❝ ကြော့ကြော့မော့မော့ ❞
မိတ်ကပ်ဆရာ ဘိုဘိုနီ လို့ လူသိများ တဲ့ ကိုဘိုနီဆွေ က သူ ဟာ ဂေး ( Gay ) ပါတဲ့ ။
ဂေး ဆိုတာ ဘာလဲ ။ တစ်ခါ က သူငယ်ချင်းတွေ စုဆုံမိတဲ့ စကားဝိုင်း မှာ အဲသည် မေးခွန်း ကို မေးမိတယ် ။ ပျော်ပျော်ရွှင်ရွှင် နောက်နောက်ရွှတ်ရွှတ် နေတတ်တဲ့ ချင်းတိုင်းရင်းသား မိတ်ဆွေ ဆလိုင်း က “ ဂေး ဆိုတာ ဂွေး မှာ အောက် က ဝဆွဲ ပြုတ်နေတာပေါ့ ” လို့ ဟာသ လုပ်ပါတယ် ။
သူ့ ကိုယ် သူ ဂေးပါလို့ ပြောတဲ့ ဘိုဘိုနီ ကို လည်း ဂေး ရဲ့ အဓိပ္ပာယ် ကို မေးတယ် ။ သူ က ဂေး ဆိုသူတွေ ဘဝ ၊ အမူအကျင့် ၊ စိတ်ခံစားမှု ၊ ပတ်ဝန်းကျင် ကို တုံ့ပြန် နေထိုင်မှုတွေ ကို ပွင့်ပွင့်လင်းလင်း ပြောပြတယ် ။
ဂေး တစ်ယောက် ရဲ့ ဘဝ က ဘာ စိတ်ဝင်စားစရာ ရှိလဲ ။ စာဖွဲ့လောက် ရဲ့လား ။ မေးခွန်း ထုတ်စရာပါ ။
ဘိုဘိုနီ ဘာကြောင့် ဂေး ဖြစ်လာတာလဲ ။ အဖြေ ရှိမယ် ထင်ပါတယ် ။
ဘိုဘိုနီ ကို တွေ့ဖို့ သူ့ အိမ် ကို ကျွန်တော် သွား တော့ သူ ရေချိုး ၊ အလှပြင် နေလို့ ကျွန်တော် ထိုင်စောင့် နေရတယ် ။
ဧည့်ခန်း မှာ ကျွန်တော် ထိုင်စောင့် နေချိန်မှာ သူ့ မိခင် က ဧည့်ခံစကား ပြောတယ် ။ သူတို့ မိသားစု ကို ဘိုဘိုနီ က လုပ်ကျွေး နေတဲ့ အကြောင်း ၊ အင်မတန် လိမ္မာတဲ့ အကြောင်းတွေ ပြောပြတယ် ။
ကျွန်တော်တို့ နာရီဝက် လောက် စောင့်ဆိုင်းပြီး ချိန် မှာ တိုက် ရဲ့ အပေါ် ထပ် က ဘိုဘိုနီ ဆင်း လာတယ် ၊ ကျွန်တော်တို့ ကို အဲယားကွန်း တပ်ထားတဲ့ သူ့ အလှပြင် အလုပ်ခန်း ထဲ ခေါ်သွားတယ် ။
ဘိုဘိုနီ က ပန်းရောင်ရင့်ရင့် ဂျော်ဒါနိုး တီရှပ် ကို ဝတ် ထားတယ် ။ နားနှစ်ဖက် မှာ ရွှေဖြူနားကွင်း ပန် ထားတယ် ။ လည်ပင်း မှာ ဆွဲထားတဲ့ ပလက်တီနမ်ဆွဲကြိုး တစ်စွန်းတစ်စ ကို ပန်းရောင်တီရှပ် အောက် မှာ မြင်ရတယ် ။ သူ့ ရဲ့ လူပုံ က နွဲ့နွဲ့ ။ သူ့ မျက်နှာ က မိန်းမချော ချောတယ် ။
သူ့ ဘဝ အကြောင်း ကို မေးကြည့်ရင် စိတ်ဝင်စားစရာ ၊ သင်ခန်းစာ ယူစရာ ၊ နမူနာ ယူစရာတွေ ရှိမယ်လို့ ကျွန်တော် ယုံကြည်တယ် ။
“ ငယ်ဘဝ က စ ပြောရရင် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင် ၊ ဂေါင်းဦးဘာရပ် မှာ မွေးတယ် ။ မောင်နှမ သုံးယောက် မှာ အလတ် ပေါ့ ။ အစ်မ နဲ့ က နှစ်နှစ် ပဲ ကွာတယ် ။ ညီမလေး နဲ့ ရှစ်နှစ် ကွာတယ် ။ ဘိုနီ သူငယ်တန်း အထိ မိုးကုတ်မြို့ က မူလတန်းကျောင်း မှာ နေဖူးတယ် ”
သူ့ ကိုယ် သူ ဘိုနီ လို့ သုံးစွဲပြီး ပြောတာ သတိထားလိုက်မိပါတယ် ။
“ အဲဒီ အချိန် အထိ မန္တလေးမြို့ ဆိုတာကို မရောက်ဖူးဘူး ။ အဖေ ကတော့ မန္တလေး မှာ သံပန်းသံတံခါး လုပ်ငန်း လုပ် နေတာ ။ တစ်တန်းနှစ် မှာ အမေတို့ ရော အကုန်လုံး မန္တလေး ပြောင်းလာတာ ။ မန္တလေးမြို့ ဆိုတာ ဘိုနီ အတွက် တော့ အရာရာ အံ့သြစရာပဲ ”
ကိုဘိုနီ ပြုံးရယ်လိုက်တဲ့ အခါ အထက် သွားစွယ် တစ်ခု ကို ရွှေဖြူ ကွပ် ထားတာ တွေ့လိုက်ရတယ် ။
“ မုန့်ဟင်းခါး ဆိုတာတောင် မှ မန္တလေး ရောက်မှ မြင်ဖူးတာ ။ သုံးဘီးကားသံ တုတ်တုတ်တုတ်တုတ် နဲ့ ကြားရင် မမြင်ဖူးသေးလို့ ပြေးထွက် ကြည့် ရတယ် ။ အရာရာ က ထူးဆန်းမှုချည်းပဲ ။ ဘိုနီ ကတော့ ပျော်ရွှင်တယ်ပေါ့ ”
“ တွေ့သမျှ မြင်သမျှ အသစ်အဆန်းတွေချည်းပေါ့ ”
“ ပထမဆုံး ကျောင်း စ နေရတာ က အထက ၂၂ ၊ အမျိုးသမီးကျောင်း ၊ မူလတန်း အထိ ယောက်ျားလေးတွေ လည်း လက်ခံ လို့ ဘိုနီ အဲဒီ ကျောင်း မှာ စ နေ တယ် ။ ဘိုနီ မိုးကုတ် မှာ တက်ခဲ့ဖူးတာ က မူလတန်းကျောင်း ၊ မန္တလေး က ကျောင်းကြီး က စိတ် ထဲမှာ အကြီး ... ကြီး ပဲ ”
အကြီးကြီးပဲ ဆိုတာ ကို ဘိုဘိုနီ က တမင် လေရှည်ဆွဲပြီး ပြောတော့ တကယ် ကြီးမားတဲ့ အမြင်ခံစားမှု ကို ရ လိုက်တယ် ။ သူ က စကား ကို ဆက် ပြောတယ် ။
“ ဘိုနီ ကို မွေးပြီး နာမည် ပေးတော့ နေ့သင့်နံသင့် မဟုတ်ဘူး ။ ဆံပင် နီနီကောက်ကောက် ၊ အသားဖြူဖြူလေးမို့ မိဘတွေ နာမည် လည်း ပါအောင် ဘိုနီဆွေ လို့ မှည့်တာ ”
ကျွန်တော် ရေးမှတ်ထားတဲ့ သူ့ မိဘတွေ ရဲ့ အမည် ကို ကြည့်တော့ ဦးမြင့်ဆွေ ၊ ဒေါ်မင်နီပု လို့ တွေ့ရတယ် ။
“ မေမေ က ဝမ်းဆက်လေးတွေ ဆင် ပေးတာ ၊ အပေါ်ပြာ အောက်ပြာ ၊ ကြိုးသိုင်းဖိနပ်လေးတွေ စည်း ပေးတယ် ။ ဆံပင် ကို မေမေ ကိုယ်တိုင် ဆာမူရိုင်းကေ ညှပ်ပေးတယ် ”
ဘိုဘိုနီ က သူ့ နဖူး ပေါ် မှာ လက်ညှိုး နဲ့ ဆံပင် ကို မျက်ခုံးစ မှာ ညီညီ တိတိ ဖြစ်နေဟန် ပုံစံ ပြတယ် ။
“ မေမေ က မိုးကုတ်ကျောက်တွေ ရောင်းတော့ ဈေးချို ထဲ ကို ခဏခဏ သွားတယ် ။ တစ်ခါတစ်ခါ ဘိုနီ ကို ခေါ် သွားတော့ ဆံပင် နီနီကောက်ကောက် ရှည်ရှည် နဲ့ ဝမ်းဆက်လေး ဝတ်ထားတော့ ယောက်ျားလေး လား ၊ မိန်းကလေး လား မသိကြဘူး ၊ အဲဒီအချိန် မှာ ခဏ ခဏ ဘောင်းဘီ ချွတ်ကြည့်တာ ခံရတယ် ”
သူ က ရှက်စနိုး ရယ်တယ် ။
“ မြို့ကြီး ကြီးတာကြီးကို ကြိုက်တာ တစ်ဝက် ၊ မကြိုက်တာ တစ်ဝက် ဖြစ်နေတာပေါ့ ။ ဘောင်းဘီ ခဏ ခဏ ချွတ်ကြည့်ခံရတာ ။ မကြိုက်ဘူး ”
ဘိုဘိုနီ က စကား ဆက် မပြောဘဲ ပြုံးနေတယ် ။
“ ဘိုနီ မန္တလေး ရောက်စ က စီးပွားရေး က အရမ်း အဆင်ပြေကြီး မဟုတ်ဘူး ခင်ဗျ ။ ကျောင်းစိမ်း က လေးစုံ ရှိတယ် ။ အစ်မ လည်း ဝတ်လို့ ရ ၊ ဘိုနီ လည်း ဝတ်လို့ ရ တဲ့ ပုံ မေမေ က ချုပ်ပေး ထားတယ် ။ ဒါကိုပဲ မောင်နှမ နှစ်ယောက် လှည့် ဝတ်ရတာပေါ့နော် ”
သူ့ မိခင် ရဲ့ ချွေတာရေး က ဘိုဘိုနီ ကို မိန်းကလေး ပို ဆန်စေခဲ့သလား ကျွန်တော် တွေးမိတယ် ။
“ နောက်တော့ မေမေ က မိုးကုတ်ကျောက် အရောင်းအဝယ် လုပ်တယ် ။ စီးပွားရေး ကောင်း လာတယ် ။ သာမန် အဆင့် ထက်သာတဲ့ နေထိုင်မှု ကို ဘိုနီ ရှစ်တန်းနှစ် မှာ စ ခံစားရတယ် ။ ဘိုနီ ငယ် ကတည်း က ဆိုင်ကယ် အမြင့်ကြီးတွေ စီးချင်တာ ။ တို့ ဝယ်ပေးဖို့ အိမ် ကို ပူဆာတော့ ဝယ်ပေးပါတယ် ။ ဆယ်တန်း အထိ မကြောင့်မကြ နေခဲ့ရပါတယ် ။ ကျောင်းကောင်း ၊ ကျူရှင်ကောင်း တွေ နေခွင့် ရခဲ့ပါတယ် ”
ငယ်ဘဝ မှာ ပြည့်စုံချမ်းသာတဲ့ မိဘရဲ့ သားသမီး ဖြစ်ရတာ ပျော်ရွှင်ဖို့ ကောင်းမှာပဲ ။ ကျွန်တော့် အတွေး မဆုံးမီမှာပဲ -
“ ဆယ်တန်းနှစ် မှာ အိမ် ရဲ့ စီးပွားရေး က ဇောက်ထိုး ကျ သွားတယ် ။ ဘိုနီ ငယ်ငယ် ကတည်း က ဆရာဝန် တစ်ယောက် ဖြစ်ချင်ခဲ့တာ ။ စာ လည်း ကြိုးစားလို့ ဆေးကျောင်း ဝင်ခွင့် ရမယ် ထင်တာ ။ တကယ် အမှတ်စာရင်း ထွက် လာတော့ ရှစ်မှတ် နဲ့ ပြုတ် သွားတယ် ”
“ ဒီတော့ ဘာဆက် တက်လဲ ”
