❝ ကြယ်ကြွေည ❞
( စုသဲမွန် )
ပြာလဲ့နေတဲ့ ကောင်းကင်ကြီး ရဲ့ အရောင် ဟာ အလင်း ဖျော့သထက် ဖျော့ကာ အမှောင် ထဲ သို့ ကူးပြောင်းစ ပြုနေပြီ ။ ငှက်ကလေးတွေ လည်း အိပ်တန်းပင်ဖို့ မိမိ တို့ မိသားစုတွေ နဲ့အတူ ပျံသန်းနေကြပြီ ။ မကြာခင် အချိန် အတွင်း မှာ လူတွေ အားလုံး ကို ညရောက်ပြီ လို့ ကောင်းကင်ကြီး က အသိပေးတော့မည် ။ ကျွန်မ လည်း ဝရန်တာလက်ရန်း ကို မှီပြီး သဘာဝတရားတွေ ရဲ့ ပြောင်းလဲမှုကို ငေးမော နေမိတယ် ။ အချိန်တွေ တဖြည်းဖြည်း နဲ့ ကုန်လာတာ နဲ့ အလိုက် ည ဟာ ပိုပြီး မှောင်မိုက်လာတယ် ။ မောင်မည်းနေတဲ့ ကောင်းကင်ယံ ပေါ်မှာ ဝိုင်းစက်နေတဲ့ လမင်းကြီး ကို တွေ့ လိုက်ရတော့ ကလေးဘဝ တုန်း က အဖြစ်တွေ ကို သတိရမိတယ် ။ လမင်းကြီး ဟာ ကလေး တွေ အငိုတိတ်အောင် လုပ်နိုင်ပေမဲ့ လူကြီးတွေ အငိုတိတ်အောင်တော့ မလုပ်နိုင်ခဲ့ဘူး ။ ဒီနေ့တော့ ကျွန်မ လည်း ညနေ နေဝင်တဲ့ အချိန် က နေပြီး ည ရောက်လို့ လ ထွက်တဲ့ အချိန်အထိ ဒီနေရာ မှာပဲ အတွေးနယ်ချဲ့နေမိတယ် ။
နွေလ အတွင်းက ညတွေ ရဲ့ ကုန်ဆုံးမှုဟာ တူညီပေမဲ့ လူ့ဘဝ ရဲ့ တစ်နေ့တာ ကုန်ဆုံးမှုကတော့ မတူညီကြဘူး ။ လူတွေ ဟာ တစ်နေကုန် စိတ်ပင်ပန်း ၊ လူပင်ပန်း ရုန်းကန်ခဲ့သမျှ ည ရောက်မှပဲ အတိုးချကာ အနားယူ ကြရတယ် ။ ခုဆိုရင် မေမေလည်း အိပ်ပျော် နေလောက်ပြီ ။ အမှန်မှာဆို ဒီအချိန် က အိပ်ဖို့ စောလွန်းသေးတယ် မဟုတ်လား ။ ဒါပေမဲ့ မနက်ဖြန် ရုန်းကန်လှုပ်ရှားနိုင်ဖို့ အတွက် ဒီညနေ ကို ကောင်းကောင်း အနားယူသင့်တာပဲ လေ ၊ ကျွန်မအတွက် ကတော့ ဒီ ညလေးဟာ ခါတိုင်းထက် ပိုပြီး လှပနေသလို ပဲ ။ ကျွန်မ သာ ကဗျာဆရာ ဆိုရင် ဒီ ညလေး ရဲ့အလှ ကို အသေးစိတ် ဖွဲ့ဆိုမိမှာပဲ ။ ခုတော့ စိတ်ကူးလေးနဲ့ ပဲ ပုံဖော် နေရတော့တယ် ။ လမင်းကြီး ရဲ့ အေးမြ မှုတွေ ဟာ ကျွန်မ ဆီ ကို ကူးစက်ပြီး ကြည်နူး နေမိတယ် ။ လေပြည်လေးတွေ ရဲ့ ညင်ညင်သာသာ တိုက်ခတ်မှုတွေကြောင့် ကျွန်မ ရဲ့ စိတ်တွေဟာ ပေါ့ပါး လန်းဆန်းလာတယ် ။ စိတ် ထဲက တင်းကျပ်မှုတွေ ဟာ တစ်နေရာစီ ကို လွင့် ထွက်သွားတယ် ။ ကောင်းကင်ပေါ်က ဟို တစ်လုံး ဒီ တစ်လုံး ပြန့်ကျဲ နေတဲ့ ကြယ်ကလေးတွေ လိုပေါ့ ။ ကြယ်ကလေးတွေ ဟာ တစ်ပွင့် နဲ့ တစ်ပွင့် အလင်း ချင်း ပြိုင်ကာ တောက်ပပြီး လှချင်တိုင်း လှနေကြတယ် ၊ လူ့ လောက ထဲ က လူတွေ နဲ့ တူတယ် ။
