Thursday, June 5, 2025

အောင့်နိုင်ဘူးတော့


 ❝ အောင့်နိုင်ဘူးတော့ ❞

     ( ရန်ကုန်ဘဆွေ )


ဝါခေါင်မိုးစိပ် ထွန်တုံးပိတ် ဆိုသလို မိုးဖြူကလေး ဖွဲ့ဖွဲ့ဟာ စဲတယ်လို့ မရှိဘဲ အခုလို ရွာ နေတုန်း ။ ထွန်တုံးပိတ် မို့ အလုပ်ကလေး လည်း အား နေကြတော့ တစ်ရွာလုံး လိုလို မိုး အေးအေး နဲ့ ကွေး နေကြတဲ့အခါ လူတွေသာ မဟုတ် ၊ နွားတွေ ခွေးတွေ သာ မဟုတ် ၊ ကြက်ကလေးတွေ ပါ လေကွယ်ရာ မှာ ဝပ်လို့ ကွတ်ကွတ် ကွတ်ကွတ်မျှ မြည်ဖော် မရကြတဲ့ အချိန် ။


ကွမ်းသီးပင် ပေါ် က မိုးရေပေါက်ကြီး တွေ ကလည်း ဖြိုးဖြိုးဖြောက်ဖြောက် နဲ့ အိမ်ခေါင်မိုး ပေါက်မတတ် အဆက် မပြတ် ကျလို့ ။


တစ်ခါတစ်ခါ မိုးဖွဲကလေး နဲ့ ရောပါလာတဲ့ ကိုရွှေလေ ကလည်း ရေစိုစို နဲ့ ကုပ်ကုပ်ရုပ်ရုပ် ဖြစ်နေကြတဲ့ ကွမ်းသီး တောကြီး ကို ကသောကမျော နဲ့ ဇက်ကလေး နှိမ်နှိမ် ပြေးလား ပြေးရဲ့ ။


ဒီအချိန်မှာ အင်္ကျီစား သန်ရမလားလို့ ရန် တွေ့ရင်း ကျန်ရစ်ခဲ့ကြတဲ့ ကွမ်းသီးပင် တွေ ဟာ လည်ပင်း တဆန့်ဆန့် ခေါင်းတယမ်းယမ်း နဲ့ လေသရမ်းမောင်မောင် ပြေး တဲ့ လမ်း ကို မျှော်ရင်း မိုးရေတွေ ကို ခါ ခါ ချ နေကြသတော့ ။


အဲဒီတုန်းကပေါ့ ။ ငါးမျှားတံ တစ်ချောင်း နဲ့ ပလိုင်း ကလေး ကို လွယ်ပြီး ချမ်းတယ် လို့ မှ မနေအားဘဲ လယ်ကွင်း ထဲ ကို ထွက်လာခဲ့မိတာ ။


      •••   •••   •••   •••  


လယ်ကွင်း တစ်ခို မှာ စိမ်းစိုစို နဲ့ သန်စွမ်းစ ပြုနေတဲ့ ပျိုးပင်တွေ ကတော့ လေကလေး ဖိ လိုက်မှဖြင့် လှိုင်းလုံးကြီး တွေ လို တအိအိ နဲ့ မိုးကုပ်စက်ဝိုင်း ဆီ ကို ပြေးပြေး သွားနေကြ လေရဲ့ ။


နိမ့်ချည်မြင့်ချည် နဲ့ ကောက်ပင်တွေ လှိုင်း ထ ပြီး လှုပ်သွားတိုင်း ကောက်ပင်ဖျား မှာ ယီးလေး ခိုပြီး စီး နေကြတဲ့ မိုးရေပေါက်ကလေးတွေ ကတော့ တပျော်တပါး ခုန်ခုန် ချရင်း ကစား နေကြတယ် ။


