Monday, June 2, 2025

သုဝဏ္ဏဘူမိ


 ❝ သုဝဏ္ဏဘူမိ ❞


ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ကို ဖြတ်သန်းပြီး ပင်းမြစ် စီးဆင်း နေတယ် ။ မြစ် က သိပ် အကျယ်ကြီး မဟုတ်ပေမယ့် မြစ်ရေ က ကြည်လင်တယ် ။ မြစ်ကမ်းပါး တစ်လျှောက် မှာ သစ်ပင်ပန်းပင်တွေ နဲ့ စိမ်းမြ လှပတယ် ။


ပင်းမြစ် နဲ့ ယှဉ်လျက် ရှိတဲ့ လမ်းပေါ် မှာ ပန်းချီ အနုပညာ အရောင်းပြခန်း တစ်ခု ရှိတယ် ။ ထိုင်းရိုးရာ နှစ်ထပ်အိမ် ။ အပေါ်ထပ် က ပျဉ်ချပ်တွေ က ရေနံကြီး အညိုရောင် ၊ အောက်ထပ် ကတော့ လိမ္မော်ရောင် သုတ် ထားတယ် ။ အိမ် မှာ ခရမ်းနု ရောင် ဆိုင်းဘုတ် တစ်ခု တင်ထားပါတယ် ။ အညိုရင့်ရင့် ၊ ခရမ်းနုရောင် နဲ့ လိမ္မော်ရောင် တို့ က လိုက်ဖက်ပြီး ဆွဲဆောင်မှု ရှိနေတယ် ။ ခရမ်းနုရောင် ဆိုင်းဘုတ် မှာ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတာ က Suvannabhumi Art Gallery ။ မြန်မာအမျိုး သမီး မမာမာ ဖွင့်ထားတဲ့ သုဝဏ္ဏဘူမိ အနုပညာ အရောင်းပြခန်း ။


ကျွန်တော် နဲ့ မမာမာ က ခင်မင်ရင်းနှီး နေခဲ့တာ ကြာပြီမို့ ချင်းမိုင်မြို့ ကို ရောက်ခိုက်မှာ သုဝဏ္ဏဘူမိ ကို ကျွန်တော် လည်း သွားတယ် ။ သူ့ ဂယ်လာရီ ထဲ မှာ ထိုင်ပြီး စကားစမြည် ပြောဖြစ်ကြတယ် ။ မြန်မာ အမျိုးသမီးလေး တစ်ယောက် အနေနဲ့ ထိုင်းနိုင်ငံ ရဲ့ ဒုတိယ မြို့တော် မှာ ဘယ်လိုများ ဂယ်လာရီ တစ်ခု လာ ဖွင့်ဖြစ်ပါလိမ့် ။ 


“ အစ ကတည်း က ပန်းချီကားတွေ မြတ်နိုးလို့ ပန်းချီကားတွေ ချစ်လို့ ဆိုပြီး ဝယ်စုခဲ့တာ ၊ ၁၉၈၆ - ၈၇ ခုနှစ်လောက် က မန္တလေးတက္ကသိုလ် မှာ ကျွန်မ နောက်ဆုံးနှစ် တက်ရင်း စုတာ ၊ အပေါင်းအသင်းတွေ တော်တော်များများ ကလည်း ပန်းချီဆရာ တွေ ဖြစ်နေတယ် ၊ ပန်းချီကားတွေ ကို ကိုယ့် မုန့်ဖိုး ထဲက ဝယ်စုဖြစ်တာ ၊ တကယ့် တကယ် ပန်းချီကား ၁ဝဝ လောက် ဝယ် စုမိတဲ့ အချိန် ကျွန်မ က အိမ် ကို ဧည့်သည် လာတိုင်း ထုတ်ထုတ် ပြတာ ၊ ကြည့်မိသူတွေ က အကြံပေးတာပေါ့ ။ ကိုယ် တစ်ယောက် တည်း ကြည့်မယ့် အစား အခြား သူတွေ ကို လည်း ကြည့်ခွင့် စီစဉ်ပေးနိုင်ရင် ပိုကောင်း တယ် ၊ ပြခန်း ဖွင့်ပါလား ပြောတာ ၊ တာချီလိတ် မှာ ၁၉၉၉ ခု ၊ ဇန်နဝါရီ ၁ ရက်မှာ စ ဖွင့်တာ ”


“ မမာ ရဲ့ ဇာတိက ”