“ စီးပွားစီမံ ၊ သွား/ဆေးတို့ တက်ရင် အမှတ် မီပေမယ့် အိမ် ရဲ့စီးပွားရေး အခြေအနေ အရ မတက်တော့ဘူး ။ ဖြစ်ချင်တဲ့ ဘဝ ကို မဖြစ်ရတော့ဘူး ။ အဲဒီ အချိန် မှာ ဘိုနီ ရဲ့အဘွား က တီဗွီဂိမ်းဆိုင် ဖွင့် ပေးတယ် ”
ယခု သူ့ ရဲ့ အသက်မွေး ဝမ်းကျောင်းမှုက မိတ်ကပ် လိမ်းပေးတာ ။ အရွယ် ရောက်စ ၊ တက္ကသိုလ် ကျောင်းသား ဖြစ်တဲ့ အထိ သူ က ဒါနဲ့ မပတ်သက် သေးပါ ။
“ ဘိုနီ မိတ်ကပ် ဆိုတာနဲ့ အရမ်းကြီး အကျွမ်းတဝင် မရှိခဲ့ဘူးပေါ့နော် ။ ဂိမ်းဆိုင် ဖွင့်တော့ အတာလွင် ဆိုတဲ့ သူငယ်ချင်း နဲ့ ပေါင်း ဖြစ်တယ် ။ သူ က မိဘမဲ့ ၊ အဒေါ် အပျိုကြီး နဲ့ နေရတာ ။
ဘိုနီ အိမ် က စီးပွားရေး ကျသွားလို့ ကားတွေ ၊ ဆိုင်ကယ်တွေ နဲ့ သွား နေရာ က စက်ဘီး နဲ့ သွားရတဲ့ ဘဝ ရောက်တော့ အရင် သူငယ်ချင်းတွေ က အပေါင်းအသင်း မလုပ်ကြတော့ဘူး ။ အတာလွင် ကပဲ ပေါင်းတယ် ၊ သူ က မိတ်ကပ် အန်တီသိင်္ဂီ ဆီ သွားရင် လိုက်သွားတယ် ။
လိုက်သွားရင်း နဲ့ သူတို့ လုပ်တာ ကိုင်တာ ကြည့်ပြီး ဒီအလုပ် က နေပူ ထဲ မထွက်ရဘဲ နဲ့ သမ္မာအာဇီဝနည်း နဲ့ အသက်မွေးတာပဲ ။ လုပ်ရတဲ့ အလုပ် က လည်း လှလှပပလေးတွေပဲ မြင်နေရပြီး ပိုက်ဆံ လည်း တကယ်ရပါလားပေါ့ ”
သူ ပြောတာ နားထောင် ရင်း ကျွန်တော် ပြုံးမိတယ် ။
ကိုဘိုနီ ကို ဧည့်ခန်း ထဲ မှာ ထိုင်စောင့် နေစဉ်က လှလှပပ မိန်းကလေး သုံးယောက် ဂျာနယ် ထိုင် ဖတ်နေတာ သတိထားမိတယ် ။
ဘိုဘိုနီ က ဂေးတွေကို အလုပ်သင် မထားဘူး ။ မိန်းကလေးတွေ ကိုပဲ ပညာသင်ပေးတယ် လို့ ပြောတယ် ။
“ ဒါပေမဲ့ ဒီ ပညာ ကို ပိုက်ဆံ ပေးပြီး မသင်နိုင်ပါဘူး ။ အတာလွင် နဲ့ အတူ အန်တီသိင်္ဂီ ဆီ ကို သွားတယ် ။ လိုတာလေးတွေ ကူ လုပ်ပေးတယ် ။ အန်တီ သိင်္ဂီ က မုံရွာ ကို ပြောင်းပြီး ဆိုင်ဖွင့်တယ် ။ ဘိုနီ မှာ ဆရာ မရှိတော့ဘူး ။ ဘိုနီ ကို တာဝန်ခံပြီး အပ်ပေးမယ့် သူ လည်း မရှိဘူး ။ အဲဒီ အချိန် က မာမီကင်း ကို သတိ ရတယ် ။ သူ က ဘိုနီ တို့ ကျောင်း က ထွက်သွားတဲ့ စီနီယာကြီး ”
မာမီကင်း ဆိုတာ အခမ်းအနားတွေ မှာ ပန်းအလှ ဆင် ပေးတဲ့ ပညာရှင် ဖြစ်တယ် ။ ဗန်ကောက် က ပန်းအစိုတွေ ကို မှာယူပြီး ပြင်နိုင်သူ မို့ သူ့ လောက မှာ နာမည် ရတယ် ။
“ မာမီကင်း က ရွှေတြိဂံအောင်အောင် ဆီ မှာ အပ်ပေးတယ် ။ ဘိုနီ မှာ ဆရာ မမြဲတဲ့ ကံ ပါသလား မသိဘူး ။ ရောက်ပြီး တစ်နှစ်ကျော် လောက်မှာ သူ ဆုံးသွားတယ် ။ သူ့ ဆီမှာ လုပ်ရင်း မုန့်ဖိုး ရတဲ့ အခါ မိတ်ကပ်ပစ္စည်းလေး တွေ ဝယ်တယ် ။ မိတ်ကပ်ဘောက်စ် မဝယ်နိုင်တော့ အာဂျီနိုမိုတို ကြွပ်ကြွပ်အိတ် ထဲ စုထည့် ထားတယ် ။ ဝယ်တာ လည်း လေ့ကျင့်ဖို့ပါ ။ အခကြေးငွေ ယူပြီး သူများ ကို မလိမ်းရဲဘူးလေ ”
“ ပထမဦးဆုံး ကိုယ်တိုင် လိမ်းပေးခဲ့ရတာ ... ”
“ ပထမဦးဆုံး လိမ်းပေးရတာ က သတို့သမီး ၊ သူ က လေထီးစစ်သမီး ၊ နက်ဖြန် မင်္ဂလာဆောင် မှာ ၊ ဒီနေ့ အထိ လေထီးခုန် နေတုန်း ရှိသေးတယ် ။ သူ့ အသားအရေ က လည်း နေပူထဲ အနေများ လို့ တော်တော်လေး ပျက်စီး နေတာ ။ မိန်းမဆန် တဲ့ မိန်းမ မဟုတ်တော့ သူ က အလှအပ ကို လည်း စိတ်မဝင်စားဘူး ”
“ ကိုယ့် ဆီ ကို ဘယ်လို ရောက်လာတာလဲ ”