ဖြူမွဲမွဲ နဲ့ မိုးဖွဲကလေးတွေ မှုန်မှုန် အတွင်း မှာ စိန်ရောင်တောက် နေတဲ့ အဲဒီ မိုးပေါက်ကလေးတွေ ဟာ စိမ်းညိုညို ပျိုးပင်ကလေးတွေ ရဲ့ အထက် က အခုလို ခုန်ခုန် ဆင်းသွားကြတော့ ခပ်ဆော့ဆော့ ကို အဖြူဆင်ကလေး နဲ့ ခပ်နော့နော့ ခြယ်လိုက် သလိုပေါ့ ။


ပျိုးပင်ကလေးတွေ ရဲ့ အောက်ယံ က တစ်ကွင်းလုံး လျှံ တက်လာတဲ့ ရေပြင် ထဲ မှာတော့ အတွဲလိုက် အစုံလိုက် ကူး နေကြတဲ့ ငါးကလေးတွေ ဟာ မိုးပေါက်ကလေးတွေ နဲ့ အတူ မြူးလို့ ။


အဲဒီ ငါးကလေးတွေ ကို ပေါ့ ၊ ဝမ်းစာ အရေးကြောင့် ချမ်းသာ မပေးနိုင်ဘဲ ဖမ်း ရအောင် လာရင်း တေးချင်းကလေး များတောင် ညည်း မိတုန်း ဗြုန်း ဆို သူ နဲ့ တွေ့ပြီး သ,တ်လိုက် ပုတ်လိုက် ကြရတာလေ ။


      •••   •••   •••   •••  


အို ... အဲဒီ အချိန် မတိုင်ခင်တုန်း က ဆိုရင်ဖြင့် သူ့ လောက်များတော့ ။ မှတ်မိပါသေးရဲ့ ၊ စပါးပေး နဲ့ ပေးတဲ့ ဈေးသည်ကြီး လာတုန်းက အဖေ ကတော့ ကောင်းနိုးရာရာ နဲ့ လှတဲ့ အဆင် ကလေး ကို ရွေးလို့ ။


“ ဟင့်အင်း ... ဝတ်ချင်ဘူး ၊ အဖေတို့ ဝတ်တာ မျိုး မှ ”


“ ဟဲ ... တို့ ဝတ်တာမျိုး က ယောက်ျားကလေးတွေ မှ ဝတ် ရတာ ”


“ ဟင့်အင်း ... ဟင့်အင်း .. အဖေတို့ ဝတ်တာမျိုး မဝတ် ရရင် ဟောဒီ ခါး က လုံချည် ပါ ချွတ် ပစ်လိုက်မယ် ”


ပြောပြောဆိုဆို နဲ့ ခါး က လုံချည်ကလေး လည်း ချွတ် ပစ်လိုက်ရော အဖေရယ် လေ စိတ်ဆိုးလွန် လွန်းလို့ ...


“ တယ် ... ဒီလောက် ကောင်မလေး ဟာ နင့် အမေ သာ အခု ရှိနေရင် ငါ နင့် ကို ကျိုးအောင် ရိုက်ပစ်တယ်ဟ ” တဲ့ ။


ဒါပေမဲ့ အဖေ့ မျက်လုံး မှာတော့ မျက်ရည်တွေ ဝဲလို့ ။ ထီပေါင် ။ ဘာ ဖြစ်သေးလဲ ။ အဖေ စိတ် ဆိုးတော့ အဖေ နဲ့ ဝေးတဲ့ နေရာ တောင်ပိုင်း ကို ပြေးပြီး ကြွက်နီ တို့ ၊ သာအိ တို့ ၊ ခွေးပု တို့ သူတို့ နဲ့ သွား ကစားတာပေါ့  ။


သူ ဆိုတာ က မြတ်စံ ရယ်လေ ။ အခု ကိုမြတ်စံ ပေါ့ ။ အဲဒီတုန်းကများ သူ့ ကို သိပ် မုန်းတာ ။ သူ က အားကြီး လူပါးဝ တယ် တော့ ။ ကြည့်ပါဦး တော် ရယ် ။ ဒီတုန်းက ကျွန်တော် က အဲ လေ .... ပြောရော့မယ် ။ ကျုပ် က ကျွန်မ ထား ပါတော့လေ ။ ကျုပ် က သူတို့ နဲ့ သွား ကစားတာ ကို သူ က မကစားရဘူး တဲ့ ၊ ကောင်မလေးတွေ က သိပ် ရှုပ်တယ်တဲ့ ။  


