Thursday, June 19, 2025

ချောင်းကျဉ်းရေစုန်


 

❝ ချောင်းကျဉ်းရေစုန် ❞
       ( ညိုထွန်းလူ )

( ၁ )

ဆန်ကောဝိုင်းလေး ထဲမှာ ပြည်ဝက်ခန့် မရှိ တရှိ သွန်ကြဲထားသည့် ဆန်တွေ ကို လက် ဖြင့် ထိုးဆွ မွှေနှောက်ရင်း စပါးလုံးတွေ ၊ ခဲလုံးတွေ ကို သန့်စင်ဖယ်ရှားရသည့် အလုပ် မှာ ဘာမှ မဟုတ်ပေမယ့် မလုပ်လို့ မဖြစ်ပြန်ပေ ။ အသက်အရွယ် အိုမင်းလာချိန်တွင် ထမင်း ချက်တာ က အစ ပျော့ပျော့အိအိကလေး ချက်ထား မှ စားလို့ ရတော့သည် ။ ထမင်းစားရင်း နဲ့ ခဲတစ်လုံးတလေ လောက် ကြိတ်ဝါးမိ လိုက်လျှင် အသည်းခိုက် မတတ် နာကျင်ခံစားရသည် ။

ကျင့်သားရ နေသည့် လက်ချောင်းကလေးများ သည် ဆန်ဖြူဖြူ ထဲ သို့ ထိုးနှစ်ပြီး သန်းဥ စမ်းသလို ထိတွေ့ ခံစားရသည့် ခဲလုံးလေးတွေ ကို အသာအယာ ကောက်ယူ၍ အနား မှာ ဖြန့်ခင်း ထားသော ဂုန်နီအိတ် အပိုင်းလေး ပေါ်မှာ စုပုံထားသည့် စပါးစေ့ဝါဝါကလေးတွေ ကိုလည်း နံနက် အိပ်ရာထ တွင် ရောက်လာတတ်သည့် ခိုကလေးတွေ အတွက် သေသေချာချာ ဖယ်ထား ပေးရသည် ။ အချို့သော စပါးလုံးလေးတွေ ကတော့ မှုန်ဝါးမှေးသီ နေပြီ ဖြစ်တဲ့ အမေရီ ရဲ့ မျက်လုံး အကြည့် ကို တိမ်းရှောင်ပြီး ဆန်စေ့ပုံတွေ ထဲ သို့ တိုးဝှေ့ပျောက်ကွယ် သွားကြလေ့ ရှိသည် ။ အမေရီ ကတော့ ခါးတွေ ညောင်းတောင့်ပြီး ဇက်ကြောတွေ တင်းမာ မတတ် ဖြစ်နေတာတောင် ဇွဲနပဲ နဲ့ ဆန်ရွေး နေဆဲပင် ။

“ မြရီ ရယ် ၊ နင် နှယ် ပင်ပန်းလှတယ် ။ နည်းနည်းပါးပါး ခဲ ပါလည်း ဖယ်စားလို့ ရတာပဲဟာ ”

ခင်ပွန်းသည် ဦးဘညီ  ကရုဏာ စကား ကိုပင် သတိ မထားမိအောင်ပင် အလုပ် ထဲမှာ အာရုံ စူးနစ် နေတတ်သည် ။ သည်လိုပဲ ဆန်ရွေးရင်း ဟိုဟိုဒီဒီ တွေးရသည် ကို က ဘဝ နေဝင်ချိန် အဘွားအို အတွက် ရခဲလှသည့် အချိန်ဖြုန်းနည်းကလေး ဖြစ်သည် ။ စိတ်လက် ပျော်ရွှင်လာစေသည် ။ တစ်ခါတလေတော့ လည်း လက် ဖြင့် မွှေလိုက်တိုင်း အတည်တကျ မရှိ နေရာရွှေ့ပြောင်း နေရသည့် ဆန့်စေ့လေးတွေ လိုပင် အမေရီ ရဲ့ အာရုံများသည် ကစဉ့်ကလျား ဖြစ်နေတတ်သည် ။ သွေးလေ မလျှောက်နိုင်တော့ဘဲ အသားစိုင်တွေ ထုံကျဉ် ကိုက်ခဲလာသည့် တိုင်အောင် အမျှင် မပြတ်နိုင်သည့် အတွေးမျှင်တန်း ထဲမှာ နစ်မွန်း နေတတ်သည် ။ အတွေးတွေ က မဆုံးနိုင်သည်နှင့် အမျှ စိတ်ပူပန်စရာတွေ လည်း ပိုမို များပြားလာလျက် ၊ ပူပန်ကြောင့်ကြစိတ်များသည် မန္တလေး က သားကြီး တင်ဝင်း နဲ့ မုံရွာ မှာ နေသည့် သားငယ် ခင်ဇော် တို့ ဆီ မှာ လွန်းပြေး သလို ပြေးနေခဲ့သည် ။ အသက် ကြီးလာလေလေ သားသမီး အတွက် ပူပန်စိတ်မောရသည့် ဒုက္ခ ကလည်း လောင်စာ နဲ့ တွေ့သည့် မီး လို ပိုမို အားကောင်းလာခဲ့သည် ။ သူတို့ ဘာသာ သူတို့ ဟိတ်ဟန်တွေ နဲ့ ဘာကောင်ပဲ ဖြစ်နေကြ ဖြစ်နေကြ မိဘ ကတော့ ယခုအချိန် အထိ ကလေး လို မြင်နေဆဲ ။

အငယ်ကောင် က သိတတ် လိမ္မာသည် မို့ စိတ်အေးရ သော်လည်း အကြီးကောင် အတွက် စိတ် က မဖြောင့် ။ ဒီလို အချိန်မျိုးမှာ ရုံး က နေ အိမ် ကို ဖြောင့်ဖြောင့် ပြန်ပါ့မလား ။ အပေါင်းအသင်း မိတ်ဆွေ က လည်း များပါဘိသနဲ့ ။ ကလေး သုံးယောက် ရလာတာတောင် အသိတရား က မရှိချင်သေးဘူး ။ အဖော် ကောင်းလို့ ၊ ဘာလို့ ညာလို့ နဲ့ အရည်ကလေး ကလည်း စွက်ဖက်ချင်သေးသည် ။ စိတ် မဖြောင့်စရာ အကြောင်းတွေ ကို ခင်ပွန်းသည် အား ပြောလိုက်ရင်တော့ “ မန္တလေး မင်း ကိုယ်တိုင် သွားနေချေလေ ” ဟု ဘုစကား ပြောဦးမည် ။

နေမဖြစ်လို့သာ နေဖြစ်မယ် ဆိုရင် ဟိုဘက် ဆယ်ဘူတာ တောင် လွန်ရော့မည် ။ ချွေးမ ဖြစ်သူ ကလည်း လူကြုံရင် ကြုံသလို တစ်မျိုး ၊ စာ နဲ့ တစ်မျိုး လှမ်း၍ တိုင်တတ်သည် ။ ဒီအကောင်ကြီး အတွက် ခက်သည် ။ ဒီအသက် ဒီအရွယ် ရောက်မှ ဘယ်လို ဆုံးမရတော့မှာလဲ ။ ငယ်ငယ်တုန်းကလို ဦးစွန်းဖုတ်ကလေး ဆွဲ၍ ပြောဆို ထုထောင်းလို့ ရလျှင်လည်း ကောင်းသား ။