“ လားရှိုး ၊ လားရှိုး ကောလိပ် က ဒုတိယနှစ် အောင်တယ် ၊ တတိယနှစ် နဲ့ စတုတ္ထနှစ် ကျမှ မန္တလေး တက္ကသိုလ် ရောက်တာ ၊ ကျွန်မ အဖေ က ဆောက်လုပ်ရေး ဝန်ထမ်း ပါ ။ ကျွန်မ အစ်ကိုကြီး က အားကစားမှူး ၊ သူ့ ပထမဆုံး posting က တာချီလိတ် မှာ ကျတာ ၊ ကျွန်မ တာချီလိတ် ကို လိုက် နေတယ် ”


“ တက္ကသိုလ် က ဘွဲ့ ရပြီးတော့ ဘာလုပ်လဲ ”


“ ၁၉၈၇ မှာ မန္တလေး တက္ကသိုလ် က မြန်မာစာ အဓိက နဲ့ ဘွဲ့ရတယ် ၊ အစ်ကို တွေ ရှိရာ တာချီလိတ် ကို သွား နေတယ် ၊ အစ်ကိုငယ် ကလည်း တာချီလိတ် မှာ စီးပွားရေး လုပ်နေတယ် ၊ ကျောင်းပြီး သွားတော့ ကျွန်မ က ( ထိုင်းနိုင်ငံ ) မယ်ဆိုင် ဘက် မှာ အရောင်းစာရေးမ သွား လုပ်ချင်တယ် ၊ အစ်ကိုငယ် က မလုပ်ရဘူး ၊ သူ့ အလုပ် ပဲ ဝင် ကူခိုင်းလို့ လုပ်တာ ၊ ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ် လောက် ကြာတယ် ၊ အစ်ကို တွေ အရိပ်အောက် မှာပဲ နေခဲ့တာ ”


“ ဂယ်လာရီ စ ဖွင့်တဲ့ အတွေ့အကြုံ ပြောပြပါဦး ”


“ ၁၉၉၉ ခု တာချီလိတ် မှာ ဖွင့်တော့ ဂယ်လာရီ နာမည် က ကျူဘစ် တဲ့ ၊ ဖွင့်စ တုန်းက မရောင်းရဘူး ၊ ကျွန်မ အမေ ကတော့ ဝင် ကြည့်တဲ့လူတောင် မှ မရှိတဲ့ ပြခန်းလေး မှာ ကျမ်းစာအုပ်လေး Bible ပေါ့နော် ဖတ်ရင်း စောင့်ပေးတယ် ၊ ကျွန်မ မိသားစု မှာ အစ်ကိုတွေ က ကျွန်မ ရူးတယ်ပေါ့နော် ”


မမာမာ က ပြောရင်း ရယ်ပါတယ် ။


“ တစ်ခါတလေ တော့ ထိုင်းဧည့်သည်တွေ နယ်စပ်ကူးဝင် လာရင်း ဝင်ကြည့်တယ် ၊ နည်းနည်းချင်း စ ရောင်းတယ် ၊ ကျွန်မ ဂယ်လာရီ ကို လာ ကြည့်မယ့်သူ မရှိဘဲ ဖြစ်နေတယ် ”


“ ပိတ်လိုက်ကောလား ”


“ ဧည့်သည် လာမယ့် ဘက်ဆိုပြီး ၂၀၀၂ ခုနှစ် မှာ မယ်ဆိုင် ကို ပြောင်း လိုက်တယ် ၊ ထိုင်းနိုင်ငံ ဘက် ကို ပြောင်းပြီး ဂယ်လာရီ ဖွင့်မယ် ဆိုတော့ ဆရာကြီး ဒေါက်တာသန်းထွန်း ကို အမည်သစ် ရွေး ပေးဖို့ ပြောတယ် ၊ အမေ လူထုဒေါ်အမာ ရဲ့ မွေးနေ့ပွဲ လာရင်း ဆရာကြီးက သုဝဏ္ဏဘူမိ လို့ အမည် ပေးတာပါ ၊ ၂ဝဝ၄ ခု နှစ်ဦး လောက် အထိ မယ်ဆိုင် မှာပဲ ဖွင့်နေတာ ။ တစ်ရက် ကျတော့ ပြင်သစ် ဧည့်သည် တစ်ယောက် ၊ သူ က ရှေးဟောင်း ပစ္စည်းတွေ စုတဲ့လူ ၊ ရှေးဟောင်း ပစ္စည်းဆိုင်လာရင်း ကျွန်မ ဆိုင် ကို မြင်သွားတာ ၊ ပန်းချီကားတွေ က အရမ်း ကောင်းတယ် ၊ ချင်းမိုင် ကို ရွှေ့လိုက်ရင် သိပ် ကောင်းမှာ ၊ ဘာဖြစ်လို့ ဒီမှာ အချိန်ကုန် ခံနေမှာလဲတဲ့ ၊ အမှန်အတိုင်း ပြောရရင် ကျွန်မ ချင်းမိုင် ကို စိတ်ဝင်စားတယ် ၊ ချင်းမိုင် က မန္တလေး နဲ့ တူတယ်တဲ့ ”