လူတွေ ဟာ တစ်ဦး နဲ့ တစ်ဦး စီးပွားရေးတွေ ၊ လူမှုရေးတွေ ယှဉ်ပြိုင် ကာ ကိုယ့် ဘဝ တိုးတက်နေစေဖို့ ကြိုးစားကြတယ် ။ ကြယ်ကလေးတွေ ဟာ လည်း တစ်လုံးချင်း ထွန်းလင်းတောက်ပ နေရာကနေ နံနက်အရုဏ်တက် တဲ့ အခါ ပျောက်ကွယ်သွားရတယ် ။ သူတို့ ရဲ့ဘဝ ဟာ တစ်ညတာ ပဲ ။ နောက် တစ်နေ့ည က ကြယ်ကလေးတွေ ဟာ သူတို့ ဖြစ်ချင် ဖြစ်မယ် ။ သူတို့ မဟုတ် တဲ့ ကြယ်သစ်ကလေးတွေလည်း ဖြစ်နိုင်တယ် ။ လူတွေ ဟာလည်း ကြီးပွား တိုးတက်အောင် ကြိုးစားရင်းနဲ့ ပဲ အချိန်တွေ ကုန်ဆုံးရတယ် ။ ကြယ်ကလေး တွေ ရဲ့ ည နဲ့ လူတွေ ရဲ့ ဘဝတွေဟာ တူညီကြတယ် ။ ကျွန်မ လည်း ကိုယ် ကိုယ်တိုင် စဉ်းစားပြီး ပြုံးမိဘယ် ။ တကယ်တမ်းကျတော့ ကိုယ့် ဘာသာ စဉ်းစားပြီး ကိုယ့် ဘာသာ ကောက်ချက်ချနေမိတယ် ။ ဟိုနား က လင်းလိုက် တဲ့ ကြယ်ကလေး ၊ ကြယ်တွေ အားလုံး ထဲမှာ သူ က အလှပဆုံးပဲ ၊ တောက် လည်း တောက်ပတယ် ။ ဒီ ကြယ်ကလေး ရဲ့ အောက်ဘက်နား မှာ လည်း ကြယ်တွေ အများကြီးပဲ ။ တန်းစီ နေတယ် ။ ဒါပေမဲ့ သူတို့ က ကြယ်သေး သေးလေးတွေ ဖြစ်ပြီး ခုနက ကြယ်လောက် လင်းလည်း မလင်းဘူး ။ ကြီး လည်း မကြီးဘူး ။ သူတို့ အားလုံး တည်ရှိနေတဲ့ ပုံသဏ္ဌာန် က သင်္ချာဂဏန်း ၇ နဲ့ တူတယ် ။ ၇ စောင်းစောင်းလေး ပုံ ပေါ့ ။ ဒါဆိုရင် ဒီ ကြယ် ဟာ ကျွန်မ
ငယ်ငယ်တုန်း က သင်ဖူးတဲ့ ခုနစ်ခင်ကြယ် ပဲ ပေါ့ ။ လူ့ လောက ထဲ မှာလည်း ခုနစ်စင်ကြယ် လို လူမျိုးတွေ ရှိမှာပဲ ။ တစ်ပွင့်တည်း နဲ့ မရပ်တည်နိုင်ဘဲ ခုနစ်လုံး ပြည့်မှ ရပ်တည်နိုင်တဲ့ ခုနစ်စင်ကြယ် လို မျိုးပေါ့ ။ အဲဒီ လူ ဟာ ဘယ်သူ ဖြစ်နိုင်မလဲလို့ တွေးမိတယ် ။