“ အမေ့သား ဒီလို မူးနေလို့ကတော့ အလှူမှာ ရေစက် ကို အတူတူ မချဘူး ” တဲ့ ချွေးမ ဖြစ်သူရဲ့ စကား ကို ကြားယောင်ရင်း အမေရီ ပြုံးမိသွားသည် ။ ဪ ကလေးတွေ တိုးလို့တွဲလောင်း ဖြစ်နေကြတာတောင် ပြောတာ ၊ ဆိုတာ ၊ နေတာ ၊ ထိုင်တာ တစ်ယောက် မှ အချိုး မပြေကြသေးဘဲကိုး ။ တင်ဝင်း ကလည်း တင်ဝင်း မို့ အနေအထိုင် မဆင်ခြင် ။ ထင်ရာစိုင်းချင်တဲ့ အကောင် ။ ချွေးမ ဖြစ်သူကလည်း အပြောအဆို မတတ် ။ ကိုယ့်ယောက်ျား ပေမယ့် မသကာ ချော့ချော့မော့မော့ကလေး ပြောတန် ပြောရမှာပေါ့ ။ ပြောလိုက်မှဖြင့် ကိုယ့် စကား ကိုယ် ဘယ်ကို ရောက်လို့ ရောက်မှန်း မသိတဲ့ မိန်မမျိုး ။ အင်း ခက်ပါဘဲလေ ။

အို ဘာတဲ့ ခုနက သတိရလိုက်ပါတယ် ။ အလှူ ဆိုလား ။ အမေရီ သည် တွေးရင်း နဲ့ အလှူ အကြောင်း ကို သတိရလာသည် ။ ဟုတ်ပေသားပဲ လာမည့် ဝါဆိုလ မှာ တင်ဝင်းသားကြီး စောမြင့် ကို ရှင်ပြု ပေးရတော့မှာပါလား ။ အလှူရက် ကိုလည်း သတ်မှတ်ပြီး ဖြစ်သည် ။ အနှစ်နှစ် အလလ က မျိုသိပ်ချုပ်တည်း ထားခဲ့ရတဲ့ ဆန္ဒတွေ မကြာခင် မှာ ပြည့်စုံအောင်မြင်တော့မည် ။ အမေရီ ရင် ထဲမှာ ဝမ်းသာကြည်နူးနေသည် ။ နားထဲတွင် ဆူညံရယ်မောသံ ၊ အသံချဲ့စက်အသံ ၊ ဗြောသံများသည် အသက်ဝင် လှုပ်ရှားလာကြသည် ။ သားငယ် မှာ မိန်းကလေး တစ်ယောက်တည်း ရှိသည် ။ သားကြီး ကတော့ မိန်းကလေး နှစ်ယောက် နှင့် ယောက်ျားလေး တစ်ယောက် မွေးထားသည် ။ ရှင်လောင်း ၊ နားထွင်း အဝတ်အစားတွေ နဲ့ သားနား ပျော်ရွှင် မြူးတူးနေကြမည့် မြေးတွေ ကို တွေး၍ မြင်ယောင်မိချိန်တွင် အမေရီ ရဲ့ မျက်နှာတွင် ပြုံးပြုံးကြီး ဖြစ်လာသည် ။

ဖွဲမှုန်တွေ ပေနေသည့် လက်ကို တင်ပါးစွန်း မှာ သုတ်လိုက်ပြီး နောက်နား မှာ အဆင်သင့် ချထားသည့် ဆေးပေါ့လိပ်တို နဲ့ မီးခြစ် ကို ကောက်ယူလိုက်သည် ။ ဆေးပေါ့လိပ် ကို မီးညှိရင်း -

“ အမေ ဒီနှစ် ဝါမဝင်ခင် စောမြင့် ကို ရှင်ပြုပေးမလို့ ”  ပြောလိုက်တဲ့ သားကြီး စကားကို ကြားယောင်နေဆဲ ၊ ကြားကြားရချင်း ကိုယ့်နား ကို မယုံမကြည် ဖြစ်ရသည် ။ မူးလာလို့များ တွေ့ကရာ ပြောသလားဟု ထင် မိသည် ။ ကြည်လင်ရွှင်ပျနေသည့် တင်ဝင်း မျက်နှာကို တွေ့မြင်ရတော့မှ ပဲ စိတ်တုံးတုံးချကာ တကယ်ပဲ ဝမ်းသာချမ်းမြေ့သွားသည် ။

“ မန္တလေး မှာ လှူလိုက်မယ် အမေ ၊ ဦးဣန္ဒက ကျောင်း မှာပဲ ရင်းနှီးတဲ့ မိတ်ဆွေအချို့ကို ဖိတ်ပြီး ”

တင်ဝင်း စကား ကိုပင် ဆုံးအောင် မပြောလိုက်ရပါ ။ အမေရီ က ချက်ချင်း လက်ကာပြလိုက်သည် ။

“ နေဦး မောင်တင်ဝင်း ရဲ့ မင်းတို့နှယ်ကွယ် ဒီလို ဖြစ်ကတတ်ဆန်း လုပ်ဖို့ စိတ်မှကူးရက်ပလေ ။ ဘယ်ဖြစ်မှာတုံး ။ တစ်သက်မှာ တစ်ခါပဲ လှူရတန်းရတဲ့ ကိစ္စ ။ အမေ ကတော့ ငါ့ မြေးတွေ ကို ရွာ မှာပဲ ရှင်ပြု ပေး မယ် ။ မင်းတို့ ပြောသလို ပြီးစလွယ် မလုပ်နိုင်ပေါင် ။ မင့် တုန်းကရော အမေ ဘယ်လို ရှင်ပြုခဲ့တယ် ဆိုတာ မှတ်မိသေးရဲ့လား ။ ငါ့ မြေးကြီး စောမြင့် က မောင်ရှင်လောင်း လုပ်ချင်လွန်းလို့တဲ့ မှတ်မိသေးရဲ့လား ။ အမေ မန္တလေး ကို လာရင် ခဏခဏ ပြောရှာတယ် ။ ရွာ မှာပဲ လှူကြရအောင် မောင်တင်ဝင်း ၊ ကုန်ကျစရိတ် အတွက်တော့ ဘာမှ မပူနဲ့ အမေ လည်း နိုင်သလောက် ထည့်မယ် ”

အားပါးတရ ပြောနေသည့် အမေရီ ရဲ့ အမူအရာကြောင့် လင်မယား နှစ်ယောက်စလုံး ငြိမ်ကျသွားသည် ။ ဘာဆက် ပြောရမှန်း မသိတော့ဘဲ တစ်ဦး ကို တစ်ဦး အကဲခတ် ကြည့်နေမိသည် ။

“ “ မင်းတို့ ကို အခုမှ ဖွင့်ပြောရဦးမယ် ၊ ငါ့မြေးတွေ ကို များ ရှင်ပြုရင် ဆိုပြီး ဟိုတုန်း ကတည်းက အမေ ကျိတ်စုထားရတာလေ ၊ မင်းတို့ အဖေတောင် မသိဘူး ။ တရုတ်ဇလုံအကြီးကြီးတွေက နှစ်ဆယ့်ငါးလုံး ပြီးတော့ ဝါးတောမဘက် က ထွက်တဲ့ လက်သုတ်ပုဝါ အကြမ်း က အထည်လေးဆယ် ၊ မနှစ်ဆီက အမေ မန္တလေး ရောက်တုန်း ဈေးချိုတာနဲ့ ဝယ်ထားတဲ့ အမွှေးပွ တဘက်တွေ က ဆယ့်ခြောက်ထည် ”

တအံ့တသြ ဖြစ်နေသည့် သား နဲ့ ချွေးမ အမူအရာ ကို ကြည့်ရင်း အမေရီ ရဲ့ ရင်ထဲမှာ ပီတိဖြာဝေနေသည် ။ ကာလရှည်လျားစွာ ဝှက်ကွယ်ဖုံးအုပ်ထားသည့် လျှို့ဝှက်ချက် ကို ဖွင့်အံလိုက်ရ၍လည်း စိတ်လက် ပေါ့ပါး သွားရသည် ။ အမေရီ ရဲ့ စကား ကို နားထောင်ရင်း တင်ဝင်း တစ်ယောက် ခေါင်းငိုက်စိုက် ကျသွားလေသည် ။

သား ဖြစ်သူကို စေ့စေ့ကြည့်ရင်း “ ဟင်း အခုမှ စိတ်မကောင်းဖြစ်သွားပြီလား ၊ ကလေးအဖေ ဖြစ်လာတာတောင် ရှေ့နောက် မစဉ်းစားဘူး ၊ ပေါ့ပေါ့နေ ၊ ပေါ့ပေါ့စား ဖို့ လောက်ပဲ သတိရတယ် ။ ကိုယ့် သားသမီးတွေကို လူချင်း တူအောင် ထားနိုင်ဖို့ စိတ်ကူးဖော် မရတဲ့ ခွေးလိုအကောင် ” အမေရီ ရဲ့ ကရုဏာဒေါသများသည် နှုတ်ဖျား မှ ထွက်မလာ ပါ ။ ဪ ဘာပဲဖြစ်ဖြစ် ကလေးတွေ ကို ရှင်ပြုပေးဖို့ သတိရတာ ကို က တော်သေးသည် လို့ ဆိုရပေမည် ။

သူတို့တတွေ မလုပ်နိုင်ရင်လည်း တစ်ချိန်မဟုတ် တစ်ချိန်တွင် မြေး တွေကို ရှင်ပြုပေးဖို့ အမေရီ ရဲ့ ရင်ထဲမှာ တေးမှတ်ထားပြီးသား ။ ဘယ်နှယ့် ဧည့်သည်အနည်းအကျဉ်း ဖိတ်ပြီး ဘုန်းကြီးကျောင်း မှာ ရေစက်ချ သင်္ကန်းဆီး ပေးတာမျိုးတော့ အမေရီ လက်သင့် မခံနိုင်ပေ ။ ရွှေထီး ဆောင်းပြီး သျှိုးထိုးသံ တဆူဆူနဲ့ မြင်းပေါ်မှာ အခံ့သား ထိုင်နေမည့် မြေးကြီး စောမြင့် ကို မြင်လှချင်သည် ။

“ သူတို့ တတွေလည်း နိုင်သလောက် နဲ့ အဆင်ပြေ သလို လုပ်ရတာပဲ မြရီ ရယ် ။ သူတို့ စီစဉ်သလို မန္တလေး မှာ လည်း ကောင်းသားပဲ ” ဟု ခင်ပွန်းသည် က ပြောရှာသည် ။

“ အလိုတော် ကျုပ် မြေးကြီး ကိုတော့ ဒီလို ပြီးစလွယ်ကြီး မလုပ်နိုင် ပေါင် ။ ကလေး ကို မြင်းစီးပြီး ရွာလှည့် ပြချင်တာ တော်ရဲ့ ။ တော် ပြောလိုက်ပုံက ကိုယ့်သွေးသား မဟုတ်သလိုပဲ ”

ပက်ကနဲ ပြန်ပြောလိုက် သောကြောင့် ဦးဘညီ လည်း ရှေ့ဆက် စကားပြော မရအောင် ဖြစ်သွား သည် ။ ဒီအသက် ဒီအရွယ် ရောက်မှတော့ အပြန်အလှန် စကား အချီအချ မပြောချင်တော့တာမို့ “ ကောင်းသားပဲလေ ” လို့ ချွေးသိပ်စကား ဆို လိုက်မှ အမေရီ ကျေနပ်သွားသည် ။ ဘယ်သားသမီးပဲ ဖြစ်ဖြစ် ဆိုးဆိုး ကောင်းကောင်း မိဘတိုင်း ချစ်ကြသည် ။ ဒါပေမယ့် အတောင်အလက် စုံ လို့ လွမ်းခွဲထွက်သွားပြီး သူတို့ ဘဝလေးတွေ ကို သူတို့ နိုင်နင်းအောင် လှုပ်ရှားရုန်းကန် ကြိုးစားနေကြချိန်မှာ တရားပြည့်သူ ပီပီ နေရာတကာ လိုက်၍ အပူ မရှာချင်တော့ ။ အိုမင်းမစွမ်း ပင်စင်စား ဘဝ မှာ တတ်နိုင်သမျှ အပူအပင် ကင်းပြီး ကိုယ့် ဘဝလေး နဲ့ ကိုယ် အေးအေးသက်သာ နေ ချင်သည် ။ နှစ်ယောက်တည်း နဲ့ စခဲ့သည့် ဘဝသည် တစ်ချိန်မှာ သည်နှစ်ယောက် ပဲ ကျန်ရစ်ခဲ့ရသည် ကို သဘော မပေါက်နိုင်သေးသည့် အမေရီ အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည် ။

( ၂ )

အလှူရက် သတ်မှတ်ပြီး မန္တလေး က ပြန်လာ ကတည်းက အမေရီ တစ်ယောက် အငြိမ် မနေနိုင်တော့ပေ ။ နေပူစပ်ခါး မရှောင် အနီးအနား တစ်ဝိုက် က ရွာတွေဆီသို့ တစ်ရွာ ပြီး တစ်ရွာ ဒိုးဒိုးဒေါက်ဒေါက် သွားသည် ။ မြေးတွေဇော နဲ့ မမောမပန်းနိုင် ၊ စိတ်ဆောင် လှုပ်ရှားနေသည့် အမေရီ ကို အကဲခတ်ရင်း ဦးဘညီ ခမျာ အံ့သြမဆုံး ဖြစ်နေမိသည် ။

