❝ သစ္စာစကား ဆိုမယ် ❞
( စိန်လွင်လေး နှင့် တွေ့ဆုံခြင်း )
ကျွန်တော် ဝတ္ထု စဖတ်တဲ့ အချိန်မှာ “ မေတ္တာပုလဲသွယ် ” နဲ့ “ အိပ်မက်သစ္စာ ” ကို ဖတ်ခဲ့ရဖူးပါတယ် ။ အလယ်တန်း ကျောင်းသားအရွယ် ဆိုတော့ မေတ္တာပုလဲသွယ် ဝတ္ထု ထဲက တက္ကသိုလ်ကျောင်းသားတွေ ရဲ့ ဘဝ ကို အားကျမိတယ် ။ သူတို့ ပျော်ကြ ၊ ရွင်ကြ ၊ နောက်ကြ ၊ ပြောင်ကြတာတွေ နဲ့ ကျွန်တော့် ဆရာမ ဒေါ်ရီရီသန်း ( ကွယ်လွန် ) ပြောပြလေ့ ရှိတဲ့ တက္ကသိုလ် ဝန်းကျင် က လှုပ်ရှားမှုတွေ ကို ရောမွှေ စိတ်ကူးပြီး ကြည်နူး ခဲ့မိတယ် ။ “ အိပ်မက်သစ္စာ ” ဖတ်ရချိန်မှာတော့ ဘာသာခြား ချစ်သူ နှစ်ဦး ချစ်လျက် နဲ့ ခွဲခဲ့ကြ ရတာ ကို ဖတ်ပြီး ရင်နာခဲ့ရဖူးပါတယ် ။ ဒီဝတ္ထု နှစ်အုပ်စလုံး ကို ရေးခဲ့တာက ဆရာစိန်လွင်လေး ပါ ။ ဟာသဝတ္ထု ရေးတဲ့ စာရေးဆရာ က ဘာဖြစ်လို့များ ဒီလို ရင်နာစရာဝတ္ထု ရေးခဲ့ပါလိမ့်လို့ မမီတဲ့ ဉာဏ် နဲ့ တွေးခဲ့ရဖူး ပါတယ် ။
မေလထုတ် ပေဖူးလွှာ ရဲ့ တွေ့ဆုံပေးခြင်းကဏ္ဍ အတွက် ဆရာစိန်လွင်လေး နဲ့ တွေ့ဆုံပေးရမယ် ဆိုတော့ ငယ်ငယ် က မေးချင်တာတွေ ကိုပါ မေးရတော့မယ် ဆိုပြီး စိတ်တက်ကြွနေခဲ့မိပါတယ် ။ ဆရာ နဲ့ တွေ့ရတဲ့ အချိန် မှာလည်း ကျွန်တော် ငယ်ငယ် ကတည်းက သိချင် နေခဲ့တဲ့ အချက်တွေ ကို အားမနာတမ်း မေးခဲ့ ပါတယ် ။ တချို့ မေးခွန်းတွေ မေးလိုက်ချိန် မှာ ဆရာ့ မျက်နှာ မှာ ဆွေးရိပ် သန်းသွားတာ တွေ့ရတော့ ဟာသ ဘက် ကို သန်ပါတယ်လို့ စာဖတ်သူ အများစု က တွေးထင် ထားကြတဲ့ ဆရာ ဟာ တကယ်တော့ ရင် ထဲ က ခံစားချက်တွေ ကို ဖုံးကွယ်ထားပြီး စာချစ်သူတွေ ကို ပီတိ ဖြစ်အောင် ရွှင်ပြုံးစေအောင် ဖန်တီးပေး နေရတဲ့သူပါကလား လို့ နားလည် သဘောပေါက် လာရပါတယ် ။
အားမနာတမ်း ကျွန်တော် မေးခဲ့သမျှကို ဆရာ့ ခမျာ အလုပ်တာဝန်တွေ များနေတဲ့ ကြား က ဖြေပေးခဲ့ ပါတယ် ။ ဆရာ့ အဖြေစကားတွေ ကို နားထောင် ကြည့်ကြပါစို့ ။
“ ဆရာ့အကြောင်း ၊ ဆရာ့ အယူအဆလေးတွေ မဆွေးနွေးခင် ဆရာ စာပေလောက ထဲ ဝင်ရောက် လာပုံက စပြီး သိပါရစေ ”
“ ဒီမေးခွန်းကို ဖြေရမယ် ဆိုရင် အတော်လေး ရှည်လျားပါလိမ့်မယ် ဆရာဝင်းငြိမ်း ၊ ဒီတော့ လိုရင်းကိုပဲ ဖြေ ပါရစေ ။ ကျွန်တော့် အဖေ ဘက် က မျိုးရိုး က “ ပိုးကုန်သည် ” တွေ ၊ ကျွန်တော့် အမေ ဘက် က တော့ “ ရွှေကုန်သည် ” တွေ ၊ စာပေ နဲ့ သိပ်ပြီးတော့ လမိုင်း မကပ်လှပါဘူး ။ ဒါပေမဲ့ စာပေ ကို တန်ဖိုးထားကြပါတယ် ။ စာဖတ် ဝါသနာ လည်း ပါသင့်သလောက် ပါကြပါတယ် ။
ကျွန်တော် စာပေ မြတ်နိုးလာပုံ ကို တင်ပြပါရစေ ။ ကျွန်တော့် မိဘ ဘိုးဘွားတွေ ဟာ “ လယ်တီ ဆရာတော်ကြီး ” ကို သိပ်ပြီး ကြည်ညိုပါတယ် ။ ကျွန်တော်တို့ “ ပျဉ်းမနားမြို့ ” မှာ ဆရာတော်ကြီး က သာသနာ လာပြုတာကိုး ။ ဒီတော့ ဆရာတော်ကြီး ရေးသားပြုစုတဲ့ ဒီပနီကျမ်းတွေ ကို သားရေဖုံး နဲ့ ရွှေစာလုံး နဲ့ မှန်ဗီရိုကြီးတွေ ထဲမှာ တခမ်းတနား ထားပါတယ် ။ ပြီးတော့ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရဲ့ စာအုပ်တွေ “ သာဓုသုန္ဒရီ ” တို့ ၊ “ ထေရာထေရီ ” တို့ ၊ “ တပင်ရွှေထီး ဝတ္ထုတော်ကြီး ” တို့ပေါ့ ။ “ ကျီးသဲလေးထပ် ကျောင်းဆရာတော်ကြီး ” ရဲ့ “ ဇိနတ္ထပကာသနီ ” ၊ “ သေက္ချတောင် ဦးတိလောက ” ရဲ့ “ ပဏ္ဍိတဝေဒနိယကျမ်း ” ၊ “ ဦးကုလား မဟာရာဇဝင်တော်ကြီး ” ၊ “ ဆရာကြီး ဦးဖေမောင်တင် ” ရဲ့ “ မြန်မာစာပေသမိုင်း ” ၊ “ မင်းဘူးဦးဩဘာသ ဆရာတော် ” ရဲ့ “ ဇာတ်ကြီး ဆယ်ဘွဲ့ ” စတဲ့ ကျမ်းစာအုပ် တွေ လည်း ထားရှိပါတယ် ။
