Thursday, June 12, 2025

အောင်ဘာလေ နှင့် ရွှေငါးလေး ငါးကောင်


 

❝ အောင်ဘာလေ နှင့် ရွှေငါးလေး ငါးကောင် ❞
※ မောင်ကိုကို ၊ အမရပူရ ၊

၁ ။

ဂျင်းဘောင်းဘီတစ်ထည် ဝတ်ပြီး အုတ်ရေကန်ပေါ် ထိုင်ကာ အုတ်ရေကန် ထဲက ရွှေငါးများစွာ ကို စောင့်ကြည့်စစ်ဆေးရသည့်အလုပ်ကို ကျွန်တော် သဘောကျပါ၏ ။ ကိုယ်တိုင် စိတ်ကူးယဉ်လို့လည်း ကောင်းပြီး ပိုက်ဆံလည်း ရသည့် အလုပ်မို့ ရွှေငါး မွေးပြီး သားဖောက် ရောင်းရတာ ပျော်စရာ ကောင်းပါသည် ။

ကျွန်တော်သည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးမြို့ ၊ ၈၄ လမ်း နှင့် ၃၃ လမ်းထောင့်က လူထုစာအုပ် အရောင်းဆိုင်လေး သို့ မရောက်ပြန်တော့ပါ ။ လူထုစာအုပ်ဆိုင်ကလေး၏ရှေ့မှာ ဗာဒံပင် စိမ်းစိမ်းဝိုင်းဝိုင်းလေး ရှိပါသည် ။ ထို ဗာဒံပင်ကလေး ရှိခြင်းကြောင့်ပင် ညနေခင်းတွေမှာ မွန်းလွဲပိုင်း တွေမှာ ကျွန်တော်တို့ တစ်တွေ အရိပ် ရရှိခဲ့ကြဖူးပါသည် ။ စာပေသမား ဘဝဖြင့် ကမ္ဘာလောက ကို ကျွန်တော်တို့ ရင်ဆိုင်ရာမှာ ဘဝ အနေအထား ပြိုကွဲဖွယ်ရာ အက်ကြောင်းများ ၊ လူမှုရေး ၊ စီးပွားရေး မလုံခြုံမှု အပေါ်မှာ ရုတ်တရက် ထိုးနှက် ကုတ်ခြစ် ခံလိုက်ရသော သွေးစိမ်းရှင်ရှင် ဒဏ်ရာများလည်း ရရှိလာတတ်ပါသည် ။ သို့သော် ထို ဒဏ်ရာဒဏ်ချက်များ ၊ သွေးစိမ်းရှင်ရှင်များ ၊ အက်ကြောင်းများသည် ဗာဒံပင်လေး အောက်သို့ ရောက်သော အခါတွင် သွေးတိတ်ဆေးများ ၊ အားဆေး ဘာပလက်များ ၊ ဆေးဝါးကုသသူများနှင့် အလိုအလျောက် တွေ့ရတတ်ပါသည် ။ “ ဒီကမ္ဘာမြေ မှာ ငါတို့ တစ်တွေ တည်ရှိ နေကြသည် ။ ငါတို့ တစ်တွေမှာ အင်အားများ ရှိသည် ။ ငါတို့သည် ဆေးဝါးကုသခံယူဖို့ မဟုတ်ဘဲ ငါတို့ က အမြဲ ကျန်းမာနေပြီး ငါတို့ က တခြား လူများကို ဆေးဝါး ကုသပေးရမည် ”  ထို အတွေး အခေါ်များ ကျွန်တော် ရရှိခဲ့ပါသည် ။ ဗာဒံပင် အောက်မှ ကျွန်တော့် မိတ်ဆွေများ နှင့် ဝိုင်းဖွဲ့ စကားပြော ရသောအခါ ဖြစ်ပါသည် ။ စိတ်ဓာတ်များလည်း အသစ် တစ်ဖန် လန်းဆတ်နုပျိုလို့ ။ အဲဒီ ဗာဒံပင်လေး အောက်မှာ ကိုညို ရှိမည် ။ ပိုင်စိုးဝေ ရှိမည် ။ ကိုပြေ ရှိမည် ။ ကိုသိုက် ရှိမည် ။ ဆရာ ဝင်းစည်သူ ရှိမည် ။ ကိုညိုထွန်းလူ ရှိမည် ။ ကျွန်တော်တို့ အမှန်တကယ် ပျော်စရာ ကောင်းခဲ့ကြပါသည် ။

၁၉၈၈ နောက်ပိုင်း မှာတော့ ဘဝလမ်းကြောင်း ကိုယ်စီ ဟာ တစ်မျိုး တစ်ဖုံ ပြောင်းလဲလို့ လာခဲ့ကြသည် ။ သူငယ်ချင်း တစ်ယောက် က ကုမ္ပဏီ ၏ မန်နေဂျာ ဖြစ်နေသည် ။ မိတ်ဆွေ တစ်ယောက် က နိုင်ငံခြား ရောက်သွားပြီး အခြား မိတ်ဆွေ တစ်ဦး က ဘယ်ရောက်လို့ ရောက်နေမှန်း ကျွန်တော် မသိခဲ့ပါ ချေ ။ သူငယ်ချင်း တစ်ယောက် က အေးဂျင့် ယူကာ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းနေသည် ။

၂ ။

ကျွန်တော့် ဘက်ကတော့ ရှင်းပါးသည် ။ ကျွန်တော့် ခြံထဲမှာ တစ်ပေ သာသာ အမြင့် ရှိသည့် အုတ်ရေကန်တွေ တန်းစီပြီး တည်ဆောက်ခဲ့၏ ။ အဲဒီတုန်း က အုတ်ဈေး ကလည်း မကြီးမြင့်လှချေ ။ နောက်ပြီး မယ်ဇယ်တန်း နံဘေး မှာ အုတ်ဖိုကြီးတွေ များကြီး ရှိပါသည် ။ ဦးပညာ ကတော့ အုတ်ဖိုတွေ က အပူဓာတ် တွေ ဟာ ၊ အုတ်ဖိုတွေ က မီးခိုးတွေ ဟာ စိမ်းမှောင်တဲ့ မယ်ဇယ်ပင်တွေ ရဲ့ အလှ ကို ဖျက်ဆီးပစ်မှာလား စိုးရိမ်သည် ။ မည်သို့ပင် ဖြစ်စေ အုတ်ဖိုများ အောင်မြင်စွာ တည်ရှိခဲ့ပါ၏ ။ ကျွန်တော် လှည်း ငှားကာ အုတ်ခဲများ ဝယ်ပါသည် ။

ကျွန်တော် ရွှေငါးကန်တွေ တည်ဆောက်နေချိန်တွင် လူအချို့ လာကြည့်ကြပါသည် ။

“ ဘာလုပ်မလို့လဲ ၊ ရေချိုးကန်တွေ တည်ပြီး ရေရောင်းတော့မှာလား ” 

လူ့သဘာဝ အတိုင်း စပ်စုကြပါသည် ။

“ မဟုတ်ပါဘူး ... ငါးမွေးမလို့ ”

“ ငါးဟုတ်လား ၊ မွေးမြူရေးငါးပေါ့နော် ။ ဝလာဗီးယားတွေလား ၊ ကောင်းတယ် ၊ ကောင်းတယ် ။ နောက် ငါး ဝယ်ရင် ဒီ လာဝယ်မယ် ၊ လတ်လတ် ဆတ်ဆတ် စားရတာပေါ့နော် ”

“ အို ... မဟုတ်တာ ကျွန်တော် က ရွှေငါး မွေးမယ့်ဥစ္စာ ” 

သူတို့တွေ က တအံ့တသြ အလန့်တကြား ဖြစ်လို့ ။

“ ရွှေငါး ဟုတ်လား ၊ ရွှေငါး ။ နေပါဦး ရွှေငါး က ဘာလုပ်ဖို့ရာတုံး ” 

“ ရွက်လှပန်းပင်လေးတွေ စိုက်သလိုပေါ့ ။ ဂမုန်းပင်တွေ ၊ အင်ဒိုနီးရှား တရုတ်စကားပန်းပင်တွေ ၊ ဘွန်ဇိုင်းတွေ ၊ ကက်တပ်စ် ခေါ်တဲ့ ရှားစောင်းပင်ပု လေးတွေ အလှစိုက် သလိုပေါ့ ။ လူတွေ ဟာ ရွှေငါး ကို အလှမွေးကြ ၊ အလှကြည့် ကြမယ် ။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာ မှာ စစ်မရှိဖို့ ၊ ငြိမ်းချမ်းဖို့ ၊ လှပဖို့ ။ အဲဒီအတွက် ကျွန်တော် က ရွှေငါးတွေ မွေးမြူ ထုတ်လုပ်ရောင်းချသွားမှာလေ ”

