Monday, June 2, 2025

ပစ်တိုင်းထောင် ( ၀၃ ) ( ၁ )


 

❝ ပစ်တိုင်းထောင် ❞
    အပိုင်း - ၃ ( ၁ )

မိန်းမပျို သည် ကျွန်တော့် အား မြင် လျှင် မြင်ချင်း အမှတ်တရ မိတ်ဆက် လိုက်လေသည် ။

“ ဪ … အစ်ကိုကြီး ၊ ဒီကနေ့ မိုးချုပ်ပါကလား ၊ ကဲ ဘာဟင်း စားမလဲ ၊ ရှင် ကြိုက်တတ်တဲ့ ငါးမြင်းဆီပြန် တော့ ရှိသေးတယ် ”

“ ငါးမြင်းဆီပြန်ချက် ၊ ပြီးတော့ ငါးပိကြော်ကလေး တစ်ဝက်လောက် ၊ ဒါပဲ ”

အမှန်မှာ ကျွန်တော် သည် ငါးမြင်းဆီပြန် ကို ဒါလောက် ကြိုက် လှ၍ မဟုတ်သော်လည်း မိန်းမပျို က ကျွန်တော့် အား ငါးမြင်းဆီပြန် ကြိုက်သည် ဟု ထင် နေလေသည် ။ ထို့ကြောင့်လည်း ကျွန်တော် က လွယ်လွယ်ပင် ငါးမြင်းဆီပြန် ကို မှာလိုက်ခြင်း ဖြစ်လေသည် ။ မိန်းမပျို က မူ ကျွန်တော် က သူ ပြောသော ဟင်း ကို မှာလိုက်သဖြင့် ကျေနပ်သွားပုံ ရလေသည် ။ ထမင်း ရောင်းသူတို့ သည် လာ၍ စားသောက်ရသူ တို့ ၏ အရိပ်အကဲ ကို နားလည် ရပေသည် ။ ဘယ်သူက ဘာကြိုက်၍ ဘယ်သူက ဘာကို စားတတ်သည် ကို အကဲခတ် တတ်ရပေမည် ။ သို့မှသာ လာရောက် စားသောက်သူတို့ ၏ ကျေနပ်မှု ကို ရပေမည် ။

ကျွန်တော် ၏ မိန်းမပျိုကလေး မှာ လည်း ထိုသို့ အတူပင် ဖြစ်လေသည် ။ ကျွန်တော် ၏ အရိပ်အကဲ ကို သိနှင့် သူ တစ်ယောက် အနေနှင့် ကြေညာ နေပုံ ရလေသည် ။

ကျွန်တော် သည် မိန်းမပျို ချထားသော ထမင်းဟင်းများ ကို ဆာဆာ နှင့် အားရပါးရ စားလိုက်မိလေသည် ။ မိန်းမပျို က ကျွန်တော် စားနေသည် ကို ငေးမော၍ ကြည့်ပြီး ကျေနပ်နေဟန် ရှိသည် ။

“ အစ်ကိုကြီး က နာမည် ဘယ်လို ခေါ်လဲ ”

ကျွန်တော် သည် မိန်းမပျို အား မော့၍ ကြည့်လိုက်မိသည် ။ သူ သည် ကျွန်တော့် အား စိုက်၍ ကြည့်နေရှာသည် ။

“ သံချောင်း လို့ ခေါ်သဗျ ”

“ ဪ …. ကိုသံချောင်း တဲ့လား ၊ အမလေး .. နာမည် ကလည်း ကြောက်စရာ ... ”

“ ဘာလို့ ကြောက်စရာလဲဗျာ ၊ ငယ်ငယ် ကတည်းက ကျန်းမာအောင် လို့ မှည့်ထားတဲ့ နာမည်ပါ ”

“ အင်းလေ ... ဒါကြောင့်ပေါ့ ၊ သံချောင်း ဆိုတော့ အစ်ကိုကြီး က သိပ်ပြီး သန်မာမှာပေါ့ ၊ လုပ်တော့ကော ... ဘယ်မှာ လုပ်သလဲ ”

မိန်းမပျို ၏ အမေး ကြောင့် ကျွန်တော် သည် ထမင်းများ ကို မျို၍ မကျတော့ပေ ။ ရုတ်တရက် လည်း ဘယ်လို ဖြေရမှန်းပင် မသိတော့ချေ ။

