Showing posts with label မြတ်ကိုကို ( ရုက္ခ ). Show all posts
Showing posts with label မြတ်ကိုကို ( ရုက္ခ ). Show all posts

Thursday, September 10, 2026

မတူညီသော သက်ရောက်မှု


❝ မတူညီသော သက်ရောက်မှု ❞
      ▢ မြတ်ကိုကို ( ရုက္ခ )

မောင် ဝဋ်လည်နေပြီ ထင်ပါတယ် မေနှင်းရယ်။ ဟုတ်ပါ တယ်လေ။ မောင် တကယ်ကို ဝဋ်လည်တာပါ။ သည့်ထက် ရှင်းအောင် ပြောရရင် မေနှင်းရဲ့ ဝဋ်တွေ မောင် လည်နေပါပြီကွယ်။ မေနှင်း တုန်းကလည်း အခု မောင့်လိုပဲ ခံစားရလိမ့်မယ်ဆိုတာ ပစ္စက္ခ အခြေအနေတစ်ရပ်မှာတော့ နူးညံ့သိမ်မွေ့စွာ မောင် ကိုယ်ချင်းစာလို့ ရသွားပါပြီကွယ်။

ဒါပေမဲ့ မေနှင်းရယ်၊ အချိန်တွေကို နောက်ပြန်ဆုတ်ခိုင်းလို့မှ မရကောင်းတာမျိုးဘဲလေ။ အပြစ်ရှိသူကို လက်ညှိုးထိုးစတမ်း ဆိုရင် ကိုယ့်ကိုယ်ကိုယ်က လွဲပြီး တခြားသူ လက်ညှိုး ထိုးစရာ မရှိခဲ့ပါဘူးကွယ်။ ဒါ အမှန်တရား တစ်ခုပဲပေါ့။

▭ အတိတ်၏ အရိပ်များ

လွန်လေခဲ့ပြီးသော ဆယ်စု နှစ် သုံးစုနီးပါးလောက်ဆီတုန်းက အများသူငါတွေလို မမနဲ့ မောင်လေး ဇာတ်လမ်းတွဲထဲမှာ “ဘုန်းသက်ကျော်နဲ့ မေနှင်းကြည်” တို့ မမ...မောင်လေး စုံတွဲကလည်း ရိုးရှင်းစွာ ပါဝင်ခဲ့သည်။

ထိုကာလများတွင် ဘုန်း သက်ကျော်က ရီဂျင်နယ်ဒုတိယနှစ် ကျောင်းသားတစ်ယောက်၊ မေနှင်းကြည်က မဟာသိပ္ပံ အတွက် စာတမ်းပြုစုဆဲ ကျောင်းသူရင့်ရင့်တစ်ပိုင်း၊ ကျူတာပေါက်စတစ်ပိုင်း။ ထို့ထက်ပို၍ မိသားစုချင်း၊ ပတ် ဝန်းကျင်ချင်း၊ အသိုင်းအဝိုင်းချင်း၊ နီးစပ်မှုကြောင့် သူတို့နှစ်ဦးရဲ့ မမနဲ့ မောင်လေး ဇာတ်လမ်းမှာ ပန်းခင်းသောလမ်းထက် ဖဲမွေ့ရာနှင့် ရွှေကောာပမာ ဖြစ်ခဲ့ရသည်။ သူတို့နှစ်ယောက် အိမ်ထောင်ကျတော့ ဘုန်းသက်ကျော်က နှစ်ဆယ့်နှစ်နှစ်၊ မေနှင်းကြည်က နှစ်ဆယ့်ရှစ်နှစ်၊ အသက် ကွာခြားချက် ခြောက်နှစ် ဆိုတာ ပျိုမျစ်နုနယ်တုန်း အချိန်တွင်တော့ ဘာမှ မသိသာခဲ့ရိုး အမှန်ပင်။

ခုလိုမျိုးတွေ ဖြစ်ပျက်ခဲ့ရ တာဟာလည်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အိမ်ထောင်ရှင်ယောက်ျားသားတွေရဲ့ ဒါမှမဟုတ် အိမ်ထောင်ရှင်မ တချို့တွေရဲ့ မပျက်ယွင်းသော မူတစ်ခုကြောင့်ပဲလားတော့ မသိ။ ဘုန်းသက်ကျော် တစ်ယောက် တိုးတက် ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းထဲ သေသေသပ်သပ် တိုးဝင်စီးမျောခဲ့ပါသည်။ ထို့ ကြောင့်ပင်လျှင် ထိုထိုကုန် သော ကိစ္စမျိုးတို့သည် အိပ်မက် မဟုတ်ဘဲ ရိုးရှင်းလှစွာ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ရပါလေသည်။

အိမ်ထောင်ကျစဉ် မေနှင်း ကြည်မှာ ပီဘိ သရုပ်ပြ ဆရာမ တစ်ယောက် ဖြစ် နေခဲ့ပြီ။ ကုမ္ပဏီများ ခေတ်တစ်ခေတ် ထချိန်ဖြစ်၍ ဘုန်းသက်ကျော် သည်လည်း သူငယ်ချင်း တစ်ယောက်နှင့် တွဲပြီး ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား တည်ထောင်ခဲ့သည်။

သူတို့နှစ်ယောက်၏ အိမ် ထောင်သက်တမ်း ငါးနှစ်အတွင်း သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်။ ထိုအချိန်ကာလသည် သူတို့အတွက် အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး ဆိုသည်မှာ ပြော စရာ မလိုလောက်အောင် ရွှေရောင်လွှမ်းသော နေ့ရက်များသာ ဖြစ်ခဲ့ပါ၏။ သို့သော် အနာဂတ်ကိုတော့ဖြင့်လျှင် သူသူကိုယ်ကိုယ် ကြိုတင်မြင်နိုင်စွမ်း မရှိသည်မှာ သဘာဝကျပါသည်။ ထို့ကြောင့်...

ဘာလိုလိုနှင့် သူတို့နှစ်ဦး၏ အိမ်ထောင်သက်တမ်းသည် ကား ငွေရတုသို့ပင် တိုင်ခဲ့လေပြီ။

▭ နှောင်းကာလမှ အတွေးပုံရိပ်များ

မေနှင်း တစ်ခု သတိထားနေမိခဲ့သည်မှာ ပြောင်းလဲလာ သော ဇရာနှင့် အချိန်တို့ တိုက်ရိုက်အချိုးကျမှုကိုပင်ဖြစ်သည်။ ခုတစ်လော မောင် တစ်ယောက် မူသိပ်မမှန်ချင်ပေ။ သည် အသက်အရွယ်၌ မောင်သည် ရင့်ကျက်သည့် အသွင်သဏ္ဌာန် ဆန်နေသင့်သည်ဟု မေနှင်း ထင်သည်။ ယခုတော့ မဟုတ်။ အောင်မြင်နေပြီ ဖြစ်သော ကုမ္ပဏီကို အစထား၍ တကယ်ပင် အလုပ်များသည်လား။ အလုပ်များချင်ဟန်ဆောင်နေသည်လားတော့ဖြင့် ပြောရခက်လှပါသည်။ မောင် အိမ် သိပ်မကပ်တော့ပါ။

ထို့ထက်ပို၍ မောင့်ရဲ့ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံများကလည်း ခေတ်လူငယ်လေး တစ်ဦးနှယ်။ မောင်သည် ဘဝ၌ အပူအပင်ဆိုသည့် ဘာသာရပ်အား မကြုံ၊ မဆုံ၊ မကြားခဲ့ဖူးရသည့်အလျောက် တကယ်လည်း ရှိရင်းစွဲအသက်ထက် လတ်ဆတ်နုပျိုကာ ခေတ်ပေါ် လူငယ်လေးတစ်ဦးနှင့် မခြားပါ။ မိမိမှာသာ ...

ဟုတ်ပေလိမ့်မည်။ အသက်ကွာခြားသော အိမ်ထောင်ရှင်တွေ၏ ကောင်းကျိုး ဆိုးပြစ်ကို မေနှင်း မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ။ အိမ်ထောင်တစ်ခုမှာ ယောက်ျားက အသက်ကြီးပြီး မိန်းမက အသက်ငယ်လျှင် တော်ပေသေးဟု ထင်ရကောင်းမည်။ ယခု မိမိတို့က ပြောင်းပြန်။ ကွာခြားသည့် အသက်ပမာဏမှာ ခြောက်နှစ်။ ထိုခြောက်နှစ်သည် သိပ်ပြောပလောက်စရာ ဂဏန်းအရေအတွက် မဟုတ်စေကာမူ အိမ်ထောင့်တာဝန် ဝတ္တရား၊ အလုပ်တာဝန် ဝတ္တရားများနှင့် အခြားဗာဟီရများကို နှစ်ပေါင်းနှစ်ဆယ်ကျော် ထမ်းရွက်လာခဲ့ရသော ယခု အသက် ငါးဆယ်စွန်းစအရွယ် မေနှင်း အဖို့ မောင့်အတွက် ရင်လှိုက်ဖိုစရာ မြင်ကွင်းသည် ငယ်ချစ်တည်းဟူသည့် အကြည့်ဖြင့် ကြည့်၍ မြင်ရသော သံယောဇဉ် မှ လွဲပြီး ကျန်တာ ဘာတစ်ခုမျှ ဟုတ်ဟုတ်ငြားငြား မရှိတော့ပါ။

ထို့ပြင် အသက်အပိုင်း အခြားအားဖြင့် လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်၌ ဖြစ်လေ့ဖြစ်ထရှိသော အိမ်ထောင်ရှင်မတွေ၏ မပျက်ယွင်းသည့် မူဘောင်ထဲသို့ မေနှင်းလည်း ငြင်းဆန်ခြင်း မပြုနိုင်စွာ ခေါင်းလျှိုဝင်ခဲ့ရသည်။ ၎င်းအသက်အရွယ် အပိုင်းအခြားတွင် ရင်သွေး မွေးဖွားခဲ့ဖူးသော မိခင်တို့သည် လူတိုင်း မဟုတ်စေကာမူ ဗိုက်ခေါက်က ထူလာ၏။ အဝလွန်လာ၏။ လည်ကုပ်က အစ်လာ၏။ ခန္ဓာကိုယ်တစ်ဝှမ်း မလိုလား အပ်သော အဆီပိုတို့ တပျော်တပါး လာရောက်စုဝေးကုန်ကြသည်ပင်လျှင် နောက်ဆုံးပေါ် ကပ်ရောဂါဆန်း တစ်ခုလို ဖြစ်နေခဲ့သည်။ ထို့ထက်ပို၍ အရွယ် အကျမြန်သော မိန်းမအမျိုး အစားထဲ မေနှင်းက အဆစ် အနေဖြင့် ပါလိုက်သေးသည်။ ဇရာ အန်တုလို့ မရနိုင်ပါတဲ့။ မှန်လွန်းလှသည့် စကားတစ်ရပ်ပင်။

အဆိုပါ သတင်းကြားခါစက ရော်ရမ်း၍ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာသဖြင့် ထူးထူးထွေထွေ အံ့ဩခြင်းတော့ အလျှင်းမဖြစ်ခဲ့ပါ။ သို့သော် အတန်ငယ် တုန်လှုပ်သွားမိရ တာ အမှန်။ မောင်သည် မေနှင်းကို မငဲ့ကွက်ရင်နေပါစေ။ သားနှင့် သမီး မျက်နှာကိုတော့ ထောက်ထားစေချင်သည်။ မိသားစု ဆိုသည့် ဝေါဟာရ၏ အနက် အဓိပ္ပာယ်အား မောင် သေသေချာချာ ဘာသာပြန်သင့်သည် မဟုတ်လား။ ဒါပေမဲ့-

သမီးကြီးပင်လျှင် ဟောက်စ် ဆင်းနေရပြီ။ ဆရာဝန်ပေါက်စနလေး ဖြစ်လို့ နေပြီး သားငယ်သည် မနှစ်ကပဲ ဥပဒေဘွဲ့ကို ယူခဲ့ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရှေ့နေ ကောင်းတစ်ယောက် ဖြစ်ရန် ဝါယမစိုက်ထုတ်မှုကို အစွမ်းကုန် မြှင့်တင်နေချိန် ဖြစ်သည်။ ဒီလို အချိန်အခါမျိုး၌ ဒီလို အပြုအမူမျိုးကို မောင်သည် မပြုရစကောင်းပါ။ မောင့်ကို ငယ်လင်ငယ်မယားမို့ မောင့်အကြောင်း ယဉ်ပါးစွာဖြင့် မေနှင်း နားလည်ပေးနိုင်ကောင်း ပေးနိုင်ငြားသော် လည်း ကျန်လူများတို့သည် မေနှင်း မဟုတ်ကြပါ။

မောင့်ကို မေနှင်း ထိုကိစ္စနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပဲ မေးသည်။ မောင်သည်လည်း မခြွင်းမချန်ပဲ ပြန်ဖြေသည့် အပြင် တိကျပြတ်သားသော စကားတို့အား ဆိုပါသေးသည်။ ထို့အတွက်ကြောင့် မောင့်အား ကျေးဇူးတင်ရပါ၏။ မောင် ပြောသည်မှာ “မေနှင်းကို မောင် ချစ်နေဆဲပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ရွှန်းလဲ့နဲ့က...” မောင့်အသံတို့ တိမ်ဝင်သွားသည်။ နောက်ဆုံးတော့ အလိုမတူပါဘဲလျက် အလိုတူခဲ့ရသူ တစ်ဦးပမာ လောကဓံနှင့် မေနှင်း တစ်သားတည်း ကျခဲ့ရပြီပဲလေ။

အားယူ၍ ဆက်ပြောရသော လေသံမျိုးဖြင့် “မောင့်ကို နားလည်ချင်တဲ့ ပုံစံမျိုးနဲ့သာ နားလည်လိုက်ပါ။ ဒါပေမဲ့ မေနှင်းကို မောင်ဘယ်တော့မှ ကွာရှင်းမှာ မဟုတ်ပါဘူး” ဆိုသော ကျွဲကူးရေပါ စကားမျိုးဖြင့် ထိုကိစ္စကို မောင် အနားသတ်ခဲ့သည်။

မောင် စွန့်ခွာသွားသော အဲသည် အချိန်ကာလကတည်းက စိတ္တဇရက်စွဲတွေထဲမှာ ဂနာမငြိမ်တဲ့ နှလုံးသားဟာ တည်ငြိမ်မှုကင်းမဲ့လွန်းလှသည်။ သွေး သားအလိုဆန္ဒအရ မဟုတ်ပေမယ့် မိသားစုဆိုတဲ့ လှုံ့ဆော်စိတ်နဲ့ သား၊ သမီးတွေအတွက် မောင့်ကို မေနှင်း လိုအပ်နေဆဲပါ။ ဒါပေမဲ့ မောင်ရယ်...

တစ်လကို တစ်ခါ၊ ဒါမှ မဟုတ် နှစ်ခါ မောင် အိမ်ကို
လာတဲ့ အခါမျိုးမှာ မောင့်ကို ဧည်သည် တစ်ယောက်လို ဆက်ဆံရတဲ့ အခါတိုင်း၊ ဟန်ဆောင်ပန်ဆောင်နဲ့ သွေ့သွေ့ ခြောက်ခြောက် ပြုံးရယ်ပြရတဲ့ အခါတိုင်း မေနှင်း နှလုံးသားတွေ ဘယ်လောက်အထိ နာကျင် ခံခက် ကွဲအက်ရသလဲ ဆိုတာ မောင် နားလည်နိုင်ပါ့မလား။ စိုသောလက် မခြောက်စေချင်တာထက် မောင့်မျက်နှာကိုပဲ ထာဝရမြင်တွေ့ခွင့် ရှိချင်ခဲ့သူပါ မောင်။

သမီးကြီးသည် မောင်နှင့် ရွှန်းလဲ့တို့ ထဲထဲဝင်ဝင် ပတ်သက်ပြီး နှစ်နှစ် အကြာတွင် နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့ ထွက်ခွာသွားခဲ့ကာ သားငယ် သာလျှင် အမေအနား ကျန်ရစ်သည်။ မေနှင်းလည်း ကျန်းမာရေး အခြေအနေကြောင့် အလုပ်မှ နားလိုက်ရသည်။ မကြာခင်ပင် သားငယ်သည် ရှမ်းပြည်နယ်ဘက်၌ တာဝန်ထမ်းဆောင်ရန် ပိုစတင်ကျလာသဖြင့် မေနှင်း အနားမှ ဖယ်ကြဉ်သွားရပြန်လေသည်။ ထို့ကြောင့်ပင် ညီမ အပျိုကြီးကို အိမ်ခေါ်ထားကာ အဖော်ပြုနေခဲ့ရသည်။ အားလုံးက သည်လိုအနေအထားမျိုးနှင့် ပတ်သက်၍ ဘယ်လိုနည်းနှင့်မှ မကျေနပ်ကြ။ မောင့်အသိုင်းအဝိုင်းဘက်က ပိုဆိုးသည်။ မောင် ဒီလို လုပ်သွားသည်ကို သူတို့ လုံးလုံးမနှစ်မြို့၊ သို့သော် သူတို့ခမျာတွေလည်း မေနှင်းကို နှစ်သိမ့်အားပေးရုံအပြင် ဘာမှ ပို၍ မတတ်စွမ်းနိုင်ခဲ့ကြပါ။