“ နင် .. တို့ နဲ့ ကစားချင်ရင် စီးတမ်း ကုန်းတမ်း မှ ကစား မယ် ၊ အဲဒီလို ကစားမလား ” တဲ့ ။


အမယ် ... သင်းတို့ လောက်တော့ ဘာ ရမလဲ ။ စိန်လိုက် ဆိုပြီး ကစား ပစ်လိုက်တာပေါ့ ။ အရီးမင်းဇံကြီး ရဲ့ အိမ် ရှေ့မှာ စီးတမ်း ကုန်းတမ်း လေ ။ ထွေ ခင်းကြတယ် တော် ရဲ့ ။ ကျုပ် က ရှုံးတော့ အစီး ခံတယ် ။ သူ က ကျုပ် ကျော ကုန်းပေါ် ကို တမင် ညစ်ပြီး ခုန် ခုန် စီးတယ် ။ ခံ လိုက် ရသေးတာပေါ့ တော် ။ တစ်ကွေ့တော့ ကျုပ် ကလည်း နိုင်ရော သူ က အစီး မခံဘူးတော့ ။ ဘုန်းကြီး ထိုး ပေး ထားတဲ့ ဆေး က ထဘီ အောက် မဝင်ရဘူး ဆိုလို့ တဲ့ ။ လူပါး ဝတာ ၊ လူပါး ဝတာ ။


ကြည့်ပါဦး တော် ... အထက်ဆင် မပါ ၊ ဘာ မပါ နဲ့ အဖေတို့ ဝတ်တဲ့ လုံချည် လို မန်ကျည်းစေ့ကွက်တုံး အစိမ်းကလေး ကို ထဘီ တဲ့ တော့ ။ သူ က ... သူ က ။


ကဲ... ဒါဖြင့် ထဘီ ဆိုရင် ငါ ချွတ် ပစ် ပြီးမှ စီး မယ် လာ ဆိုပြီး လုံချည် ကို လည်း ချွတ် ချလိုက်ရော ပြောရပါစေ့ တော် ၊ ကိုယ်စောင့်နတ်များ လည်း ကန်တော့ပါ ရဲ့ ။


ဟေ ... လပြားကြီး နဲ့ ၊ ဟေ့ ... လပြားကြီးနဲ့ ဟ ။ တို့ အစီး မခံဘူး တဲ့ ။ အို ... ဘာ ရမလဲ ပေါက်ကျော်မ တဲ့ ။ လုံချည်ကလေး တင်းတင်း ပါအောင် ကောက် ဝတ်တဲ့ပြီး တစ်ခါတည်း သင်း ကို နားရင်း ပြေး တီးလိုက်တာပေါ့ ။ သူ က ကျုပ် ကို ဝင် လုံးတယ်လေ ။ ကျုပ် ကလည်း ပြန် လုံးတာပေါ့ ။  


အစတော့ သူ တစ်ပြန် ကိုယ် တစ်ပြန် ပဲ ။ တော်တော် လေး လည်း ကြာရော ကျုပ် က သူ့ ရင်ဘတ် ပေါ် မှာ ခွ ပြီး သူ့ လည်ပင်း ကို ညှစ် ရင်း သူ့ ခေါင်း နဲ့ မြေကြီး နဲ့ ကို ပစ်ပစ် ဆောင့်လိုက်တာပဲ ။ မှတ်ထား ။


ဒီတော့မှပဲ ကျုပ် ဆံပင် လည်း သူ့ လက် ထဲ က လွတ် တော့တယ် ။ အဖေ့ ကြောင့် ဒီ ဆံပင် ကို အဆွဲ ခံ လိုက်ရတာ ။ ကျုပ် က ရိတ် ပေးပါ ၊ ရိတ် ပေးပါနဲ့ ခဏခဏ ပြောတာကို ရိတ် မပေးဘူး ။


