❝ ပစ်တိုင်းထောင် ❞
အပိုင်း - ၉ ( ၁ )
လကုန်ရက် ဖြစ်၍လား မသိ ။ ယခု လေးငါးရက် အတွင်း ဆိုက်ကား နင်းရသည်မှာ သိပ် မဟန်ချေ ။ လေးငါးကျပ် ရအောင်ပင် မနည်း ဆွဲနေရသည် ။ ကျွဲသိုး သည် ရိုးရိုး နင်း၍ မဟန်တိုင်း ကြက် သာ မဲ၍ ရှာလေသည် ။ ကြက် ရှိသော်လည်း ဧည့်သည်များ က မလာချေ ။
ကျွန်တော်တို့ ဖောက်သည် ကိုတင်အေး လည်း ပေါ်မလာသည် မှာ တစ်လနီးပါး ရှိလေပြီ ။ ကျွဲသိုး သည် လူ မရတိုင်း အတင်းအဖျင်းများ ကို လျှောက်၍ ပြောနေသည် ။
ထိုအတွင်း တရုတ်ဖြူ က လူ ရသွားပြန်သည် ။
“ ဟေ့ .. တရုတ်ဖြူ တို့ ကမှ စားသာသေးတယ် ”
“ အလကားပါကွာ ၊ ဖွတ်ကြား တင်သွားတာပါ ၊ ဘယ် စားသာမလဲ ”
ဟုတ်ပေသည် ။ တရုတ်ဖြူ တင်သွားသော နိုင်ငံရေးသမား ယောင်ယောင် ၊ ကုန်သည် ယောင်ယောင် လူဖြစ်သည် ။ တစ်ခါတစ်ရံ လည်း ငွေများ များ ပါလာတတ်သည် ။ တစ်ခါတစ်ရံ လည်း ဆိုက်ကားခ ပင် မပါချေ ။ ပါသည့်အခါ နှင့် မပါသည့် အခါ ကို တွက်ကြည့်လျှင် မပါသည့် အခါက များသည် ။ ထို့ကြောင့်လည်း ကျွန်တော်တို့ ဂိတ်မှ ထို ဆရာ အား ပို့ချင်သူ မရှိကြပေ ။ တရုတ်ဖြူ ပြန်လာသောအခါ ကျွဲသိုး ကပင် ဆီး၍ နောက်လိုက်သည် ။
“ ဟေ့ကောင် ... ဘယ်လောက် ရလဲ ”
တရုတ်ဖြူ က ရှုံ့ရှုံ့မဲ့မဲ့ ဖြင့် ညည်းလိုက်သည် ။
“ နောက်နေ့မှ ပေါင်းယူတဲ့ကွာ ၊ သူ့ နောက်နေ့ ကလည်း များလှပြီ ”
“ ဟေ့ကောင်.. မင်း မှာ ဆန်ဖိုး မရှိဘူးလား ၊ ရော့ .. ငါ့ ဆီ ကယူ ”
ကျွဲသိုး က ငါးပြားစေ့ တစ်စေ့ကို တရုတ်ဖြူ အား လှမ်းယူ၍ ပေး လိုက်သည် ။ ကျွန်တော်တို့ ဂိတ်တွင် ပိုက်ဆံ မရသူ ကို လိုက် ပို့လျှင် ဤသို့ပင် နောက်လေ့ ရှိသည် ။ ထို့ကြောင့်လည်း အကြွေး စီးတတ်သော ခရီးသည် များအား လိုက် မပို့ချင်ကြပေ ။
“ ဟေ့ ... ဗိုက်ရွှဲ တော့ လာပဟေ့ ၊ အရေးထဲ ဝက်များ ထစ်နေဦး မလားမသိဘူး ”
ကျွဲသိုး က လမ်းမဘက် သို့ ကြည့်ရင်း သတိပေး လိုက်သည် ။ လမ်းမ ပေါ်တွင် ဗိုက်ရွှဲဦးဘကြား သည် တလိမ့်လိမ့် ဖြင့် ကျွန်တော် တို့ ဂိတ် ဆီသို့ လာနေ၏ ။
“ သံချောင်း တို့တော့ ဒေါင်း နှစ်ကောင် လောက် ပါဦးတော့မှာပဲ ”