“ အလုပ်တော့ ဘယ်မှ မလုပ်ပါဘူး ၊ လုပ်စရာ အလုပ် မှ မရှိတာ ”

မိန်းမပျို သည် ကျွန်တော့် အား ကြင်နာစွာ ကြည့်၍ နေရှာသည် ။ သူ့ မျက်နှာ မှာ အံ့သြနေပုံ လည်း ရသည် ။

“ အလုပ် မရှိဘဲနဲ့ ဘယ်လို လုပ်ပြီး စားနေသလဲ ”

“ အခုတော့ အိမ် က ပါလာတဲ့ ပိုက်ဆံကလေး နဲ့ စား နေရတာပေါ့  ၊ ဒီအတွင်း အလုပ် ရရင် ရ ၊ မရရင် ငတ်နေရုံပေါ့ ”

“ ရှင် ဒါဖြင့် အလုပ် တစ်ခုခု ဝင် လုပ်ဖို့ ကောင်းတယ် ”

“ ဝင်လုပ် ဆိုတာက လွယ်တယ်ဗျ ၊ အလုပ် က မရှိဘူး ၊ ဘယ် ရှာရမှန်း လည်း မသိဘူး ”

“ ရှင် ကျွန်မတို့ ဆိုင် မှာ လုပ်မလား ”

မိန်းမပျို ၏ စကား သည် ကျွန်တော့် အတွက် မယုံနိုင် လောက်အောင်ပင် ရှိတော့သည် ။ ထို့ကြောင့်လည်း ကျွန်တော် သည် သူ ၏ အမေး ကို ရုတ်တရက် ပြန်၍ မဖြေနိုင်သေးပေ ။

“ ဗျာ ... ခင်ဗျားတို့ ဆိုင် မှာ လုပ်ရမယ် ဟုတ်လား ”

“ ရှင် လုပ်မယ် ဆိုရင် ကျွန်မ အစ်ကို ကို ပြောပေးမယ် ၊ မနက်ဖြန် မနက်လောက် လာခဲ့ ”

“ ခင်ဗျား တကယ် ပြောနေတာလား ဟင် ၊ ကျွန်တော့် အတွက် အလုပ် တကယ် ရမှာလားဟင် ”

ကျွန်တော် က မယုံနိုင် သဖြင့် ထပ်၍ မေးနေမိသည် ။ မိန်းမပျို သည် ကျွန်တော့် အား ပြုံး၍ ကြည့်နေရင်း ...

“ တကယ်ပေါ့ ၊ ရှင့် ကို ကျွန်မ နောက်နေပါ့မလား ၊ အစ်ကို ကလည်း ရှင့် ကို သဘောကျတယ် ၊ ရှင် ဟာ ရိုးတယ် ၊ သတ္တိရှိတယ် ဆိုပြီး မနေ့က ဦးကြီး ပက်ဆံ ကို ယူတဲ့ လူလေ ၊ ဆိုင် က ထုတ်လိုက်ပြီ ၊ အဲဒါ သူ့ နေရာ အစားထိုးဖို့ ကျွန်မ က ပြောတာ ၊ ကျွန်မ ခု ပြောထားနှင့်မယ်လေ ၊ ရှင် မနက် ဆက်ဆက် လာခဲ့ပေတော့ ”

ကျွန်တော် သည် မိန်းမပျို ၏ စကားကြောင့် ထမင်း ပင် ဝအောင် မစားနိုင်တော့ပေ ။ မိန်းမပျို က နောက်ထပ် ဟင်းများ ထည့်ပေးရှာသည် ။ ကျွန်တော် က သူ ထည့်ပေးသော ဟင်းများ ကို ထမင်းပန်းကန် ထဲ ၌ အကုန် လောင်း ၍ ထည့်လိုက်ပြီး လူး၍ စားလိုက်သည် ။

မိန်းမပျို သည် ကျွန်တော် စားပုံကို ကြည့်၍ ကျေနပ်နေပုံ ရလေသည် ။ ကျွန်တော် က ထမင်းဖိုး ပိုက်ဆံ ကို ပေးလိုက် ပြီးလျှင် သူ့ အား ကျေးဇူးတင် စကား ပြောရလေသည် ။

