❝ စိတ်ဒဏ်ရာ ❞
( မောင်နှင်းပန်း )
မည်သူမဆို ငယ်ဘဝကို ဖြတ်သန်းဖူးကြပါလိမ့်မည် ။ သို့သော် သန့်ရှင်းသော ၊ ရိုးသားသော ၊ ပွင့်လင်း မှန်ကန်သော ကလေးဘဝ ကို ဖြတ်သန်းခဲ့ရမှ တန်ဖိုးရှိ သော ငယ်ဘဝ ဟု သတ်မှတ်နိုင်လိမ့်မည်ထင်ပါသည် ။ ထို့ပြင် ရိုးသားသော ၊ သစ္စာရှိသော ၊ ကိုယ်ချင်းစာတရား ရှိသော ၊ အနစ်နာခံ ဦးဆောင်နိုင်သော လူကြီးတို့နှင့်တွေ့ ခဲ့လျှင် ပိုမို အဓိပ္ပာယ်ရှိသော ကလေးတို့ဘဝမှ တစ်ဆင့် တက်၍ လူကြီးလူကောင်း ဘဝသို့ လျှောက်လှမ်းနိုင်လိမ့် မည်ဟု ကျွန်တော် ထင်ပါသည် ။
သို့သော် ရိုးသားမှု မဲ့သော ၊ သစ္စာ မရှိသော ၊ ကိုယ်ချင်းစာတရား ခေါင်းပါးသော ၊ ဦးဆောင်မှုခဲ့သော လူကြီးတို့၏ ပတ်ဝန်းကျင် တွင် ကျင်လည် ကြီးပြင်းခဲ့ရ သော ကလေးတို့၏ အနာဂတ်မှာ ရင်နာဖွယ် အတိ ပြီး နေပေလိမ့်မည် ။ ကျွန်တော်တို့ ငယ်စဉ် မူလတန်း တွင် သင်ကြားခဲ့ရသော ကျေးညီနောင် ပုံပြင်မှ သူခိုးဓားပြတို့ လက်ထဲ ရောက်သွားသည့် ကျေးကလေး နှင့် မခြား ရှိနေပါလိမ့်မည် ။ ထို့ကြောင့် “ ကလေး ဘဝ သည် လူကြီးတို့ ၏ ဖခင် ” ဟု ဆိုခဲ့ကြခြင်း ဖြစ်ပါလိမ့်မည် ။ ထို့နည်းတူ ကျေးဇူးရှင် ဆရာဇော်ဂျီ ကလည်း “ ယနေ့ လူငယ် ၊ နောင်ဝယ် လူကြီး ၊ သင်လည်း တစ်ဦး ၊ သားထူးသားမြတ် ၊ ဖြစ်အပ်ရာသည် ” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ သေချာသည်က ကလေးဘဝ သည် အရည်အချင်း ရှိသော လူကြီး တစ်ယောက် ဖြစ်လာရန် အတွက် လိုအပ်သော အခြေခံ အဆောက်အအုံ လည်း ဖြစ်လိမ့်မည်ဟု ကျွန်တော် ထင်ပါသည် ။
••••• ••••• •••••
ကျွန်တော့်တွင် သားလေး တစ်ယောက်ရှိပါသည် ။ ဖခင် တစ်ယောက် အနေနှင့် လွန်စွာ ချစ်ခင်ရသော သားလေး ဟု လည်း ဆိုနိုင်ပါသည် ။ ကျွန်တော် ချစ်လွန်း သလောက် သားလေး ကလည်း ဆော့လွန်းလှသည် ။ သူ့ အမေ နှင့် ဆိုလျှင် တကျက်ကျက် နှင့် ပူညံပူညံ ဖြစ်နေ တတ်သည် ။ မအေ ဖြစ်သူက ကလေး ဆော့သည် ကို သိပ် မကြိုက် ၊ ကလေး ဆိုသည် မှာ လူကြီး က ထိုင်ဆိုလျှင် ထိုင် နေရပြီး ၊ “ ထ ” ဆိုလျှင် ထသွားရမည့် သတ္တဝါတစ်မျိုး ဟု ထင်နေသည်လား မပြောတတ် ။
ကျွန်တော် ကတော့ ကလေး ဆော့သည့် ကိစ္စကို အဆုံးစွန်အထိ သည်းခံနေတတ်သူ ဖြစ်သည် ။ ကလေး ဆော့ကစား နေလျှင် ကျွန်တော် အလိုလို ကျေနပ် နေတတ်သည် ။ ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခါဖူးမျှလည်း ကျွန်တော့် သား ကို အပြစ်မတင် ။ တစ်ခါဖူးမျှလည်း မဆူ မငေါက်ခဲ့ဖူးပါ ။ သို့သော် သူ့ အမေ နေရာက ကြည့်လျှင် တစ်စုံတစ်ရာသော အန္တရာယ် တစ်ခုခု နှင့် ကြုံကြိုက်လာ လျှင် ၎င်း၏ အပြစ် ဖြစ်မည် စိုး၍သော် လည်းကောင်း ၊ သားသမီး ကို ခေါင်းကွဲ ထိပ်ပြဲ မဖြစ်စေချင်၍ လည်းကောင်း ဟန့်တား နေခြင်း ဖြစ်လိမ့်မည် ဟု ကျွန်တော် နားလည်ပေး၍ ရသည် ။
ထို့ကြောင့် ကျွန်တော့် သားလေး က ရပ်ကွက် ထဲတွင် မီးကုန်ယမ်းကုန် ဆော့ကစားတတ်သော ကလေး တစ်ယောက် အဖြစ် အရပ် က သတ်မှတ်ထားကြသည် ။ သို့သော် ဇနီးသည် ရော ကျွန်တော် ကပါ သားလေးဆော့ ကစားနေပြီ ဆိုလျှင် မျက်စိ ကို ဖွင့် နား ကို စွင့်ကာ အသိအာရုံ တစ်ခုလုံး ကလေး အနားတွင် ဖြန့်ကြက်ထားရသည် ။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ငယ်စဉ် ကလို သားလေးခမျာ မလွတ်လပ်ရှာ ဟု ထင်သည် ။ ကျွန်တော်တို့ ငယ်စဉ်က ဆိုလျှင် ရပ်ကွက်အတွင်းရှိ မည်သူ ၏ အိမ်ခြံဝင်း ထဲတွင် မဆို တံခါးမရှိ အဆီး အတားမဲ့စွာ ဆော့ကစားခွင့် ရခဲ့သည် ။
ထိုစဉ်က အိမ်ခြံဝင်းတွေ ကလည်း ကျယ်ကျယ်လွင့်လွင့် ရှိလှသည် ။ ပိတောက်ပင် ၊ ကုက္ကိုပင် အစရှိသည့် အရိပ်ကောင်းကောင်း ရှိသည့် ခြံဝင်းမျိုး ဆိုလျှင် ကျွန်တော်တို့ ကလေး တစ်သိုက် ပို၍ သဘောကျတတ် ကြသည် ။ အထူးသဖြင့် ကျွန်တော် ၏ ငယ်သူငယ်ချင်း တစ်ဦး ဖြစ်သူ “ ဖိုးစွမ်း ” တို့ အိမ်တွင် ကစားရသည် ကို ကျွန်တော် ပို၍ သဘောကျသည် ။ နွေရာသီ ဆိုလျှင် သူတို့ အိမ်ရှေ့ရှိ ထင်းရှူးပင်ကြီး အောက်တွင် ကစားကြ လေ့ရှိသည် ။ ကစား၍ မောလျှင် ဖိုးစွမ်း တို့ အဖေကြီး ဝယ်ပေးထားလေ့ရှိသည့် “ ရွှေသွေး ၊ တေဇ ၊ မိုးသောက် ပန်း ၊ လှပ ” အစရှိသည့် ကလေးဂျာနယ်များ ကို အားပါး တရ ဖတ်ခွင့်ရခဲ့သည် ။ ဒါကိုမှ မကျေနပ်နိုင်သေးလျှင် တစ်ရပ်ကွက်လုံး ခွေလှိမ့်နိုင်သည် ။ စိန်ပြေးတမ်း ကစား နိုင်သည် ။ မိန်းကလေးတွေ နှင့် ရော၍ ထုပ်ဆီး တိုးနိုင် သည် ။ ဘောလုံး ကန်နိုင်သည် ။ တူတူပုန်းတမ်းကစား နိုင်သည် ။ ဘာ ပြဿနာမှမရှိ ။
သို့သော် ကျွန်တော်တို့ သားတွေ ခေတ် ကျတော့ ထိုသို့ မဟုတ်တော့ ။ လွတ်လပ်မှုတွေ ခေါင်းပါးလာသည် ။ ရပ်ကွက်ထဲ ၊ လမ်းထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိ သော ခြံဝင်းတွေ ရှားပါးသွားပြီ ။ ကြီးကျယ်ခိုင်ခံ့ပြီး အရိပ် အာဝါသ ကောင်းသော သစ်ပင်ကြီးမျိုးတွေ ၊ ကျဲပါး သွားပြီ ။
လူနေ သိပ်သည်းမှု ထူထပ်လာသောကြောင့် အချို့ သော ခြံဝင်းတွေ ကို ခွဲခြမ်းစိတ်ဖြာ၍ ရောင်းကြရသည် ။ အချို့ကတော့ ခြံဝင်း တစ်ခုတည်း တွင် အိမ်ငယ်ကလေးတွေကို အသီးသီး ဆောက်ထားကြသည် ။ သို့သော် ခြံကျယ်ပြီး အရိပ်အာဝါသ ကောင်းမွန်စွာ ကျန်ရှိနေသေး သော အချို့အိမ်ကြီးတွေကလည်း ခြံစည်းရိုး ကို လုံ အောင်ခတ်ကာ ခြံတံခါးတွေ ကို သော့ခတ်ထားကြလေ့ ရှိသောကြောင့် ကလေးတွေ ကစားစရာ နေရာမရှိ ။