“ သူ က လည်း ငွေကြေး သိပ် တတ်နိုင်တာ မဟုတ်ဘူး ။ မင်္ဂလာဆောင် လို့သာ အလှပြင်ရမယ် ဆိုပြီး ပြင်ရတာ ။ ဘိုနီ့ သူငယ်ချင်း မာလာ က ခေါ်လာ ပေးတာ ။ ဘိုနီ က ကြွပ်ကြွပ်အိတ်ကြီး နဲ့ သွား လိမ်းပေးတာ ။ သတို့သမီး တစ်ယောက် ကို ဘိုနီ လိမ်းပေးတာ နှစ်နာရီခွဲ လောက် ကြာသွားတယ် ”
ကျွန်တော်တို့ ရယ်မိကြတယ် ။
“ လိမ်း ပြီးတော့ အရမ်း မိန်းမဆန်ပြီး လှသွားတယ် လို့ ပြောကြတယ် ။ အဲဒီတုန်းက ကိုရီးယားကား တွေ ခေတ် မစားသေးဘူး ။ ဘိုနီ က အနီတွေ ၊ အပြာတွေ ခြယ်တာ ထက် သဘာဝလိုလေး လှတာ ပို သဘောကျပြီး လုပ်ပေးတာ ”
သူ က သူ့ ဘဝ အကြောင်း ပြောပြချင်နေပုံ ရတယ် ။ ကျွန်တော် သိပ် မေးစရာ မလိုဘဲ စီကာစဉ်ကာ မနားတမ်း ပြောပါတယ် ။
“ ဘိုနီ ဘဝမှာ အမှတ်ရ နေတာလေးတွေ ပြောပြချင် သေးတယ် ။ ၂၀၀၂ ခုနှစ် မှာ ဘိုနီ ဘွဲ့ ယူရမယ် ။ အဲဒီတုန်းက စင်တင်တေးဂီတ က သီချင်း ဆိုတဲ့ အမျိုးသမီးတွေ ကို ဘိုနီ အက သင်ပေးရတယ် ။ ရတဲ့ ငွေလေး နဲ့ စက်ဘီးလေး တစ်စီး ကိုယ်ပိုင် ဝယ်စီးတယ် ။ အခြားသူတွေ ဆိုရင် မိတ်ကပ်ဘောက်စ် ဝယ်မှာပေါ့ ။ ဘိုနီ ဆယ်တန်း အောင် တော့ ကျောင်း က ဆုပေးပွဲ ကို မိဘတွေ မလိုက်နိုင်ဘူး ။ ပိုက်ဆံ မရှိလို့ ”
သူ့ ပုံစံ က နည်းနည်း ဆွေးဆွေးငေးငေး ဖြစ်သွားတယ် ။
“ ဘွဲ့ယူတော့မယ် ဆိုတော့ အမေ တို့ ၊ အဖေ တို့ ကို ခေါ်ချင်တယ် ။ ရှိတဲ့ ငွေလေး နဲ့ အမေ့ ကို အင်္ကျီ ချုပ်ပေးတယ် ။ ပိုးတွေ ဘာတွေ မဆင်နိုင်ပါဘူး ။ ချည်သားလေး ကို dress maker ကိုတင်အောင်ခိုင် နဲ့ ဒီဇိုင်းဆန်းဆန်းလေး ချုပ်တာ ။ ထဘီ က တော့ ရှိပြီးသား အဟောင်း ကြိုးကြီးချိတ် ပေါ့ ။ အမေ က သဇင်ပန်း အရမ်း ကြိုက်တာ ။ အဲဒီတုန်း က သဇင် တစ်ခက် ကို တစ်ထောင့်နှစ်ရာ ( ကျပ် ၁၂၀၀ ) ပေးရတယ် ။ မှတ်မှတ်ရရ ၁၂ ခက် ပန်ပေးတယ် ”
လွန်ခဲ့တဲ့ ဆယ်နှစ် လောက် က လုပ်ပေးခဲ့တာ ကို မနေ့ က လုပ်ခဲ့တာလို သူ က ရွှင်ရွှင်ပျပျ အားရပါးရ ပြောနေတယ် ။
ကျွန်တော် က သူ့ ဆရာ ရွှေတြိဂံအောင်အောင် ဆုံးသွားတော့ သူ ပညာ ဆက်သင်ပုံ ကို စကားစ ပြန် ကောက်တယ် ။
“ အန်တီပေါက် ( မိုးကုတ်ပေါက်ပေါက် ) နဲ့ ဘိုနီ အမျိုး တော်တယ် ။ သူ့ ဆီ မှာ ပညာသင်တွေ ဝိုင်းဝိုင်းလည် နေတာ ။ ကိုယ် က သူများ လို အခကြေးငွေ ပေးပြီးလည်း မသင်နိုင်ဘူး ။ ကိုယ့် မှာ ပိုက်ဆံ မရှိတော့ စိတ်အားငယ်တာပေါ့ ။ အန်တီပေါက် က တော့ သူ့ ဆီ ခေါ်တယ် ”
“ မိတ်ကပ်ပညာသင်ပေါ့ ”
“ ဘိုနီ ရှေ့မှာ စီနီယာတွေ အများကြီးပဲ ။ ဘိုနီ က ဘာမှ တတ်မထားဘူး ။ စီနီယာ နဲ့ ဂျူနီယာ တို့ ထုံးစံအတိုင်းပဲ စီနီယာ တို့ တစ်ဆင့် ခိုင်းခြင်းတွေ ကို သိမ်းကျုံးပြီး လုပ်ခဲ့ရတယ် ။ အန်တီပေါက် ဆီ ရောက်လို့ သုံးနှစ်ကြာတဲ့ အထိ ဘိုနီ မိတ်ကပ် မကိုင်ရသေးဘူး ”
သူတို့ ပညာ ကို သင်ဖို့ ကလည်း မလွယ်ပါလား လို့ ကျွန်တော့် စိတ် ထဲ မှာ မှတ်ချက် ချမိတယ် ။
“ အန်တီပေါက် ဆီ မှာ ကားမောင်း ပေးရတယ် ။ ရှိုးပွဲတွေ မှာ ဒီဂျေ လုပ်ပေးတယ် ။ ဒီဂျေ ကို အန်တီပေါက် သင်ပေးတာ ။ ဘိုနီ ငယ်ငယ် က အက သင်ဖူး တော့ လိုရင် dancer လည်း က ပေးတယ် ။ မိတ်ကပ်ပညာ နောက်မှ သင်ရတာ ”
“ ဘယ်အချိန် မှာ မိတ်ကပ်ပညာ စ သင်ရလဲ ”