ကြွေပန်းကန်ရွာ က မောင်ဖိုးအောင် ကိုလည်း အလှူအတွက် ဆန်အိတ်ဆယ်လုံး ပို့လိုက်ဖို့ ပြောခဲ့ပြီးပြီ ။ မင်းရွာ က မြင့်တင် တို့ ညီအစ်ကို ကိုတော့ ငှက်ပျောတွေ အုပ်ထားဖို့ မှာထားရတယ် ။ ရပါ့မလား မသိ ဘူး ။ တခြား အလှူတွေ အတွက်လည်း ပို့ပေးရဦးမှာတဲ့ ။ သန်ဘက်ခါ ကျ တစ်ခေါက် ထပ် သွားရဦးမယ် ။ ဆိုင်းကိုတော့ ရွာ က ကာတွန်ဆိုင်း ပဲ ထည့်ရမှာပဲ ။ ဆိုင်း လည်း ကြိုပြောမှ ။

တစ်ယောက်တည်း ပြောသလိုနဲ့ အနားမှာ ထိုင်ရင်း တတွတ်တွတ် ပြောနေသည့် အမေရီ ကို ခင်ပွန်းသည် က ကြင်နာစွာ ပြုံး၍ ကြည့်နေရှာသည် ။ အေးစက်စက် နိုင်လွန်းသည့် ခင်ပွန်းသည် အမူအရာ ကိုကြည့် ပြီး အမေရီ ကလည်း စိတ်တိုချင်ချင် ၊ အလှူအတွက် လုပ်ကိုင်ပေးဖို့ နေနေသာသာ ဘာ တစ်ခုမှ မေးဖော် မရ ။ နေနိုင်လိုက်တဲ့ လူ လို့ တွေးသည် ။ သို့သော်လည်း အေအေးနေတတ်လေ့ ရှိသည့် ခင်ပွန်းသည် အကျင့်ကို နောကျေနေအောင် သိထားပြန်တော့လည်း စိတ်မဆိုးရက်ပြန်ပေ ။

ဆေးလိပ်တို ကို တစ်ချက်မျှ ရှိုက်ဖွာပြီး အုတ်နီခဲလေး ပေါ်မှာ ပြန်လှဲ တင်လိုက်သည် ။ ခေါင်းငုံ့၍ ဆန်ကော က ဆန်တွေ ကို လက်ဖြင့် ခပ်ရင်း မန္တလေး သို့ တစ်ခေါက် ထပ်သွားရမလားလို့ စဉ်းစားသည် ။ တင်ဝင်းတို့ လင်မယား ကို အမေရီ လုံးလုံး စိတ်မချ ။ တင်ဝင်း က ထင်မိထင်ရာ တဇွတ်ထိုးသမား ။ ချွေးမ ဆိုတာကလည်း အေးတိအေးစက် ။ အားကိုး မရ ။ ဖိတ်စာ ရိုက်ဖို့ ၊ သင်္ကန်း ဝယ်ဖို့တွေလည်း ရှိသေးသည် ။ တက်ထရွန် သင်္ကန်းတွေ ကလည်း မနှစ်က ထက် ဈေးတစ်ဆ လောက် ပိုနေသည် ။ ကြိုကြိုတင်တင် ဝယ်ထားဖို့ တင်ဝင်း ကို ပြောပြန်တော့လည်း ဖြစ်ပါတယ် ။ ရပါတယ်လို့ ဆိုသည် ။ ဘယ်လို ဖြစ်တာလဲ ၊ ဘယ်လိုရတာလဲဟု မမေးလိုက်ရ ။ ဒီလိုပဲ စကားကို ခပ်ပေါ့ပေါ့ ပြောတတ်သည် ။ သားငယ် ဆီ ကို လည်း ကြိုတင် အကြောင်းကြားရဦးမည် ။ မဖြစ်ပါဘူးလေ မန္တလေး ကို လိုက်သွားမှ ထင်ရဲ့ ။ ဆုံးဖြတ်ပြီး ကာမှ ဦးဘညီ ကို သတိရ ပြန်တော့ ချီတုံချတုံ ဖြစ်ရပြန်သည် ။

“ မင်းနှယ် လွန်လွန်းသကွာ ။ ဒီလ ကို မန္တလေး ကို သွားတာ သုံးခေါက် ရှိနေပြီ ။ အလှူရက် လည်း အဝေးကြီး လိုသေးတယ်ကွ ”

ဦးဘညီ သာ သိရင်ဖြင့် သေချာပေါက် ဆူလိမ့်ဦးမည် ။ အလှူရက် ကတော့ ဝေးတယ် ဆိုရ သော်လည်း လုပ်စရာရှိတာလေးတွေ ကို တစ်ခါတည်း ပြီးပြတ်သွားအောင် လုပ်ထားချင်သည် ။ ဝယ်စရာ ခြမ်းစရာ ရှိလည်း ခုကတည်းက ဝယ်ထားမှ ၊ ဈေနှုန်းတွေ က တက်နေသည် ။

“ အလှူ အတွက် ကုန်ကျစရိတ် ကို ခန့်မှန်းကြည့်တော့ နှစ်သောင်း နီးပါး လောက်ရှိတယ် ။ ကျွန်တော့် မှာ ကိုးထောင်လောက်ပဲရှိတယ် အမေ  ၊ တစ်သောင်းကျော်လောက် အမေ စိုက်ရမှာ ဖြစ်ပါ့မလား ”

တင်ဝင်း က မဝံ့မရဲ မေးလိုက်သည် ။

“ ဖြစ်ပါတယ် စိုက်ရမှာပေါ့ ”

“ သိပ် များနေမလားလို့ ဒါပေမယ့် နောက်ကျ ကျွန်တော် နိုင်သလောက် ဖဲ့ဆပ်သွားမှာပါ ” ဟု တင်ဝင်း က ပြောသည် ။

“ အိုကွယ် များတော့လည်း ဘာဖြစ်တုံး ။ မပူပါနဲ့ သားရဲ့ ။ အမေ့ မှာ ရွှေ ရှိပါသေး တယ် ”

လွှတ်ခနဲ ပြောလိုက်သည့် အမေရီ စကားကြောင့် တင်ဝင်း က သတိရသွားဟန် ဖြင့် “ ဪ အမေ က ရွှေ ဆိုလို့ ပြောရဦးမယ် အမေ့ ဆီ မှာ မြင့်ခင် ရဲ့ ဆွဲကြိုး နဲ့ လက်ကောက် ရှိသေးတယ် မဟုတ်လား ”

တင်ဝင်း ကို ကြည့်ရင်း “ အင်း ” ဟု အမေရီ ပြောလိုက်သည် ။

“ ဒီလိုဆို ကျွန်တော် စိတ်ကူး ရှိထားတယ် အမေ ၊ မြင့်ခင် ရဲ့ ပစ္စည်း တွေ ကို ရောင်းပြီး အလှူ မှာ ကုသိုလ် ပြုရင် ကောင်းမလားလို့ သူ့ အတွက်လည်း ကုသိုလ်ရတာပေါ့ ”

အမေရီ ငိုင်ကျသွားသည် ။ မြင့်ခင် ကို သတိရ ပြန်တော့ အမေရီ မျက်ရည် စို့ရသည် ။ ဩော် သမီးလေး မြင့်ခင် ၊ ကံဆိုးမလေး လွန်ခဲ့သည့်နှစ် ကပဲ ဆုံးသွားရှာသည် ။ နှလုံးသွေးကြောကျဉ်း ရောဂါတဲ့ သမီးလေး ရယ် ဒီ ရောဂါက သမီးလေး မှ ဖြစ်ရသတဲ့လား ။ အင်း အခုချိန်မှာ ဘယ် ဘဝများ ရောက်နေပါလိမ့်နော် ။

“ ကောင်းပါရဲ့ကွယ် ” ဟု ပြန်ပြောလိုက်သည့် အမေရီ အသံသည် အက်ကွဲ တုန်ခါ၍နေသည် ။ တင်ဝင်း က သတိတရ မေးလိုက်တော့ မြင့်ခင်ရဲ့ ဆွဲကြိုး နဲ့ လက်ကောက် ကိစ္စ ကို ဖွင့်ပြောပြရမလား ဟု အမေရီ စိတ်ကူးသည် ။

လွန်ခဲ့သည့် လေးလလောက် ကပေါ့ မှတ်မှတ်ရရ တပို့တွဲလဆန်း ၅ ရက်နေ့ က မမသိန်းတင် တစ်ယောက် အမေရီ ဆီ ကို ရောက်လာသည် ။ တစ်ရွာတည်း နေ တစ်မအေတည်း မွေးလာသည့် ညီအစ်မအ ရင်း ဖြစ်ပေမယ့်လည်း တစ်အိမ့် တစ်အိမ် အကူးအသန်း နည်းသည် ။ မမသိန်းတင် က စီးပွားရေး တောင့်တင်း နေတာမို့ အမေရီ ကို အရေး မလုပ်နိုင်တာ သဘာဝကျသည် ။ သို့သော်လည်း သုံးလေးနှစ် အတွင်း မမသိန်းတင် ရဲ့ စီးပွားရေး အခြေအနေ ယိုင်နဲ့ကျလာသည် ။ ကံဆိုးချိန် ရောက်တော့ လည်း လုပ်သမျှတွေ အမှားမှား အယွင်းယွင်းတွေ ဖြစ်ကုန်သည် ။ စီးပွားရေး ကျရသည့် အထဲမှာ တစ်ချိန်က ဖူးဖူးမှုတ် အလိုလိုက်ထားသည့် သားတွေ ကလည်း ဆိုးမိုက်ရမ်းကားလို့ ကောင်းတုန်း ၊ အရက် ကလေး တမြမြ နှင့် အလုပ် ကို လက်ကြော တင်းအောင် လုပ်ကိုင်ချင်ပုံ မရ သည့် သားတွေ ကို မမသိန်းတင် မနိုင်တော့ပေ ။ အငယ်ဆုံး ကောင်လေး မောင်မောင် က တော်သလိုလို ရှိသား ။ ရွာသမ မှာ ဆိုင်တာဝန်ခံလေး ဖြစ်၍ လည်း သူ့ အရွယ် သူ့ အလုပ်လေး နှင့် ဟန်ကျပန်ကျ ဖြစ်နေသည် ။ ဒါပေမယ့် ချီးမွမ်းလို့ မှ မဆုံးသေးခင် မှာပင် ကောင်လေး က လည်း ဆိုင် မာ ငွေတွေ ကွာလို့တဲ့ ။

ငိုကြီးချက်မ နဲ့ ပြေးလာသည့် မမသိန်းတင် ကို ကြည့်ရင်း အမေရီ မျက်ရည်ကျရရှာသည် ။ ဘယ်လိုပဲ ဖြစ်နေနေ ရွာ မှာ ဆွေမျိုးရင်း ဆိုလို့ သည် နှစ်ယောက်တည်း ရှိသည် မဟုတ်ပါလား ။

“ မြရီရယ် ဒီငွေ မလျော်နိုင်ရင် ငါ့ သားလေး ထောင်ကျမှာတဲ့အေ ”

မမသိန်းတင် က ပြောလိုက် ၊ ငိုလိုက် နဲ့ မယ်ပဋာဇာတ် ခင်းနေသည် ။ နောက်ဆုံးတော့ အပြောကောင်းကောင်း နဲ့ မျက်ရည်ခံ ထိုးနေသည့် မမ သိန်းတင် ကို မကြည့်ရက်တော့သည်နဲ့ပင် သွားလေသူ မြင့်ခင် ရဲ့ လက်ကောက် နှင့် ဆွဲကြိုးလေး ကို ထုတ်ပေးလိုက်ရသည် ။

“ ကွက်သစ် ထဲ က မြင့်ဆောင် ဆီကို သွား ထားလိုက်ပြီ ပြန်လျော်လိုက်ပေါ့အေရယ် ။ ဒီကောင်လေး ကလည်း မိုက်လုံး ကြီးပါတယ် ။ အစိုးရငွေ ကို များ သူ က ဘာအောက်မေ့နေတယ် မသိဘူး ”

ဆွဲကြိုး နှင့် လက်ကောက် လုပ်ထားသည့် စက္ကူအိတ်လေး ကို ဆုပ်ကိုင်ရင်း မမသိန်းတင် က ကျေးဇူးတင်နေရှာသည် ။

“ ညည်း ကယ်လို့သာအေ ” ဟု ပြောသည် ။

“ စိတ်ချပါ ငါ့ ညီမရယ် တစ်လ အတွင်း ပြန်ရွေးပေးပါမယ် ”

ကတိတွေ အထပ်ထပ် ခံသွားသည် ။ အခုတော့ ဒီလ ဝါဆို လျှင် လေးလ ရှိနေပြီ ။ ပြန်ရွေး မပေးနိုင်သေး ၊ ဖြစ်ကြောင်းရယ် ကုန်စင်ကို တင်ဝင်းများ သိလို့ကတော့ ညီအစ်ကိုတတွေ ကြားမှာ တုတ်တပြက် ၊ ဓားတပြက် ဖြစ်ကုန်ကြတော့မည် ။

“ ဘာလဲဗျ ကြီးတော် က သူ့ သား အလကားကောင် ကို ထောင်မကျဖို့ အတွက် ကျုပ်နှမ ရွေတွေကို အဆုံးအရှုံးခံရတော့မှာလား ။ သင်းတို့ ထိုက် နဲ့ သင်းတို့ ကံ ဖြစ်ပါစေပေါ့ အမေ ။ ပစ္စည်း ပြန် မရွေးပေးလို့ကတော့ အသိပဲ ”

ဟု ဓားကြိမ်း ကြိမ်း တော့မှာ မုချ ။ ဒီက အမူးနဲ့ ဟိုက အမူး အမူး အမူးချင်း ထိပ်တိုက်တွေ့ ပေတော့မည့်အရေးမှာ မတွေးဝံ့စရာပင် ။ ဒါကြောင့်လည်း သည်အကြောင်းတွေကို တင်ဝင်းအား လေသံပင် မဟဝံ့ တော့ပေ ။ အကြောင်းစုံ မသိသည့် တင်ဝင်း က စကား စလိုက်တိုင်း မျက်နှာမကောင်း ဖြစ်သွားရှာသည့် အမေရီ ကို ကြည့်ရင်း ညီမငယ် အတွက် အခုထက်ထိ စိတ်မကောင်း ဖြစ်နေတုန်းပဲ ဟု တင်ဝင်း က တွေးသည် ။

“ ဟဲ့ မြရီ အော်မကြား ခေါ်မကြားနဲ့ ဘယ်လို ဖြစ်နေတာတုံး ”

ရွာထိ ပ်မှာ လမ်းလျှောက် ပြန်လာသည့် ခင်ပွန်းသည် က ငေးငိုင်နေရှာသည့် အမေရီ ကို အော်မေးလိုက်သည် ။ သက်ပြင်းမျှင်မျှင် ရှိုက်ထုတ်ရင်း ထိုင်နေရာမှ လေးကန်စွာ ထလိုက်သည် ။ စောစောကလို လန်းဆန်းပေါ့ပါးခြင်း မရှိတော့ ။ စိုးရိမ်ကြောင့်ကြစရာ အတွေး များသည် ရင်ထဲ မှာ မွန်းကျပ်ပိတ်လှောင် လာစေသည် ။

“ ထမင်း ခူးတော့ဟေ့ ခဏနေ မှောင်တော့မှာ ”

သတိပေးလိုက်သည့် ခင်ပွန်းသည် ကို ကွက်ခနဲ ကြည့်ရင်း မနေတတ် မထိုင်တတ် ဖြစ်နေသည် ၊ ဖြစ်သမျှအကြောင်းစုံ ကို ဖွင့်ပြောပြရမလား ဟု စဉ်းစားမိသော်လည်း မင်း ကိုက ဘာဟဲ့ ၊ ညာဟဲ့ နဲ့ ပြောဆို အပြစ်တင်မှာ ကိုတော့ မခံချင်မိပြန်ပေ ။

ခင်ပွန်းသည် ထမင်းစားနေသည် ကို ထိုင်စောင့်ရင်း ညကျတော့ မမ သိန်းတင်အိမ် သွားဦးမှ စိတ်ကူးသည် ။ မဖြစ်ဘူး အလှူရက် ကလည်း တဖြည်းဖြည်း နီးလာတာကြောင့် အမြန် ရွေးပေးဖို့ ဇွတ်ပြောရမှာပါ ဟု စဉ်းစားသည် ။ စိုးရိမ်ပူပန်စိတ်များကြောင့် ညနေစာ ထမင်း ကိုပင် မြိန်မြိန်ရှက်ရှက် မစားနိုင်ခဲ့ ။ တစ်လုတ်နှစ်လုတ် စားပြီး လက်စသိမ်းခဲ့ရသည် ။

( ၃ )

“ နောက်ဆုံးတော့ ဘယ်လိုနဲ့ ပြီးသွားလဲအဖေ ” ဟု ကျွန်တော် က မေးလိုက်သည် ။ အဖေ သည် ကျွန်တော့် ကို ကြည့်ရင်း နောက်ဆုံးတော့ကွာ ဟု ပြောဆိုရင်း စကား ကို ဖြတ်ကာ ရေနွေးကြမ်း ကို တဖူးဖူး မှုတ် သောက်နေသည် ။

ကျွန်တော် သည် အဖေ့ ဆီက စကားဆက် ကို စောင့်ရင်း ငယ်ငယ်တုန်း ကတည်းက အမေရီ ဟု နှုတ်ကျိုးနေခဲ့သည့် အရီးလေး ဒေါ်မြရီ နဲ့ ကြီးတော် ဒေါ်သိန်းတင် တို့ အကြောင်း ကို တွေးနေမိသည် ။ အရီးလေး နဲ့ ကြီးတော် တို့က ကျွန်တော့် အဖေ နှင့် ဆိုလျှင် မောင်နှမ တစ်ဝမ်းကွဲ သာ ခြားသည် ။ အဖေတို့ မောင်နှမတွေ ထဲမှာ ကြီးတော် ဒေါ်သိန်းတင် က စီးပွားရေး အတောင့်အတင်းဆုံး ဖြစ်သည် ။

ကျွန်တော်တို့ ငယ်ငယ်တုန်း က ရွာ မှာ အချမ်းသာဆုံးလူ ကို ပြပါဆိုလျှင် ကြီးတော် ဒေါ်သိန်းတင် ကို ပဲ ညွှန်ပြရမည် ။ ပဲ ၊ နှမ်း ၊ ထန်းလျက် စသဖြင့် ရာသီချိန်အလိုက် ပေါ်သည့် သီးနှံတွေ ကို ဝယ်လှောင် ၊ ဈေး ကောင်းချိန်မှာ ထုတ်ရောင်းရင်း နဲ့ စီးပွားဖြစ်ခဲ့သည် ။ ကျွန်တော် မှတ်မိပါသေးသည် ။ ကြီးတော် ရဲ့ သားအကြီးဆုံး ကိုတင်မောင်မြင့် ဆိုလျှင် ရွှေကြယ်သီး ၊ ရွှေလက်ပတ်နာရီ နဲ့ ကြော့နေအောင် ဆင်ထားသည် ။ မိဘ အရှိန်အဝါနဲ့ ကိုတင်မောင်မြင့် ကလည်း ရမ်းလိုက်သည့် ဖြစ်ခြင်း ၊ ထန်းရည်မူး ရန်ဖြစ်လွန်းလို့ သူကြီးအိမ် မှာ အိပ်ရာလိပ် ပြောင်းထားခဲ့ရ သည် ဟု ပြောစမှတ် တွင်ခဲ့သည် ။ ကိုတင်မောင်မြင့် အောက် က ဇော်ဝင်း နဲ့ တိုးကြည် ကလည်း ဇ မသေးလှ ။ အစ်ကိုကြီး ခြေရာ ကို ပီပြင်အောင် နင်းနိုင်ကြသူများဖြစ်သည် ။

အဆိုး ၊ အပေအတေ ၊ အမိုက် မှာတော့ ကမ်းကုန်အောင် အထိ ထူးချွန် ခဲ့သည် ဟု ဆိုရပေမည် ။ မိဘ အရှိန်အဝါ ကောင်းစဉ်တုန်း က ဘာမှ မဖြစ်ခဲ့ပေမယ့် စီးပွားရေး ကျဆင်းလာသော အခါ သားတွေ ရဲ့ ဆိုးမိုက် ဒဏ် ကို ခံနေရရှာသည့် ကြီးတော် ခမျာ သနားစရာပင် ။

အမေရီ ရဲ့သား ကိုတင်ဝင်း ကိုတော့ ကျွန်တော် ခင်သည် ။ ကျွန်တော် တို့က သူ့ ကို ကိုလေးတင်ဝင်း ဟု ခေါ်သည် ။ မန္တလေး မှာ အတူကျောင်းနေခဲ့ဖူးတာကြောင့် လည်း ပို၍ ရင်းနှီးခဲ့ကြသည် ။ စိတ်ရင်း ကောင်းပေမယ့်လည်း မူးလာလျှင်တော့ သူ လည်း အလွန် သွေးဆိုးတဲ့ သူဖြစ်သည် ။

“ ဦးဖိုးဒန် မြေးတွေပဲကွာ ၊ ဒီလောက်တော့ ဆိုးပေမပေါ့ ”

ပတ်ဝန်းကျင် က အဲဒီလို ချီးမွမ်းသည် ။ အရိုး ဆွေးနေပြီဖြစ်သည့် အဘိုး ကို ပါ မဆီမဆိုင် ထည့်ပြောသည် ။ အမေရီ တို့ အဖေ ဘကြီး ဦးဖိုးဒန် ကလည်း သူ့ ခေတ် သူ့အခါ မှာ အတော်ဆိုးဆိုပဲ ။ အဖေ က သောက်စရာ ရေနွေးကြမ်းပန်းကန် ကို အောက်သို့ ပြန်ချရင်း .. ဟင်း ခနဲ လည်ချောင်းရှင်းလိုက်သည် ။

“ မမမြရီ ကလည်း အစတုန်းကတော့ သူတစ်ယောက်တည်း ကျိတ်ပြီး အဆင်ပြေသလို လှည့်ပတ် လုပ်ကြည့်သေးတယ်ကွ ။ သည်အထဲ အလှူရက် ကလည်း တဖြည်းဖြည်း ကပ်လာ ၊ မမသိန်းတင် ကလည်း ပစ္စည်း ကို ဟိုနေ့ ရွေးပေးနိုး ၊ သည်နေ့ ရွေးပေးနိုးနဲ့ နေ့ရွှေ့ ၊ ညရွှေ့ လုပ် နေတာကိုး ”

“ အလှူရက် ပြောင်းလိုက်ရင်ရော အဖေ ” ဟု ကျွန်တော် က မေးလိုက်သည် ။

“ ဘယ်ဖြစ်မှာတုန်း သားရဲ့ ၊ အဲဒီလိုသာ ဆိုရင် တင်ဝင်းတို့ သားအဖ သိကုန်မှာပေါ့ ” ဟု အဖေ က ပြောသည် ။

“ အမှန်ကတော့လေကွာ ” ဟု အဖေ က သူ့ စကား ကို ဆက်ပြန်သည် ။

“ မမသိန်းတင် က သူ့ သား မောင်မောင် ထောင်ကျခံရမှာ စိုးလို့ ဘယ်နေ့ ဘယ်ရက် ရွေးပေးပါ့မယ် ၊ ဘာညာ နဲ့ စွပ်အာမခံလိုက်တာ ရွေးပေးစရာ ပိုက်ဆံ ရှိတာ မဟုတ်ဘူး ၊ ဟိုခွေးကောင်တွေ ဖြုန်းလို့ ကုန်ပြီလေ ”

အဖေ က ပြောရင်း နဲ့ ကျွန်တော့် အနားမှ အကြမ်းပန်းကန် ထဲသို့ ရေနွေးငှဲ့ ပေးလိုက်သည် ။

“ သောက်ဦးကွ လက်ဖက်ခြောက် က ကောင်းတယ် ၊ ဟိုတစ်ပတ် က စောရှင် သား မျိုးညွန့် ကျောက်မဲ က ပြန်လာလို့ လက်ဆောင်ရထားတာကွ ” ဟု အဖေက ပြောသည် ။ ငှဲ့ပေးထားသော ရေနွေးကြမ်းပန်းကန် ကို အသာ ကောက်ယူလိုက်သည် ။ ရွှေဖီမိုးလွတ် လက်ဖက်ခြောက် အနံ့သင်းသင်းသည် နှာဝ တွင် ထုံရစ်ပျံ့သင်းနေသည် ။

“ နောက်ဆုံးတော့ဟေ့ မမမြရီ ကလည်း မကြံတတ် ၊ မစည်တတ် နဲ့ ငါ့ ဆီ ပြေးလာရှာတယ် ။ ဒီကိစ္စ သူ့သားကြီး သိသွားရင်လည်း အလှူနီးခါ မှ ပြဿနာ ရှုပ်ကုန်တော့မှာကိုး ။ အင်း မမမြရီ ကလည်း သူ့ လက်ထဲမှာ ငွေ ဆိုလို့ ငါးထောင် တောင် မပြည့်ဘူး ဆိုလား လိုတဲ့ ငွေ ကို ဟိုသေသွား တဲ့ ကောင်မလေး ဘယ်သူ ...... ”

“ မြင့်ခင်ပါ ” ကျွန်တော် စကား ထောက်လိုက်သည် ။

“ အေး ဒီကောင်မလေး ရဲ့ ရွှေ ကို ရောင်းပြီး ဖြည့်လိုက်မယ်ပေါ့ကွာ ။ သူ့ စိတ်ကူးလေး က မဆိုးရှာပါဘူး ။ မမသိန်းတင် က ဒီ ရွှေတွေ ယူပြီး ပေါင်လိုက်တော့ မရှုပ်သင့်ဘဲ ရှုပ်ကုန်တာပေါ့ ။ တိုတို ပြောရရင် မမမြရီ က ငါ့ ဆီ ရောက်လာပြီး ပိုက်ဆံ ချေးတော့တာပဲ သားရဲ့ ။ ငါ့ မလည်း တစ်နေ့က မှ ရောင်းထားတဲ့ မြေပဲဖိုးလေး ရှစ်ထောင်ကျော် လက်ပူအောင် မကိုင်လိုက်ရပါဘူး ။ ငိုမလို ဖြစ်နေတဲ့ သူ့ မျက်နှာ ကို ကြည့်ရင်း စိတ်မကောင်းတော့တာနဲ့ ကဲကဲ ဒါလေးတော့ ရှိလေရဲ့ ဆိုပြီး ပေးလိုက် ရတာပဲသားရေ ” ဟု အဖေ က သူ့ စကားကို အဆုံးသတ်လိုက်သည် ။

ကျွန်တော် သည် လရောင် လင်းနေသည့် အိမ်ရှေ့လမ်းမ ဆီသို့ ငေးမောကြည့်နေမိသည် ။ အေးမြကြည်လင်သည့် လရောင် ထဲ တွင် ရွာလယ် လမ်းမ သည် တိတ်ဆိတ်စွာ အိပ်မောကျနေသည် ။ ခပ်လှမ်းလှမ်း သစ်ပင်ထိပ်ဖျား မှ ဇီးကွက် တစ်ကောင် ရဲ့ အော်သံ ကို ကြားနေရသည် ။ ညမွှေးပန်းနံ့သင်းသော လေပြည်သည် ပြေပြေဝေ့ဝေ့ကလေး တိုက်ခတ်လာသည် ။

“ အင်း ... မိဘတွေ ရဲ့ မေတ္တာများ အံ့သြစရာပါပဲကွာ ။ သနားဖို့ လည်း ကောင်းတယ် ။ ကိုယ့် သားသမီး အတွက် ဆိုရင် ဖြစ်သင့် မဖြစ်သင့် ဆိုတာတွေ ကို မစဉ်းစားနိုင်တော့ဘူး ။ မမသိန်းတင် ကလည်း သူ့ သား ထောင်မကျ ပြီးရော ဆိုပြီး ကတိတွေ တွန်းပေး ။ ကတိ ပျက်လို့ နာမည် ပျက် မှာ လူအယုံအကြည် မရှိမှာကို ထည့် မတွက်တော့ဘူး ။ မမမြရီ က လည်း သူ့ မြေး အတွက် အတော် အားခဲရှာတာကိုးကွ ။ တင်ဝင်း က မန္တလေး မှာ အလှူပေးပါ့မယ် ဆိုတာတောင် လက်မခံဘူး ။ ရွာ ကို ပြန် လှူရမှ ကျေနပ်တာကိုး ။ ဒီလိုပဲ သားရေ ”

ကျွန်တော် သည် အဖေ့ စကားကို မည်သို့မျှ မှတ်ချက် မပေးနိုင်ဘဲ ငေး ငိုင်၍ နေမိသည် ။ သားအဖ နှစ်ယောက် အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စကားစပ်မိကြရာမှ အမေရီ တို့ အကြောင်း ရောက်သွားသည် ။ ကျွန်တော် ရွာ ကို လာရင်း ကိစ္စ ကို အဖေ့ အား မပြောရသေး ။

ရွာ ကို ရောက်လာ ကတည်းက ကျွန်တော့် အပူနဲ့ ကျွန်တော် လာမည့် တနင်္ဂနွေနေ့တွင် သားတော်မောင် ကိုကိုလေး ကို ရန်ကုန် လိုက်ပို့ပေးရမည်ဖြစ်သည် ။ ဆယ်တန်း ကို နှစ်ချင်းပေါက် အောင်ပြီး ရန်ကုန် စက်မှုတက္ကသိုလ် မှာ ဝင်ခွင့်ရသည် ။ သား အတွက် ကျောင်းစရိတ် ၊ ရန်ကုန် နဲ့ မန္တလေး ခရီးစရိတ် နဲ့ အခြားစရိတ်စကတွေ အတွက် ငွေနှစ်ထောင်ကျော် လောက် လိုသည် ။ မိဘ နှင့် ခွဲထားရသည် ဆိုတော့လည်း သား ကို မျက်နှာ မငယ်ရအောင် ငွေ ကို ပိုပိုသာသာပေးထားရာ မှ အရေးထဲ အရာ ပေါ် ဆိုသလို ပြီးခဲ့တဲ့ လ က ဇနီးသည် ဆေးရုံတက်ရပြန်တော့ စုဆောင်း ငွေ က အမှတ်မထင် ကုန်သွားသည် ။

သား ကို ကျောင်းပို့ဖို့ ကိစ္စ ခေါင်းပူ မတတ် စဉ်းစားနေချိန်မှာ ဈေးချို မှာ ရွာက လူကြုံတွေ နဲ့ တွေ့လိုက်ရသည် ။ ရွာ လည်း ဒီနှစ် မိုးမှန် လေမှန် လို့ စီးပွားရေး ကောင်းသည်တဲ့ ။ အဖေ လည်း မြေပဲတွေ အတော် ရလိုက် သည်တဲ့ ။ ကြားကြားရချင်း ရွာ သို့ ထွက်လာခဲ့သည် ။ အဖေ့ မှာ ငွေမရှိတော့သည့် အဖြစ်ကို သိရချိန်တွင် အဖေ့ အား ကျွန်တော် ဘယ်လို ပြောရ မှန်း မသိတော့ပေ ။ အကြောင်းစုံ ကို အဖေ သိသွားလျှင်တော့ နေသာမည် မဟုတ်ပါ ။ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာမည့် သူ့ မြေးကလေး အတွက် မျက်နှာ မငယ်ရအောင် ဖြစ်တဲ့နည်း နဲ့ ငွေရှာပေတော့မည် ။

“ သောက်ဦးလေကွာ ၊ ဆတ်သားခြောက်လေး က ကောင်းတယ် သားရဲ့ ၊ စားစမ်းပါဦး ၊ မင်း ငယ်ငယ်တုန်းကများ ဆတ်သားခြောက်ပါ မှ ထမင်း၀င်တာ ”

ကျွန်တော် သည် အဖေ့ စကားကို အာရုံ မခံစားနိုင်ဘဲ အိမ်ရှေ့လမ်းမဘက် ဆီသို့ ငေးမောနေမိသည် ။ လာရင်း ကိစ္စကို ဘယ်က စပြီး ပြောရမယ် ဆိုတာကို စဉ်းစားရင်း ခေါင်းတွေ ပူထူနေသည် ။

“ ရန်ကုန် ရထားလက်မှတ် က သိပ်ခက်တာတဲ့ ဖေဖေ ။ တက္ကသိုလ် တွေ ဖွင့်ချိန်ဆိုတော့ ခရီးသွားတဲ့ လူငယ်တွေ သိပ် များတာတဲ့ ။ လက်မှတ်ဝယ်ဖို့ အတွက်တော့ ကျွန်တော့် သူငယ်ချင်း ဟန်ဌေး ကို အကူအညီတောင်းထားတယ် ။ ဖေဖေ သူ့ ကို တွေ့ဖူးမှာပါ ။ အိမ် ကို တောင် တစ်ခါ လာဖူးသေးတယ်လေ ။ သူ က ဘူတာရုံနား မှာ နေတော့ လက်မှတ် ကို စောစော တန်းစီယူဖို့ အဆင်ပြေတယ် ဖေဖေ ရဲ့ ။ သူ့ ကို တနင်္ဂနွေ ညရထား မှာထားတာနော် ဖေဖေ မမေ့နဲ့ဦး ”

ရွာသို့ သွားခါနီး သား ဖြစ်သူက စိုးရိမ်ကြီးစွာ သတိပေးသည် ။ ရွာ ကို ဗြုန်းစားကြီး ထွက်လာခဲ့သည် ကိုတော့ သား က သိချင်မှ သိပေသည် ။ ကျွန်တော် ကလည်း သား ကို မသိစေချင်ပါ ။ လန်းဆန်း တက်ကြွနေသည့် နှလုံးသား မှာ သည့်အတွက် အနှောင့်အယှက် အညစ်အထေး မစွန်းထင် စေချင်ပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြေလည်အောင်တော့ ဖန်းတီးယူရပေမည် ။ ပင့်သက်အမော ကို ကျိတ်၍ ရိုက်ထုတ်လိုက်ချိန်မှာ “ စားစမ်းပါကွဲ့ သားရဲ့ ” ဟု ဆတ်သားခြောက်ပန်းက န် ကို ရှေ့သို့ တွန်းပို့ လိုက်ရင်း အားမလို အားမရ ဟန်ဖြင့် အဖေ က ပြောသည် ။

“ ဟုတ်ကဲ့ ” ဟု ခေါင်းညိတ်လိုက်ရ သော်လည်း ဆတ်သားခြောက် ပန်းကန် ကို လက် နှင့် မထိတို့ဖြစ်သေး ။ လရောင်တစ်ခြမ်း စွန်းနေသည့် အဖေ့ မျက်နှာ ကိုသာ မသိမသာ အကဲခတ်ရင်း ကွပ်ပျစ်စွန်းနားလေး က ယပ်တောင် တစ်ချောင်း ကို ယူ၍ တဖျပ်ဖျပ် ယပ်ခတ် နေမိသည် ။

“ သိပ်အိုက်နေသလား ” ဟု အဖေ မေးလိုက်သည် ကိုပင် ကျွန်တော် မဖြေနိုင်ခဲ့ ။

▢  ညိုထွန်းလူ
📖 ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
      သြဂုတ်လ ၊ ၁၉၈၈

No comments:

Post a Comment