❝ ချိတ် နှစ်ချောင်း ❞
( ဂျူလိုင်မိုး )
နယုန်မိုးသေး ၊ မြက်သားမွေး ။
နယုန်လ သည် မြန်မာ့ တစ်ဆယ့်နှစ်လတို့ တွင် တတိယလ ။
မေထုံရာသီဖြစ်၏ ။ နက္ခတ်မှာ ဇေဋ္ဌ ။
ဇီဇဝါ ၊ ဇလပ် ၊ စံပယ် ၊ မြတ်လေးပန်းများ ပွင့်ကြသည် ။
နယုန်လ ကို ကျောက်စာ၌ နယုန် ဟုလည်း ရေးသည် ။
နယုန် ဆိုသည်မှာ မိုးရွာချိန် ၊ မိုးကျချိန် ။
မိုးရွာချိန်လ ၊ မိုးကျချိန်လ ဟု အဓိပ္ပာယ် ရသည် ။ နယုန်လ တွင် စာပြန်ပွဲတော် ကျင်းပသည် ။
[ ၁ ]
နွေသနှစ်ပေမို့ ရေမြစ်ကယ် သီတာဝယ် ၊ ဖီလာလာစုံခြေနှင့် ၊ ရဂုံနေသာဟန်မို့ ၊ ခါဂိမှန်မေထုန် ကို ၊ သိန်တပုံသွင်ထူးပြန်တော့မတဲ့ ၊ မင်ဖူးရောင် ။
( စာဆိုတော် ဦးမင်း )
မိုးဦးနိဒါန်း .. ။
ရွာနေသော မိုးက မိုးသေးမိုးဖွဲလေးမျှ ။
နယုန်မိုး သည် မိုးသေး မိုးမွှား သာ ဖြစ်သော်လည်း ရှိနေသော အပူချိန် ၊ အပူရှိန် ကိုတော့ သိသိ သာသာကြီး လျော့ကျ သွားစေ၏ ။
မည်မျှ သေးသည့် မိုး ဖြစ်စေ ၊ ရွာချ ရွာချ နေပြီ ဆိုတော့လည်း နွေပန်းချီ မှာ စိုစိုပြည်ပြည် ဖြစ်လာသည် ။
သစ်ပင်များ သည် အရိုးပြိုင်ပြိုင်း မဟုတ်ကြတော့ ။ ရွက်ညွန့် ကိုယ်စီ နှင့် အညှာ မှာ မြရည် လိမ်း လာကြပြီတည့် ။
အေးလာပြီ စိုလာပြီ ဆိုသည်နှင့် မြေပေါက်ပင်တွေ မှ မဟုတ် ။ ကန်သာယာ ကန်ရေပြင် ပေါ်မှ ရေပေါ်ပင်များ လည်း လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာ၏ ။
အထင်အရှားဆုံး ကတော့ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ပေါက်နေကြသော ပေါင်းမြက်တောများ ၊ ကန်စပ်ပင်လယ် ရေထဲ တွင် အများဆုံး မင်းမူတောထ နေသော ပေါင်းမြက်ပင်ကြီးများ မှာ စိမ်းဖျော့ဖျော့ ဝါတာတာ ရှိနေခဲ့ရာ မှ သိသိသာသာ အရောင် ပြောင်း လာကြသည် ။ ခွေတေတေ အပင်တွေ က ယခုတော့ ထောင်ထောင်ထောင်ထောင် နှင့် စိမ်းစိမ်းရင့်ရင့် ။
သည်အချိန် သည်ကာလမျိုး တွင် ကန်သာယာ ကန်ကြီး အတွင်း ရေထဲ ရှင်သန်သည့် ပေါင်းမြက်တောပြင်ကြီးများ ကို စောဒီးပိန် အထူး စိတ်ဝင် စားသည် ။ တခြား ငါးရံ့ပစ်သမားများ ရေကွက်ရေပေါက် ရေပြင်တွေ မှာ သားအုပ် ရှာပြီး သားပေါက် လိုက် နေချိန်တွင် စောဒီးပိန် ကတော့ သည် ပေါင်းမြက်ပြင်များအကြား တလှုပ်လှုပ် တကုပ်ကုပ် ။
••••• ••••• •••••
[ ၂ ]
“ ဖလပ် - ဖလပ် - ဖလပ် - ဖလပ် ”
“ တွီ - တွီ - တွီ - တွီ ”
ရေပေါ်ပင်တွေ ကြားမှ တတွီတွီ အော်ရင်း အုတ်ညိုရောင် တစီးမှုတ် တစ်ကောင် လန့်ပျံသွား၏ ။ တစီးမှုတ်ရေငှက် မှာ ဝမ်းဘဲမျိုးစုဝင် ဖြစ်၏ ။ အတောင်ပံသေးငယ်သောကြောင့် ရေပေါ် မှ ပျံတက်ရာတွင် နှေးကွေးလှသည် ။ လေထဲ ရောက်သွားတော့ လည်း ပျံလိုက်ပုံ မှာ မြန်လိုက်သည့် ဖြစ်ခြင်း ။
“ ဟင်း ဟင်း ဟင်း ဒီကောင် ငါ့ အနား ရောက်လာမှ လူကို မြင်ပြီး လန့်ဖျပ်ထပျံပြေးတာ ၊ ကြောက် မနေစမ်းပါနဲ့ကွာ ။ ငါ ရှာနေတာ မင်း မဟုတ် ပါဘူးကွ ”