“ သုံးနှစ်လောက် နေလို့ စီနီယာတွေ ဆိုင်ခွဲ ဖွင့် ကုန်ကြ မှ မိတ်ကပ် ကိုင်ခွင့် ရတာ ။ အန်တီပေါက် လိမ်းတာ ကို ကြည့်ပြီး ဘိုနီ က ကြက်တူရွေး စာကျက်နည်း နဲ့ မှတ်တာ ။ အန်တီပေါက် စပ်တဲ့ အရောင်တွေ အသေမှတ်တာ ။ ဒါကြောင့် ဘိုနီ လိမ်းရင် အန်တီပေါက် နဲ့ အရမ်း တူတာပဲ ပြောကြတယ် ။ ဒါပေမဲ့ ဘိုနီ က method ကို မတတ်ဘူး ။ Color Combination က ဘယ်လို ၊ Color cycle က ဘယ့်နှယ် သိတာ မဟုတ်ဘူး ။ သင်တန်းရယ် လို့ ကျကျနန သင်ဖူးတာ မဟုတ်ဘူး ”
“ ဘယ်အချိန် ရောက်မှ သင်တန်းရယ် လို့ ကျကျနန သင်ရတာလဲ ”
“ အန်တီပေါက် က ဗန်ကောက် က ကျောင်း ကို သွားမတက်ချင်ဘူး လား မေးတယ် ၊ ဒီကျောင်း ကောင်းတယ် လို့ ပြောတယ် ၊ ဘိုနီ က လည်း အင်တာနက် ထဲ မှာ ရှာကြည့်တော့ မှ သူတို့ သင်တဲ့ method တွေက တော်တော် ကောင်းတာ ၊ ဒီကျောင်း ကို တက်ချင်တာ ၊ ဒါပေမဲ့ ပိုက်ဆံ က မရှိဘူး ”
ကိုဘိုနီ ဗန်ကောက် မှာ ခြိုးခြိုးခြံခြံ နဲ့ ကျောင်းသွား တက်ခဲ့တာ ၊ ကိုရီးယား အနုပညာ တက္ကသိုလ် တက်ခဲ့တာ နဲ့ ဂေး တစ်ယောက် ရဲ့ အားနည်းချက်တွေ က လည်း စိတ်ဝင်စားစရာ ကောင်းပါတယ် ။
••••• ••••• •••••
“ ဘိုနီ က ဗန်ကောက် မှာ ဆံပင်မိတ်ကပ် ပညာသင် ကျောင်းတက် ချင်တယ် ။ ကျောင်းစရိတ် ၊ နေစရိတ် ၊ စားစရိတ် ပေါင်းရင် ဒေါ်လာ ၁၅ဝဝ လောက် ကျမယ် ။ မေမေ့ ကို ပြောတော့ ဘယ်လို ရှာလာပေးသလဲ မသိဘူး ၊ ဒေါ်လာ ၁၅ဝဝ ပေးတယ် ”
မိတ်ကပ်ဘိုဘိုနီ က သူ့ ဘဝခရီး ကို ပွင့်ပွင့်လင်းလင်း ပြောပြတယ် ။
“ မိတ်ကပ်ခင်စန်းဝင်း ၊ မိတ်ကပ်ကိုမာ ၊ ကာဗာမက်တိုးတိုး ၊ တောင်ကြီး အောင်အောင် တို့ လို နာမည်ကြီး ထိပ်သီးတွေ တက်ခဲ့တဲ့ ကျောင်း ၊ ကျောင်း နာမည် က Grace Siam တဲ့ ”
ကျွန်တော် က သူ့ နိုင်ငံခြားပညာသင်ခရီး ကို မေးပါတယ် ။
“ သွားတော့ ဘိုနီ တစ်ယောက် တည်း ၊ စိတ် ဘယ်လောက် လှုပ်ရှားလဲ ဆိုတော့ ရန်ကုန် လေယာဉ်ကွင်း မှာ check in time က နံနက် ၆:၃၀ ၊ ဘိုနီ က မနက် ၅:၃၀ ရောက်တယ် ။ တံခါးတွေ တောင် မဖွင့်သေးလို့ အပေါက်ဝ မှာ ငုတ်တုတ် ထိုင်နေတာ ။ မြန်မာငွေ နဲ့ ပတ်သက်လို့ တစ်ပြားမျှ ယူမလာမိဘူး ။ Airport tax ငါးရာ ( ကျပ် ၅၀ဝ ) ပေးစရာ မရှိဘူး ။ ဒုက္ခ ရောက်နေတာ မနီနီအောင် ဆိုတဲ့ အစ်မကြီး က ကူညီသွားတယ် ။ ဘိုနီ ဘဝ မှာ မိတ်ကပ်ပစ္စည်းတွေ ကြွပ်ကြွပ်အိတ် နဲ့ ထည့်ပြီး ပထမဆုံး သွားလိမ်း ပေးခဲ့ရတဲ့ သတို့သမီး နာမည် ကလည်း မနီနီအောင် ပဲ ”
တိုက်ဆိုင်မှု ကို ဘိုဘိုနီ က ပြောပြတယ် ။
“ လေယာဉ် ပေါ်မှာ ဘိုနီ ဘေး က ကပ် ထိုင်ရတဲ့ အဒေါ်ကြီး က ကြိမ်ခြင်း တောင်း နဲ့ ရွာ က လာတာတဲ့ ။ သူ လည်း တစ်ခေါက်မှ မရောက်ဖူးဘူး ။ ဘိုနီ တို့ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် အဖော် လုပ်ပြီး ဗန်ကောက်မြေ နင်း လိုက်ကြတယ် ”
သူ့ ရဲ့ ကျောင်း တက်တဲ့ အတွေ့အကြုံ ကို ကျွန်တော် မေးတယ် ။
“ ဘိုနီ ထက် နှစ်ရက် စောပြီး ပြည် က ကိုမောင်ကြီး ။ ထားဝယ် က အောင်ခင်ဆင့် တို့ ရောက်နေကြပြီ ။ သူတို့ နဲ့ ကျောင်း ကို လိုက်သွားပြီး ကျောင်း အပ်တယ် ။ စစချင်း ကျောင်း က အင်တာဗျူး သဘောမျိုး ဖြေခိုင်းတယ် ။ တိစ် ခုတ်တယ် ဆိုတာ ဆံပင် ရှုပ်တာ ကို စစ်တယ် ”
ဆံပင် အလှပြင်ခါနီး မှာ ခေါင်း က ဆံပင်တွေ ကို ဖွပစ်တာ ကို တိစ်ခုတ် တယ် ။ ဆံပင်ရှုပ်တယ် ခေါ်ကြောင်း သူ က ရှင်းပြတယ် ။
“ ဘိုနီ ကောင်းကောင်း မတတ်သေးဘူး ။ ဆံပင် ရှုပ်တာ ကောင်းကောင်း မတတ်ရင် အရုပ်ခေါင်းကြီး ဝယ်ပြီး လေ့ကျင့် ခိုင်းတော့မှာ ။ ဒါပေမဲ့ အမြင်ဝ နေလို့ ဘိုနီ ရှုပ်တာ စာမေးပွဲ အောင် သွားတယ် ။ အရုပ်ခေါင်း မဝယ်ရတော့ဘူး ။ ဝယ် ရရင် မြန်မာငွေ တစ်သိန်း ( ကျပ် ၁ဝဝ,ဝဝဝ ) ကျော် ကျမှာ ”
သူ က သက်သာရာ ရသွားပုံ နဲ့ ပြုံးတယ် ။
“ အောင်သွားတော့ ဘိုနီ လူခေါင်း ကိုင်ခွင့် ရတယ် ။ မော်ဒယ်က ဘိုနီ တို့ အဘွား အရွယ် ၊ တစ်နေကုန် ဆိုရင် မြန်မာငွေ ခြောက်ထောင် ( ကျပ် ၆ဝဝဝ ) ဘတ်ငွေ နဲ့ ပေးရတယ် ။ ဘိုနီ ကျတဲ့ မော်ဒယ် က ဘိုနီ အဘွား နဲ့ အရမ်း တူတာပဲ ”
မော်ဒယ် ဆိုရင် ဆတ်ကော့လတ်ကော့ ကောင်မလေးတွေ သာ မြင်ဖူး နေကျမို့ အဘွား အရွယ် ဆိုတော့ ကျွန်တော့် စိတ် မှာ ထူးဆန်း သွားတယ် ။
“ သူ က အင်္ဂလိပ်စကားပြော ကောင်းတယ် ။ ကျောင်းရှေ့ တွန်းလှည်း နဲ့ ထမင်း ရောင်းတဲ့ ဆိုင် မှာ ပန်းကန် ဆေးတာ ။ သူ က ဘိုနီ ရဲ့ ကျေးဇူးရှင် ၊ သူ က နေ့တိုင်း ထိုင်ပေးနေကျမို့ တတ် နေပြီ ။ ကလစ် ကို ဘယ်နေရာ ထိုး ဘယ်ဟာ ကို ဘယ်လို လုပ် ပြ ပေးတယ် ”
ဘိုဘိုနီ က ထမင်း ကို လက်ဖက်သုပ် နဲ့ ခြိုးခြံချွေတာ စားနေခဲ့ပုံ ၊ နေ့လယ်ပိုင်း ထမင်း မစားဘဲ ကျောင်း မှာပဲ လေ့ကျင့် နေခဲ့ပုံတွေ ကို ပြောပြတယ် ။
“ နေ့လယ် ကျောင်း ဆင်းရင် အရုပ်ခေါင်းတွေ က အား သွားပြီ ။ ဘိုနီ က သင်ပေးထား တဲ့ ဆံထုံးတွေ ပြန် ထုံး ကြည့်တယ် ။ သူများတွေ က တစ်ရက် ကို နှစ်ထုံး လောက်ပဲ ပြီးတာ ၊ ဘိုနီ က ငါးထုံး လောက် ပြီးတယ် ”
သူ့ ကြိုးစားအားထုတ်မှု ကို အသိအမှတ် ပြုမိပါတယ် ။ ဒီလို ကြိုးစားတဲ့ စိတ်ဓာတ်ကြောင့် လည်း ယနေ့ အချိန်အခါ မှာ သူ အောင်မြင်နေတာ ဖြစ်ပါလိမ့်မယ် ။
“ ဘိုနီ ကို မော်ဒယ် ထိုင် ပေးတဲ့ အဘွား က လည်း နေ့လယ် ထမင်းစားချိန် မှာ သူ လည်း မစားရဘူး ။ ပန်းကန်တွေ ဆေး နေရတယ် ။ ဗိုက် ဆာ မှာပေါ့ ။ ဘိုနီ က သူ့ အတွက် ယိုးဒယားမုန့်လေးတွေ ဝယ်ထား ပေးတယ် ။ ကောက်ညှင်းလုံး တို့ ၊ မုန့်လုံးကြီး တို့ ပေါ့ ”
တစ်ဦး နဲ့ တစ်ဦး ထားကြတဲ့ မေတ္တာ က ကျေနပ်စရာပါ ။
“ စာမေးပွဲ အောင်လို့ ဒီပလိုမာ ယူပြီး ပြန်ရတော့မယ် ဆိုတော့ ဘိုနီ သူ့ ကို ကန်တော့တယ် ။ အဘွား က ဒီမှာပဲ သူ နဲ့ အတူ နေပါတဲ့ ။ သူ့ သားသမီးတွေ က သူ နဲ့ မနေကြဘူးတဲ့ ။ ဘိုနီ က နောက် တစ်ခေါက် ပြန်လာခဲ့မယ်လို့ ။ နောက် တစ်ခေါက် ပြန်သွားတော့ အဘွား မရှိတော့ဘူး ။ ဆုံးသွားပြီ ထင်တာပဲ ”
သင်တန်းဆင်း လာပြီး နောက် ကိုယ်ပိုင် ဆိုင် စ ဖွင့်တဲ့ အကြောင်း ကို ကျွန်တော် မေးတယ် ။
“ မှန်တင်ခုံ မရှိဘူး ။ အမေ့ မှန်တင်ခုံ အဟောင်းလေး ကို ယူ ။ လူ မနေတဲ့ အခန်းလေး ထဲ ဆိုင် ဖွင့်တယ် ”
“ ပထမဆုံး မိတ်ကပ် လိမ်းပေးရသူ က ဘယ်သူလဲ ”
“ ဆေးကျောင်း ဘွဲ့နှင်းသဘင် တက်မယ့် တရုတ်မလေး ။ ဘုရားစူး တရုတ် ၊ အသား က ညိုညို ၊ ဆေးကျောင်း မှာ ဘယ်သူ မှ သတိ မထားမိတဲ့ ရုပ် ၊ ပိန်ပိန် ၊ ဝတ်တဲ့ အရောင် က ဘယ်လိုမှ သူ နဲ့ မလိုက်တဲ့ ခရမ်းသီးပုပ်ရောင် ၊ ဘိုနီ က အစွမ်းကုန် လိမ်းပေး လိုက်တာ ။ သူ့ ကို ဘွဲ့နှင်းသဘင်ခန်းမ ထဲ မှာ ဘယ်သူမှ မမှတ်မိ ကြတော့ဘူး ”
ကျွန်တော်တို့ ဟက်ဟက်ပက်ပက် ရယ်မိတယ် ။
“ ဘိုနီ ကို လူသိ စေတာက ဆေးတက္ကသိုလ်ဘွဲ့ က ၊ ဘိုနီ ဆရာဝန် အသိုင်းအဝိုင်းတွေ ရလာတယ် ။ ဒါပေမဲ့ ဘိုနီ တို့ က အန်တီပေါက် တပည့်တွေ ဆိုတော့ တစ်လက်တည်း ထွက် နေတာ ။ ဘိုနီ က တီထွင်ပြီး ခွဲ ထွက်ရမယ် ။ အောင်မြင်ရင် အောင်မြင်မယ် ၊ မအောင်မြင်ရင် မြောင်း ထဲ ရောက်မယ် ”
သူ့ စွန့်စားလိုစိတ် ကို လေးစားမိပါတယ် ။
“ ဆံပင် ဆိုရင်လည်း တော်တော်လေး လက်ဝင်ပြီး ကစားရတဲ့ အမောက်တွေ ၊ မြန်မာဆံထိုး အစစ် ကို အခြေခံပြီး ထွင်တာတွေ လုပ်တယ် ။ ဘိုနီ ကို လူငယ်တွေ ကြိုက်ကြတယ် ။ မဂ္ဂဇင်းတွေ က မျက်စိ ကျလာတယ် ။ အဲဒီ က နေ လူတွေ သိ သိလာတယ် ”
မိတ်ကပ်အေးဝင်းအောင် ဆီမှာ မြန်မာဆံထုံးစစ်စစ် ထုံးဖွဲ့နည်း ကို သူ သင်ယူခဲ့ပုံ ကို ပြောပါတယ် ။ အကယ်ဒမီ ပေးပွဲ ပွဲတက်မယ့် မင်းသမီး ဆုရွှန်းလဲ့ ကို အင်းဝခေတ် ဆံထုံး နဲ့ မြန်မာဆန်ဆန် ပြင်ပေးခဲ့ပုံတွေ သူ ပြောတယ် ။
သူ က ကိုရီးယား ကို လည်း မိတ်ကပ်ပညာသင် သွားခဲ့သေးတာမို့ အဲဒီ အကြောင်း မေးပါတယ် ။ ကိုရီးယား ကို မင်းသမီး ပုလဲဝင်း ၊ ဆုရွှန်းလဲ့ ၊ ဓာတ်ပုံ ကိုကျော်နိုင်ဝင်းတို့ နဲ့ အတူ သွားပြီး ကိုရီးယားနိုင်ငံ အနှံ့ မြန်မာ့ရိုးရာ ဝတ်စုံတွေ နဲ့ ဓာတ်ပုံ ရိုက်တာ ကို ကိုရီးယားသတင်းစာတွေ မှာ ဖော်ပြခဲ့ပုံတွေ ကို ဘိုဘိုနီ က ကျေကျေနပ်နပ်ကြီး ပြောပြတယ် ။ ကိုရီးယား အနုပညာတက္ကသိုလ် မှာ မိတ်ကပ် ပညာ သင်ယူပုံတွေ ပြန် ပြောပါတယ် ။ သူ့ ဘဝ မှာ အနိမ့်အမြင့် အတက်အကျ မျိုးစုံ ကြုံခဲ့ရတယ် ။ နိမ့်ပါးချိန် အကြောင်း ကို ကျွန်တော် မေးတယ် ။
“ ၁၆ နှစ် လောက် မှာ အိမ် က အခြေအနေ ဆိုးသွားတယ် ။ ကိုယ် က ဘာမှ မလုပ်တတ်ဘူး ။ ရေ ပဲ ကူးတတ်တော့ ရေကူးကန် မှာ ရေကူး သင်ပေးတဲ့ ဆရာ သွား လုပ်တယ် ။ ဟိုတယ်တွေ မှာ လိုက် သင်ပေးရတာ ။ ရေကူးသင်တာ အလုပ် မဖြစ်တော့ ဂိမ်းဆိုင် ထောင်တယ် ။ ဂိမ်းဆိုင် က အိပ်ရေး သိပ်ပျက်တယ် ။ ပိုက်ဆံ ကို ကြက်ကောက် ကောက်ရတာ ”
ဘိုဘိုနီ က ခပ်တွေတွေ ဖြစ်သွားတယ် ။
“ ကိုယ့် မှာ ပိုက်ဆံ ရှိတုန်းက အဖက် လုပ်တဲ့ သူတွေ က ဘိုနီ လမ်းပေါ် မှာ ခြေကျင် လျှောက် နေရတော့ မျက်နှာ လွှဲသွားတယ် ။ အဲဒီ အချိန် မှာ ဘိုနီ့ ကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ဆက်ဆံကြတာ က ဂေး ( gay ) တွေပဲ ”
သူ့ ပုံစံ က လည်း ခပ်နွဲ့နွဲ့ပါ ။ ဒါကြောင့်လည်း ဂေး လောက ကို ဝင်ဆံ့တာ ဖြစ်မယ် ။
“ ဂေး တွေ ကို abnormal ( ပုံမှန် မဟုတ်သူ ) လို့တော့ ပြောကြမှာပဲ ။ normal တွေမှာ သိမ်ငယ်စရာ မရှိပေမယ့် လူတန်းစား ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်း ထဲမှာ ဂေးတွေ သိမ်ငယ်ကြတယ် ။ လူတန်းစား မခွဲခြားတဲ့ တိုင်းပြည် တွေ မှာ ဂေး ထဲက တော်တဲ့ လူတွေ အရမ်း ထွက်လာတယ် ”
ကျွန်တော် က သူ့ ဂေး ဘဝ ကို စပ်စုတယ် ။