အခုတော့ လည်း အဖေ့ ပဲ ကျေးဇူး ပြန် တင်နေရသေးသတော့ ၊ နို့မို့ ရင် ဆံပင်တိုလေး ဖြစ်နေမှာ ။


      •••   •••   •••   •••  


ပေါက်ကျော် နဲ့ မြတ်စံ တို့ သ,တ် ကြပြန်ပြီ ဆိုတာ တစ်ရွာလုံး ကျော် သွားပြန်တာပေါ့ တော် ။ သူ နဲ့ သ,တ်ကြ ရတာဟာ ဒီ တစ်ခါ မဟုတ်ဘူး ။ အနောက် ရွာ ဘုန်းကြီးပျံပွဲ တုန်း က တစ်ခါ ၊ ကွင်းချောင်း ဘုန်းကြီး ကထိန်ပွဲ မှာ တုန်းက တစ်ခါ ၊ စံအေး နဲ့ သာချို တို့ ရှင်ပြုတဲ့ မဏ္ဍပ် ထဲ မှာတုန်း က တစ်ခါ ။ အိုး  အခါပေါင်း ကို ရေနိုင်တော့ဘူး ။  


သ,တ်တိုင်း သ,တ်တိုင်း လည်း သင်း ချည်း ရှုံးလေ သေးရဲ့ ။ ဒါတောင် အမှတ် မရှိဘူး ။ အံ့ ရော ၊ အံ့ ရော ။ အဲဒီလို ရပ်သိ ၊ ရွာသိ ၊ ရွာနီးချုပ်စပ်ပါ သိ ၊ နယ်ပါ သိ ကြတဲ့ သ,တ်ဖော် သ,တ်ဖက် ပေါ့တော် ။ မတွေ့လိုက် နဲ့ တွေ့လိုက် ရင် သ,တ်လိုက် ပုတ်လိုက် ကြရတာချည်းပဲ ။  


ကြာတော့ ရွာ ထဲ က လူကြီးတွေ က တစ်ယောက် နဲ့ တစ်ယောက် မတွေ့နိုင်အောင် နယ် ကန့်သတ်ပြီး ကြံဖန် ကွပ် ညှပ်ထား ရတဲ့ အဖြစ်မျိုး ကို ရောက် နေကြတာပေါ့ ။ ဒါပေမဲ့ သင်း ကို မတွေ့တွေ့ အောင် ရှာ ပြီး သ,တ်ချင်ပုတ်ချင်စိတ် တွေ ဝင် လာတဲ့အကြောင်း က ဒီလိုလေ ။ ည တစ်ညပေါ့ ။ မိုးမှုန်တွေ ကြား ထဲ က နေပြီး လကလေး က လည်း အတင်း တိုး တိုးထွက် လို့ ၊ စိန်ပု နဲ့ ကျုပ် နဲ့ ကလည်း သူတို့ အိမ် ရှေ့က နွားစားခွက် ကျင်းကြီး အနား မှာ အတူ ရပ်လို့ ။  


စိန်ပု ဆိုတာ ကျုပ် တို့ အိမ်နား က ကျုပ် နဲ့ ရွယ်တူ ကျုပ် နဲ့ အင်မတန် ချစ်တဲ့ သူငယ်ချင်း ၊ သူ က ငယ်ငယ်လေး ကတည်း က အပျိုကြီးများ လို ဖီးလိမ်း ပြီး နေတတ်လို့ သူ့ ကို အပျိုကြီးစိန် ၊ အပျိုကြီးစိန် လို့ ခေါ်ကြတယ် တော့ ။ သူ့ မျက်နှာကလေး က လည်း ပွင့်သစ်စ စံပယ်ပန်းကလေး လို အို .. သိပ် ကို ချစ်စရာ ကောင်းတဲ့ ကောင်မ ။


အခုလည်း သူ့ မျက်နှာ မှာ သနပ်ခါးတွေ အဖွေးသား နဲ့ ။ သူ့ ခေါင်း မှာလည်း ဇလပ်ဖြူကလေး တစ်ပွင့် ကို ပန် လို့ ။ ကျုပ် က ရုတ်တရက် မေး လိုက်မိတယ်တော့ ။ စိန်ပု ရယ် ၊ ညည်း ဒါ