“ ဪ ... တခြားဟာနဲ့ ကြောင် လို့ အားမရလို့ ရွှေငါးတွေ နဲ့ ကြောင်ဦးမှာပေါ့ နော် ”

ကျွန်တော် ဘာမျှ မတတ်နိုင်ပါ ။

ကျွန်တော် ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း ။ ကမ္ဘာကြီး ကို ငြိမ်းချမ်းလိုသူ တစ်ယောက် အပေါ်မှာ စွပ်စွဲချင် သလို စွပ်စွဲကြပါစေတော့ ။

၃ ။

အုတ်ကန်များ တည်ဆောက် ပြီးခဲ့ပါပြီ ။ ကျွန်တော့် လက်ထဲမှာ ရွှေငါး မွေးမြူနည်း စာအုပ်ကလေး လည်း တွန့်ကြေနေပါပြီ ။

ကျွန်တော် သည် မန္တလေးမြို့ ၊ ၃၃ လမ်းသို့ မရောက်ဖြစ်တော့ဘဲ ၃၅ လမ်း နံဘေးက မှန်ကန်တွေ နှင့် ရွှေငါး အရောင်းဆိုင်များ သို့သာ ခပ်စိပ်စိပ် ရောက်ဖြစ်ပါတော့၏ ။ ကျွန်တော် ရောက်ဖူးချင်တာက ရွှေငါး မွေးမြူရေးခြံများ သို့ ဖြစ်ပါ၏ ။ မန္တလေးမြို့ မှာ အုတ်ကန်အကြီး အကြီးကြီးတွေ နှင့် ရွှေငါးတွေ အကြီးအကျယ် မွေးတယ် ၊ သားဖောက်တယ် ဆိုတာ ကျွန်တော် သိထားပါသည် ။ အဲဒီ သတင်း အချက်အလက် ရထားပေမည့် အဲဒီ နေရာကို ကျွန်တော် စုံစမ်းလို့ မရသေးချေ ။ တစ်ဆင့် ယူရောင်းသည့် ၃၅ လမ်း တစ်ဝိုက် သို့သာ ရောက်နေ၏ ။

ရွှေငါး အရောင်းဆိုင်များ က ရွှေငါး မွေးမြူသည့် ပင်ရင်း နေရာများ သို့ ညွှန်ပြသည့် အလေ့အထ မရှိပါချေ ။

“ ဒီ ရွှေငါးတွေ အများကြီး ရအောင် ဘယ်က ဝယ်တာလဲ ” 

ကျွန်တော် က မေးကြည့်ပါသည် ။ စကားရော ဖောရော လုပ်ရင်း မေးကြည့်ခြင်း ဖြစ်ပါသည် ။

“ ဒီ ရွှေငါးတွေလား ၊ ကိုယ်တို့ တစ်ပတ်တစ်ခါ ရန်ကုန် သွား ဝယ်တာပေါ့ကွ ”

အမျိုးသားကြီး က ပြောသည် ။

“ ကျွန်တော်တို့ က အိမ်နောက်ဖေး မှာ သစ်သားကန်တွေ ရှိတယ်လေ ။ သစ်သားတွေ နဲ့ ကန် ခပ်နိမ့်နိမ့် လုပ်ပြီး ပလတ်စတစ်တွေ ခင်း ရိုက်ထားတာပေါ့ ။ ရေ လုံးဝ မယိုဘူး ။ တစ်ခုတော့ ရှိတယ် ။ အဲဒီ ပလတ်စတစ် သစ်သားကန် ကို နေရိပ်တဲ့ နေရာမှာ ထားရတယ် သိလား ။ သစ်ပင်ရိပ် မှာပေါ့လေ ။ မနက် နေလေး တော့ ရမှ ကောင်းတာပေါ့ ။ ကျွန်မတို့ ရွှေငါး သားဖောက်ရာမှာ နေရောင်ခြည် နုနုတော့ လိုအပ်တာပေါ့ရှင် ”

အမျိုးသမီး က စကား အပြောအဆို ချောမွေ့သည် ။

“ အဲဒီ ရွှေငါး သားဖောက်တာလေး ကို ကျွန်တော် ခဏတစ်ဖြုတ် ကြည့်လို့ရမလားခင်ဗျား ”

ရွှေငါး ရောင်းသည့် အမျိုးသမီး က ပြုံးပါသည် ။

“ ကျွန်မတို့ ရွှေငါးသားဥတွေ က မှော်ကလေးတွေ မှာ ကပ်နေတာ အဲဒီ ဥကလေးတွေ က လူစိမ်း ဝင်လာရင် ရွှေငါးကလေးတွေ မပေါက်တော့ဘူး ” 

ကျွန်တော် သူတို့ ထံမှ ရွှေငါး အနည်းငယ် နှင့် ရေဂမုန်းပင်လေး တစ်ပင် ဝယ်ခဲ့ပါသည် ။ ရေဂမုန်းပင်လေးတွေ က မှန်ရေကန် ထဲမှာ ချ ထားလျှင် အလွန် လှပပါသည် ။

မည်သို့ပင် ဖြစ်စေ ၊ ကျွန်တော် သည် မန္တလေးမြို့ ရှိ ဆိုက်ကားဆရာ တော်တော်များများ ကို လက်ဖက်ရည် တိုက်ပြီး ရွှေငါးခြံ တည်နေရာကို မေးမြန်း ခဲ့ပါသည် ။ ဆိုက်ကားဆရာ တော်တော်များများ နှင့် တွေ့ဆုံ လက်ဖက်ရည် တိုက် ပြီးနောက် နောက်ပိတ်ဆုံး မှ တွေ့ခဲ့ရသော လူငယ် ဆိုက်ကားဆရာလေး ၏ ပို့ ဆောင်မှုကြောင့် မန္တလေး အနောက်ပိုင်း ထင်းဝင်းရပ် မှ ရွှေငါးမွေးမြူရေး ခြံကြီး တစ်ခြံ သို့ ကျွန်တော် ရောက်ရှိခဲ့ရပါသည် ။ အဲဒီ ခြံ၏ အဝင်ဝ မှာ လေးခန်း အိမ်လောက် ကျယ်ပြီး ကျွန်တော့် တစ်ရပ်လောက် ရှိသည့် အုတ်ကန်ကြီး ထဲမှာ ရေမှော်တွေရော ၊ ဗေဒါတွေရော ၊ ရွှေငါးတွေရော ရေကူးနေကြပါသည် ။ တိုက် နောက်ဖေး မှာ ရွှေငါးကန်တွေ ကလည်း မွစာကြဲ နေတာပဲ ၊ မှန်ကန်တွေ ကလည်း အများကြီးပဲ ။

Lion Head ခေါ် ခြင်္သေ့ခေါင်းပါးတွေ ၊ ဘာသာအိုင်းတွေ ၊ ဘလက် မော်လီတွေ ၊ အလက်မိုးတွေ ၊ အိန်ဂျယ်တွေ ၊ ဒစ်စကတ်တွေ ၊ အော်စကာတွေ ၊ ဆိုတေးတွေ ၊ ဂျွိုင်းတွေ ၊ ငါးကြင်းရွှေဝါတွေ ၊ ဖားပြုတ် လိုလို လုံးလုံးဝိုင်းဝိုင်း ရွှေငါးတွေ ၊ အို .. စုံလို့ပါပဲဗျာ ။

“ ကျွန်တော် က ဟောဒီ တိုက် ကို ရွှေငါး မွေးပြီး ဆောက်ခဲ့တာဗျ ” 

သူ့ နှစ်ထပ်တိုက်ကြီး ကို ကြည့်ပြီး ကျွန်တော် အားကျ သွားခဲ့သည် ။ ကျွန်တော် ရွှေငါး မွေးပြီး မော်တော်ဆိုင်ကယ် ဝယ်စီးရမည် ။

ကျွန်တော် သည် သူ့ ဆီ မကြာခဏ ရောက်ခဲ့ကာ လက်တွေ့ ရွှေငါး မွေးနည်း ကို လက်ဖက်ရည် သောက်ရင်း သူ့ ထံမှ သင်ကြားခဲ့ရပါသည် ။ အခုတော့ ကျွန်တော် က ရွှေငါး ကို အထီးအမ လည်း ခွဲတတ်ပါပြီ ။ မိတ်လိုက်ခိုင်းတတ်ပါ ပြီ ။ သားဖောက်ပြီး ပေါက်လာတဲ့ ရွှေငါး ရာထောင် ကို ရေတီလေးတွေ ပလိတ်ဓား နှင့် တောက်တောက်စင်း ကျွေးကာ ရွှေငါး တစ်လသား အရွယ်ရောက်တော့ မန္တလေးမြို့ ၊ ၃၅ လမ်း မှာ ဖောက်သည် ပေးတတ်ပါပြီ ။

၄ ။

တစ်နေ့မှာ တော့ ကျွန်တော် သည် ၃၅ လမ်း မှာ ရွှေငါးအစာ ရေတီ သွားဝယ်ရင်း ၃၃ လမ်း သို့ ဝင်ဖြစ်ပါသည် ။ ကျွန်တော့် သူငယ်ချင်း ကလည်း ရွှေငါးဆိုင် သို့ လိုက်လာကာ ရွှေငါး ကို စိတ်ဝင်စား သွားပြီး ရွှေငါးလေး ငါးကောင် ဝယ်သွားပါသည် ။ ကျွန်တော့် သူငယ်ချင်းတို့ တိုက် အပေါ်ထပ် လသာဆောင် မှာ မှန်ကန်ကလေး နှင့် အောက်ဆီဂျင် ပေးသွင်းကာ ရွှေငါးလေး ငါးကောင် ကို မွေးထားပါသည် ။ အင်ဒိုနီးရှား တရုတ်စကားပင်တွေ ရဲ့ အကြားမှာ ရွှေငါးမှန်ကန်လေး က လှပ နေပါသည် ။ ကျွန်တော် သူ နှင့် အတူ လသာဆောင် ပေါ် လိုက်ပြီး အင်ဒိုနီးရှား တရုတ်စကားပန်းပွင့် အနီများ ကို ကြည့်ခွင့်ရခဲ့ပါသည် ။

နောက်တစ်ကြိမ် ကျွန်တော် အဲဒီ ၃၃ လမ်း ရောက်တော့ ကျွန်တော့် သူငယ်ချင်း က ခရီး တစ်ခုသို့ ခေတ္တ ထွက်သွားပါသည် ။ သူ့ ရဲ့ သား အောင်ဘာလေ က ရွှေငါးလေးတွေ ကို ဆက်လက် ထိန်းသိမ်း မွေးမြူထားသည် ။

အောင်ဘာလေ ရဲ့ ဘွားဘွား က -

“ ရွှေငါးလေးတွေ ကို ကြည့်ပေးပါဦးကွယ် ။ လိုအပ်တာလေးတွေ ပြင်ဆင်စရာလေးတွေ လည်း အောင်ဘာလေ ကို ပြောပြပေးပါဦး ။ ရွှေငါးလေးတွေ အသက်ရှူ မဝဘူးကွယ့် ၊ ရေ ကော ဘယ်နှရက် မှာ တစ်ခါ လဲရတာလဲ ။ လာပါကွယ် ၊ အပေါ် လသာဆောင် ပေါ် တက်ကြည့်ပါဦး ”

အဲလိုနှင့် အောင်ဘာလေ ရယ် ၊ အောင်ဘာလေ ရဲ့ ဘွားဘွား ရယ် ၊ ကျွန်တော် ရယ် ... လသာဆောင် ပေါ် တက်ပြီး ရွှေငါး ကြည့်ကြ ပြန်ပါသည် ။ ကျွန်တော် ကတော့ အပေါ် ရောက်တိုင်း စဉ့်အင်တုံ အကြီးကြီးတွေ နှင့် စိုက်ထား သော ပင်စည် တုတ်ခိုင်ပြီး အခက်အလက် ဝေဆာသော အပွင့်နီနီရဲရဲများ ပွင့်သော အင်ဒိုနီးရှား တရုတ်စကားပင်များ ကို သာ တစိမ့်စိမ့် ကြည့်နေတတ်တာပါပဲ ။

ရွှေငါးလေးတွေ ကို ထားပုံထားနည်း ၊ အစာ ကို ခဏခဏ မကျွေးဘဲ မနက်စောစော တစ်ခါ ၊ ညနေ တစ်ခါသာ နည်းနည်းစီ ကျွေးသင့်ကြောင်း ပြောပြပါ သည် ။

“ ရေတီတော့ အမေ က မကျွေးစေချင်ပါဘူးကွယ် ။ သူများ အသက် မသတ်ချင်ပါဘူး ။ ငရဲ ကို ကြောက်ပါတယ် ”

“ ရပါတယ် အမေ ၊ ကွေကာအုတ် ကျွေးလည်း ရတာပါပဲ ။ ဂျုံနဲ့ ကြက်ဥနဲ့ ရောနယ်ပြီး အလုံးလေးတွေ လုံးပြီး အခြောက်ခံ ကျွေးလည်း ရတာပါပဲ အမေ ” 

ကျွန်တော်တို့ လသာဆောင် ပေါ်က အတူတူ ဆင်းလာခဲ့ကြပါသည် ။

၅ ။

ကျွန်တော် သည် နောက်ထပ် တစ်လခန့် ကြာသောအခါ ရွှေငါး အစာ ဝယ်တာ သွားရင်း အောင်ဘာလေ နှင့် အောင်ဘာလေ တို့ ၏ ဘွားဘွား ထံ ရောက် ခဲ့ပါသည် ။ အောင်ဘာလေ မွေးထားသည့် ရွှေငါးတွေ ၏ ကျန်းမာရေး အခြေအနေ သိလို၍ ဖြစ်ပါသည် ။ သူ့ အဖေ ခရီး သွားနေဆဲ ကလေး ၏ ရွှေငါးလေးတွေ ကို ကျွန်တော် စောင့်ရှောက် ပေးရမည် ။

အောင်ဘာလေ ကို မတွေ့ရ ။ အောင်ဘာလေ ၏ ဘွားဘွား နှင့်ပဲ တွေ့ရပါသည် ။

“ အမေ ၊ အောင်ဘာလေ ရဲ့ ရွှေငါးလေးတွေ ကျန်းမာရေး အခြေအနေ ကောင်းရဲ့လား ။ ရွှေငါးတွေ ဘာ လိုအပ် နေသလဲ သိရအောင် လသာဆောင် ပေါ် ကျွန်တော် တက်ကြည့်ပေးမယ်လေ ”

အောင်ဘာလေ ၏ ဘွားဘွား က ပြုံးပါသည် ။

ထို အပြုံးများ သည် အကြင်နာတရား လည်း ရှိ ၊ မေတ္တာတရား လည်း ရှိ ၊ နောက်ပြီး လေးနက်မှု လည်း ရှိကာ အဓိပ္ပာယ်တွေ လည်း ရှိနေသည် ဟု ကျွန်တော် ခံစားရပါသည် ။

“ သားရယ် အမေ့ မြေးကလေး အောင်ဘာလေ က ရွှေငါးတွေ ကို မှန်ကန်
ကျဉ်းကျဉ်းလေး ထဲမှာ ထားရတာ အနေအထိုင် ဆင်းရဲရှာပါတယ် ၊ သနားပါတယ် ဘွားဘွားရယ် လို့ လာ ပြောတယ်ကွယ့် ။ အဲဒါနဲ့ အမေ ရော အောင်ဘာလေ ရော ရွှေငါးလေးတွေ ကို ကျွတ်ကျွတ်အိတ် တစ်လုံး ထဲ ထည့်လို့ ကားဆရာ ကို ကား မောင်းပို့ ခိုင်းပြီး ဧရာဝတီမြစ် ထဲ ကို လွှတ်လိုက်ကြပြီကွယ့် သားရဲ့ ”

ဧရာဝတီမြစ် ထဲ မှာလည်း သစ်ပင်သစ်ခက်တွေ ရှိပါသည် ။ ရွှေငါးများ မှာ ဘေးကင်းရာ ခိုလှုံ တတ်ကြပါသည် ။ သူတို့ တစ်တွေ တစ်နေရာရာ ကို သွားပြီး အသက်ရှင် အောင် နေထိုင်ကြမည် ဟု ကျွန်တော် ယုံကြည်ပါသည် ။

ထိုနေ့က ကျွန်တော် သည် လသာဆောင် အပေါ်ထပ် သို့ မတက်ခဲ့ရ၍ အင်ဒိုနီးရှား တရုတ်စကားပန်းပွင့်ရဲရဲများ ကို တွေ့ဆုံခွင့် မရခဲ့ပါ ။

▢ မောင်ကိုကို ၊ အမရပူရ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာ/နိုဝင်ဘာလ ၊ ၁၉၉၅

No comments:

Post a Comment