❝ မိုးရေထဲက ည ❞
( ကိုဂျက် )
၁ ။
မိုးငွေ့ပါသော လေက ခပ်ကြမ်းကြမ်း ဝင်ရောက်လာသည် ။ ပြတင်းမှ ခန်းဆီးပြာလေးက တဖျပ်ဖျပ် လူးလွန့်လှုပ်ခတ်လျက် ။ သရက်ကိုင်းနှင့် ခေါင်မိုး ထိခြစ်သံက ချောက်ချားစရာ ပေါ်ထွက်နေသည် ။ အနောက်ဘက် လမ်းကြားလေး ဆီမှ ဝါးရုံပင်များကို လေတိုးသံက တရှဲရှဲနှင့် ။ အပြင်ဘက်ကို လှမ်းကြည့်မိသည် ။ ကြည့်လိုက် စမ်းပါဦး ။ ကောင်းကင်ကြီး တစ်ခုလုံး နက်မှောင် ပိန်းပိတ်နေပုံများ ။ မည်းညစ်ညစ် တိမ်ညိုစိုင်များက ဟိုတစ်ကွက် ၊ သည် တစ်ကွက်နှင့် ။ ရိုးပြတ်တောများမှ မြေဆီခြောက်သွေ့ ပပ်ကြားအက်နေပုံနှင့် တူသေးတော့ ။ အုန်းလက်ဖျားများက သွက်သွက်ခါအောင် လှုပ်ယမ်းနေတော့သည် ။ ဝင်းခနဲ ၊ ပြက်ခနဲ လင်းလက်လာသော လျှပ်စီးတွေက ကောင်းကင်ပြင်၏ အက်ကြောင်းရာများကဲ့သို့ ။ အမှောင်ကျနေသော အခန်းကျဉ်းလေးထဲအထိ အလင်းမျှင်တွေက ဝင်လာတတ်သည် ။
ကြယ်တွေကော ။ ကြယ်ကလေးတွေ အယ်များ ရောက်နေကြသလဲ ။ ခါတိုင်းလို အိပ်မပျော် ညတွေဆို ငေးမော ရေတွက်နေကျ ရင်းနှီးနေတဲ့ ကြယ်ကလေးတွေကော ။ တိမ်ညိုစိုင်တွေ အောက်မှာများ ပုန်းအောင်းနေကြသလား ။ ကြယ်တွေ ရှိမနေဘူး ။ ဒီည မိုးရွာဦးမှာ သေချာပါသည် ။ အခုပဲ မိုးငွေ့ပါတဲ့ လေကြမ်းတွေက အရှိန်ပြင်းပြင်း တိုက်ခတ် လာပြီပဲ ။
စားပွဲတင်နာရီမှ စက်ဝိုင်းစိတ် ထိရွှေ့သံက မှန်မှန် ပေါ်ထွက်လာနေသည် ။ အလင်းရောင်မဲ့ အခန်းမှောင်ထဲတွင် မီးစုန်းဂဏန်းကွက်များက စူးစူးရဲရဲ စွန်းထင်း နေကြသည် ။ တစ်နာရီ လေးဆယ့်ငါးမိနစ် ။ နေ့သစ်တစ်ခုကို ကူးပြောင်းလာခဲ့ပြီ ။ ခုချိန်ထိ အိပ်မရနိုင်သေး ။ အိပ်မပျော်တဲ့ ညတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေစရာ မလိုတော့ပါဘူး ။ လက်ပွန်းတတီးနဲ့ ရင်းနှီးနေခဲ့ပြီပဲ ။ အိပ်မပျော် ညတွေနဲ့ နေသားတကျ အလိုက်သင့် ဖြစ်နေပြီပဲ ။ အထူးအဆန်းတစ်ခု အဖြစ် အံ့သြနေဖို့ မကောင်းတော့ပါဘူးလေ ။
ကြယ်တွေကို ရေတွက်ချင် ရေတွက် ။ တစ်ခါတစ်ခါတော့လည်း ခုတင်ပေါ်မှာ အလိုက်သင့် လဲလျောင်းရင်း တချက်ချက် နာရီစက်သံကို ကြားယောင် နားစွင့် ၊ စိတ်ကူးတည့်ရာ အတွေးစတွေက လူးလာခေါက်တုံ့ နှင့် ဝင်လာ တစ် လှည့် ထွက်သွားတစ်ခါ ။ ရက်ကန်းက လွန်းအိမ် တစ်ခုလို ။
ရုတ်ခြည်းပင် မိုးက အငြိုးကြီးစွာ ရွာချလာတော့သည် ။ ခေါင်မိုးသွပ်ပြားနှင့် မိုးစက်ပြင်း ထိခတ်သံက တဝုန်းဝုန်းနှင့် ။ မိုးရွာလာပြီ ။ မိုးရွာ လာပြီ ။ ကြည့်စမ်း .... ကြည့်လိုက်စမ်း ။ အငြိုးတကြီးနဲ့ မိုးရွာချလိုက်ပုံများ ကြောက်စရာ ကောင်းသေးတော့ ။ သွပ်ပြားမြောင်းအတိုင်း စီးကျလာသော မိုးရေစီးကြောင်းများက တစ်ရှိန်ထိုး ကျဆင်းနေတော့သည် ။
ပြတင်းပေါက်တွင် တင်ထားသော လက်နှစ်ဖက်လုံး မိုးငွေ့တို့ ဖြင့် ရိုက်ခတ်လျက် ။ ဝှေ့တိုက်လာသော လေပြင်းတွင် မိုးစက်တွေက မျက်နှာပြင်ပေါ်သို့ လွင့်စဉ်လာသည် ။ အေးခနဲ ၊ စိမ့်ခနဲ ။ ရုတ်ခြည်းပင် ဝန်းကျင်တစ်ခုလုံး လင်းလက်သွား ပြန်သည် ။ ရင်ထဲတောင် ထိတ်သွားသည် ။ လက်နှစ်ဖက်ဖြင့် နားစည်ကို တင်းကျပ်စွာ ဖိကပ်ထားမိ၏ ။ ကျယ်လောင်ဟိန်းတက်သွားသော မိုးကြိုးပစ်သံ တစ်ချက်ကို ကြားရ၏ ။ အသိကင်းမဲ့စွာ ခေါင်းကို ခါယမ်းလိုက်မိသည် ။ ရင်ထဲတွင် တင်းကျပ် ဆို့တက်လာ၏ ။
၂ ။
မောင်နဲ့ တို့က အကြိုက်ချင်း တူတယ် ။ မိုးရွာလာရင် ပျော်တာ ။ မိုးရွာထဲမှာ လမ်းလျှောက်ချင်တာ ။ မိုးရာသီမှာ မွေးတာချင်းလည်း တူတယ် ။ အိုကွာ ... ဇီဇဝါပွင့်တွေကို ချစ်တာက အစ တူတယ်နော် ။
မောင်ရေ ... မနေ့က အိမ်မှာ ဇီဇဝါ ပင်လေးတစ်ပင် စိုက်တယ် သိလား ။ မောင့်ကို သတိရလိုက်တာကွာ ။ မောင် နဲ့ အတူ နေရရင် တို့ အိမ်လေးမှာ ဇီဇဝါပင်တွေ စိုက်မယ်နော် ။ မောင်နဲ့ အတူ စိုက်မှာပေါ့ ။ အများကြီးကို စိုက် ပစ်လိုက်မယ်ကွာ ။ အပွင့်တွေ ပွင့်လာတဲ့အခါ ဘုရားကို လှူမယ်လေ ။ ပြီးတော့ အလှစိုက် ပန်းအိုးတွေမှာလည်း ထိုးထားမယ် ။ တို့ အခန်းထဲမှာတော့ အများကြီးကို ထားပစ်လိုက်မယ်ကွာ ။ အိပ်ရာပေါ်မှာလည်း ဟိုတစ်ပွင့် ၊ ဒီ တစ်ပွင့် ကြဲထားမယ်လေ ။ ခေါင်းအုံးစွပ်ထဲမှာလည်း ထည့်ထားရမယ် ။ ဒါမှ အိပ်လိုက်တာနဲ့ ဇီဇဝါပန်း ရနံ့ကလေးတွေနဲ့ မွှေးနေမှာ ၊ တို့ ခေါင်းမှာလည်း ဝေနေအောင် ပန်မယ်နော် ။ မောင် ပန်ပေးလေကွာ ။
