိုညိုအဲ့အဲ့ နှင့် ရှုံ့တွတွ မဲ့ရွဲ့ရွဲ့ကြီး ဖြစ်နေသည် ။ သူ့ ကြည့်ရသည် မှာ ပွဲတော်ဈေး တွင် ရောင်းသည့် ဖိုးဝရုပ် ကို မိန်းမဝဝကြီး တစ်ယောက် ဖင်ခု ထိုင်မိသွား သလို ပုံပျက်ပန်းပျက်ကြီး ဖြစ်နေဘိ၏ ။
“ ဟဲ့ ဟဲ့ ဘယ်လို ဖြစ်လာတာလဲ ရဲဘော်သင်းလှိုင် ၊ မောင်ရင့် ကြည့်ရတာ တယ်ပြီး မစက်စာပါကလား ”
“ ကျွန်တော်တော့ မျက်စိသကြီး လွဲပြီ ရောင်းရင်းတို့ ”
“ သူကြီး နဲ့ လွဲလည်း လအက ဥက္ကဋ္ဌ ဆီ သွားလကွာ ”
“ နေစမ်းပါဗျာ ။ နောက် မနေစမ်းပါနဲ့ ။ အလိုလို မှ စိတ်ညစ်ရတဲ့အထဲ ”
“ ကဲ ... မောင့်ရင် ဖြစ်ပုံသနစ်စုံ ကို လှစ်တုံအခင်း ၊ ဗလာကျင်းလော့ ရဲဘော်သင်းလှိုင် ”
“ အင်း .. ကျွန်တော့် အမျိုးသမီး မှာ ခင်ဗျားတို့ ဇနီးတွေ မှာ ရှိတဲ့ အရည်အချင်းတွေရော ၊ ချွတ်ယွင်းချက်တွေရော ရှိတာပဲ ”
“ ဟုတ်ပြီ .. ”
“ ကျွန်တော် က အစက ထင်ခဲ့တယ် ။ ချွတ်ယွင်းချက် ကို ခွာ ၊ အရည်အချင်း ကို သာ ချန်လှပ်ပြီး ဖတ်စစ်ကလပ် ဖြစ်စေရမယ်လို့ ”
“ အဲဒီလို ထင်ခဲ့စရာပေပေါ့ ”
“ အခုတော့ အရည်အချင်း က မြုပ်ပြီး အနာအဆာ က ငုတ်တုတ်ကြီး ပေါ်နေပြီ ခင်ဗျ ”
“ ဟယ် - ငါးပါးမှောက်ကရောပေါ့ ။ ဆိုစမ်းပါဦး ၊ ဘယ်လို ဖြစ်ပုံလဲ ”
“ ပထမ မိခင်စိတ် ပြင်းထန်တဲ့ နေရာမှာ ကိုညိမ်းဟန် မိန်းမ ထက် နှစ်ဆ သာတယ် ခင်ဗျ ၊ ကျွန်တော် လည်း ဘိလပ် မှာ ပညာသင်ယူခဲ့တဲ့ လူပဲ ။ အက်တိကက် တို့ မင်းနား ( စ ) တို့ ဆိုတာ နားလည်ပါတယ် ။ ဒီလူ ကိုပဲ ခင်ဗျ ၊ သူ က ဆရာမပီပီ ထမင်း စားရင် ဇွန်း နဲ့ ပန်းကန် နဲ့ ထိသံ မထွက်ရဘူး ။ ရေချိုးရင် ခြေချောင်းကလေးတွေ ကြား ဆပ်ပြာ တိုက်ရမယ် ။ မျက်နှာသုတ်ပဝါ နဲ့ ကိုယ် မသုတ်ရဘူး ။ ကိုယ်သုတ်ပဝါနဲ့ မျက်နှာ မသုတ်ရဘူး ။ အို - စုံလို့ဗျာ ။ သူ့ စည်းကမ်းတွေက များလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ ။ ကျွန်တော့် မှာ တစ်ခါတည်း ငါးနှစ်ခြောက်နှစ်သားကလေး ကျနေတာပဲ ။ အဲဒီထက် ဆိုးတာက ည အိပ်ရာဝင် ရင် သွားတိုက်ရတယ်ခင်ဗျ ”
“ ဟာ - ဒါ ဘာဆိုးလို့လဲ ၊ ကောင်းသားပဲ"
“ နေဦး ... နေဦး ၊ အချီးမွမ်း အရင် မလိုနဲ့ဦး အစ်ကိုကြာဟိန်းရေ ။ အဲသလို သွားတိုက်ပြီး သူ့ ရှေ့မှာ ပါးစပ်ဖြဲ သွားစေ့ ပြရတယ် ။ သူ က သွားတိုက်တာ စင်မစင် စစ်ဆေးတယ်လေ ”
“ ဟ - နိပ်ဟ ”