လောက်တောင် အပျို လုပ်နေတာ လင်များ လိုချင်နေပြီလား လို့ ။ အဲဒီတော့ ကောင်မ က ကျုပ် မျက်နှာ ကို ကြည့်ပြီး ပြုံး တယ် တော့ ။


“ ပြောစမ်းပါ ဟယ် ... ငါ က တကယ် သိချင်လို့ မေး  နေတာပါ ”


“ ညည်း က ဘာ လုပ်မလို့တုံး ”


“ ဘာမှတော့ မလုပ်ပါဘူး ၊ ညည်း က သိပ်သိပ် အပျို လုပ် လွန်းလို့ လင်များ လိုချင်နေလား လို့ ”


“ ငါ လင် ယူရင် ညည်း သဘော မကျဘူးလား ”


“ ဘယ် သဘော ကျနိုင်မလဲ အေ ရဲ့ ၊ ကိုယ့် သူငယ်ချင်း ကို ဒီလိုပဲ မျက်စိ အောက်မှာ အရိပ် တကြည့်ကြည့် နဲ့ နေ ချင်တာပေါ့ ”


ကျုပ် ကတော့ တကယ့် ကို ဝမ်း ထဲ မှာ ရှိတဲ့ အတိုင်း ပြော လိုက်တာပဲ ။ ဒါပေမဲ့ စိန်ပု ကတော့ ပြုံး လို့ ။ ပြီးတော့ မှ စိန်ပု က ..


“ ငါ ကလည်း လင် မယူချင်သေးပါဘူး အေ ၊ ငယ်ငယ်  ကတည်း က ငါ့ ဝါသနာ နဲ့ ငါ ဖီးလိမ်း နေတာပါ ” တဲ့ ။


ဒီတော့ ကျုပ် ကလည်း စိတ် မချနိုင်တဲ့ အတိုင်း .....


“ နို့ ... ညည်း အဲဒီလို ဖြီးလိမ်း နေတော့ ကာလသား တွေ က လူပျို စကား လာ မပြောဘူးလား ”


“ ဘာ ... ဘာပြုလို့လဲ အေ ရဲ့”


“ ညည်း မြင်ရတာ ကာလသားတွေ မပြောနဲ့ ၊ ငါ တို့  တောင် ကြိုက်ချင် ကြိုက်ချင် လာလို့ ”


ဒီတော့ စိန်ပု က ကျုပ် ကို ဆွဲ လိမ်လိုက်တယ် တော့ ။


“ ငါ့ ကို ကာလသား တွေ တော့ လူပျို စကား မပြောဘူး အေ ရဲ့ ၊ ညည်း နဲ့ မြတ်စံ နှစ်ယောက် ပဲ ငါ့ ကို လူပျိုစကား ပြော သေးတယ် ”


“ ဘာ .. ဘာ .. ညည်း ကို မြတ်စံ က လူပျို စကား ပြောတယ် ”


“ အေး ” 


“ ဘယ်တုန်းကလဲ ” 


“ ညနေ က ကန် ကို ရေခပ် သွား တုန်း က ... ” 


“ နို့ ... ညည်း ကရော ကြိုက် နေသလား ”


ဒီတော့ စိန်ပု က တော် တော် နဲ့ အ ဖြေ မပေးဘူး တော့ ၊ လကလေး ကလည်း မိုးကြား ထဲ ဝင် သွားတော့ စိန်ပု ရဲ့ မျက်နှာ ကို လည်း အား ရအောင် မမြင်ရဘူး ။ ဒါ နဲ့ စိန်ပု ပခုံး နှစ်ဖက် ကို အတင်း ကိုင် လှုပ်ရင်း ...


“ ပြော ... ပြောစမ်းပါအေ ၊ ညည်း ကရော ကြိုက် နေလို့လား ”


စိန်ပု က ရယ်များ ရယ်လိုက်ပါသေးသတော့ ၊ ပြီး တော့ မှ “ ငါ က ကြိုက်တယ် လည်း မဟုတ် ၊ မကြိုက်ဘူး လည်း မဟုတ်ပါဘူး အေရယ် ” တဲ့ ။  


ကြည့်ပါဦး တော် ။ သူ့ စကားကြီး က ကျုပ် ဖြင့် စိန်ပု မျက်နှာ ကို ကြည့်ရင်း ငိုင် လို့ ။ လယ် ထဲ က အော် နေကြတဲ့ ပုစဉ်း ရင်ကွဲသံ တွေ ဟာ အခုမှပဲ နားထဲ ဝင် လာကြတယ် ။


မိုးဝ က ဖိုးလ ကို တိမ်ညိုကြီး ကလည်း မျို သွားရော ။ မိုးဖွဲကလေးတွေ က လည်း ကျိုးတိုးကျဲတဲ နဲ့ ကျ လာရော ။ ကျုပ် လည်း စိန်ပု ရဲ့ ပြုံးစစ မျက်နှာ ကို ငေး ကြည့်နေရာက ချာခနဲ လှည့် ထွက်လာခဲ့တာပါပဲ ။


အို ... အဲဒီတုန်း ကများ မြတ်စံ ကို တွေ့ရာ နေရာ မှာ ကိုင်ကိုင် ဆောင့်ပစ်လိုက်ချင်တာကလား ။


      •••   •••   •••   ••• 


ဝါခေါင်မိုးစိပ် ထွန်တုံးပိတ် တဲ့ အခု အချိန် ။ ကွင်းရေ က လျှံ ၊ ကန်ရေ က တိုး ၊ မိုးကလေး က စွေစွေ ၊ လေကလေး က ဖြူးဖြူး ၊ မြူး နေတဲ့ ငါးကလေးတွေ ကို ဖမ်း ရအောင် ငါးမျှားတံ ကလေး ဝေ့ကာဝေ့ကာ တေးကလေး ညည်းကာ ညည်းကာ နဲ့ ပေါ့ ။


ဟိုး ခပ်ဝေးဝေး ဆီ က လူတစ်ယောက် ကွင်း ထဲ မှာ လျှောက်လာ နေလေရဲ့ ။ ဘယ်သူများပါလိမ့် ။ ကြည့်ရင်း ကြည့်ရင်း နဲ့ သိလာတယ် ဆိုရင်ပဲ လုံချည် ကို ခပ်တင်းတင်း ပြင် ဝတ်လိုက်တာပေါ့ ။


ကဲ ... ဒါ ဘယ်သူ ဖြစ်ဦးမလဲ ။ ပေါက်ကျော် နဲ့ မြတ်စံ ရယ် လေ ။ ကွင်းလယ် မှာ တွေ့ ကြရောပေါ့ ။ သူ က လည်း တန်း တန်းမတ်မတ်ကြီး ပဲ လာပြီး ... 


“ ဟေ့ ... သူခိုးမ ၊ တို့ လယ် ထဲ က ငါးတွေ ကို ဘာလို့ ခိုး ခိုး မျှားနေရတာလဲ ” တဲ့ ။


ကျုပ် ကတော့ ကန်သင်း ပေါ် က ပိတ်ပြီး မတ်မတ် ရပ် နေလိုက်တယ် ။ သူ ကလည်း ကျုပ် ရှေ့မှာ လာပြီး ရပ်တယ် တော့ ။ ကျုပ် လေ သူ့ ကို စကား မပြောနိုင်ဘဲ မုန်းမုန်းတီးတီးကြီး စိုက်ပြီး အတော် ကြာအောင် ကြည့် နေမိပြီး မှ သူ့ ပါး ကို တအား လွှဲပြီး ပစ်ချလိုက်တာပဲ ။  


ဒီ့ နောက်တော့ တော် နှစ်ယောက် သား ဇွဲကောင်း ကောင်း နဲ့ လုံး နေကြသပေါ့ ။ အဝတ်တွေ လည်း အစိတ်စိတ် အမြွှာမြွှာ ၊ ဆံပင်တွေ လည်း ရွှံ့အလူးလူး ပေါ့ ။ အရွယ်တွေ က လည်း နည်းနည်း စီ ကြီး လာကြတော့ လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘူးတော့ ။


တစ်ချီတော့ သူ က သူ့ လုံချည်စ ကို ငုံ့ သိမ်း နေတုန်း ကျုပ် ကလည်း သူ့ ဇက် ပေါ် ခွ စီးတဲ့ပြီး နားရင်း ပစ် ပစ်တီးလိုက် တာပဲ ။ နောက် တယ် မကြာပါဘူး ။ ကျုပ် အလှည့် ရောက်လာ တယ် တော်ရေ့ ။

  

လုံးရင်း ထွေးရင်း နင်း မိလို့ ကျွတ် သွားတဲ့ ကျုပ် လုံချည်စ ကို ကျုပ် ကလည်း လိုက် အသိမ်း မှာ သူ ကလည်း ကျုပ် ခါးပေါ် ခွ စီးပြီး ကျုပ် လည်ပင်း ကို ညှစ် ရအောင် လက် ကြီး လှမ်း လာလေရဲ့ ။

ဒါပေမဲ့ ကျုပ် လက်နှစ်ဖက် ကလည်း အအား မနေတော့ သူ က ကျုပ် လက် နှစ်ဖက် ကိုလည်း ချုပ် နေရသေးသကိုး ။


အား ချင်း က တူ နေကြတော့ တစ်ယောက် နဲ့ တစ်ယောက် မလှုပ်သာ မရုန်းသာ ဖြစ် နေရာက ခဏကလေး အငြိမ် လိုက် မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကျုပ် ရင်ဘတ် ကို သတိ ရ ပြီး ကျုပ် လက်နှစ်ဖက် က သူ့ လက် ကို လွှတ် လိုက်မိတယ် တော့ ။ ဒီ အချိန် မှာ သူ့ လက်နှစ်ဖက် ဟာ ကျုပ် လည်ပင်း ကို စိစိ ပါအောင် လာ ဆုပ်မိ နေလေ ရဲ့ ။ ဒါပေမဲ့ ကျုပ် လက် နှစ်ဖက် ကို တော့ ကျုပ် ရင်ဘတ် ပေါ် က မခွာ တော့ဘူး ။


ငါ တော့ သူ ညှစ် သ,တ်ရင်လည်း ခံ ရတော့မှာ ပဲ လို့ တွေးရင်း တစ်ဖက် က လည်း အို ... လုပ် ရဲရင် ခံ ရဲသဟ လို့ ကိုယ့် ကိုယ် ကိုယ် အားပေးပြီး သူ့ မျက်နှာ ကို စေ့စေ့ ကြည့်နေမိတာပါပဲ ။


သူ ကလည်း ကျုပ် မျက်လုံး ထဲ ကို စေ့စေ့ ကြည့်ရင်း သူ့ လက်ကြီး ကတော့ ကျုပ် လည်ပင်း မှာ တင်း နေရာ က လျော့ လျော့ သွားတယ်တော့ ။  


ဒါပေမဲ့ သူ့ မျက်နှာကြီး ဟာ ကျုပ် မျက်နှာ နား ကို တဖြည်းဖြည်း နီးလာပြီး ကြည့်ပါဦး တော် ... သူ က ကျုပ် ပါး ကို ဖြည်းဖြည်းကလေး ကုန်း နမ်း လိုက်တယ် ။


ကျုပ် ကလည်း ကြက်သေ သေ ပြီး မလှုပ်ရှားလိုက်မိ ဘူး ။ ဒီ အချိန် မှာ သူ က ကျုပ် ကိုယ် ပေါ်က ခပ်ဖြည်းဖြည်းပဲ ထ ပြီး ကန်သင်း အတိုင်း အသာ လျှောက် သွားသတော့ ။


ကျုပ် လေ ကျုပ် စိတ် ထဲ မှာ ဘယ်လို ဖြစ် သွားမှန်း မသိဘူး ။ ကပျာကယာ လူးလဲ ထရင်း သူ့ ကျောပြင်ကြီး ကို ပဲ ငေး ကြည့် နေမိတယ် ။ နောက်မှ သတိ ရပြီး သူ့ နောက် ကို အပြေး လိုက် သွားမိတယ်တော့ ။


ခြေသံ ကြား တော့ သူ က လှည့် ကြည့်ပြီး အသာ ရပ် နေလေရဲ့ ။ ကျုပ် ကလည်း သူ့ ရှေ့မှာ ရပ်ရင်း သူ့ မျက်နှာ ကို တစ်ချက် ကြည့် တဲ့ ပြီး သူ့ ပါး ကို ဖြန်းခနဲ နေအောင် တအား ပိတ်ချပစ် လိုက်တယ်တော့ ။


ဒါပေမဲ့ သူ့ မျက်နှာ ဟာ ဘယ်လိုမှ ဖြစ်မသွားဘူး ။ ပြုံး လည်း မပြုံး ဘူး ၊ ဒေါသ လည်း မဖြစ်ဘူး ၊ လှုပ် လည်း မလှုပ်ဘူး ။ ကျုပ် မျက်နှာ ကိုပဲ ငြိမ်ပြီး ကြည့်နေတာပဲ ။


ကျုပ် လေ သူ့ ကို ကြည့်ရင်း အလိုလို ဝမ်းနည်းလာတယ် တော့ ။ ပြီးတော့ သူ့ ရင်ဘတ် ကျယ်ကြီး ပေါ် မှာ ခေါင်း မှီ ပြီး အားရပါးရ ပစ် ငိုလိုက်တော့တာပါပဲ ။


အဲဒီ နောက်တော့ ကျုပ် ဟာ အဖေ ဝယ်ပေးခဲ့တဲ့ အင်္ကျီလေးတွေ ၊ ထဘီကလေးတွေ ကို အခန်း ထဲ မှာ ဝတ် ဝတ်ကြည့်တယ် တော့ ။ ဒါပေမဲ့ ရှက် လို့ အပြင် ကို မထွက်ဝံ့ဘူး ။


စိန်ပု လို သနပ်ခါးလေး ဘာလေး လိမ်း ကြည့် ချင် ပေမယ့်လည်း ရှက်တာနဲ့ မလိမ်းဝံ့ဘူး တော် ။ အိမ် ပြင် ကို ထွက်ဖို့ တောင် အလိုလို ရှိုးတိုးရှန်းတန်း ဖြစ် ဖြစ် နေတာကလား ။ ဒီတော့ အိမ်ခန်း ထဲ မှာပဲ သူ့ အကြောင်း တွေးလိုက် ၊ မှန် ကြည့် လိုက် နဲ့ ကိုယ့် စိတ် ထဲ ဖြစ် နေတာ ကိုလည်း လူသူ မရိပ် မိအောင် ဣန္ဒြေ မပျက် ဟန် လုပ် နေရလေတော့တာပဲ ။


ဒီလို ဘယ်လောက် ကြာကြာ ဟန် လုပ်နေနိုင်ပါ့မလဲ ။ ဒါနဲ့ တစ်နေ့တော့ သူ့ ကို တွေ့ပြီး ကျုပ် အောင့်နိုင်ဘူးတော့ လို့ ပြော လိုက်တယ် ။


အခုဖြင့် ရွာ ထဲမှာ ဆူ နေကြလေ ရဲ့ ။ ပေါက်ကျော် တို့ များ ဖြစ်မယ့် ဖြစ်တော့ ဝါ ကျွတ်အောင် တောင် မအောင့်နိုင်တော့ဘူး တဲ့ ။


အောင့်နိုင်ဘူး တော့ ၊ အောင့်နိုင်ဘူး ။ ကျုပ် ကို ပေါက်ကျော် ၊ ပေါက်ကျော် လို့ မခေါ်ပါနဲ့ ။ ကျုပ် နာမည် က မနှင်းဆီ တဲ့ ။


◾ရန်ကုန်ဘဆွေ


📖 ရယ်စရာ မဂ္ဂဇင်း

      စက်တင်ဘာ ၊ ၂၀၁၂

No comments:

Post a Comment