❝ အဖေ ပြောတဲ့ ကျွန်တော့် ဘကြီး ဆိုတာ ❞
※ တာရာ ၊ တွံတေး ၊
အခန်း ၊ ၁ ၊
“ တုံ ... တုံ ... တုံ ”
ရွာဦးကျောင်း က ထွက်ပေါ်လာတဲ့ အုန်းမောင်းခေါက်သံ ကို ကြားနေရပေမဲ့ ကျွန်တော် အိပ်ရာ မထသေး ။ ရသလောက် အချိန်လေး ကို ခဏလောက် ဖြစ်ဖြစ် မှိန်းနေလိုက်တယ် ။ မကြာပါဘူး အုန်းမောင်းခေါက်သံ တောင် မဆုံးသေးခင် အဖေ က ကျွန်တော့် ပေါင်လေး ကို အသာ ပုတ်ပြီး
“ သားကြီး ထတော့လေ ။ ခုနေ သမ္ဗာန် ထွက်မှ ရေလှည့် က အတော်ပဲကွ ။ ထ ထ ၊ သမ္ဗာန် ထဲ ရောက်မှ ပြန်အိပ် ။ သွားရအောင် ”
မထချင် ထချင်နဲ့ အိပ်ရာ ထဲ က ကျွန်တော် လူးလိမ့် ထ လိုက်တယ် ။ အိပ်ရာ ထဲ မှာ ညီမလေး က အညာစောင်လေး ခြုံလို့ ။ ခြင်ထောင် ထဲ ကနေ အပြင် ကို ထွက်လိုက်တော့ အိမ်ရှေ့ မှာ အမေ က ကျွန်တော်တို့ သားဖ သမ္ဗာန်ထွက်ရင် လိုအပ်မယ့် ပစ္စည်းလေးတွေ ကို တင်းတောင်း တစ်တောင်း ထဲ စုပြုံ ပြီး ထည့်နေလေရဲ့ ။
ခဏ အကြာတော့ အဖေ နဲ့ ကျွန်တော် ရွာနံဘေး က ချောင်းရိုးလေး မှာ ရပ် ထားတဲ့ သမ္ဗာန်လေး ရှိရာ ကို ထွက်လာခဲ့ကြတယ် ။ အဖေ က ခတ်တက် တစ်စုံ ကို ထမ်း ၊ လက် တစ်ဖက် က ရေနံဆီမီးခွက် ထွန်း ထားတဲ့ အုပ်ဆောင်း ကို ကိုင်လို့ ။ ကျွန်တော် က ဖွဲခွံ ( စပါးခွံ ) ထည့်မယ့် အိတ်အခွံ တချို့ နဲ့ အမေ ပြင်ဆင်ပြီး ထည့်ပေးလိုက်တဲ့ တင်းတောင်း တစ်လုံး ကို ထမ်းလို့ အဖေ ရဲ့ အနောက် ကနေ ထပ်ကြပ်မ ကွာ လျှေက်လှမ်း နေမိတယ် ။ ဘဝ ဟာ ရွာလယ်လမ်းမကြီး လို မှောင်မှောင်မဲမဲ မမြင်ပိုးတဝါး နဲ့ ပေါ့ဗျာ ။
ကျွန်တော်တို့ ရွာလေး ကနေ နောက်ထပ် သုံးရွာကျော် လောက် မှာ တလုတ္ထော် ဆိုတဲ့ ရွာလေး တစ်ရွာ ရှိတယ် ။ အဲဒီ ရွာလေး မှာ ဆန်စက် သုံးလုံး လောက် ရှိတယ် ။ အဲဒီ ဆန်စက် က ထွက်တဲ့ စပါးခွံ တွေ ကို သမ္ဗာန် နဲ့ သွားဝယ်ပြီး တွံတေးမြို့ ရွှေရည်ဝင်းအရက်ချက်စက်ရုံ မှာ သွား ရောင်း ရတာ ၊ စက်ရုံ က လောင်စာ အဖြစ် အသုံးပြုတယ် ။ တချို့ လုပ်ငန်း အကြီး လုပ်နိုင်တဲ့ သူတွေ ဆို ချွန်းသင်္ဘောအကြီး ကြီးတွေ နဲ့ပေါ့ ။ အဲဒီ ချွန်းသင်္ဘော တွေ ချောင်းရိုး ထဲ ဝင်သွားပြီ ဆို ကျွန်တော်တို့ လို သမ္ဗာန် သမားတွေ ငတ်ပြီ ။ အဲဒီလို သင်္ဘောကြီးတွေ နဲ့ လုပ်စား နေတဲ့ သူတွေက သူတို့ သင်္ဘော မပြည့် မချင်း ရှိသမျှ ဆန်စက် ထဲက စပါးခွံတွေ ကို အကုန် ဝယ်တာ ။ အဲဒီအခါ ကျွန်တော်တို့ လို လက်ခတ်သမ္ဗာန်သမားတွေ က ဆန်စက် ရှိတဲ့ အခြား ရွာတွေ ဆီကို သမ္ဗာန် ခတ်ရင်း လိုက် ရှာဝယ်ရ ပြန်ရော ။
“ ကျလော် ကျလစ် ... ကျလော် ကျလစ် ”
ခတ်တိုင် နဲ့ ခတ်တပ် ရဲ့ ပွတ်တိုက်တဲ့ အသံ နဲ့ အတူ ငြိမ့်ခနဲ ငြိမ့်ခနဲ အရှေ့ကို ရွေ့ရှား နေတဲ့ သမ္ဗာန် ရဲ့ ဝမ်းထဲမှာ စပါးခွံ ထည့်တဲ့ အိတ်တစ်လုံး ကို ခင်းပြီး ပက်လက်လေး လှန်လို့ ၊ မနက်ခင်း ဝေလီဝေလင်း အလှဖြစ်တဲ့ ကောင်းကင် ပေါ်က ကြယ်လေးတွေ ကို ကျွန်တော် ရေတွက် နေမိတယ် ။ အဖေ ကတော့ တလုတ္ထော် ဆိုတဲ့ ရွာလေး ကို ဦးတည်လို့ သမ္ဗာန် ခတ်နေလေရဲ့ ။
တစ်နာရီကျော် လောက် အကြာ မှာ တလုတ္ထော် ဆိုတဲ့ ရွာလေး ကို ရောက်တယ် ။ မနက် ငါးနာရီကျော် ခြောက်နာရီ ဝန်းကျင် ရှိပြီမို့ “ အကြော်စုံပူပူလေး ” ဆိုပြီး အော် ရောင်းနေတဲ့ အသံ ။ “ ကောက်ညှင်းထုပ်တွေ ရမယ်နော် ” ဆိုပြီး အော် ရောင်းနေတဲ့ အသံတွေ နဲ့ အတူ ရွာလေး ဟာ သက်ဝင် လှုပ်ရှားလာတယ် ။
“ မုန့်ဟင်းခါးစားပါဦးလား ” ဆိုတဲ့ အသံ နဲ့ အတူ ချောင်းရိုးလေး ထဲ မှာ လှေငယ် တစ်စင်း နဲ့ လှော်ခတ်ရင်း လာ ရောင်းတဲ့ အမယ်အို တစ်ယောက် ရဲ့ လှေလေး ကို တွေ့ တော့ ကျွန်တော် တို့ သားဖ လှမ်း ခေါ် လိုက်တယ် ။ ကျွန်တော်တို့ သမ္ဗာန် နား ကို မုန့်ဟင်းခါး ရောင်းတဲ့ လှေလေး ရောက်လာတော့ အမယ်အို က မုန့်ဟင်းရည်အိုး ကို ဖွင့် လိုက်တာ အငွေ့ တထောင်းထောင်း ထွက်နေတဲ့ ဟင်းရည်အိုး ထဲ က စပါးလင်အနံ့ သင်း နေတဲ့ မုန့်ဟင်းခါး အနံ့ လေးရတယ် ။ ကျွန်တော်တို့ သားဖ နှစ်ယောက် ရဲ့ ဆာလောင်မှု ကို ပိုမို ဖြစ်စေသလို ခံစားလိုက်ရတယ် ။
“ အဖွား .. ၊ အဖွား ရဲ့ မုန့်ဟင်းခါးအနံ့လေး ကလည်း မွှေးလိုက်တာ ”
အမယ်အိုကြီး လှမ်းပေးတဲ့ မုန့်ဟင်းခါး ပန်းကန်လေး ကို လှမ်းယူရင်း ကျွန်တော် ပြောလိုက်တော့ အရှေ့သွား သုံးချောင်း လောက် မရှိတော့တဲ့ အမယ်အိုကြီး က ပြုံးနေလေရဲ့ ။
“ အဖွား အသက် ဘယ်လောက် ရှိပြီလဲ ”
မုန့်ဟင်းခါး ပူပူလေး ကို ဟင်းရည် အနည်းငယ် ခပ်သောက်ရင်း မေးကြည့်လိုက်တော့
“ ခုနစ်ဆယ် ရှိပြီလေ ” လို့ ပြန်ဖြေတယ် ။
လတ်ဆက်တဲ့ လေကို နေ့စဉ် ရှုရှိုက်ရင်း ၊ လတ်ဆက်တဲ့ အသား ၊ ငါး ၊ လက်ဆက်တဲ့ အသီးအရွက်တွေ ကို စားသုံးနေခွင့် ရတဲ့ ကျွန်တော် တို့ လို တောသူတောင်သားတွေ က မြို့ပြ မှာ နေထိုင်တဲ့ သူတွေ ထက် ကျန်းမာရေး ပိုမို ကောင်းမွန်ကြကြောင်း အဖွား က သက်သေပြနေ သယောင် ။
မုန့်ဟင်းခါး စားသောက် ပိုက်ဆံ ရှင်းပေးပြီး ၊ ကျွန်တော်တို့ သားအဖ နှစ်ယောက် ဆန်စက် ရှိတဲ့ နေရာကို သမ္ဗာန် ဆက် ခတ်လာခဲ့ ကြတယ် ။ ကံကောင်းတယ် ပဲ ပြောရမလား ပထမဆုံး တွေ့တဲ့ ဆန်စက် မှာပဲ စပါးခွံတွေ က အများအပြား ။ ကျွန်တော်တို့ သမ္ဗာန် တစ်စင်း လောက် အတွက် လုံလုံလောက်လောက် ။
ကျွန်တော့် အဖေ က ပါသမျှ ပိုက်ဆံ နဲ့ ရသလောက် စပါးခွံတွေ ကို ဝယ်ထားလိုက်တယ် ။ ပြီးတော့ ဆန်စက် ထဲမှာ ရှိတဲ့ စပါးခွံတွေ ကို သမ္ဗာန် ထဲ အပြည့်အသိပ် သားဖ နှစ်ယောက် ထမ်း ထည့်လိုက်ကြတယ် ။ အမေ ထည့် ပေးလိုက်တဲ့ အိတ်ခွံတွေ ထဲ ပါ အပြည့်အသိပ် ထည့်ပြီးတဲ့ အချိန် –
“ သားရေ ၊ တို့ သမ္ဗာန် ကို ဒီ ချောင်းရိုး ထဲ က နေပဲ တစ်ခါ တည်း ထွက်ရအောင်ကွာ ၊ အိမ် တစ်ခေါက် ပြန် မနေတော့ဘူး ။ အိမ် တစ်ခေါက် ပြန်ရင် တစ်ရေ နောက်ကျလိမ့်မယ် ။ ဒီမှာလည်း စပါးခွံတွေ က ကျန်နေသေးတယ် ”
သောက်ရေ အတွက် အိမ် ကနေ ထည့်လာတဲ့ ပီအမ်ဂျီ ရေသန့်ဘူးလေး ကို အဖုံး ဖွင့်ပြီး မော့သောက် နေတဲ့ ကျွန်တော့် ကို အဖေ က ပြောတယ် ။ ကျွန်တော် လည်း “ ဟုတ်ကဲ့ ” လိုက်တယ် ။ အမှန်တကယ် လည်း ဖြတ်လမ်း ကနေ သွားရင်လူ ပင်ပန်းတယ် ဆိုပေမယ့် မြန်မြန် ရောက်တယ်လေ ။ ဖြတ်လမ်း က ချောင်းရိုးလေး ၊ သမ္ဗာန် တစ်စင်း ကောင်းကောင်း သွားလို့ ရပေမယ့် ချောင်းရိုး တလျှောက် ငါးကန် ၊ ပုဇွန်ကန်တွေ က များတော့ ကန်ဖော်ပြီ ဆို ဒိုက်တွေက များ မှ များပဲ ။ အဲဒီ ဒိုက်တွေ ကို သမ္ဗာန် သွား လို့ ရအောင် ရှင်းနေရတာ လူ က ပို ပင်ပန်းတယ် ။ တစ်ခုတော့ ရှိတယ် ။ တစ်ခါတည်း သမ္ဗာန်ထွက်မယ် ဆိုရင် ဒီနေ့ အတွက် ထမင်း စားရဖို့ သိပ် မမြင်ဘူး ။ ဟိုအရင်တွေ က စပါးခွံ တင်ပြီးရင် အိမ် ကို တစ်ခေါက်ပြန် အမေ ပြင်ဆင်ပေးတဲ့ ထမင်းဟင်းတွေ ကို ယူပြီး ရေလှည့် နဲ့ ထွက်တာ ။ ရေလှည့် ဆိုတာ က ရေတက် ရေကျ ကိုပြောတာ ၊ ကျွန်တော်တို့ ရွာကနေ တွံတေး ကို သွားမယ် ဆို ရေတက်ချိန်ပေါ့ ။ အဲဒါမှ ရေစုန်လေစုန် သမ္ဗာန်ခတ် လို့ အဆင်ပြေမှာလေ ။
အခန်း ၊ ၂ ၊
ကျွန်တော်တို့ သားဖ နှစ်ယောက် သမ္ဗာန် စ ထွက်တော့ နံနက် ဆယ့်တစ်နာရီ လောက် ရှိပြီ ။ အဖေ က ရေသန့်ဘူး အခွံလွတ်တွေ ထဲ ကို သောက်ရေတွေ ဖြည့်လာတော့ သားဖ နှစ်ယောက် ရေ သောက်လိုက် သမ္ဗာန် ခတ်လိုက်နဲ့ ။ နောက် တစ်နေ့ မနက် ငါးနာရီ လောက် မှ သမ္ဗာန် က အရက်ချက်စက်ရုံ ကို ရောက်မှာ ရောက်ရောက်ချင်း လည်း ထမင်း စားရ ဖို့ က မမြင်ပါဘူး ။ ကိုယ့် သမ္ဗာန် အရှေ့မှာ စီနီယာသမ္ဗာန် ရှိနေရင် ကိုယ့် အလှည့် ရောက်ဖို့ စောင့်ရဦးမှာ ။ ကိုယ့် သမ္ဗာန် ထဲ က စပါးခွံတွေ ကို စက်ရုံဂိုဒေါင် ထဲ ထမ်းထည့် ပြီးမှ စပါးခွံဖိုး ရှင်းပေးမှာ ၊ အဲဒီတော့မှ စားဖို့ သောက်ဖို့ တစ်ခုခု ရှာဝယ်ရမယ် ။ ဒါပေမဲ့ အခုလို ထမင်း ငတ်တာ အခုမှ တော့ မဟုတ်ပါဘူး ။ မကြာခဏ လည်း ဖြစ်ဖူးတယ် ဆိုပေမဲ့ လမ်း မှာအဆာပြေ မုန့်လေး ဘာလေးတော့ ဝယ်စားခွင့် ရသေးတယ် ။ အခုတော့ အဖေ က ပါတဲ့ ပိုက်ဆံ နဲ့ စပါးခွံတွေ အကုန် ဝယ်ထားလိုက်တော့ မုန့်တောင် စားရဖို့ မမြင် ။
ချောင်းရိုး တလျောက် သမ္ဗာန် ခတ်လိုက် ၊ ထိုးဝါး ထိုးလိုက် တစ်ခါတလေ ဒိုက်တွေ ပိတ်နေတဲ့ နေရာ ရောက်ရင် အဖေ က ရေထဲ ဆင်း ဒိုက်တွေ ကို ရှင်းထုတ် ကျွန်တော် က သမ္ဗာန် ကို ဒိုက်တွေ လွတ်အောင် ထိုးဝါး နဲ့ ထိုးပြီးအရှေ့ ကို တက် ။ တစ်နေကုန် လှော်ရင်း ခတ်ရင်း နဲ့ အတော်အတန် ခရီးပေါက်လာခဲ့တယ် ။ ဗိုက် က လည်း တော်တော်လေး ကို ဆာလာပြီ ။
“ သားရေ ၊ အဖေ တို့ ဒီမှာ ခဏ နားကြတာပေါ့ကွာ ။ ဒီ ချောင်းရိုးလေး ကျော်ရင် ရှေ့မှာ ဖိုးမန်းချောင်း ၊ ဖိုးမန်းချောင်း ကျော်ရင် တူးမြောင်း ( ၁၇ ) မိုင် ။ ငါတို့ ဝေလီဝေလင်း လောက်တော့ စက်ရုံ ကို ရောက်မှာပေါ့ ”
လို့ အဖေ က ပြောရင်း သမ္ဗာန် ကို ချောင်းရိုး နံဘေး မှာ ပေါက်နေတဲ့ လမုပင် တစ်ပင် မှာ ကြိုးချည် လိုက်တယ် ။
ကျွန်တော် လည်း ရေဘူး တစ်ဘူး လှမ်း ယူလိုက်ပြီး အဖုံး ဖွင့် ၊ ရေ သောက်ပြီး စပါးခွံအိတ် တစ်အိတ် ပေါ် ခြေပစ်လက်ပစ် ထိုင်ချ လိုက်တယ် ။ ဗိုက်ဆာ နေပေမယ့် အဖေ့ ကို မပြောရက် ၊ ပြောလည်း အကြောင်းထူး မှာ မဟုတ် ။ ဈေးသည် တွေ့ ရင်တောင် ဝယ်စားစရာ ပိုက်ဆံ မှ မရှိဘဲ ။
ခဏ အကြာတော့ အဖေ က ပုဆိုး ခါးတောင်းကျိုက် ပြီး သမ္ဗာန် ပေါ် ကနေ ချောင်းရိုးကမ်းနဖူး ပေါ် ခုန်တက်သွားတယ် ။ ချောင်းရိုးလေး ရဲ့ ညာဘက်အခြမ်း မှာ ငါးကန် ၊ ပုစွန်ကန်တွေ အများအပြား ရှိပြီး ၊ ဘယ်ဘက် အခြမ်း မှာ အိမ်လေးတွေ ကျိုးတိုးကျဲတဲ နဲ့ ရွာလေး တစ်ရွာ ကိုတွေ့ရတယ် ။ အဲဒီ အိမ်လေးတွေ ရှိတဲ့ ဘက် ကို တက်သွားတာပါ ။ အတော်လေး ကြာတော့ အဖေ ပြန်လာတယ် ။ အဖေ့ လက် ထဲမှာ ကြွပ်ကြွပ်အိတ် နဲ့ ထည့်ပြီး ဆွဲလာတဲ့ အထုပ်လေး တစ်ထုပ် ။ စားစရာ တစ်ခုခု ဖြစ်ပါစေလို့ ကျွန်တော် ရိုးသားစွာ ဆုတောင်းလိုက်မိတယ် ။
အဖေ က သမ္ဗာန် ပေါ် ပြန် တက်လာပြီး ကျွန်တော် ထိုင်နေတဲ့ သမ္ဗာန် ရဲ့ အနောက်ဘက် ကို လျှောက်လာတယ် ။ ပြီးတော့ လက် ထဲ မှာ ကိုင်ထားတဲ့ ကြွပ်ကြွပ်အိတ်လေး ကို ကျွန်တော့် ဆီ လှမ်းပေးရင်း –
“ ငါ့သား ... မင်း ဗိုက်ဆာနေပြီ မှတ်လား ၊ ရော့ ... အဲဒါ အကုန်သာ စားလိုက် ” လို့ ပြောပြီး သူ့ နှုတ်ခမ်းထူထူကြီးတွေ အောက်က သွားတွေ ကို လျှာ နဲ့ သပ်လိုက်ပြီး တံတွေး တစ်ချက် ချောင်းရိုး ထဲ ကို ထွေး ထုတ်လိုက်တယ် ။ သူ လည်း စားခဲ့ပြီးပြီ ဆိုတဲ့ ပုံစံ ။
အဖေ လှမ်းပေးတဲ့ အထုပ်လေး ကို ယူပြီး ဖြည် ကြည့်လိုက်တော့ ဟင်းရည် ရွှဲရွှဲဆမ်း ထားတဲ့ ထမင်း နဲ့ ငါးဟင်းလေး တစ်တုံး -
“ အဖေ ... ဘယ်ကရလာတာလဲ ” လို့ ကျွန်တော် မေးလိုက်တော့
“ ဒီ ရွာ မှာ မင်း ဘကြီး တစ်ယောက် ရှိတယ်ကွ ။ မင်း အမေ ဘက် က တော်တာ ။ မင်း အမေ ရဲ့ အစ်ကို ဝမ်းကွဲ ၊ မင်း ကို တောင် အိမ်ပေါ် ခေါ်မလာ လို့ဆိုပြီး ငါ့ ကို ပြောနေသေးတယ် ”
ကျွန်တော် လည်း ကိုယ် မမြင်ဖူးတဲ့ ကိုယ့် ဘကြီး ဆိုတဲ့ လူ ကို ကျေးဇူး တော်တော်လေး တင်သွားတယ် ။
ဗိုက် ကလည်း ဆာနေပြီ ဆိုတော့ အားပါးတရ စားတော့တာပေါ့ ။ ဟင်း က ငါးပိကောင် ( ငါးဆားနယ် ) ကို အချဉ်ဆီပြန်လေး ချက်ထားတာ ။ ချဉ်ချဉ်ငံငံလေး စားလို့ ကောင်းမှ ကောင်းပဲ ။ အဖေ က ကျွန်တော့် အရှေ့ နား မှာ ထိုင်နေရင်း ရေဘူး ပဲ ခဏ ခဏ မော့ သောက်နေတယ် ။ သူ လည်း ငါးပိကောင်ဟင်း နဲ့ စားခဲ့တာမို့ ရေ ဆာတယ် ထင်ပါရဲ့ ။
အဲဒီလိုနဲ့ အလုပ်ကိစ္စတွေ ပြီး လို့ အိမ် ကို ပြန်ရောက် ၊ ပုံမှန်အတိုင်း အလုပ်တွေ လုပ်နေကြရင်း တစ်နေ့ကျတော့ အိမ် မှာ ငါးပိကောင် ကို အချဉ်ဆီပြန်ဟင်း ချက်တယ် ။ အိမ် မှာ စားတဲ့ ထမင်းဝိုင်း ဆိုတော့ အဖေ ၊ အမေ ရယ် ကျွန်တော် ၊ ညီမလေး ရယ် မိသားစု ထမင်းဝိုင်းလေး ပေါ့ ။ ငါးပိကောင် အချဉ်ဆီပြန်ဟင်းလေး တွေ့ တော့ ကျွန်တော့် က ဘကြီး အိမ် က ပေးလို့ စားခဲ့ရတဲ့ ထမင်းထုပ် အကြောင်း ကို မှတ်မှတ်ရရ ပြောပြတော့ အမေ က တအံ့တသြ နဲ့ –
“ ဘယ်ရွာ က နင့် ဘကြီးလဲ ” လို့ ပြန် မေးတယ် ။ ရွာ နာမည် ကို ကျွန်တော်က မသိတော့ အဖေ့ ကို လှမ်း ကြည့်လိုက်တယ် ။ အဖေ က ထမင်း စားနေရင်း အမေ့ ကို ပြုံးပြတယ် ။ ရွာ နာမည် က အပြုံး မဟုတ်တာတော့ သေချာတယ် ။ ဒါပေမဲ့ အမေ က နားလည်သွားတဲ့ ပုံစံနဲ့ ဆက် မမေးတော့ပဲ ထမင်း ဆက် စားနေတယ် ။ ကျွန်တော် လည်း အဲဒီ ရွာ လေး ရဲ့ နာမည် ကို ခုချိန်ထိ မသိပါဘူး ။
အခန်း ၊ ၃ ၊
အခမဲ့ ပညာရေးစနစ် မှာ ကလေးတိုင်း ပညာသင်ခွင့် ရှိတယ် ဆိုပေမဲ့ အဲဒီ ကလေးတွေ အကုန်လုံး စာသင်ခန်း ထဲ ရောက်ဖို့ ဆိုတာတော့ တကယ် မလွယ်ကူတဲ့ ကိစ္စပါ ။ သူတို့လေးတွေ စာသင်ခန်း ထဲ မှာ အေးအေးဆေးဆေး စာသင် နေနိုင်ဖို့ ဆိုရင် သူတို့လေးတွေ ရဲ့ မိသားစု ဘဝ စား ၊ ဝတ် ၊ နေ ၊ ရေး အဆင်ပြေ နေဖို့လည်း လိုပါတယ် ။
ပန်း ရောင်းရင်း ၊ ပဲပြုတ် ရောင်းရင်း ကျောင်းတက်တယ် ဆိုတာ လွှမ်းမိုးသီချင်း ထဲ မှာပဲ နားထောင်လို့ ကောင်းတာပါ ။ ဈေးရောင်းတဲ့ အခန်းလေး ၊ ပန်းရံလုပ်တဲ့ အခန်းလေး တစ်ခန်း ဆီ လောက်ပြ ၊ နောက် တစ်ခန်း မှာ ဘွဲ့ရ ၊ ကုမ္ပဏီပိုင်ရှင် ဖြစ် ဆိုတာ မြန်မာဇာတ်ကားတွေ ထဲ မှာပဲ ရှိပါတယ် ။ တကယ့် လက်တွေ့ ဘဝ ဟာ သီချင်း တွေ ၊ ဇာတ်ကား တွေ ထဲ က လောက် မလွယ်ကူတာ ကိုယ်တိုင် ခံစားဖူးရင် သိကြမှာပါ ။
ကျွန်တော် ကိုယ်တိုင် လည်း အဲဒီ အထဲမှာ ပါခဲ့ပါတယ် ။ ဘဝ ဟာ ဇာတ်ကား တစ်ကား မဟုတ်ခဲ့တော့ ရှစ်တန်း အောင်ပြီးတဲ့ နောက်မှာပဲ ကျောင်းထွက်ခဲ့ ရပါတယ် ။ ညီမလေး ကို တော့ ကျောင်းဆက် တက်စေခဲ့ပြီး ကျွန်တော် ဟာ အဖေ နဲ့ အတူ မိုးရာသီ မှာ သမ္ဗာန်ခတ် ၊ နွေရာသီ မှာ အုတ်ဖုတ်တဲ့ အလုပ် ကို ဝိုင်းဝန်းကူရင်း မိသားစု ရဲ့ စား ၊ ဝတ် ၊ နေရေး ကို နိုင်သ၍ ပခုံးဝိုင်း ထမ်းခဲ့ပါတယ် ။
ကျွန်တော် ကိုယ်တိုင် ပညာတတ် တစ်ယောက် မဖြစ်ခဲ့ပေမဲ့ ကျွန်တော် ကိုယ်တိုင် မိဘ တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကျွန်တော့် သား ကို ပညာတတ် တစ်ယောက် ဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ် ။ ကျွန်တော့် တုန်း ကလည်း ကျွန်တော့် အဖေ က ကျွန်တော့် ကို ကျောင်းထွက် စေချင်မယ်တော့ မထင်ပါဘူး ။ မတတ်နိုင် တော့တဲ့ အဆုံးမို့သာ ကျွန်တော့် ကို ကျောင်းထုတ် ခဲ့ရတာ ဖြစ်မှာပါ ။
ကျွန်တော် ကိုယ်တိုင် မိဘ နေရာ ရောက်လာပြီး ကျွန်တော့် သား ရှစ်တန်း အောင် တဲ့ အခါ ကိုးတန်း ၊ ဆယ်တန်း ဆက်တက်ဖို့ မြို့ကျောင်း ကို ပို့ခဲ့ပါတယ် ။ ပိုက်ဆံ ရှိလို့တော့ မဟုတ်ပါဘူး ။ ပိုက်ဆံ မရှိလို့ ပို့လိုက်တာပါ ။ အကြောင်း က ဒီလိုပါ ။ ကျွန်တော့် ညီမ က ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ မှာ အိမ်ထောင် ကျပါတယ် ။ သူတို့ က စီးပွားရေး လည်း အဆင်ပြေပါတယ် ။ သူ့ အမျိုးသား က ဌာနဆိုင်ရာ တစ်ခု က ဦးစီးအရာရှိ ပါ ။
ကျွန်တော့် ရဲ့ သား သူ့ ရဲ့ တူ ကို ကိုးတန်း ၊ ဆယ်တန်း ကျောင်း ဆက် ထားပေးပြီး အောင်ခဲ့ရင် တက္ကသိုလ် ပါ ထားပေးမယ်လို့ ပြောပါတယ် ။ ကျွန်တော် က တော့ အဖေ့ ရဲ့ အမွေ ဖြစ်တဲ့ သမ္ဗာန် ခတ်လိုက် ၊ အုတ် ဖုတ်လိုက် နဲ့ပါ ။
တစ်နေ့ ။ အဲဒီနေ့ က ကျွန်တော့် ရဲ့ သား ကို ကျွန်တော့် ညီမ ရှိတဲ့ ဒေးဒရဲမြို့ ကို ကျောင်းထားဖို့ သွား ပို့တဲ့ နေ့ပါ ။ အဲဒီအချိန်တုန်း က ရန်ကုန် က နေ ကျိုက်လတ် ၊ ဖျာပုံ တို့ကို ပြေးဆွဲတဲ့ နှစ်ထပ် ဧရာဝတီ သင်္ဘော တွေ ရှိပါတယ် ။ ကျွန်တော်တို့ ရွာ ကိုလည်း အဲ့ဒီ သင်္ဘောတွေ က ရပ်ပါတယ် ။ လက်ခတ် သမ္ဗာန်တွေ နဲ့ ခရီးသည် အတင်အချ လုပ်ရတာပါ ။ ကျွန်တော့် သား ကို လိုက် ပို့တဲ့ နေ့ က ရန်ကုန် ၊ ကျိုက်လတ် သင်္ဘော ကို စီးပါတယ် ။ ကျိုက်လတ် ကနေ တစ်ဘက်ကမ်း ကူးပြီး ညနေ လေးနာရီ လောက်မှာ ထွက်တဲ့ “ အမေ့သား ” ဆိုတဲ့ ဒေးဒရဲ ၊ ကျိုက်လတ် ဒိုင်နာကား ကို ပြောင်း စီးရမှာပါ ။
ဧရာဝတီသင်္ဘော က ခါတိုင်း လိုပဲ ကျိုက်လတ်မြို့ ကို အချိန်မှန်မှန် ဆိုက်ကပ် ပါတယ် ။ ကျိုက်လတ်မြို့ ကနေ တစ်ဖက်ကမ်း ကို ကူးဖို့ ကူးတို့ဆိပ် ကို သွားရပါတယ် ။ ကူးတို့ ကူးပြီးတဲ့ အခါမှာ ကားဂိတ် ကို ရောက်တော့ ကား မတွေ့ပါဘူး ။ ကျွန်တော့် သား ကတော့ သူ့ ခရီးဆောင်အိတ် ဖြစ်တဲ့ ကျောပိုးအိတ်လေး ကို လွယ် ထားပြီး တစ်ခုတည်း သော ကွမ်းယာဆိုင်လေး ဘေးမှာ မတ်တပ်ရပ် နေပါတယ် ။ သူ့ လက် မှာ ပတ်ထားတဲ့ အနက်ရောင် ကော်နာရီလေး ကို သွား ဆွဲကြည့်လိုက်တော့ အချိန်က ညနေသုံးနာရီ ခွဲ နေပါပြီ ။
“ ငါ့တူ ၊ ဒေးဒရဲ ပြန်မယ့် လိုင်းကား လည်း မတွေ့မိပါလား ”
ကွမ်းယာဆိုင် ထဲ မှာ ထိုင် နေတဲ့ ဆိုင်ရှင်ကောင်လေး ကို မေးကြည့် လိုက်တယ် ။ ဆိုင်ရှင် လို့ ထင်လိုက်ရတာက သူ့ လက်မှာ ကွမ်းယာ ယာတဲ့ သားရေလက်အိတ်လေး စွပ်ထားတာ တွေ မိလို့ပါပဲ ။ ထိုင် နေတယ် ဆိုတာ ကတော့ ရှင်းပါတယ် ။ ကား လည်း မတွေ့ ခရီးသည် လည်း မရှိတော့ ဝယ်မဲ့သူ မရှိပါဘူး ။ အဲဒါကြောင့် ငုတ်တုပ်လေး ထိုင်နေတာပါ ။
“ ဟုတ်တယ် ဦးလေးရ ။ ဒီနေ့ ဒေးဒရဲကား မရှိဘူး ၊ မနက်က ခရီးသည်တွေ နဲ့ ဒေးဒရဲ က နေ ထွက်လာရင်း ရောက်ခါ နီးမှ စက်ပျက်လို့ ဆိုလား ၊ ခရီးသည်တွေ တောင် မနက် က လမ်းဆက် လျှောက်ပြီး လာခဲ့ကြ ရတယ် ပြောတယ် ”
တစ်ခါတစ်ရံ မှာ ဒုက္ခ ဆိုတာ ထင်မှတ်မထား အချိန်မှာ ရောက် ရောက်လာတတ်တယ် ဆိုတာ အမှန်ပဲဗျာ ။ အခုမှ တကယ့် ဒုက္ခ ၊ ကျိုက်လတ် မြို့ပေါ် ကို နောက်ကြောင်းပြန် လှည့်ပြီး တည်းခိုရ အောင်လည်း အသိ မိတ်ဆွေ က မရှိ ။ ရှိလည်း ပြန် လှည့်ဖို့ က ကူးတို့စက်လှေ က ကျွန်တော်တို့ သားဖ ကို ထားခဲ့ပြီး ကျိုက်လတ် ဘက် ကမ်း ကို ပြန်သွားပြီ ။ ဒီ ကားဂိတ် အနီးအနား မှာ လည်း ရွာလေး ဘာလေး ရှာ မတွေ့ ၊ ကွမ်းယာဆိုင်လေး ကို သေချာဝေ့ကြည့်တော့မှ ဆိုင်လေး ရဲ့ အနောက်ဖက် မှာ စက်ဘီးလေး တစ်စီး ကို တွေ့တယ် ။ ဒါဆို ကွမ်းယာဆိုင် လာ ဖွင့်တဲ့ ကောင်လေး ရဲ့ ရွာ က ခပ်လှမ်းလှမ်း မှာ ဖြစ်မယ်ထင်ပါရဲ့ ။
တကယ်လို့ တည်းခွင့် ရမယ် ထားပါဦး ။ နောက် တစ်နေ့ ညနေ အထိ ကားကို ပြန် စောင့်ရဦးမယ် ။ တစ်နေ့ မှ တစ်ခေါက် သာ အဝင် အထွက် ရှိတဲ့ ကား ။ ကား က ပျက်တာ ဆိုတော့ ပြင်လို့ ပြီး မပြီး မသေချာတဲ့ အတွက် နောက်တစ်နေ့ ကား အဝင်အထွက် ရှိမယ် မရှိဘူး ဆိုတာလည်း မသေချာ ။ အဲဒီတော့ တစ်ခုတည်းသော နည်းလမ်း က အချိန် ရှိတုန်း ဒေးဒရဲမြို့ ထိ လမ်းလျောက်ပြီး သွားဖို့ပါပဲ ။
“ ကဲ ငါ့သား ရေ ၊ ကား ကတော့ မင်း ကြားတဲ့ အတိုင်းပဲ ။ အဲဒီတော့ ဒေးဒရဲ ထိ လမ်းလျှောက်ဖို့ပဲ ရှိတော့တယ် ။ မင်း လျှောက်နိုင်ပါ့မလား ”
ကွမ်းယာဆိုင်လေး ဘေး မှာ အရိပ် ခိုရင်း မတ်တပ်ရပ် နေတဲ့ ကျွန်တော့် သား ကို လှမ်း မေးလိုက်တော့ ၊ သူ က ပခုံးနှစ်ဖက် ကို အပေါ် ကို တွန့်ပြတယ် ။ ပြီးတော့ ..
“ ဘယ်နှစ်နာရီ လောက် လျှောက်ရမှာလဲ အဖေ ” တဲ့ ။
“ သုံးနာရီ လောက် တော့ လျှောက်ရမှာပေါ့ကွာ ” လို့ ပြန် ဖြေလိုက်တော့ ကွမ်းယာ ရောင်းတဲ့ ကောင်လေး က ကျွန်တော့် ကို လှမ်းကြည့်တယ် ။ ကျွန်တော် လည်း ကျွန်တော့် သား မရိပ်မိအောင် ကွမ်းယာ ရောင်းတဲ့ ကောင်လေး ကို မျက်စိ တစ်ဖက် မှိတ်ပြလိုက်တယ် ။ အမှန်က အနည်းဆုံး ငါးနာရီ လောက် လျှောက်ရမှာ ။
အခန်း ၊ ၄ ၊
လမ်း က ကားလမ်းမ အတိုင်း လျှောက်ရတာ ဆိုတော့ လမ်းကောင်းတယ်လို့ ပြောလို့ရပါတယ် ။ တောသူတောင်သားတွေ လည်း ဖြစ်တော့ နှစ်နာရီလောက် ထိ ကို ဖြည်းဖြည်း နဲ့ မှန်မှန်လေး လျှောက်လာခဲ့တယ် ။ ကားလမ်းဘေး ခဏ နားလိုက် အမောပြေ ရေလေး သောက်လိုက် နဲ့ တဖြည်းဖြည်း လျှောက်လာလိုက်တာ လမ်း က မှောင်ရိပ်တောင် သမ်းလာ ခဲ့တယ် ။ သုံးနာရီဝန်းကျင် လောက် လျှောက်လာခဲ့ ပြီးတဲ့ အချိန်မှာ
“ အဖေ ပြောတော့ သုံးနာရီလောက်ပဲ လျှောက်ရမှာဆို ၊ အခုထိ လည်း အရိပ်အယောင် တောင် လှမ်းမတွေ့ ရသေးဘူး ။ ဗိုက်တွေ လည်း ဆာလှပြီ ” တဲ့ ။
ဟုတ်တာပေါ့ ၊ အိမ် ကနေ မနက် ဆယ်နာရီ လောက် က မနက်စာ စားခဲ့တာ ဆိုတော့ သူ လည်း ဆာရောပေါ့ ။ ကျွန်တော် လည်း လူ ပီသတဲ့ လူ တစ်ယောက် မို့ ဆာတာပါပဲ ။
“ ရောက်တော့မှာပါကွာ ။ နောက်ထပ် နည်းနည်းလောက် အားတင်းပြီး လျှောက်ပါဦး ”
လို့ အားပေးလိုက်ပေမယ့် အမှန်က ခုမှ ခရီး တစ်ဝက် ကျိုးတာ ။ မှောင်ရိပ်သမ်း နေပေမယ့် လမ်းဘေး တစ်ဖက် တစ်ချက်ဆီ မှာ ပုရစ် ထောင်တဲ့ ခရမ်းရောင်မီးချောင်းအလင်းလေး တွေ ကြောင့် လ မ်းကို ကောင်းကောင်း မြင်နေရပါတယ် ။
နာရီဝက် ၊ တစ်နာရီ ဝန်းကျင်လောက် ဆက်လျှောက် လာပြီးတဲ့ အချိန်မှာ ကားလမ်းမ နဲ့ မလှမ်းမကမ်း မှာ မီးရောင် မှိတ်တုတ် မှိတ်တုတ် နဲ့ ရွာလေး တစ်ရွာ ကို လှမ်း တွေ့ရတယ် ။ တစ်ဘူး ထဲ သာပါတဲ့ ရေ က လည်း ကုန်ခါနီးနေပြီမို့ ရေဘူးလေး ကို ဆွဲပြီး −
“ သားရေ .. မင်း ဒီမှာ ခဏ စောင့်နေဦး ။ အဖေ ဟို ရွာလေး ဘက် ကို ခဏ သွားလိုက်ဦးမယ် ”
လို့ ဆိုပြီး မှုန်ဝါးဝါး သာ မြင်ရတဲ့ ရွာလမ်းမလေး အတိုင်း လျောက်သွား လိုက်တယ် ။ ကျွန်တော့် သား က ရွာအဝင် လမ်းလေး ရဲ့ ထိပ်မှာ ထိုင်ပြီး ကျန်ခဲ့လေရဲ့ ။
“ အိမ်ရှင်တို့ ခဗျာ ။ ကျွန်တော့် ကို ခဏလောက် ဝင်ခွင့်ပြုပါ ”
ရွာထိပ် က ပထမဆုံး တွေ့တဲ့ အိမ်လေး မှာ စကားပြောသံတွေ ကြားနေရတာနဲ့ ဝင်ခွင့် တောင်းပြီး ဝင်လိုက်တယ် ။ အိမ်ရှင်တွေ ကလည်း သဘောကောင်းကြ ရှာပါတယ် ။ ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြု ပါတယ် ။
“ ကျွန်တော် ခရီးသွား တစ်ယောက် ပါ ။ ဒေးဒရဲ ကို သွားဖို့ ကား မရှိတာနဲ့ လမ်းလျှောက် သွားနေတာပါ ။ သောက်ရေလေး တစ်ဘူး လောက် တောင်းချင်လို့ပါ ။ ပြီးတော့ ... ”
ဆိုပြီး ကျွန်တော် စကား စ ပြတ်သွားတယ် ။ ပြောလေ့ပြောထ မရှိတာမို့ ရုတ်တရက် ပြောမထွက် ။
“ ဟုတ်ကဲ့ ။ ရပါတယ် သောက်ရေ ဖြည့် ပေးလိုက်ပါ့မယ် ။ ပြီးတော့ ဘာဖြစ်လဲ ပြောလေ ”
လို့ ဆိုပြီး ဝါးကုလားထိုင် ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော် နဲ့ အသက်ရွယ်တူ လောက် ရှိမယ် ထင်ရတဲ့ ယောက်ျားသား တစ်ယောက် က ထ လာပြီး ကျွန်တော့် လက် ထဲက ရေဘူးလေး ကို လှမ်း တောင်းတယ် ။
“ ဟို ... ထမင်းလေးများ ကျန်နေသေးရင် ... ”
ကျွန်တော့် စကား တောင် မဆုံးလိုက်ပါဘူး ။
“ ဪ ၊ ဟုတ်ကဲ့ ” လို့ ပြောပြီး –
“ မိန်းမ ရေ ၊ ထမင်း ကျန်သေးရင် ထည့် ပေးလိုက်ပါကွာ ။ ဒီမှာ ခရီးသည် တစ်ယောက် အခက်အခဲ ဖြစ်နေလို့ ”
ကျွန်တော့် လက် ထဲက ရေဘူး ကို လှမ်းယူ ၊ ရေဖြည့် ဖို့ လုပ်နေရင်း အိမ် ထဲကို လှမ်းအော်ပြောတော့ ။
“ တစ်ယောက်စာ လောက်တော့ ရှိသေးတယ် ။ ဒီမှာပဲ တစ်ခါတည်း စားသွားလေ ”
လို့ အမျိုးသမီး တစ်ယောက် က အိမ်ရှေ့ ထွက်လာပြီး ပြောတယ် ။ ဒုက္ခရောက်နေသူ ကို ကူညီတတ်တာ ၊ ရိုးသားပြီး ဖော်ရွေတာ ချစ်စရာ ကောင်းတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ စိတ်ထားပါပဲ ။
“ ရပါတယ် ခင်ဗျာ ၊ ကြွပ်ကြွပ်အိတ် ရှိရင် အိတ်လေး နဲ့ ပဲ ထည့် ပေးလိုက်ပါ ”
ခဏနေတော့ ထမင်း ထည့်ထားတဲ့ အထုပ်လေး ရယ် ရေဘူး ရယ် ကို အမျိုးသား ဖြစ်သူက လာ ပေးတယ် ။ ကျေးဇူးတင်တဲ့ အကြောင်း အကြိမ်ကြိမ် ပြောပြီး ကျွန်တော့် သား ဆီ ကို အမြန် ပြန်လာခဲ့လိုက်တယ် ။
“ ရော့ ၊ မင်း ဗိုက်ဆာနေပြီ ဆို ၊ အကုန်သာ စားလိုက်တော့ ”
လို့ ပြောပြီး ကျွန်တော့် နှုတ်ခမ်းထူထူတွေ အောက်က သွားတွေ ကို လျှာ နဲ့ သပ် လိုက်ပြီး ကားလမ်းမဘေး ကို တံတွေး တစ်ချက် ထွေး ထုတ်လိုက်တယ် ။ ငါ လည်း စားခဲ့ပြီးပြီ ဆိုတဲ့ ပုံစံနဲ့ ။
“ အဖေ အဲဒါတွေ ဘယ်က ဘယ်လို ရလာတာလဲ ”
ကျွန်တော် လှမ်းပေးတဲ့ ထမင်းထုပ် ကို ယူပြီး ကျွန်တော့် သား က ကျွန်တော့် ကို ပြန် မေးတယ် ။
“ ဒီ ရွာ မှာ မင်း ဘကြီး ရှိတယ်ကွ ။ မင်း အမေ ဘက် က တော်တာ ။ သူ့ အစ်ကို ဝမ်းကွဲ ၊ မင်း ကို တောင် ခေါ်မလာလို့ ဆိုပြီး ငါ့ ကို ပြောနေသေးတယ် ”
တစ်ချိန်က ကျွန်တော့် အဖေ ပြောခဲ့ဖူးတာလေး ကို ချက်ချင်း သတိရတာ နဲ့ ကျွန်တော် လည်း ကျွန်တော့် သား ကို ပြန် ပြောလိုက်တယ် ။ စိတ်ကျေနပ် သွားတယ် ထင်ပါ့ ။ သူ့ လက်ထဲ ရောက်နေပြီ ဖြစ်တဲ့ ထမင်းထုပ် ကို အတင်းဖြည် နေလေရဲ့ ။
ထမင်းထုပ် နဲ့ အတူ ဖြည့်ပေး လိုက်တဲ့ ရေဘူး ကို အဖုံး ဖွင့်ပြီး ကျွန်တော် လည်း ရေကို တစ်ဝ သောက်လိုက်တယ် ။ ကျွန်တော့် အဖေတုန်း က ငါးပိကောင် နဲ့ စားခဲ့လို့ ရေတွေ ခဏခဏ သောက်နေတာလား ဆိုတာ သေချာ မသိပေမဲ့ ကျွန်တော် က တော့ ဗိုက် ဆာလို့ သောက်တာပါ ။ အဖေများ ရှိနေသေးရင် မေးကြည့်ချင်ပါသေးတယ် ။ အဲဒီအချိန် တုန်း က “ အဖေ ငါးပိကောင်ဟင်း နဲ့ စားလာခဲ့သေးလား ” လို့ ။
▢ တာရာ ၊ တွံတေး ၊
📖 တစ်ယောက် တစ်ဘဝ ( ၃ )
No comments:
Post a Comment