ဒီ စာအုပ်တွေ ကို ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတဲ့ အခါမှာ ကျွန်းသေတ္တာကြီးတွေ နဲ့ ထည့်ပြီး ကျွန်တော်တို့ စစ်ပြေး တဲ့ ပျဉ်းမနားမြို့ အရှေ့ဘက် “ ဘိုင်ကြီးကုန်း ” ဆိုတဲ့ ရွာ ကို ပို့ထားပါတယ် ။ အဲဒီတုန်းက စတုတ္ထတန်း ကို သာ အောင်မြင်ခဲ့သေးတဲ့ ကျွန်တော် ဟာ စစ်ပြေး နေတဲ့ တစ်ခေတ်လုံး ဒီစာအုပ် တွေ ကို ချည်း ဖတ်ခဲ့တာ ပါပဲ ”
“ အဲဒီ အရွယ်က ဆရာ ဒီစာအုပ်တွေ ကို ဖတ်တော့ နားကော လည်ပါသလား ။ ဆိုလိုတာက စာအုပ်တွေ က ဆရာ့ အခြေခံပညာ နဲ့ ဆိုရင် အဆင့်များ မြင့်နေမလားလို့ပါ ”
“ မေးသင့်တဲ့ မေးခွန်းပါပဲ ဆရာဝင်းငြိမ်း ။ ဖတ်လို့ နားလည်တာလည်း ရှိ ၊ နားမလည်တာလည်း ရှိတာပေါ့ ။ မသိ နားမလည်တာကို သိတဲ့ ပုဂ္ဂိုလ်များဆီ မေးရပါတယ် ။ ထပ်ခါ တလဲလဲ ဖတ်လွန်းတော့ လည်း နားလည်စ ပြုလာပါတယ် ။
ပြောရရင် မြန်မာစာပေ သမိုင်း ကို အလွတ် ကျက်ခဲ့ရပါတယ် ။ “ မြန်မာစာပေသမိုင်း ” စာအုပ် ဟာ ပုဂံခေတ် က ကုန်းဘောင်ခေတ် နောက်ပိုင်း ကာလအတွင်း ထွက်ပေါ်လာခဲ့တဲ့ စာဆို အကျော်အမော်တွေ အကြောင်း ၊ သူတို့ ရေးသားပြုစုခဲ့တဲ့ ကဗျာလင်္ကာ စာပေတွေ အကြောင်းကို ကောက်နုတ်ချက်တွေ နဲ့ ဖော်ပြပြီး စနစ် တကျ ဝေဖန်ထားတယ် ။ အင်မတန် တန်ဖိုးရှိလှတဲ့ စာပေကျမ်းပါဗျာ ”
“ ဒါတွေကြောင့် ဆရာ ဟာ စာပေ မှာ ဝါသနာ ပါလာတာပေါ့ ”
“ ဝါသနာပါရုံတင် မကပါဘူး ။ စစ်ပြေးစဉ် အတွင်းမှာပဲ ကဗျာတို့ ၊ ဆောင်းပါးတို့ အရေး ကျင့်ခဲ့ပါတယ် ။
တိုတိုပဲ ပြောပါရစေ ။
စစ်ကြီး ပြီးတော့ ကျွန်တော်တို့ မြို့ ကို ပြန်တက်ခဲ့ကြတယ် ။ အတန်းတွေ ကျော်တက်တယ် ။ ၁၉၄၇ ခုနှစ် မှာ ကျင်းပတဲ့ ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ ( S.I.C ) ကို ဝင် ဖြေတာ အောင်ခဲ့တယ် ။ အဲဒီ ၁၉၄၇ လောက်မှာ ရန်ကုန် က “ ခလေး သတင်းစာ ” ဆိုတဲ့ စာစောင်ထုတ်ဝေတယ်ဗျ ။ “ ခလေး သတင်းစာ ” ဆိုတာ ဟာ နောက်ပိုင်းမှာ “ သံတော်ဆင့် ဦးသိမ်းမောင် ” တို့ ထုတ်ဝေတဲ့ “ ကလေး သတင်းစာ ” မဟုတ်ဘူး ။ ကာတွန်း ၊ ကဗျာ ၊ ဆောင်းပါးတွေ ပါတယ် ။ အဲဒီမှာ “ ဆောင်းပါးပြိုင်ပွဲ ” ဆိုပြီး ဆုပေးမယ် လို့ ကြေညာတယ် ။ ကျွန်တော် ဝင်ပြိုင်တာ ပထမဆု ရတယ် ။ အခု “ မင်းသူရိန် ” လို့ နာမည်ကြီး နေတဲ့ ကိုညွန့်ဝေ လည်း ဆုရတယ် ”
“ ဒီလိုဆိုရင် ဆရာ့ ရဲ့ ပထမဦးဆုံး လက်ရာ ပုံနှိပ်ထုတ်ဝေတဲ့ စာစောင် မှာ စ ပါတာပေါ့နော် ”
“ ဟုတ်ပါတယ် ။ ဒါပေမဲ့ ပြိုင်ပွဲဝင် ဆုရတာမို့ ကျွန်တော့် ရဲ့ ပထမဆုံး ပုံနှိပ်ခံရတဲ့ စာမူ လို့ ကျွန်တော် မသတ်မှတ် ခဲ့ပါဘူး ”
“ဒါဖြင့် ပထမဆုံးလို့ သတ်မှတ်တာက ... ”
“ ၁၉၄၇ မှာပါပဲဗျာ ။ အဲဒီတုန်းက “ စာရေးဆရာ ရွှေအ ” က “ ရွှေအ စာပြောင် ” ဆိုပြီး လစဉ်စာစောင် ထုတ်တယ် ။ ကျွန်တော် က လက်ယားယားနဲ့ “ နွားအတွင်းရေးမှူးထံ ပေးစာ ” ဆိုပြီး စာပြောင် တစ်ခု ပို့ လိုက် တယ် ။ ဩဂုတ်လထုတ် မှာ ထင်တယ် ၊ ကျွန်တေ့် စာမူ ပါလာတော့တာပါပဲ ။ ဒါကြောင့် ကျွန်တော့် စာပေမှတ်တိုင် စတင် စိုက်ထူခဲ့တဲ့ ကာလကို ၁၉၄၇ ခုနှစ် ဩဂုတ်လ လို့ မှတ်သားထားပါတယ် ”
“ ၁၉၄၇ ခုနှစ် က စတာ ဆိုတော့ အခု ၁၉၈၄ ခုနှစ် ... စာရေးသက် ၃၇ နှစ်လောက်တောင် ရှိမှကိုး ။ ဒီ ၃၇ နှစ် အတောအတွင်း စာတွေ ဘယ်လောက်များ ရေးခဲ့ပါသလဲဆရာ ”
“ အရေအတွက် အများကြီးပေါ့ ဆရာဝင်းငြိမ်း ။ လုံးချင်းဝတ္ထု ၂၀ဝ ကျော် ။ ခရီးသွားဆောင်းပါးရှည် နှစ်ပုဒ် ၊ စာပေကျမ်း ၁၈ ပုဒ် ၊ ဝတ္ထုတို ၊ ဆောင်းပါး ၊ ကဗျာ ၊ ဘယ်လောက် ဆိုတာတော့ မှတ်မထားလို့ မပြော နိုင်ပါဘူး ”
“ များလှပါလား ဆရာ ”
“ ကျွန်တော် ဟာ စာရေးဆရာ တစ်ယောက်ပါ ဆရာဝင်းငြိမ်း ။ ကျွန်တော့် ဘဝ တစ်ခုလုံး ကို စာပေ နဲ့ တည်ဆောက်ထားတာပါ ။ ဖောင်တိန်တစ်ချောင်း ကို ဆုပ်ကိုင်နိုင်သေးတဲ့ အထိ ကျွန်တော် စာရေးသွားပါ့မယ် ။ လက် တစ်ဖက် က စိပ်ပုတီး ၊ လက် တစ်ဖက် က ဖောင်တိန် ကို ကိုင်ရင်း ကျွန်တော် တမလွန်ဘဝ ကို မျက်မှောက်ပြုသွားချင်ပါတယ် ”
“ ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဆရာ့ ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ “ အိပ်မက်သစ္စာ ” ဝတ္ထု ဟာ တကယ့် ဆရာ့ ကိုယ်တွေ့ပါ လို့ အမှာစာ မှာ ရေးထားတာ ဖတ်ရပါတယ် ။ တကယ်ပဲ ဆရာ့ ကိုယ်တွေ့ပါလား ၊ သိပါရစေ ”
( ဆရာ့ မျက်နှာ တွေဝေ သွားသည် ။ ငေးမော သွားသည် ။ သက်ပြင်း ချသည် ။ )
“ ဒီမေးခွန်း ကို လွန်ခဲ့တဲ့ အနှစ် သုံးဆယ် နီးပါးလောက် ကတည်းက အမေးခံခဲ့ရတယ် ။ အခုထက်ထိ လည်း မေးတုန်း ပဲနော် ”
“ စိတ်ဝင်စားကြ လို့ မေးကြတာပေါ့ ဆရာ ရယ် ”
“ ဝမ်းသာပါတယ် ။ “ အိပ်မက်သစ္စာ ” ဟာ ကျွန်တော့် ရဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထုပါ ။ ကျွန်တော့် နှလုံးသား ထဲ မှာ နှစ်ပေါင်းများစွာ သန္ဓေတည်ပြီး ရှိနေတဲ့ ဇာတ်လမ်း ကို ကျွန်တော့် နှလုံးသွေးနဲ့ ရေးသားခဲ့ရတာမို့ ဒီဝတ္ထု ကို ဖတ်မိတဲ့ လူတိုင်း လိုလိုက ကျွန်တော့် ကိုယ်တွေ့ အဖြစ်အပျက် လို့ ထင်ခဲ့ကြပါတယ် ”
“ မဟုတ်ဘူးလား ဆရာ ”
“ မဟုတ်ဘူးလို့ ယတိပြတ် ဖြေရင် ကျွန်တော် မုသာဝါဒကံ ထိုက်ပါလိမ့်မယ် ။ ဆိုပါစို့ ။ ဟုတ်တာက ၇၅ ရာခိုင်နှုန်း ၊ မဟုတ်တာက ၂၅ ရာခိုင်နှုန်း ။ အရာရာ ကို ထောက်ထားပြီး ဒီလောက်ပဲ ဖြေပါရစေ ။ ကျွန်တော် ရဲရဲကြီး ပြောချင်တာက “ နှောင်း ” ဆိုတဲ့ အမျိုးသမီး တစ်ယောက် ဟာ ကျွန်တော့် နှလုံးသား ကို တစ်ချိန်က စိုးမိုး ချုပ်ကိုင် ခဲ့ဖူးတယ် ။ အခုလည်း ချုပ်ကိုင်နေဆဲပါပဲ ။ ကျွန်တော် ဟာ နှောင်း ကို သေတစ်ပန် သက်ဆုံး အောက်မေ့တသနေမယ် ဆိုတာ သစ္စာစကား ပြောပါရစေ ”
“ အခုနောက်ပိုင်း ပြန်ထုတ်တဲ့ “ မောင်မောင် နှင့် ပထမအချစ် ” က “ အိပ်မက်သစ္စာ ” ကို ပဲ စာပေမူဝါဒ နဲ့ ကိုက်ညီအောင် ပြန်ပြင်ပြီး ရေးထားတာ မဟုတ်လား ”
“ ယေဘုယျ အားဖြင့် ဖြေရမယ် ဆိုရင် မှန်ပါတယ်လို့ ဝန်ခံပါရစေ ။ ဒါပေမဲ့ “ မောင်မောင်နှင့် ပထမအချစ် ” ဟာ “ အိပ်မက်သစ္စာ ” လောက် အနှစ်သာရပိုင်း မှာ ရော ၊ စိတ္တဗေဒဆိုင်ရာ နှလုံးသားရေးရာ မှာ ပါ ပြည့်ဝတယ် လို့ မထင်ပါဘူးဗျာ ”
“ အဖြစ်မှန် တစ်ခုကို ရေးထားခဲ့တာပါ ဆိုရင် ဒီလို ပြန် ပြင် ရေးလိုက်ရတဲ့ အတွက် ဆရာ့ ရင် ထဲမှာ ဘယ်လို ခံစား ရပါသလဲ ”
“ တိုတို ဖြေရရင် နှမြောတသမိပါတယ် ။ မလုပ်သင့်တော့တဲ့ အလုပ် တစ်ခုကို အကြောင်းကြောင်းကြောင့် လုပ်လိုက်ရတဲ့ ပုံစံမျိုး လည်း ဆောင်ပါတယ် ။ ဘယ်လို ခံစားရတယ် ဆိုတဲ့ တိကျတဲ့ ခံစားရချက် ကို သရုပ်ဖော် ပြဖို့ ဆိုတာကတော့ ခက်ခဲပါတယ်လေ ”
“ အားနာနာ နဲ့ မေးပါရစေ ဆရာ ။ “ နှောင်း ” တစ်ယောက် “ ကိုချစ်လွင် ” အပေါ်မှာ သစ္စာ စောင့်သိနိုင်ဖို့ အတွက် လက်ထပ်မယ့် ဆဲဆဲမှာ သူ့ ဘဝ ကို စတေးသွားခဲ့တယ် ။ ဒီတော့ “ အချစ်နဲ့ ” ပတ်သက်ပြီး ငယ်ငယ်တုန်း က ခံစား နားလည်ခဲ့ရတာနဲ့ အခု အသက်အရွယ် ရလာချိန် မှာ ခံစားနားလည်မိတာ ဘယ်လိုများ ကွာ ခြားပါသလဲ ”
