❝ သူရင်းငှား ညီနောင် ❞
( ပုံပြင် )
ဦးလေး လည်း တူ နဲ့ တူမကလေးတွေ ကို ပုံပြင်ကလေးတွေ မပြောရတာကြာပြီ ။ တူ နဲ့ တူမကလေးတွေ ကို မေ့နေလို့ တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ဦးလေး မှာ ရှုမဝ မဂ္ဂဇင်းတိုက် ဘက် မလှည့်နိုင်လောက်အောင် အခြားအလုပ်တွေ က များနေလို့ပါ ။ ကဲလေ ... အခု ဦးလေး နဲ့ ပြန်ပြီး တစ်ခါ တွေ့ကြရပြန်ပြီပဲ ။ ဦးလေး ပြောပြမယ့် ပုံကလေး ကို နားထောင်ကြဦးပေါ့ ။ နောက် တော့လည်းဦးလေး က မကြာခဏ အရင်က လိုပဲ တူ နဲ့ တူမကလေးတို့ ကို ပုံကလေးတွေ ပြောပြပါ့မယ် ။
ဟို ရှေးတုန်းက ရွာကလေး တစ်ရွာ မှာ ပစ္စည်းဥစ္စာ ဆင်းရဲနွမ်းပါးတဲ့ မုဆိုးမကြီး တစ်ဦး မှာ မောင်ကြီး နဲ့ မောင်ငယ် ဆိုတဲ့ သားနှစ်ယောက် ရှိသတဲ့ ။ ဒီ မောင်ကြီး နဲ့ မောင်ငယ် တို့ ငယ်ငယ် ကတည်း က သူတို့ ဖခင်ကြီး ဟာ ကွယ်လွန်သွားတော့ သူတို့ရဲ့ မိခင်ကြီး ဟာ မိန်းမသား တစ်ယောက်တည်း အနေ နဲ့ သူ့ ယောက်ျား လက်ထက် က ကျန်ရစ်ခဲ့တဲ့ လယ်ကလေး တစ်ကျိပ် စိုက်လောက် နဲ့ နွားကလေး တစ်ရှဉ်း နဲ့ လုပ်ကိုင် စားခဲ့ရသတဲ့ ။ ဒါပေမယ့် သားကလေး တွေ ကလည်း အသက် က ငယ် ၊ သူ ကလည်း မိန်းမသား ဖြစ်နေလေတော့ သူတို့ ဒေသ မှာ မိုးလည်း သုံးနှစ်လောက် ဆက် ခေါင်လိုက်ပါရော ။ သူ့ မြေကလေး နဲ့ သူ့ နွားကလေး တစ်ရှဉ်း ဟာ သူတို့ရွာ ကလေး နဲ့ မနီးမဝေး ရွာကြီး တစ်ရွာ မှ မြေရှင်ကြီး ဘုရားဒကာ ဘိုးရွှေညစ် ရဲ့ လက် ထဲ အကုန် ရောက်ကုန်တော့ သတဲ့ ။
ဒါနဲ့ ဒီ မုဆိုးမကြီး ဟာ အရွယ် မရောက်တရောက် သား အကြီး မောင်ကြီး နဲ့ ပဲ ပျိုးနှုတ် ၊ ကောက်စိုက် ၊ ပေါင်းသင် ၊ ဗိုင်းငင့် ၊ ရက်ကန်း အငှားရက် စတဲ့ အလုပ် ဗာဟီရ အလုပ်တွေ နဲ့ပဲ သားအမိ သုံးယောက် အတွက် ဝမ်း နဲ့ ခါး မဝတဝ မလှတလှ နဲ့ နေထိုင်စားသောက်ခဲ့ကြရသတဲ့ ။
ဒါနဲ့ သား နှစ်ယောက် လူလားမြောက် လာတဲ့ အခါမှာ ဒီ မုဆိုးမ အမေအိုကြီး ကို သူတို့ ကလည်း သူတို့ ရပ်ရွာ ဓလေ့ ထုံးစံ အတိုင်း မြေမဲ့ယာမဲ့တွေ ဆိုတော့ သူရင်းငှား လုပ်ကျွေးကြ သတဲ့ ။ တစ်ခါတော့ မောင်ကြီး ဟာ သူတို့ ရွာနား က ရွာကြီး မှ သူတို့ မြေ နဲ့ နွားတွေ ကို သိမ်းယူ ထားတဲ့ မြေရှင်ကြီး ဘုရားဒကာ ဘိုးရွှေညစ် ဆီ မှာ သူရင်းငှား သွား လုပ်ရသတဲ့ ။ ဒီ မြေရှင်ကြီး