“ ကျေးဇူး တင်ပါတယ်ဗျာ ၊ ခင်ဗျား ကျေးဇူး ဘယ်တော့မှ မမေ့ပါ ဘူး ၊ ကျွန်တော် မနက်ဖြန် လာခဲ့ပါ့မယ် ”

“ ကျေးဇူး က အရင် မတင်နဲ့ဦးလေ ၊ အလုပ် က ရမှ မရသေးဘဲ ”

“ မရလည်း ဘယ် တတ်နိုင်မလဲဗျာ ၊ ဒါပေမဲ့ ခင်ဗျား ခုလို ကူညီတာကို ပဲ ကျေးဇူး တင်ပါတယ်ဗျာ ”

ကျွန်တော် သည် ထမင်းဆိုင် မှ ထွက်၍ ဆိပ်ကမ်းတံတား တစ်ခု ပေါ် တွင် ဆေးလိပ် နှင့် မှိန်းရင်း ရှေ့ရေး နောက်ရေးများ တွေး နေမိသည် ။

ထိုည က မူ ကျွန်တော် သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ သွားလေသည် ။ မိန်းမပျို ၏ စကား အရ ရှေ့ရေး ကို လည်း မပူပင်မိတော့ပေ ။ ရသော အလုပ်ကလေး စွဲစွဲမြဲမြဲ လုပ်ရင်း ရှေ့ တစ်ခုခု ဆက် လုပ်သွားမည် ကို တွေးရင်း ကြည်နူးမိလေသည် ။ ယခုနေ အခါ ကျွန်တော့် အတွက် အနည်းဆုံး ထမင်း စားစရာ ရှိလျှင် ပူပင်စရာ မလိုတော့ပေ ။ အိပ်စရာ ဆိုသည်မှာ ဖြစ်သလို အိပ် သွားနိုင်မည် ဟု တွေးမိသည် ။

ထို့ကြောင့်လည်း နက်ဖြန် အလုပ် ရလျှင် ကျွန်တော့် အတွက် ထမင်း မပူပင်ရပေ ။ ၎င်း အလုပ် ကို လုပ်ရင်း ထို အတွေးများ သည် ပြဿနာသည် ကျွန်တော့် အား တစ်ညတာ အားဖြင့် ကြည်နူးရင်း အိပ်ပျော် သွားလေသည် ။

ကျွန်တော် သည် မိန်းမပျို မှာသည့် အတိုင်းပင် ထမင်းဆိုင် သို့ အရောက် သွားလေသည် ။ ထမင်းဆိုင် တွင် စောစောပိုင်း ဖြစ်၍မို့ လူ မရှုပ်လှပေ ။ တစ်ယောက် နှစ်ယောက် သာ စားသူ ရှိလေသည် ။

မိန်းမပျို သည် အလုပ် လုပ်နေရာ မှ ကျွန်တော့် ကို မြင်လျှင် သူ့ အလုပ်များ ကို လက်စသတ်၍ ကျွန်တော့် ဆီသို့ လာရှာလေသည် ။ ပြီးတော့လည်း ရောက်လျှင် ရောက်ချင်း ကျွန်တော့် အား ဝမ်းသာစရာ သတင်း ကို ပါးလေသည် ။

“ ရှင် လာမှ လာပါ့မလားလို့ ကျွန်မ စိတ်ထဲက ပူနေတာ အတော်ပဲ ၊ ရှင့် အတွက် ကျွန်မ အစ်ကို့ ကို ပြောပြီးပြီ ၊ အစ်ကို က ရှင့် ကို မေးရင် အလုပ် ကို ရိုရိုသေသေ လုပ်မယ့် အကြောင်းသာ ပြော ၊ ပြီးတော့ အစတော့ ဘယ်ရွေ့ဘယ်မျှ မပြောနဲ့ ၊ နောက် လုပ်ရင်း တိုးတောင်း ရတယ် ၊ ကိုယ့် အလုပ် ကို သဘော ကျရင် သူတို့ က နောက် တိုးပေးတာပါပဲ ”

မိန်းမပျို သည် ကျွန်တော့် အား တိုးတိုးကလေး သင်ဉာဏ် ပေးပြီး လျှင် ဆိုင်ရှင် လူကြီး ထံ သို့ သွားလေသည် ။