“ အခြား gay life တွေ လို ဘိုနီ က ချစ်သူရည်းစား မထားချင်ဘူး ။ အေးအေးချမ်းချမ်းပဲ နေတယ် ။ ဒီအရွယ် ရောက်ရင် ယောက်ျား ဆို လည်း ယောက်ျား အလိုက် ၊ မိန်းကလေး ဆိုရင်လည်း မိန်းကလေး အလိုက် စိတ်ဝင်စားတာမျိုး တော့ ရှိတာ သဘာဝ ပဲ ။ ဘိုနီ က ဘိုနီ့ မိဘတွေ ကို သား မွေးပြီး သမက် ရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။ သဘာဝလွန် ကိစ္စ ကို ရှောင်ကြဉ်ရမယ် ။ ခုခေတ်မှာ ရောဂါဆိုးကြီးတွေ က အများကြီးပဲ ။ ဘိုနီ ထက် ငယ်ရွယ်သူတွေ အချို့ သေသွား ကြပြီ ။ လူ့ ဘဝ ဆိုတာ ရခဲတယ် ”
သူ့ မျက်နှာ က မိန်းမ ဆန်ပြီး နုတယ် ။ ဒါပေမဲ့ ယခု ပြောနေစဉ် မှာ တော့ အင်မတန်ပဲ တည်တယ် ။
“ အချို့ဂေးတွေ လမ်းဘေး မှာ ဟိုအော် ဒီဟစ် လုပ်နေတာ တွေ့ဖူး မှာပေါ့ ။ ဂေးတွေ စိတ်ထဲ က အားငယ်တယ် ။ အရာရာ ကို မကြောက်ပါဘူး ဆိုပြီး ယောက်ျား မိန်းမ မလုပ်ရဲတာတွေ လုပ်ပြတာ ။ အားနည်း နေတာ ကို ဖုံးကွယ် ချင်လို့ အူးအား အော်တာ ”
ကိုယ်တိုင် က ဂေး အဖြစ် ခံယူထားသူ ကိုယ်တိုင် ပြန်ပြောပြတဲ့ ဂေးစိတ် ( gay psycho ) က စိတ်ဝင်စားစရာ ကောင်းတယ် ။
ဘိုဘိုနီ ဝတ်ထားတာက တီရှပ် ပန်းရောင် ရင့်ရင့် ၊ ယောက်ျား တစ်ယောက် ဝတ်ဖို့ နုတယ် ။ မိန်းမ ဆန်တယ် ။ သူ က သူ့ အကြောင်း ကို ဆက် ပြောတယ် ။
“ ဘိုနီ မိန်းမ လို မဝတ်ချင်ဘူး ။ ဗုဒ္ဓဘာသာပီပီ ဘုရား မှာ ရွှေတက် ချချင်တယ် ။ ဘိုနီ ကိုရင် နှစ်ခါ ဝတ်ဖူးတယ် ။ ဒါပေမဲ့ ရဟန်းခံ မှာ မဟုတ်ဘူး ။ သိမ် မဝင်နိုင်ဘူး ”
ဘာကြောင့် ရဟန်း မပြုတာလဲ မေးတယ် ။
“ သိမ် ထဲမှာ ယောက်ျားစင်စစ် ဧကန်ဖြစ်၏လော လို့ မေးရင် ဘယ်လို ဖြေမှာလဲ ”
“ မဖြစ်ဘူးလား ”
“ ခန္ဓာကိုယ် က သာ ယောက်ျား ဖြစ်တာ ။ စိတ် က မဖြစ်ဘူး ။ ဖြစ်၏လို့ ဖြေရင် သူ က ဘုရားပါ လိမ်တာ ။ ဘဝ က ပိုပြီး ဆိုးသွားမှာ ”
သူ့ ငယ်ဘဝ ကို မေးတယ် ။
“ ဘိုနီ တို့ အိမ် မှာ မိန်းမတွေ နဲ့ ပဲ နေခဲ့ရတာ ။ အဖေ က အဝေး မှာ အလုပ် သွား လုပ်နေတယ် ။ အမေ ၊ အစ်မ နဲ့ နေရတယ် ။ ငယ်ငယ် က အစ်မ ဆော့တဲ့ ဟာ ဝင် ဆော့ရတယ် ။ အစ်မ အဝတ်တွေ ကို အတူတူ ဝတ်ခဲ့ရတယ် ။ အသက် က လည်း နှစ်နှစ် ပဲ ကွာတာ ”
ဘိုဘိုနီ က သူ့ ရဲ့ ငယ်ဘဝ အကြောင်း ကို ဆက် ပြောပါတယ် ။
“ ဘိုနီ ငယ်ငယ် က အဖေ့ သူငယ်ချင်း ရှေ့မှာ ဘိုနီ က စက်ဘီးလေး နဲ့ ဝင်လာတော့ မင့် သား ဘယ်က ပြန်လာတာလဲ မေးတယ် ။ အလှပြင်သင်တန်း က ပြန်လာတာလို့ ဖြေလိုက်တဲ့ အခါ အဖေ့ သူငယ်ချင်း ရဲ့ မျက်နှာ မှာ ဖြစ်သွားတာ ကို ဘိုနီ မမေ့ဘူး ။ ရယ်ချင်တာ လိုလို ၊ ပြုံးစိစိ နဲ့ အဖေ့ ကို ကြည့်လိုက်တဲ့ အကြည့် တွေ ၊ သူတို့ မျက်လုံး ထဲ မှာ အရာတွေ အများကြီး တွေ့ လိုက်ရတယ် ”
သူ ပြောတာ ကို နားထောင်ရင်း စာနာမိတယ် ။
“ ဘိုနီတို့ က အမြဲတမ်း အကြည့် ခံရတဲ့ ဘဝ မို့ သိတယ် ။ လူတွေ က နိမ့် ကျတဲ့ ဘဝ လို့ သတ်မှတ် ထားကြတာလေ ။ ဒါကြောင့် ပို ကြိုးစားတယ် ။ တော်ပါ တယ်လို့ သူတို့ သတ်မှတ် ထားတဲ့ သူတို့ သား အချို့က ဆေးသမား ဖြစ်တဲ့ လူ က ဖြစ်တယ် ။ ဖအေအို ၊ မအေအို ကို မသိတတ်တဲ့ သူတွေ ရှိတယ် ။ ဘိုနီ ရဲ့ မိဘတွေ ကတော့ သူတို့ အပေါင်းအသင်းတွေ ကြားထဲ မှာ ခေါင်း မော့ပြီး နေနိုင်ပါပြီ ”
⎕ ကျော်ရင်မြင့်
📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment