Sunday, June 15, 2025

ဘီစကွတ်အကျိုး သံပုံး ၂ ပုံး


 

❝ ဘီစကွတ်အကျိုး သံပုံး ၂ ပုံး ❞
          ( မင်းသိင်္ခ )

တစ်နေ့သ၌ ကျွန်ုပ် ထံသို့ အသက် ( ၅၀ ) ကျော် အရွယ်ခန့် ရှိ ဒေါ်အေးလှ ဆိုသည့် မိန်းမကြီး တစ်ဦး ရောက်ရှိ လာလေ၏ ။ ကျွန်ုပ် ကို မြင်လျှင်မြင်ချင်း ဒေါ်အေးလှ က -

“ အမလေး ဆရာရယ် ၊ ရန်ကုန် မြို့ က ပျောက်သွားပြီး ဒီ တောထဲ ဆရာ ရောက်နေတာကိုး ၊ ဆရာ ပျောက်သွား ကတည်းက ကျွန်မ လည်း ဘယ်မှာ မှ ဗေဒင်မမေးဖြစ်တော့ပါဘူး ... ” ဟု အော်ကြီးဟစ်ကျယ် ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ ခင်ဗျား အခြေအနေလေး ပြောစမ်းပါဦး ... ” ဟု မေး လိုက်လေ၏ ။

ထိုအခါ ဒေါ်လှအေး က -

“ စီးပွားရေး ကို မေးတာလား  ၊ စီးပွားရေး ကတော့ ဇီးရိုးပဲ ဆရာ ရေ ... ” ဟု ပြောလေ၏ ။

“ တခြား အခြေအနေတွေ က ကောဗျာ ... ” ဟု ကျွန်ုပ် က မေး လိုက်ရာ ဒေါ်အေးလှ က -

“ တခြား အခြေအနေတွေ လည်း ဘာ တစ်ခု မှ မကောင်းပါဘူး ရှင် ၊ ကျွန်မယောက်ျားကြီး လည်း ဆုံးသွားပြီ ၊ ၁၅ နှစ် ရှိပြီ ၊ နိုင်ငံခြား ကနေ ငွေပို့ နေတဲ့ ကျွန်မ သား လည်း သေသွားပြီ ၊ ကျွန်မ အခု ... ၊ ညီမ တော်တဲ့ သီလရှင် တစ်ယောက် ဆီ မှာ သွားပြီး နေရ တယ် ။ သင်္ဃန်းကျွန်း က ကျွန်မ တို့ အိမ်ကြီး ကို တော့ ရောင်းမယ်လို့  ဆုံးဖြတ်ပြီး ပွဲစား ဆီ မှာ အပ်ထားတယ် ၊ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိလို့  ၊ ဆရာ့ ကို မေးစမ်းပြီး ထွက်လာခဲ့တာပါ ၊ အံ့ရော ဆရာရယ် .. ၊ သူများ တွေက တော ကနေ မြို့ တက်ပြီး ကြီးပွားတယ် ၊ ဆရာ က တော့ မြို့ပေါ် က နေ

တော ကို မရမက ဆင်းသွားတယ် ၊ အံ့ပါရဲ့တော် ... ” ဟု အော်ကြီးဟစ်ကျယ်ပြောလေ၏ ။

“ ကျုပ် အကြောင်းနဲ့ ကျုပ် ဆိုပါ တော့ဗျာ ... ကျုပ် က မြို့ မှာ ထက် တော မှာ နေရတာ ပျော်တယ်ဗျ ” ဟု ပြောလိုက်လျှင် ဒေါ် အေးလှကြီး က -

“ ဟုတ်မှာ ပါလေ ... အဲဒါတွေ ထားစမ်းပါဦး ၊ ကျွန်မ က ဘာဆက် လုပ်ရမလဲ ... ” ဟု မေးလေတော့၏ ။ 

“ ဒီလို စဉ်းစားကြည့်ရအောင် ဒေါ် အေးလှ ရေ ၊ ခင်ဗျား မှာ က စီးပွားရေး ဆိုလို့ လည်း ဘာမှ မရှိ ဘူးဆိုတော့ လေ ဖြစ်သွားပြီ ပေါ့ ၊ ပြီးတော့ ခင်ဗျား ကိုယ်တိုင်လည်း အုပ်ချုပ်ကွတ်ကဲ မယ့် ယောက်ျား လည်း မရှိတော့ဘူး ၊ ငဲ့စောင်းကြည့်ရမယ့် သားလည်း မရှိတော့ဘူး ဆိုတော့ ခင်ဗျား လေ ဖြစ်ပြီး လွတ်လပ်သွားပြီပေါ့ ၊ အဲဒီတော့ ခင်ဗျားဟာ လေနှစ်ထပ် ကျနေတယ် .. ” ဟု ကျွန်ုပ် က ပြောလျှင် ဒေါ်အေးလှ က -

“ ဆရာ ပြောတဲ့ အတိုင်း ဆိုရင် တော့ အေးလှ တို့ ဘဝက လေစကွဲယားပေါ့ .. အဲဒီတော့ ဘာလိုလုပ်ရမလဲ ဆရာ ... ” ဟု မေးပြန် လေ၏ ။ ထိုအခါ ကျွန်ုပ် က -

“ လေ ဖြစ်နေမှာတော့ဗျာ ၊ ငြိမ်ငြိမ် ကို မနေနဲ့ လွင့်နေတာ အကောင်းဆုံးပဲ ၊ သွားချင်ရာတွေ လျှောက်သွား ၊ လည်ချင်ရာတွေ လျှောက်လည် ၊ ကိုယ့် စိတ်ကူးနဲ့ ဘာမှ လျှောက်ပြီး မလုပ်နဲ့  ၊ လေလွင့် နေရင် သူတစ်ပါးတွေ ဆီ က ရတဲ့ အကြံဉာဏ် နဲ့ အလုပ် လုပ်ကြည့်ပါလား ... ” ဟု ကျွန်ုပ် က ပြောလိုက်ရာ ဒေါ်အေးလှ က -

“ အဲဒီလိုလေလွင့် နေဖို့ ကလည်း ငွေလိုတယ် ” ဟု ပြောလေ၏ ။

“ မရှိ ရှိတာလေး ဖြုတ်ရောင်းပြီး ရှိသလောက်နဲ့ လေလွင့်ပေါ့ဗျာ ၊ ဒီအတိုင်းတော့ မလွင့်နဲ့ ဗျာ ၊ မြန်မာပြည်အနှံ့ ဘုရားတွေ လည်း ဖူးရင်း လေလွင့်တာ ပိုကောင်း တယ် .. ” ဟု ကျွန်ုပ် က အကြံပေး လိုက်ရာ ဒေါ်အေးလှ က -

“ အဲဒီလို သွားချင်ရာ သွားလို့ မဖြစ်ဘူး ထင်တယ် ၊ ၅၀ ကျော် သာ ဆိုတယ် ၊ ဒီက အလတ်ကြီး ရှိ သေးတာ ... ” ဟု ဆိုကာ ခန္ဓာကိုယ် ကို ဟိုဘက် ဒီဘက်လှည့် ပြလေ၏ ။ မှန်ပါပေသည် ။ ဒေါ်အေးလှကြီး သည် အသက် ၅၀ ကျော် သာ ဆိုတယ် ရုပ် က မကျသေးပေ ။ ဖြူဖြူချောချောကြီး ဖြစ်၏ ။ ကိုယ်လုံးကိုယ်ထည် မှာ လည်း တောင့်တောင့်တင်းတင်း ရှိသေး၏ ။

“ အဲဒီလို လေလွင့်ရင်း နဲ့ ခင်ဗျား ဘဝ ရဲ့ နေဝင်ချိန် အတွက် အဖော်ကောင်း ဖြစ်မယ်လို့ ယူဆရင်တော့ အပိုင် စည်းရုံးထားလိုက်ပေါ့ဗျာ .. ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဒေါ်အေးလှ က ရယ်လေ၏ ။ ကျေနပ်အောင် ရယ်ပြီး နောက် -

“ ကိုယ် က မှီခိုရမလား ဆိုပြီး ယူ လိုက်တဲ့ ယောက်ျား က မမှီခိုရမယ့်သူ ဖြစ်နေရင် ဘယ်နဲ့ လုပ်မလဲ ဆရာ .. ” ဟု ပြောလေ၏ ။

“ ဒါကတော့ ကိုယ် မှီခိုရမှာလား ၊ ကိုယ့် ကို မှီခိုရမှာလား ဆိုတာ လေ့လာရမှာ ပေါ့ ... ၊ ဒေါ်အေးလှ က ညံ့တဲ့ သူ မှ မဟုတ်ဘဲ ... ၊ ဒလ ဘက် က ကိုးရွာအုပ် သူကြီးသမီး ပဲ ( ABM ) ကျောင်းမှာ ၁၀ တန်း ထိ ပညာ သင်ခဲ့ဖူးတယ်ဆို ... ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဒေါ်အေးလှ က -

“ ဆရာ့ အကြံ ကို ကျွန်မ လိုက်နာမယ် ... ၊ ဒီက ပြန်တာနဲ့ နန်းဦးလှိုင်ဘုရားဖူးယာဉ် မှာ လက်မှတ် သွားပြီး ဖြတ်မယ် ... ” ဟု ဆိုကာ ပြန်သွားလေတော့၏ ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ၂ ပတ်ခန့် အကြာ၌ ဒေါ်အေးလှကြီး ပြန်၍ ရောက်လာပြန်၏ ။ ဆံပင်အရှည်ကြီး ကို ဂုတ်အထိ ဖြတ်၍ ကောက်ထားသောကြောင့် ကျွန်ုပ် သည် ရုတ်တရက် မမှတ်မိဘဲ ရှိလေ၏ ။ ထို့နောက်တွင် မှ ကျွန်ုပ် က -

“ အလိုလေး ... ဒေါ်အေးလှကြီး ပါလား ၊ ခင်ဗျား အသက် ၅၀ ကျော်တယ် ဆိုတာ ကျိန်ပြောရင် တောင် ယုံဖို့ မရှိတော့ဘူးဗျ ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဒေါ်အေးလှကြီး က -

“ ဆရာ ပြောတာနဲ့ ကျွန်မ ဖြင့် ရှက်တောင် ရှက်သွားပြီ ... ” ဟု ဆိုကာ မျက်နှာ ကို လက်ဝါး နှစ်ဖက် ဖြင့် အုပ် လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် က -

“ ခင်ဗျား အခြေအနေ ပြောစမ်းပါဦး ... ” ဟု မေး လိုက်လေ၏ ။

“ အခြေအနေ အားလုံး ကောင်းတယ် ဆရာ ၊ ဘုရားဖူး လိုက်သွားတာ တောင်ငူ ရွှေဆံတော် မှာ ဘုရားဖူး နေတုန်း လေဖျန်းသွားလို့ ပါးရွဲ့သွားတယ် ဆရာ ၊ ကံကောင်းတာက ကျွန်မ နဲ့ ခုံချင်း ကပ်လျက် ထိုင်တဲ့ ဘုရားဖူးခရီးသည် အနှိပ်ဆရာ ဖြစ်နေတယ် ။ သူ က သိသိချင်းပဲ သူ့ မှာ ပါတဲ့ စပါးကြီးသည်းခြေတွေ ကိုကျွန်မ ပါးစပ်ထဲ ခွံ့တယ် ။ ပြီးတော့ နေဦးနီ ဆိုတဲ့ ပရုပ်ဆီ နဲ့ ကျွန်မ ကို လိမ်းပေးပြီး နှိပ်ချတယ် ၊ လေဖြတ်တာ မဟုတ်ဘူး လေဖျန်းတာလို့ ကျွန် မကို အားပေးပါတယ် ။ ကျွန်မ ပေါင်ထိပ် က အကြော ၂ ချောင်း ကို လက်မ နဲ့ ကော်ပြီး နှိပ်တော့တာပဲ ၊ ကျွန်မ က ပြန်လှည့်မယ် လုပ်သေးတယ် ။ ဒါပေမဲ့ သူ က မစိုးရိမ်ပါနဲ့ သူ ရှိပါ တယ်တဲ့ ၊ သူ ကူညီပါ့မယ်လို့ ပြောပြီး ခေါ်သွားလို့ ဆက်ပြီး လိုက်သွားရတာ ။ တစ်ကားလုံး မှာ ရှိတဲ့ ခရီးသည်တွေ ကလည်း ကျွန်မ အတွက် စိုးရိမ်ကြပါတယ် ။ မေတ္တာပို့ပေးကြပါတယ် ။ ကျောက်မြောင်း က မိန်းမ တစ်ယောက်ကတော့ အသက်ကြီးပြီး လှချင်လို့တော့ လက်ပြတ်အင်္ကျီဝတ်လာတာ ၊ လေ ထိ သွားတာပေါ့လို့ အတင်း ပြော ပါတယ် ။ ကျွန်မ စိတ်မဆိုးပါ ဘူး ... သူ ပြောတာလည်း မှန်ပါ တယ် ၊ ကျွန်မ ကို နှိပ်ပေးတဲ့ အနှိပ် ဆရာ ရဲ့ နာမည်က ကိုအေးမြင့် တဲ့ ၊ သူ က ဘာပဲပြောသလဲ ဆိုတော့ ၊ နှိပ်ရုံ နဲ့ သက်သာရုံပဲ သက်သာမယ် ၊ မပျောက်နိုင်ဘူးတဲ့ ၊ ဆေး သောက်မှ ပျောက်မှာ တဲ့  ၊ ဝယ်ရမယ့် ဆေးတွေ ကို လည်း သူ က ရေးပေးပါတယ် ၊ ကျွန်မက တောင်ငူမှာ ပဲ အဲဒီဆေးတွေ ပြည့်စုံအောင် ဝယ်ခဲ့ပါတယ် ၊ ထမင်း စားပြီးတိုင်း တစ်မျိုး ကို တစ်နေ့ တစ်လုံး သူ က မှန်မှန် တိုက်ပါတယ် ၊ သူ ရေးပေးတဲ့ ဆေးတွေ က -

( 1 ) PLUVIMIN ပလူဗီမင်
( 2 ) ALINAMIN အလီနမင်
( 3 ) B1 ဘီဝမ်း
( 4 ) B6 ဘီစစ်
( 5 ) B12 ဘီတွဲ

အဲဒီ ဆေးငါးမျိုးပါပဲ ၊ တစ်နေ့ တစ်လုံး မှန်မှန် သောက်လိုက်တာ ၅ ရက် လည်း ကြာရော ပါးရွဲ့တာ လည်း မရှိတော့ဘူး ၊ အကုန်လုံး ပျောက်သွားရော ... အရင်ကမှ သွားရလာရတာ လေးလေးပင်ပင် ရှိသေးတယ် ၊ အဲဒီ ဆေး သောက်ပြီး မှ လူ က ဖက်ရွက်ကလေး လို ပေါ့ နေတာပဲ .. ” ဟု ပြောလေ၏ ။

“ နေစမ်းပါဦးဗျာ ... ၊ ခင်ဗျား အနှိပ်သည် ပေးတဲ့ ဆေးတွေ က မြန်မာဆေး မှ မဟုတ်ဘဲ ၊ အင်္ဂလိပ် ဆေးတွေပဲ ... ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ဒေါ်အေးလှ က -

“ ဆရာကိုအေးမြင့် အင်္ဂလိပ်စာ ကောင်းကောင်း တတ်ပါတယ် ။ ကျောင်းပညာအရည်အချင်း လည်း အင်တာ အထိ နေဖူးပါ တယ် ။ အရင်က ရုံး မှာ လုပ်တယ် ။ အနှိပ်ပညာ ကို ဝါသနာ ပါလို့ ဆရာ ကို ပိုက်ဆံ ပူဇော်ပြီး သင်ယူခဲ့တာ ။ ပြီးတော့မှ ရုံး က ထွက်ပြီး အနှိပ်ဆရာ လုပ်နေတာ ။ ထိုက်သင့် သလောက် အင်္ဂလိပ်ဆေး ဗဟုသုတ လည်း ရှိပါတယ် ။ တိုတို ပဲ ပြောတော့မယ် ဆရာ ရယ် ။ ကိုအေးမြင့် ဟာ ဘုရားဖူးခရီး တစ်လျှောက်လုံး ကျွန်မ ကို ပြုစုတယ် ။ နည်းနည်းလေး ခေါင်းမူး တယ် ဆိုတာ နဲ့ ဇက်ကြော ဆွဲပေးတယ် ။ ခရီးဝေးလို့ ကျောတောင့်တယ် ဆိုတာ နဲ့ ကျွန်မ ရဲ့ ကျောကုန်းဘေး နှစ်ဖက် တောင့် နေတဲ့ အကြောကြီး နှစ်ချောင်း ကို သူ့ ရဲ့ လက်မ နဲ့ ထိုးပြီး ချေပေး တယ် ။ ဘုရားတက် ဖူးလို့ ခြေထောက် ညောင်းရင် ညို့သကျီး ဘေး က အကြော ကို ပရုပ်ဆီ နဲ့ ဆွဲချ ပေးတယ် ၊ သူ့ ရဲ့ ပရုပ်ဆီ မှာ ကလည်း အမြဲလိုလို အမွှေးနံ့သာ တွေ ထည့်ထားတော့ သူ့ လက်နှစ်ဖက် ဟာ အမြဲ မွှေးနေပါတယ် ။ ဒါကြောင့် ကိုအေးမြင့် ရဲ့ လက်ကို ကျွန်မ ကရမတ်သား ရွှေလက်ဖျား လို့ အမည် ပေးထားပါ တယ် ။ တိုတိုပဲ ပြောမယ် ဆရာရယ် ။ ကရမက်သားရွှေလက်ဖျား ဟာ တက် နေတဲ့ ကျွန်မ ရဲ့ ဇက်ကြောတွေ ၊ ခြေသလုံးကြောတွေ ကနေ တစ်ဆင့် နှလုံးသားစောင်းကြိုး ကို တီးခတ်တော့ တာပဲရှင် ... ၊ ကျွန်မ ရဲ့ စိတ် ဟာ လည်း ယောက်ျား သေတာ ၁၅ နှစ် ရှိပြီ ဆိုတော့ ၁၅ နှစ် အရွယ် ကောင်မလေး လို နုပျို လတ်ဆတ် နေပြီလေ ။ အဲဒီတော့ တိုတို ပြောမယ် ဆရာ ရယ် ... မန္တလေး လည်း ရောက်ရော ချမ်းမြသာစည် တရားရုံး မှာ တက်ပြီး ဂွတ်မဲရစ် လုပ်လိုက်တော့တယ် ။ ပြီးတော့ ကားပေါ်မှာ ပါတဲ့ ဘုရားဖူးတွေ အားလုံး ကို ဧရာဝတီရှုခင်းဟော်တယ် မှာ ညနေစာ လိုက်ကျွေးတယ် ။ သင်္ဃန်းကျွန်း က ကျွန်မတို့ အိမ်ကြီး လည်း ရောင်းလို့ ထွက်သွားပြီ ။ ရွှေပြည်သာ မှာ အိမ် တစ်လုံး ဝယ် လိုက်တယ် ။ ဆိုင်ခန်း တစ်ခန်း ဝယ်လိုက်တယ် ။ အဲဒီမှာ ကျွန်မ က အင်္ဂလိပ်ဆေးမျိုးစုံ ရောင်းတယ် ။ ကိုအေးမြင့်က ရောဂါကုတဲ့ အနှိပ်ခန်း ဖွင့်ထားတယ် ။ တိုတိုပဲ ပြောမယ် ဆရာရယ် ၊ ကိုအေးမြင့် ဟာ ရောဂါကုတဲ့ သူ မလာရင် ကျွန်မ ကို နှိပ်တယ် ။ အခုမှ ကျွန်မ အတွက် အဖော်ကောင်း ရတော့ တယ် ။ အဲဒါလည်း ဆရာ့ ကျေးဇူးပါပဲ ... ”

“ ဒေါ်အေးလှ က ခင်ဗျား ဘဝဟာ လေစကွဲယား ကျနေတယ် ”

“ အဲဒီတော့ လွင့်တော့လို့ ပြော လို့ ကရမတ်သား ရွှေလက်ဖျား နဲ့ တွေ့ရတာ ၊ အဲဒါကြောင့် ဆရာ့ ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘီစကွက်စက်ရုံ က ဘီစကွက်အကျိုး သံပုံး ၂ ပုံး သွားဝယ် လာပြီး ကန်တော့ခဲ့တာပါ ။ ဘီစကွတ် ဟာ ဘီစကွတ်ပါပဲ ဆရာ ရယ် ၊ ကျိုး သွားလည်း အရသာ မပြောင်းပါ ဘူး ၊ မကျိုးဘူးဘဲ ထားဦး ၊ ပါးစပ် ထဲ ထည့်ပြီး ဝါး လိုက်ရင် ကျိုးကြေ သွားမှာ ပါ ... ” ဟု ပြောကာ ကျွန်ုပ် အား ဘီစကွတ်အ ကျိုး သံပုံး၂ ပုံး ကို ပေး၍ ဒေါ်အေးလှကြီး သည် မြီးကောင်ပေါက်မလေး သဖွယ် ကြွတကြွတ ဖြင့် လျှောက်ကာ ထွက်သွားပေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

▢  မင်းသိင်္ခ
📖 ဖတ်စရာ ဝတ္ထုတိုများ

No comments:

Post a Comment