ထို့ကြောင့် ကျွန်တော့် သား အပါအဝင် ကလေး အတော်များများ က ရပ်ကွက်အတွင်းရှိ လမ်းမများ အပေါ်တွင် ကစားကြရသည် ။ ထိုအခါ ဖြတ်သွားဖြတ်လာကြလေ့ ရှိသော စက်ဘီး ၊ ဆိုက်ကား ၊ မော်တော်ကား ၊ ဆိုင်ကယ် အစရှိသော အန္တရာယ်တို့ကိုတော့ ကလေး တွေခမျာ မျက်စိရှင်ရှင် ထားကာ ရှောင်ရင်းတိမ်းရင်း ကစား နေကြရရှာသည် ။ ထို့ကြောင့် သူတို့ ကစားပွဲတွေ သည် ကျွန်တော်တို့ တုန်း ကလောက်တော့ အရသာ ရှိလိမ့်မည် မထင်ပါ ။
••••• ••••• •••••
တစ်နေ့ ကျွန်တော်တို့ လမ်းထဲတွင် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အဖြစ် ပျော်ပွဲရွှင်ပွဲ ကျင်းပရန် ပြင်ဆင် ကြသည် ။ ထိုသတင်း ကို ကြားသည် နှင့် တစ်ပြိုင်နက် နဂို ကတည်းကမှ ဖိုးဆော့ချင် ဖြစ်နေသော ကျွန်တော့် သား အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သွား တော့သည် ။
ထို့ကြောင့် ကျွန်တော် သားက လွတ်လပ်ရေးနေ့ တွင် ကျင်းပမည့် ပြိုင်ပွဲများတွင် သူ ပါဝင်ကစားခွင့် ရရန် အတွက် တကျီကျီနှင့် ပူဆာနေတော့သည် ။ ကျွန်တော် ကလည်း ထုံးစံအတိုင်း ခေါင်း တစ်ချက် ညိတ်လိုက်ရုံနှင့် ကိစ္စပြီးနိုင်သော်လည်း စိတ် က ခွင့်မပြုချင် ဖြစ်နေသည် ။ ဖြစ်နိုင်လျှင် ကျွန်တော့် သား ကို မကစားစေချင် ။ ကလေး အနေဖြင့် ရပ်ကွက် ထဲတွင် အလွတ်သဘော ကစားစဉ် က ပြဿနာ မရှိသော်လည်း ပြိုင်ပွဲ သဘော ဆိုလျှင် အနည်းငယ်တော့ ပြဿနာ ရှိလာလိမ့်မည် ဟု ကျွန်တော် ထင်သည် ။ ထို့ပြင် ကျွန်တော် ကိုယ်တိုင် ၏ ငယ်ဘဝ အတိတ် ပုံရိပ်အချို့ကို အာရုံ တွင် ပြက်ပြက်ထင်ထင် ပြန်လည် မြင်ယောင် လာမိခဲ့စေသည် ။
ထိုစဉ်က ကျွန်တော့် အသက်မှာ ဆယ်နှစ် သာသာ အရွယ်မျှ ရှိသေးသည် ။ ထုံးစံအတိုင်း လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ကို ပါဝင် ဆင်နွှဲခွင့် ရခဲ့သည် ။ ယှဉ်ပြိုင်ခဲ့ရ သည့် ကစားနည်း က “ အုန်းသီးလုပွဲ ” ။ ထိုကစားနည်း ကို တစ်ခါမျှ မကစားဖူးဘဲ ထိုနေ့မှ ကစား ရသဖြင့် ကျွန်တော့် အတွက် အထူးအဆန်းလို ဖြစ်နေသည် ။ ဆီ သုတ်ထားသော အုန်းသီး ကို တစ်ဖွဲ့ နှင့် တစ်ဖွဲ့ အပြိုင်လု ကာ တစ်ဖက်အသင်း ၏ ဂိုးပေါက် အဖြစ် ထောင်ထား သော သံပုံး ထဲသို့ ဝင်အောင် ထည့်ရခြင်းဖြစ်သည် ။
အုန်းသီး ကလည်း ဆီသုတ် ထားသဖြင့် ကိုင်ရတွယ် ရမလွယ် ။ လက်နှစ်ဖက် နှင့် ပိုက်၍ အားကုန် ပြေးရသည် ။ တစ်ဖက်အသင်း က လိုက်လု သော ကစားသမားတွေ ကို လည်း ရှောင်ရ တိမ်းရသေးသည် ။ တစ်ခါတစ်ရံ လက် က လွတ်၍ ခြေခုံပေါ် ပြုတ်ကျလျှင် အသည်းခိုက်အောင် နာတတ်သည် ။ ပြိုင်ပွဲ ပြီးသောအခါ အဝတ်အစား တစ်စုံ လုံး ဆီချေး အထပ်ထပ် နှင့် သုံးမရအောင် ပျက်စီးသွား ပြီး ။ ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်ချင် မသယ်ချင်လောက် အောင် နာကျင်ကိုက်ခဲ နေတော့သည် ။ ပို၍ ဆိုးသည်က ခြေထောက်တွေ မှာ ထောက်၍ မရနိုင်တော့လောက် အောင် ရောင်ကိုင်း နေခဲ့သည် ။
ပင်ပန်းရကျိုးတော့ နပ်သည် ဟု ဆိုနိုင်ပါသည် ။ ကျွန်တော်တို့ အသင်းက ပထမဆု ရခဲ့သည် ။ ထို့ကြောင့် ခြေခုံတစ်ခုလုံး နာကျင်ကိုက်ခဲရောင်ရမ်းနေသည်တို့ကို အပျော် နှင့် ဖျက်ပြီး ညဘက်တွင် ကျင်းပသော ဆုပေးပွဲ စင်မြင့် နားတွင် မယောင်မလည်နှင့် အချိန်ကုန် နေခဲ့ သည် ။ သို့သော် တကယ် ဆုရခဲ့တော့ ဘောလ်ပင် သုံးချောင်း မျှသာ ဖြစ်သည် ။ ကျွန်တော်တို့ အဖွဲ့တွင် အသင်း သား သုံးယောက် ဖြစ်သောကြောင့် တစ်ယောက် တစ်ချောင်း ဆိုသည့် သဘော ။ ထို ဘောလ်ပင် ၏ တန်ဖိုး မှာလည်း တစ်ချောင်း ငါးမူး သာ တန်သည် ။
ထိုအခါ လက်ထဲ ရောက်လာသော ဘောလ်ပင်လေးတွေ ကို ကိုင်ကာ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်စလုံး ကြက်သေသေ နေခဲ့ကြသည် ။ တစ် ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့ ။ ထိုစဉ်က ကလေးတို့ ၏ မုန့်စားပြိုင်ပွဲ တွင် ပင် ကြွေပန်းကန်ပြား ၊ ပြက္ခဒိန် အစရှိ သဖြင့် ရကြသေးသည် ။ မကျေနပ်၍ ပြိုင်ပွဲတာဝန်ခံ လုပ် သည့် ကိုတင်ဝင်း ကို မေးကြည့်တော့ ကိုတင်ဝင်း က ထို ကစားနည်း ကို သူ ၏ ခွင့်ပြုချက် မယူဘဲ ကျင်းပသော ကြောင့် ဟု မာမာတင်းတင်း ပြန်ပြောခဲ့ပါသည် ။
ထိုအခါ ဆုံးဖြတ်ချက် မြန်သော ၊ အကြောက်အလန့် အနည်းငယ် ကင်းသော ကျွန်တော် က ထို ဘောလ်ပင် သုံးချောင်း ကို ကိုတင်ဝင်း ရှေ့ တွင်ပင် လွှင့်ပစ် လိုက်ပြီး နောက်နောင် လွတ်လပ်ရေးနေ့ ပွဲတိုင်း တွင် ဘယ်တော့မှ ကျွန်တော် မပါတော့ ဟု ပြောဆိုကာ နေရာမှ လှည့်ထွက် လာခဲ့ပါသည် ။ ကျွန်တော့် နည်းတူ သူငယ်ချင်းတွေ က လည်း လှည့်ပြန်သွားခဲ့ကြပါသည် ။ သို့သော် ကျွန်တော့် ရင် ထဲ တွင်တော့ ထိုနေ့ ကတည်းက စွဲဝင် နေခဲ့သော ဆူးတစ်ချောင်း ကို ဒီနေ့ အထိ မနုတ်နိုင်သေးခဲ့ ။ နောက်ပိုင်းတွင် အိမ်ထောင်ကျကာ ဇနီးသည် ၏ အိမ်သို့ လိုက်နေ ၊ သား တစ်ယောက် ရသည် အထိ လွတ်လပ်ရေးနေ့ ပွဲတိုင်း ကို ကြည့်ပင် မကြည့်ဖြစ်တော့ ။