“ ဘယ်အချိန်မှာ ရွှေ့ဖြစ်လဲ ”


၂ဝဝ၄ ခုနှစ် မှာ ချင်းမိုင် ကို ရွှေ့ဖြစ် သွားတယ် ၊ ထေးဝရစ်လမ်း ၊ ကျွန်မတို့ မြန်မာ လို ဆိုရင်တော့ ဒေဝတာလမ်း ပေါ့ ၊ ဂရင်းဗျူး ဟိုတယ်ကြီး ရဲ့ နောက်မှာ ဖွင့်တယ် ” 


“ အလုပ် ဖြစ်ပြီပေါ့ ”


မမာမာ က ရယ်ပါတယ် ။


“ ရှစ်လ လောက် လုံးဝ မရောင်းရဘူး ၊ ရှစ်လ လောက် ကျွန်မ အပြင် လည်း သိပ် မထွက်ဘူး ၊ အလုပ်သမား လည်း မရှိဘူး ၊ ကျွန်မ ဟာ ကျွန်မ ကြမ်းတိုက် ၊ ဖုန်သုတ် ရတယ် ”


“ ဈေးဦး ပေါက်တာက ”


“ ပထမဆုံး စ ဝယ်တဲ့ သူ က ဟောင်ကောင် က ၊ ကျွန်မ က ရောက်ရောက်ချင်း Art and Culture ဆိုတဲ့ Guide book ထဲ မှာ ကြော်ငြာလေး ထည့်တယ် ၊ ဂိုက်ဘုတ် ကို ကြည့်ပြီး ရောက်လာတာ ၊ ကျွန်မ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာပဲ ကျွန်မ ပိုင်တဲ့ ပန်းချီကား အချို့ ကို ပြည်တွင်း ကပဲ ဝယ်သူ ပေါ်လာတယ် ၊ ဆရာ ပေါ်ဦးသက် ကားလေးတွေ နဲ့ ဆရာဦးခင်မောင် ( ဘဏ် ) ရဲ့ ကားလေးတွေ ရောင်းလိုက်ရတယ် ၊ ကျွန်မ မှာ ရှိတယ် ဆိုတာ သိတဲ့ ပြည်တွင်း က လူ တစ်ယောက် က ဆက်သွယ်ပြီး ဝယ်တာပေါ့ ”


“ အသက်ရှူ နည်းနည်းတော့ ချောင်သွားတာပေါ့ ” 


ကျွန်တော့် မေးခွန်း ကို သူ မဖြေပါ ။ အဖြစ်အပျက် တစ်ခုကို သူ က ဆက် ပြောတယ် ။


“ အဲဒီ ပြခန်း နေရာဟောင်းလေး မှာ ပဲပေါ့ ၊ မှတ်မှတ်ရရ ၂ဝဝ၅ ခု ပေါ့ ၊ နည်း နည်းလေး စ ရောင်းရတဲ့ အချိန် ၊ အဆာဟိရှင်ဘွန်း သတင်းစာ က သတင်းထောက် တစ်ယောက် က ဆရာ ဦးကံညွန့် ရဲ့ကား ကို ဝယ်သွားတယ် ၊ ဆရာဦးကံညွန့် ရဲ့ ကား က ဆီဆေးကား ပါ ၊ ဆရာ့ ဆီဆေးကား က ရှားတာပေါ့နော် ၊ အဲဒီ ကား က ရောင်းရန် မဟုတ်ပါ လို့ ရေးထားတဲ့ကား ၊ သူ က လည်း အဲဒီကား မှ လိုချင်တယ် တဲ့ ၊အဲဒီ အချိန်မှာ ကျွန်မ ကလည်း အဲဒီ ကား ရောင်းရမှ အဆင်ပြေ မှာ ၊ ကျွန်မ ရောင်း လိုက်တယ် ၊ ရောင်းပြီးတော့ ကျွန်မ ငိုတယ် ဆရာ ” 


ခုတော့ သူ ပြောရင်း ရယ်ပါတယ် ။


“ ကျွန်မ အရမ်း နှမြောတာကိုး ၊ ဂျပန်သတင်းထောက် က ပြောတယ် ၊ တအား လွမ်းတဲ့ အခါကျရင် သူ့ အိမ်လာ ကြည့်ပါတဲ့ ၊ ကျွန်မ ပန်းချီကားလေး ကို သူ့ အိမ်မှာ ပဲ ချိတ်ထား မှာပါ လို့ ပြောတယ် ၊ မရောင်းရတာ ထက် ကျွန်မ မြတ်နိုးတဲ့ ကားလေးတွေ ရောင်းလိုက်ရတဲ့အချိန် မှာ ပိုပြီး ခံစားရတယ် ”


မမာမာ က တွေတွေလေး ဖြစ်သွားတယ် ၊ ရောင်းလိုက်ရတဲ့ သူ့ ပန်းချီ ကားတွေ ကို အမှတ်ရ နေတဲ့ ပုံပါ ။


“ ကျွန်မ စိတ် ထဲ မှာ ခံစားရတာ တစ်ခု ရှိတာကတော့ ကျွန်မ ဘယ်လောက်ပဲ အဆင်ပြေပြေ ၊ အခုချိန်မှာ ဆရာ ပေါ်ဦးသက် တို့ ၊ ဆရာ ဦးခင်မောင် ( ဘဏ် ) တို့ ရဲ့ ပန်းချီကားတွေ ကို ကျွန်မ ပြန် မဝယ်နိုင်တော့ဘူး ၊ ဝယ်နိုင်ရလောက်အောင် လည်း ပိုက်ဆံ မရှိတော့ဘူး ၊ ပြောရမယ် ဆိုရင်တော့ ကျွန်မ …. ”


“ ဒီ ပန်းချီပြခန်း လုပ်တာ ကျွန်မ ရှုံးတယ် ”


မမာမာ က ပြောရင်း ရယ်ပါတယ် ။


“ ကျွန်မ က ပြခန်းခလေး ရရင် တော်ပြီလို့ ထင်နေတာ ၊ သုံးနှစ်မြောက် တဲ့ နေ့မှာ အခန်းပိုင်ရှင် က အခန်း ပြင်တော့မယ် ဆိုလို့ ဒီနေရာ ( ပင်းမြစ် ဘေးက လမ်း ) ကို ရောက် လာတာ ”


“ ဘယ်တုန်းကလဲ ”


“ ၂ဝဝ၇ ခုနှစ် ၊ အောက်တိုဘာလ ၊ ကျွန်မ အရမ်း သောက များနေတဲ့ အချိန် ပေါ့ ၊ ၂ဝဝ၇ ခု ၊ သြဂုတ်လ မှာ ကျွန်မ အဖေ ဆုံးတယ် ၊ ကျွန်မ ဂယ်လာရီ ချင်းမိုင် ပြောင်းတာ သုံးနှစ် ပြည့်တယ် ဆိုပြီး ချင်းမိုင်တက္ကသိုလ် Art Museum မှာ Myanmar Contemporary Art ပြပွဲလုပ်တယ် ၊ အဲဒီအချိန် ၊ မေမြို့ ( ပြင်ဦးလွင် ) မှာ နေတဲ့ အဖေ ရုတ်တရက် လေဖြတ်ပြီး မန္တလေးဆေးရုံ တင် လိုက်ရတာ ၊ ကျွန်မ အရမ်း ပြန်ချင်တာ ၊ ချင်းမိုင်တက္ကသိုလ် မှာ ပြနေတဲ့ ပြပွဲ က သုံးပတ် မပြည့်သေးဘူး ၊ ပြပွဲ ပြီးရင် ပန်းချီကားတွေ သိမ်းရမယ် ၊ ဘယ်သူမှ လုပ်မယ့်သူ မရှိဘူး ၊ ကျွန်မ ပဲ လုပ်ရမယ် ”


သူ တွေ့ကြုံ နေရတဲ့ အခက်အခဲ ကို ကျွန်တော် တွေးပြီး စာနာမိတယ် ။

 

“ မောင်နှမတွေ အားလုံး အဖေ့ အနား ကို ရောက်သွားကြပြီ ၊ ကျွန်မ ပဲ ကျန်တာ ၊ အဖေ လေဖြတ်ပြီး ၁၄ ရက် လောက် ကြာတယ် ၊ ကျွန်မ အားလုံး သိမ်းဆည်းပြီး အဖေ့ ဆီ ပြန်မယ့် မနက် မှာ ကျွန်မ အဖေ က ဆုံးနှင့်တယ် ”


စိတ်မကောင်းစရာပါ ။


“ ကျွန်မ ရောက်ရင် အလောင်းတော့ မီဦးမယ် ထင်တယ် ၊ အဲဒီ နေ့ က နေ့ချင်း သင်္ဂြိုဟ် လိုက်ရတယ်တဲ့ ၊ ဘာကြောင့်လဲ ဆိုတော့ အဖေ မဆုံးခင် အရပ် ထဲ က တစ်ယောက် က ဆုံးနှင့်တယ် ၊ နောက် သေ အရင် ချရမယ် ဆိုတဲ့ ဓလေ့ကြောင့် အဖေ့ ကို သင်္ဂြိုဟ် လိုက်ပြီ ၊ ကျွန်မ ဘာမှ မမြင်လိုက်ရတော့ဘူး ”


မမာမာ က ခပ်ငေးငေး ဖြစ်သွားပါတယ် ။


“ ကျွန်မ စိတ် ထဲမှာ တော်တော် ခံစားရတယ် ၊ ကျွန်မ တော်တော်များ တစ် ကိုယ်ကောင်း ဆန် သလားပေါ့ ၊ ကျွန်မ လုပ်ချင်တာတွေပဲ လုပ်နေတာ ၊ ခြောက်လ လောက် ကျွန်မ ဖြေလို့ မရဘဲ ဖြစ်နေတယ် ”


ကျွန်တော် ဘာမှ မပြောဘဲ သူ ပြောတာပဲ တိတ်ဆိတ်စွာ နားထောင်တယ် ။ 


“ တစ်ရက် မှာ တော့ ဘယ်လ်ဂျီယံ က ဆရာဝန်ကြီး တစ်ယောက် ကျွန်မ ဂယ်လာရီ လာရင်း ကျွန်မ မျက်နှာ ကို ကြည့်ပြီး နင် နေကောင်းလား တဲ့ ၊ သူ က ဆရာဝန် ဆိုတော့ သိတယ်လေ ၊ ကျွန်မ အဖေ နဲ့ ပတ်သက်ပြီး ခံစား နေရတာ ပြောပြတော့ နင့် အဖေ က ဆေးရုံ ပေါ်မှာ ၊ နင် က ပန်းချီပြပွဲ လုပ်နေတယ် ၊ နင် က ဖုန်းဆက်ပြီး ဒယ်ဒီ့ ဆီ လာခဲ့ရမလား မေးရင် နင့် အဖေ က ဖြေ လိမ့်မယ် ၊ မလာနဲ့ သမီး ၊ စိတ် မပူပါနဲ့ ၊ သမီး အလုပ်တွေ ပဲ သမီး လုပ်ပါလို့ ပြောမှာပဲ ၊ အခု နင် ငိုနေတယ် ၊ နင် ငိုနေတာကို နင့် အဖေ က စိတ်ချမ်းသာမယ် ထင်သလား ၊ နင် ကောင်းတဲ့ အလုပ် လုပ်နေတာ ၊ နင့် အဖေ က သဘောကျမှာပါလို့ ပြောမှ ကျွန်မ ဖြေသာ သွားတယ် ”


ကျွန်တော် လည်း ယခု မှ သက်မ ချနိုင်တယ် ။


“ ကျွန်မ ဘဝ မှာ အဲဒါ မေ့လို့ မရဘူး ၊ အခုဆို ကျွန်မ အမေ အသက် ၉၀ ၊ အမေ့ အနား မှာ မနေနိုင်ဘူး ၊ တစ်ခါတလေ ကိုယ့် ဟာ ကိုယ် မကျေနပ်ဘူး ၊ အမေ့ ဆီ တစ်လ တစ်ခေါက်လောက် တော့ ပြန်ပြန် ကြည့်ပါတယ် ”


“ ပြခန်း နေရာ ပြောင်းတာ လည်း ပြောပြပါဦး ”


ကျွန်တော် က စိတ် သက်သာရာ ရလိုရငြား စကားလမ်းကြောင်း ပြောင်း လိုက်တယ် ။


“ ဟိုဘက် က ၂၀၀၇ စက်တင်ဘာ ၃၀ ရက် နောက်ဆုံး တဲ့ ၊ အောက်တိုဘာ ၁ ရက် ဒီဘက် ပြောင်းတယ် ၊ အရင် နေတဲ့ လူ က လျှပ်စစ်မီတာခ မဆောင်လို့ တဲ့ ၊ မီးဖြတ် ခံထားရတယ် ၊ မှောင်မှောင်ကြီး ထဲ မှာ ကျွန်မ ထိုင်နေတာ ၊ ထိုင်နေတုန်း မှာပဲ ကျွန်မ ဆီ ဖုန်း ဝင်လာတယ် ၊ ဝယ်နေကျ စကော့တလန် က လူ ၊ နင် ဘယ်ပြောင်း သွားတာလဲ ၊ ငါတို့ လိုက်လာချင်တယ်တဲ့ ၊ ကျွန်မ ဒီပြခန်း ရောက်တာ နဲ့ ချက်ချင်း ရောင်းရတယ် ၊ ဒီ ပြခန်းလေး က တော်တော် အဆင်ပြေတယ် ” 


“ ရေခံမြေခံ ကောင်းတာပေါ့နော် ”


မမာမာ က ပြုံးနေပါတယ် ။ ယခုအခါ မှာ မြန်မာနိုင်ငံ က နာမည်ကြီး ပန်းချီဆရာတွေ ၊ ဓာတ်ပုံဆရာတွေ ရဲ့ လက်ရာတွေ သုဝဏ္ဏဘူမိ မှာ ပြခဲ့ပြီ ။ မြန်မာ့ ပန်းချီကားတွေ ဝယ်ယူ အားပေးသူတွေ များလာပြီ ။ သူ့ ပြခန်း မှာ ကမ္ဘာကျော် ပန်းပုဆရာတွေ ဖြစ်တဲ့ ဟော်လန် က Emile Cornelis , အမေရိကန် က Jim Mcnail , အိုင်ယာလန် က Elizabeth Jon တို့ က သူတို့ လက်ရာပန်းပုတွေ ကို လာပြီး တင် ထားတာ တွေ့ရတယ် ။


“ ၂ဝဝ၆ ခုနှစ် မှာ ဆရာဦးတင်မိုး လာတော့ ဂယ်လာရီ မှာ တစ်နေကုန် ထိုင် ပြီးနေတယ် ၊ ကျွန်မ ပြခန်း မှာ နေရင် မြန်မာပြည် အငွေ့အသက်တွေ ရပြီး မြန်မာပြည် ကို လွမ်းတာပဲတဲ့ ၊ သူ က တစ်လ နီးပါးလောက် လာ နေပြီး ကျွန်မ အရောင်းအဝယ် သိပ် မရှိတာ မြင်တယ် ၊ ပန်းချီ တစ်ကား ကို အရင်း အတိုင်း ရောင်းရတယ် ဆိုရင် တောင်မှ ငါ လုပ်တဲ့ အလုပ် က မြတ်တယ်လို့ အောက်မေ့ပါတဲ့ ၊ ဆရာ ဦးတင်မိုး ပြော တာ ၊ အဲဒီ စကား ကို ကျွန်မ ကို အတော် အားရှိပါတယ် ” 


“ ရူးတယ်လို့ ပြောတဲ့ အစ်ကို ကော ”


“ ချင်းမိုင်တက္ကသိုလ် မှာ လုပ်တဲ့ ပြပွဲ ကို ကျွန်မ အစ်ကိုတွေ လာကြတယ် ၊ အဲဒီကျမှ သူတို့ ကလည်း ကျွန်မ လုပ်တာကို ဂုဏ်ယူပါတယ်တဲ့ ၊ ကျွန်မ ကလည်း သူတို့ ကို ကျေးဇူးတင်ပါတယ်လို့ ”


“ ရူးခွင့်ပေးခဲ့လို့လား ” 


မမာမာ က ရယ်ပါတယ် ။


 ⎕ ကျော်ရင်မြင့်

📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment