❝ ရတဲ့ အမွေတွေ ခွဲဝေပေးချင်သူ ❞
[ ညနေစောင်းပြီ မို့ အနောက်ဘက် ပြတင်းပေါက် က နေရောင်ခြည် က အလုပ်စားပွဲပေါ်ကို တိုက်ရိုက် ထိုးနေတယ် ။ စားပွဲပေါ် မှာ လက်နှိပ်စက် တစ်လုံး ။ ဆရာလေး ဦးသန်းအောင် ( ၆၅ နှစ် ) က လက်နှိပ်စက် ကို စိတ်ဝင်တစား ရိုက် တုန်းမို့ သူ့ နောက်မှာ ဧည့်သည် ရောက်နေတာ ကို ချက်ချင်း မသိပါ ။
ကျွန်တော် က ဆရာလေး ရဲ့ ဈာန် ပျက်သွားမှာ စိုးလို့ ကြောဘက် က ဆက်တီခုံ မှာ ဝင်ထိုင်ရင်း သူ့ ကို ငေးကြည့် နေမိတယ် ။ နေရောင်ခြည် ထိုးလို့ ဆရာလေး ရဲ့ ငွေရောင်ဆံပင်တွေ က လင်းလက်နေတယ် ။ အခန်းထဲ မှာ တော့ လက်နှိပ်စက် ရိုက်သံ တဖျောက်ဖျောက် ၊ တစ်ခါတစ်ရံ စာကြောင်းဆုံးလို့ လက်နှိပ်စက် ခေါင်းလောင်းသံလေး တင်ခနဲမြည်သံ ကြားရတယ် ။
ဆရာလေး ဦးသန်းအောင် ( မန်းပန်တျာ ) က အကသင် ပေးပါတယ် ။ မြန်မာပြည် တစ်ဝှမ်း မှာ သူ့ တပည့် မင်းသား မင်းသမီးတွေ လက်ညှိုးထိုး မလွဲရှိ တယ် ။ မြန်မာတစ်နိုင်ငံလုံး က သဘင်သည်တွေ က နေတဲ့ လက်ဟန်အသစ်တွေ အားလုံး ကို ဆရာလေး တီထွင် ခဲ့တယ် ။ နှစ်စဉ်နှစ်တိုင်း မန္တလေးမြို့ က လောကနတ် ခန်းမမှာ ဆရာလေး ကို တပည့်တွေ က စုပေါင်း ကန်တော့ကြတဲ့ ပွဲ ရှိတယ် ။ အင်မတန် စည်ကားပါတယ် ။ သဘင်လောက မှာ လျှမ်းလျှမ်းတောက် နာမည် ကျော်နေသူတွေ က ပြားပြားဝပ် ကန်တော့ကြတဲ့ မြင်ကွင်း က မုဒိတာ ပွားစရာ အလွန် ကောင်းပါတယ် ။
လက်နှိပ်စက် မှာ စာကြောင်း တစ်ကြောင်း နှစ်ကြောင်းစာ လောက် ရိုက်ပြီးချိန် မှာ ဆရာလေး က အာရုံသိ နဲ့ နောက်လှည့် ကြည့်ပြီး ကျွန်တော့် ကို တွေ့ သွားတယ် ။ ကျွန်တော် သိချင်နေတဲ့ သူ့ ဘဝ သူ့ အကြောင်း ကို ပြန်ပြောင်း ပြောပြပါတယ် ။ ]
••••• ••••• •••••
ကျွန်တော် ပန်တျာကျောင်း ကို ရောက်သွားရတဲ့ အကြောင်း ကတော့ ရယ်စရာလေးပေါ့ ။
ကျွန်တော့် အဒေါ် ဒေါ်မိုး နဲ့ ပန်တျာကျောင်း မှာ စောင်းသင်တဲ့ ဆရာမကြီး ဖြစ်လာမယ့် ဒေါ်ခင်မေ က မင်းကွန်းဘက် မှာ စစ်ပြေးရင်း ခင်မင် နေကြတာ ။ ၁၉၅၃ ခုမှာ မန္တလေး ညွန့်ပေါင်းဈေး နား မှာ ပန်တျာကျောင်း အသစ် စ ဖွင့်တယ် ။ တစ်နေ့ တော့ ညွန့်ပေါင်း ဈေးနား ကို ကျွန်တော့် အဒေါ် က ဈေးဝယ် အသွား သူငယ်ချင်းချင်း တွေ့ကြတယ် ။ နှုတ်ဆက်တော့ မေမေ ( ဆရာမကြီး ဒေါ်ခင်မေ ကို ကျွန်တော်တို့ က မေမေ လို့ ခေါ်တယ် ) က ပန်တျာကျောင်း မှာ လုပ်နေတာတဲ့ ။ အဒေါ် ဟာ ပန်တျာကျောင်း ဆိုတာ ဘာမှန်း မသိဘူး ။ ကတာ ၊ တီးတာ ၊ မှုတ်တာ သင်ပေးတဲ့ကျောင်း တူတွေ ၊ တူမတွေ ရှိရင် ခေါ်လာခဲ့တဲ့ ။
အဲဒီ အချိန်မှာ ကျွန်တော် က တန်းကျောင်း မနေဘူး ။ ဘုန်းကြီးကျောင်း မှာ နေတာ ။ ကင်းမင်းကြီး ကျောင်းတိုက် က အမတော်ကျောင်း မှာ ၊ ဆရာတော် ဦးဉာဏ က ဘုန်းကြီးစာ သင်ပေးတယ် ။ တီတီစီ က ဘုန်းကြီးတူမ ဆရာမ က အားတဲ့ရက် ဆို အတန်းကျောင်းစာ လာသင်ပေးတယ် ။ ကျွန်တော့် အသက် ဆယ်နှစ် ၊ ခုနစ်တန်းစာ တက် သင်ပေးတယ် ။
မေမေ က ပန်တျာကျောင်း မနေချင်ဘူးလား မေးတယ် ။ ကျွန်တော် က အိမ်က ထားရင် နေရုံပေါ့ ဆိုတော့ နောက်ရက်ကျ လာခဲ့ ခေါ်တယ် ။ ပန်တျာကျောင်း ကလည်း ဖွင့်ခါစ နှစ် ၊ သင်တန်းတွေ က လည်း သိပ် မရှိသေးပါဘူး ။ အကသင်တန်း ၊ စန္ဒရားသင်တန်း ၊ တယောသင်တန်း ၊ ပတ္တလားသင်တန်း ၊ စောင်းသင်တန်း ၊ ပန်းချီသင်တန်း ဒါပဲ ရှိတာ ။
ကျောင်း ထဲ လိုက်ပြပြီး မင်းဘာလုပ်ချင်လဲတဲ့ ။ ပတ္တလား ၊ စန္ဒရားသင်မယ် ဆိုတော့ တီးပေါ့ ။ သုံးရက် လောက် နေတော့ ကျွန်တော် ပျင်းလာတယ် ၊ ပတ္တလားကြီး မခေါက်ချင်တော့ဘူး ။
မလုပ်ချင်တော့ဘူး ဆိုတော့ မင်း ဘာပြောင်း လုပ်ချင်လဲ မေးပြန်တယ် ။ ပန်တျာကျောင်း က ဖွင့်ကာစ ဆိုတော့ ကျောင်းသားစုဆောင်း နေတဲ့ အချိန် ။ ကျွန်တော့် အိမ် က ဘာပြောသလဲ ဆိုတော့ ငါတို့ မျိုးရိုးက သဘင်မျိုးရိုး မဟုတ်ဘူး ။ တီးတာတွေ ကတာတွေ မလုပ်နဲ့ ပန်းချီ သင်တဲ့ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး ပန်းချီသင်တန်း ဝင် တက်တယ် ။ အဲဒီတုန်း က ဆရာတွေ က ဆရာကြီး ဦးဘသက် နဲ့ ဆရာဦးအေးကျော် ။ ခဲတံ နဲ့ မျဉ်းလိုင်းတွေ ဆွဲခိုင်းတာ ။ သုံးရက်လောက် နေတော့ ပျင်းလာပြန်ရော ။ အဲဒီ အချိန်မှာ အထက်ဆုံးထပ် မင်းသားထပ် က တီးသံ ၊ မှုတ်သံ ၊ ဆိုသံတွေ ကို ကြားနေရတာ ၊ ဒါနဲ့ တက်ကြည့်တယ် ။
အကနည်းပြ က ဆရာကြီး ရွှေဒေါင်းညို ၊ မေမေ က မေမေ က ဒီကလေး လေ့ လာချင်လို့ ထားခဲ့မယ် ဆိုပြီး ထားပစ်ခဲ့ရော ။ ညနေကျ မင်း ကျောင်း ကို ရောက်တာ တစ်ပတ် ရှိသွားပြီ ဘာ တက်မှာလဲ မေးတယ် ။ ကျွန်တော် လည်း အက တက်မယ် ပြောလိုက်တော့ ဒါဆို ရုံးခန်း ထဲ လာခဲ့ ဆိုပြီး စာချုပ် လက်မှတ် ထိုးခိုင်းတယ် ။ အိမ်ပြန် ရောက်လို့ ပြန် ပြောပြတော့ သဘင်မျိုး ဖြစ်ပါပြီ ဆိုပြီး ငိုကြတာ ။ ကျွန်တော် က စာချုပ် ချုပ်ပြီးသွားပြီ ပြောလို့ ဆက်တက်ရတာ ။
ဆရာ ဦးရွှေဒေါင်းညို က ကျွန်တော့် ကို ချစ်ပါတယ် ။ အဲဒီ အချိန် က ပိုက်ဆံ တစ်မူး ဆိုတာ နည်းတာမဟုတ်ဘူး ။ နေ့တိုင်းနေ့တိုင်း ဆရာက ကျွန်တော့် ကို မုန့်ဖိုး တစ်မူး ပေးတယ် ။ ဆရာ့ အိပ် ထဲ က ပေးတာ ။
အကသင်တန်း သုံးနှစ် ပြီးသွားတော့ ကျွန်တော် က အကတွေ ဝါသနာ ပါလာတယ် ။ အတီးတွေ လည်း စွဲသွားပြီ ။ ကျောင်း ကလည်း ကျွန်တော့် ကို မထွက်စေချင်ဘူး ။ စန္ဒရားတန်း ပတ္တလားတန်း ဆက်တက်ဖြစ်တယ် ။ စန္ဒရားဆရာ က ဦးအုန်းမောင် ၊ ပတ္တလား က အလင်္ကာကျော်စွာ ဦးဘကလေး ။
၁၉၅၉ ခုနှစ် က ပန်တျာကျောင်း မှာ လက်ထောက် နည်းပြ အဖြစ် ဝင်လုပ်ရတယ် ။ အသက်ငယ်ငယ် နဲ့ ဆရာဝင် လုပ်ရတော့ ဆရာလေး ခေါ်ကြ တာ ယခု အထိပါပဲ ။
ကျောင်း မှာ ဆရာ လုပ်ရင်း ကျောင်း က ဇာတ်ထွက် ကကြတယ် ။ မြစ်ကြီးနား ၊ လားရှိုး ၊ ကျောက်မဲ ၊ တောင်ကြီး ပြီးတော့ ရခိုင်တစ်ခွင် အနှံ့ ကရတယ် ။ ယဉ်ကျေးမှုဝန်ကြီးဌာန က အစီအစဉ် နဲ့ တရုတ်ပြည် နဲ့ ဗီယက်နမ် လည်း သွားရတယ် ။
ဇာတ်ကြီးတွေ က မင်းသားက ဖို့ လာလာ ခေါ်တယ် ။ အိမ် က မခွဲနိုင်ပါဘူး ဆိုပြီး ဖျက်ကြတယ် ။ ကျွန်တော် ငယ်ငယ် ကတည်းက အမေ ဆုံးတာမို့ အဘွား လက်ပေါ်ကြီးရတာ ။ ကျွန်တော် က ချင်ပေမယ့် အဘွား က ဖျက်တော့လည်း မကဘူးပေါ့ ။ ဘယ်အထိ လိုက် ဖျက်သလဲ ဆိုရင် ရုရှား သွား ကမယ့် ကိစ္စ ၊ အဘွား က ဝန်ကြီး အထိ တက် ပြောပြီး ဖျက်တာ ။ အိန္ဒိယ ကို အကပညာသင် လွှတ်တာ ၊ ကျွန်တော် ဟိန္ဒူစတန်နီ စကားတွေ တောင် သင်လို့ တော်တော် တတ်နေပြီ ။ ဒါလည်း ငိုယို ပြောတာ နဲ့ မသွားရပြန်ဘူး ။ ကျွန်တော့် အသက် ကို သူတို့ မွေးခဲ့တာမို့ သူတို့ မသွားစေချင်ရင် မသွားခဲ့ပါဘူး ။
၁၉၉ဝ ပြည့်နှစ် မှာ ပန်တျာကျောင်း က ထွက်ခဲ့ပြီး အပြင်မှာပဲ တပည့်တွေကို အက သင်ပေးတယ် ။ အချို့က လည်း အချိန်ရတော့ နှစ် နဲ့ ချီပြီး သင်ကြ တယ် ။ အချို့ ဇာတ်နားတဲ့ နှစ်လသုံးလ လာလာ သင်တယ် ။ ကျွန်တော် က ကလေးတွေကို လခ ယူပြီး သင်တာ မဟုတ်ဘူး ။ ဆရာတွေ ရဲ့ အမွေ ကို မပျောက်ပျက်စေချင်လို့ပါ ။ မြန်မာ့ကိုယ်ပိုင် အမွေအနှစ် က မြန်မာ မှာ ပဲရှိတာ ။
အခြား နိုင်ငံတွေ မှာ များသော အားဖြင့် က တဲ့ လူ သည် မဆိုဘူး ၊ မပြောဘူး ။ ပြောတဲ့ လူ သည် မဆိုဘူး ၊ မကဘူး ။ ဆို တဲ့ လူ သည် မပြောဘူး ၊ မကဘူး ။ ကျွန်တော်တို့ သဘင် က အက အဆို အပြော ကို တစ်ဦးတည်း က လုပ်နိုင်တယ် ။ ဒီ အထဲ မှာ အမူအယာ ပါ လုပ်တယ် ။ တစ်ယောက် တည်း ခံစားပြီး လုပ်ပြနိုင် တယ် ။ အခြား မှာ ဒါမျိုး မတွေ့ ဖူးဘူး ။ ဒါကို မပျောက်ကွယ်စေချင်ဘူး ။
နောက်ပိုင်း ဇာတ်ထုပ်ကြီး တွေ က တဲ့ ပညာ လည်း တိမ်ကော သွားပြီ ။ ပန်တျာမြကြည် နဲ့ ဖြူး နှစ်ဇာတ်လောက် ပဲ လုပ်တယ် ။ တကယ် လုပ်တော့ လည်း တကယ် ကြည့်ပါတယ် ။ မကြည့်တာ မဟုတ်ဘူး ၊ ကြည့်အောင် လုပ်မပြတာပါ ။
နောက်ပိုင်း ကတဲ့ အခါ ဝန် ပေမယ့် ဝတ်တာစားတာ က စုတ်တိ စုတ်ပြတ် ။ ‘ မင်းကြီးများ ’ ခေါ် လို့ ‘ ဘုရား ’ ထူးတာ က လည်း ဇာတ်သံ ၊ အား နဲ့ မာန် နဲ့ မဟုတ်ဘူး ။ အိပ်ချင်မူးတူးသံ နဲ့ ၊ နန်းတော်နန်းဆောင် ပြတဲ့ နေရာ မှာ လည်း ခမ်းခမ်းနားနား မဟုတ်ဘူး ။ စုတ်တာတွေ ဖာတာတွေ နဲ့ ။ တိုင် က တစ်ဘက် နိမ့် တစ်ဘက် မြင့် ။
လာ သင်တဲ့ သူတွေ က နောက်ပိုင်း ဝါသနာ မပါတော့ဘူး ။ နာမည် ကို က ဇာတ်မင်းသား ၊ ဇာတ်ပညာ တော့ တတ်ထားသင့်ပါတယ် ။ ဆို ငို ပြော တော့ ဖြစ်စေချင်တယ် ။ ခွန်းတောက်ကလေး တော့ ဆိုပါဦးဟ ၊ ရတုကလေး တစ်ပိုဒ် လောက် ဖြစ်ဖြစ် ဆိုဟ ၊ ငိုချင်း တစ်ပိုဒ် လောက်တော့ ချပါ ။ သင်ထားပါ ပြောလည်း မရဘူး ။ အက ပဲ သင်ချင်ကြတယ် ။ သူတို့ က ကျွန်တော် ပေးသလောက် မယူနိုင်ဘူး ။ ( ဆရာလေး က ပြောရင်း မျက်ရည်တွေ ကျလာပါတယ် ၊ ခေတ္တ နား ပြီးမှ ) သူတို့ က အက လောက် သန်နေတာ ကျွန်တော် စိတ် မကောင်းဘူး ။ အရေး ပညာ ပိုဆိုးတယ် ။ ဇာတ်စာ အရေး တတ်တဲ့ သူ မရှိတော့ဘူး ။ သင်ပေးချင်တာ တောင် ယူနိုင်တဲ့သူ မရှိဘူး ။
သဘင် ပညာရပ် ဟာ အသိပညာ ပေးတဲ့ အပိုင်း မှာ အများကြီး အထောက်အကူ ပေးတယ် ။ စွမ်းအား ရှိတဲ့ ပညာ မို့ ၊ မပျောက်ပျက်သင့်ပါဘူး ။ ဆယ်ယောက် လောက် လာရင် ကိုးယောက် က အက ပဲ သင်တော့တယ် ။
အက နဲ့ ပတ်သက်လို့ ရှေးတုန်းက အခြေခံ လက်ဟန်တွေ က ခွဲထွက် ပြီး ထွင်လာတဲ့ လက်တွေ မြန်မာပြည် မှာ က နေကြတာ ၊ ကျွန်တော် ထွင်ခဲ့တာတွေပါ ။ ငှက်ပျံ သလို လက် ကို လုပ်တာ ၊ ရှိတ်ပြီး က သလို လုပ်တဲ့ လက် က လွဲပြီး ကျန်တဲ့ လက်တွေ ကျွန်တော့် လက်တွေပါ ။ ကျွန်တော် က ရည်စူးပြီး ထွင်ခဲ့တာ မဟုတ်လို့ ဖွင့်လည်း မပြောခဲ့ဖူးဘူး ။ နာမည်ကြီးတာ လည်း မလိုချင်ဘူး ။ ဆရာတွေ ရဲ့ အမွေတွေ ကို ထိန်းသိမ်းပြီး ဆန်းသစ်တီထွင်ကာ သဘင် ဖွံ့ဖြိုးစေချင်တာပါ ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
No comments:
Post a Comment