ကြည့်စမ်းပါဦး ၊ ခုနစ်စင်ကြယ် ရဲ့ ဘေးဘက် တည့်တည့်မှာ ကြယ်လေး တစ်လုံးပါလား ။ ဒီ ကြယ်ကလေး လည်း လင်း တာပဲ ။ သူ က ခုနှစ်စင်ကြယ် နဲ့ ဘေးတိုက် ယှဉ်ထားတော့ သူ့ ရဲ့အလင်းရောင် ဟာ မှေးမှိန် နေသလို ပဲ ။ ခုနစ်စင်ကြယ် သာ မရှိရင်တော့ သူ လည်း လင်းထိန် နေမှာပဲ ။ သူ က လည်း ကြယ်တွေ အားလုံး ထဲမှာ သေးငယ်ပေမဲ့ အတောက်ပဆုံးပဲ ။ ဒါပေမဲ့ သူက တော့ ခုနစ်စင်ကြယ် ကို မယှဉ်နိုင်ဘူး ။ လူ့ဘဝ မှာ လည်း ဒီ ကြယ်လေးလိုပဲ ထူးချွန်ပြီး ထက်မြက်ပေမဲ့ ခုနစ်စင်ကြယ်ကြီး လို လူတွေ ကြောင့် မထင်ပေါ်ဘဲ သိမ်ငယ်စွာ လင်း နေတဲ့ လူတွေ ရှိမှာပဲ ။ တွေးရင်း နဲ့ ခုနစ်စင်ကြယ် ကို အလိုလို မုန်းမိတယ် ။ သူ နဲ့ ဘာမှ မဆိုင်ပေမဲ့ သူ က နှိုင်းယှဉ် ခံရတဲ့ ဝတ္ထုပစ္စည်း မဟုတ်လား ။ ကျွန်မ ရဲ့အတွေး ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်နေခဲ့တယ် ။
ဟော. .. ကြည့်ရင်းနဲ့ပဲ တောက်ပနေတဲ့ အလင်းတန်း ဟာ မိုးကောင်းကင် ကနေ မြေပြင် ကို ကျဆင်း သွားတယ် ။ ကျွန်မ ဟာ အံ့သြပြီး ငေးကြည့် နေမိတယ် ။ ဒါဟာ ကြယ်ကြွေတာများလား ။ ဟုတ်တယ် ၊ ကြယ်ကြွေတာ မြင်လို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ် လို့ မေမေ ပြောတာ ကြားဖူးတယ် ။ ကျွန်မ ငယ်စဉ် ကတည်း က ခုချိန်ထိ ကြယ် ကြွေတာ တစ်ခါမှ မမြင်ဖူးတော့ အံ့ဩပြီး ငေးနေတာနဲ့ ဆုတောင်းဖို့ သတိမရလိုက်ဘူး ၊ ကျွန်မ ဘဝမှာ အရမ်းကို အရေးကြီးတဲ့ ကိစ္စ ရှိနေတယ်လေ ။ ဒီကိစ္စဟာ ကြယ်ကြွေ လို့ ဆုတောင်းရင် ပြည့်နိုင်လို့လား ။ ကျွန်မလည်း သက်ပြင်း ကို ဖြည်းညင်းစွာ ချမိတယ် ။ ခုနက လွတ်လပ်ပေါ့ပါး နေတဲ့ ကျွန်မ ရဲ့စိတ်တွေ ဟာ ပြန်လည် တင်းမာလာတယ် ။ ကျွန်မ ဘဝ မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ် တစ်ခု ဟာ အမြဲ ကြီးစိုးနေခဲ့တယ် ။ ဒီ ကိစ္စ ကို မေ့ပစ်ဖို့ ဘယ်တော့မှ မကြိုးစား သလို ဆုတောင်း မပြည့်တဲ့ ဒီအဖြစ် အတွက် ရင်နာ ခံစားမိတယ် ။ ဒီကိစ္စ ကို ဖြစ်ချင်တဲ့ အတိုင်း ၊ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာအောင် ကြွေ သွားတဲ့ ကြယ်ကလေး က စွမ်းဆောင်နိုင်လို့လား ။ မဖြစ်ပါဘူး ။ ကျွန်မ ဟာ တွေးရင်းနဲ့ပဲ ကောင်းကင် ကို မော့ကြည့်မိတယ် ။ ခုနစ်စင်ကြယ် ရဲ့ ဘေးနား ကနေ လင်း