အဲဒီလိုဆို တို့ ရဲ့ ပျဉ်ထောင်အိမ်လေး တစ်ခုလုံး ဇီဇဝါပန်းရနံ့တွေနဲ့ သင်းပျံ့ နေမှာနော် ။ ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲ ။ မိုးကလည်း သဲသဲမဲမဲကြီး ရွာမနေဘူးပေါ့ ။ ဖွဲဖွဲကလေးပဲ ရွာနေမှ ။ မိုးစက်ကျသံကို ဖွဖွကလေး ကြားနေရအောင်ပဲ ရွာကွာ ။ ပြတင်းကို တစ်ချပ်ပဲ ဖွင့်ထားမယ် ။ မုတ်သုံလေဦး တိုက်ခတ်တဲ့ အခါ ခန်းဆီးစလေးက တနွဲ့နွဲ့ လှုပ်ခတ်လို့ ပေါ့ ။ မောင် နှစ်သက်တဲ့ သီချင်းခွေလေးကိုလည်း တိုးတိုးလေး ဖွင့်ပေးထားမယ် ။
ဒါမှ အခန်းထဲမှာ မိုးသက်လေနုအေးလေးရယ် ၊ သီချင်းဆွေးဆွေးလေး ရယ် ၊ ဇီဇဝါရနံ့ သင်းသင်းလေးရယ် စီးမျောနေမှာ ။ ပြီးတော့ မောင်သိပ်ကြိုက်တဲ့ လက်ဖက်ရည်ကျကျလေးကို တို့က ဖျော်ပေးမယ်လေ ။ တို့ နှစ်ယောက် လက်ဖက်ရည် သောက်ရင်း ၊ ဇီဇဝါ လေနုအေးကို ရှူရှိုက်ရင်း ၊ သီချင်းဆွေးဆွေးလေးကို နားထောင်ရင်း ၊ ... တုန်ယင်နေသော လက်များဖြင့် နားစည်ကို ဖုံးအုပ် ဖိကပ်ထားမိပြန်သည် ။ မကြားပါရစေနဲ့ ၊ မကြားပါရစေနဲ့ ။ နားစည်ကို ဖုံးကွယ်ထားရုံနဲ့ မကြားဘဲ နေလို့ရမှာတဲ့လား ။ မဆိုင်လိုက်တာ ၊ ပြင်ပက ကြားနေရတဲ့ အသံမျိုးမှ မဟုတ်တာ ။ သိစိတ်က ၊ အတွေးက ၊ အာရုံက မေ့ပျောက်မရနိုင်လို့ စွဲလမ်းသတိရခြင်းနဲ့ ကြားနေရတာပဲ ။ ဘာနဲ့မှ ပိတ်ပင်တားဆီးလို့ မရနိုင်ဘူး ။ ကြားနေရမှာ ပဲ ။
မိုးရွာပြီးစ ညနေခင်းတွေဆို လမ်းလျှောက် ထွက်ကြမယ်နော်မောင် ။ သစ်ရွက်ကလေးတွေက စိမ်းစိုနေလိုက်ကြတာလေ ။ ကြည့်စမ်းပါဦး မောင် ရယ် ။ ဘယ်လောက်များ ချစ်စရာ ကောင်းလိုက်သလဲလို့ ။ ဖုန်မှုန့်တွေနဲ့ နီညိုညစ်ရောင် ထမနေတော့ဘူး ။ တို့ ရဲ့ မိုးက ဆေးကြော လိုက်ပြီနော် ။ အဲဒီ သစ်ရွက်စိမ်း ရနံ့နဲ့ အတူ မြေသင်းနံ့ကို တို့ ချစ်တယ်ကွယ် ။ မောင်ကော ချစ်တယ် မဟုတ်လား ။ ဟာ ... မောင်ကလည်းကွာ ။ သိပ်ပိုတာပဲ ။ မြေသင်းနံ့ကို မောင်ချစ်လားလို့ မေးတာ ။ ချစ်ခိုင် လောက် မချစ်ဘူးလို့ ဘာလို့ ဖြေရတာလဲ ။ မောင်က တို့ရဲ့ အချစ်ဆုံး ။ တို့က မောင့်ရဲ့ အချစ်ဆုံး ။ ဟုတ်တယ်နော် ။
မောင်ရေ ... ဟိုမှာ ကြည့်စမ်းပါဦး ။ သစ်စိမ်း အုပ်ဆိုင်းဆိုင်းကြီးရဲ့ အပေါ် မှာလေ ။ သက်တံကြီးနော် ။ လှလိုက် တာကွာ ။ ကွေးညွှတ်နေတာပဲ ။ အခုလို မြေသင်းနံ့သင်းတဲ့ ညနေခင်း ၊ မိုးရွာပြီးစ ရှင်းသန့်တဲ့ ကောင်းကင် ၊ သက်တံ ကွေးညွှတ်ကိုင်းနဲ့ အဲဒီလို ချစ်စရာ ညနေခင်းကလေးမှာ မောင်နဲ့ တို့ လမ်းလျှောက် ထွက်ကြမယ်နော် ။ ဟာကွာ ... မောင်ကလည်း ရှက်စရာ ။ ဘာဖြစ်လဲ ။ သားသားတွေ ၊ မီးမီးတွေ ရလာရင်လည်း အတူတူ လျှောက်မှာပေါ့ကွာ ၊ တို့ မိသားစုလေး ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲ ။ တို့ကလေးကို အနွေးထည် ဖြူဖြူဖွဖွလေး ဝတ်ပေးလို့ ။ နင်းလိုက်တိုင်း အသံမြည်တဲ့ ဖိနပ်ကလေး စီးပေးရမယ် ။ ဒါမှ သားလေးရဲ့ ဆတ်တောက်ဆတ်တောက် ခြေလှမ်းတိုင်းက အသံလေး တွေ မြည်နေမှာ ။
ကလေးတွေဆောင်းတဲ့ ဦးထုပ်လေး လေကွာ ။ သိုးမွှေးလုံးလေး တန်းလန်း ကျနေတာ ။ အဲဒီဦးထုပ်လေး ဆောင်းပေးရမယ် ။ ပြီးတော့ သူ့ လက်ဖဝါးနုနုသေးသေးလေးကို မောင်နဲ့ တို့ က ဆုပ်ကိုင် တွဲခေါ်ရင်း တို့ မိသားစု လမ်း လျှောက်ရအောင်နော် ။ သားလေးက မောင်နဲ့ တူရင် မောင့်လို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသားဖြူဖြူလေး ။ ပြီး တော့ မောင့်လို နှုတ်ခမ်းပါးပါးနဲ့ စကားတတ်မှာပါ ။ သမီးလေး ဆိုရင်တော့ ဆံပင်အရှည် ထားခိုင်းရမယ် ။ သူတို့ လေးတွေ တို့လိုပဲ ဇီဇဝါပန်းကို ချစ်တတ်မှာ ပါနော် ။ ပြီးတော့ တို့လို ရေကူးတတ်ဖို့ .... ။
အို ... ဆောရီး မောင်ရယ် ။ တောင်းပန်တယ်ကွာ ။ မောင်ရယ် .. မျက်နှာကို ညိုသွားလိုက်တာ ။ မောင် မျက်နှာ ပျက် သွားကတည်းက တို့ သိလိုက်ပါတယ် ။ တို့ မှားသွားပြီဆိုတာ ။ ခွင့်လွှတ်ပါ မောင်ရယ် ။ အဲဒီလို ကြည့်မနေပါနဲ့ ကွယ် ။ နောက်ကို မပြောတော့ဘူးနော် ။ စိတ်ချပါ ။ တို့ ကလည်း တို့ ပဲ ။ မောင် မ ကြိုက်တဲ့ စကားမှ ဘာလို့များ ပြောထွက်ရတယ် မသိပါဘူး ။ မေ့သွားလို့ ပါ မောင်ရယ် ။ ခွင့်လွှတ်နော် ။ သမီးလေးကို ရေကူးမခိုင်းပါဘူး ။ မောင်က ရေကူးတာ မကြိုက်ဘူးနော် ။ တို့လည်း မောင်နဲ့ ချစ်သူဖြစ်ကတည်းက ရေမ ကူးတာ ဘယ်လောက် ကြာပြီလဲ ။ မေဂျာလက်ရွေးစင် ဘဝကို မောင်နဲ့ ချစ်သူ ဖြစ်မှ စွန့်လွှတ်လိုက်ရတာလေ ။
၃ ။
သိစိတ် အတွေးထဲကို ဒီအကြောင်းတွေ ဝင်မလာအောင် ဘာလုပ်နေရမလဲ ။ ပြောပါဦး ။ ဒီအကြောင်းတွေ ဝင်မလာအောင် တစ်ခုခု လုပ်နေမှ ။ ဘာလုပ်နေရမှာလဲ ။ ဘာလုပ်နေရမှာလဲ ။ ဒီတော့ မည်းမှောင်နေတဲ့ အခန်းငယ် ထဲမှာ ဘာလုပ်နေရမှာလဲ ။ လေပြင်း တိုက်တာနဲ့ ၊ သစ်ကိုင်း ကျိုးတာနဲ့ ၊ မီးကြိုးတွေပေါ် သစ်ကိုင်းကျတာနဲ့ မိုးသက်လေပြင်း ညတွေဆို မီးပျက်တာ များတာပဲလေ ။ အလင်းရောင်မဲ့ အခန်းငယ်ထဲက ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာ သိနေတာပဲ ။ အထိအခိုက် ၊ အတွန်းအတိုက် မရှိ သွားလို့ လာလို့ ရနေတာပဲ ။ ပြတင်းနှင့် ကပ်လျက် စားပွဲပေါ်မှာ ဖတ်လက်စ စာအုပ်များက ပွင့်လျက်သား ။ စားပွဲတင် နာရီတစ်လုံး ၊ စဉ့်ပန်းအိုး ပုပုဝိုင်းဝိုင်းကလေးက အလှစိုက်ပန်း ကင်းမဲ့စွာ ၊ ရေကင်းမဲ့စွာ ခြောက်သွေ့နေမည် ။ စာအုပ်စင်ကလေး ပေါ်မှာ နေ့စဉ်မှတ်တမ်း တစ်အုပ်လည်း ရှိနေမည် ။ စားပွဲဘေးနားမှာ ကုလားထိုင် ယိုင်နဲ့နဲ့ တစ်လုံး ရှိနေမည် ။ အပြာနုရောင် ဆေးသားပါးပါး သုတ်လိမ်းထားသော အခန်းနံရံ ၊ ပြတင်းနှစ်ပေါက် ၊ အဝင်အထွက် တံခါးတစ်ပေါက် ။
ခုတင်လေးပေါ်မှာ အိပ်ရာခင်းက ကြေမွ ရွဲ့စောင်းနေမည် ။ ခေါင်းအုံး ပျော့ပျော့ နှစ်လုံးက ထပ်လျက်သား ။ စောင်ပါးပါး တစ်ထည် ၊ အမွေးပွ စောင်ထူထူ တစ်ထည် ၊ အဖြူရောင် ဇာခြင်ထောင်ကို လုံးထွေး ပစ်တင်ထားမိသည် ။ ခုတင်ခြေရင်း အဝတ်ကြိုးတန်းမှာ တော့ အဝတ်ဟောင်းများက ဖရိုဖရဲနှင့် ။
တွင်ခုံလုပ်သားတစ်ဦး၏ လက်ထဲမှ ဂဟေဆော် ကိရိယာ မီးပွင့်တွေလို လျှပ်စီး အလင်းတွေက စူးရဲလင်းလက်စွာ အခန်းထဲသို့ တိုးဝင်လာကြသည် ။ မည်းမှောင်နေသော အခန်းငယ်ကလေး၏ ဖွင့်ထားသော ပြတင်းတစ်ချပ် ရှေ့မှာ သူက ရပ်နေမိတော့သည် ။ သတိရခြင်းတွေက တိုးဝင်လာကြပြန်ပေါ့ ။ အဲဒီတုန်းကလည်း အခုလို မည်းမှောင်နေတဲ့ နေရာတစ်ခုမှာ ...
ရုပ်ရှင်ရုံနဲ့ လည်း မတူဘူးနော် မောင် ဟု ပြောခဲ့ဖူးသည် ကို သတိရ၏ ။ စက်ရုံတစ်ခု သို့မဟုတ် ပေါင်းဖိုတစ်ခုနှင့် တူနေသော ရုပ်ရှင် ။ တကူးတက လာရောက် ကြည့်ရှုရ သောကြောင့် နေရာသစ်၌ ကျောင်းသူ ၊ ကျောင်းသားတွေက လူးလာခတ်မျှ ရှုပ်ထွေးလျက် ။ စက္ကူချုံပင်တွေ နားမှာ ။ မြက်ခင်းစိမ်းတွေပေါ်မှာ ။ ခုံတန်းပြာတွေထက်မှာ ။ စားသောက်ဆိုင် တန်းတွေထဲမှာ ။ ကြိုပို့ ဘတ်စ်ကားတွေက ဝင်လာလိုက် ၊ ထွက်လာလိုက်နှင့် ။ အပြာရင့်ရောင် နောက်ခံပိတ်တွင် ရုက္ခဗေဒ မိသားစုရန်ပုံငွေ အထူးပွဲ ဟူသော ငွေရောင်စာလုံးတွေက ရုံအဝင်ဝတွင် တလက်လက်နှင့် ။
မောင်ရေ ... တို့ မေဂျာက လုပ်တဲ့ ပွဲမို့ ကြည့်တာ မဟုတ်ဘူးနော် ။ ရုပ်ရှင်ကြော်ငြာမှာ ကိုက တို့ ချစ်တဲ့ ပန်းကလေးလည်း ပါတယ် ။ ပြီးတော့ မောင့်မွေးလလည်း ပါလို့ အမှတ်တရ ကြည့်တာနော် ။ တို့ လက်မှတ်ဝယ်ထားလိုက်တယ် ။ မောင်တို့ မေဂျာကကော ရန်ပုံငွေပွဲတွေ မလုပ်ဘူးလား ။
မတွေးပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ အဲဒီလို စူးစူးနစ်နစ် ဟစ်အော်လိုက်ရ ကောင်းမလား ။ ဘာလို့များ တွေးဖြစ် နေရတာလဲ ။ ခါတိုင်းညတွေလို စာဖတ် နေရင်တော့ ဒီအတွေးတွေ ဝင်လာမှာ မဟုတ်ဘူး ထင်ပါရဲ့ ။ စာဖတ်လို့ လည်း မရ ။ အခုလို မီးပျက်နေတဲ့ ညမှာ အပြင်ဘက်မှာ ဖြင့် မိုးကတော့ ရွာနေဆဲ ။ လျှပ်စီးတွေကလည်း ဝင်းခနဲ ၊ ပြက်ခနဲ လင်းလက်နေဆဲ ။
မောင်ရေ .. တို့ ကို အဲဒီ ကဗျာလေး ကူးပေးပါကွာ ။ တို့ ရဲ့ ဒိုင်ယာရီ စာအုပ်ထဲမှာ ကူးပေးနော် ။ မောင့်လက်ရေး လှလှလေးနဲ့ ဆိုတော့ ပိုပြီး အမှတ်တရ ရှိတာပေါ့နော့ ။
ဇီဇဝါပန်းတွေက အချစ်အတွက်
မျက်ဝန်းအိမ်ဟာ မျက်ရည်အတွက်
ဇူလိုင်လဆိုတာ မိုးစက်လေးတွေအတွက်
တမ်းတခဲ့ ချစ်ဆွေးမပြေ
လွမ်းရတဲ့ အဖြစ်ကလေးတွေ ။
မတွေးပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ အဲဒီလို စိတ်တင်းထားခါမှ ပို၍ တွေးဖြစ်နေမိပြန်တော့သည် ။ ရုပ်ရှင်ကြော်ငြာမှ ကဗျာလေးကို ခုချိန်ထိတိုင် မှတ်မိနေခြင်းကိုပင် ဘာသာ အံ့ဩ တုန်လှုပ်မိတော့သည် ။ ကာလ ကြာမြင့်လာပြီ ဖြစ်၍ မေ့ပျောက်ခဲ့ပြီးမှ စိတ်မှ ဟုတ်ယောင် ထင်မှားစွာ နားလည် ထားခဲ့သော်လည်း မသိစိတ် တစ်နေရာ မှာ အောက်မေ့ သတိရခြင်းကြီးစွာ စူး်င့်ကိန်းဝပ်နေခဲ့သည် ပဲ ။
မောင်တို့ နှစ်ယောက် သိပ်ချစ်တာနော် ။ မောင့်ကို တို့ သိပ်ချစ်တာ ။ မောင်ကော တို့ကို ချစ်ရဲ့လား ။ တကယ်ချစ်တာလား ။ တို့ နှစ်ယောက် ပေါင်းရမှာပါနော် ။ ရုပ်ရှင်နာမည်ကြီးက ကောင်းဘူးကွယ် ။ “ လွမ်းရတဲ့ အဖြစ် ကလေးတွေ ” တဲ့ ။ အဲဒီ ရုပ်ရှင်ထဲကလို လိုက်ခွဲလို့ ကတော့ သေပစ်လိုက်မယ်ကွာ ။ မောင် စိတ်ညစ်သွားလား မသိ ။ တို့ မေဂျာကလည်း အသုံးမကျဘူး ။ တခြားရုပ်ရှင် ပြပါတော့လား ။ ခုတော့ ရုပ်ရှင်နာမည်ကလည်း မကောင်းဘူး ။ ပေါင်းလည်း မပေါင်းရဘူး ။
“ မောင်ရေ တို့တွေ ပေါင်းရမှာပါနော် ။ မောင်နဲ့ ဆိုရင် အားလုံးကို ရင်ဆိုင်ရဲပါတယ်ကွာ ”
နီထွေးစိုပြည်သော နှုတ်ခမ်းတစ်စုံကို ခပ်စုစုထားရင်း ကလေး တစ်ယောက်လို တတွတ်တွတ် ပြောနေသော ချစ်သူ့ ပုံစံကို ပြန်မြင်ယောင်မိသည် ။
ရုပ်ရှင်ပဲ မခိုင်ရဲ့ ၊ ကြည့်တဲ့ သူတွေ ခံစားရအောင် ဒီလိုပဲ ဇာတ်လမ်း ဆင်ရတာပေါ့ ။ ခွဲရတာပေါ့ ။
မတွေးတော့ပါဘူးဟု စိတ်ထဲ တင်းထားကာမှ ပြောခဲ့ဖူးသော အားပေးနှစ်သိမ့် စကားတွေကို တစ်လုံးမကျန် အမှတ်ရနေမိတော့သည် ။
မသိဘူး မောင်ရယ် ၊ မသိဘူး ။ မောင် နဲ့ ပထမဆုံး ရုပ်ရှင် လာကြည့်တော့မှပဲ စိတ်ညစ်ဖို့ ကောင်းလိုက်တာ ။ တခြားကား ပြရင် ပြီးရော ။ ခုတော့ မပေါင်းရတဲ့ ကားမှ ရွေးပြတယ် ။ မောင်ရေ .. ပေါင်းရမှာပါနော် ။ တို့ သိပ်ချစ်ကြတာပဲနော် ။ မောင်နဲ့ ပေါင်းရပါစေ ။ တို့ မောင့်ကို သိပ်ချစ်တာနော် ။ မောင် တို့ ကို သိပ်ချစ်နော် ၊ မခွဲနိုင်တော့ဘူး မောင်ရယ် ။
အတူယှဉ်တွဲ လျှောက်နေရာမှ လက်မောင်းရင်းကို တင်းကျပ်စွာ ဆုပ်ကိုင်သည် ။ ငဲ့အကြည့်တွင် ညိုနေသော မျက်နှာပြင် ပါးပြင်မို့မို့ ၊ မျက်ဝန်းတွင် မျက်ရည်ဥတို့ ဖြင့် အရည်လဲ့ နေသော မျက်ဝန်းတစ်စုံကို တွေ့သည် ။ သွယ်ပျောင်း နူးညံ့သော လက်ဖဝါးနုကို ဆုပ်ကိုင်မိသည်တွင် ချွေးစတို့ဖြင့် အေးစက်နေသည် ထိတွေ့သိ၏ ။
စိတ်ထဲ စွဲမထားပါနဲ့ဆို ချစ်ခိုင်ရာ ။ မေ့ထားလိုက်နော် ။ မောင်တို့ ပေါင်းရမှာပါ ချစ်ခိုင်ရဲ့ ။ မောင်တို့ သိပ်ချစ်ကြတာပဲ ။
သိစိတ် ပြန်ဝင်လာချိန်မှာတော့ နှုတ်ဖျားက နတ်ဝင်သည် တစ်ဦးပမာ တတွတ်တွတ် ရေရွတ်နေမိဆဲ ၊ ကြားနာမယ့်သူ မရှိမှန်း သိသော်လည်း အသိကင်းမဲ့စွာ ပြောနေမိ၏ ။ မပြောပါရစေနဲ့ ။ နှုတ်ခမ်းတွေကို တင်းကျပ်စွာ ပိတ်ထားမိသည် ။ သက်ပြင်းပူတစ်ချက်ကို လေးပင်စွာ ချဖြစ်သည် ။
နက်ပြာရင့် ကောင်းကင် နောက်ခံတွင် စိမ်းရင့်သော သစ်စိမ်းကိုင်းများ အရှိန်ပြင်းစွာ လှုပ်ယမ်း နေသည်ကို ဝိုးတဝါး တွေ့ရ၏ ။ တစ်ချက်တစ်ချက် ဝင်းလက်သွားသော လျှပ်စီးအလင်း အောက်မှ မြင်ကွင်းက ချောက်ချားစရာ ၊ လျှပ်စီးအလင်းကြောင့် မိုးစက်မှုန်တွေက ငွေရောင်တလက်လက် တောက်ပနေကြတော့သည် ။ လေတိုးသံများကို ကြားနေရသည် ။ ဝန်းကျင်တစ်ခုလုံး ဆူပွက် ပြိုလဲစွာဖြင့် ။ အပြင်ဘက်မှာတော့ဖြင့် အငြိုးတကြီး မိုးက ရွာနေဆဲ ။
၄ ။
မည်းမှောင်သော အခန်းထဲကို ပြာလဲ့လဲ့ အလင်းမျှင် တစ်ခုက မှုန်ပျစွာ တိုးဝင်လာသည် ။ သဲကွဲစွာ မြင်နိုင်ခြင်း မရှိသော အလင်းလဲ့လဲ့ ။ မှုန်ရီဝိုးတဝါး အလင်းက ဖြာကျတိုးဝင် ။ လျှပ်စီးတွေက ချွန်မြလက်သည်းရှည်တွေလို ။ အဲဒီ လက်သည်းရှည်တွေမှာ ငွေရောင် လက်လက်တွေ လိမ်းကျံထားလို့ပေါ့ ။ ပြီးတော့ အဲဒီချွန်မြ လက်သည်းရှည်တွေနဲ့ မည်းနက်မှောင် ကောင်းကင် အပြာရင့်ကို ထိုးစိုက်ကုတ်ခြစ်ဆုတ်ဖြဲ ။ ဒီအခါ ကောင်းကင် အက်ကွဲကြောင်းထဲက ငွေရောင်လက် မိုးမျက်ရည်တွေ စီးကျဖိတ်အန်လာခဲ့ပေါ့ ။
မုတ်သုံလေကြမ်းက တိုးဝှေ့တိုက်ခတ်လာပြန်တော့သည် ။ မုန်ယို နေသော တောဆင်ရိုင်းကြီး တစ်ကောင်၏ ကြမ်းတမ်းပုံနှင့် ဆင်ဆင်တူလွန်းတော့ ။ ဟူးဟူးထ နေသော လေစီးကြောင်းများက ပင်စည်ကြီးမား သစ်ပင်ကြီးများကို တွန်းတိုက်သွားကြပေါ့ ။
မောင် ... အဲဒီလိုကြီး မနေနဲ့ ကွာ ။ မျက်နှာကြီးကလည်း ညိုပြီး တို့ကို စကား မပြောတော့ဘူးလား ။ နောက်ကို မလုပ်တော့ဘူးကွာ ။ မောင် .. ခွင့် လွှတ်ပါ မောင်ရယ် ။ ကတိပေးတယ်နော် ။ မောင် ယုံနော် ။ နောက်ကို မကူး တော့ဘူး မောင်ရယ် ။ အခုလည်း ဆရာမက ခေါ်လို့ ပါ ။ ပြီးတော့ တို့ ကူးရတာလည်း မဟုတ်ဘူးလေ ။ လူရွေး ပေးရတာပဲဟာ ၊ ဆရာမကို အားနာလို့ပါ မောင်ရယ် ။ စိတ်မဆိုးနဲ့ နော် ။ တို့ မှားသွားတယ် မောင်ရယ် ။
မကြားပါရစေနဲ့ ၊ မကြားပါရစေနဲ့ ။ ဘုရား ... ဘုရား ... ဘာလို့များ ဒီအကြောင်းပဲ တွေးဖြစ်နေမိတာပါလိမ့် ။
အဲဒီတုန်းက မိုးသားတိမ်စိုင် ကင်းစင်တဲ့ ကောင်းကင် ပြာပြာကြီးကလည်း ကြည်လင်ရှင်းသန့်လို့ ပေါ့ ။ ဟိုးဝေးဝေး ခပ်လှမ်းလှမ်း ကမ်းတစ်ဖက်မှ မှိုင်းညို့သော သစ်စိမ်းတောအုပ်ဆီသို့ အကြည့်ရောက်သည် ။ လေလာရွက်တိုက် လှေတချို့က ပြာလဲ့စိမ်း ရေပြင်မှာ ရှပ်တိုက် လှော်ခတ် လွင့်ပါးနေကြပေါ့ ။ ခရမ်းရောင် ဗေဒါပွင့်ကလေးတွေကလည်း လှိုင်းခေါ်ရာ လေယူရာ တရွေ့ရွေ့ စီးမျောလို့ ။ ကမ်းစပ်ကို လှိုင်းရိုက်သံ ကြားနေရသည် ။ ကမ်းစပ်တစ်လျှောက် စီတန်းပေါက် ရောက်နေကြသော ကိုင်းပွင့်ဖြူဖြူတွေက လေပြည်နဲ့ ညီညာနွဲ့ယိမ်း လှုပ်ရှား နေကြပေါ့ ။ ကန်ပေါင်တစ်လျှောက် လမ်းလျှောက်ပွဲတော်လာများ ဆီသို့ အကြည့်ကို အရွှေ့တွင် ရှိုက်သံ တစ်ချက်ကို စ ကြားရသည် ။ ခေါင်းငဲ့အကြည့်တွင် လက်ဝါးနှစ်ဖက်ဖြင့် မျက်နှာကို အပ်ရင်း ငိုရှိုက်နေသည်ကို တွေ့သည် ။ အတူယှဉ်တွဲ ထိုင်နေသော သစ်တိုပင်ကို ကျောမှီရင်း ဝင်သက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းမိ၏ ။
မောင် တောင်းပန်ပါတယ် မခိုင်ရယ် ။ မောင် လွန်သွားတယ် ။ မငိုနဲ့ တော့နော် ။ မောင် မှားသွားတယ်ကွာ ။ ဆောရီးနော် ချစ်ခိုင် ၊ ချစ်ခိုင် ငိုတာမြင်တော့ မောင် စိတ်မကောင်းဘူးကွာ ။
ပါးပြင်မို့မို့ပေါ်မှ မျက်ရည်စများကို ဖယ်ရှား သန့်စင်ပေးချိန်မှာ နီရဲစိုစွတ်သော မျက်ဝန်းတစ်စုံဖြင့် စူးစိုက်ကြည့်သည် ။ လက်ဝါးပြင် နှစ်ဖက်ကို တင်းကျပ်စွာ ဆွဲယူဆုပ်ကိုင်သည် ။ အရောင် တစ်ဝက်စီ ဆိုးထားသော ချွန်မြ လက်သည်းရှည်တွေက သူ့လက်ဝါးပြင်ကို စူးဝင်ထိုးစိုက်ကြပေါ့ ။ နီရဲနေ သော နှုတ်သီးဖျား ၊ တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းတွေကို မြင်ရချိန်တွင် ရင်ထဲမှ နင့်သီးစွာ ခံစား လိုက်ရတော့၏ ။
မောင့်ကို သိပ်ချစ်လွန်းလို့ မောင် မကြိုက်တဲ့ ( တို့ ဝါသနာပါတဲ့ ) ရေကူးတဲ့ အလုပ်ကို မလုပ်တော့ဘူးလို့ ကတိပေးပါတယ် မောင်ရယ် ။
ငိုရှိုက်သံလွှမ်းသော မပီမသ စကားသံ အဆုံးတွင် ပါးပြင်ပေါ်သို့ မျက်ရည်ဥ တွေက စီး၍ ကျလာပြန်တော့သည် ။
၅ ။
မုတ်သုံလေကြမ်းကတော့ တိုး၍ တိုက်ခတ်နေဆဲ ။
လေစီးကြောင်းတွေက သစ်ကိုင်းဖျားတွေကို ချိုးဖဲ့ခဲ့ကြ ။ သစ်ရွက်စိမ်းတွေကို ခြွေခဲ့ကြ ။ မိုးစက်တွေကို နေရာအနှံ့ လွင့်စဉ်သွားအောင် စီးမျောကြ ။ လျှပ်စီးတွေက လင်းလက်ဆဲ ။
မိုးကြိုးခြိမ်းသံတွေက ပဲ့တင်ကျန်ရစ်ဆဲ ။ ပြတင်းရှေ့မှာ သူကလည်း ရပ်နေမိဆဲ ။ ပြာခွက်ထဲမှ ဆေးလိပ်တိုကို တဖြည်းဖြည်း စမ်းယူရသည် ။ မီးညှိ ဖွာရှိုက်လိုက်တော့ ဆေးလိပ်မီး အလင်းက အခန်းထဲမှာ အနည်းငယ် လင်းလက်သွားသည် ။ မီးခိုးငွေ့ အဖြူတွေက ဝေ့ဝဲပါးလျစွာ ပြတင်းမှ လူးလွန့်လွင့်မျော သွားကြပေါ့ ။
မောင်ရယ် ... ကျန်းမာရေးလည်း ထိခိုက်သေးတယ် ။ ဖြတ်နိုင်ရင်တော့ ကောင်းတာပေါ့ ။ ဒါပေမဲ့ မောင့်ကို ဖြတ်ဖို့ ပြောတာ မဟုတ်ဘူးနော် ။ လျှော့သောက်ဖို့ ပြောတာ ။ မောင် နားလည်ပါတယ်နော် ။ အင်း ... ဆရာ လုပ်တယ်လို့များ မောင် ထင်နေမလား မသိဘူး ။ မောင် လက်ဖက်ရည် သောက်တာလည်း သိပ်များတယ် ။ ပြီးတော့ မောင်သောက်တဲ့ လက်ဖက်ရည်ကလည်း အချိုပေါ့ကျကျခါးခါးကြီး ။ အကျရည် နည်းနည်းလျှော့ပြီး ပြောင်းသောက်ကြည့်လေ ။ မောင့်မှာ အစာအိမ်ရောဂါလည်း ရှိလျက်နဲ့ ။ ဆေးကော မှန်မှန်သောက်ရဲ့ လား ။ ဟိုတစ်ခါလို ဆေးကုန်တာ မပြောဘဲ မနေနဲ့နော် ။ ကျန်းမာရေးကို ဂရုစိုက်ပါ မောင်ရဲ့ ။
ဘာလို့များ သတိရ နေမိတာလဲ ။ လေးနှစ်ပြည့်ဖို့ နှစ်လ အလိုမှာ ထူးထူးခြားခြား တစ်ချိန်လုံး သတိရနေမိသည် ။ မတွေးပါရစေနှင့်ဟု စိတ်တင်းခါမှ အတွေးတွေက တားဆီးမရ တိုးဝင်လာကြသည် စဉ်ပန်းအိုးပုပုဝိုင်းဝိုင်းလေးဘေးမှ ဆေးပုလင်းကို အကြည့်ရောက်သည် ။ မည်းမှောင်နေသော အခန်းအတွင်း မမြင်နိုင်သော်လည်း အဲဒီ ဆေးပုလင်းပေါ်မှာ ရေးထားသည့် စာလုံးလေးတွေကို အလွတ် မှတ်မိနေပြန်သည် ။
မောင့်ကျန်းမာရေးအတွက်
မောင့်ရဲ့ ခိုင်
အဲဒီ ဆေးပုလင်း အညိုလေးထဲမှာ ဂျဲလ်မက်ချ် ဆေးပြားလေး နှစ်ပြားက ဝါကြင်ပွရောင်းလို့ ။ အညိုရောင်ရှိတာ အစာအိမ်ရောဂါအမျိုးအစား သက်သာစေသော ဆေးကတ်ကလေး တစ်ခု ကတော့ဖြင့် မိုးငွေ့ရိုက်ခတ် စိုစွတ် ပျက်စီးခဲ့ပြီပဲ ။ ကြာခဲ့ပြီပဲလေ ။ ချစ်သူသက်တမ်း နှစ်နှစ် အတွင်းမှာ ထားခဲ့သော အမှတ်တရတွေလည်း အဲဒီ ဆေးပြားလေး နှစ်ပြားနဲ့ ဆေးကတ်လေး တစ်ခုသာ ကျန်ခဲ့ပေါ့ ။
ဖော်ပြလို့ မရနိုင်တဲ့ ချစ်ခြင်းတွေ ၊ တွယ်ငြိခဲ့ သံယောဇဉ်တွေ ၊ နားလည်ခြင်းတွေ ၊ ကြင်နာမှုတွေ ၊ ဖေးကူ အားပေးမှုတွေ ၊ စိတ်ကူးယဉ် ကြည်နူးမှုတွေက ရင်ထဲမှာ ၊ နှလုံး သည်းပွတ်ထဲ မှာ ကပ်ပါးဖွဲ့နေခဲ့ပေါ့ ။ အနည်ထိုင်နေခဲ့ပေါ့ ။ အပြာရောင်တွေကို နှစ်ခြိုက်စွဲမြဲ စွာ ဝတ်ဆင်တတ်သည် ကိုလည်း အမှတ်ရသည် ။ နူးညံ့သော လက်ချောင်းသွယ်လေးများ၏ ချွန်မြ လက်သည်းရှည်များ ပေါ်တွင် လိုက်ဖက်သော အရောင်ကွဲများကို ရောယှက်သုတ်လိမ်းတတ်သည်ကိုလည်း သတိရသည် ။ ပါးပြင်မို့မို့ပေါ်မှ ရှင်မတောင် သနပ်ခါးနံ့ ကိုတော့ အစွဲမက်ဆုံး ဖြစ်ခဲ့ရသည် ။ နွဲ့ပျောင်းဆံနွယ်မျှင်၏ အဖျားပိုင်းများ တွင် ပန်း ပွင့်သေးသေးလေးများကို ဆွဲရစ်တွယ်ချိတ် ပန်ဆင်လေ့ ရှိသော ဓလေ့ဆန်းကိုလည်း တခုတ်တရ မှတ်မိနေခဲ့သည်ပဲလေ ။
မတွေးပါရစေနဲ့ ၊ မတွေးပါရစေနဲ့တော့ ။ ဘာလို့များ တွေးဖြစ်နေရတာလဲ ။ အံကြိတ်အားတင်း မျက်လုံးတွေကို စုံမှိတ်လိုက်ခါ မျက်ဝန်းဆီမှ မျက်ရည်ပူများက သွေ့ခြောက်စွာ ဖြတ်သန်းစီးကျလာတော့၏ ။
ငွေရောင် လင်းလက်သော မိုးစက်တွေက ခပ်ဖွဲဖွဲကျနေဆဲ ၊ မာဆတ်သော သစ်ရွက်များပေါ်သို့ မိုးစက်ကျသံကို ကြားနေရသည် ။ လေစီးကြောင်းတွေ၏ နောက်မှာ သစ်ရွက်ချင်း ပွတ်တိုက်သံက တရှဲရှဲနှင့် ဆူညံ ကျန်ရစ်ခဲ့သည် ။
ခြေထောက်တွေ တောင့်တင်း ညောင်းကိုက်လာသည် ကိုလည်း သတိမထားမိ ။ ပြတင်းပေါက်တွင် ထောက်ထားသော တံတောင်ဆစ်များ ဆီမှ နာကျင် ကိုက်ခဲလာသည် ကိုလည်း သတိမထားမိ ။ ပြတင်းရှေ့မှာ ရပ်နေမိတာ ကြာပြီ ဆိုသည် ကိုလည်း သတိမထားမိ ။ ဘာကိုမှ သတိမထားမိတော့ ။ မိုးရေထဲက ညကို အဓိပ္ပာယ်မဲ့ တွေ၍ ငေးစိုက်ကြည့်နေမိတော့သည် ။
ရုတ်တရက် မပီမသ ညည်းတွားသံ တစ်ခုကို စကြားရသည် ။ သစ်ရွက်ချင်း ပွတ်သံလား ၊ လေတိုးသံလား ။ မသဲကွဲသော အသံကို ကြားနေရဆဲ ။ သစ်ရွက်တွေပေါ် မိုးစက် ကျသံလား ။ သစ်ကိုင်း နဲ့ ခေါင်မိုးထိခြစ်သံလား ။ ပြင်ပမှ တကယ် ကြားရသည်လား ၊ သိစိတ်မှ ဟုတ်ယောင် ထင်မှား ကြားရခြင်း လား ။ သူ့ဘာသာ ဝေခွဲမရတော့ ။
မောင် .. တို့ ခေါ်လိုက်တာပါ ။ တို့ ပါ ၊ မောင်ရဲ့ ခိုင်လေ ။ မောင် မမှတ်မိတော့ဘူးလား ။ အဲဒီလို ခပ်စိန်းစိန်းကြီး ကြည့်မနေစမ်းပါနဲ့ ၊ ခိုင်ပါ မောင်ရဲ့ ။ ချစ်ခိုင်လို့ ခေါ်နေကျ မောင့်ရဲ့ ခိုင်ပါ ။ အဲဒါကြောင့် မောင့်ကို ချစ်ရတာ ။ မောင် တို့ကို အရမ်း သတိရနေတယ် မဟုတ်လား ။ တို့ အကြောင်း တွေးနေတော့ တို့ ရောက်လာရတာပေါ့ မောင်ရဲ့ ၊ မောင့်ကို ကြည့်နေတာ ကြာပြီ ။ မိုးတွေ စရွာလာတဲ့ အချိန်ကတည်းက မောင့်ကို ကြည့်နေတာလေ ။
ကြက်သီးတွေ တဖြန်းဖြန်း ထလာသည် ။ လက်ဖျားခြေဖျားတွေက အေးစိမ့်လာကြသည် ။ ခေါင်းတစ်ခုလုံး ရုတ်ခြည်း ကြီးမားလာသည် ဟု ထင်လာသည် ။ ခန္ဓာအနှံ့ ကြောက်စိတ်က ပျံ့နှံ့ဝင်ရောက်လာသည် ။ ရင်ခုန်သံတွေက စည်းလွတ်ဝါးလွတ် ။ နိမ့်ချည်မြင့်ချည် ခပ်စိပ်စိပ်ခပ်သွက်သွက် ။ ချွေးစေးတွေက စိမ့်ထွက်လာကြ ။ နှုတ်ဖျားတွေ ၊ လက်ဖျားတွေက တဆတ်ဆတ် တုန်ယင်လာတော့သည် ။ ခြေထောက်တွေက ကိုယ်ခန္ဓာကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ ။ နတ်ဝင်သည် တစ်ဦး ပမာ ရှေ့နောက်ဝဲယာ ယိမ်းထိုးနေတော့သည် ။
မောင် တို့ကို သင်္ဘောဆိပ် လိုက်ပို့တဲ့နေ့ မှတ်မိလား ။ အဲဒီနေ့က မောင် ကိုယ်တိုင် ပန်ပေးခဲ့တဲ့ ဇီဇဝါပန်းပွင့်ကလေးလေ ။ တို့ အမှတ်တရ သိမ်းထားတယ် ။ မောင့်ကို မွေးနေ့လက်ဆောင် အဖြစ် ပြန်လာပေးတာ ။ ကြာပြီပဲ မောင်ရယ် ။ နွမ်းညစ်နေပြီ ပေါ့ ။ အခုတော့ အဲဒီ ဇီဇဝါပန်းကလေးလည်း တို့လိုပဲ မြစ်ရေတွေ စို ၊ မိုးရေတွေ စို ၊ ပြီးတော့ နွံဝါဝါတွေ နဲ့ ညစ်ပေလို့ ။
သစ်ပင်တစ်ပင် အောက်မှာ ရပ်နေသော မသဲမကွဲ အရိပ်တစ်ခုကို လျှပ်စီးအလင်းအောက်တွင် တွေ့လိုက်ရသည် ။ အဲဒီအရိပ်က ချစ်သူ ရပ်နေကျ ပုံစံအတိုင်း နွဲ့နွဲ့ကလေး ရပ်တည်လို့ ။ မိုးရေစက်တွေက ခပ်စိပ်စိပ်ကျနေဆဲ ။ နွဲ့ပျောင်းရှည်လျားတဲ့ ဆံနွယ်မျှင်တွေက လက်မောင်းပေါ်မှာ ၊ ပခုံးစွန်း ပေါ်မှာ ၊ ရင်ညွန့်ပေါ်မှာ ဝဲကျလို့ မိုးရေတွေနဲ့ ရွှဲနစ်လို့ ၊ ဆံနွယ်အဖျားပိုင်း တွေက လျှပ်စီး အလင်းအောက်မှာ ငွေရောင် တလက်လက် တောက်ပလို့ ။
မောင် မြတ်နိုးလွန်းတယ်လို့ ဆိုခဲ့တဲ့ တို့ရဲ့ ဆံပင်တွေမှာ စိုရွှဲနေတာ မိုးရေတွေလို့များ မောင် ထင်နေသလား ။ မိုး သည်းသည်းထဲမှာ အကာအကွယ်မဲ့ မိုးရေတွေနဲ့ ငိုနေတာကို မောင် တွေးနေလား ။ မဟုတ်ပါဘူး မောင်ရဲ့ ။ မိုးရေတွေ မဟုတ်ပါဘူး ။ မောင်လည်း သိသားနဲ့ ။
ဟိုး ဧရာဝတီမြစ်ကြီးရဲ့ အထဲက အဲဒီ မြစ်ရေတွေလေ ။
၆ ။
အခုဆို မောင်နဲ့ ခွဲခဲ့ရတာ လေးနှစ်ပြည့်တော့မယ်နော် ။ မောင့်ကို အရမ်းလွမ်းတယ် မောင်ရယ် ။ တို့ နှစ်ယောက် မပေါင်းရဘူးနော် ။ တို့ ဝမ်းနည်းလိုက်တာလေ ။ တို့ ပါးပြင်ပေါ်မှာ စီးကျနေတာ မိုးရေတွေ မဟုတ်ပါဘူး ။ မြစ်ရေ တွေ မဟုတ်ပါဘူး ။ မောင့်ကို လွမ်းလို့ ကျတဲ့ မျက်ရည်အစစ်တွေပါ ။
မကြားပါရစေနဲ့ ၊ မကြားပါရစေနဲ့ ။ ဘုရား .. ဘုရား ၊ အရှင်ဘုရား ၊ အတွေးထဲကို ဒီအကြောင်းတွေ ဝင်မလာအောင် တပည့်တော်ကို စောင့်ရှောက်တော်မူပါ အရှင်ဘုရား ။
မောင် ကူးပေးခဲ့တဲ့ ကဗျာလေးလေ ။ မောင့်လက်ရေးလှလှလေးနဲ့ ဇီဇဝါပန်း ပွင့်တွေက အချစ် အတွက်ဆို ။ မောင် ပန်ပေးခဲ့တဲ့ ဇီဇဝါပွင့်ကလေးကို မောင့် မွေးနေ့အတွက် တခုတ်တရ လာပေးတာလေ ။ မျက်ဝန်းအိမ်က မျက်ရည် အတွက်တဲ့ ။ မောင့်ကို လွမ်းလို့ ကျတဲ့ မျက်ရည်တွေပါ ။ မိုးရေတွေ မဟုတ်ဘူး ။ မြစ်ရေတွေ မဟုတ်ဘူး ။ တို့ မျက်ရည်တွေပါ ။ ဇူလိုင်လ ဆိုတာ မိုးစက်ကလေးတွေ အတွက်တဲ့ ။ မောင့် မွေးနေ့ ရောက်တော့မယ်နော် ။ ဇူလိုင်လရဲ့ တတိယ ရက်သတ္တပတ်ထဲမှာ မောင့်မွေးနေ့လေ ။
မကြားပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ နှုတ်ဖျားမှ တတွတ်တွတ် ရေရွတ်နေ သော်လည်း စိတ်နှင့် ကိုယ်သည် တွဲလျက်ရှိသည် မထင်တော့ ။ တော်ပါတော့ မခိုင်ရယ် ။ တော်ပါတော့ ။ ကြားနိုင်တဲ့ အစွမ်း မရှိတော့ပါဘူးဟု အော်ဟစ်လိုက်မိလေသလား ။ ကိုယ်တိုင် ဝေခွဲမရတော့ ။ ဟူးဟူးထ လေစီးကြောင်းတွေထဲမှာ စကားသံတွေက ရောထွေးမျောပါရင်း ...
မောင် တွေးတာ မှန်ပါတယ် ။ အဲဒီလို ခေါင်းကို ဘယ်ညာ ခါယမ်းပြီး ကိုယ့် ကိုယ်ကိုယ် ညာ မနေစမ်းပါနဲ့ ။ တို့ ပါးပြင်ပေါ်က သနပ်ခါးတွေ မဟုတ်ပါဘူး ။ မောင် တပ်မက်နှစ်သက်လွန်းတဲ့ ရှင်မတောင် သနပ်ခါးတွေ မဟုတ်ပါဘူး ။ ဧရာဝတီမြစ်ကြီးရဲ့ ရေစီးက တိုက်စား သယ်ဆောင်လာတဲ့ နုန်းတင် နွံဝါဝါတွေပါ ။ တို့ကို သေချာ ကြည့်စမ်းပါဦး မောင်ရဲ့ ။ မည်းနက်ပြာနှမ်းနေတဲ့ အသားရောင်ကို ကြည့်ပြီး မောင် တို့ကို စိတ်ပျက်သွားပြီလား ။ တို့ ပြောပါရစေဦး ။
အဲဒီညကလည်း အခုလို ညမျိုးပဲ မောင် ၊ နက်မှောင်နေလိုက်တဲ့ ညများ ။ အဲဒီညကို ပြိုကွဲစေလိုက်တာကတော့ သင်္ဘောစက်သံ ဖုံးအောင် အော်ဟစ်လိုက်တဲ့ အသံတွေကြောင့်ပဲ မောင် ။ အဲဒီ ဆူညံသံတွေကြောင့်ပဲ တို့ လန့်နိုးခဲ့ရတယ် ။ ဆူညံအော်ဟစ်သံတွေ ၊ ငိုယို ရှိုက်ငင်သံတွေ ၊ မပီမသ ညည်းတွားသံတွေ ၊ အသိကင်းလွတ် ကယောင်ကတမ်း ခေါ်သံတွေ ၊ အကူအညီ တောင်းသံတွေ ၊ ဘုရားတသံတွေနဲ့ ကမ္ဘာပျက်တယ် ဆိုတဲ့ စကားအတိုင်းပါပဲ မောင် ။
မထင်မှတ်တဲ့ အဖြစ်အပျက်တွေဟာ အံ့ဩစရာ ကောင်းလောက်အောင် လျင်မြန်စွာ ဖြစ်ခဲ့ရတယ်မောင် ။ ဘာမှ ပြင်ဆင်ချိန် မရနိုင်ခဲ့ဘူး ။ ဆောက်တည်ရာ မရလောက်အောင် သတိလက်လွတ် ဖြစ်မိသေးတယ် ။ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်တဲ့ အချိန်မှာ တော့ အလေ့အကျင့် ပြတ်ခဲ့ပေမဲ့ သိစိတ် မှတ်ဉာဏ်ရဲ့ ထောင့်တစ်နေရာမှာ ခိုဝင်စွဲငြိနေတဲ့ သင်ခန်းစာတွေကို အစီအစဉ်ကိုက် ပြန်မှတ်မိလာတယ် ။
စိတ်ကို ငြိမ်အောင်ထား ၊ အာရုံမပျံ့လွင့်စေနဲ့ ။ ကြွက်သားတွေကို လျှော့ထား ။ အို .... ရေကူးသင်တန်းက အခြေခံ သင်ခန်းစာတွေကို သတိရနေရင်း ကြောက်ပေမဲ့ ထိတ်လန့်စိတ်နဲ့ တို့လေ ရင်တွေ ခုန်နေမိတယ် မောင် ။
ဒါပေမဲ့ မောင်ရယ် ..
မေဂျာလက်ရွေးစင် ဆိုတဲ့ သာမန်ထက် နည်းနည်းလေး ပိုတဲ့ ရေကူး ကျွမ်းကျင်မှု အဆင့်ရယ် ၊ အလေ့အကျင့် ပြတ်လပ်မှုရယ် ၊ ဖျော့တော့ကြုံလှီတဲ့ အရေပြားတွေ ၊ အရိုးငေါငေါနဲ့ ချည့်နဲ့ လို့ ၊ လက်ကောက်ဝတ်မှာ စိပ်ပုတီးလေး ပတ်ထားတဲ့ အိုမင်းမစွမ်း အဘွားအိုရဲ့ အကြောပြိုင်းပြိုင်းက လက်ချောင်းတွေနဲ့ ဆုပ်ကိုင်မှီခို အားကိုးမှုရယ် ၊ လောကအကြောင်း ဘာမှမသိသေးတဲ့ ကလေးငယ်လေးရဲ့ ဖြူဖွေးနူးညံ့တဲ့ ဖောင်းဖောင်းကစ်ကစ် လက်ချောင်း သွယ်သွယ်ကလေးတွေနဲ့ ထိတ်လန့် ကြောက်ရွံ့စွာ အားစိုက် ဖက်တွယ်ထားမှုတွေကြောင့် ပူနွေးတဲ့ နွံဝါရောင် ဆားငန်ရည်တွေ ထဲမှာ ခရီးသွားဖော် မြေးအဘွားကို ကူညီရင်း တို့ ကိုယ်တို့ ကောက်ရိုးတစ်မျှင်လို မြင်ယောင်လာရင်း ကောက် .. ရိုး ... တစ် မျှင် ... လို ... မြင် ... ယောင်လာ .. ရင်း ... တို့ လေ ... တို့
မောင် ပြတင်းပေါက်ကို ပိတ်မလို့ လား ။ မပိတ်ပါနဲ့ ။ မပိတ်လိုက်ပါနဲ့ မောင်ရဲ့ ။ မောင့်ကို ခွဲနေရတာ ကြာပြီပဲ ။ မောင့်ရဲ့ လှပတဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေကို မောင့်ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းပါးပါးလေးတွေကို ကြည့်ပါရစေဦး ။ အလွမ်းပြေ ကြည့်ပါရစေဦး ။ ပြတင်းပေါက်ကို ဆုပ်ကိုင်ထားတဲ့ မောင့်ရဲ့ သွယ်ဖျော့တဲ့ လက်ချောင်းတွေက ဘာလို့ တဆတ်ဆတ် တုန်နေရတာလဲ ။ အစာအိမ် အောင့် နေပြန်ပြီလား မောင် ။ အို ... မောင် ဘာလုပ်တာလဲ ။ ပြတင်းပေါက်ကို ပိတ်မလို့ လား ။ မောင့်ကို ကြည့်ရတာ နေမကောင်းဘူး ထင်တယ် ။ တို့ စွဲလမ်းခဲ့တဲ့ မောင့်ရဲ့ မျက်လုံး ဝိုင်းဝိုင်းတွေက အရမ်းကို ပြူးထွက်နေကြပြီ ။ မောင် ဘာဖြစ်နေလဲ ။
တို့ကို သိပ်ချစ်တဲ့ အကြောင်း တိုးတိုးဖွဖွ ပြောခဲ့ဖူးတဲ့ မောင့်ရဲ့ နှုတ်ခမ်းပါးပါးတွေ ကလည်း ဘာတွေ အော်နေလဲ မသိဘူး ။ တို့ကို ခေါ်နေတာလား ။ တို့ မကြားရဘူး မောင်ရဲ့ ။ မောင် ခေါ် လည်း တို့ လာလို့ မရဘူးမောင်ရဲ့ ။ မိုးခြိမ်းသံတွေ ၊ လေတိုးသံတွေ တရှဲရှဲနဲ့ ဘာမှ မကြားရဘူး မောင်ရဲ့ ။ တို့လေ တို့ အဲဒီ ဧရာဝတီမြစ်ကြီးထဲမှာ ၊ မြစ်ကြီးထဲမှာ ခုနစ်ရက်တိတိ ... ခု .. နစ် .. ရက် ... တိ .. တိ ခု... နစ် ... ရက် ... တိ ... တိ ... ။
၇ ။
ဖြန်းခနဲ အသံနှင့် အတူ မီးပွင့်တချို့ကို မြင်လိုက်ရသည် ။ ကျိုးကျသွားသော သစ်ကိုင်းတစ်ခုက ဓာတ်အားပို့ ကြိုးများကို ပူးကပ်သွားစေခဲ့၏ ။ အဲဒီ လျှပ်စီးအလင်း အောက်မှာ ။
⎕ ကိုဂျက်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ်လ ၊ ၁၉၉၀ ပြည့်နှစ်