ပေါင်းမြက်တွေ အကြား ခြေ ကို ညင်သာစွာ တစ်လှမ်းချင်း မြှောက် လှမ်းရင်းမှ တစီးမှုတ်ရေဝမ်းဘဲလေး အား အတွေးဖြင့် စောဒီးပိန် လှမ်း ပြောနေမိသည် ။ ဒူးဆစ်မြုပ် မျှ ရေ ထဲတွင် လျှောက်နေရသည် မို့ ရေသံ မကြားအောင် ခြေအနှုတ်အသိမ်း ကိုတော့ သတိ နှင့် ထိန်းသည် ။ ရေ ထဲ ဖြတ်လျှောက် နေသော်လည်း စောဒီးပိန် ၏ ခြေထောက်များ မှာ တစ်ချက်ကလေး မှ အတိမ်းအချော် မရှိပါ ။ ကန်သာယာ မှာ ငါးရံ့ပစ်သက် ကြာခဲ့ပြီမို့ မြေအထာ ရေအထာ ကို သိနေပြီ ။ ဘယ်နေရာ မှာ ကျင်းချိုင့် ၊ ဘယ်နေရာ မှာ မြောင်းဇောက် ရှိမှန်း သိသည် ။ ရေ အတိမ်အနက် နေရာများ ကို ခွဲခြားနိုင်သည် ။
ပေါင်းမြက်ပင် ကြားထဲ သတိကြီးကြီး ဖြင့် ကြည့်ပြီး စောဒီးပိန် အမှန်တကယ် လိုက်လံရှာဖွေ နေသည် ကတော့ ငါးရံ့အသိုက် ။
ငါးရံ့ သည် တစ်နှစ်ပတ်လုံး အသိုက် နှင့် နေ သော ငါးမျိုး တော့ မဟုတ်ပါ ။ အုပ်သင်းဖွဲ့၍ အုပ်လိုက်သင်းလိုက် လည်း မနေတတ်ပါ ။ သာမန်အားဖြင့် တစ်ကောင်တည်း သာ နေတတ်ကြသည် ။
သို့သော် နွေနှောင်းပိုင်း နှင့် မိုးဦးကျကာလ မိတ်လိုက်ချိန်တွေ မှာတော့ ငါးရံ့များသည် ဖိုမစုံတွဲ နေထိုင်တတ်ကြ၏ ။ ငါးရံ့ငယ်တွေ က သဘာဝ အတိုင်း ဖြစ်နေသော ရေတိမ်ရာ ကမ်းစပ် ရေပေါက်ပင် တွေ ကြား ချောင်ကြိုချောင်ကြားလေးများ တွင် ဥချ ကြသည် ။
ငါးရံ့ကြီးများ ကမူ ရေ ထဲတွင် ပေါက်နေသော ပေါင်းမြက်ပင်တွေ အကြားမှာ အသိုက် ပြုလုပ်လေ့ ရှိသည် ။ ငါးရံ့ဖို သည် ရှေးဦးစွာ သူ ရွေးချယ် ထားသော အတွင်းကျကျ မြက်ပြင် တစ်နေရာတွင် ရေအောက် မှ နေ၍ ခေါင်းဖြင့် တိုးဝှေ့ကာ အပေါက် တစ်ပေါက် ဖောက်သည် ။ ထို့နောက် ကိုယ်လုံး ဖြင့် တိုးဝှေ့၍ လည်းကောင်း အမြီး ဖြင့် ရိုက်၍ လည်းကောင်း ၊ နွယ်ပင် မြက်ပင်များ အား ကိုက်ဖြတ်၍ လည်းကောင်း တစ်ပေ ပတ်လည်ခန့် ကျယ်သွား အောင် အပေါက် ကို ချဲ့သည် ။ ပတ်လည် မှ အပင် များ လဲကျခြင်း မရှိဘဲ မြက်ပြင်ကြီး အတွင်း သေသေသပ်သပ်လေး ဖောက်ထားသော ထို ရေပေါက်လေး မှာ ငါးရံ့ အသိုက် ပင် ဖြစ်သည် ။
ငါးရံ့ကြီးများ ၏ အသိုက် က ရှာ၍ မလွယ်တတ်ပါ ။ ငါးရံ့ကြီးများ မှာ အန္တရာယ် အသွယ်သွယ် နှင့် ရင်ဆိုင် တွေ့ကြုံခဲ့ဖူးကြသည် မို့ လုံလုံခြုံခြုံ နေရာမျိုးတွင် သာ အသိုက်ဖွဲ့ လေ့ ရှိကြသည် ။ အသေအချာ လှမ်း ကြည့်လျှင်ပင် ထင်သာမြင်သာ မရှိသည့် မမြင်ကွယ်ရာတွေ မှာသာ ရှိတတ် ၏ ။ မြက်ပြင် ကြားထဲတွင် ဖောက်၍ ဆောက်ထား သဖြင့် အန္တရာယ် ပေးနိုင်သည့် အခြား ရေသတ္တဝါကြီးများ လည်း အသိုက် ထဲ ကူးခပ်လာ၍ မရပါ ။
ငါးရံ့သိုက် ကို ပေါင်းမြက်ပင်တွေ ထဲ ရေနင်း ဆင်းရှာမှ တွေ့နိုင်သည် ။ ဒါတောင် ရှာတတ်ဦး မှ ။ ငါးရံ့ကြီးများ လန့် မသွားရန် အဝေးမှ သာ လှမ်း ချောင်းရသည် မို့ ကြည့်တတ်ရှာတတ် မှ အသိုက်မှန်း သိမည် ။