“ အသက်အရွယ် ဆိုတာဟာ ကြီးရင့်လာတာနဲ့ အမျှ အတွေးအခေါ် ဟာလည်း ပြေားလဲလာတတ်ပါတယ် ။ “ အချစ်ကိုသာ ကိုးကွယ်ရာ ” လို့ အချစ် ကို ဦးစားပေးလွန်းတဲ့ အရွယ် မှာ “ အိပ်မက်သစ္စာ ” ကို ကျွန်တော် ရေးခဲ့ ပါတယ် ။ ဒါကြောင့် အချစ် အတွက် “ နေဝင်ချိန် ” ဟာ သစ္စာရှင်မလေး ပီသစွာ ပြုလုပ်သွားခဲ့ခြင်းပါပဲ ။
အဲ ... “ မောင်မောင် နဲ့ ပထမအချစ် ” ကျတော့ အဲဒီ အခန်း မပါတော့ပါဘူး ။ အဲဒါဟာ ကွာခြားချက်ပါပဲ ”
“ ဆရာ ဘယ်လို ဝတ္ထုမျိုးတွေ ကို ရေးရတာ အားသန်ပါသလဲ ”
“ ကျွန်တော် ပထမဆုံး ရေးခဲ့တဲ့ “ အိပ်မက်သစ္စာ ” ရဲ့ မျက်နှာဖုံး မှာ “ မေတ္တာဘွဲ့ ” ဝတ္ထုလို့ ဝတ္ထု အမျိုးအစား အမည် ကို တပ်ခဲ့ပါတယ် ။ “ မေတ္တာဘွဲ့ ” ကို အမည် တပ်ခဲ့ပေမယ့် “ ဟာသကွက် ” တွေ တော်တော် များများ ပါပါတယ် ။ နောက် ဝတ္ထုတွေမှာ “ မေတ္တာဘွဲ့ ဟာသ ဝတ္ထု ” လို့ တပ်တာ များပါတယ် ။ “ အချစ်ဘွဲ့ ” ၊ “ အလွမ်းဘွဲ့ ” ၊ “ ဘဝသရုပ်ဖော် ” ၊ “ စုံထောက် ” ၊ “ သိုင်း ” လိုင်းပေါင်းစုံ ကျွန်တော် ရေးပါတယ် ။ ဘယ်ဝတ္ထု ကိုလဲ ရေးရေး ဟာသ ကတော့ ပါတာပါပဲ ။ ဒါကြောင့် ကျွန်တော့် ကို ဟာသဝတ္ထု ရေးတဲ့ သူ လို့ လူ အတော်များများ က မှတ်ယူ နေကြပါတယ် ။ အမှန်တော့ ကျွန်တော့် ဝတ္ထုတွေ ကို အလျဉ်းသင့်သလို မွမ်းမံ ထားတာ ဖြစ်ပါတယ် ။
ဟာသဝတ္ထု ရေးတာဟာ ပျော်လွန်းလို့ ရေးတာ မဟုတ်ပါဘူး ။ ကျွန်တော့် ဘဝ တစ်လျှောက်လုံးမှာ မေတ္တာ ကျိန်စာသင့်မှု ၊ နှလုံးပူပန်မှု ၊ စိတ်ဆင်းရဲမှု ၊ ပရိဒေဝသောက တွေသာ မင်းမူခဲ့ပါတယ် ။ ချစ်သူ နဲ့ ကွေကွင်း ရတဲ့ ဒုက္ခ ၊ မချစ်သူ နဲ့ အတူတကွ နေရတဲ့ ဒုက္ခ ၊ လိုချင်တာ ကို မရတဲ့ဒုက္ခ ... အဲဒီ ဒုက္ခတွေ နဲ့သာ ဝိုင်းဝိုင်း လည် ခဲ့ ပါတယ် ။
ထူးခြားတာက အဲဒီလို စိတ်ဒုက္ခတွေ ခံစားရတဲ့ စံချိန် အမြင့်မားဆုံး အချိန်မှာ ရေးတဲ့ ဝတ္ထုတွေ ဟာ အပြောင်မြောက်ဆုံး ဟာသဝတ္ထုတွေချည်း ဖြစ်နေတာပါ ။
ဘာကြောင့် ပါလဲလို့ ဆရာ မေးချင်တယ် မဟုတ်လား ။ တစ် အချက်က ကျွန်တော့် ရင်ထဲ ခံစားနေရတဲ့ ဒုက္ခ တွေ အားလုံးကို လျော့ပါး သွားအောင် ကျွန်တော် လမ်းပြောင်းလွှဲပြီး ပြက်ရယ်ပြုပစ်လိုက်ချင်တဲ့ ဆန္ဒပါပဲ ။ နှစ် အချက်က ကျွန်တော့် လို နှလုံးသား ဝေဒနာ ခံစားနေရတဲ့ သူတွေ ရှိနေရင် ကျွန်တော့် ဝတ္ထု ကို ဖတ်ရခြင်း အားဖြင့် စိတ်ပြောင်းစိတ်လွှဲ ဖြစ်ပြီး ပျော်ရွှင်သွားစေချင်တဲ့ဆန္ဒ ထားရှိပါတယ် ။ အေးလေ ... ကျွန်တော် ဟာ လောကီသားမို့ “ ပုထုဇ္ဇနော ဥမ္မတ္တကော ” လို့ ဆိုချင်လည်း ဆိုကြပေါ့ဗျာ ”
“ ကျွန်တော် ဆွေးနွေးချင်တာ တစ်ခု က ဆရာ့ ဇာတ်ကောင် တော်တော်များများဟာ ကု,လားစကားတွေ ညှပ်ညှပ် ပြောတာ တွေ့ရပါတယ် ။ ဥပမာ - “ ဟရေး ဘဂဝမ် ” တို့ ၊ “ ဘို့သ်အချား ” တို့ ၊ “ ဆဘွတ်ကရိုး ” တို့ စသည် အားဖြင့်ပေါ့ ။ ဘာဖြစ်လို့ ဒီလို ရေးရတာပါလဲ ။ ဆရာ ကိုယ်တိုင် က ဒီ စကားတွေ ပြောနေကျ ဖြစ်နေလို့ ပါလား ”
( ဆရာ့ ကို ဒီမေးခွန်း မေးလိုက်တဲ့ အခါမှာ ပါးခွက် နှစ်ခုလုံး ဝဲကတော့ ထိုးသွားအောင် ပြုံးရယ်လိုက်တာ တွေ့ လိုက်ပါတယ် ။ )
“ ကြိုက်သွားပြီ ဆရာဝင်းငြိမ်း ။ ဒီ မေးခွန်းကို ကြိုက်သွားပြီဗျာ ။ ဆရာ ရဲ့ စူးရှထက်မြက်လှတဲ့ အကဲခတ်မှု ဟာ ကျွန်တော့် နှလုံးသား ထဲမှာ သန္ဓေတည် နေတဲ့ ဗီဇအနုသယ ကို အမှန်အတိုင်း ဆွဲငင် ဖော်ထုတ် ယူနိုင်စွမ်း ရှိခဲ့တာကိုး ။