မိန်းမပျို သည် ဆိုင်ရှင်လူကြီး အား ခပ်တိုးတိုး ပြောလိုက်သည် ။ ဆိုင်ရှင်လူကြီး က တစ်ချက်မျှ ကြည့်လိုက် ပြီးလျှင် ကျွန်တော် ရှိရာသို့ လာလေသည် ။ ကျွန်တော် သည် ထိုင်ရ မလို ထရ မလို ဖြစ်နေသည် ။ ဆိုင်ရှင်လူကြီး သည် ကျွန်တော့် အား ဖော်ရွေစွာ ပြုံးပြီး သူ လိုရာ မေးသည် ။

“ ဒီ ဆိုင်မှာ အလုပ် လုပ်မယ် ဆိုတာ မင်း ပဲလား ”

“ ဟုတ်ပါတယ်ဗျာ ”

“ မင်း အရင်ကကော .. ဘာ လုပ်ဖူးလဲ ”

ကျွန်တော် သည် ရုတ်တရက် မည်သို့ ပြန် ဖြေရမည် ကို စဉ်းစား၍ မရပေ ။ အမှန်အတိုင်း ပြောရမလား ။ လိမ်၍ ပြောရမည်လား ဟု ဝေခွဲ၍ မရပေ ။

“ အစိုးရပြစ်မှုတွေ ဘာတွေ ကော ... ရှိဖူးလား ”

“ ဘာမှ မရှိခဲ့ပါဘူး ”

“ ထမင်းတို့ ဟင်းတို့ ကော ချက်တတ်ရဲ့လား ”

“ ထမင်း တော့ ချက်တတ်ပါတယ် ၊ ဟင်းတော့ တောဟင်းပဲ ချက်တတ်တယ် ခင်ဗျ ”

ဆိုင်ရှင် လူကြီး သည် ကျွန်တော့် အဖြေ ကို နားထောင်ရင်း ကျေနပ်စွာ ပြုံးလိုက်သည် ။

“ ဒီမှာ လုပ်ရင် စွဲစွဲမြဲမြဲ လုပ်မှဖြစ်မယ် ၊ လုပ်နိုင်ပါ့မလား ”

“ ကျွန်တော့် မှာ တခြား ဘာ အလုပ် မှ မရှိပါဘူး ၊ ဒီမှာ အစ်ကိုတို့ သဘောကျ လုပ်မှာပါ ”

“ အေး .. ဒါဖြင့် မင်း ဒီနေ့ က စပြီး အလုပ် ဝင်ပေါ့ကွာ ၊ ဒီမှာပဲ ထမင်းစား ၊ မင်း အတွက် အပို သုံးဖို့ တစ်လ သုံးဆယ် ပေးမယ် ၊ ကျေနပ်ရဲ့လား ”

ကျွန်တော် သည် ရုတ်တရက် ပြန်၍ အဖြေ မပေးနိုင်ပေ ။ အတိုင်း မသိ ဝမ်းသာ၍ သွားမိသည် ။ ထမင်း လည်း အလကား ရမည် ။ အပိုငွေ လည်း သုံးဆယ် ရမည် ဆို၍ ကျွန်တော့် အတွက် ဝမ်းမသာဘဲ မနေနိုင်ပါ တော့ချေ ။

“ ကျေနပ်ပါတယ် ခင်ဗျာ ၊ ကျွန်တော် လုပ်ပါ့မယ် ၊ အလုပ် ကို သာ ကြည့်ပြောပါ ”

“ အလုပ် က အစတော့ ပန်းကန်ဆေး ပေါ့ ၊ နောက် လူများ လုပ်တာ ကြည့်ပြီး လိုတဲ့ နေရာ ဝင် လုပ်ပေါ့ ၊ ကဲ .. မသန်းရီ ရေ ၊ ဟောဒီမှာ ဟေ့ ၊ သူ့ ကို ပန်းကန်တွေ ဘာတွေ အဆေးခိုင်း ၊ ပြီးတော့ အလုပ်ကလေး ဘာလေး လည်း ကြည့်ပြီး ခိုင်းပေါ့ ၊ မင်း နာမည် က ဘယ်သူတဲ့လဲ ကွယ့် ”