အစက ဦးဘကြား ကို ကျွန်တော် က ကျေးဇူးရှင် တစ်ယောက် အနေဖြင့် ကျေးဇူးဆပ်ခဲ့ဖူးသည် ။ သို့သော် ကြာတော့ လည်း မတတ်နိုင်တော့ချေ ။ တော်တော်ကြာ နှစ်ကျပ် ၊ တော်တော်ကြာ တစ်ကျပ် ၊ ကြာတော့လည်း ထို လူကြီး အပေါ်တွင် စေတနာ ပျက်၍ လာသည် ။ သဒ္ဓါလွန် ဆွမ်းတော်တော် ရပ် ဆိုသော စကား လို ဖြစ်နေသည် ။
နင်း ကောင်းသည့် နေ့၌ တစ်ကျပ် ၊ နှစ်ကျပ် ပေးရသည် မှာ အပန်း မကြီး သော်လည်း နင်း မကောင်းသည့် နေ့၌ တစ်မတ် ပင်လျှင် ချွေတာနေရ၏ ။ ဓနိရေ တစ်လုံး သောက်ရန်ပင် စဉ်းစားနေရသည် ။ ယခု လည်း နင်း မကောင်းရသည့် အထဲ ဦးဘကြား လာသည်ကို မြင်ရသောအခါ ထွက်ပြေး ချင်စိတ် ပင် ပေါက်မိသည် ။ သို့သော်လည်း ယခုအကြိမ်တွင် ကား ဦးဘကြား မလာချေ ။ ကျွဲသိုး အနား သို့ ကပ်၍ နှစ်ယောက်ချင်း သည် ကျွန်တော် ဆီသို့ တီးတိုး ပြောနေကြသည် ။ ကျွဲသိုး က ကျွန်တော့် ဘက်ကို မေးငေါ့၍ ပြလိုက် ရင်း ဦးဘကြား အား တစ်စုံတစ်ခု ပြောလိုက်သည် ။ ဦးဘကြား သည် ကျွဲသိုး နှင့် စကား ပြောပြီးလျှင် ကျွန်တော် အား လှမ်း၍ နှုတ်ဆက်လိုက်သည် ။
ကျွန်တော် က သူ လာမည် ကို စိုးရိမ် နေမိသည် ။ အရက်ဆိုင် ဘက်သို့ တန်း တန်းမတ်မတ် ထွက်သွား၍ တော်သေးသည် ။
“ ဗိုက်ရွှဲ က ဘာ ပြောသွားလဲကွ ”
“ သူ့ အိမ်မှာ ကြက်အသစ် ရောက်လာလို့ လာပြောတာ ။ တော်တော် ဖြောင့်တယ် ဆိုပဲ ၊ ပြီးတော့လည်း အစိမ်းလေးတဲ့ ကွ ”
ကျွဲသိုး ပြောသော စကား ကို မယုံနိုင်အောင် ရှိတော့သည် ။ ဦးဘကြား ကို ကျွန်တော် က လူကြီးလူကောင်း တစ်ယောက် ဟု သာ ထင်ခဲ့လေသည် ။ ယခုလည်း မကောင်းမှု အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိမ့်မည်ဟု ကျွန်တော် မထင်မိခဲ့ပေ ။
“ ဟ ... ဟုတ်ပါ့မလား ၊ ဗိုက်ရွှဲ က ဒီ အလုပ်မျိုးတွေ လည်း လုပ်သလား ”
“ အကြီးအကျယ်ပေါ့ကွာ ၊ ဒါပေမဲ့ သူ့ အိမ် မှာတော့ ဘယ် လုပ်မလဲ ၊ သူ့ တပည့် မွတ်တား အိမ် မှာ ထားတာပေါ့ ၊ အမှုလေး ဘာလေး ဖြစ်ရင်လည်း သူ လိုက်ပြီး ဆောင်ရွက် ပေးရတာပေါ့ ၊ ဗိုက်ရွှဲ က အခြေခံအဖွဲ့ ထဲလည်း ပါတယ်ကွ ”
ကျွန်တော့် မှာ ယုံတမ်းစကား ကြားရသူ ကဲ့သို့ ကြောင်၍ နေသည် ။