ကျွန်တော့် ရုပ်ရည် ကို သေသေချာချာ ကြည့်စမ်းပါ ။ ကေသာ ၊ လောမာ ၊ နခါ ၊ ခန္တာ စတဲ့ ၃၂ ကောဋ္ဌာသ တွေ ထဲမှာ မဇ္ဈိမဒေသ က ကု,လားသွေး နဲ့ ရောစပ်ဟန် တူတဲ့ အရိပ်နိမိတ်လေး စိုးစဉ်းတောင် မပါ ပါဘူး ။ ဘယ်ပါနိုင်ပါ့မလဲ ။ ကျွန်တော့် ဖေဖေ က ရှမ်းအစစ် နဲ့ မြန်မာအစစ် မိဘ က မွေးဖွားခဲ့တာ ။ တစ်နေ့ကျရင် ကျွန်တော့် အဘိုး အဘွားတွေ ရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက် ကြီးမားခဲ့ပုံ ၊ ကျွန်တော့် ဖေဖေ နဲ့ မေမေ တို့ရဲ့ အချစ်စွန့်စားခန်း ဇာတ်လမ်းတွေ ကို ရေးပါဦးမယ် ။ ကျွန်တော်တို့ ဟာ မျိုးရိုးစဉ်ဆက် တစ်လျှောက် မေတ္တာ ကို တန်ဖိုးထားပြီး သစ္စာ စောင့်သိခဲ့ကြပါတယ် ။
ထားပါတော့လေ ၊ ကျွန်တော့် အကြောင်းကိုပဲ ပြောပြပါတော့မယ် ။ ကျွန်တော် ဟာ ရှမ်း အစိတ် ၊ ဓနု အစိတ် ၊ မွန် အစိတ် နဲ့ မြန်မာ အစိတ် ... အားလုံး ပေါင်းလိုက်တော့ ပြည်ထောင်စုသားသွေး တစ်ပိဿာ တိတိ ပါဝင်နေတဲ့ ထူးထူးခြားခြား လူသား တစ်ယောက် ။ ဒါပေမဲ့ ... ဘာဖြစ်သလဲ ဆရာ ... ကု,လားယဉ်ကျေးမှု့ ဓလေ့ ထုံးစံတွေကို ရိုးတွင်းခြင်ဆီ က စပြီး မြတ်နိုး နှစ်သက်တယ် ။ ”
“ ဗျာ ... ”
“ ဒီလိုလေ ဆရာဝင်းငြိမ်း ။ ကျွန်တော် ဟာ ဗြဟ္မတွေ ရဲ့ ဒေဝတွေ ၊ ဒေဝီတွေ ၊ ဘဂဝါဂီတ ၊ ဥပနိသျှတ် ၊ ပုရာဏ်ကျမ်း ၊ ဂါထာမန္တန် ၊ ပါဠိ ၊ သသင်္ကရိုက် ၊ ဗြဟ္မီ ၊ ဟင်ဒီဘာသာ စာပေတွေ ကို လေ့လာလိုက်စား ဆည်းပူး ခဲ့တယ် ”
“ ဘာကြောင့်များပါလိမ့် ဆရာ“
“ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဟာ ဗြဟ္မင်ပုဏ္ဏား တစ်ယောက် ဝင်စားခဲ့လို့ပဲ ဆရာဝင်းငြိမ်း ”
“ ဗြဟ္မင်ပုဏ္ဏား လူဝင်စား ... ဟုတ်လား ဆရာ ”
( ဆရာစိန်လွင်လေး ၏ မျက်နှာ မှာ တည်ကြည် သွားပါ၏ )
“ ဟုတ်ပါတယ် သိပ္ပံပညာ ထွန်းကားနေတဲ့ ခေတ်ကြီး မှာ လူဝင်စားပါ လို့ ပြောရင် ကျွန်တော့် ကို ... ပေါပ်သရောက်ဓါတ်ပဲ ... လို့ ထင်ကြမှာပါ ။ အမှန်တော့ ကျွန်တော် ဟာ ဗြဟ္မင် ပုဏ္ဏား ဝင်စားခဲ့သူပါ ။ ဒါကြောင့်လည်း လူမှန်း သိတတ်ခါစ ကတည်းက သက်သတ်လွတ် စားခဲ့ပါတယ် ။ ၁၉၄၇ - ၄၈ ခုနှစ် တက္ကသိုလ် ဝင်တန်း တက်ဖို့ ရန်ကုန်ကို ရောက်လာပြီး မြို့မကျောင်း မှာ နေတဲ့ အခါ ငါးပိ ၊ ငံပြာရည် မှ မစားရင် လက်မခံနိုင်ဘူး ဆိုလို့ ရေသတ္တဝါ ကို စပြီး စားခဲ့ရပါတယ် ။ အခု အသက် ငါးဆယ် ရောက်တဲ့ အထိ ကုန်းသတ္တဝါ ၊ လေသတ္တဝါ အသားတွေ ကို တခါမှ မစားခဲ့ဖူးသေးပါဘူး ဒါတွေကို စားရင် အပြစ် ရှိတယ်လို့လည်း ထင်မိပါတယ် ”
“ ဒါဖြင့် ဆရာ လန်ဒန် ဘီဘီစီ မှာ လုပ်တုန်းကကော ”
“ ဆရာဝန်တွေ က အသား မစားရင် အအေးဒဏ် မခံနိုင်လို့ အသက်အန္တရာယ် ရှိမယ် ဆိုတာတောင် သေချင် သေပါစေ ဆိုပြီး မစားခဲ့ပါဘူး ... ”
“ ဒါကြောင့် ဆရာ ဟာ ပါဠိတွေ သသင်္ကရိုက် ဂါထာ မန္တန်တွေ ရွတ်ဖတ်ပြီး ဘိသိက်ဆရာကြီး ဖြစ် နေတာကိုး ... ”
( ဆရာစိန်လွင်လေး က ထုံးစံအတိုင်း ပြုံးလိုက်ပါတယ် ... ဆရာ က ထင်ရှားတဲ့ ဘိသိတ်ဆရာ တဦး ပါ ။ ၁၉၅၄ ခုနှစ် ကစပြီး ဒီနေ့ အထိ ဘိသိတ်ပွဲပေါင်း တစ်ထောင် ချီးမြှင့် ခဲ့ပြီး ဖြစ်ကြောင်းသိရပါတယ် )
“ တချို့ စာရေးဆရာတွေ ဟာ စာရေးတဲ့ နေရာ မှာ အနောက်တိုင်းစကားများ ညှပ်သုံးလေ့ ရှိကြတယ် ။
ဥပမာ - ဆရာဝန် မဟုတ်တဲ့ ဇာတ်ကောင်က ကလေးတွေ ကို တင်ပရေချာဟန်ဒရက်အင်သရီးဒီဂရီ ရှိတယ် လို့ ပြောတာတို့ ။ ကားပေါ် ရောက်ရင် ဝါက်ခ်မင်မ် ကက်ဆက် ကို ဖွင့် ပြီး ဟဒ်ဖုံး နဲ့ နားထောင် လိုက်တယ် လို့ သုံးတာ တွေ့ရပါတယ် စက်ပစ္စည်း ကိရိယာ အခေါ်အဝေါ် တို့ စက်မှုနည်းစနစ် တချို့ တို့ကို သူ့ အခေါ်အဝေါ် အတိုင်း သုံးရတာ ပြောစရာ မရှိပေမယ့် မြန်မာစကား စာပေ နဲ့ ရေးနိုင် ပြောနိုင်တာ တွေကို အနောက်တိုင်း စကား နဲ့ ပြောတာ ရေးတာတော့ မသင့်ဘူးလို့ ထင်ပါတယ် ။ ဆရာ ဘယ်လို သဘောရပါသလဲ ... ”