“ မောင်သံချောင်း ပါ ခင်ဗျာ ”

“ အဲ ... မောင်သံချောင်း တဲ့ ဟေ့ ”

ဆိုင် ထဲ မှာ ထမင်းဟင်းများ ပြင် နေရသူ မိန်းမကြီး တစ်ယောက် သည် ကျွန်တော့် အား လှမ်း၍ ကြည့်လိုက်သည် ။ ကျွန်တော် ၏ ကျေးဇူးရှင်မကလေး သည် ထမင်းပွဲများ ချပေး နေရာမှ ကျွန်တော့် အား ပြုံးရွှင်စွာ ကြည့် လိုက်လေသည် ။

“ ကဲ … လာဟေ့ သူငယ် ၊ ဟောဒီမှာ သူတို့ ယူလာတဲ့ ပန်းကန်တွေ ကို မင်း က ရေကောင်းရေသန့် နဲ့ ဆေးပြီး ဒီဘက်မှာ ထပ်ထား ၊ ပြီးတော့လည်း သူ့ နေရာ နဲ့ သူ ထမင်းပန်းကန် သတ်သတ် ၊ ဟင်းပန်းကန်ပြား ၊ ပန်းကန်လုံး သူ့ နေရာနဲ့ သူ စီပြီး အသင့်ထား ၊ ပထမ ရေဟောင်း နဲ့ ဒီ ဇလုံထဲမှာ ဆေးပြီးမှ ရေသစ် နဲ့ ဆေး ၊ ဟုတ်လား ၊ လေးငါးကြိမ် လောက် ဆေးပြီးရင် ရေ ကို သတိ ထားသွန် ”

ကျွန်တော် သည် အဒေါ်ကြီး ပြောသည့် အတိုင်း မှတ်၍ ထားလိုက်သည် ။ ရှေးဦးစွာ ဆေးရန် ရှိနေသော ပန်းကန်လေးငါးချပ် ကို လီ၍ ဆေး လိုက်လေသည် ။ အဒေါ်ကြီး သည် ကျွန်တော် ၏ အရိပ်အကဲ ကို ကြည့်နေသည် ။ ကျွန်တော် လုပ်ပုံကိုင်ပုံ ကို ကြည့်၍ နေရာ မကျလျှင် ဘေးမှ နေ၍ ပြော တတ်သည် ။ အမှန်တော့လည်း ပန်းကန် ဆေးသည့် အလုပ် မှာ တာဝန် မကြီး သော်လည်း ကိုင်ရတွယ်ရသည် ကို ဂရုစိုက်ရသည် ။ ယခုလို ပန်းကန်များ ကိုင်တွယ် ဆေးကြောခဲ့ရခြင်း မရှိသဖြင့် လည်း ပို၍ ဂရုစိုက်ရလေသည် ။ တစ်နေကုန် ကျွန်တော် သည် အလုပ်ဝတ္တရား ကို မလစ်ဟင်းရအောင် စောင့် ၍လုပ်သည် ။ အထူးသဖြင့် နေ့လယ် ၁၂ နာရီ တစ်ချက် ကျော် လောက်တွင် လူများ၍ လာသည် ။

၎င်း အလုပ်ချိန်တွင် ဆိုင် အတွင်းရှိ လူ အားလုံးသည် လက်မလည် နိုင်အောင် ရှိတော့သည် ။ နေရာ ပေးသူ ၊ ထမင်းပွဲ ချသူများ မှာ လည်း ဆိုင်တွင်း ၌ ခေါက်တုံ့ခေါက်ပြန် ပြေး၍ နေရလေသည် ။ ထိုအချိန်မျိုး တွင် ကျွန်တော် ၏ ကျေးဇူးရှင်မကလေး ၏ အသံမှာ ကျွန်တော့် နားထဲ တွင် ချို၍ နေတော့ သည် ။ အလုပ် လုပ်သည် ကိုပင် မောရပန်းရမှန်း မသိအောင် တစ်ခါတစ်ခါ ကြည်နူးမိသည် ။

