❝ အထာ မကျမီ စမ်းတဝါးဝါး နောက်တော့မှ ကျွမ်းသွား ❞
“ ဘယ်လိုတွေလဲ ပွဲစား ဒီနေ့ အခြေအနေ ”
“ ပဲကြီး က ဘဝ ပျက်နေတယ် ခွန်ငါး ( ၇၅ ) ”
“ နှမ်းကကော ”
“ အဖြူ က လွဲရင် ဇောက်ထိုးပဲ ၊ အဖြူ ရှစ်ငါးငါး ( ၈၅၅ ) ၊ အနီ သုံးငါးခွန် ( ၃၅၇ ) ၊ အပြာ သုံးလေးငါး ( ၃၄၅ ) ၊ စမုံ လေးသုံးငါး ( ၄၃၅ ) ”
“ မောင်ချမ်းသာ ရေ ငါ တော့ နားမလည်တော့ဘူး ၊ မင်းတို့ ဟာတွေ ”
“ နောက်တော့ ပေါက်သွားမှာပါ သူငယ်ချင်း ရာ ၊ အခုတော့ မင်း က တို့ လောက နဲ့ မက်ချ် ( match ) သိပ်မဖြစ်သေးလို့ပါ ”
အမှန်ပဲဗျာ ၊ ကျွန်တော့် သူငယ်ချင်း မောင်ဝါစိ ဟာ ကျွန်တော်တို့ အရောင်းအဝယ် လောကကြီး နဲ့ သိပ် သဟဇာတ မဖြစ်သေးဘူး ။ အစိမ်း သက်သက်ပဲ ရှိသေးတယ် ။ အရောင်းအဝယ် လုပ်ချင်တယ် ။ သည် လောက ထဲ ဝင်တိုးချင်တယ် ဆိုလို့ သူ့ ကို ခေါ်ခေါ်သွားရတယ် ။
ပွဲစားတွေ နဲ့ မိတ်ဆက်ပေး ၊ တောသားတွေ နဲ့ မိတ်ဆက်ပေး ၊ အဝယ်တော်တွေ နဲ့ မိတ်ဆက်ပေး ၊ အလုပ်သမားတွေ နဲ့ မိတ်ဆက်ပေး ။
သည် လောကမှာ ကျင်လည်တော့မယ် ဆိုတော့ သည် လူတွေ နဲ့ ပေါင်းရတော့မှာ ၊ သည် လူတွေ နဲ့ ဆက်ဆံရတော့မှာ ၊ သည် လူတွေ နဲ့ စကား ပြောရတော့မှာ ။
မောင်ဝါစိ ဆိုတာက သူ့ရပ် သူ့ရွာ မှာတော့ သူဌေးပဂေး ဆရာကြီး ပါ ။ ဒါပေမဲ့ မြို့ပေါ် က ကျွန်တော် တို့ အရောင်းအဝယ် လောကကြီး မှာတော့ သူ ဟာ ဝလုံး စ ဝိုင်း တဲ့ အဆင့်ပဲ ရှိသေးတာ ။
ကျွန်တော် က သူ့ ကို တွဲခေါ် ၊ သူ က နောက် က တကောက်ကောက် လိုက် ၊ ပွဲရုံ တွေ ရောက် ၊ လက်ဖက်ရည်ဆိုင်တွေ ရောက် ။
ညနေ သူ့ အိမ် ပြန် ရောက်တော့ မောင်ဝါစိ ဖတ်ဖတ်မော နေလေပြီ ။
“ ဘာလဲကွ သုံးငါးခွန် ”
“ ဒီလိုကွ ဝါစိ ရ ၊ တို့ အချင်းချင်း ပြောတဲ့ စကားတွေ ထဲမှာ နောက်က သုညနှစ်လုံး ဟာ မပါသလောက်ပဲ ၊ ဖျောက်ထားတာက များတယ် ၊ ပွဲစား မနက် က ပြောတဲ့ အနီ သုံးငါးခွန် ဆိုတာ နှမ်းအနီ ၄၅ ပိဿာ တစ်အိတ် သုံးသောင်းငါးထောင်ခုနစ်ရာ ( ၃၅,ရဝဝ ) လို့ ပြောတာ ၊ ပဲကြီး ခွန်ငါး ဆိုတာက ပဲကြီး ၂ဝ ပိဿာ တစ်တင်း ခုနစ်ထောင့်ငါး ရာ ( ရ၅ဝဝ ) လို့ ပြောတာ ၊ ဒီလိုကွ ဝါစိ ရ ၊ တစ်တင်း ဆိုပေမဲ့ ဒီနေ့ ဒီ အချိန်အခါ မှာ တင်းတောင်း ကို နေရာတိုင်း မှာ မသုံးကြတော့ဘူး ”
“ .... ဇီးသီးတို့ မြေပဲတောင့် တို့ ချင်ရာမှာ သံတင်း တို့ ကြိမ်တင်း တို့ကို သုံးနေကြသေးပေမဲ့ အဲ နှမ်းတို့ ၊ ပဲကြီး ၊ ကုလားပဲ ၊ ပဲစင်းငုံ တို့ကျ တော့ ၁၆ ပြည်ကိုက် သံတင်း ကို မသုံးကြတော့ဘဲ ကတ္တား ကို သုံးကြပြန်ရော ၊ နှမ်း ကျတော့ တစ်တင်း ၁၅ ပိဿာ ၊ ပဲကြီး ၊ ကုလားပဲ ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ ပဲကျပ်ပဲမာ လိုင်း ကျတော့ တစ်တင်း ၂ဝ ပိဿာ ၊ ပြောင်းဖူးစေ့ ကျတော့ တစ်တင်း ၁၈ ပိဿာ ၊ တို့ အောင်လံ မှာ ပဲကျစ် ပဲမာ ကို တစ်တင်း ၂ဝ ပိဿာ သတ်မှတ်ထားပေမဲ့ မကွေးမြို့ ကျတော့ တစ်တင်း ၁၉ ပိဿာ ဖြစ်ပြန်ရော ”
“ ... ဟောမန္တလေးမြို့ ကျတော့ ပဲတီစိမ်း သုံးတင်း တစ်အိတ် ၅၆ ပိဿာ ၂၅ ကျပ်သား ၊ တစ်တင်း ဆိုတော့ ၁၈ ပိဿာ ၅ ကျပ်သား ဟ ၊ တစ်မြို့ နဲ့ တစ်မြို့ ကွာသွားပြန်ရော ”
“ မင်းတို့ ဟာတွေကွာ ရှုပ်ယှက်ကို ခတ်နေတာပဲ ”
“ စိတ်မပျက်ပါနဲ့ သူငယ်ချင်း ရာ ၊ နောက် ကျတော့လဲ ချပ်ခနဲ ဆို ဂွပ်ခနဲ ဖြစ်သွားတော့မှာပါ ”
“ အေးပါကွာ ကြိုးစားရတော့မှာပေါ့ ”
သူ သည် ပြောပြောဆိုဆို ဘောလ်ပင် ကို ထုတ်၍ မှတ်စု စာအုပ် မှာ ရေးနေလေ၏ ။
“ ဒီလောက်တောင်ကြီးလဲ မလိုပါဘူး ဝါစိ ရာ ၊ ကြာတော့လဲ ကိန်းဂဏန်းတွေ နဲ့ ဦးနှောက် နဲ့ မိတ်ဆွေ ဖြစ်သွားကြမှာပါ ”
“ ခေါင်း ခြောက်တုန်းပဲကွာ ”
“ ကဲ နောက်မှ ခြောက် ၊ ခုလောလောဆယ် အာစို သွားအောင် လိုက်ခဲ့ ငါ့ အိမ် ”
အိမ်ရောက် ရေခဲသေတ္တာ ထဲ မှ တိုက်ဂါးဘီယာ ပုလင်းများ ကို ထုတ် ၊ အားလူးကြော် အထုပ် ကို ဖောက် ။
“ သောက်ကွာ ”
“ ဒီလို ဟကောင်ရ ၊ ဘယ်လောက မဆို ပထမ တော့ စမ်းတဝါးဝါး ပဲ ၊ နောက်တော့မှသာ အထာကျ သွားတတ်တာ ၊ ရေကူးတဲ့ လူလို ပေါ့ကွာ ၊ ဒါထက် မင်း ရေကူးဖူးသလား ”
“ အေး ကူးဖူးတယ် ”
“ ဘယ်လို ကူးလဲ ၊ ဖုန်းခနဲ ခုန်ချ ပြီး ဝူးခနဲ ကူးပြေးရောလား ”
သူ အတန်ငယ် စဉ်းစားနေ၏ ။
“ ဟင့်အင်း မဟုတ်ဘူးကွ ၊ တကယ် ကူးတဲ့ လူတွေ က အဲသလို မကူးဘူး ”
“ ဘယ်လို ကူးလဲ ”
“ ပထမ ရေ ထဲ ကို ဆင်း ၊ လက်ကလေးတွေ ကို လှုပ် ၊ လှုပ်နေ ၊ ပြီးတော့ ခြေထောက်လှုပ် လှုပ် ၊ လှုပ်နေ မကူးသေးဘူး ”
“ သွေးပူလေ့ကျင့်ခန်း သဘော မျိုးပဲ ၊ ရေ နဲ့ လူ့ ခန္ဓာကိုယ် နဲ့ မိတ်ဆွေ ဖြစ်အောင် အပေးအယူ လုပ်နေတယ် ၊ ၁ဝ မိနစ် ၊ ၁၅ မိနစ် ၊ မိနစ် ၂ဝ ကြာ သွားပြီ ၊ လူ နဲ့ ရေ နဲ့ မိတ်ဆွေ ဖြစ်သွားပြီ ၊ သဟဇာ ဖြစ်သွားပြီ ၊ မင်း ပြောသလို မက်ချ် ဖြစ်သွားပြီ ဆိုမှ ရေ ကို ကူးကြတာကွ ”
“ ဟား ဟား သူငယ်ချင်း ဒီ အတိုင်းပဲပေါ့ကွာ ၊ ကဲ မော့လိုက်ဦး ဘီယာ ”
▢ မောင်ချမ်းသာ
📖ကုမုဒြာ ဂျာနယ်
၁၈ ဖေဖော်ဝါရီလ ၊ ၂၀၀၅
No comments:
Post a Comment