ဥချခါနီး မှာ ငါးရံ့ အဖို ၊ အမ က မြက်ပင် ထဲရှိ အသိုက် တွင် အောင်း နေကြသည် ။ အချိန်တန်တော့ ငါးရံ့အမ က အသိုက်အတွင်း ဥချသည် ။ ရက် အနည်း ငယ် အတွင်း သားပေါက်အုပ် က အသိုက် ထဲတွင် ငြိမ် နေတတ်ပြီး ငါးရံ့အဖို နှင့် အမ က ရေအောက် မှ နေ၍ စောင့်ရှောက် ပေးသည် ။
ထိုကာလမျိုး တွင် သားထိန်းငါးရံ့ကြီးများ သည် သားအုပ်ဇော ကပ်နေကြ၏ ။ သာမန်ထက် ပို၍ ခက်ထန်ကြမ်းကြုတ် နေတတ်သည် ။ လမ်း မှားပြီး အသိုက် ထဲ ဝင်လာသည့် သတ္တဝါငယ် မှန်သမျှကို မဆိုင်းမတွပင် စားပစ်တတ်ကြသည် ။ အသိုက် ကို ဖြတ်သန်းသမျှ အကောင်ဗလောင်တွေ ကို လည်း ထိုး ဟပ်ကြသည် ။
••••• ••••• •••••
[ ၃ ]
“ ဗလုံး ”
ငါးရံ့ကြီး တစ်ကောင် ၏ ခုန်ဟပ်လိုက်သံ ကို စောဒီးပိန် ခပ်အုပ်အုပ် ကြားလိုက်ရသည် ။ အသံ ထွက်လာသည် ဟု ထင်ရသော နေရာများ ကို မျက်လုံး ဝေ့၍ ခပ်မြန်မြန် လိုက်ကြည့်၏ ။ ရေ အလှုပ် ကို မတွေ့ တောင် မြက် အလှုပ် ကို ကြည့်ပြီး အသိုက် ရှိ မည့် နေရာ အား ခန့်မှန်းနိုင်သည် ။ သို့သော် နောက်ထပ် အသံဗလံ လည်း မကြား ၊ ငါး အလှုပ်အပြု လည်း မရှိ ၊ ငြိမ်ကျ သွားပြန်သည် ။
“ အသိုက် ထဲ ကနေ တစ်ကောင်ကောင် ကို လှမ်း ဟပ်လိုက်သံပဲ ။ ငါး ရှိတာကတော့ သေချာနေ ပြီ ။ အသိုက် ဘယ်မှာပါလိမ့် ”
စောဒီးပိန် ရပ်နေသည့် နေရာက ကန်စပ် မှ ဆယ့်ငါးပေခန့် ဝေးသည် ။ ပေါင်းမြက်ပြင်ကြီး ၏ သုံးချိုးတစ်ချိုး ခန့် မှာ ။ ကန်ရေပြင် ဆီ ရောက်ဖို့ အထိ တော့ ပေါင်းမြက်ထု က ရှေ့မှာ ပေ သုံးဆယ် ခန့် ရှိ နေသေးသည် ။ သည်နေရာ မှာတောင် ရေ က ဒူးဆစ် ကျော် ၍ ပေါင်လယ်ခန့် ရောက်နေပြီ ။ ရှေ့ဆက် တိုး၍ ကြည့်လျှင်တော့ ကန်လယ်ဘက် သာ နီးသွားသည် မို့ ရေ က ပိုပို နက်လာတော့မည် ။ ရှေ့ သွားသင့် မသင့် စောဒီးပိန် ချိန်ဆနေသည် ။
“ မထူးပါဘူးကွာ ။ ရေထဲ ဆင်းလက်စ နဲ့ ဆက်ရှာကြည့်မယ် ”
ခါး မြုပ်သည် အထိ ရှေ့ တိုး၍ ခေါက်တုံ့ ခေါက်ပြန် ရှာကြည့်၏ ။ စိတ်ရှည်ရှည် နှင့် အပြန် ပြန် အလှန်လှန် ရှာကြည့်သော်လည်း အသိုက် ဟု ထင်လောက်သည့် တစ်နေရာ မှ အမြင်မိ ။
“ တောက် ရှိတော့ ရှိမယ် ။ အသိုက် ရှိတာ သေချာပါတယ် ။ ဘယ်နေရာမှာပါလိမ့် ”
ဘယ်လိုမှ ရှာမတွေ့ ၍ စိတ်ထဲ မချင့်မရဲနှင့် ကန်စပ်ဘက် ပြန် တက်လာခဲ့သည် ။ ပြီးတော့ ကန်စောင်း တွင် ပေါက်နေသော ပျဉ်းမပင်ကြီး ၏ အရိပ် အောက် မှာ ခြေပစ်လက်ပစ် ဝင် ထိုင်လိုက်သည် ။
ကန်သာယာကန်ကြီး အတွင်း ငါးရံ့အသိုက် ရှာပြီး ပစ်ရန် မနက် နေထွက် စ ကတည်းက စောဒီးပိန် ရောက်နေခဲ့ခြင်း ဖြစ်သည် ။ လာ ကတည်း ကို က သည် မြက်ပြင်ကြီး ရှိနေရာကို တန်းတန်းမတ်မတ် လာခဲ့ခြင်း ဖြစ်သည် ။
မနေ့ ညနေက ငါးရံ့ပစ် ပြီး အပြန် သည် ပေါင်းမြက်ပြင်ကြီး ဆီမှ ငါးခုန်သံ ကြားခဲ့ရသည် ။ အသံနေ အသံထား ကို မှန်း၍ ငါးရံ့ကြီး တစ်ကောင် ၏ လှုပ်ရှားမှု ဆိုတာကို စောဒီးပိန် သိနေခဲ့သည် ။
••••• ••••• •••••
[ ၄ ]
“ အားပါးပါး ပူလာပြီဟ ”
နေ က နု ရာမှ ရင့် လာပြီ ။ အပူရှိန် က မနက်ခင်းကြီး မှ လို နွေးတေးတေး မဟုတ်တော့ ။ သိသိသာသာ ကို ပူလာချေပြီ ။ နေ မြင့်လေ ပို၍ ပူလာလေ ဖြစ် တော့မည် ။
သည်နေ သည်ရေ နှင့် တော့ သည် ပေါင်းမြက်တော ထဲ ငါးရံ့အသိုက် ဆက်ရှာဖို့ မလွယ်တော့ပါ ။ ရေတော်တော် နက်သည် အထိ ဆင်း၍ ရှာကြည့် ခဲ့ပြီးပြီဆိုတော့ ထပ် ဆင်းပြီး မွှေနောက်ရမှာ စောဒီးပိန် ဝန်လေး နေမိသည် ။
“ အင်း ရေ ထဲ တော့ ပြန် မဆင်းတော့ဘူး ။ မတွေ့လို့ ကတော့ စိတ်လျှော့ပြီး ပြန်ရုံပဲ ။ သည်နည်းနဲ့ပဲ ရှာကြည့်တော့မယ် ”
နောက်ဆုံးတော့ စောဒီးပိန် အကြံရ သွားခဲ့သည် ။ ပျဉ်းမပင်ကြီး ပေါ်သို့ စောဒီးပိန် တက်သွားသည် ။ တော်တော်မြင့်မြင့် အထိ တက်သွားပြီး အ ရွက် ရှင်းသည့် နေရာမှ ပေါင်းမြက်ပင် ကို စီးကြည့်သည် ။ အပေါ်စီး က လှမ်း ကြည့်တော့ ပေါင်းမြက်ပြင်ကြီး အစ မှ အဆုံးတိုင် တစ်ပြင်လုံး မြင်နေရ သည် ။
“ ဟုတ်ပြီ အဲသည် နေရာလေး က ဖြစ်နိုင်တယ် ။ အပင်နည်းနည်း ကျဲနေ သလိုပဲ ”
လေ တိုက် နေ၍ ခဏ ထပ် စောင့်နေလိုက် သည် ။ လေငြိမ် သွားမှ မြက်ပင် ကို အသေအချာ ပြန် ကြည့်သည် ။ မယိမ်းမနွဲ့ ရှိနေသော မြက်ပြင် မှ သည် တစ်ကွက်လေး ကိုတော့ စောဒီးပိန် မသင်္ကာ ။ ကန်စပ် နှင့် ခပ်ဝေးဝေး ။ ကန်ရေပြင် နှင့် မနီးမဝေး ။ မြက်ပြင်ကျယ်ကြီး ၏ လေးပုံသုံးပုံ ခန့် မှာ ။
“ အသိုက် ဖြစ်နိုင်စရာ ဆိုလို့ သည် တစ်နေရာပဲ မြင်တယ် ။ စမ်း ကြည့်ရမှာပဲ ”
ကျဲတောက်တောက် ဖြစ်နေသည် ဟု ထင်သော မြက်ပြင် ထဲ ရှိ အကွက် နေရာလေး ကို အသေအချာ မှတ်ပြီး ပျဉ်းမပင်ကြီး ပေါ်မှ စောဒီးပိန် ဆင်းခဲ့သည် ။ ပြီးတော့ ပလိုင်း ထဲမှ ငါးမျှားကြိုးခွေ ကို ထုတ်လိုက်သည် ။ ရစ်ခုံဘူး နှင့် ပတ်ထားသော ပေါင်ရှစ်ဆယ် နိုင်လွန်ကြိုး မှာ ငါးမျှားချည်ပြီးသား ။ ချိတ် တွင်လည်း စားဖားလေး က တပ်ပြီးသား ။
ရစ်ခုံ ပလပ်စတစ်ဘူး ကို ဘယ်ဘက် လက် နှင့် ကိုင်ရင်း ကန်စပ် မှ မြက်ပင် ထဲ ခြေဖွ နင်း၍ ဆင်းလာခဲ့သည် ။ ရေ ပေါင်လယ်ခန့် ရောက်သော အခါ စောဒီးပိန် ရပ်လိုက်သည် ။
ပစ်ရမည့် နေရာက တော်တော် လှမ်းသေး သဖြင့် အရှိန်ယူ လွှဲပစ်ရမည် ။ သည့်ထက် ရေနက် သွား လျှင် ငါးစာငါးမျှားကြိုးပိုင်း ကို လေ ထဲတွင် လွတ် လွတ်လပ်လပ် လွှဲနိုင်တော့မည် မဟုတ်ပါ ။ လွှဲ လျှင် ငါးစာ နှင့် ရေပြင် မလွတ်၍ စိတ်တိုင်းကျ မလွှဲနိုင်တော့ ။
ပြီးတော့ ငါးထိ သွားလျှင် လည်း ရေနက် ထဲမှာ ငါး ဆွဲ၍ မကောင်းပါ ။ ငါးရံ့ပစ်ရာ တွင် ငါးဟပ် လိုက်ပြီ ဆိုပါက ပထမဆုံး ဆွဲရသည့် သုတ်ချက် က အရေးအကြီးဆုံး ။
သုတ်ချက် ပိုင် မှ ငါးမျှားထိချက် ပေါက်ပြီး ငါးမလွတ်နိုင်မှာ ဖြစ်သည် ။
••••• ••••• •••••
[ ၅ ]
“ ဝှီး - ဝှီး - ဝှီး − ဝှီး ”
“ ဖရော ”
တဝှီးဝှီး မြည်အောင် လွှဲပြီး ပစ်လိုက်သည် နှင့် နိုင်လွန်ငါးမျှားကြိုး က ရစ်ခုံ မှ “ ဖရော ” ခနဲ ပြေးထွက်သွား၏ ။ ငါးစာ ကို အသိုက် ဟု ထင်ရသော နေရာအား ကျော်၍ စောဒီးပိန် ပစ်လိုက်သည် ။ မြက်ပြင် ပေါ်သို့ သာ ငါးစာ စားဖားလေး ကျသွားသည်မို့ အသံထွက် မလာပါ ။
စောဒီးပိန် က ငါးမျှားကြိုး ကို ရစ်ခုံ ဖြင့် ခပ် မြန်မြန် ပြန် ရစ်လိုက်သည် ။ စားဖားကလေး မြက်တော ထဲမှ ဖြတ်သွားသံ ကို ငါးရံ့ကြီးတွေ သတိပြု မိသွားရန် ဖြားယောင်း လိုက်ခြင်းပဲ ဖြစ်သည် ။ ထင်ထားသည့် အတိုင်း စားဖားလေး ဖြတ် သွားပြီး နောက် အသိုက် ဟု သူ ယူဆထားခဲ့သော နေရာမှ မြက်ပင်တွေ လှုပ်သွားသည် ။ ရေအောက် မှ ငါးရံ့ကြီး လှုပ်ရှားမှုကြောင့် မြက်ပင်များ လှုပ်ရှား သွားခြင်း ။
“ သေချာပြီ အသိုက်တော့ တွေ့ပြီ ။ ကဲ လာပြီဟေ့ ”
“ ဝှီး ... ဝှီး ... ဝှီး ”
“ ဖရော ”
သည်တစ်ကြိမ် မှာတော့ စောဒီးပိန် က ရစ်ခုံကို တစ်ပတ်ချင်း သာ ပြန် ရစ်သည် ။ ငါး လှုပ်ခဲ့သည့် မြက်ပြင်နား ရောက်တော့ ငါးစာ စားဖားလေး ကို အသိုက်ရေပေါက် ထဲ ကျအောင် ညာလက် ဖြင့် ဆ၍ ဆ၍ ချော့ဆွဲသည် ။
“ ဝုန်း ”
စားဖားလေး အသိုက် ထဲ အကျ ၊ ငါးရံ့ကြီး ၏ လှမ်း ဟပ်လိုက်သံက ကျယ်လောင်လှ သလို ကြိုး မှာလည်း “ ဇတ် ” ခနဲ ရှေ့သို့ ပါသွား၏ ။ ကြိုး ကို လျှော့ပေးနိုင်ရန် ရစ်ခုံ ကို ဘယ်လက် ဖြင့် အလိုက်သင့် လှည့်ပေးထားသည် မို့ ကြိုး က တင်းမသွားပါ ။ နိုင်လွန်ငါးမျှားကြိုး က ရစ်ခုံဘူး မှ ပြေထွက် ပြီး မြက်ပင်တွေ ပေါ်မှာ ခပ်အိအိလေး တင် နေသည် ။ ကြိုး က ခဏမျှ ငြိမ်နေသည် ။ ပြီးတော့မှ ရှေ့ဘက်သို့ တဖြည်းဖြည်းချင်း ရွေ့ သွား၏ ။
“ ငါး တော့ ဆွဲပြီ ဆွဲသွားပြီ ”
စောဒီးပိန် က ကြိုး ကို လျှော့ ပေးရင်း ဖွဖွလေး သာ ကိုင် ထားသည် ။ ငါး ဆွဲလျှင် ကြိုး ကို အတင်း မခံ ။ ကြိုး တင်းသွားလျှင် ငါးမျှားစူးပြီး ငါးရံ့ကြီးများ က အစာကို ပြန် ချသွားတတ်သည်မို့ ။ ဒါကြောင့် ကြိုး ကို ငါးရံ့ကြီး ဆွဲသလောက် ဆက်လျှော့ပေးသည် ။
ဆွဲသွားလိုက် ၊ ရပ်လိုက် ၊ ဆွဲသွားလိုက် ၊ ရပ်လိုက်ဖြင့် ။
ငါးရံ့ကြီးများ ကို သုတ် ရာတွင် ချိန်သားကိုက်ဖို့ အရေးအကြီးဆုံး ဖြစ်သည် ။ ဆွဲချက် စော လျှင် အထိ မပိုင်တတ်ပါ ။ ငါးရံ့ကြီး မမျိုချ မီ ဆွဲမိ သဖြင့် ငါးစာ ဖား ကို ငါးရံ့ကြီး ပါးစပ် ထဲမှ ပြန်ဆွဲ ထုတ်သလို ဖြစ်ပြီး လွတ်နိုင်သည် ။ မိ လျှင်လည်း အာခေါင် အတွင်း ချိတ်၍ သာ မိတတ်သည် ။ လေထဲ ကျွမ်းထိုး ရုန်းထွက်လျှင် လွတ်သွားနိုင်သည် ။ အကျွေး များသွား ပြန်လည်း မကောင်း ။ ငါးရံ့ကြီးများ အန္တရာယ် ရှိမှန်း သိသွားပြီး ငါးမျှား နှင့် ငါးစာ ကို လည်း ပြန် မထွေးနိုင် ၊ မအန်နိုင် ဖြစ်သွားပြီ ဆိုလျှင် ရေအောက် ရှိ ဒိုက်သရောတွေ ထဲ တိုးဝင်ပြီး လုံးထွေး ပစ်လိုက်တတ်သည် ။
“ ရေ က နက်တယ် ။ ဒိုက်တွေ နဲ့ လုံးထွေး လိုက်ရင် ပြဿနာပဲ ဆွဲမှ ”
သည်တစ်ကြိမ် ကြိုးအနား မှာ တော့ သုတ် ပစ်ဖို့ ဆုံးဖြတ်လိုက်သည် ။ စောဒီးပိန် က ကြိုး ပြန် အလှုပ် ကို စောင့်နေ လိုက်သည် ။ သုတ် လျှင် ကြိုး ချော်ပြီး လွတ်ထွက် မသွားရန် ညာလက်ခုံ မှာ ကြိုး ကို နှစ်ပတ်သုံးပတ် ပတ်ထား လိုက်သည် ။ ကိုယ် ကို လည်း ငါးသုတ်လို့ ကောင်းအောင် တစောင်း အနေ အထား ပြောင်း လိုက်ပြီး ခြေကုတ် မြဲအောင် အသေအချာ ပြင်ထားလိုက်သည် ။
ငါးရံ့ကြီး ထပ် အဆွဲမှာ ကိုယ် ကို ငိုက်၍ လက်တစ်ဆန့် ကြိုး ထပ်ပေးလိုက်သည် ။ ကြိုး အတင်း မှာတော့ အားကုန်သုတ် လိုက်သည် ။ ကြိုး က တင်းသွား၏ ။ စောဒီးပိန် က ဘယ်လက် နှင့် ဆက်ဆွဲသည် ။ ကြိုး က ရေအောက် မှာ တစ်ခုခု နှင့် ငြိ နေသလို တင်းခံ နေပြန်သည် ။ ကျွေးတာ များသွားပြီ ။ ကြိုးပေး များသွားလေပြီ ။
“ ထင်တဲ့ အတိုင်းပဲ ဒီကောင်ကြီး ဒိုက်တော ထဲ တိုးနေပြီ ”
တင်းနေသည့် ကြိုး ကို နည်းနည်း လျှော့ပေး လိုက်သည် နှင့် ခါခါ သွား၏ ။ ကြိုးခါ သွားသည် မှာ ငါးမျှား ထိထားသော ငါးရံ့ကြီး ရေအောက် မှ ရုန်းနေ ခြင်းကြောင့် ။
ငါးရံ့ကြီး ကို ထိထားပြီ မှန်းတော့ စောဒီးပိန် အသေအချာ သိနေပြီ ။
“ ရေ ထဲ လည်း မဆင်းချင်ဘူး ။ ဘယ်လို လုပ်ရမလဲ ။ မျိုထား ရင်တော့ မလွတ်နိုင်ပါဘူး ”
စောဒီးပိန် က ခပ်တင်းတင်း ဆွဲထားသော ငါးမျှားကြိုး ကို ဆက်မဆွဲဘဲ သာသာလေး လျှော့ လိုက်သည် ။ ကြိုး အနည်းငယ် လျော့သွား သဖြင့် ငါးရံ့ကြီး က အတင်း ရုန်းတော့သည် ။ ငါးရံ့ကြီး အတိုး မှာ ကြိုး ကို နည်းနည်း ပြန်ဆွဲသည် ။ ပြီးတော့ တင်း သွားလျှင် နည်းနည်း ပြန်လျှော့ ။
ခဏ နေတော့ ရေအောက် ဒိုက်တော ထဲမှ ငါးရံ့ကြီး လွတ်ထွက် လာပြီး ဆွဲသလောက် ကို ခပ်မြန်မြန် ပါလာသည် ။
“ ဗလုံး ဝုန်း ”
“ ဝုန်း ဝုန်း ”
ရေပေါ် ပေါ်လာပြီး ရှေ့ဘက် ခြောက်ပေ လောက် အရောက် မှာတော့ ဆွဲမရတော့ပြန် ။ ငါးရံ့ကြီး က မြက်ပြင်တွေ ကို ပါးစပ် နှင့် အတင်း ကိုက် ထားသည် ။ ရေအောက် မှ ငါးရံ့ကြီး နှင့် လုံးထွေး ပါလာသော ဒိုက်ပင်တွေ ကလည်း မြက်ပင်တွေ နှင့် လုံးထွေးနေပြီ ။
စောဒီးပိန် က ဆက် မဆွဲတော့ဘဲ ကြိုး ကို တင်းထားကာ ငါးရံ့ကြီး ငြိနေရာသို့ တိုးသွားသည် ။ ကြိုး ကို မ , ကြည့် လိုက်တော့ ငါးမျှား က ငါးရံ့ကြီး ပါးစပ် ထဲမှာ ပျောက်နေသည် ။
“ ဒီကောင် အစာကို မျိုထားပြီ ၊ အပိုင် ထိထားတာပဲ ”