နှစ်နာရီကျော် မှ ကျွန်တော်တို့ သည် မနက်စာ ကို  စားရတော့သည် ။ ထမင်းဆိုင် ၌ ထမင်းဟင်းများ အသင့် ရှိသော်လည်း ဆိုင်အလုပ်သမားများ စားရန် အတွက်ကား ထမင်းစား လာသူများ ရှင်းမှ စားရလေသည် ။ ဆာတတ် သူ က စောစော လူရှင်းချိန် တွင် စားထားရသည် ။ နေနိုင်သူများ ကမူ နှစ်နာရီ ကျော်ကျော် မှ ပင် စားရလေတော့သည် ။

ကျွန်တော် သည် အလုပ် ကို ဂရုစိုက်၍ လုပ်ရင်း သူများ လုပ်သော အလုပ် ကို နားလည်အောင် ကြည့်ရှုရလေသည် ။ ထမင်းဟင်း ဘယ်လို ပြင်သည် ၊ ရှေ့ပိုင်း က လူများ က ဘယ်လို လုပ်ကြ ကိုင်ကြသည် ကို ဂရုစိုက်၍ ကြည့်ရလေသည် ။ ကျွန်တော့် ကျေးဇူးရှင် ထမင်းရောင်းသူ မိန်းမပျို က မူ ကျွန်တော့် အား မလုပ်တတ်သည် ကို တတ်အောင် ပြ၍ မသိသည် ကို သိအောင် ပြပေးရှာသည် ။ ညခြောက်နာရီ ကျော်ကျော်လောက်မှာ ကျွန်တော်တို့ ဆိုင်မှာ သိမ်းပြီး လေသည် ။ တစ်နေ့စာ ချက်ပြုတ်ထားသော ထမင်းဟင်းများ အားလုံး ကုန်သည့် နောက် တွင် ကျွန်တော်တို့ လည်း အလုပ် မှ နားခွင့်ရလေ သည် ။ ကျွန်တော်တို့ သည် အလုပ်သမားများ အတွက် ချန်ထားသော ထမင်း နှင့် ဟင်းများ ကို တပျော်တပါး စားသောက်ပြီး မှ ပြန်ကြရသည် ။

ကျွန်တော် သည် မိန်းမပျို နှင့် အတူ ဆိုင်ထဲ မှ ထွက်ခဲ့လေသည် ။ ယခုအခါတွင် မိန်းမပျို သည် ကျွန်တော့် အား ရင်းရင်းနှီးနှီး ဆက်ဆံလာသည် ။

“ ကိုသံချောင်း က နေတော့ ဘယ်မှာ နေလဲဟင် ”

ကျွန်တော် သည် မရှိသော နေရာကို မည်သို့ ဖြေရမည် မသိအောင် ရှိတော့သည် ။

“ နေတော့ ဒီလိုပဲ ၊ ဘယ် ရယ်လို့ အတိအကျ မရှိပါဘူးဗျာ ၊ ဟိုအိပ် ဒီအိပ် အိပ်ရတာပဲ ”

“ ဟင် ... ရှင် ဒီလို နေလို့ ဘယ် ဖြစ်မလဲ ၊ ဒါဖြင့် ရှင် ဆိုင် မှာ အိပ်ပါလား ”

“ အိပ်ခွင့် ရရင် အိပ်မှာပေါ့ဗျာ ”

“ အို … ရှင် ဘာလို့ မရရမှာလဲ ၊ ဆိုင် မှာ လူစောင့် မရှိလို့ အစ်ကိုကြီး တို့ ကိုယ်တိုင် အိပ်နေတာ ၊ အစကတော့ ထုတ်ပစ်လိုက်တဲ့ လူ ကို ဆိုင်စောင့် ထားရတယ် ၊ ခုတော့ ဘယ်သူမှ မရှိဘူး ၊ ကဲ … အရီ ပြောပေးမယ် ၊ ရှင် နက်ဖြန်ည က စပြီး ဆိုင် မှာ အိပ် ”

ကျွန်တော် သည် မရီ အား ကျေးဇူးတင်၍ မဆုံးနိုင်တော့ပေ ။ မရီ သည် ကျွန်တော့် အား သူ ၏ ဆွေမျိုးရင်း တစ်ယောက် လို စေတနာ ထားရှာသည် ။

“ မရီ ရဲ့ ကျေးဇူးတွေ ကျွန်တော် ဘယ်လို ပြန်ပြီး ဆပ်ရမယ် ဆိုတာ တောင် မသိတော့ပါဘူး ”

“ မလိုချင်ပါဘူး ရှင် ၊ မရီ က ရှင့် ကို လူရိုးလူကောင်း တစ်ယောက် အနေနဲ့ သာ သနားပြီး ခင်မင်နေတာပါ ”

“ အေးဗျာ ၊ အရင် ဘဝ က ခင်ဗျား နဲ့ ကျွန်တော် ဟာ မောင်နှမများ တော်ခဲ့သလား တောင် မသိဘူး ၊ ဆွေမျိုး လည်း မရှိဘူး ၊ မရီ ကို ပဲ အားကိုးရမှာပဲ ”

“ မရီလ ည်း ရှင့် လို ပါပဲ ၊ အမေအိုကြီး နဲ့ နေရတာ ၊ ဒီ အမေ က လွဲလို့ အားကိုးအားထား မရှိပါဘူး ၊ ကိုသံချောင်း တို့ လို မိတ်ဆွေတွေ ကိုပဲ အားကိုး ရမှာပဲ ၊ ရန်ကုန် မှာ မိန်းကလေး တစ်ယောက် အတွက် အန္တရာယ် သိပ်များ တယ် ရှင့် ”

“ အေးဗျာ .. မရီ အတွက် ဆိုရင် ကျွန်တော် ဘာပဲ ကူညီရ ကူညီရ အသင့်ပါပဲဗျာ ၊ ကျွန်တော့် ကို အားမနာပါနဲ့ ”

“ ဝမ်းသာပါတယ် ရှင် ၊ ကိုသံချောင်း ကို မရီ အစ်ကို တစ်ယောက် လို အားကိုးပါတယ် ”

ကျွန်တော် က စကား ပြောရင်း မရီတို့ အိမ်ရှေ့သို့ ရောက်ခဲ့လေသည် ။ မရီ က အိမ်သို့ ဝင်ဖို့ ပြောရှာသည် ။ ကျွန်တော် က အိမ်ပေါက်ဝ မှ ပင် နှုတ်ဆက်၍ ပြန်ခဲ့မိလေသည် ။

ယခု တော့ ကျွန်တော့် အတွက် အရာရာ ပြည့်စုံပြီ ဟု ဆိုရအောင် စားရေးသောက်ရေး နေရေးထိုင်ရေး မှ အစ အားလုံး အဆင်ပြေ သလို ဖြစ်ခဲ့လေသည် ။

ရန်ကုန်မြို့ကြီး ၌ ကျွန်တော် သည် မမျှော်လင့်သော မိတ်ဆွေ နှစ်ယောက် ကို လည်း တွေ့ ခဲ့ရလေပြီ ။ တစ်ယောက် မှာ အဝင်း ဖြစ်၍ နောက် တစ်ယောက် မှာ မရီ ဖြစ်လေသည် ။ ထို နှစ်ယောက်စလုံး ကပင် ကျွန်တော့် အား အရာရာ ကူညီမယ် ဟု အားပေးစကား ပြောခဲ့ကြသည် ။ ယခုမူ မရီ ၏ ကူညီချက် အရ ကျွန်တော် သည် အလုပ် ရခဲ့လေပြီ ။ ထိုမျှသာ မက နေစရာ လည်း ရဦးမည် ။

သည်နောက် တွင် ကျွန်တော့် လို တစ်ကိုယ်ရေ တစ်ကာယသမား တစ်ယောက် အတွက် ဘာမျှ မလိုတော့ပေ ။

သည် အလုပ် ကို ကြိုးစား ၍လုပ်ရင်း ၊ ကြီးပွားအောင် ကြံစည်ဖို့ ပင် ရှိတော့သည် ။ ဤသည် ကို တွေးတောမိသောအခါ ကျွန်တော် သည် မရီ အား ကျေးဇူး မတင်ဘဲ မနေနိုင်အောင် ရှိတော့သည် ။

“ မရီ တစ်ယောက် လင်ကောင်းသားကောင်း ရပြီး ချမ်းသာပါစေ ”

ကနေ့ လကုန်ရက် ဖြစ်၍လား မသိပေ ။ ဆိုင် ၌ လူရှင်း နေသည် ။ နေ့လယ်ပိုင်းလောက် သာ လူ ကျပြီး ညနေ သုံးနာရီ လေးနာရီ လောက်တွင် လူပါး၍ နေသည် ။ ထို့ကြောင့်လည်း ဆိုင်ရှ င်လင်မယား မှာ ဆိုင် သို့ပင် မထိုင် တော့ပေ ။ နောက်နေ့ အတွက် ဝယ်စရာ ခြမ်းစရာများ ကို သွား၍ ဝယ်ဟန် တူသည် ။

ဆိုင်၌ ကား ကျွန်တော် ၊ မရီ နှင့် မအေးချို ဆိုသော မိန်းမ တစ်ယောက် သာရှိလေသည် ။ မအေးချို မှာ ဆိုင်ရှင်အဒေါ်ကြီး ၏ တူမ ဟု သိရသည် ။ ဆိုင်ရှင်လင်မယား မရှိသည့် အခါတွင် သူ ပင် ထမင်းပွဲ ဟင်းပွဲများ ကို ပြင်ဆင် ပေးရပြီး ငွေ ကို လည်း သူ ပင် ကိုင်ရသူ ဖြစ်သည် ။

ဆိုင်ထဲ တွင် လူရှင်း သဖြင့် ကျွန်တော် တို့မှာ အလုပ် မရှိကြပေ ။ ထို့ကြောင့် စားပွဲများ တွင် ဝိုင်း၍ ထိုင်ရင်း တောင်စကား မြောက်စကား ပြော၍ နေကြသည် ။

မရီ သည် ကျွန်တော့် ကို တောင်မေး မြောက်မေး နှင့် စပ်စုနေလေသည် ။

“ ကိုသံချောင်းကြီး ၊ ရွာ ကို လွမ်းနေသလား ”

“ မလွမ်းပါဘူးဗျာ ”

“ အမယ် … မညာပါနဲ့ ၊ ရှင့် မှာ လွမ်းရမယ့်လူ မရှိဘူးလား ”

“ မရှိပါဘူးဗျာ ၊ လွမ်းရမယ့် လူ ဆိုလို့ ကျွန်တော့် အမေ နဲ့ နှမလေး တစ်ယောက် ပဲ ရှိတယ် ၊ ခုတော့ အမေ လည်း ဆုံး ၊ နှမကလေး က လည်း သူပုန်တွေ ရွာ မှာ ဝင်ရင်း နဲ့ အဲဒီ ကွန်မြူနစ် ထဲ က တပ်သား တစ်ယောက် နဲ့ ရပြီး လိုက်သွားပါတယ် ”

“ ဪ … ဒါဖြင့် ရှင် တစ်ယောက်တည်း ပေါ့နော် ၊ တခြား လွမ်းရမယ့် မိန်းကလေးများ မရှိတော့ဘူးလား ”

“ မရှိပါဘူးဗျာ ”

မအေးချို သည် ကျွန်တော့် ကို အကဲခတ် သလို ကြည့်ရင်း ဝင်၍ မေးလိုက်ပြန်သည် ။

“ နင့် မှာ ရည်းစားတွေ ဘာတွေ မရှိဘူးလား လို့ မေးနေတာ ၊ ကဲ ... သိရဲ့လား မရီ က နင် လူပျို လား လူအို လား လို့ အစ်အောက်ပြီး မေးနေတာ ”

“ ကြံကြံဖန်ဖန် ဗျာ … ၊ တစ်သက် နဲ့ တစ်ကိုယ် မရှိပါဘူး ၊ ဒါမျိုးတွေ စိတ်လည်း မကူးပါဘူး ”

“ ကဲ မိရွှေရီ ၊ ညည်း တော့ စားရကံ ကြုံတော့ မုတ်ဆိတ် ပျားစွဲ နေပြီ ”

“ အို … မအေးချို ကလည်း ၊ မရီတို့ က ငယ်ပါသေးတယ် ၊ မအေးချို တို့သာ အရွယ် မဟိုင်းခင် ကုပ်ထားပေတော့ ”

“ တို့ အတွက် တော့ မပူပါနဲ့အေ ၊ တို့ က လည်သလို ကြည့် စားတတ်တယ် ၊ ညည်းတို့ သာ တော်တော်ကြာ အချောင်ငတ် နေဦးမယ် ”

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment