Showing posts with label ပုသိမ်မြင့်ဝေ. Show all posts
Showing posts with label ပုသိမ်မြင့်ဝေ. Show all posts

Sunday, December 28, 2025

ဆားကို ချစ်သလို

 

❝ ဆားကို ချစ်သလို ❞
          ( ပုံပြင် )

တစ်ခါတုန်းက သား သုံးယောက်နှင့် ဘုရင်ကြီး တစ်ပါး ရှိခဲ့၏ ။ တစ်နေ့တွင် ဘုရင်ကြီးသည် သားမင်းသားများကို ခေါ်ကာ ဖခင်အား မည်မျှချစ်ကြောင်း တစ်လှည့်စီ ပြောစေလေ၏ ။ သားကြီး ဖြစ်သူသည် ဘုရင်ကြီးအား “ ရွှေများ ၊ ကျောက်မျက်ရတနာများနှင့် ကမ္ဘာပေါ်ရှိ ရတနာတို့ကို ချစ်သည်ထက် ပိုပြီးချစ်ပါသည် ” ဟု ပြောဆိုလေ၏ ။ သားလတ် ဖြစ်သူကလည်း သူ့ဖခင်အား “ ကောင်းမွန်သည့် သစ်သီးများနှင့် ချိုမြိန်သော မုန့်များကို ချစ်သကဲ့သို့ ဖခင်အား ချစ်ပါသည် ” ဟု လျှောက်တင်လေ၏ ။

ထို့နောက် အငယ်ဆုံးသော မင်းသားကလေး၏ အလှည့်သို့ ရောက်လာလေ၏ ။ ထို မင်းသားကလေးသည် ငယ်ရွယ်သူတို့၏ သဘာဝအတိုင်း သူ၏ လက်ကလေးများနှင့် ဖခင်ကြီး၏ လည်ပင်းကို သိုင်း၍ ဖက်ကာ ...

“ ဖခင်အား သားက ဆားလောက်ချစ်ပါသည် ”

အငယ်ဆုံးသား၏ ဤမမျှော်လင့်သော အဖြေကို ကြားရသည်တွင် ဘုရင်ကြီးသည် အမျက်ကြီးစွာ ထွက်ကာ အစောင့်စစ်သားများကို ခေါ်၍ ဤမင်းသားငယ်ကလေးအား တောင်များ အကြားသို့ ပို့ပြီး သ,တ်ပစ်ရန် အမိန့်ပေးလိုက်လေ၏ ။ အစောင့်စစ်သားများသည် ရုပ်ရည် ရူပကာအားဖြင့် သူတော်ကောင်းတို့၏ အသွင်ရှိသော နှစ်လိုဖွယ် ကောင်းသည့် မင်းသားကလေးကို မသ,တ်လိုကြပေ ။ သို့ရာတွင် ဘုရင်၏ အမိန့်ကို နာခံရသူများ ဖြစ်၍ ဓားမြှောင်များကို ယူဆောင်ကာ မင်းသားကလေးအား ဘုရင်ကြီး စေခိုင်းသည့်အတိုင်း ခေါ်ဆောင်၍ သွားကြလေ၏ ။

မင်းသားကလေးနှင့် အစောင့်တပ်သားတို့သည် တောင်များအကြားသို့ ရောက်သောအခါ တစ်ဦးကို တစ်ဦး ကြင်နာစွာ ကြည့်မိကြလေ၏ ။ ထိုသို့ကြည့်ကာ အစောင့်စစ်သား တို့သည် မင်းသားကလေးအားမသ,တ်ရက်အောင်ရှိလေတော့၏ ။

“ မင်းသားကလေးရယ် ၊ ငါတို့ သင့်ကို မသတ်ရက်အောင်ဘဲ ချစ်ပါတယ်ကွယ် ၊ သင့်ရဲ့အဝတ်အစားများကို ချွတ်၍ ပေးပါ ၊ငါတို့ တိရစ္ဆာန် တစ်ကောင်ကောင်ကို ဖမ်းသ,တ်ပြီး ထိုသွေးဖြင့် အဝတ်အစားများကို ဆွတ်ကာ ဘုရင်ကြီးအား မင်းသားကလေးကို သ,တ်ခဲ့ကြောင်း ၊ ယုံကြည်အောင် လျှောက်တင်ပါ့မယ် ၊ ဒါပေမယ့် သင့်ဖခင်နှင့် တွေ့နိုင်သည့် နေရာတော့ မင်းသား ကလေး မလာခဲ့ပါနဲ့ကွယ် ”

စစ်သားများက သူ့အသက်ကို ချမ်းသာပေးမည်ဟု ပြောသည်ကို ကြားရ၍ မင်းသားကလေးသည် အထူးဝမ်းသာရှာလေ၏ ။ မင်းသားကလေးသည် အစောင့်စစ်သားတို့အား အဝတ်များကို ချွတ်ပေးပြီး ဘုရင်ကြီးနှင့် လွတ်ကင်းရာသို့ ထွက်၍ သွားလာခဲ့လေ၏ ။

မင်းသားကလေးသည် များစွာသော တောင်နှင့် လျှိုမြောင်များကို ဖြတ်ကျော်၍ လာခဲ့ရာ နောက်ဆုံးတွင် အခြား တိုင်းပြည် တစ်ခုသို့ ရောက်လေတော့၏ ။ ထိုအချိန်တွင် အဆိုပါ တိုင်းပြည်မှ ဘုရင်သည် နတ်ရွာစံသွားခဲ့၍ နောက်သုံးရက် အကြာတွင် ဘုရင်သစ် ရွေးပွဲကို ကျင်းပမည် ဖြစ်၏ ။

နောက်ဆုံး ဖြတ်ကျော်ရသည့် တောင်ပေါ်မှ ဆင်းလာခဲ့ပြီး မင်းသားကလေးသည် မြို့အစွန်မှ အစဆုံး တွေ့ရသော အိမ်တစ်အိမ်၏ တံခါးကို ခေါက်လေ၏ ။ ထိုအိမ်မှာ မိန်းမအိုကြီး တစ်ဦးတည်း နေသော အိမ်ဖြစ်၏ ။ မင်းသားကလေးသည် ထိုမိန်းမအိုကြီးအား သူသည် ခရီးဝေးကြီးမှ လာခဲ့ရကြောင်းနှင့် မိဘများ သေဆုံးခဲ့ရကြောင်းတို့ကို ပြောပြလေ၏ ။ ထို့ပြင် မိန်းမ အိုကြီးအား သူ့ကိုလည်း ထိုအိမ်တွင် နေထိုင်ခွင့် ပြုရန် တောင်းပန်ပြောဆိုလေ၏ ။ သူမတွင် သားသမီး မရှိ၍ မိန်းမအိုကြီး ကလည်း မင်းသားအား သားအဖြစ် သဘောထားမည်ဟု ပြောဆိုလေ၏ ။

မင်းသားကလေး ရောက်လာပြီး နောက်သုံးရက် အကြာတွင် ထိုအရပ်ဒေသမှ လူအများသည် ဘုရင်သစ်ကို ရွေးချယ်တင်မြှောက်ရန် မြို့၏ အပြင်ဘက်တွင် စုဝေးကြလေ၏ ။ အမယ်အိုကြီးနှင့် မင်းသားကလေး တို့သည်လည်း အဆိုပါ လူအုပ်နှင့်အတူ ရော၍ လိုက်ပါသွားကြလေ၏ ။

မင်းလောင်း ရွေးချယ်ရာတွင် ထိုတိုင်းပြည်၏ ထုံးစံမှာ ငှက်တစ်ကောင်ကို လှောင်အိမ်မှ လွှတ်၍ ပေးရ၏ ။ သူတို့သည် ထိုငှက် အနားခံရသော သူအား ဘုရင်သစ်အဖြစ် တင် မြှောက်ကြလေ၏ ။ အဆိုပါအတိုင်း ငှက်ကို လှောင်အိမ်မှ လွှတ်သည်တွင် ထိုငှက်ကလေးသည် ကောင်းကင်တွင် အတန်ကြာ ဝဲပျံနေပြီး ပြန်၍ ဆင်းလာကာ အသစ် ရောက်လာသော မင်းသားကလေး၏ ခေါင်းပေါ်သို့ သွား၍ နားလေ၏ ။

သို့ရာတွင် တိုင်းသူပြည်သားတို့သည် သူတို့တိုင်းပြည်မှမဟုတ်ဘဲ အခြားတိုင်းပြည် က လူတစ်ယောက်ကို ဘုရင်မြှောက်ရန် သဘော မတူကြသဖြင့် ဤသို့ ဟစ်အော်၍ ကန့်ကွက်ကြလေ၏ ။

“ သူသည် တောင်များ ပေါ်မှ ဆင်းလာသူ ဖြစ်ပါသည် ၊ သူ့အား တောင်များပေါ်သို့ ပြန်လွှတ်လိုက်ပါ ၊ ငါတို့သည် သူ့အား ဘုရင်အဖြစ် အသိအမှတ် မပြုနိုင်ပါ ထို့ကြောင့် ဘုရင်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပကြရလေ၏ ။ ထိုနေ့တွင်မူ မင်းသားကလေးသည် ဘုရင်ရွေးသည့် လူအများနှင့် ရော၍ မနေတော့ဘဲ သုဿန်ထဲသို့ သွား၍ နေထိုင်လေ၏ ။ ထိုနေ့တွင်မူ လှောင်အိမ်မှ ငှက်ကလေးကို လွှတ်လိုက်သော အခါတွင် လူအများသည် လှုပ်လှုပ်ရွရွဖြစ်ကာ “ အို ... ငှက်ကလေး ၊ သင် ဘယ်သူ့ ခေါင်းပေါ်သို့ သွား၍ နားမလို့လဲ ” ဟု အော်၍ မေးသူက မေးပြီး တချို့ကလည်း “ အို ... ငှက်ကလေးရယ် ၊ ကျွန်တော့်ခေါင်းပေါ်သို့ လာ၍နားပါ ” ဟု တိုက်တွန်းသူကလည်း ခေါင်းကို ဆန့်တန်း၍ ပေးကာ တိုက်တွန်းကြလေ၏ ။ သို့ရာတွင် ငှက်ကလေးသည် လှည့်ပတ် ပျံဝဲပြီး သုဿန်ထဲသို့ ထိုးဆင်း၍ သွားလေ၏ ။ ထိုငှက်သည် အသစ် ရောက်လာသော မင်းသားကလေး၏ ခေါင်းပေါ်သို့ တဖန်ထပ်၍ နား ပြန်သောကြောင့် လူအများသည် မကျေမနပ်ဖြစ်ကာ ဤသို့အော်ဟစ် တောင်းဆိုကြလေ၏ ။

“ ဤတိုင်းပြည်တွင် တိုင်းသူပြည်သားတို့ မကျေနပ်က မင်းသစ် ရွေးပွဲကို သုံးကြိမ် ကျင်းပပေးရသည့် ထုံးစံရှိပါသည် ၊ ဘုရင်သစ်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပပေးပါ ”

တိုင်းသူပြည်သားတို့ တောင်းဆိုသည့် အတိုင်း ဘုရင်သစ်ရွေးပွဲကို နောက်တစ်နေ့ ထပ်၍ ကျင်းပပေးရလေ၏ ။ ထိုနေ့ မင်းသစ်ရွေးပွဲကို တိုင်းသူပြည်သားတို့သည် အထူးစိတ်ဝင် စားနေကြ၍ ခါတိုင်းနေ့များထက် ပိုမိုစည်ကားမြိုင်ဆိုင်လေ၏ ။ လှောင်အိမ်မှ ငှက်ကလေးကို လွှတ်လိုက်သည်တွင် သူတို့သည် မည်သူ့ ခေါင်းပေါ်တွင် နားကြောင်း သိလိုစိတ် ပြင်းပြနေကြ၍ တစ်နေရာမှ တစ်နေရာသို့ သူ့ထက်ငါ တိုးဝှေ့ ပြေးလွှားကာ ကြည့်ရှုကြလေ၏ ။ ငှက်ကလေး သည် မည်သူ့ ခေါင်းပေါ်မှ မနားသေးဘဲ အတန်ကြာ ပျံဝဲနေသဖြင့် ကြည့်ရှုနေသောပရိသတ်မှာ အားမရနိုင်အောင် ရှိရလေ၏ ။

မည်သို့ပင်ဖြစ်စေ ငှက်ကလေးသည် ယခုအကြိမ်တွင်လည်း မင်းသားကလေး၏ ခေါင်းပေါ်သို့ပင် သွား၍ နားလေ၏ ။ တိုင်းပြည်ပြည်သားတို့သည်လည်း သုံးကြိမ်မြောက် ဆက် ကာဆက်ကာ အရွေးခံရသဖြင့် ကန့်ကွက်ခြင်း မပြုကြတော့ဘဲ မင်းသားကလေးအား သူတို့၏ ဘုရင်သစ် အဖြစ် တင်မြှောက်ကြလေ၏ ။

သို့ဖြင့် မင်းသားကလေးသည် အဆိုပါ တိုင်းပြည်၏ ဘုရင်နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့ရ၏ ။ နှစ်ကြာလာသည်တွင် တိုင်းသူပြည်သားတို့သည်မင်းသားကလေး၏ ဉာဏ် ပညာနှင့် ကောင်းမွန်သော အကျင့်စာရိတ္တကို သိရှိလာကြလေ၏ ။ ထို့ကြောင့် မင်းသားကလေးသည် တိုင်းသူပြည်သားတို့၏ ကြည်ညိုမှုကို ရခဲ့လေ၏ ။

ထို့နောက် မင်းသားကလေးသည် သူ့ဖခင် ဘုရင်ကြီး ထံသို့ တမန်တော် လွှတ်ကာ ချစ်ကြည်ရေး တိုးတက်ရန် ဧည့်ဝတ်ပြုလိုပါကြောင်း ၊ သဝန်လွှာ ပို့စေလေ၏ ။ မင်းသားကလေးသည် သူ၏ စားတော်ဆက်များကို ခေါ်ကာ ကြွရောက်လာမည့် ဧည့်သည်တော်များအတွက် အစားအသောက်များကို အထူးကောင်းမွန်အောင် စီမံရန်နှင့် ထိုအစားအစာတို့ ထဲတွင် ဆား တစ်ပွင့်မှ မထည့်ရန်ကိုလည်း ပြောကြားထားလေ၏ ။ ထို့နောက် သူ့ဖခင် ဘုရင်ကြီးသည် ကိုယ်ရံတော်စစ်သားများ ခြံရံကာ ကြွရောက်လာလေ၏ ။ သို့ရာတွင် ကွဲကွာနေသည်မှာ ကြာပြီ ဖြစ်သည့်ပြင် ဘုရင်၏ ဝတ်စားတန်ဆာများနှင့် ဖြစ်နေ၍ ခရီးဦးကြို ပြုသော သားငယ် ဘုရင်အား ဖခင် ဘုရင်ကြီးသည် မှတ်မိနိုင်ခြင်း မရှိခဲ့ပေ ။

ဘုရင်နှစ်ပါးတို့သည် တွေ့ဆုံကြသည်တွင် ယခင်က သိခဲ့သော မိတ်ဟောင်းဆွေ ဟောင်းများကဲ့သို့ပင် ရင်းနှီးခင်မင်စွာ ဆက်ဆံပြောသည် ၊ အစားအသောက်တို့မှာ အထူး ကောင်းမွန် သော်လည်း စား၍ အရသာ မတွေ့နိုင်အောင် ဖြစ်ရလေ၏ ။ နှစ်ရက်မျှ ကြာလာသည်တွင် ဘုရင်ကြီးသည် ဆား လုံးဝ မပါသော အစားအစာတို့ကို စားနေရ၍ စိတ်လက် မအီမသာ ဖြစ်ကာ မအောင့်နိုင်တော့သဖြင့် သူ့ကိုယ်ရံတော် စစ်သားတို့အား အကျိုးအကြောင်းကို မေး လေ၏ ။

“ ဘယ်လို နေကြသလဲ ၊ အားလုံးကောင်းမွန်ကြရဲ့လား သားတို့ ”

“ အဆင်ပြေကြပါတယ် အရှင် ၊ စားသောက်ရတဲ့ အစာတွေကလည်း အထူးကောင်း မွန်ပါတယ် ၊ ဒါပေမယ့် မည်သည့် အစာတွင်မှ ဆားပါသည်ကို မတွေ့ရပါ ”

စစ်သားများ၏ စကားတို့ကို ကြားရသည်တွင် ဘုရင်ကြီးက ...

“ ဟုတ်တယ် ၊ သားတို့မှာ လိုပဲ ဖခင်ရဲ့ အစားအစာတွေ ထဲမှာလည်း ဆား လုံးဝမပါဘူး ၊ ညစာ အချိန်ကျရင်တော့ အကြောင်းစုံကို မေးကြည့်ရဦးမယ် ”

ထိုသို့ပြောဆိုပြီး ညနေဘက် ပွဲတော်တည်သည့် အခါတွင် ဧည့်သည် ဘုရင်ကြီးက ဆား အကြောင်းကို စတင် မေးမြန်းလေ၏ ။

“ အဆွေတော်ရယ် ၊ အသင့် တိုင်းပြည်မှာ ဆား လုံးဝ မရှိလို့လား ”

“ ကျွန်တော်မျိုးတို့မှာ ဆား ရှိပါတယ် ၊ ကျွန်တော် အုပ်ချုပ်နေတဲ့ နိုင်ငံဟာ ဆားသိပ် ထွက်လို့ ကမ္ဘာ့နိုင်ငံပေါင်း များစွာသို့ပင် တင်ပို့ရောင်းချ နေပါတယ် ”

“ ခုလို ဆားရှိလျက်နဲ့ အစားအစာတွေ ထဲမှာတော့ ဘာကြောင့် ဆားမထည့်သလဲ ”

“ အရှင်မြတ်၏ အစားအစာ ထဲသို့ ဆားကို မထည့်ရန် ကျွန်တော်မျိုး ကိုယ်တိုင် အမိန့် ပေးထားခြင်း ဖြစ်ပါသည် ၊ ခုလို အမိန့်ပေးရခြင်းမှာ အရှင်မင်းမြတ်သည် ဆားကို မနှစ်သက်၍ စားသုံးခြင်းပြုမည် မထင်၍ ဖြစ်ပါသည် ”

“ အဆွေတော်ရယ် ၊ ဘယ်လို ဒီအတိုင်း ဖြစ်နိုင်ပါ့မလဲ ၊ ကျွန်တော်တို့ဟာ ဆားနှင့် ကင်းပြီး နေလို့ မရကြပါဘူး ၊ ကျွန်တော်ဟာ ဆားကို အထူးနှစ်သက်ကြောင်းလည်းအဆွေတော်ကို အလေးအနက် ပြောလိုပါတယ် ”

ဖခင်ဘုရင်ကြီး၏ စကားအဆုံးတွင် မင်းသားကလေးသည် အဖြစ်မှန်ကို အောက်ပါ အတိုင်း ပြောပြလေ၏ ။

“ အရှင်သခင် ၊ အရှင်၏ သားငယ်ကလေးက ဖခင်အား ဆားလောက် ချစ်ပါသည်ဟု လျှောက်ထားစဉ်က သားငယ်၏ စကားကို နားဝင်မချို၍ အစောင့်စစ်သားတို့အား သားငယ်ကို သ,တ်စေခဲ့ပါသည် ”

အထက်ပါ မင်းသားကလေး၏ စကားတို့ကို ကြားရသည်တွင် ဧည့်သည် ဘုရင်ကြီးသည် သူနှင့် စကားပြောနေသူအား မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသွားလေ၏ ။ ထို့ပြင် သူ၏ အငယ်ဆုံးသား ဖြစ်ကြောင်းလည်း ကောင်းစွာ မှတ်မိသွားတော့၏ ။ ထို့ပြင် ဘုရင်ကြီးသည် မိမိ ပြုခဲ့သော အမှားကို တွေးကာ စိတ်မကောင်းခြင်း ကြီးစွာလည်း ဖြစ်ရရှာလေ၏ ။

ထို့နောက် ဘုရင်နှစ်ပါးတို့သည် တစ်ဦး လည်ပင်းကို တစ်ဦးဖက်ကာ လောကကြီးအား သတိမရနိုင်အောင်ပင် ကြင်နာ၍လည်း သွားကြ၏ ။ ထို့နောက် ဖခင် ဘုရင်ကြီးသည် သူ ပြုလုပ်မိခဲ့သော အမှားကို ခွင့်လွှတ်ရန် သားငယ် ဘုရင်အား တောင်းပန်စကား ဆိုလေ၏ ။

( ဘာသာပြန် )

〇 ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ နိုဝင်ဘာ

Thursday, July 31, 2025

သူများမကောင်းကြံ

 

❝ သူများမကောင်းကြံ ❞
            ( ပုံပြင် )

တစ်ခါတုန်းက တိုင်းပြည် တစ်ခုမှာ မရွှေလိပ် ဟု ခေါ်သော မိန်းမငယ် တစ်ဦး ရှိခဲ့လေ၏ ။ ထိုမိန်းမငယ်သည် အလွန်အလိမ်အကောက်များ၏ ။ ပြည်သူပြည်သားတို့ ထံမှ ရသမျှ ပစ္စည်းတို့ကို လိမ်၍ယူတတ်သောအကျင့်မှာ မရွှေလိပ်တွင် အမြဲ ရှိ၍နေ၏ ။ မရွှေလိပ်သည် ကောင်းသည် ၊ ဆိုးသည် ၊ နည်းသည် ၊ များသည် မရွေးချယ်ဘဲ ရနိုင်သမျှ ပစ္စည်းကို လိမ်၍ယူလေ၏ ။

သို့သော် လိမ်ဖန် များလာသည်တွင် မရွှေလိပ်၏ အကြောင်းသည် ဘုရင့်နားသို့ ပေါက်ကြား သွားလေ၏ ။ တိုင်းပြည်အုပ်ချုပ်သော ဘုရင်သည် တိုင်းသူပြည်သားတို့၏ အန္တရာယ်ကို ကာကွယ်ပေးရသည့်အတိုင်း မရွှေလိပ်အား ခေါ်ယူစစ်ဆေးလေ၏ ။ ကြားရသည့် သတင်းအတိုင်းပင် မရွှေလိပ်သည် လူတိုင်းအား လိုက်၍ လိမ်နေကြောင်း စစ်မှန်သည်ကို တွေ့ရသဖြင့် ဘုရင်က သူ၏ စစ်သားများအား မရွှေလိပ်ကို တိုင်းစွန်ပြည်နားက တောကြီး တစ်ခုထဲသို့ မောင်းထုတ်လိုက်စေလေ၏ ။

တောကြီးထဲသို့ ရောက်သောအခါ စစ်သားများသည် မရွှေလိပ်ကို ထားရစ်ခဲ့ပြီး နန်းတော်သို့ ပြန်၍လာခဲ့လေ၏ ။ မရွှေလိပ်သည်လည်း ခြေဦးတည့်ရာသို့ လျှောက်လာခဲ့ရာမှ တောနှင့် မနီးမဝေးသို့ ရောက်ပြီး တဲတစ်ခုကို တွေ့ရလေ၏ ။ ထိုတဲမှာ အဘိုးအိုနှင့် အမယ်အိုတို့ နှစ်ဦးတည်းသာ နေသော တဲဖြစ်လေ၏ ။ မရွှေလိပ် ရောက်သွားသော အခါတွင် ထိုတဲထဲမှ အဘိုးအိုသည် ထင်းခုတ်သွားနေပြီး အမယ်အိုကမူ အနီးအနားတွင် ရှိသော ရွာများသို့ ထင်းသွားရောင်းပြီး စုထားသော ငွေဒင်္ဂါးများကို ရေတွက် နေလေ၏ ။ အဘိုးအိုနှင့် အမယ်အိုတို့သည် တစ်သက်ပတ်လုံး ခြိုးခြံစုလာကြ၍ အမယ်အို ရေတွက်နေသော ငွေတို့မှာ အတော်များ ပြားလေ၏ ။

မရွှေလိပ်သည် အမယ်အို ရေတွက်နေသော ငွေတို့ကို တွေ့ရသည်တွင် ရသည့်နည်း နှင့် လိမ်၍ယူမည်ဟု ဆုံးဖြတ်လိုက်လေ၏ ။ ယင်းသို့ လိမ်၍ ယူရန်မှာ ချက်ချင်း မဖြစ်နိုင်ဘဲ အမယ်အို အိမ်တွင် အတန်ကြာ ကပ်နေပြီးမှ ဖြစ်နိုင်မည်ကို တွေးမိကာ မရွှေလိပ်သည် အောက်ပါအတိုင်း ဟန်ဆောင်၍ မျက်ရည်စက်လက်နှင့် အသနားခံ ပြောဆိုလေ၏ ။

“ အမေရယ် ၊ ကျွန်မရဲ့ အဖေနှင့် အမေတို့ကို လူဆိုးတွေ ဖမ်းသ,တ်သွားကြပါတယ် ၊ ကျွန်မလည်း လူဆိုးတွေ လက်ကလွတ်အောင် ပုန်း၍ ထွက်ပြေးလာခဲ့ရပါတယ် ၊ ခု ကျွန်မမှာ ဘယ်မှ ကပ်နေစရာ မရှိပါ ၊ အမေတို့ ဆီမှာပဲ နေပါရစေ ၊ အမေတို့ ခိုင်းသမျှကိုလည်း လုပ်ကိုင်ပေးပါ့မယ် ၊ အမေတို့ရဲ့အဝတ်တွေကိုလည်း ကျွန်မ လျှော်ပေးပါ့မယ် ”

“ အေးကွယ် ၊ အမေလည်း သမီး အကြောင်းကို ကြားရတာ စိတ်မကောင်းပါဘူး ၊ အမေတို့ မှာလည်း ကလေး မရှိတာနဲ့ဆိုတော့ အတော်ပဲပေါ့ ”

အမယ်အိုသည် အဘိုးအို ထင်းခုတ် ပြန်လာသောအခါတွင် မရွှေလိပ်ကို သနား၍ အိမ်တွင် လက်ခံထားကြောင်း ပြောပြရာ အဖိုးအို ကလည်း အလွယ်နှင့်ပင် လက်ခံလိုက်လေ၏ ။

သို့နှင့် မရွှေလိပ်သည် အဘိုးအိုတို့နှင့် အတန်ကြာ အကြံယူလျက် နေထိုင်လေ၏ ။

မရွှေလိပ်သည် နေ့စဉ်နေ့တိုင်း အဘိုးအို ထင်းခုတ်သွားရာသို့ ထမင်းလိုက်၍ ပို့ပေးရလေ၏ ။ မရွှေလိပ် ထမင်းပို့ သွားရာလမ်းတွင် ရေတွင်းအိုကြီး တစ်ခုလည်း ရှိလေ၏ ။ မရွှေလိပ်သည် အစတွင် ထိုရေတွင်းအိုကြီးကို အမှုမဲ့အမှတ်မဲ့သာ သဘောထားခဲ့လေ၏ ။ သို့သော် တစ်နေ့တွင် မရွှေလိပ်သည် သူမ အကြံအောင်ရန် ထိုရေတွင်းအိုကြီးကို အသုံးပြုနိုင်ကြောင်း တွေးမိလေ၏ ။ သူမ၏ အကြံမှာ အဘိုးအိုနှင့် အမယ်အိုတို့ကို လီဆယ်၍ ရေတွင်းအိုကြီး ထဲသို့ တွန်းချပြီး သူတို့၏ ငွေတွေကို ယူကာ ထွက်ပြေးရန်ပင်ဖြစ်၏ ။

သို့နှင့် မရွှေလိပ်သည် နောက်တစ်နေ့ ထမင်းပို့ သွားသောအခါတွင် ထမင်းတောင်းကို အဘိုးအို ဆီသို့ ရောက်အောင် မပို့တော့ဘဲ လမ်းတွင် ဝှက်ထားခဲ့ကာ အိမ်သို့ ပြန်လာပြီး အမယ်အိုအား အောက်ပါအတိုင်း လိမ်လည်ပြောဆိုလေ၏ ။

“ အမေရယ် ၊ ကြိုးရှည်ရှည် တစ်ချောင်းကို ယူပြီး အမြန် လိုက်ခဲ့ပါ ၊ အဖေဟာ ထမင်း ဆာလို့နဲ့  တူတယ် ၊ အိမ်ကို ပြန်လာရင်း ရေတွင်းပျက်ကြီးကို ငုံ့ကြည့်နေတာ တွေ့ရတယ် ၊ ပြီးတော့ အစာဆာလွန်းလို့ထင်ပါရဲ့ ၊ ရေတွင်းထဲကို မူးပြီး ကျသွားတယ် ”

အမယ်အိုသည် မရွှေလိပ်၏ စကားကို ကြားရသည်တွင် ဘာလုပ်ရမည် မသိအောင် ဖြစ်သွားရှာလေ၏ ။ ထို့ကြောင့်မရွှေလိပ် ကပင်...

“ စိတ်တော့လည်း သိပ် ပူမနေပါနဲ့ အမေရယ် ၊ အဖေဟာ သေတော့ မသေနိုင်ပါဘူး ၊ ရေတွင်းထဲမှာ ရေက သိပ်မနက်လို့ အဖေ ထိုင်နေနိုင်တာကို ကျွန်မ တွေ့ခဲ့ရပါတယ် ၊ အပေါ်က ကြိုးချ ပေးလိုက်ရင် ဆွဲတက်လာနိုင်မှာပါ ”

ဤတွင်မှ အမယ်အိုသည် အနည်းငယ် စိတ်သက်သာရာ ရသွားကာ ကြိုးရှည်တစ်ချောင်းကို ယူ၍ မရွှေလိပ်နှင့် အတူ လိုက်လာခဲ့လေ၏ ။ ရေတွင်းအိုကြီးသို့ ရောက်သည်တွင် အမယ်အိုသည် ရေတွင်းထဲ ကျနေသော အဘိုးအို၏ အခြေအနေကို သိလိုဇောနှင့် ရေတွင်းပေါ် မှ အောက်သို့ အပြေးအလွှား ငုံ့ကြည့်လေ၏ ။ အကြံနှင့် နေသော မရွှေလိပ်သည် အလိုက်သင့်ပင် အမယ်အိုအား ရေတွင်းထဲသို့ တွန်းချလိုက်လေ၏ ။

သို့သော် မရွှေလိပ်သည် မကောင်းကြံလိုစိတ်က ကြီးမားနေ၍ အမယ်အိုအား ရေ တွင်းထဲသို့ တွန်းချသော အခါတွင် အနီးအဝေး၌ လူသူလေးပါး ရှိမရှိကိုပင် သတိ မမူမိရှာပေ ။ ထိုအချိန်မှာပင် အဘိုးအိုသည် ထမင်းပို့ မလာနိုင်သဖြင့် ဆာလှ၍ ထင်းခုတ်ရာမှ ပြန်၍ လာရာ သူ့အမယ်အိုအား မရွှေလိပ်က ရေတွင်းထဲသို့ တွန်းချလိုက်သည်ကို ကောင်းစွာ လှမ်း၍ မြင်လိုက်ရလေ၏ ။

ထို့ကြောင့် အဘိုးအိုသည် အတင်း ပြေးလာကာ မရွှေလိပ်ကို ဖမ်းပြီး သူ ထင်းခုတ်သော ဓားမကြီးနှင့် မရွှေလိပ်၏ ခြေတွေလက်တွေကို ဖြတ်ပစ်လိုက်လေ၏ ။ ထို့နောက် အဘိုးအိုသည် ကြိုးတစ်ချောင်းကို ရှာကာ ရေတွင်းထဲသို့ ဆင်း၍ အမယ်အိုအား ဆယ်ယူလေ၏ ။ သို့သော် အဘိုးအိုသည် ရေတွင်းထဲတွင် အမယ်အို သေဆုံးနေရှာပြီ ဖြစ်သည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရလေ၏ ။ အဘိုးအိုသည် ရေတွင်းဘေးမှ တိုင်ငုတ် တစ်ခုကို ချည်၍ တွဲလောင်းခို ဆင်းခဲ့သော ကြိုးနှင့်ပင် ရေတွင်းပေါ်သို့ ပြန်တက်၍ လာခဲ့လေ၏ ။ အမယ်အို၏ အလောင်းကိုကား ရေတွင်းအို ထဲမှာပင် ထားရစ်ခဲ့လေ၏ ။

အဘိုးအို ရေတွင်းပေါ်သို့ ပြန်ရောက်လာသည်တွင် ခြေလက်တွေ ပြတ်နေသော မရွှေလိပ်သည် နာကျင်လှ၍ ညည်းညူ နေရှာသည်ကို တွေ့ရလေ၏ ။ အဘိုးအိုသည် ချက်ချင်း သ,တ်လိုက်သည်ထက် တာရှည် ဒုက္ခခံရပြီးမှ သေစေမည်ဟု ဆုံးဖြတ်ကာ မရွှေလိပ်အား လူသွားလမ်း၏ ဘေးမှ ကွက်လပ်တစ်ခုတွင် နေလှန်း၍ ပစ်ထားခဲ့၏ ။

သို့သော် မရွှေလိပ် မသေခင်မှာပင် ထိုလမ်း၌ ဖြတ်သွားသော လူတစ်ယောက်က တွေ့ရှိကာ ခြေပြတ်လက်ပြတ်နှင့် မရွှေလိပ် ညည်းညူနေသည်ကို သနား၍ အပေါ်မှ သူမကိုယ် နှင့် တော်ရုံအိုးကွဲ တစ်ခုနှင့် အုပ်ပေးပြီး အောက်မှ ကျောက်ပြားတစ်ခုကို ခံ၍ပေးလေ၏ ။ ထို့နောက် ခရီးသွားသူသည် ခြေပြတ်လက်ပြတ်ဖြစ်နေသော မရွှေလိပ်ကို ရေကန် တစ်ခု၏ ရေစပ်သို့ ယူသွားပြီး ချပေးထားခဲ့လေ၏ ။ မရွှေလိပ်လည်း အစားအစာ မစားရလင့်ကစား ရေကိုကား ဝဝ သောက်ရသဖြင့် အတန်ငယ် အားပြန်၍ ရှိသွားလေ၏ ။

သို့ဖြင့် မရွှေလိပ်သည် မသေဘဲ ဆက်လက် အသက်ရှင်၍ကား နေရရှာ၏ ။ သို့သော် သူမ၏ မကောင်းကြံမှုကြောင့် အဖြတ်ခံခဲ့ရသော ခြေတို့လက်တို့ကား အနာကျက် သွားသော်လည်း ပြန်၍ ရှည်မလာတော့ပေ ။

နောင်နှစ် ကြာလာသည်တွင် မရွှေလိပ်မှ သားကလေး ၊ သမီးကလေးများ ပေါက်ဖွား လာလေ၏ ။ ခု တွေ့နေရသော လိပ်တို့မှာ အဆိုပါ မရွှေလိပ်၏ အဆက်အနွယ် မြေးမြစ်များပင် ဖြစ်ကြလေ၏ ။ သို့ရာတွင် ခုရှိသော လိပ်တို့မှာ လူ၏ ကိုယ်ခန္ဓာနှင့်ကား လုံးဝ မတူတော့သည်ကို တွေ့နိုင်၏ ။ ယင်းသို့ ဖြစ်သည်မှာ ရေတွင် ကာလရှည်ကြာစွာ နေလာ၍ တဖြည်းဖြည်း ပုံသဏ္ဌာန် ပြောင်းလဲလာခြင်းဖြစ်၏ ။

မည်သို့ပင်ဖြစ်စေ ၊ လိပ်တို့၏ ကျောကုန်းနှင့် ရင်ဘတ်တို့မှာကား အိုးကွဲပုံနှင့် ကျောက်ပြားသဏ္ဌာန်ပင် ခပ်ဆင်ဆင် တူလျက်ရှိနေသေးသည်ကိုတွေ့နိုင်၏ ။ ကဲ ... ကလေးတို့လည်း မလိမ်မကောက်ကြနဲ့ ၊ မကောင်းမကြံချင်ကြနဲ့နော် ၊ ဒုက္ခတွေ့ရတတ်တယ် ။

〇 ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၇ ၊ ဇူလိုင်

Monday, July 21, 2025

အကြံကောင်း၍သာ

 

❝ အကြံကောင်း၍သာ ❞
           ( ပုံပြင် )
        
တစ်နေ့တွင် ဆင်းရဲသား တစ်ယောက်သည် သူ၏ လယ်ကွင်းထဲတွင် တွင်းတစ်ခုကို တူးရာ တူရွင်းသည် သံသေတ္တာ တစ်လုံးကို တူးမိလေ၏ ။ ဆင်းရဲသားသည် သံသေတ္တာကို တွင်းထဲမှ ဆွဲထုတ်ကြည့်သည်တွင် သံသေတ္တာထဲ၌ ရွှေငွေများနှင့် ကျောက်မျက်ရတနာများ ဖြင့် ပြည့်နေသည်ကို တွေ့ရလေ၏ ။

ထိုလူဆင်းရဲသည် နေ့အချိန်တွင် သံသေတ္တာကို မူမပျက်ပြန်ထားပြီး ညရောက်မှ သူ့မယားနှင့် အတူ အိမ်သို့ သယ်၍ ယူခဲ့လေ၏ ။

“ ငါတို့ ကံကောင်းလို့ ဒီပစ္စည်းရတနာတွေကို ရတာပဲ ၊ ဒါတွေကို ဘယ်မှာ ဝှက်ထားကြမလဲ ၊ တကယ်လို့ ဘုရင်မင်းမြတ် ကြားသွားရင်တော့ ဒီပစ္စည်းတွေကို သိမ်းယူမှာသေချာ တယ် ”

ဆင်းရဲသားသည် ရတနာပစ္စည်းတွေကို ကြည့်ကာ ခုလို စိုးရိမ်မကင်းသော အမူအရာ နှင့်ပြောလေ၏ ။

“ လွယ်ပါတယ်ရှင် ၊ အိမ်အောက်မှာ မြှုပ်ထားလိုက်ရင် ပြီးတာပဲ ၊ ဘယ်သူ သိနိုင်မှာလဲ ”

မယားဖြစ်သူ အကြံပေးသည့် အတိုင်း ဆင်းရဲသားသည် ရွှေငွေနှင့် ကျောက်မျက်ရတနာတွေ ထည့်ထားသည့် သံသေတ္တာကို အိမ်အောက်တွင် မြှုပ်၍ ထားလိုက်လေ၏ ။

ဆင်းရဲသား၏ မယားသည် ရွှေငွေတွေ နှင့် ကျောက်မျက်ရတနာတွေ ကို ရသဖြင့် အထူး ဝမ်းသာ၍ နေလေ၏ ။ သို့ရာတွင် လင်ဖြစ်သူ ဆင်းရဲသား ခမျာမှာမူ သူ့မယား၏ နှုတ်ကမြင်းပုံကို သိရှိထား၍ သူမ ရေခပ်သွား နေစဉ်တွင် ဟိုတွေးဒီတွေး တွေးကာ စိုးရိမ်မကင်း ဖြစ်၍ နေရှာလေ၏ ။

“ ဒီမိန်းမက သိပ်စကားများတာ ၊ တကယ်လို့ ရေခပ်သွားရာတွင် တစ်ဦးတစ်ယောက်
နှင့် တွေ့ပြီး ပြောကုန်ရင်ဖြင့် ငါတို့ လျှို့ဝှက်ချက်ကို လူတွေ သိကုန်တော့မှာပဲ ”

ထိုသို့ သူ့ကိုယ်သူ ပြောပြီး ဆင်းရဲသားသည် မယား ဖြစ်သူ ရေခပ်ရာက ပြန်မလာမီ မှာပင် အိမ်အောက်တွင် မြှုပ်ထားသော သံသေတ္တာကို တူးဖော်ပြီး လယ်ကွင်းထဲသို့ သွား၍ မြှုပ်ထားလိုက်လေ၏ ။ ထို့နောက် သူဆင်းရဲသည် မယားဖြစ်သူ ရေခပ်ရာက ပြန်လာသောအခါတွင် အကြောင်း တစ်စုံတစ်ရာကြောင့် ဝမ်းသာသည့် အသွင်ဖြင့် ...

“ ငါတို့ တောထဲသွားပြီး ငါးဖမ်းကြရအောင် ၊ တောထဲမှာ ငါးတွေ အများကြီးရှိတယ်လို့ ကြားထားတယ် ”

“ ဘာပြောတယ်ရှင့် ၊ တောထဲသွားပြီး ငါးဖမ်းကြမယ် ဟုတ်လား ”

“ အေး ၊ ဟုတ်တယ် ၊ နက်ဖြန်ကျတော့ ရှင်မ တွေ့ရမှာပေါ့ ။ တောထဲမှာ ငါးရှိတယ် ဆိုတာ ”

နောက်တစ်နေ့ နံနက်တွင် ဆင်းရဲသားသည် အိပ်ရာ မှ အစောကြီး ထကာ ဘုရင့် ရေကန်ထဲမှ ငါးခိုးဖမ်းသည့် တံငါသည် ထံသို့ သွားပြီး ငါးအချို့ကို ဝယ်ယူလေ၏ ။ မုန့်ဖုတ်သူ ထံမှလည်း ကိတ်မုန့် ၁၂ - လုံးကို ဝယ်ယူခဲ့လေ၏ ။ အပြန်လမ်းတွင် ယုန်တစ်ကောင်ကို တွေ့၍ ဆင်းရဲသားသည် သ,တ်၍ ယူခဲ့သေး၏ ။

ဆင်းရဲသားသည် ထိုအရာများကို ယူသွားပြီး ငါးများကို တောထဲမှ နေရာ တစ်ခုတွင် ချထားခဲ့ကာ ကိတ်မုန့်များကို အခြား တစ်နေရာမှ သစ်ပင်၏ အကိုင်းများတွင် ချိတ်ဆွဲထားခဲ့လေ၏ ။ သ,တ်၍ ယူခဲ့သည့် ယုန်သေ ကိုမူ ငါးမျှားချိတ်ကြီးကြီး တစ်ခုတွင် ချိတ်ဆွဲကာ တော အနီးရှိ မြစ်ထဲတွင် ချထားခဲ့လေ၏ ။

သို့ပြုလုပ်ပြီးနောက် ဆင်းရဲသားသည် အိမ်သို့ ပြန်လာကာ မူမပျက် နေပြီး နံနက် မိုးသောက်သောအခါတွင် မယား ဖြစ်သူကို ခေါ်ကာ သူ နံနက်စောစောက သွားခဲ့သည့် လမ်းအတိုင်း တောထဲသို့ ထွက်၍လာခဲ့လေ၏ ။ တောထဲသို့ ရောက်သည်တွင် ဆင်းရဲသား၏ မယားသည် ငါးအချို့ကို မြေကြီးပေါ်တွင် တွေ့ရ၍ လွန်စွာအံ့ဩမိရှာလေ၏ ။ ငါးများကို ကောက်ယူကာ ရှေ့သို့ဆက်၍ လာခဲ့ကြသည်တွင် သစ်ပင်ပေါ်မှ သစ်ကိုင်းများတွင် ချိတ်ဆွဲနေသော ကိတ်မုန့်များကို တွေ့ရ၍ ...

“ ဟိုမှာကြည့်စမ်း ၊ ကိတ်မုန့်တွေ သစ်ကိုင်းပေါ်မှာ ချိတ်တင်နေကြတယ် ”

မယားဖြစ်သူက လွန်စွာ အံ့သြ၍ နေသော်လည်း လင်ဖြစ်သူ ဆင်းရဲသားကမူ မထူး ဆန်းလှသည့် အသွင်ဖြင့် ဤသို့ ပြန်လည်ပြောဆိုလေ၏ ။

“ ဒါ အဆန်းမှတ်လို့ ၊ မုန့်မုန်တိုင်းမိုး ရွာလို့ ဒီသစ်ပင် ပေါ်မှာ တချို့တလေ ချိတ်ကျန်ခဲ့တာပေါ့ ”

ထို့နောက် သူတို့သည် သစ်ကိုင်းမှ ကိတ်မုန့်များကို ဖြုတ်ယူကာ ရှေ့သို့ဆက်၍ သွားကြသည်တွင် တောင်အနီးရှိ မြစ်ကမ်းသို့ ရောက်၍ လာကြလေ၏ ။

“ နေဦးဟေ့ ၊ ငါ မျှားထားခဲ့တဲ့ ငါးမျှားချိတ်မှာ ဘာကောင် မိသလဲ ဆိုတာ ကြည့်ခဲ့ဦးမယ် ”

ဆင်းရဲသားသည် ငါးမျှားချိတ်ကြိုးကို ဆွဲယူလိုက်ရာ ယုန်ကြီး တစ်ကောင် ငါးမျှား ချိတ်တွင် မိ၍ ပါလာသည်ကို တွေ့ရသဖြင့် မယား ဖြစ်သူ ခမျာမှာ လွန်စွာအံ့ဩသွားကာ ...

“ ဟယ် ... ဘယ်လောက် ထူးဆန်းသလဲ ၊ မြစ်ထဲ ငါးမျှားတာ ယုန်ကြီး တစ်ကောင် မိလာတယ် ”

သို့ရာတွင် လင်ဖြစ်သူ ဆင်းရဲသားကမူ ဘာမျှ မထူးလှ သကဲ့သို့ အေးအေးပင် ပြန်၍ ပြောဆိုလေ၏ ။

“ ဒါ ... မထူးဆန်းပါဘူး ၊ ရေထဲမှာ ယုန်များလည်း နေကြတယ်ဆိုတာ ရှင်မ မတွေ့ဖူးလို့လား ”

“ ဟင့်အင်း ၊ ကျွန်မတော့ တကယ်ပဲ ရေထဲနေတဲ့ ယုန် ရှိတယ်ဆိုတာ ကြားတောင် မကြားဖူးပါဘူး ”

ထို့နောက် ဆင်းရဲသား လင်မယားသည် အိမ်သို့ပြန်လာကာ တောထဲမှ ရလာသော ငါး နှင့် မြစ်ထဲမှ ရလာသော ယုန်သားကို ကောင်းမွန်စွာ ချက်ပြုတ်စားသောက်ကြလေ၏ ။

နောက်ရက်တွင် လူ အများသည် ဆင်းရဲသား တွေးထင်ခဲ့သည့် အတိုင်း သူ ကျောက်မျက်ရတနာ နှင့် ရွှေငွေများ ရထားသည့် အကြောင်းကို ဟိုးလေးတကြော် ပြောဆို၍နေကြလေ၏ ။ ထိုနှင့် မရှေးမနှောင်းမှာပင် ဘုရင့်နန်းတော်က စေတမန် လွှတ်ကာ ဆင်းရဲသားအား ဆင့်ခေါ်လေတော့၏ ။ သို့ဖြစ်ရခြင်းအတွက် ဆင်းရဲသားသည် သူ တွေးထားသည့်အတိုင်း ဖြစ်လာခြင်းဖြစ်၍ ထူးဆန်းသည်ဟု မထင်မိရှာပေ ။

နန်းတော်သို့ ရောက်သည် တွင် ဆင်းရဲသားသည် ဘုရင့်ရှေ့တော်၌ သူ့မယား လည်း ရောက်နေနှင့်သည်ကို တွေ့ရလေ၏ ။ ဆင်းရဲသား ရှေ့တော်သို့ ရောက်ကြောင်း သိရသည်တွင် ရှင်ဘုရင်က ဤသို့မေးလေ၏ ။

“ အသင်ဆင်းရဲသားသည် ရွှေငွေ နှင့် ကျောက်မျက်ရတနာများ ရထားသည်ဟု ကြားရသည် ၊ အမှန်ပဲ မဟုတ်လား ”

ဘုရင့် အမေးစကားကို ကြားရသော ဆင်းရဲသားသည် ထူးဆန်းအံ့ဩလှသော ဟန်ပန်ဖြင့် ...

“ မဟုတ်ကြောင်းပါ ”

“ ဒါပေမယ့် အသင့် မိန်းမကတော့ အမှန်ပဲလို့ ပြောနေပါလား ”

“ ကျွန်တော်မျိုး မယား ရူးနေရှာပါသည် ၊ သနားစရာကောင်းသော မိန်းမပါ ၊ သူမ ဘာပြောသည် ဆိုတာကိုပင် သူမ မသိရှာပါ ”

ဆင်းရဲသား၏ စကားကို ကြားရသည်တွင် မယား ဖြစ်သူသည် စိတ်မာန်ဆိုးကာ ဤသို့ အော်ဟစ်၍ လျှောက်တင်လေ၏ ။

“ ကျွန်တော်မ ယောက်ျား ရွှေငွေနှင့် ကျောက်မျက်ရတနာသေတ္တာကို ရထားသည်မှာ အမှန် ဖြစ်ပါသည် ။ ထိုသေတ္တာကို အိမ်အောက်မှာ မြှုပ်၍ ထားပါသည် ”

“ သင့် ယောက်ျား ၊ ရတနာများကို ဘယ်တော့ တွေ့ခဲ့သလဲ ”

“ တစ်နေ့ညနေက သူ တောထဲသို့ ငါးသွားရှာရင်း တွေ့ခဲ့ခြင်းဖြစ်ပါသည် ”

“ သင် ဘာတွေ မဟုတ်မဟပ် ပြောနေသလဲ ”

“ ကျွန်တော်မ အမှန်ကို လျှောက်တင်နေပါသည် ။ ထိုရတနာများ တွေ့ပြီး ညတွင် ကိတ်မုန့်မုန်တိုင်းမိုးလည်း ရွာပါသည် ။ နောက်နေ့ တောထဲသို့ ငါးရှာသွားရာတွင် ကျွန်တော်မတို့ ကိတ်မုန့် ၁၂ - လုံးကိုပင် သစ်ကိုင်းမှ ရခဲ့ပါသေးသည် ။ ထို့နောက် ကျွန်တော်မ ယောက်ျားသည် တော အနီးမှ မြစ်ထဲက ယုန်တစ်ကောင်ကိုလည်း ငါးမျှားချိတ်နှင့် မျှားယူ၍ ရခဲ့ပါသေးသည် ”

ဆင်းရဲသားမယား၏ စကားအဆုံးတွင် ဘုရင်က ...

“ ဤမိန်းမ ရူးနေသည်မှာ အမှန်ဖြစ်ကြောင်း သူ့စကားအရ သိရပြီ ၊ သို့သော် တာဝန်ရှိသည့်အတိုင်း ဆင်းရဲသား၏ အိမ်အောက်သို့ သွားပြီး ရှာဖွေကြရဦးမည် ”

အစေအပါးတို့သည် ဘုရင့်အမိန့်အတိုင်း ဆင်းရဲသား၏ အိမ်အောက်သို့ သွားကာ တူးဆွရှာဖွေကြလေ၏ ။ သို့ရာတွင် သူတို့သည် ဘာမျှ မတွေ့ရ၍ အကြောင်းစုံကို ဘုရင်အား ပြန်လည် လျှောက်တင်ကြလေ၏ ။

သို့ဖြင့် ဆင်းရဲသားသည် သူရထားသော ပစ္စည်းရတနာများကို သူ၏ ကောင်းသော အကြံအစည်တို့ဖြင့် ကာကွယ်ထိန်းသိမ်းထားနိုင်ခဲ့လေ၏ ။

⎕ ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ ဩဂုတ်