အခု သား က ဝင်ရောက် ကစားမည် ဆိုတော့ ကျွန်တော် စိတ် မပါနိုင်အောင် ဖြစ်နေခဲ့ရခြင်းဖြစ်ပါသည် ။ သို့သော် သားငယ် က မျှော်လင့်ချက်ကြီးစွာ ပူဆာလွန်းသောကြောင့် ကျွန်တော် လည်း စိတ်မသက် မသာနှင့်ပဲ ခေါင်းညိတ်ပြခဲ့ရသည် ။ သားငယ် ကတော့ အပျော်ကြီး ပျော်ကာ ခုန်ပေါက်နေတော့သည် ။
••••• ••••• •••••
လွတ်လပ်ရေးနေ့ သို့ ရောက်သောအခါ ကျွန်တော့် သားလေး သည် မနက်အစောကြီး ကတည်းက အိပ်ရာမှ ထကာ လမ်းထဲ တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဟိုကြည့် ဒီမျှော် ဖြစ်နေပြီ ။ လမ်းထဲရှိ လူကြီး အတော် များများကလည်း ကစားနည်းများ ကို သတ်မှတ်ပြီး အစီအစဉ်တွေ ဆွဲနေကြသည် ။ အချို့ လုပ်အားပေး လူငယ်တွေ ကလည်း မြေဖြူမှုန့်တွေ နှင့် စည်းတွေ ဆွဲနေကြသည် ။
သူတို့ သတ်မှတ်ထားသော ကစားနည်းများ ထဲတွင် ကျားကြီး ၊ ကျားလတ် ဘောလုံးပြိုင်ပွဲ ၊ အပြေးပြိုင်ပွဲ ၊ အာလူးကောက် ၊ ထုပ်ဆီးတိုး ၊ ချောတိုင်တက် ၊ ခေါင်းအုံး ရိုက် ... အစရှိသဖြင့် စုံစုံလင်လင် ရှိလှသည် ။ သို့သော် ကျွန်တော့် သား အရွယ် အတွက် သင့်တော်သော ပြိုင်ပွဲ က တစ်ခု သာ ပါသည် ။ ထိုပြိုင်ပွဲက “ ကျားလေး အပြေးပြိုင် ပွဲ ” ပဲ ဖြစ်ပါသည် ။
သေချာသည် က ကျွန်တော့် သား အရွယ်သည် ဘောလုံး ကန်တတ်သည့် အရွယ် လည်း မဟုတ် ၊ ဖြစ်နိုင် လျှင် မုန့်စားပြိုင်ပွဲ နှင့် အပြေးပြိုင် လောက်သာ ရှိလိမ့်မည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် သား ကတော့ အားကြိုး မာန်တက် ယှဉ်ပြိုင်မည့်သူ ဖြစ်သည်မှာ သံသယ ရှိနေ စရာ မလိုပါ ။
အမှန်တကယ်လည်း ပြိုင်ပွဲ တွင် ကျွန်တော့် သားက ပထမ ရခဲ့သည် ။ ထို့ကြောင့် ဝမ်းသာအားရ အာပေါင်အာရင်း သန်သန်နှင့် သူ့ အမေ ကို ပြောပြနေတော့ မအေ ဖြစ်သူ ကလည်း တပြုံးပြုံး ဖြစ်နေသည် ။ ထိုအချိန်တွင် အသက် ခြောက်ဆယ်ကျော်ခန့် ရှိသော အမယ်ကြီး တစ်ဦး က သူ့ မြေးလေး မှာ အပြေးပြိုင် နေစဉ် ခြေထောက် နာ နေသဖြင့် မပြေးနိုင်သောကြောင့် ဒုတိယ သာ ရကြောင်း ၊ ခြေထောက် သာ မနာလျှင် ပထမဆု ကို အသေအချာ ရမှာဖြစ်ကြောင်း ၊ ကျွန်တော့် ဇနီး ကို ကြိတ်မနိုင် ခဲမရဖြင့် လာရောက်ပြောပြနေသည် ။ ကျွန်တော် ကတော့ အိမ်ပေါ် မှ နေ၍ ထို အမယ်ကြီး ကို ကြည့်ရင်း မသိမသာ ပြုံးနေ လိုက်မိသည် ။ သားငယ် ကတော့ ပြေးခဲ့တာရော ၊ ကြွားရတာပါ ပေါင်းပြီး သိသိသာသာ မောနေရှာသည် ။
တစ်လမ်းလုံးတွင် လည်း တအုန်းအုန်း တရုန်းရုန်းနှင့် ဆူညံမစဲ တသဲသဲ ဖြစ်နေတော့သည် ။ စပီကာ မှ ပြိုင်ပွဲ တာဝန်ခံ ၏ အော်ဟစ်သံတွေကို တစ်ရံမလပ် ကြားနေ ရသည် ။ တစ်ခါတစ်ရံတွင် အော်သံဟစ်သံများ ကြားမှ ..
“ ချစ်တဲ့သူ × × × ကိုဆံရှည် × × × သျှောင်ကြီးဗွေ × × × ရွာတောင်ပြင် ညောင်ပင်မလေ ... × × × အရိပ်ဖြာ ... × × × လူပျိုတွေ မိတ်သဟာဆွေ ... ”
အစရှိသော သီချင်းသံ ကို လည်း ကြားနေရသေးသည် ။ ထိုသီချင်းသံ နှင့် အတူ ရောထွေး ထွက်ပေါ်နေ သော ဘောလုံးပွဲ ကြေညာသံ ၊ ထုပ်ဆီးတိုးပွဲ ၊ ခေါင်းအုံး ရိုက်ပွဲ ၊ ချောတိုင်တက်ပွဲတို့ အား အစီရင်ခံနေသည် မှာ လည်း စက္ကန့်မလပ် ။ ထို့ပြင် ပွဲကြည့်ပရိသတ် ဆီ မှ တအုန်းအုန်း အသံတွေ ကလည်း နား နှင့် ပင် မဆံ့ချင် တော့ ။ ကြာလာတော့ နားတွေ အူကာ ခေါင်းတွေ မူးလာ သည် ။
ညနေစောင်းတော့ ကျွန်တော့် သားငယ်သည် ခြောက်နာရီ မထိုးခင် ကတည်းက ရေမိုးချိုး ၊ အဝတ်အစားလဲ ၊ သနပ်ခါးအဖွေးသားနှင့် ဖြစ်နေပြီ ။ ထိုနေ့ည တွင် ပေးမည့် ဆုပေးပွဲတွင် သူ ကိုယ်တိုင် အားသွန်ခွန် စိုက် ပြေးလွှားခဲ့၍ ရသော ပထမဆုကြီး ကို လက်ခံ ရယူရန် ပြင်ဆင်နေပြီ ။ တွေ့ သမျှ လူတိုင်း ကိုလည်း သူ မည်ကဲ့သို့ ပြိုင်ပွဲဝင်ခဲ့ကြောင်း ကြွား၍ မဆုံးတော့ ။
ထို့ကြောင့် မိုးလည်း ချုပ်လုပြီ ဖြစ်သဖြင့် ဆုပေးပွဲ ဆီ သို့ သူ့ အမေ ကို လိုက်ပို့စေခဲ့သည် ။ ဆုပေးပွဲမဏ္ဍပ် ကလည်း ကျွန်တော့် အိမ်နှင့် ဓားလွယ်ခုတ် လောက်တွင် ရှိသောကြောင့် သား ကို သူ့ အပေါင်းအသင်းတွေ နှင့် ထားခဲ့ကာ ဇနီးသည် က ပြန်လာခဲ့သည် ။
ကျွန်တော် က လည်း သား ၏ ဆုပေးပွဲကို မသိမသာ နားစွင့်ရင်း အိမ် မှာသာ စာဖတ်နေခဲ့သည် ။ သို့သော် ကျွန်တော့် သား က ခုနစ်နာရီ နှင့် လည်း ပြန်မလာ ၊ ရှစ်နာရီ နှင့် လည်း ပြန်မရောက် ဖြစ်နေသောကြောင့် ကျွန်တော် က ဇနီးသည် ကို လိုက်သွားရန် သတိပေးရသည် ။
ထိုအချိန်တွင်ပင် ကျွန်တော့် သား က ငိုကြီးချက်မ နှင့် ပြန်ရောက်လာခဲ့သည် ။ ဆုပေးပွဲကြီး လည်း ပြီးသွား ခဲ့ပြီ ။ ကျွန်တော် က ကလေး ကို အကျိုးအကြောင်း မေး တော့ ကလေး က သူ့ ကို ဆု မပေးကြောင်း ဝမ်းပန်း တနည်း ပြောသည် ။ တစ်ချိန်တည်း မှာပင် မသိစိတ် က ကျွန်တော် ကိုယ်တိုင်၏ ငယ်ဘဝ ဆီသို့ လှစ်ခနဲ ရောက်ရှိ သွားသည် ။ ဒေါသကြောင့် အသားတွေ တဆတ်ဆတ် တုန်ယင်လာခဲ့သည် ။ တစ်နေရာရာ တွင် တစ်စုံတစ်ခု မှားယွင်းနေပြီ ဆိုသည် ကတော့ အသေအချာပင် ဖြစ်သည် ကို ကျွန်တော် သိနေပြီ ။
ဘာပဲဖြစ်ဖြစ် ဒီ အခြေအနေ တွင် ကျွန်တော် သွေး မပူသင့် ။ စိတ်လိုက်မာန်ပါ ဖြေရှင်း လိုက်လျှင် ပြဿနာ တွေ က မီးခိုးကြွက်လျှောက် ဖြစ်သွားလိမ့်မည် ။ အထူး သဖြင့် ကျွန်တော့် သားလေး ပတ်ဝန်းကျင် ပေါ် ယုံကြည် လျော့နည်းသွားလိမ့်မည် ။ မိမိ ၏ ကြိုးစား အားထုတ်မှု အတွက် ရရှိလာသော အောင်မြင်မှု ကို ပတ်ဝန်းကျင် တစ်ခွင်လုံး ၊ တစ်လောကလုံး သိထားပါသော်လည်း အသိအမှတ်ပြု မခံရခြင်းသည် မည်မျှ ရင်နာစရာ ကောင်းကြောင်း ကို ကျွန်တော် ကိုယ်တိုင် လည်း ရင်ဆိုင်ခဲ့ရဖူး သောကြောင့် သားငယ် အတွက် ကိုယ်ချင်းစာ ပေးနိုင်ပါ ၏ ။ သို့သော် သားငယ် ကိုတော့ ကျွန်တော့် လို စိတ်ဒဏ် ရာ မရစေချင် ။ ထို့ကြောင့် ဒီကိစ္စ ကို စိတ်အေးလက်အေး ဖြေရှင်း မှ ဖြစ်လိမ့်မည် ဟု ကိုယ့် ကိုယ် ကိုယ် သတိပေးရင်း မာတင်း နေသော ကျွန်တော့် မျက်နှာ ကို ဦးစွာ ပြင်ယူရ သည် ။
ပြီးနောက် အာရုံ ကို အသေအချာ စုစည်းကာ ကလေး ကို အကဲခတ် နေရသည် ။ ထို့နောက် ကလေး ကို မငိုရန် အားပေးပြီး မေးခွန်း တစ်ခု ကို အမှတ်တမဲ့ မေး လိုက်ရသည် ။
“ သားနဲ့ အတူ အပြေးပြိုင်ပွဲ မှာ ဒုတိယ က ဘယ်သူ ရတာတုန်း .. သားရဲ့ .. ”
ကျွန်တော့် မေးခွန်းကြောင့် သား က အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားပြီး ..
“ ပထမ က သားရတာလေ ...”
“ မဟုတ်သေးဘူးလေ .. သားရဲ့ ၊ ဒုတိယ .. ဘယ်သူ ရသလဲသာ ပြောကွာ ....”
ဆိုပြီး ကျွန်တော် အတင်းအကျပ် မေးတော့မှ သား က ဘယ်သူဘယ်ဝါ ရကြောင်း ၊ သူ့ သူငယ်ချင်း ၏ အမည် ကို ရွတ်ပြသည် ။ သားငယ် ၏ စကာသံ အဆုံး တွင် ကျွန်တော့် ဇနီး ကို သူ့ မြေးလေး ခြေထောက် နာနေ၍ ဒုတိယ သာ ရကြောင်း ပြောခဲ့သော အမယ်ကြီး ကို ရုတ်တရက် ပြန်မြင်သည် ။ ကျွန်တော် က ဆက်၍ ထိုကလေး ကို ရော ဒုတိယဆု ပေးသလား ဟု ဆက်မေးတော့ သား က ခေါင်းညိတ်ပြ ပြန်သည် ။ ကျွန်တော် က သိပ်မသေချာ သဖြင့် ...
“ သူ က ဒုတိယဆု ဆိုတော့ ဘာရတာလဲ ”
ထပ် မေးတော့ သားငယ် က ရှိုက်သံ တစ်ဝက် စွက် နေရာ မှ ...
“ နှစ်ရာ .. ” ဟု ပြန်ပြောသည် ။
ကျွန်တော့် အာရုံ ထဲတွင် ကျွန်တော် ကိုယ်တိုင် ၏ ငယ်ဘဝ ပုံရိပ်များ ထဲမှ အုန်းသီးလုပွဲ ၊ ဘောလ်ပင် သုံးချောင်း နှင့် ဆုပေးပွဲမဏ္ဍပ် ကို ပြန်လည် မြင်ယောင်နေ မိသည် ။ ထို့ကြောင့် ခေါင်း ကို ခပ်ပြင်းပြင်း ခါထုတ် လိုက်ပြီး ရုတ်တရက် ပြုံး လိုက်ကာ ...
“ ဒါများ သားရယ် ... သူတို့ က ဆု မပေးရင် ဖေဖေ က သားလေး ကို ဆုပေးမှာပေါ့ ။ ဘာလိုချင်လဲ ပြော .. ။ ဖေဖေ့ သား က ပထမဆု တောင် ရတာ ဆိုတော့ ... တကယ် တော်လို့ ရတာပေါ့ ။ သား လိုချင်တာသာပြော ... ။ ဖေဖေ ဝယ်ပေးမယ် ...”
ကျွန်တော့် စကားကြောင့် သားငယ် က မျက်ရည် ကို သုတ်ရင်း ကျွန်တော့် ကို အကဲခတ် နေသည် ။
“ ပြောလေ သား ။ ဘာလိုချင်လဲ ...”
ဆိုတော့မှ ကျွန်တော့် သားက တစ်ခွန်းတည်း သော စကား ကို ဆိုသည် ။
“ နာရီ .... ” တဲ့ ။
ကျွန်တော် က သူ့ အမေ ကို မျက်ရိပ်ပြကာ လမ်းထိပ် ရှိ စတိုးဆိုင် တွင် သား ကြိုက်သော နာရီ တစ်လုံး ကို ချက်ချင်း ဝယ်ပေးစေရန် မှာကြားပြီး ခပ်မြန်မြန် လွှတ် လိုက်ရသည် ။ အတန်ငယ် ကြာတော့ ကျွန်တော့် သား က ဘယ်ဘက်လက် ကို မြှောက်ကာ မြှောက်ကာ မြောက်ကြွ မြောက်ကြွဖြင့် ပြန်လာသည် ။ မျက်နှာ က လည်း ပြုံးလျက် ရွှင်လျက် ။ သူ ပတ်လာသော လက်ပတ်နာရီ ကို လည်း ကျွန်တော့် အား ပြကာ သဘော အကျကြီး ကျနေ တော့သည် ။
ဒီတော့မှ ကျွန်တော် က ရုတ်တရက် သတိရပုံ ဖြင့် ...
“ သားရေ ... ဆုပေးပွဲ မှာ သား ရဲ့ နာမည်ကို ခေါ်သံ မကြားလိုက်ဘူးလား ။ ဟိုက လူကြီးတွေ က ဆု ကို သား လာ မယူဘူး ထင်လို့တဲ့ ။ မင်း အတွက် ပထမဆု အိမ် ကို လာ ပေးသွားတယ် ”
ဆိုတော့ သားငယ် က “ ဟုတ်လား ... ” ဟု ဆိုကာ ကျွန်တော် မေးဆတ် ပြသော စာရေးစားပွဲ ပေါ် ရှိ စာအိတ် တစ်အိတ် ကို ပြေးယူသည် ။ ပြီးနောက် စာအိတ် ပေါ်တွင် ရေးထားသော စာတန်း ကို စာလုံးပေါင်း ၍ ဖတ်နေသည် ။
“ သားလေး ... မောင်သူထူးဇော် ။ ( ကျားလေး ) အပြေးပြိုင်ပွဲ ၊ ပထမဆု ”
စာ ကို ဖတ်ရင်း ဝမ်းသာအားရ နှင့် စာအိတ် ကို ဖွင့် နေသည် ကို ကျွန်တော် ကြည့်နေမိသည် ။ သူ့ အမေ က တော့ ကျွန်တော့် ကို ကြည့်လိုက် သူ့ သားငယ် ကို ကြည့် လိုက် နှင့် မျက်နှာ သိပ်မကောင်း ။ သား ကတော့ ပျော်ရွှင် ကျေနပ်စွာ ထအော်သည် ။
“ ဟာ .. ၊ ငါးရာတောင် .. ထောပြီ ... ထောပြီ ... ”
ဆိုကာ ခုန်ပေါက်နေသည် ။
ကျွန်တော် ကတော့ သက်ပြင်း ကို ခပ်လေးလေး ချ ရင်း အကြည့် ကို လမ်းမ သို့ ပို့လွှတ်လိုက်ရသည် ။ စိတ် ထဲ တွင်တော့ နောက်ထပ် လွတ်လပ်ရေးပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၃၆၄ ရက် လိုပါသေးသည် ။ သို့သော် ထိုနေ့ တွင်လည်း ကျွန်တော့် သားငယ် သည် သူ ၏ ကြိုးစားအားထုတ်မှု အတွက် အသိအမှတ် ပြုမှ ခံရပါ့မလား မသိ ။
သေချာသည် က တဖြည်းဖြည်း အသိတရား ရင့်ကျက်လာသော ကျွန်တော့် သား ကို နောက်တစ်ခါ လှည့်စား၍ ရပါတော့မလား ဟူသော သံသယ က ကျွန်တော့် ရင် ကို ခပ်ပြင်းပြင်း လှုပ်ခါနေစေသည် ။
▣ မောင်နှင်းပန်း
📖 ကလျာ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၁၃
No comments:
Post a Comment