နေတဲ့ ကြယ်ကလေး ကို မတွေ့တော့ဘူး ။ ဒါဆို ခုနတုန်းက ကြွေသွားတဲ့ ကြယ်ကလေး ဟာ ဒီ ကြယ်ကလေးလား ။ ဒီ ကြယ်လေး မှ ဘာလို့ ကြွေရတာလဲ ။ တခြား ကြယ်တွေ ကြွေလည်း ဖြစ်နိုင်တာပဲ ။ သူ ကြွေတာ မြင်တော့ ခုနစ်စင်ကြယ်ကလေး က ရယ်မောနေမလား ။ ဒါမှမဟုတ် ဝမ်းနည်းနေမလား ။ လှောင်ပြောင်နေမလားလို့ တွေးမိတယ် ။
ဒါပေမဲ့ ကျွန်မ ရဲ့ မျက်စိထဲ မှာတော့ ခုနစ်စင်ကြယ် ဟာ ဖျတ်ခနဲ လင်းလာတာ တွေ့လိုက်ရတယ် ။ ကျွန်မ လည်း အာရုံစိုက်ပြီး ကြည့်မိတယ် ။ ဟုတ်တယ် ၊ ခုနစ်စင်ကြယ်ဟာ ပိုပြီး လင်းလာတယ် ။ ဒါဆို သူ ဝမ်းသာစေတာများလား ။ သူ လည်း သူ့ အချိန် မတန်သေးလို့ပါ ။ လောကကြီး ထဲမှာ ဘယ်အရာ မှ မတည်မြဲပဲ ။ စကြဝဠာ မှာ လည်း ကျဆုံးမှုတွေ ရှိနေမှာပဲလို့ ကျွန်မ ထင်တယ် ။ ကျွန်မ သဘောကျတဲ့ ကြယ်ကလေးတွေ ကြွေသွားသလို သူ လည်းပဲ သူ့ အချိန်တန်ရင် ဒီ ကောင်းကင်ကြီး ကနေ ပျောက်ကွယ်ရမှာပဲ မဟုတ်သား ။ တစ်ခုပဲ ရှိတယ် ၊ သူ့ အလှည့် ရောက်ရင် သာ ဘယ်သူတွေ က ဝမ်းသာပြီး ပြုံးနေကြမလဲ ဆိုတာပဲ ။ သူ့ လို နေမင်းကြီး ထွက်လာမှ ပျောက်ကွယ်သွားတာ ထက် စာရင် လူတွေ ဆုတောင်းပြည့်ဖို့ ဆန္ဒတွေ ပြည့်ပြီး ဝမ်းသာစေနိုင်ဖို့ ကြွေ သွားတဲ့ ကြယ်ကလေး ဟာ ပိုပြီး အကျိုးရှိတယ် မဟုတ်လား ။ သူ့ ထက် စောပြီး ကောင်းကင် က ထွက်ခွာ သွားပေမဲ့ လူတွေ က သူ့ ကို ပျော်ရွှင်ကြည်နူးမှုတွေ ပေးပြီး ကျေးဖူးတင်ကြမှာ ။ ကဲ .. ဘယ်လောက် တန်ဖိုးရှိတဲ့ ကြယ်ကလေး လဲ ။ ကျွန်မ လည်း ကိုယ့် ဘာသာ ကျေနပ်အောင် တွေးတောပြီး မှ ဒီ ကြယ်ကလေး ကြွေချိန်တုန်းက ဆုမတောင်းမိခဲ့တဲ့ ကိုယ့် အဖြစ် ကို နောင်တရနေမိတယ် ။
ဒီ ကြယ်ကလေး ကိုသာ တိုင်တည်ပြီး ဆုတောင်းခွင့် ရလိုက်ရင် တခြား သောလူတွေ ရဲ့ ဒုက္ခတွေ ကို အသာ ထားပြီး သူ နဲ့ ဘဝတူ တဲ့ ထူးချွန်ထက်မြက် တဲ့ လူ တစ်ဦးတစ်ယောက် ရဲ့ ဒုက္ခ ကို သာ ဦးစားပေးပြီး ကယ်တင်ပေးပါလို့ ကျွန်မ ဆုတောင်းမိမယ် ထင်ပါရဲ့ ။
▢ စုသဲမွန်
📖ကလျာ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၀၂
No comments:
Post a Comment