“ ဒီ့ထက် နိပ်တာ ရှိသေးသဗျ ။ အိမ်သာ တက်ရင်လည်း ကျွန်တော် တို့ သုံးနေကျ စက္ကူ မဟုတ်ဘဲ ရေ သုံးရမတဲ့ ခင်ဗျ ။ ရေသုံးဖို့ အကြောင်းကို ဆရာမ ပီပီ တစ်နာရီလောက် ပြောတယ်ဗျာ ။ လူတွေ ဟာ စားတာသာ ဂရုစိုက်ပြီး စွန့်တာကျတော့ ဂရုမစိုက် ။ ဖြစ်ကတတ်ဆန်း လုပ်ကြလို့ ရောဂါဘယ ထူပြောတဲ့ အကြောင်း ၊ အသက်တိုကြတဲ့ အကြောင်း ၊ စွန့်တာမှ မစင်ရင် ဘယ်လို အကြောင်းကြောင့် ဘာရောဂါတွေ ဖြစ်တတ်ကြောင်းပေါ့ဗျာ ။ စုံရော စုံရော ၊ ဒါက ထားပါတော့ ၊ ဆိုးတာက ရေသုံး မသုံးလည်း သွားတိုက်တာ စစ်သလို စစ်တယ် ခင်ဗျ ”
“ ဟ - ဒီလိုဆို ငါ့ လခွမ်းတဲ့ ၊ မောင်ရင့် ဥစ္စာ တစ်ခါ အိမ်သာ တက်ပြီး ရင်း တစ်ခါအစစ် ခံရရင်းပဲလား ”
“ ဝါး ဟားဟား ... ဟားဟား ”
ဘယ်လိုပင် ကာယကံရှင် က မရယ်နိုင် မပြုံးနိုင်ဖြ စ်နေသော်လည်း ဗိုလ်မှူးညိမ်းဟန် က မေးလိုက် သဖြင့် ကျွန်တော်တို့ ရယ်ကြရသည် ။
“ ခင်ဗျားတို့ ထင်သလိုတော့ မစစ်ဆေးပါဘူး ။ ကျွန်တော် အိမ်သာ တက် နေရင် အပေါက်ဝ က စောင့်နေတယ် ခင်ဗျ ။ ရေသံ မကြားရင် မထွက် ရဘူး ဟူး - ဟူး ”
“ ကောင်းကုန်ရောကွာ ”
“ အင်း - မိခင်စိတ် အဲသလောက် ပြင်းထန်ပြီး စကားများတဲ့ နေရာကျ တော့ သခင်ဘသိန်း မိန်းမ ထက် လေးဆ သာတယ်ခင်ဗျ ”
“ အင်း အင်း ... ဇော်ပါကလားဟေ့ ”
“ အဲသလို ကျွန်တော့် ကို ကလေးလေး တစ်ယောက်လို လုပ်မနေပါနဲ့ ။ လူ ဆိုတာ လွတ်လပ်ခွင့်တော့ ရှိတန်သလောက် ရှိရဦးမှာပေါ့လို့ အစချီပြီး ကျွန်တော် ကလည်း ရှေ့နေ မဟုတ်လား ။ ပထမ ည မှာပဲ သူ့ ချွတ်ယွင်းချက် တွေ ချွတ်ရအောင် တရားဦး ဟောတော့တာပဲ ။ အဲ - သူ ကလည်း ဆရာ မပဲ ။ ဘာရမလဲ ၊ ယောက်ျားဆိုတာ ဒီ အရွယ် မပြောနဲ့ ၊ ခေါင်းဖြူစွယ်ကျိုး သေခါနီး အရွယ် ရောက်တောင် မိန်းမ ရဲ့ အထိန်းအကွပ် မရှိရင် မဖြစ်တဲ့ အကြောင်း ပေါ့ဗျာ ။ သူ က လည်း ပြန်ငြင်းချက်ထု တ်နဲ့ ပြောလိုက်ကြတာတွေ ၊ ငြင်းလိုက် ခုံလိုက်ကြတာတွေ အဲဒီ ပထမည အဖို့ မိုးသာ စင်စင်လင်းရော ၊ သူ့စကား မဆုံးဘူးခင်ဗျ ။ ကဲ - စကားများတဲ့ဘဝ တော့ စံပါပဲလို့ ဆိုရလောက်အောင် များတာ ”
ဒီတစ်ခါတော့ ကိုသင်းလှိုင် ရဲဘော်တွေ က သူ့ ကို တယ်ပြီး မယုံချင်တော့ ။
“ တစ်ညလုံး စကား ပြောရင်း အချိန်ကုန်ရတယ် ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လား သင်းလှိုင်ရေ့ ”
“ အဟုတ်ပါဗျာ ။ အဲဒီ တစ်ညသာ မကပါဘူး ။ စကား တပြောပြော နဲ့ မိုးစင်စင်လင်းရတာ သုံးည ရှိပြီ ခင်ဗျ ။ ဘယ်သူမှ မယုံနိုင်စရာပါဘဲဗျာ ။ တစ်ညလုံး အခန်းတံခါး ပိတ်ပြီး တတိုးတိုး နဲ့ ငြင်းကြ ခုံကြ ဝေဖန်ကြ ဆွေးနွေးကြ နဲ့ နောက်တစ်နေ့ကျတော့ မနက်စာ စားပြီး ကတည်းက ကျွန်တော် ကလည်း အိပ်ခန်း ထဲမှာ သူ ကလည်း သူ့ ညီမလေးတွေ အခန်းထဲ သွား အိပ်လိုက်ကြတာ ညစာ စားဖို့ ယောက္ခမကြီး က နှိုးယူရတယ် ။ အဲဒါ အမှန်ပါပဲ ။ ပြီးတော့လည်း ခေါင်းမာတဲ့ ဘဝတော့ အစ်ကိုကြာဟိန်း မိန်းမ ထက် ရှစ်ဆ ပိုတယ်ခင်ဗျ ”
“ ဟေ ... လွန်လှချည်ကလား ”
“ မလွန်နဲ့လေ ။ ကျွန်တော် က ဇနီးမယား ကို နည်းနည်းပါးပါး ချွတ်ယွင်းချက်တွေရှိနေရင် လင်သား လုပ်တဲ့ လူက ပြုပြင် ယူရင် ရတယ်လို့ ယုံကြည်ခဲ့တယ် ။ သူကလည်း လင်ယောက်ျား ကို ဇနီးမယား က ပုံသွင်းယူ မှ လူတော်လူကောင်း တစ်ယောက် ဖြစ်လာရမယ်လို့ စွဲစွဲမြဲမြဲ သန္နိဋ္ဌာန် ချပြီး ယုံကြည်ခဲ့သတဲ့ ခင်ဗျ ”
“ အဲ ... နထွတ် မွတ်ကုန်ရောပေါ့ကွာ ။ ဖစ်မှ ဖစ်ရလေဟယ် ”
“ အဲဒီတော့ ကျွန်တော် က သူ့ တရား ဟော ၊ သူ က လည်း ကျွန်တော့် ကို လက်ချာရိုက် နဲ့ ကြားထဲ မှာ ကျွန်တော် ဟာ သူ့ စိတ်တိုင်းကျ ပုံ မဝင်မချင်း သူ့ ကို လက်ဖျားနဲ့ မှ တို့ခွင့် မပြုဘူး ဆိုတာကတော့ မဟာ ဆုံးဖြတ်ချက်ကြီးပဲ တဲ့ ခင်ဗျ ။ ဒီတော့ ဆွေးနွေးနှီးနှောပွဲကြီး သုံးညတောင် ဆက်ပြီး ကျင်းပနေတဲ့ အတွင်း လက်ဖျား နဲ့ မှ မတွေ့ရသေးတာ တကယ်ပါပဲ ခင်ဗျာ ။ ယုံပါ ”
မဲ့တဲ့တဲ့ကြီး ဖြစ်နေသော ကိုသင်းလှိုင် အား ကြည့်ကာ ကျွန်တော်တို့ တစ်တွေ အူနှိပ် နေရသည် ။ နောက်တော့ သူ က ဆက်ပြီး
“ ခု ရောင်းရင်း တို့ ဆီ လာတာလည်း အလံဖြူ တင်ပြီး လက်နက်ချ လိုက်ရ ကောင်းမလားလို့ တိုင်ပင်ရအောင် လာတာပဲ ။ လူ လည်း ခင်ဗျားတို့ မြင်တဲ့ အတိုင်း အိပ်ရေးပျက် တာနဲ့ ပုံပျက်ပန်းပျက် ဖြစ်နေပြီ ။ ပြီးတော့ ... ပြီးတော့ ”
“ ဆိုစမ်းပါဦး ”
“ ခင်ဗျားတို့ က သာ ကျွန်တော်တို့ ကို မယုံတာ မဟုတ်ဘူးဗျ ။ ယောက္ခမကြီး က မယုံတာတောင် မကတော့ဘူး ။ တစ်ညလုံး ငြင်းရခုံရတာ တော့ သိဟန် မတူဘူးဗျာ ။ တစ်နေ့ခင်းလုံး အိပ်ကြတာ ကို တစ်လွဲ ထင်ပြီး ဘာပြောတယ် မှတ်သလဲ ”
“ အဲ - ဆိုစမ်းပါဦး ၊ မင်း အဖို့ ပထမဦးဆုံး ချွေဟတဲ့ ယောက္ခမ မိန့်ခွန်း က အဖိုးတန် ပါလိမ့်မယ် ”
“ ကျွန်တော်တို့ ကြားလောက်အောင်ပေါ့ဗျာ ။ ကလေးအငယ်တွေ ပြောသလိုလို ဘာလိုလိုနဲ့ - ဟေ့ .. ဘယ်နေရာ မဆို တန်ဆေး ၊ လွန်ဘေး တဲ့ နော် ။ ခေါ်တိုင်း လည်း မသွားနဲ့ ကျွေးတိုင်း လည်း မစားနဲ့ ဆိုတာ သတိထား
ကြတဲ့ ခင်ဗျ ”
“ ဝါး .... ဟား .. ဟား .. ဟား ”
▢ မိုးဟိန်း
📖 မြဝတီ မဂ္ဂဇင်း
အတွဲ - ၁၂ ၊ အမှတ် - ၄
၁၉၆၄ ခုနှစ် ၊ ဖေဖော်ဝါရီလ
No comments:
Post a Comment