“ ဒီနေရာမှာ ဆရာဝင်းငြိမ်း နဲ့ ကျွန်တော် သဘော ကိုက်ညီပါတယ် ။ ကျွန်တော်တို့ မြန်မာစကား ဟာ မူလက ကြွယ်ကြွယ်ဝဝ ရှိဟန် မတူခဲ့ပါဘူး ။ ဝေါဟာရ လည်း နည်းပါတယ် ။ စကားတန်ဆာဆင်မှု မှာ လည်း ခေါင်းပါးခဲ့ပါတယ် ။ မြန်မာ စာပေရဲ့ ခေတ်ဦး ဖြစ်တဲ့ ပုဂံခေတ် က ကျောက်စာတွေ ကို လေ့လာကြည့်ရင် သိသာပါတယ် ။ ဒီတော့ ကျွန်တော်တို့ ရှေးဦး မြန်မာတွေ ဟာ မွန်ဝေါဟာရ တွေ ... ပျူဝေါဟာရတွေ ကို ရယူပြီး မြန်မာမှု ပြုခဲ့ကြပါတယ် ... တိဗက် စကား နဲ့ တရုတ်စကားတွေ ကိုလည်း ယူခဲ့ကြတယ် ။ အထူးသဖြင့် ဘာသာရေး ဝေါဟာရ တွေ ဖောဖောသီသီ ကြီးရယူပါတယ် ။ အနိစ္စ ဒုက္ခ အနတ္တ စတဲ့ စကား က စပြီး မြန်မာ စကား ဖြစ်အောင် လုပ်ပစ်ခဲ့တာပါပဲ ...
ရှေးမြန်မာတွေ ဟာ ပါဠိ ကို မသုံးဘဲ မြန်မာ လို ကျကျနန ပြန်ပြီး သုံးဖို့ ကြိုးစား ခဲ့တာတွေ ရှိပါတယ် ။ ဥပမာ ... သဗ္ဗညုတဉာဏ် ကို သိစပ်မြင်နှံ့သောဉာဏ် လို့ ဘာသာပြန် ခဲ့တယ် ဒါပေမဲ့ သိစပ်မြင်နှံ့သောဉာဏ် လို့ ရေးရ ပြောရတာ ခံ့ညားတယ် မထင်လို့လား မသိဘူး ။ နောက်ပိုင်းမှာ သဗ္ဗညုတဉာဏ် လို့ပဲ သုံးခဲ့ ကြပြန်တယ် ။
နောက်ပိုင်း မှာ အင်္ဂလိပ် စကားတွေ ဝင်ရောက်လာတာပါပဲ ။ ကင်းဝန်မင်းကြီး ရေးခဲ့တဲ့ ခရီးသွား မှတ်တမ်းတွေမျာ နှိုင်းမတုလောက်အောင် သိုင်းခရု လိုက်ပါတယ် ။ ဆိုတဲ့ စကားတို့ ဘောပွဲ ( Ball Dance ) သွားတာတို့ ပြာနိုး ( Piano ) တီးတာတို့ ဒါတွေဟာ အင်္ဂလိပ်စကား ကို တိုက်ရိုက် ယူသုံးခဲ့တာပါ ။ ရက်ဒ်ဆီး ... ဝင်းနီးပင်လယ် နှင့် ဆိုပြီး အခုခေတ် ပင်လယ်နီ ဆိုတဲ့ အသုံးကို မသုံးဘဲ red sea လို့ဘဲ သုံးခဲ့တယ် ။ ထားပါတော့ဗျာ ဘာသာစကား ဆိုတာဟာ တခု နဲ့ တခု အပြန်အလှန် ယူငင် သုံးစွဲ ကြ တာဟာ ဓမ္မတာ သဘောလည်း ဖြစ်တယ် ၊ သဘာဝလည်း ကျပါတယ် ။ လက်ခံသင့်ပါတယ် ။
ဒါပေမဲ့ တယ်လီဖုန်း မော်တော်ကား ရက်ကော့ဒါ စတဲ့ အင်္ဂလိပ် ဝေါဟာရတွေ ကို သုံးတာ လက်ခံ သင့်ပေမယ့် မြန်မာ လို သုံးလို့လည်း ရတယ် ။ အများလည်း နားလည်နိုင်တဲ့ ဟာတွေ ကျတော့ မြန်မာ လိုဘဲ သုံးသင့်ပါတယ် ။ ဥပမာ ... ဆရာဝင်းငြိမ်း ပြောတဲ့ တင်ပရေချာ က ဟန်ဒရက်အင်သရီး ဒီဂရီ ရှိ တယ် ဆိုရင် ပြီးပါတယ် ။ ဆွေးနွေးရမယ် ဆိုရင်တော့ သိပ်ပြီး ကျယ်ဝန်း သွားပါလိမ့်မယ်ဗျာ ။
ရှင်မဟာရဠသာရ ၊ နတ်သျှင်နောင် ရဲ့ ဓါတုကလျာ စတဲ့ ကျမ်းတွေ ကို စာပေကျမ်းဂန် မြေက်မြားစွာ ကိုးကားပြီး သုတေသနပြု ရေးခဲ့ရလို့ ပင်ပန်းခဲ့ရ သလောက် ပြီးစီး အောင်မြင်သွားတဲ့ အခါ ဖြစ်ပေါ်ရတဲ့ ပီတိ ဟာလည်း အတိုင်းမသိ လောက်အောင်ပါဘဲ ...
ကျွန်တော် တမလွန်ဘဝ ကို မျက်မှောက်ပြု သွားတဲ့ အခါ ကျွန်တော် ရေးခဲ့တဲ့ ဝတ္ထု တွေ ဟာ ကာလ ကြာတာနဲ့ အမျှ ပျက်ပြယ် တိမ်မြုတ်သွားဖို့ ရှိပေမယ့် ကျွန်တော် ပြုစုခဲ့တဲ့ ကျမ်းတွေ ကတော့ ထိုက်သင့် သလောက် ကျန်ရှိနေသေးပြီး ပြည်သူလူထု ကို အကျိုး ပြုသင့်သလောက် ပြုပါလိမ့်မယ် လို့ ကျွန်တော် ရိုးသားစွာ ယုံကြည်ပါတယ် ”
“ အဖိုးတန်တဲ့ မြန်မာ့ သေနင်္ဂဗျူဟာ နဲ့ စစ်မှတ်တမ်းများ ကျမ်း ကိုလည်း ဆရာ ရေးခဲ့တာ တွေ့ရပါတယ် ။ အဲဒီ ကျမ်း ရေးသားပြုစုဖို့ အတွက် ဘယ်လို အခြေအနေ က ဖန်တီးခဲ့တာပါလဲ ...”
“ အဲဒီ မေးခွန်းကို ကျွန်တော် သိပ် ဖြေချင်ပါတယ် ဆရာ ။ တိုတိုပဲ ဖြေပရစေ ၁၉၆၄ ခုနှစ်က စပြီး ကျွန်တော် ဟာ ကာကွယ်ရေးဝန်ကြီးဌာန မှာ အမှုထမ်းခဲ့ပါတယ် ။ အခုဆိုရင် ဆယ်စုနှစ် နှစ်စု ရှိခဲ့ပါပြီ ။ တပ်မတော်သား တစ်ပိုင်း ဖြစ်နေတဲ့ ကျွန်တော် ဟာ ကျေးဇူးရှင် ပြည့်သူ့တပ်မတော် ကို ကြည်ညိုတယ် မြတ်နိုးတယ် ရိုကျိုးတယ် လေးစားတယ် အားကိုးမှု အပြည့် နဲ့ ကျေးဇူး အနန္တ လည်း တင်ပါတယ် ...
ဒါကြောင့် တပ်မတော် ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ က ဒီ ကျမ်းကို ပြုစုခဲ့တာပါ ။ ကျမ်းဦး အာသီသ အခန်း မှာ ဒီအကြောင်းကို အကျယ်တဝင့် ရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါတယ် ”
“ လုံးချင်းဝတ္ထု ၂၀၀ ကျော်ပြီ လို့ သိရပါတယ် ။ အားနာနာ နဲ့ ဆရာ ကို တစ်ခု မေးခွင့် ပြုပါ ။ ဝတ္ထုစာပေ မှာ ဘာဖြစ်လို့ ဆရာ့ ခေတ်ကို မရောက်ခဲ့ ပါသလဲ ၊ ခေတ် ရှိပြီးသားသူတွေ ကော ဘာဖြစ်လို့ အကျ မြန်ရတယ်လို့ ထင်ပါသလဲ ...”
“ အား ... သိပ်ကောင်းတဲ့ မေးခွန်းပါလား ဆရာဝင်းငြိမ်း စာပေလောက မှာ အချို့သော ပုဂ္ဂိုလ် များဟာ သူ့ ခေတ် ကို ထူထောင်နိုင်ခဲ့ကြပါတယ် ။ သူ့ ခေတ် သူ့ အချိန်အခါ နဲ့ သူ့ စန်း နဲ့ ခေတ် ကို ထူထောင် ခဲ့ကြတယ် ။ ဒါပေမဲ့ စာရေးသက် အနှစ် သုံးဆယ်ကျော် လုံးချင်းဝတ္ထု ၂၀၀ ကျော် ရေးခဲ့တဲ့ ကျွန်တော့် ကျမှ စိန်လွင်လေးခေတ် ရယ်လို့ မရှိခဲ့ရိုး အမှန်ပါပဲ ။ ဒါပေမဲ့ လုံးချင်း ဝတ္ထု မှာ အုပ်ရေ ၁၀၀ဝ က စလာတဲ့ ကျွန်တော် ဟာ အုပ်ရေ ၄၅၀ဝ အထိ ရောက်ခဲ့ဖူးပါတယ် ။ အခု အုပ်ရေ ၃၀၀ဝ နဲ့ ၃၅၀ဝ အတွင်း မှာ ရှိပါတယ် ။
ကျွန်တော့် ဘဝပေး ကုသိုလ်ပေါ့ဗျာ ။ ကျွန်တော် ဟာ အုပ်ရေ ၃၀၀ဝ က ၄၀၀ဝ ထောင် အတွင်း မှာ ကျလဲ မကျဖူး တက်လည်း မတက်ဖူး ။ နှစ်တွေ ဘယ်လောက် ပြောင်းပြောင်း ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း ပန်းပန်လျက် ပါပဲ ။ ခေတ် မရှိတဲ့ ကျွန်တော် ဟာ အဲဒီ အချက်ကိုပဲ ဂုဏ်ယူနေရ ပါတယ် ။
အရေးကြီး ထဲ က မေးခွန်း ကို ဖြေပါမယ့် ။ စိန်လွင်လေး ခေတ် ဘာဖြစ်လို့ မရောက်ခဲ့သလဲ ကျွန်တော် မထွင် လို့ မရောက်ခဲ့တာပါ ။ ခေတ် ရှိပြီးတဲ့ တချို့သူတွေ ဘာဖြစ်လို့ အကျ မြန်သလဲ သူတစ်ပါး ထက် ထူးပြီး အထွင် လွန်ကြလို့ ။ ဒါဟာ အတိုဆုံး အဖြေပါပဲ ။ အကျယ်ဝိတ္ထာရ ချဲ့မိရင် ကျွန်တော့် စကားကြောင့် အမျက်တွေ ပွားကုန်ကြပါလိမ့်မယ် ခင်ဗျာ ”
“ ဆရာတို့ ခေတ်က ပင်ကိုယ်ရေး ဝတ္ထု တွေ အောင်မြင် သလောက် ဒီကနေ့ ပင်ကိုရေး ဝတ္ထုတွေ ဈေးကွက် ကျ နေတာ တွေ့ရပါတယ် ဘာလို့ ဆရာ ထင်ပါသလဲ ”
“ ကျွန်တော် တရားခံ ဖြစ်တော့မှာပဲ ဆရာဝင်းငြိမ်း ။ ဘယ် ပင်ကိုယ် ရေးဝတ္ထု မဆို ရသ မပါရင် ဇာတ်လမ်း ဇာတ်အိမ် မခိုင်မာရင် စေတနာ မမှန်ရင် မအောင်မြင်နိုင်ပါဘူး ။ ကျွန်တော် ပြောတာကို ဉာဏ် ရှိ သလောက် အကျယ်သာ တွေးယူပါတော့ ”
“ ဆရာ ကဗျာလည်း ရေးတယ်လို့ သိရပါတယ် ဒီကနေ့ မဂ္ဂဇင်း ကဗျာ အပေါ် ဘယ်လိုမြင်ပါသလဲ ...”
“ ကဗျာ ဆိုတာ ဘာလဲ ။ အဲဒီ အဓိပ္ပာယ် ကို နှိုက်နှိုက်နှဲနှဲ တိတိကျကျ မှန်မှန်ကန်ကန် သိရင် ဆရာ့ မေးခွန်း ရဲ့ အဖြေ ပေါ်လာပါလိမ့်မယ် ။ ကဗျာဖွဲ့ထုံး အခြေခံ ၊ သတ်စပ်က ကာရန် ၊ ကဗျာ အမျိုးအမည် နဲ့ မြန်မာ ဝေါဟာရ တို့ကို ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့ သူ က ကဗျာ ဖွဲ့ရင် အဲဒီ ကဗျာ ဆိုတာရဲ့ အဆင့် ကို ဝေဖန် နိုင်ပါလိမ့်မယ် ။ ယနေ့ခေတ် ကဗျာ ဝေဖန်ချက် ဆောင်းပါး တစ်စောင် ဓမ္မဓိဋ္ဌာန်ကျကျ ကျွန်တော် ရေး ပြီး ဆရာတို့ မဂ္ဂဇင်းတိုက် ကို ပို့ပါရစေ ”
“ ကြိုဆိုပါတယ် ဆရာ ၊ ရေးပါ ။ ဆရာ့ ဝတ္ထု တော်တော်များများ ရုပ်ရှင် ရိုက်ခဲ့တယ်လို့ သိရပါတယ် ။ ဘယ်နှပုဒ် ရိုက်ပြီးပါပြီလဲ ”
“ ကျွန်တော်ဟာ ဇာတ်ညွှန်းရေးသူ လည်း ဖြစ်ပါတယ် ။ ကျွန်တော့် ဝတ္ထုဇာတ်ညွှန်း ၁၉ ခု ကို ရုပ်ရှင် ရိုက်ကူး ပြီးပါပြီ ။ ရိုက်ဆဲ နှစ်ကား ရှိပါတယ် ”
“ ဘယ်ကားကို အားရကျေနပ်ပါသလဲ ”
“ ကားတိုင်း လိုလို မဆိုးလှပါဘူး ။ ဒါပေမဲ့ ပထမဆုံး ရုပ်ရှင်ကား ဖြစ်ခဲ့တဲ့ “ မေတ္တာပုလဲသွယ် ” ကို ကျေနပ် အားရ အဖြစ်ဆုံး ပါပဲ ။ “ အထိန်းက မတတ် စိမ်းဆတ်ဆတ် ” ၊ “ ဘယ်ဆုတောင်းမလဲ ချစ်သူ ” ၊ “ နေလို နတ်ကယ် လှသူရယ် ” တို့လည်း မဆိုးပါဘူး ”
“ ဆရာ့ အတွေ့အကြုံ အရ ဒီကနေ့ ကျင်းပနေတဲ့ စာပေဟောပြောပွဲတွေ ဟာ ဘယ်လောက် အထိ စာပေဝါသနာ ရှင်တွေ အတွက် အထောက်အကူ ပြုနိုင်တယ်လို့ ထင်ပါသလဲ ”
“ မီးခဲ မေးခွန်းကြီးပါလား ဆရာဝင်းငြိမ်း ။ ဒီမေးခွန်း ကို မဖြေပါရစေနဲ့ ခင်ဗျား ။ ကျွန်တော် ဟာ အသက် ၁၄ နှစ်သား ကတည်းက ဟောပြောပွဲ စင်မြင့်ပေါ် တက်ခဲ့သူ ဆိုတော့ ခေတ် အဆက်ဆက် ကို မီပါတယ် ။ ကျွန်တော် ပြောရင် “ ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ် ” ဆိုတဲ့ စကား လို ဖြစ်နေမှာ စိုးလို့ မဖြေပါ ရစေနဲ့ ။ တစ်ခုတော့ ရှိပါတယ် ။ ပင့်မိတဲ့ ဒေသ က လူတွေ အမွန်အမြတ် ထားပြီး ကျွေးတာကို ဗိုက်ကား အောင်စား ၊ အခွင့်အရေးတွေ နင်းကန် တောင်း ၊ လက်ဆောင်တွေ အတင်းယူ ၊ အရက်တွေ ဒလဟော သောက်ပြီး စင်ပေါ်တက် ဟောတာတွေ ကတော့ “ ကုသိုလ် တစ်ပဲ ၊ ငရဲ တစ်ပိဿာ ” ပါပဲ ”
“ ကျွန်တော် မေးချင်တာ တော့ ပြည့်စုံသွားပါပြီ ။ ဆရာ ဖြည့်စွက်ချင်တာများ ရှိရင် ပြောပါ ”
“ ဒီမေးခွန်းနဲ့ အဖြေ ကတော့ “ မျောက်သုံးကောင် ” ပါပဲ ။ တွေ့ဖူးပါလိမ့်မယ် ။ မျောက် တစ်ကောင် က မျက်စိ နှစ်လုံး ကို လက်ဝါး နဲ့ ပိတ်ထားတယ် ။ မျောက် တစ်ကောင် က ပါးစပ် ကို လက်ဝါး နဲ့ ပိတ်ထားပါတယ် ။ ကျွန်တော် ဖြည့်စွက်ချင်တာ ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ကာလဒေသ အရ မျောက်သုံးကောင် ထုံး ကို နှလုံး မူလိုက်ပါပြီ ။ ကျေနပ်ပါတော့ ဆရာ ဝင်းငြိမ်း ”
“ ကျေးဇူး အများကြီး တင်ပါတယ် ဆရာ ။ တပ်မတော် တာဝန် ၊ မင်္ဂလာပွဲ တာဝန် ၊ စာပေလုပ်သား တာဝန်တွေ များလှတဲ့ ကြားက အချိန်လုပြီး ဖြေပေးတဲ့ အတွက် စာတည်းအဖွဲ့ ကိုယ်စား ၊ စာဖတ်ပရိသတ် ကိုယ်စား နဲ့ ကျွန်တော့် ရင်ထဲက မေးချင်တာတွေ ကိုပါ ဖြေသွားတဲ့ အတွက် ကျေးဇူးပါ ဆရာ ”
“ ရပါတယ်ဗျာ ။ လိုတဲ့ အကူအညီ ရှိရင်လည်း အချိန်မရွေး လာပါ ။ ကျွန်တော် ဘိသိက်ဆရာ ဆိုတာ ဆရာဝင်းငြိမ်း မေ့မထားနဲ့နော် ။ ဘာသာစုံ နဲ့ ဘိသိက် မြှောက်တတ်တယ်နော် ”
“ လိုအပ်တဲ့အခါ ... အဲ ... အထင် မကြီးလိုက်နဲ့ဦး ဆရာ ။ သူငယ်ချင်းတွေ လိုအပ်တဲ့အခါ ကျွန်တော် လာခဲ့ပါ့မယ် ”
ကျွန်တော် တို့ နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း ရယ်လိုက်မိကြပြီး ဆရာ့ နေအိမ် ရှိရာ အမှတ် - ၃၅ ( ဘီ ) ၊ ကျိုက်ဝိုင်း ဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် က ပြန်လည် ထွက်ခွာ လာခဲ့ပါတော့တယ် ။
⎕ ဝင်းငြိမ်း
📖ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၃၆
မေလ ၊ ၁၉၈၄ ခုနှစ်
No comments:
Post a Comment