ဘိုးရွှေညစ် ဟာ ဘုရားဒကာ လို့ သာ နာမည်တပ်ထားတယ် ။ ဘုရား တည်တာ က ဂုဏ်ပကာသန အတွက် သာ ဖြစ်တယ် ။ ပစ္စည်းဥစ္စာ နွမ်းပါးတဲ့ လူတွေ အပေါ်မှာ နာမည် နဲ့ လိုက်အောင် ညစ်ပတ် တဲ့ လူညစ်ပတ်ကြီးပဲတဲ့ ။ သူ့ ဆီ သူရင်းငှား လာလုပ်တဲ့ လူတွေ ကို လည်း သူ က အမြဲတမ်း ညစ်ညစ် လွှတ်သတဲ့ ။ ဒါနဲ့ မောင်ကြီး က သူ့ ဆီမှာ သူရင်းငှား လုပ်မယ် ကြံတော့ သူ့ အပေါင်း အသင်းများ က သူ့ ကို ဘိုးရွှေညစ် နဲ့ ဆက်ဆံရင် အညစ် မခံရအောင် ပါးဖို့ နပ်ဖို့ ပြောကြသတဲ့ ။ ဒါပေမယ့် မောင်ကြီး ဟာ “ အို …. ငါ ကဘယ်သူ့ ကို မှ ညစ် လည်း မညစ်ဖူးဘူး ။ ညစ်မယ် လို့လည်း မရည်ရွယ်ခဲ့ဘူး ။ အဲဒီတော့ ဘုရားဒကာကြီး ကလည်း ငါ့ ကို ညစ်မှာ မဟုတ်ဘူး ” လို့ စိတ်ကူး ယဉ်ပြီး သူ့ ကိုယ် သူ ယုံကြည်ခဲ့မိသတဲ့ ။ ဒါကြောင့် အလုပ် ဝင်တဲ့နေ့ မှာ ဘိုးရွှေညစ် က “ မင်း ကို ငါ က ငါ့ အလုပ် ကို လုပ်နေသ၍ အစားအစာ ကို ထုံးစံအတိုင်း ကျွေးမယ် ။ တစ်နှစ် စေ့တဲ့အခါ မင်း ကို စပါးအတင်း သုံးဆယ် ပေးမယ် ။ ဒါပေမယ့် မင်း ဟာ ငါ က ခိုင်းတဲ့ အလုပ် ကို မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး လို့ တစ်ခါ ပြောရင် မင်း လုပ်ခ ထဲ ကစပါး တစ်ဆယ် တစ်ဆယ် နှုတ်မယ် ။ ငါ က လည်း ခိုင်းပြီးသား အလုပ် ကို မလုပ်ပါနဲ့တော့ လို့ မင်း ကို ပြောမိရင် စားရင်းငှားခ နှစ်ဆ ပေးမယ် ။ အဲဒါကို မင်း သဘော တူရဲ့လား ” လို့ မေးသတဲ့ ။ အဲဒီတော့ မောင်ကြီးက “ ငါဟာ လယ်ယာလုပ်ငန်း ဟူသမျှ ကို ဘာတစ်ခု မှ မလုပ်တတ်တာ မရှိဘူး ။ သူ ခိုင်းတာ ကို ဘာမှ ငြင်းစရာ မလုပ်တတ်စရာ မရှိဘူး ” လို့ သူ့ ကိုယ် သူ ယုံကြည်ပြီးသား ဖြစ်လေတော့ ဘိုးရွှေညစ် ပြောသမျှကို သဘောတူလိုက်သတဲ့ ။
ဒီလို စာရင်းငှား နဲ့ စားရင်းဒိုင် သဘောတူ ကြပြီး မောင်ကြီး ဟာ ဘိုးရွှေညစ် ဆီ မှာ အလုပ် လုပ်လိုက်တာ စပါးရိတ်ချိန် ရောက်တဲ့ အထိ ဘာမှ မဖြစ်ခဲ့ဘူးတဲ့ ။ ဒါနဲ့ သူ့ စိတ် ထဲမှာ ငါ တော့ တစ်နှစ် ပြည့်ရင် စပါးသုံးဆယ် ယူပြီး အိမ် ပြန်ရတော့မယ် ဆိုပြီး ပျော်နေတာပဲတဲ့ ။ ဒါပေမယ့် စပါးတွေ ကို နယ် ပြီးတော့ ကျီ ထဲ သွင်းမယ် လုပ်တော့ ဘိုးရွှေညစ်က မောင်ကြီး ကို “ ဟေ့ စပါးတွေ မသွင်းမီ ကျီထောင့်တွေ ကို နေ လှန်းရမယ်ကွဲ့ ... ” လို့ ပြောသတဲ့ အဲဒီတော့ မောင်ကြီး က “ ဘုရားဒကာကြီး ရယ် ။ ဒါကတော့ မဖြစ်နိုင်တာပဲ ။ ကျွန်တော် ဘယ့်နှယ့် လုပ်ပြီး ဒီ ကျီထောင့် တွေ ကို နေလှမ်းရမလဲ ” လို့ ပြောသတဲ့ ။ ဒီတော့ ဘိုးရွှေညစ် က “ မင်း ဒါကို မလုပ်နိုင် လုပ်နိုင်သာ ပြောပါကွာ ” လို့ပြောသတဲ့ ။ မောင်ကြီး က “ မလုပ်နိုင်ဘူး ” ဆိုတော့ ဘိုးရွှေညစ် က “ ကောင်းပြီ မင်း သူရင်းငှားခ ထဲက စပါး တစ်ဆယ် လျှော့လိုက်ပြီဟေ့ ” လို့ ပြောသတဲ့ ။
မောင်ကြီး ကလည်း စပါးသွင်းချိန် ကျမှ သူရင်းငှားခ ထဲ က စပါး တစ်ဆယ် အလျှော့ခံ ရတဲ့ အတွက် စိတ်မကောင်း ရှာဘူးပေါ့ ။ ဒါပေမယ့် ငါ့ မှာ စပါး နှစ်ဆယ် တော့ ကျန်သေးတယ် လို့ ဆိုပြီး နေတာပေါ့လေ ။
ဒီလို စပါးတွေ ကျီ ထဲ သွင်းပြီး မကြာခင်ဘဲ ဘိုးရွှေညစ် က သူ့ အိမ်ဝိုင်း ထဲက အမှိုက်သရိုက်တွေ ကို မောင်ကြီး အား အရှင်း ခိုင်းပြန်သတဲ့ ။ ဒါနဲ့ မောင်ကြီး တံမြက်စည်း လှဲနေတုန်း ဘိုးရွှေညစ် က မောင်ကြီး ကို လာပြီး အိမ်ဝိုင်း ထဲ ကပန်းအိုး နေရာတွေ ကို လည်း ရှင်းဦးကွာ ။ ပန်းအိုးတွေ နေရာရှင်းတဲ့ အခါမှာ ပန်းအိုးကြီးတွေ ကို ပန်းအိုးကလေးတွေ ထဲ ထည့်ထားရမယ် ”လို့ ပြောပြန်သတဲ့ ။ ဒီတစ်ခါလည်း မောင်ကြီး က “ ဘုရားဒကာကြီး ရယ် ။ မဖြစ်နိုင်တာ ကျွန်တော် ဘယ့်နှယ် လုပ်ပြီး လုပ်ရမလဲ ” လို့ ပြန်ပြောလိုက်တော့ သူ့ သူရင်းငှားခ စပါးနှစ်ဆယ် ထဲ က တစ်ဆယ် ထပ်ပြီး နှုတ်လိုက်ပြန်သတဲ့ ။ မောင်ကြီး လည်း စပါး တစ်ဆယ် သာ ကျန်တော့ တော်တော်ကလေး စိတ်ပျက် သွားတာပေါ့ ။ ဒါပေမယ့် ကျန်တဲ့ ဆယ်တင်း တော့ သူ ဘယ်နည်း နဲ့ မဆို ရလိမ့်ဦးမယ်လို့ စိတ် ထဲက ယုံနေသေးတာပေါ့ ။
နောက်ဆုံး နှစ်ကုန်ခါ နီးတော့ ဘိုးရွှေညစ် က “ သူ့ အိမ် မှာ ဆွမ်း ကျွေးမယ် ဆိုပြီး မောင်ကြီး ကို ဝက် အပေါ် ခိုင်းသတဲ့ ။ အဲဒီနောက် ဝက်သားကောင်းကောင်း ကို သူ့ နဲ့ အလေးချိန် ကိုက်နေအောင် ခုတ်ရမယ် ။ အဲဒါကို သံဃာတော်တွေ ကို ချက်ပြီး ကပ်ရမယ် ” လို့ ပြောသတဲ့ ။ အဲဒီတော့ မောင်ကြီး က “ ဘုရားဒကာကြီး ခေါင်း က ဘယ်လောက် အချိန် လေးမှန်း မှ မသိဘဲနဲ့ ကျွန်တော် ဘယ့်နှယ် လုပ်ပြီး ဒီဝက်သား ကို ခုတ်ရပါမလဲ ” လို့ ပြောသတဲ့ ။ ဒါနဲ့ မောင် ကြီး ဟာ သူ ကျန်တဲ့ စပါး တစ်ဆယ် ကို ဘုရားဒကာ ကို ဘိုးရွှေညစ် လက် ထဲ အပ်လိုက်ရပြီး နှစ်ကုန်တော့ အိမ် အပြန် စပါး တစ်စေ့ မှ ယူမသွားရတော့ဘူးတဲ့ ။
နောက် တစ်နှစ် ကျတော့ မောင်ကြီး ညီ မောင်ငယ် က ဘိုးရွှေညစ် ဆီ သူ သွားပြီး သူရင်းငှား လုပ်မယ် ဆိုပြီး သွားသတဲ့ ။ သူ့ အမေ နဲ့ မောင်ကြီး တို့ က တားကြသေးသတဲ့ ။ ဒါပေမယ့် မောင်ငယ် က ဘိုးရွှေညစ် ဆီ က စပါး ခြောက်ဆယ် ယူခဲ့မယ် ။ ဘာမှ မပူကြပါနဲ့ လို့ ပြောသွားသတဲ့ ။
ဘိုးရွေညစ် ဆီ ရောက်တော့ မောင်ကြီး နဲ့ တုန်းကလိုပဲ တစ်ဦး နဲ့ တစ်ဦး ကတိ ထားကြရသတဲ့ ။
ဘိုးရွှေညစ် က စပါးသွင်းချိန် ရောက်တော့ မောင်ကြီး တုန်း က လိုပဲ ကျီထောင့် တွေ ကို နေလှမ်း ခိုင်းသတဲ့ ။ အဲဒီတော့ မောင်ငယ် က ကျီ အမိုးတွေ အကုန် ကန်ချပြီး နေလှန်း ပစ်လိုက်သတဲ့ ။ ဘိုးရွှေညစ် က စပါး သုံးဆယ် လျော် ရမှာ ကြောက်လို့ ဒီလိုပဲ ကြည့်နေရသတဲ့ ။
နောက်တစ်ခါ ပန်းအိုးကြီးတွေ ကို ပန်းအိုးလေးတွေ ထဲ ဘိုးရွှေညစ် က အထည့်ခိုင်း ပြန်တော့လည်း ပန်းအိုးကြီးတွေ ကို ခွဲပြီး ပန်းအိုးကလေးတွေ ထဲ မောင်ငယ် က ထည့်ပြန်သတဲ့ ။ ဒါပေမယ့် ဘိုးရွှေညစ် က စပါး သုံးဆယ် ပေးရမှာ စိုးလို့ ဒီအတိုင်းပဲ ကြည့်နေလိုက်ရပြန်သတဲ့ ။
နောက်ဆုံး သံဃာ ဆွမ်းကပ်ဖို့ ဝက်သား ပေါ်ပြီး အသားကောင်းကောင်း ကို သူ့ ခေါင်း နဲ့ အလေးချိန် ညီအောင် ဘိုးရွှေညစ် က အခုတ် ခိုင်းတော့ မောင်ငယ် က ဝက်သားကောင်းကောင်း ကို ရွေးခုတ်ပြီး ပုံထား သတဲ့ ။ အဲဒီနောက် ဘိုးရွှေညစ် ဆီ လာပြီး ဝက်သား ကို ဘိုးရွှေညစ် ခေါင်း နဲ့ အလေးချိန် အတူ စက်ရအောင် ဆိုပြီး ခေါင်းဖြတ်မယ်လို့ လုပ်သတဲ့ ။ ဘိုးရွှေညစ် က ဒီ တစ်ခါတော့ သူ့ ခေါင်းပြတ်မယ့် အရေး ဆိုတော့ “ အေး ... ငါ ခိုင်းတဲ့ အလုပ် ကိုပဲ ငါ က မလုပ်ပါနဲ့ တော့လို့ ပြောပါရစေတော့ကွာ ” ဆိုပြီး စပါး ခြောက်ဆယ် ပေးပြီး မောင်ငယ် ကို လွှတ်လိုက်ရသတဲ့ ။ မောင်ငယ် ရတဲ့ စပါး ခြောက်ဆယ် ကို ပျော်ပျော်ပါးပါး ရွာသားတွေ က လှည်း နဲ့ တိုက် ပို့ကြသတဲ့ ။ အဲဒီနေ့ က စပြီး ဘိုးရွှေညစ်ကြီး ကို ရွာသားတွေ က ညစ်မယ် လုပ်တိုင်း “ မောင်ငယ် လာပြီဟေ့ ... မောင်ငယ် လာပြီ ” လို့ ဝိုင်း လှောင်ကြသတဲ့ ”
▢ ဦးလေးကိုကိုကြီး
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ အောက်တိုဘာ
No comments:
Post a Comment