ရပ်ကွက် ထဲတွင် ဟန်တစ်လုံး ပန်တစ်လုံးနှင့် နေသူလည်း ဖြစ် ၊ အခြေခံအဖွဲ့ များ တွင် လည်း ဝင်ဆံ့နိုင်သူ လည်း ဖြစ်သော ဗိုက်ရွှဲဦးဘကြား လို လူတစ်ယောက် က ယခုလို မကောင်းမှုဖြင့် လုပ်ကိုင်စားသောက်သည် ဟု သိရသော အခါ မအံ့သြဘဲ မနေနိုင်အောင် ရှိတော့သည် ။
“ နို့ ဒါဖြင့် ဧည့်သည်တွေ ဘာတွေ လာတော့ သူ့ အိမ်ကို ဘာလို့ သွားမပို့လဲ ”
“ သူ့ အိမ် ပို့တော့ ကက်စတန် မရဘူးကွ ၊ အော်ဒါလေး ဘာလေး ရတာတောင် သုံးလေးကျပ် ပေးချင်တာ မဟုတ်ဘူး ”
“ သူ့ လို လူကြီးလူကောင်း တစ်ယောက်က ဒီလို အလုပ်မျိုး ကို လုပ်တယ် ဆိုတော့လည်း ယုံနိုင်စရာတောင် မရှိဘူးနော် ”
ကျွန်တော် က မမျှော်လင့်သော အဖြစ်ကို သိရသဖြင့် မကျေမချမ်း ညည်းလိုက်မိသည် ။
ပြီး ကျွဲသိုး ပြသော ဘက်သို့ ကြည့် လိုက်သောအခါ ဘိုင်စကယ် ပုလိပ် သုံးယောက်သည် တစ်ဖက် ပလက်ဖောင်း ပေါ်တွင် ရပ်၍ ဟိုဒီကြည့် နေကြသည် ။ ကျွဲသိုး က ပြောလက်စ စကား ကို ဖြတ်၍ တကယ့် နိုင်ငံရေး သမား တစ်ယောက် လို လက်သီးလက်မောင်း တန်း၍ တရား ဟောလိုက် သည် ။
“ ပြည်ထောင်စု မြန်မာနိုင်ငံတော် မှာ ကျွန်ုပ်တို့ ၏ ဖဆပလအဖွဲ့ကြီး သည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော လမ်းစဉ် ကို တစ်သဝေမတိမ်း လိုက်နာခဲ့ရာ နောင် အနှစ်လေးဆယ် အတွင်း တည်မြဲ ရမယ် ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ပါတယ် ၊ ခုနစ်ရက် သားသမီးတွေ ချမ်းသာ ကြပါစေခင်ဗျာ ၊ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ကယ်ပါ ၊ ခုနစ်ရက်သားသမီး တွေ ချမ်းသာကြပါစေ ”
ဘိုင်စကယ်ပုလိပ်များ သည် ကျွဲသိုး ကို ကြည့်၍ ပြုံးလိုက်သည် ။ ပြီးမှ စက်ဘီး ကိုယ်စီ နင်း၍ ထွက်သွားကြလေသည် ။
ပုလိပ်များ ထွက်သွားပြီး မကြာမီပင် ကျွန်တော်တို့ ဧည့်သည်များ ရောက်လာသည် ။ ကိုတင်အေး နှင့် လူစိမ်း တစ်ယောက် ဖြစ်သည် ။ ကိုတင်အေး က ပြုံးဖြဲဖြဲ ဖြင့် ကျွန်တော့် အား လှမ်း မေးလိုက်သည် ။
“ ဘယ့်နှယ်လဲဗျ ၊ ကောင်းတာလေးတွေ ရှိရဲ့လား ”
“ ကျွန်တော်တော့ မသိဘူး ၊ အရင် အိမ် ပဲ သိတာပဲ ၊ ကျွဲသိုး မေးကြည့်ပါလား ”
ကျွဲသိုး က ကျွန်တော့် ကို လှမ်းကြည့်ရင်း ...
