Monday, June 2, 2025

ဘုံဘဝ မှာ ကြုံရသဗျာ


 

❝ ဘုံဘဝ မှာ ကြုံရသဗျာ ❞
           ( ကြူးနှစ် )

ရန်ကုန် စာပေလောက မှာ ကျင်လည် ကျက်စားခဲ့တာ နှစ်ပေါင်း ၃ဝ ကျော် ၊ ၄၀ နီးနီး ရှိပြီ ဆိုတော့ ကျွန်တော့် ရဲ့ စာပေလောက အတွေ့အကြုံများ ကလည်း တစ်ပုံတစ်ပင်ကြီး ရှိနေခဲ့ပါပြီ ချစ်သော စာရှုသူ ။ စာပေလောက ထဲ က ကျွန်တော့် ရဲ့ ဘဝ ကို “ ဘုံဘဝ ” လို့ သုံးနှုန်း လိုက်တာကို ဘဝင် မကျ ၊ မစ္ဆရိယစိတ် နဲ့ “ ကြီးကျယ်လိုက်တဲ့ ငနဲကွာ ၊ သူ့ ဘဝ က ဘယ်ကလောက် ကြီးမြတ် ထင်ရှားနေလို့လဲ ၊ သူ့ အတွေ့အကြုံ ကရော ဘယ်ကလောက် ပြည့်စုံ များပြားနေလို့လဲ ” လို့ မကျေမနပ် မေးငေါ့ချင်သူ တချို့ ရှိနေမှာ သေချာပါတယ် ။ ပုထုဇဉ် အသိုင်းအဝိုင်းပေကိုး ။ ပုထုဇဉ် သဘာဝ အရ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန ၊ ဒိဋ္ဌိတွေ နဲ့ ကပ်ငြိ ပေကျံ နေကြမှာပေါ့ ။ ကျွန်တော့် မှာ လည်းပဲ အဲဒီ အကုသိုလ် အညစ်အကြေးတွေ ကပ်ငြိပေကျံ နေလို့ အခုထက်ထိ ဆေးတုန်း ကြောတုန်း သန့်စင်တုန်းပါ ။ ဆပ်ပြာ တိုက်ပြီးသာ ဆေးကြောရမယ် ဆိုရင် ဆပ်ပြာဖိုး နဲ့ ကျွန်တော် မွဲပြီး ခွက်ကလေး တစ်လုံး နဲ့ လမ်းဘေး ရောက်နေမှာပါ ။

အထက်က ခေါင်းစဉ် တပ်လိုက်တဲ့ အချိန် မှာ ရင်းနှီးတဲ့ စာပေမိတ်ဆွေ တစ်ယောက် က တွေ့တော့ ... “ ကိုယ့် လူ ခေါင်းစဉ်ကြီး က ရိုးတယ် ၊ ပြီးတော့ သခင်တင်မြ ရဲ့ အထင်ကရ မှတ်တမ်း စာအုပ်ကြီး ( ဘုံဘဝမှာ ဖြင့် ) နဲ့ ခပ်ဆင်ဆင် တူနေတယ် ။ တခြား ခေါင်းစဉ် ရွေးလိုက်ပါလား ” လို့ ဝေဖန် အကြံပြု လာပါတယ် ။

“ ဒီမယ်ဗျ ... ဘုံဘဝ ဆိုတာ ကျုပ်တို့ နေ့စဉ် သွားနေကျ အရက်ဖြူ ဘုံဆိုင်လိုပဲ ၊ အားလုံး ဘုံပိုင် ဖြစ်နေတဲ့ ဝေါဟာရ ၊ ဘုံဘဝ ကို ဘယ်သူမှ ပုဂ္ဂလိက အနေနဲ့ မပိုင်ဘူး ၊ ကျုပ် လည်း မပိုင် ၊ ခင်ဗျား လည်း မပိုင် ၊ သခင်တင်မြ လည်း မပိုင် ၊ ဘုရားသခင် လည်း မပိုင်ဘူး ၊ နားလည်လား ”

ကျွန်တော် က ရှင်းရှင်းပြတ်ပြတ်ပဲ အဲဒီလို တုံ့ပြန် ဖြေရှင်းခဲ့ပါတယ် ။

ခေါင်းစဉ် ကို “ ဘုံဘဝ ” လို့ တပ်ထားပေမယ့် ကျွန်တော် အဓိက ဆိုလိုချင်တာ က ရန်ကုန်စာပေလောက ထဲ က ကျွန်တော့် အတွေ့အကြုံ တချို့ အကြောင်းပါ ။ စာပေလောက အတွေ့အကြုံ မဟုတ်ပါဘူး ။

စာပေလောက ဆိုတာက ကျယ်ဝန်းလှသားဗျ ။

မြန်မာစာပေလောက လို့ ဆိုရင် တောင် ကျွဲခြေရာခွက် လောက် ကျဉ်းကျဉ်းကလေး ပဲ ရှိတာ ။ ကျွန်တော်တို့ ရဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ တရုတ် တို့ ၊ အိန္ဒိယ တို့ ရဲ့ တရုတ်စာပေ လောက ၊ အိန္ဒိယစာပေ လောက ဆိုတာတွေတောင် ကမ္ဘာ့စာပေ လောကကြီး နဲ့ ယှဉ်လိုက်ရင် အသေးအမွှား ပဲ ရှိတာ ။ တခြား မကြည့်နဲ့ ၊ ကျွန်တော်တို့ မြန်မာပြည် မှာ တောင် ကိုယ့် အိမ်နီးချင်း ကုလားနိုင်ငံ က ဘင်္ဂါလီကုလားကြီး “ တဂိုး ” ကို မကြားဖူးတဲ့ စာပေသမား တချို့ ရှိနေကြတယ် ဆိုရင် ယုံနိုင်စရာ မရှိဘူး ။ ကျွန်တော့် အပေါင်းအသင်း တရုတ်ကပြား ကဗျာဆရာကလေး တစ်ယောက် ဆိုရင် တရုတ်ခေတ်သစ် စာပေ ရဲ့ မီးရှူးတန်ဆောင် စာရေးဆရာကြီး “ လူရွှန်း ” ကို မသိဘူးဗျာ ။

“ လူရွှန်း ဆိုတော့ ရွှန်းပြက်ပြက် နဲ့ ရယ်စရာတွေ ရေးတဲ့ လူရွှင်တော် စာရေးဆရာ ဖြစ်မှာပေါ့ဗျာ ” လို့တောင် သူ က ပြောသေးဗျ ။ ဒါတင် ဘယ်ကလိမ့်ဦးမလဲ ။ ကျွန်တော့် အသိ ကုလားစာပေသမားကလေး တစ်ယောက် ဟာ လည်း အိန္ဒိယ ရဲ့ စာပေ နိုဘယ်ဆုရှင် ကဗျာဆရာ ၊ စာရေးဆရာကြီး “ ရာဗင်ဒရာနတ် တဂိုး ” ကို မသိရှာဘူး ။

“ တဂိုး ဆိုတော့ သူ ဟာ ဘောလုံးဝါသနာအိုးကြီး ဖြစ် မှာပဲဗျို့ ” လို့တောင် အဲဒီကုလားကလေး က မှတ်ချက် ချသေး တာ ။ ကဲ ... ကြည့်ပေတော့ ။ တရုတ်လူရွှန်း လည်း လူပြက် ဖြစ် ၊ ကုလားတဂိုး လည်း ဘောလုံးဝါသနာအိုး ဖြစ်ရရှာပြီ ။

အဲဒါကြောင့် စာရှုသူတို့ လွဲလွဲမှားမှား မဖြစ်ကြဘဲ ကွဲကွဲပြားပြား သိနားလည်ကြရအောင် ၊ ကျွန်တော် ကြုံရဆုံရတဲ့ ဘုံဘဝ ဆိုတာ ရန်ကုန် စာပေလောက ဂျင်ဂလယ်ကလေး ပါ လို့ ကြိုတင် အစီရင်ခံတာပါ ။ ကျွန်တော့် မိတ်ဆွေကြီး ကဗျာဆရာ သစ္စာနီ ပြောတာက ရှင်းတယ် ။

“ မြန်မာစာပေလောက ဆိုတာ ရွှေဘုံသာလမ်းမ နဲ့ ဗိုလ်အောင်ကျော်လမ်းမ ကြားထဲ မှာ ပဲ ရှိတယ်ဗျ ” တဲ့ ။ သူ ပြောတာ အနှစ် ၃၀ လောက် တော့ ကြာပါပြီ ။ ဒါပေမဲ့ မြန်မာစာပေ လောကကြီး အစစ်အမှန် လည်ပတ် ရှင်သန် နေတဲ့ ဧရိယာ က သစ္စာနီ ပြောတဲ့ အဝန်းအဝိုင်း ထဲ မှာ ရှိနေတုန်းပါ ။

မန္တလေး က စာပေမိတ်ဆွေတွေ ကို လည်း ကျွန်တော် က လှမ်း မေးချင်ပါသေးတယ် ။ “ မောင်ရင်တို့ မန္တလေးစာပေ လောက က ဘယ်ကလောက် ကျယ်ဝန်းသတုံး ” လို့ ။

ဘယ်လိုမဆို ကျွန်တော်တို့ ရဲ့ မြန်မာစာပေလောက ဟာ သေးငယ်ပေမယ့် စုစုစည်းစည်း သိပ်သိပ်သည်းသည်း ရှိနေတာ ကို က ခိုင်မာတောင့်တင်းတဲ့ သဘောပါပဲ ။ မြန်မာပြည်မယ် လူဦးရေ သန်း ၆ဝ ရှိတဲ့ အနက် စာရေးဆရာ ၊ စာပေ သမား ၊ စာပေပညာရှင် ၊ စာပေဝါသနာရှင် စုစုပေါင်း တစ်သိန်း လောက် ရှိရင်ပဲ ကျေနပ်စရာ ဖြစ်လောက်ပါပြီဗျာ ။ ( အင်း ) တစ်သိန်း ရော တကယ် ရှိနိုင်ပါ့မလား ။ စာတစ်လုံး မှ မရေးဘဲ ရင်ဘတ် မှာ ရင်ထိုး ပန်းဖွားကြီး ချိတ် ၊ အိတ်ကပ် ထဲမှာ ကတ် ပြားကြီး ထည့် ၊ ဖိုင်တွဲ ပါတဲ့ လွယ်အိတ်ကြီး လွယ်ထားတတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ၊ ပုံနှိပ်ထုတ်ဝေရေးသမား သွေးစုပ်ဖုတ်ကောင် ခွတုတ် တချို့ ကို ပါ ထည့် တွက်ရင်တော့ တစ်သိန်း မပြည့်တတ် ပြည့်တတ် ရှိနိုင်လောက်ပါရဲ့ ။ ဆွမ်းဆန် ထဲမှာ ကြွက်ချေး ( ကြေး ) ရောတတ်တာလည်း လောက သဘာဝ ပဲ မဟုတ်လား ။

ရန်ကုန်စာပေလောက ဟာ လက်ဝါး လောက် ပဲ ကျယ်ပေမယ့် အဲဒီ အထဲမယ် ကျင်လည် ရှင်သန်ကြတဲ့ စာပေသမား လက်တစ်ဆုပ် လောက် ကတော့ မဟာသမုဒ္ဒရာကြီး ထဲ မှာ ကူးခတ်ခွင့် ရတဲ့ ဧရာနန္ဒာ ငါးကြီးတွေ လို ပျော်လို့ မြူးလို့ပါပဲ ။ ထာဝရ ပွဲခင်းကြီး ထဲ ရောက်လာကြတဲ့ ကလေးသူငယ်များ လို ရွှင်ရွှင်ပျပျ တက်တက်ကြွကြွ နဲ့ ချည်းပါပဲ ။

သာဓက တစ်ခု ကို ကျွန်တော် ပြပါရစေ ။

ပွင့်ဟိန်း ဆိုတဲ့ လူငယ် ခေတ်ပေါ် ကဗျာဆရာကလေး ပေါ့ ။ အသက် ကတော့ အစိတ်လောက် ရှိပါပြီ ။ ပိန်ချည့်ချည့် ၊ ကုပ်ကိုင်းကိုင်းခန္ဓာ နဲ့ ။ မျက်ခွက် က မျက်ကွင်းချောင်ကြီးတွေ နဲ့ အဆီပြန် လို့ ။ အင်္ကျီနွမ်းနွမ်း ၊ ပုဆိုးညစ်ညစ် “ မစ္စတာဒါဝတ် ” ဒီဇိုင်း နဲ့ ပေါ့ ။ လွယ်အိတ်စုတ်ကလေး လွယ် ၊ ဆေးပေါ့လိပ် ကလေး လက်ကြား ညှပ်လို့ ။ ဖိနပ် က လည်း ရော်ဘာဖိနပ်မြီးတို အဟောင်းအမြင်း ။ သို့ပေမဲ့ ပွင့်ဟိန်း တို့ လမ်းလျှောက် လိုက်ရင် ဟစ်-တလာရဲ့ နာ-ဇီရှပ်ညိုတပ်သားကြီးတွေ တောင် “ ငါတို့ ထက် ပိုပြီး ဟန်ရော မာန်ရော အပြည့်ပါလား ” ဆိုပြီး ငေးကြည့် သွား နိုင်တယ် ။ မျက်နှာ ကလည်း အခု ချက်ချင်းပဲ နတ်ပြည် တက်ရတော့ မလို မော့လို့ ။

မျက်နှာစိမ်း တစ်ယောက် က အကြောင်းတိုက်ဆိုင် လို့ သူ့ ကို “ မင်း ဘယ်ဌာန မှာ အလုပ် လုပ်သလဲ ” လို့ မေးမိရင် အဲဒီ လူ တော့ မြွေခြောက် အကိုက် ခံရပြီသာမှတ် ။ ပွင့်ဟိန်း က ခပ်တည်တည်ကြီး ပြန် ဖြေလိမ့်မယ် ။

“ ကဗျာဌာန မှာ ဗျ ”

“ ဟင် ... ကဗျာဌာန ဟုတ်လား ၊ ငါ ပဲ ခေတ်မမီတာလား မသိ ၊ အဲဒီ ဌာန ကို ငါ တစ်ခါမှ မကြားဖူးဘူး ”

“ မကြားဖူးရင် အခု ကြားဖူးပြီ မဟုတ်လား ၊ မှတ်ထားလိုက် ”

“ ကဗျာဌာန မှာ မင်း က ဘာလုပ်ရသတုံး ”

“ ကဗျာ ရေးတယ် ၊ ကဗျာ စပ်တယ် ၊ ကဗျာ ဖွဲ့တယ် ၊ ကဗျာ ကူးချတယ် ၊ ကဗျာ ဖြတ်ညှပ်ကပ် လုပ်တယ် ၊ ကဗျာ collage ဖန်တီးတယ် ၊ ကဗျာ အတုလုပ်တယ် ၊ ကဗျာ ရွတ်တယ် ၊ ကဗျာ ဆိုတယ် ၊ ကဗျာ အော်တယ် ၊ ကဗျာ ညည်းတယ် ၊ ကဗျာ ဝေတယ် ၊ ကဗျာ ကြဲတယ် ”

“ တော် ... တော်ပါတော့ ၊ မင်း အလုပ်တွေက တယ် များသကိုး ။ လုပ်ခလစာ ကျတော့ ဘယ်လောက် ရတုံးဟင် ”

“ ကဗျာ တစ်ပုဒ် ဆယ့်ငါးကျပ် ၊ ငတ်ချင် ငတ် ၊ ပြတ်ချင် ပြတ် ၊ အမေ က မွေး ၊ ကဗျာ က ကျွေးသဟေ့ ၊ ဟာ ... ရှုပ်တယ် ဗျာ ၊ ခင်ဗျားကြီး တော်တော် စပ်စုတဲ့ သူပဲ ၊ ကျုပ် ကဗျာညီလာခံ တက်ရဦးမှာ ၊ နောက်ကျ နေတော့မှာပဲ ၊ ဂွတ် ဘိုင် ”

“ ဟေ့ .. ဟေ့.. မင်းတို့ ကဗျာညီလာခံ က ဘယ်မတုံး ”

“ ဒေါင် မှာ ဗျ ၊ ဒေါင် မှာ ” 

လက်ဖက်ရည်ဆိုင် ကို ( ဒေါင် ) လို့ လူငယ်စကား နဲ့ ပြောတာကို နားကြား လွဲပြီး ( ထောင် ) လို့ ကြားမိရင် တော့ ကဗျာဆရာ နဲ့ တွေ့တဲ့ မအူမလည် လူစိမ်း ခမျာ ရင်တုန်ပန်းတုန် ဖြစ်ရရှာဦးမယ် ။

ကျွန်တော် ပြောပြတာ ဟာ ရန်ကုန် စာပေလောက ရဲ့ လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော် က အခြေအနေ ပါ ။ ကဗျာဆရာကလေး ပွင့်ဟိန်း လည်း ကဗျာ တစ်ပုဒ် ၁၅ ကျပ် နဲ့ မဝရေစာ စားရင်း အာဟာရ ချို့တဲ့ လို့ သေရှာတာ ကြာလှပါပြီ ။ မြန်မာစာပေ လောက မှာ သတ္တိ ရှိရှိ နဲ့ အငတ် ခံပြီး သေရဲတာ ကဗျာဆရာ တွေပဲ ရှိပါတယ် ။

ခြွင်းချက် အားဖြင့် အငတ် မခံရဲတဲ့ ကဗျာဆရာတွေ လည်း ရှိကြပါတယ် ။ အငတ်ခံပြီး ကဗျာ ကို ပဲ ဇောက်ချ ရေး တော့မယ့် ဒီဇိုင်း နဲ့ စာပေလောက ထဲ ဝင်လာတဲ့ ကဗျာဆရာကလေး မြင့်ဦးဦးမြင့် ဆိုတဲ့ ငနဲ ဟာ အငတ် မခံဝံ့လို့ ရုပ်ရှင် နယ် ထဲ လိုင်းပြောင်း သွားတာ အခုတော့ အကယ်ဒမီတွေ ဘာတွေ ရပြီး ဟောလီးဝုဒ် က ဘီဗာလီတောင်ကုန်းရပ်ကွက် မှာ ဆယ်ဧက ကျယ်တဲ့ ခြံကြီး နဲ့ ဒေါ်လာ သန်း ၅၀ တန် တဲ့ စံအိမ်ကြီး တစ်လုံးတောင် ဝယ်ထားတယ် ဆိုလို့ ကျွန်တော် ပီတိ ဖြစ်မိပါတယ် ။ ဒါပေမဲ့ ကျွန်တော် ကြားတာ သတင်းမှားကြီး ပါ ။ စာပေလောကသား တစ်ယောက် ပြောတာ ကတော့ ကဗျာဆရာ မြင့်ဦးဦးမြင့် ဟာ မြေ တော့ ကြို ဝယ်ထားတာ မှန်သတဲ့ ။ ရေဝေး မှာတဲ့ ခင်ဗျ ။

“ ဒီကောင် အသက် ငယ်ပါသေးတယ် ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ သေချင်နေပြီလား ” လို့ ကျွန်တော် က မေးတော့ သတင်း ပေးတဲ့ သူ က ..

“ မြေဈေး တက်မှာ စိုးလို့ ကြို ဝယ်ထားတာဆိုပဲ ” လို့ပြောပါတယ် ။ ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် မြင့်ဦးဦးမြ င့်မှာ စီးပွားရေး ဦးနှောက် ရှိတာ အမှန်ပဲ ။ ကဗျာဆရာလုပ်စား နေရင် မကြီးပွားနိုင်မှန်း သိလို့ ရုပ်ရှင်နယ် ထဲ ကမန်းကတန်း ပြေးဝင် ပြီး ဇာတ်ညွှန်းတွေ ရေး နေတာ ။ သူ သာ အနုပညာနယ် ထဲ မဝင်ဘဲ နိုင်ငံရေးနယ် ထဲ ဝင်မယ် ဆိုရင် စီးပွားရေး အကြံပေး အရာရှိကြီး တစ်ယောက် တော့ ဖြစ်သွားနိုင်ပါတယ် ။

ကျွန်တော့် စာပေမိတ်ဆွေ တစ်ယောက် ကတော့ ပြောဖူးတယ် ။ စီးပွားရေး ဦးနှောက် ရှိတဲ့ လူ ဟာ ဘယ်တော့မှ ကဗျာဆရာ မဖြစ်ဘူးတဲ့ ။ ရွာသာကြီး ဦးနှောက်မျိုး ရှိမှ ကဗျာဆရာ ဖြစ်တာ တဲ့ ။ ကျွန်တော် တော့ ဒီကိစ္စ ကို မဆုံးဖြတ်တတ်ဘူးဗျာ ။ ကိုယ့် အသိ ထဲမှာ ရွာသာကြီးဆေးရုံ ရောက်ဖူးတဲ့ ကဗျာဆရာ က လည်း မရှိတော့ ခက်သားလား ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်လောက် တုန်း က ရန်ကုန် စာပေလောက ကို ကဗျာဆရာတွေ ကြီးစိုး လွှမ်းမိုး ခဲ့ သလို အခု လည်း ပဲ ဒင်း ( သင်း ) တို့ ပဲ ရန်ကုန် စာပေလောကကြီး ကို ခါးစောင်းတင် ထားကြတာ ။ ကြည့်လေ .. ဧရာမ ရုပ်စုံမဂ္ဂဇင်းကြီး ဖြစ်တဲ့ မဟေသီမဂ္ဂဇင်း မှာ တာဝန်ခံအယ်ဒီတာ က ဝင်းသူရ ။ သူ လည်း ကဗျာဆရာ ပဲ ။ ပေဖူးလွှာ မဂ္ဂဇင်း က အယ်ဒီတာ ဝိုင်ချို ဆိုတဲ့ လူကောင် သေးသလောက် အရက် အရမ်းသောက် နိုင်တဲ့ ပုဂ္ဂိုလ်ကလေး ကလည်း ကဗျာဆရာ ပဲ ။ ထိတ်ထိတ်ကြဲ လျှမ်းလျှမ်းတောက် စာပေ မဂ္ဂဇင်းကြီး တစ်စောင် ဖြစ်တဲ့ ပိတောက်ပွင့်သစ် ရဲ့ အယ်ချုပ်ကြီး မောင်စိမ်းနီ ဆိုတာက လည်း တကယ့် အိုးဆားဗစ် ကဗျာဆရာ ။ ကဗျာ တစ်ပုဒ် ၁၅ ကျပ် ခေတ် မတိုင်မီ ကဗျာ တစ်ပုဒ် ၅ ကျပ် ခေတ် ကတည်း က ကေသီပန် ဆိုတဲ့ သွေးပုပ်ချဆေး ( အဲလေ ... ယောင်လို့ ) ကေသီပန်ကဗျာအဖွဲ့ ထဲမှာ အဖွဲ့ဝင် ကဗျာဆရာ ဗျ ။ ရယ်စရာ မဂ္ဂဇင်း က အယ်ဒီတာ ဆာကြီး ကနောင်ကောက်နွယ် ဆိုတာက တော့ ကမ္ဘာ့ ကဗျာလောကကြီး တစ်ခုလုံး က အသိအမှတ် ပြုထားတဲ့ ဝါရင့် သမ္မာရင့် ကဗျာဆရာကြီး ပေ ပဲ ။ မဂ္ဂဇင်း အများစု မှာ အယ်ဒီတာတွေ က ကဗျာဆရာချည်း ဖြစ်နေကြတော့ နောက်တက် လူငယ် စာပေသမားကလေးတွေ ကို ကျွန်တော် အကြံပေး စကား ပြောတယ် ။

“ ငါ့ညီ တို့ ၊ မြန်မာပြည် မှာ အယ်ဒီတာ ဖြစ်ချင်ရင် ဦးစွာ ပထမ ကဗျာဆရာ ဖြစ်အောင် ကြိုးစား အားထုတ်ကြကွ ၊ ဒါ ရှေးအစဉ်အလာပဲ ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟာ လေးချိုးဘုရင်ကြီး ဆိုပေမယ့် သူ ငယ်စဉ်က မဂ္ဂဇင်း အယ်ဒီတာ ကြီးကွ ။ မြန်မာပြည် မှာ အယ်ဒီတာ မှန်ရင် ကဗျာဆရာ ဖြစ်ရမယ် ဆိုတဲ့ မူ ရှိသကွ ။ အဲဒါ မှတ်ထားကြ ”

ကျွန်တော့် စိတ်ထင် လွန်ခဲ့တဲ့ နှစ် ၃ဝ လောက် က ရန်ကုန် စာပေလောက ဟာ လက်ရှိ လောက ထက် ပိုပြီး ပျော်စရာ ကောင်းတယ်လို့ ထင်တယ် ။ ညနေပိုင်း ဆို ရန်ကုန်စာပေ ရပ်ကွက်တွေ မှာ စာပေသမားတွေ တရုန်းရုန်း နဲ့ ပျော်စရာကြီး ။ စာရူးပေရူးတွေ က လည်း စာရေးဆရာ တွေ ၊ ကဗျာဆရာ တွေ ရဲ့ ဘေးမှာ ဝန်းရံကြလို့ ။ ထုတ်ဝေသူ တွေ ကလည်း တော ထဲမှာ အမဲလိုက် တဲ့ မုဆိုးတွေ လို သူတို့ ရဲ့ အမဲ ဖြစ်လာနိုင်တဲ့ စာရေးဆရာ ကို ငွေထုပ်ပိုက်ပြီး ချောင်းလို့ ။ အောင်မြင် နေတဲ့ စာရေးဆရာ ဆွေလှိုင်ဦး ကတော့ သူ့ နံဘေးမှာ ကိုယ်ရေး အရာရှိ ( ပီအေ ) အချောအလှကလေး တစ်ယောက် နဲ့ ဗျ ။ သူ စီးကရက် သောက်ဖို့ နှုတ်ခမ်းဖျား မှာ စီးကရက် ခဲလိုက်တာ နဲ့ သူ့ ပီအေကလေး က အလိုက်သိစွာ နဲ့ အဖိုးတန် ရွှေရောင်ဓာတ်ငွေ့မီးခြစ်ကလေး ကို ဖျတ်ခနဲ ခြစ်ပေးလိုက်တာပဲ ။ တော်တော် အခြစ် တော်တဲ့ ပီအေ ပဲ ။ အခြစ်တော် လို့လည်း ဆွေလှိုင်ဦး က ပီအေ ခန့်ထားတာကိုး ။ ဆွေလှိုင်ဦး က အလှအပ လည်း အလွန် ကြိုက်ပုံပဲ ။ သူ နဲ့ ရုပ်ရှင် မင်းသမီး တစ်ယောက် အပါအဝင် အချောအလှ သုံးယောက် ရေကူးဝတ်စုံတွေ နဲ့ ငပလီကမ်းခြေ မှာ ရိုက်ထားတဲ့ ဓာတ်ပုံ ကို သူ့ ဝတ္ထုနောက်ကျောဖုံး မှာ ဖော်ပြခဲ့သဗျ ။ အဲဒီတုန်း က ကျွန်တော် တို့ လည်း ဆွေလှိုင်ဦး ကို အားကျခဲ့ကြသပေါ့ဗျာ ။ အားကျလွန်းလို့ အားဆေး ခဏခဏ သွင်းယူရတာ လည်း အကြိမ်ကြိမ် ပါပဲ ။

စာပေလောက မှာ အခု အချိန်အထိ ကျွန်တော် အောင်မြင်ကျော်ကြား လက်ဖျားငွေသီးခြင်း မရှိတာ ကံကောင်းတယ် လို့ ဆိုရမယ်ဗျ ။ ဘာပြုလို့လဲ ဆိုရင် ကျွန်တော့် မှာ လက်ဖျား ငွေ သီးတာနဲ့ မကြာခင် ကျွန်တော့် ကိုယ် ပေါ်မှာ HIV ဖုတွေ ပွစိတက်အောင် သီးလာကြမှာပဲ ဗျို့ ။

ဒီကနေ့ ခေတ် ရန်ကုန် စာပေလောက မှာ စာရေးဆရာ ဂျာနယ်လစ် ဆိုပြီး အုပ်စု ၂ စု ပဲ ကွဲကြတာ ။ ပင်ပန်းလွန်းတဲ့ နှစ် ၃ဝ ရန်ကုန် စာပေလောကမယ် တော့ အုပ်စုကလေး တွေ ၊ ဂိုဏ်းဂဏကလေး တွေ လက်ညှိုးထိုး မလွဲ ကွဲပြဲ နေကြတာ ခင်ဗျ ။ သွေးသောက်အချစ် အုပ်စု တဲ့ ။ မိုးဝေပန်းနုရောင် အုပ်စု တဲ့ ။ ရှုမဝစာကြမ်းပိုး အုပ်စု တဲ့ ။ ပြီးတော့ ရှိပါသေးဗျာ ။ မြဝတီ ၊ ငွေတာရီ ပေါ်လစီ အုပ်စု တဲ့ ။ နောက်ထပ် အရေးပါတဲ့ အုပ်စုကြီး ကတော့ ကဗျာဆရာ မောင်လေးအောင် ဦးစီးဦးရွက် ပြုတဲ့ ပုဇွန်တောင် အုပ်စုကြီး ။ ပုဇွန်တောင် အုပ်စုကြီး ကို အဲဒီ အခါက အရွယ် ကောင်းသေးပြီး အခု သေခါနီး အရွယ် ရောက် နေတဲ့ ကဗျာဆရာ တစ်ယောက် “ ပုဇွန်တောင်ဆိုင် မှာ ကြမ်းပိုးတွေ ပဲ ထိုင်ကြတာ ” လို့ စကားတင်း ဆိုဖူးပါတယ် ။ သူ က တော့ ကြမ်းပိုး မဟုတ်ပါဘူး ။ သန်းမကြီး တစ်ကောင်ပါပဲ ခင်ဗျာ ။

ကျွန်တော် ကတော့ ဘယ် အုပ်စု ထဲ ကိုမှ ရောနှော ဝင်ပါခြင်း မရှိပါဘူး ။ ကျွန်တော့် မှာ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲ မရှိဘူး ။ ဟိုစကား တစ်ခုလို ပေါ့ဗျာ ။ All cats are gray in the dark . တဲ့ ခင်ဗျ ။ ကြောင် အားလုံး အမှောင်ထဲ ကျရင် အခုလို အညို ရောင်တွေ ချည်းပါပဲတဲ့ ။ ဒီတော့ ကျွန်တော် မြင်တာ က ဘယ် စာရေးဆရာ ၊ ဘယ် ကဗျာဆရာ ဘယ်လိုပဲ ကြွားလုံး ထုတ်ထုတ် ၊ ဘဝင် မြင့်ပြီး အောက်ခြေ လွတ်လွတ် နောက်ဆုံးတော့ အိမ်သာ တက်ရင် ပုဆိုး လှန်ကြရတာချည်းပါပဲ ။ ဟုတ်တယ်နော် ။ ကဗျာဆရာကြီး မောင်သင်းခိုင် ကတော့ ပြောမယ် ။

“ ဟေ့ ... ကြူးနှစ် ၊ ငါ က ပုဆိုး မလှန်ဘူးကွ ” လို့ ။ ဟုတ်ပေ မပေါ့ဗျာ ။ ဘိုကြီး က အမြဲလိုလို ဘောင်းဘောင်း ပဲ ဝတ်တော်မူတတ်တာကိုး ။

အဲဒီခေတ် ကာလတုန်း က “ ကေတုဆံဖြူ ” ဆိုတဲ့ စာရေး ဆရာ နဲ့ ဆက်နွှယ်ပြီး “ ရွှေမဲမြေမောင်ကြီး ” ဆိုတဲ့ စာရေးဆရာ နဲ့ ကျွန်တော် သိကျွမ်းခွင့် ရခဲ့ပါတယ် ။ ကေတုဆံဖြူ နဲ့ ရွှေမဲမြေ မောင်ကြီး တို့ က အစိုးရဝန်ထမ်းတွေ ဖြစ်ကြတဲ့ အပြင် ဝန်ကြီး ဌာန တစ်ခုတည်း ရဲ့ လက်အောက် က ဌာနခွဲချင်း လည်း တူတယ် ၊ နေထိုင်ကြတဲ့ ရပ်ကွက်ချင်း ကလည်း နီးတော့ သူတို့ချင်း နီးကပ်တဲ့ ဆက်ဆံရေး ရှိသပေါ့ဗျာ ။ ( အင်း ) ပြောရဦးမယ် ။ စာပေအနုပညာ ပါရမီ ကင်းမဲ့ပုံချင်း တူပါ့ဗျာ ။ သူတို့ ရေးကြတဲ့ မဂ္ဂဇင်းဝတ္ထုတိုကလေးတွေ ဟာ ၆ တန်း ကျောင်းသား စာစီ စာကုံး အဆင့် လောက် ပဲ ရှိကြပါတယ် ။ ဉာဏ်ရည် နိမ့်ကြပေ မယ့် စာပေဝါသနာ တူနေကြတော့ ကျွန်တော် သူတို့ ကို တရင်းတနှီး ခင်ခင်မင်မင်ပဲ ဆက်ဆံပါတယ် ။ စာပေ ဖန်တီးမှုစွမ်းရည် မြင့်တာနဲ့ ပေါင်းသင်းဆက်ဆံရေး က ကတ္တား ခြားထားရမယ် လေ ။ ပေါင်းသင်းဆက်ဆံရေး မှာ ရိုးသားဖြောင့်မတ် ဖို့ က အဓိက မဟုတ်လား ။ တချို့ စာပေ ဖန်တီးမှု စွမ်းရည်ကတော့ မြင့်ပါရဲ့ ။ ဒါပေမဲ့ ဘဝင် ကိုင်ပြီး လိမ်ချင် ကောက်ချင်တယ် ။ character ညံ့တယ် လို့ ဆိုရမှာပေါ့ဗျာ ။ ကျွန်တော့် ကို တော့ character ညံ့တယ်လို့ ပြောကြမယ် မထင်ပါဘူး ။ ဒါပေမဲ့ “ မူးယစ်တဲ့ ကြူးနှစ် ” လို့ တော့ ကောင်းချီး ပေးတတ်ကြပါတယ် ။ တချို့များ ဆို “ ကြူးနှစ် ကို ရှောင် အိုအောင် မဆင်းရဲ ” လို့ တောင် စာချိုးကြသဗျ ။ ကျွန်တော် က ရန်ကုန် စာပေလောက မှာ ဝေဖန်မှု မှန်သမျှ ကို သိပ် အလေးအနက် မထားပါဘူး ။ မယိမ်းမယိုင် ကျောက်စာတိုင်ကြီး လို နေခဲ့ပါတယ် ။

ဒါပေမဲ့ ယိမ်းယိုင်တဲ့ အခါမျိုးလည်း ရှိသပေါ့ဗျာ ။ ယိမ်းယိုင်တာ မှ ပုဆိုး မနိုင် ဘာမနိုင် ဖြစ်ပြီး လမ်းဘေး ထိုး လဲတဲ့ အကြိမ်ပေါင်း ထောင်သောင်း မက ရှိခဲ့ဖူးပါပြီ ။ ကဲပါလေ ... ရွှေမဲမြေမောင်ကြီး အကြောင်း ဆက်ရအောင် ။ ရွှေမဲကြီး က စီးပွားရေး ၊ ကျန်းမာရေး ၊ အိမ်ထောင်ရေး အဆင်ပြေပါလျက် စိတ်ကျဝေဒနာသည်ကြီး လို ဖြစ်နေတယ် ။ အဲဒါ သူ့ ဝသီပဲ ။ သူ က ဝဝဖြိုးဖြိုး သားသားနားနား ဆိုပေမယ့် မျက်နှာထား နဲ့ လေသံ က အား မရှိဘူး ။ အမြဲတမ်း နွမ်းလျနေတယ် ။ အဆိုးဆုံး က ခိုညည်း ညည်းတဲ့ အကျင့် ပါဗျာ ။

ကဲ ... သာဓက တစ်ခု ကိုပဲ ကြည့်ပါ ။ တစ်နေ့တော့ ကေတုဆံဖြူ အိမ် မှာ ဆုံစည်းကြတဲ့ အခိုက်ပေါ့ ။

“ ဆရာရွှေမဲ စားပြီးပြီလားဗျ ” လို့ ကျွန်တော် က မေးတဲ့အခါ သူ က နေမကောင်းဖြစ်တဲ့ ကြောင်ကလေး တစ်ကောင် လို အသံမျိုး နဲ့ ...

“ စား ... စားလို့တော့ ပြီး ... ပြီးပါပြီ ဘိုကြူးရာ ”

“ ဘာက မပြီးသေးတာတုံး ”

“ စားလိုက်တဲ့ ကန်စွန်းရွက် တွေ ၊ အာလူး တွေ ၊ အမဲသားတွေ ဗိုက် ထဲ မှာ ကြေ မှ ကြေပါ့မလား လို့ ပူနေရတယ်ဗျ ”

“ ခင်ဗျား က အဲဒါတွေကို အစိမ်း စားလို့လား ”

“ မဟုတ်ရပါဘူး ဘိုကြူး ရယ် ၊ မိန်းမ က ကျကျနန နူးအောင် နပ်အောင် ချက်ပြုတ်ထားတာပါ ”

“ ဒါနဲ့များ ခင်ဗျား က အစာ မကြေမှာ ပူရသေးလားဗျာ ၊ ခင်ဗျား မှာ အစာအိမ်ရောဂါ ရော ရှိလို့လား ”

“ မရှိပါဘူး ၊ ကျွန်တော် ဘာ စားစား အစာ ကြေပါတယ် ”

“ ပြဿနာ ပဲ ၊ ခင်ဗျား ကလည်း ပူစရာ မရှိ ပူတတ်ရန်ကော ”

“ ပူရတာပေါ့ ဘိုကြူး ရာ ၊ တစ်လ မှာ ရက်သုံးဆယ် လောက် ကန်စွန်းရွက် နဲ့ အာလူး ချည်း စား နေရတော့ ကျွန်တော့် ဗိုက် ထဲ က အစာခြေ အင်္ဂါတွေ က ငြီးငွေ့လာကြပြီး အစာမကြေ မှာ စိုးရိမ်မိလို့ပါဗျာ ”

ရွှေမဲမြေမောင်ကြီး က အဲဒီလို ကြံကြံဖန်ဖန် ကတ်သီး ကတ်သတ် တွေးပြီး သောက များနေတဲ့ သတ္တဝါ ပါ ။ သူ စာရေးတယ် ဆိုတာ ကလည်း ဝါသနာ အရ ရေးတာ ။ ကျွန်တော့် လို ပရိယေသနဝမ်းစာရေး အတွက် မဟုတ်ဘူး ။ စာ မရေး လည်း သူ့ မိသားစု က ရွှေ နဲ့ ငွေ နဲ့ ပြည့်စုံပြီးသား ။ မဂ္ဂဇင်းဝတ္ထုတို ရေး လို့ ( အဲဒီ ခေတ် က ) ရမယ့် ငွေ ၅၀ ၊ ၁၀၀ ဆိုတာ ကလည်း သူ့ လက်ဖက်ရည်ဖိုး တောင် ရှိတာ မဟုတ်ဘူး ။ ဒါပေမဲ့ သူ က တော့ သူ့ အကျင့် အတိုင်း ညည်းညည်းတွားတွား လုပ်နေဆဲပဲ ။ တစ်ခါတော့ ...

“ ဆရာရွှေမဲ ဘယ်က လာတုံးဗျ ”

“ ရှုမဝမဂ္ဂဇင်း မှာ ဝတ္ထု ပို့ထားလို့ ရွေး ၊ မရွေး သွားမေးတာ ၊ ပယ်လိုက်သတဲ့ ဗျာ ၊ ဒါနဲ့ သွေးသောက် မဂ္ဂဇင်း ပို့ထားတဲ့ ဝတ္ထုတွေ ရွေး ၊ မရွေး သွား မေးတော့လည်း မသုံးဖြစ်ဘူးတဲ့ ၊ မိုးဝေမဂ္ဂဇင်း ဘက် လှည့်ပြီး ပို့ထားတဲ့ ဝတ္ထု အခြေအနေ သွား မေးတော့ ကျွန်တော့် စာမူ ကို ပြန် ပေးလိုက်ပါတယ် ၊ အဲဒါနဲ့ဗျာ ငွေတာရီမဂ္ဂဇင်း ကို ပို့ထားတဲ့ ဝတ္ထုစာမူ ကိစ္စ သွား စုံစမ်းတော့ မဖတ်ရသေးဘူး တဲ့ ၊ နောက် တစ်လ လောက် စောင့်ပါဦးတဲ့ ၊ စာ ရေးရတဲ့ အလုပ် ကို တစ်နေ့တခြား စိတ်ကုန်လာပါပြီ ဘိုကြူး ရာ ”

“ စိတ် ကုန်ရင် ရေး မနေနဲ့တော့ဗျာ ” လို့ ကျွန်တော် က အော် လိုက်တော့ ဆရာရွှေမဲ က မျက်နှာကလေး ရှုံ့မဲ့ချေပြီး ...

“ စိတ် ကုန်ပေမယ့် သံယောဇဉ် မဖြတ်နိုင်သေးဘူးဗျာ ” တဲ့ ။

ဆရာရွှေမဲ က အဲဒီလို လူပါ ။ သူ နဲ့ တွေ့ရရင် သူ အမျိုးမျိုး အဖုံဖုံ ညည်းပြလွန်းလို့ ကျွန်တော် နားပူ စိတ်ပျက် လာမိပါ တယ် ။ တစ်နေ့ မမျှော်လင့်ဘဲ သူ နဲ့ ရပ်ကွက် လက်ဖက်ရည်ဆိုင် မှာ သွား ဆုံတော့ ခေါင်းစုတ်ဖွားကြီး နဲ့ မနေစဖူး အနေထူး တဲ့ သူ့ ကို ကြည့်ပြီး ကျွန်တော် ပို စိတ်ပျက် သွားတယ် ။ ဒါပေမဲ့ လောကဝတ် က ရှိသေးကိုး ။

“ ဆရာရွှေမဲ နေမကောင်းဘူးလား ဗျ ”

“ အင်း ... ဟင်း ... ဟင်း ... မကောင်း သလိုလို ကောင်း သလိုလို ပါပဲဗျာ ”

“ ည က အိပ်ပျော်ရဲ့လား ”

“ ပျော် သလိုလို မပျော် သလိုလိုပါပဲ ဘိုကြူး ရယ် ”

“ ထမင်း ရော စား ဝင်ရဲ့လားဟင် ”

“ ဝင် သလိုလို မဝင် သလိုလို အာ မထိ လျှာ မထိနဲ့ ၊ ထမင်းလုတ်ကြီး တွေ တော့ လည်ချောင်း ထဲ ရောက်သွားကြ တာပဲ ၊ ဗိုက် ထဲ အထိ ရောက် ၊ မရောက်တော့ မသိဘူးဗျာ ၊ အိမ်သာ တက်ရင်တော့ တစ်ပိဿာ ၊ တစ်ပိဿာငါးဆယ် လောက် ထွက်ထွက် ကုန်ကြတာပဲ ၊ စိတ်ညစ်စရာကြီးပါ ဘိုကြူး ရာ ”

“ စိတ်ညစ်ရင် တော့ သေလိုက်တော့ဟေ့ ” လို့ ကျွန်တော် ပြော မထွက်ခဲ့ပါဘူး ။ ကျွန်တော့် စိတ် ထဲ မတော့ လောကကြီး ထဲ မှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါလျက်ကနဲ့ မနေနိုင် ရင် ဘာ လုပ်မလဲ ။ လူဖြစ် ရှုံး နေပြီလေ ။ ဆရာရွှေမဲ ကတော့ ခိုညည်း ညည်း နေရတာ ကို အရသာ တွေ့နေပုံပဲ ။

သူ့ ကို ကျွန်တော် မတွေ့တော့ဘဲ ရှောင် နေလိုက်တယ် ။ သူ က လည်း ကျွန်တော့် ကို ပြန် ရှောင်တယ် ခင်ဗျ ။ ဘယ်တော့မှ မတွေ့အောင် အပြီးအပိုင် ရှောင်ထွက် သွားတာပါပဲ ချစ်သော စာရှုသူ ။

▣ ကြူးနှစ်
📖ရယ်စရာ မဂ္ဂဇင်း
     စက်တင်ဘာလ ၊ ၂၀၁၂

No comments:

Post a Comment