ရေအနက် က ခါး ကျော်ကျော် ၊ စောဒီးပိန် က ငါးရံ့ကြီး ကို ဒိုက်ပင်တွေ နှင့် ရောထွေးပြီး ဘယ်လက် ဖြင့် ပိုက် လိုက်သည် ။ ခေါင်း ကိုလည်း မလှုပ် နိုင်အောင် ကိုယ် နှင့် ဖိကပ် ထားလိုက်၏ ။ ညာလက် ဖြင့် ကိုင်ထားသော ငါးမျှားကြိုး ကိုတော့ ကုန်းပေါ် ရောက်သည် အထိ တင်းတင်း ဆွဲထားသည် ။ စိတ်ချ ရသည့် နေရာ ရောက်မှ ငါးရံ့ကြီး ကို ပစ်ချလိုက်သည် ။
••••• ••••• •••••
[ ၆ ]
“ နည်းတဲ့ ကောင်ကြီး မဟုတ်ဘူးနော် ဒီးပိန် ”
“ ဟာ ဦးတောက် ။ ခင်ဗျား ဘယ်တုန်းက ရောက်နေတာလဲ ”
“ မင်း ပထမ တစ်ခေါက် ရေထဲ စဆင်း ကတည်း က ခပ်လှမ်းလှမ်း ကနေ ငါ ကြည့်နေတာ ”
“ ဟုတ်လား ဒါဖြင့်လည်းဗျာ ခင်ဗျား ကြိုးမှာ ငါးစာ တပ်ပြီးသား မဟုတ်လား ဦးတောက် ”
“ အင်း တပ်ပြီးသားလေ မင်း ဘာလုပ်မလို့လဲ ”
“ ကျွန်တော့် ငါးစာ ကို မျိုထားလိုက်ပြီဗျ ။ အစာအိမ် ထဲ က ဖားကို ပြန် ထုတ်နေရင် အချိန် ကြာမှာ ။ ပြီးတော့ စားဖား ဆိုတော့ အစာ ကလည်း ပစ်လို့ ကောင်းချင် မှ ကောင်းတော့မှာ ”
ငါးရံ့ ပစ်သူများ သည် ဖား အပို မပါလျှင် ထပ်၍ ပစ်နိုင်ရန် ပထမ မိထားသော ငါးရံ့ ၏ ဝမ်း ထဲမှ အစာ ကို တုတ်ချောင်း ဖြင့် ပြန် ကလော်ထုတ် ယူပြီး ပစ်တတ်ကြသည် ။ ခေါင်းခွံ ဖောက် ၊ အောက် မေးပေါက် ထိထားလျှင် တော့ ငါးရံ့ပါးစပ် ကို တုတ် နှင့် ကလန့်ပြီး အစာ ကို ပြန် ထုတ်ရ လွယ်သည် ။ မျို ထားပြီ ဆိုရင်တော့ ထုတ်ရ မလွယ်တော့ပါ ။ တုတ် နှင့် ကလော် ထုတ်၍ မရလျှင် ငါး ကို သ,တ်ပြီး ဗိုက်ခွဲ ထုတ်ရမည် ။ စားဖား လို အရေခွံ ပါး၍ အသားနူးညံ့ သော ဖားမျိုးကတော့ ငါးရံ့ဗိုက် ထဲမှ ပြန် ထုတ်ရ လျှင် လည်း ပုံပန်းပျက် သွားတတ်သည်ချည်း ။
“ ထပ် ပစ်မနေနဲ့တော့ ဒီးပိန် ၊ မင်း ဆက် ပစ်လည်း ငါး ထပ် ရတော့မှာ မဟုတ်ဘူး ”
“ ဟာ မဟုတ်သေးဘူး လေဗျာ ။ ဒီ အသိုက် ထဲ က ကျွန်တော် တစ်ကော် ပဲ ဆွဲရသေးတာ ။ နောက် တစ်ကောင် ရှိနေသေးတယ် လေဗျာ ။ ပေးစမ်းပါ ဦးတောက်ရာ ပေး ပေး ခင်ဗျား ကြိုး ”
ဦးတောက် ပလိုင်း ထဲမှ ငါးမျှားကြိုး ကို ထုတ် မပေးဘဲ စောဒီးပိန် ကို ပြုံးပြီး ကြည့် နေလိုက်သည် ။
“ ဘာ ပြုံးနေတာလဲဗျ ”
“ အချင်းချင်း ဆို တော့လည်း ပြုံးပြရတာပေါ့ကွာ ။ အခု မင်း မိတဲ့ ငါးကြီး က မနေ့ မနက်က ငါ လွတ်သွားတဲ့ ငါးကွ ”
“ ဪ ဒီလိုလား ၊ ဒါဆို ဒီ အသိုက်ထဲ တစ်ကောင် ကို ဆွဲထားပြီးပြီပေါ့ ”
“ အေး ငါ မနေ့ က တစ်ကောင် ရထား ပြီးပြီ ။ ဒီ အသိုက် ထဲမှာ ငါး မကျန်တော့ဘူး ။ ဒါကြောင့် မင်း ဆက် မပစ်နဲ့တော့လို့ ငါ ပြောနေတာဟေ့ ”
“ ဒါနဲ့ အခု ကျွန်တော် ဆွဲတင်လိုက်တဲ့ အကောင်ကြီး ကို ခင်ဗျား ဘယ်လိုများ လွတ်သွားတာလဲ ဦးတောက် ”
“ ကြိုး ပြတ်သွားတာကွ ။ ငါ ကို က ပေါ့တာ ။ ပထမ တစ်ကောင် ဆွဲပြီးတော့ ကြိုး ကို ငါ ပြန် မစစ် လိုက်မိဘူး ။ “ ထောက် ” ခနဲ ကို ငါးမျှား အရင်းဘက် ကနေ ပြတ်သွားတာ ဒီးပိန် ရ ”
“ ကြိုးအကြီး နဲ့ ခင်ဗျား ပစ်တာ မဟုတ်လား ။ ဒီလောက် ထူတဲ့ ပေါင်ရှစ်ဆယ်ကြိုး က ဘယ်လိုလုပ် များ ပြတ်သွားရတာလဲဗျာ ”
“ ပထမ တစ်ကောင် က ငါ သိပ် မကျွေးဘဲ ဆွဲ လိုက်တော့ ခေါင်းခွံဖောက် မျက်လုံးပေါက်ပြီး ချိတ် ပါလာတာကွ ။ အဲဒီ ကောင်ကြီး က ကြိုး ကို သူ့ သွား နဲ့ အတင်း ကိုက်ထားတော့ ကြိုးအဖျား မှာ အထစ်လေး တွေ ဖြစ်ပြီး တော်တော် နာသွားမှာပေါ့ ”
“ ကြိုးပြတ် ပြီးတော့ ခင်ဗျား ထပ် မပစ်ကြည့်ဘူးလား ဦးတောက် ”
“ အဲဒီ ကောင်က နာသွားပြီ ဆိုတော့ လန့်နေ ပြီလေကွာ ။ ချက်ချင်း ဘယ်ပြန် ကိုက်ပါတော့မလဲ ။ ဒါကြောင့် ငါ က အသာ နှပ်ထားလိုက်တာကွ ။ ညနေ တောင် မပစ်ဘဲ ဒီ မနက်မှ ပစ်မယ် ဆိုပြီး အေးအေးဆေးဆေး ထွက်လာခဲ့တာလေ ”
“ ဪ ဒါဖြင့် ကျွန်တော် က ဦးသွားတာပေါ့နော် ”
“ ဒါပေါ့ကွာ ဦးသူ ယူစတမ်းပေါ့ ။ ဟင်း ဟင်း ဟင်း ”
“ ခင်ဗျား ကျွန်တော့် ကိုတော့ မသင်္ကာ မဖြစ်ပါဘူးနော် ။ ခင်ဗျား ဆွဲလက်စ အသိုက် မှန်းလည်း ကျွန်တော် သိတာ မဟုတ်ဘူးဗျ ။ မနေ့ ညနေ က ငါး ခုန်သံကြား လို့ ဒီ မနက် အသိုက် လိုက် ရှာကြည့်ရင်း က တိုက်တိုက်ဆိုင်ဆိုင် ရလိုက်တာနော် ”
“ အချင်းချင်းတွေ ကွာ ။ ဒီလောက် ရှင်းပြစရာ မလိုပါဘူး ။ အေး အိမ် ရောက်လို့ ငါး အစာအိမ် ထဲ က မင်း ငါးမျှား ပြန် ထုတ်ရင် ငါ့ ငါးမျှား ပါ မင်း တွေ့လိမ့်မယ် ။ ငါ့ ငါးမျှား တော့ ပြန် ပေးပေါ့ ဒီးပိန် ရာ ”
••••• ••••• •••••
[ ၇ ]
ငါးရံ့ကြီး ၏ အစာအိမ် ထဲမှ ထွက်လာသော ငါးမျှားချိတ် နှစ်ချောင်း ကို စောဒီးပိန် စူးစူးစိုက်စိုက် ကြည့်နေမိသည် ။ တစ်ချောင်း က သူ့ ငါးမျှား ၊ နောက် တစ်ချောင်း က ဦးတောက် ၏ ငါးမျှား ။ ငါးရံ့ကြီး နှင့် ပတ်သက်ပြီး ဦးတောက် ပြောခဲ့သော စကားတွေ က တစ်လုံး မှ မလွဲအောင် ကွက်တိ မှန်နေသည် ။ ငါးရံ့ ကြီးတွေ ၏ အထာ ကို ဦးတောက် သိနေပုံ က အံ့ဩစရာပင် ။ဒါပေမယ့် ငါးရံ့မုဆိုး ချင်း မို့ စောဒီးပိန် မအံ့သြပါ ။ သူ အံ့သြ နေသည် က ငါးရံ့ကြီး ကို သာ ။ အန္တရာယ် ကို သတိထား တတ်လွန်းသော ငါးရံ့ကြီး က ဘာကြောင့်များ ဒီ အသိုက် ထဲမှာ မိုက်မိုက်မဲမဲ ဆက် ရှိနေရပါလိမ့် ။ အစာအိမ် ထဲမှာ ငါးမျှားကြီး တစ်ချောင်းလုံး စူးဝင် နေပါလျက် ဘာကြောင့်များ အသိုက် ကို မစွန့်ခွာ သွားခဲ့ပါလိမ့် ။
ကြင်ဖော် ကို မျှော်တော်ဇော နဲ့ လား ။ သားအုပ် ကို တွယ်တာဇော နဲ့ လား ။ ဘယ်သံယောဇဉ် ကြောင့် များလဲ ။
ခုတော့ စောဒီးပိန် ၏ ဦးနှောက် ထဲ မှာ ငါး မျှားချိတ် တစ်ချောင်း ၊ နှလုံးသား ထဲမှာ ငါးမျှားချိတ် တစ်ချောင်း ။
▢ ဂျူလိုင်မိုး
📖 ပေဖူးလွှာ မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂၀၁၀
No comments:
Post a Comment