“ ဟေ့ကောင် ... ဗိုက်ရွှဲ တို့ အိမ် ကို မင်း လိုက်ပို့ လိုက်ပါလားကွ ”
“ ငါ့ ကို မှာတာမှ မဟုတ်ဘဲ ၊ မင်း ကို မှာသွားတာ ၊ မင်း လိုက်ပို့လိုက်ပေါ့ ”
“ မင်း ကို ရော မှာပါတယ်ကွာ ၊ ငါ ပို့ရင် ကက်စတန် ရမှာ မဟုတ်ဘူး ၊ မင်း ဆိုတော့ တစ်ခါမှ မဆက်ဆံဖူးသေးတော့ ကတ်စတန်လေး ဘာလေး ရမှာ သေချာပါတယ် ”
ကိုတင်အေး က လောဆော် နေ၏ ။ ကျွန်တော် က ဗိုက်ရွှဲတို့ အိမ် သွားရမလား ။ အဝင်းတို့ အိမ် သွားရမလား ဝေခွဲ၍ မရပေ ။
“ လာပါဗျာ ၊ ကဲ ... ခင်ဗျားတို့ ကပဲ နှစ်ယောက်စလုံး ပို့ဗျာ ”
ကိုတင်အေး က ကျွန်တော့် ဆိုက်ကား ပေါ်သို့ တက် ထိုင်လိုက်သည် ။ ကျန် တစ်ယောက် က ကျွဲသိုး ဆိုက်ကား ပေါ်သို့ တက် ထိုင်လိုက်သည် ။ မတတ်နိုင်တော့ချေ ။ ကျွန်တော်တို့ နှစ်ယောက်သည် မွတ်တား တို့ အိမ်ဘက် နင်းခဲ့လိုက်သည် ။ အိမ်ဝတွင် ထိုင်နေသော မွတ်တား က ဆီး၍ ဟောက်လိုက်သည် ။
“ ဆိုက်ကား တစ်စီးတည်း လာလည်း ပြီးရော ၊ မင်းတို့ က ဒါလောက် ညံ့ရသလား ၊ ဇိုး မြင်သွားတော့ ဘယ် ကောင်းမလဲ ”
“ ကျုပ် က အပို လိုက်လာတာပါ ၊ ဧည့်သည် လာရင် ဆွယ်လို့ ကောင်းအောင် နမူနာ ကြည့်ချင်လို့ ၊ တော်တော်ကြာ ကိုယ် က ဖြီးတာက တစ်မျိုး ၊ ဒီကျတော့ တွေ့ ရတာ တစ်မျိုး ဖြစ်နေရင် မကောင်းဘူးဗျ ၊ ဗိုက်ရွှဲ ကတော့ တော်တော် စုံတယ်လို့ ကျွန်တော်တို့ ကို ပြောသွားတာပဲ ”
မွတ်တား သည် အတွင်းခန်းဘက် သို့ တစ်ချက်မျှ ငဲ့ ကြည့်လိုက်သည် ။ ပြီးမှ ကျွဲသိုး အား ခပ်ကြွားကြွား ပြန်၍ ပြောလိုက်သည် ။
“ ဟေ့ကောင် ... ဖြောင့်တာ မှ မပြောနဲ့ ၊ အိုးဆားဗစ် မဟုတ်ဘူး နယူး မှ တကယ့် နယူး ၊ ခါတိုင်း ဈေး နဲ့ တော့ မရဘူး ၊ တစ်ဆယ် ပေးရမယ် ”
ကျွဲသိုး က ကိုတင်အေး ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးလျှင် ...
“ စိတ်ချပါ ၊ ပစ္စည်း ကြိုက်ရင် ဒီ လူတွေ က ပေးပါတယ် ”
“ ဟုတ်ပါတယ်ဗျာ ၊ ကျွန်တော် တို့ အကြောင်းတော့ ဒီ ဆရာတွေ သိပါတယ် ၊ သင့်တင့်တာ ဆိုရင် ငါးကျပ် တစ်ဆယ် ကို မပြောပါဘူး ၊ ပေး ပါတယ် ”
“ ဟာ .. တော်ပါတယ် ၊ ကျွန်တော် လည်း ဒီဘက်မှာ နှံ့စပ်ခဲ့တဲ့ လူ ပဲဟာ ၊ ဒီ ကောင်မလေး ကို တစ်ခါမှ မတွေ့ဖူးပါဘူး ၊ ရုပ်ရည်ကလေး ကလည်း သန့်ပါတယ် ၊ အကြည် ရေ ... အကြည် ... လာပါဦးကွယ် ... ခဏ ”
အတွင်း မှ ထူးသံ မကြားရချေ ။ သို့သော် အားလုံးသော လူများမှာ တစ်ဖက်ခန်း မှ အခန်းဆီး ကာထားသော အပေါက် ဆီ သို့ မျက်စိ ရောက်နေ ကြသည် ။ မင်းသမီး ထွက်ခါနီး ကားအတင် ကို စောင့်၍ ကြည့်နေကြသော ပရိသတ် ကဲ့သို့ ကျွန်တော်တို့ မှာလည်း အပေါက် မှ ခန်းဆီးကလေး အပွင့် ကို စောင့်နေကြသည် ။
“ အကြည် ရေ .. လာပါဦးကွာ ၊ အိမ်ထဲ က အစ်ကို့ဆေးလိပ်လည်း မီးညှိယူခဲ့ပါ ”
“ လာပြီ အစ်ကို ”
အထဲ မှ ခပ်တိုးတိုး ထူးသံ ကြားရသည် ။ အသံကလေး မှာ သနားစရာ ကောင်းလှသည် ။ ကျွန်တော် တို့သည် ခြေရင်း အပေါက် ကို မဲကြည့် နေကြသည် ။ အကြည် ထွက်လာသည်မှာ ခေါင်းရင်းပေါက် က ဖြစ်လေသည် ။ အကြည် ထွက်လာသော အခါ အားလုံးပင် ငြိမ်၍ ကြည့် နေကြသည် ။
အကြည် သည် ကျွန်တော်တို့ ဘက်သို့ ကျောပေး ၍ မွတ်တား အား မီးညှိလာသော ဆေးပေါ့လိပ် ကို တရိုတသေ ဒူးထောက်၍ ပေးရှာသည် ။ မွတ်တား က ဆေးလိပ် ကို ယူ၍ ဖွာလိုက်ရင်း အခိုင်းအစေ တစ်ယောက် လို အမိန့် ပေးလိုက်ပြန်သည် ။
“ ထိုင်ပါဦးကွယ် ၊ ဒီမှာ ထိုင် ၊ တခြား လူတွေ မဟုတ်ပါဘူး ၊ ငါ့ မိတ်ဆွေတွေပါ ”
အကြည် သည် ကျွန်တော်တို့ ဘက် မျက်နှာ ပြု၍ ခပ်စောင်းစောင်း ကလေး ထိုင်လိုက်သည် ။ ကျွန်တော့် မှာ တစ္ဆေခြောက် ခံရသူ ကဲ့သို့ မှင်တက်မိ နေသည် ။ ရုတ်တရက် စိတ် ကို ချုပ်တည်းရန် ကြိုးစား သော်လည်း မရတော့ချေ ။
“ မရီ …”
ကျွန်တော့် ပါးစပ် မှ အလိုလို ထွက်၍ သွားလေသည် ။ မရီ သည် ကျွန်တော့် အား တစ်ချက်မျှ မော့ကြည့်ရင်း မျက်တောင် မခတ်ဘဲ တွေ၍ နေရှာ သည် ။ ကျွဲသိုး နှင့် ကျန် လူများက ကျွန်တော့် အား အံ့သြ သလို ဝိုင်း၍ ကြည့် ကြသည် ။ ကျွန်တော် သည် ရုတ်တရက် ဘာ လုပ်ရမှန်း မသိချေ ။ မွတ်တား က ကျွန်တော့် အား လူမိုက်ဂိုက် ဖြင့် စိုက်၍ ကြည့်နေသည် ။ ကျွန်တော် က မွတ်တား ကို ဂရုမစိုက်နိုင်တော့ချေ ။
“ ဟာ .. သူ့ တော့ သိတာပေါ့ ၊ မရီ ဆိုတာ မြို့ ထဲ မှာ ကြာလှပြီ ၊ ဘယ် တစ်ဆယ် ပေးနိုင်မလဲ ၊ လာ .. ကိုတင်အေး ၊ သူ့ တစ်ဆယ် ပေးမယ့် အစား အဝင်း ကို တစ်ဆယ် သွားပေးမှာပေါ့ ”
ကျွန်တော် သည် စိတ် ကို တင်း၍ ဇွတ်ပြောချလိုက်ရ သော်လည်း ကျွန်တော့် မျက်လုံးများ က မရီ ဆီသို့ ရောက်နေသည် ။ မရီ သည် ကျွန်တော့် အား တွေတွေကြီး စိုက်ကြည့် နေရာမှ ရုတ်တရက် မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည် ။
“ ဟေ့ကောင် … ၊ နောက် မင်း ဒီအပေါက်မျိုး နဲ့ ဘယ်တော့မှ မလာ နဲ့ ၊ ငါ့ ဘာကောင် မှတ်လို့လဲ ၊ သေချာမှ ခေါ်ခဲ့ ၊ မသေချာဘဲနဲ့ ဘယ်တော့မှ ငါ့ အိမ်ပေါ် မတက်လာနဲ့ ”
ကျွန်တော် က မွတ်တား အား ဂရုမစိုက်သလို ကြည့် နေလိုက်သည် ။ ကျွဲသိုး က ဝင်၍ ဖျန်လိုက်သည် ။
“ ဟုတ်ပါတယ်ကွာ ၊ ခုဟာလည်း နိပ်သားပဲ ၊ ဒီတင်ပဲ ကိစ္စ ပြီးလိုက်ပါကွာ ”
“ မင်း မသိပါဘူးကွာ ၊ လာ ကိုတင်အေး ၊ ဒါလောက်တော့ ဘယ် ရှာရှာ ရပါတယ်ဗျာ ”
ကျွန်တော် က ဇွတ် ပြောသော်လည်း ကိုတင်အေး နှင့် ဧည့်သည် ကမူ မရီ အား လက်လွှတ်ချင်ပုံ မရပေ ။ ရုတ်တရက် ထိုင်ရာ မှ မထ ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေကြသည် ။ ကိုတင်အေး ၏ အဖော် လုပ်သူ က မူ မွတ်တား အနားသို့ ကပ်သွားသည် ။
“ ကိစ္စ မရှိပါဘူးဗျာ ၊ ကျွန်တော်တို့ အော်ဒါ ခေါ်ချင်တယ် ၊ ဘယ်လောက် ပေးရမလဲ ”
မွတ်တား ၏ မျက်နှာ သည် အချိုး တစ်မျိုး ပြောင်း သွားပြန်သည် ။
“ အပြင်တော့ မထည့်နိုင်ဘူး ၊ ဒီမှာပဲ လေးဆယ် ယူတယ် ”
ဧည့်သည် သည် ချီတုံချတုံ ဖြစ်နေဟန် ရှိသည် ။ ကျွန်တော် ကား ရူးချင်သလို ဖြစ်၍ လာသည် ။ ခါးကြား မှ မောင်းချဓား ကို ထုတ်၍ အားလုံး ကို ထိုးသ,တ်ပစ်လိုက်ချင်သည် ။
“ သုံးဆယ့်ငါးကျပ်ပေါ့ဗျာ ”
ကိုတင်အေး က အားတုံ့အားနာ ဖြင့် ဈေးဆစ် လိုက်သည် ။ မွတ်တား က ကျွန်တော့် ဘက်သို့ မကျေမနပ် ကြည့်လိုက်သည် ။
“ ခင်ဗျားတို့ ချည်း လာရင်တော့ ရတယ် ၊ ခုဟာက သူတို့ ကိုလည်း ပေးရဦးမှာ ၊ လေးဆယ် ရမှ ဒီကောင်တွေ ကို ငါးကျပ် ပေးပြီး ကျွန်တော် သုံးဆယ့်ငါးကျပ် ပဲ ရမှာ ”
ကျွန်တော့် မှာ ကိုတင်အေးတို့ နှစ်ယောက် ၏ အဆုံးအဖြတ် ကို သာ ရင်တထိတ်ထိတ်ဖြင့် စောင့်နေမိသည် ။ ကိုတင်အေး ၏ အဖော် က အဆုံးအဖြတ် မပေးနိုင်ဘဲ ရှိနေစဉ် ကိုတင်အေး က …
“ ကဲဗျာ .. လေးဆယ် ပေးတာပေါ့ ” ဟု ဝင်၍ ပြောလိုက်သည် ။ ကျွန်တော့် တွင် ငယ်ထိပ် မြွေပေါက် ခံရသူ ကဲ့သို့ ဘာလုပ်ရမှန်း ပင် မသိတော့ချေ ။ ရုတ်တရက် မရီ ဘက်သို့ လှည့်၍ ကြည့်လိုက်သည် ။ မရီ သည် ခေါင်း ကို ဆတ်ခနဲ မော့လိုက်ပြီးလျှင် ကျွန်တော့် အား တစ်ချက်မျှ ကြည့်လိုက်သည် ။ ကျွန်တော် က မရီ အား အကဲခတ်၍ ကြည့်နေမိသည် ။ မရီ ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံ ၍ နေသည် ။ သူ့ နှုတ်ခမ်းကလေးများ မှာ တဆတ်ဆတ် တုန်နေဟန် ရှိသည် ။
မရီ သည် ကျွန်တော့် ကို ကြည့်နေရာမှ မွတ်တား ဘက်သို့ လှည့်၍ ကြည့်လိုက်သည် ။ ကျွန်တော် က မရီ ကြည့်ရာ ဘက် သို့ လိုက်၍ ကြည့် လိုက်မိသည် ။ ကိုတင်အေး သည် မွတ်တား အား ပေးရန် ပိုက်ဆံများ ရေတွက် နေသည် ။ မွတ်တား က ငွေယူရန် ပြင်လိုက်စဉ် မရီ ၏ အသံကြောင့် မွတ်တား လက်များ မှာ တုံ့၍ သွားလေသည် ။
“ အစ်ကို ငွေ လက်ခံရင် ပြန် လျော်ရမှာပဲ ၊ မရီ ဘယ်သူမှ မတွေ့ ချင်ဘူး ၊ မရီ နေမကောင်းဘူး ”
မွတ်တား သည် မရီ အား ရှုသိုးသိုး ဖြင့် စိုက်ကြည့်နေသည် ။ ယခု တစ်ကြိမ် တွင် မရီ သည် မွတ်တား ကိုလည်း ဂရုစိုက်ဟန် မတူတော့ချေ ။
“ ဘာလဲ ၊ နင် က ခုမှ နေမကောင်းဘူး ဖြစ်ရပြန်ပြီလား ၊ သွား အထဲဝင် ”
မရီ သည် ဧည့်သည်များ ဘက်သို့ စူးစူးဝါးဝါး ကြည့်လိုက်ပြန်သည် ။
“ ကျွန်မ မကျေနပ်ဘဲ သူ လက်ခံရင် စိတ်ညစ်ရုံပဲ ရှိမှာပဲ ၊ အနားတော့ ကပ်ရလိမ့်မယ် မမှတ်နဲ့ ”
မရီ သည် ပြောပြောဆိုဆို အခန်းတွင်း သို့ ခြေဆောင့်၍ ဝင်သွားသည် ။ ကိုတင်အေး သည် ကြောင်၍ ကြည့်နေရာမှ အားလျှော့လိုက်ပုံရလေသည် ။
“ ကဲဗျာ … ၊ နေမကောင်း ရင် လည်း နောက်မှ လာမယ် ၊ သူ မကျေနပ် ဘဲနဲ့တော့ မကောင်းပါဘူး ”
“ ရပါတယ်ဗျာ ၊ ကျုပ် ဒီကောင်မ ကို နှစ်ချက် မရိုက်ရပါဘူး ”
ကျွန်တော် သည် မွတ်တား ကို အမှုန့်ချေ ပစ်လိုက်ချင်သည် ။ ကိုတင်အေး နှင့် သူ့ အဖော်ကမူ လုံးလုံး စိတ်ပျက်သွားပုံ ရလေသည် ။
“ မကောင်းပါဘူးဗျာ ၊ ဆူဆူပူပူတော့ မလုပ်ပါနဲ့ ၊ နောက်မှ လာ ပါ့မယ် ၊ ကဲ … သွားကြရအောင် ”
ကျွန်တော် က အိမ်ပေါ်မှ ဆင်းခါနီးတွင် မွတ်တား အား တစ်ချက်မျှ စိုက်ကြည့်လိုက်လေသည် ။ မွတ်တား သည် ကျွန်တော့် အား အငြိုးကြီး နေပုံ ရသည် ။ သူ့ မျက်လုံး ကလည်း ကျွန်တော့် အား မသင်္ကာ သလို အကြိမ်ကြိမ် ကြည့် နေသည် ။
ကျွဲသိုး က လက်တို့ ၍ ခေါ်လိုက်မှပင် မွတ်တား တို့ အိမ်ပေါ် မှ ဆင်းခဲ့လေသည် ။ ကျွန်တော် ဆိုက်ကား ပေါ် သို့ ရောက်သောအခါ မွတ်တား အိမ်တွင်းမှ စူးရှစွာ အော်လိုက်သော အသံကို ကြားလိုက်ရလေသည် ။
“ အမလေး အစ်ကိုရဲ့… ”
ကျွန်တော် သည် ဆိုက်ကား ပေါ်မှ ရုတ်တရက် ဆင်း လိုက်သည် ။ ကျွဲသိုး သည် ကျွန်တော့် လက် ကို ခပ်တင်းတင်း ဖမ်း၍ ဆွဲလိုက်သည် ။
“ ဟေ့ကောင် ... သွား မလုပ်နဲ့ ၊ ကိုယ် နဲ့ မဆိုင်တာ အသာ နေစမ်းပါကွာ ”
“ မင်း မသိဘူး ကျွဲသိုး ၊ မင်း မသိဘူး ၊ ငါ ဒီကောင်ကြီး ကို သ,တ်ပစ်မယ် ”
ကျွန်တော် သည် ခါးကြား မှ မောင်းချဓား ကို ထုတ်၍ ဖွင့်လိုက် သည် ။ ကျွဲသိုး က ကျွန်တော် ၏ မောင်းချဓား ကို လုယူ လိုက်ပြီးလျှင် ကျွန်တော့် အား ဆိုက်ကား ပေါ်သို့ ပြန် ဆွဲတင်လိုက်သည် ။
“ ငါ သိပါတယ်ကွာ ၊ ပြီးတော့ ကြည့် စီစဉ်တာပေါ့ ၊ ခုတော့ သူ့ အိမ် မှာ ဆိုတော့ ကိုယ် က တစ်ပန်း ရှုံးတယ် ၊ လာပါ သူငယ်ချင်း ရာ ၊ ငါ ပြောရင် နားထောင်စမ်းပါ ”
ကျွန်တော် သည် စိတ် ကို ပြန်၍ ထိန်းလိုက်ရသည် ။ ကိုတင်အေး က ပါ ဝင်၍ တောင်းပန်နေသောအခါ ကျွန်တော် က လက်လျှော့ ပေး၍ ဆိုက်ကား ပေါ်သို့ ပြန် တက်လိုက်ရသည် ။
ကျွန်တော်တို့ ဆိုက်ကား ပေါ်သို့ ရောက်သောအခါ မွတ်တား တို့ အိမ် ဆီမှ မရီ ၏ အော်သံသဲ့သဲ့ ကို ကြားလိုက်ရလေသည် ။
“ အမလေး… အစ်ကို ရဲ့ ၊ ကြောက်ပါပြီ အစ်ကို ရဲ့ ၊ နောက်တစ်ခါ မပြောတော့ပါဘူး အစ်ကို ရဲ့ ”
မရီ ၏ အော်သံသည် ကျွန်တော် ၏ ရင်တွင်း၌ တူ နှင့် နှက်လိုက် သလို အခံရ ခက်လှပေတော့သည် ။ အဝင်း တို့ အိမ်ရှေ့သို့ ရောက်သောအခါ ကျွန်တော် က အိမ်ပေါ်သို့ မလိုက်တော့ချေ ။
“ ငါ မလိုက်တော့ဘူးကွာ ၊ ပြီး ဟို ဆိုင်ကို လာခဲ့တော့ ”
ကျွဲသိုး က ကျွန်တော့် အား စိတ်ချဟန် မတူပေ ။ မွတ်တား တို့ ဆီ ပြန်သွားမည် ကို စိုးရိမ်နေဟန် တူသည် ။
“ ဟေ့ကောင် … မွတ်တား တို့ ဆီ ပြန် မသွားနဲ့နော် ”
“ စိတ်ချပါကွာ ၊ မသွားပါဘူး ၊ ငါ ဓနိရည်ဆိုင် ထဲမှာပဲ ရှိမယ် ၊ မင်း မလာမချင်း ဘယ်မှ မသွားဘူး ”
ကျွဲသိုး တို့ အိမ်ပေါ် သို့ တက်သွားသော အခါ ကျွန်တော် က ဓနိရည်ဆိုင် ဘက်သို့ နင်းခဲ့သည် ။
⎕ အောင်လင်း
📖ပစ်တိုင်းထောင်
No comments:
Post a Comment