▭ အတိတ်အား ပြန်လည်ဆန်းစစ်ခြင်း

ခုချိန်ခုခါမှာတော့ ဘာမှ မတတ်နိုင်ပြီး လူတွင် ပါ၍ နွားကျားကိုက်သည် ဟုသာ သုံးနှုန်းရပေလိမ့်မည်။ သူက သွားပြီး ဆတ်ဆတ်ဆော့ဆော့ နေခဲ့မိသည်လေ။ အကယ်စင်စစ်မူ မေနှင်းကို သူ သိပ်ချစ်ပါသည်။ သို့သော် ဇရာ ကိုတော့ဖြင့် သူ မချစ်နိုင်ခဲ့ပြီ။ ဒီနေရာမှာ တရားသဘောအား သူခေတ္တ မေ့ထားချင်သည်။ နားမလည်၍ မဟုတ်။ နားလည်ပါ၏။ အသိခေါက်ခက် အဝင်နက်နေခြင်းမျိုးဟုသာ ဆိုရပေလိမ့်မည်ဖြစ်သည်။ ထိုသည်ပင်လျှင် သူ၏ အားနည်းချက်လေလား မပြောတတ်ပါ။

သေချာစွာ စေ့စေ့စပ်စပ် တွေးကြည့်လျှင် မေနှင်းတို့ ဘက်က သူ့အား ဒီ့ထက်စုတ်ပြတ်သတ်သော စကားလုံးတို့ဖြင့် ထိုးနှက်တိုက်ခိုက်သင့်ပါ၏။ သူသည်လည်း ဤနှယ် ထိုက်တန်ပါပေ၏။ သို့သော် သူတို့တစ်တွေသည်ကား ပညာတတများ ပီသစွာ သိမ်ဖျင်းသော စကားတို့ကို မဆိုဘဲ မျက်လုံးအကြည့်၊ ဟန်ပန်အမူအရာများဖြင့်သာ သရုပ်ဆောင်လေ့ရှိကြသည်။ ဤသည်မှာ ပို၍ပင်
ခံရခက်လှပါ၏။ ထို့ကြောင့်ပင် မေနှင်းထံ သူသည် နောက်ပိုင်း၌ အရောက်အပေါက် မရှိသလောက်ဖြစ်သွားခဲ့ရသည်။

ရွှန်းလဲ့နှင့် သူ တစ်အိုးတစ်အိမ် ထူထောင်လိုက်ချိန်၌ ရွှန်းလဲ့ အသက်သည် သမီးကြီး ထက်ပင် တစ်နှစ်ကျော်ကျော် ငယ်နေသေးသည်။ သူနှင့် ရွှန်းလဲ့ ကျတော့ နှစ်ဆယ့်ခြောက်နှစ်ခန့် ကွာသည်။ ထိုအသက်အရွယ် ကွာခြားမှုသည် တစ်ချိန်၌ သူ့အား သံသရာဘီး တစ်ပတ် ပြန် လည်လာလိမ့်မည်ဟုတော့ဖြင့် စိုးစဉ်းမျှပင် မတွေးခဲ့မိရိုး အမှန်ပါ။

ယင်းအချိန်တို့သည် အချို ပေါ် သကာဆင့်နေသည့် ကာလများ မဟုတ်လား။ လူတွေ၏ အကြည့် အထေ့အငေါ့ အတင်း အဖျင်းတွေဖြင့် ရင်းခဲ့ရသောကြောင့် အချိန်ကို တန်ဖိုးရှိအောင်သာ တွေဝေခြင်းကင်းကင်း သူ အသုံးချတော့သည်။ မေနှင်းနှင့် သားသမီးများ အကြောင်း ခေါင်းထဲ ဝင်လာပါက သူသက်ပြင်းရှည်ကြီးကိုသာ စိတ်ပါလက်ပါ မှုတ်ထုတ်ရစမြဲ၊ သို့သော် သူ ဘာမှစွမ်းစွမ်းတမံ မတတ်နိုင်ခဲ့ပါ။ တစ်ခုခု လုပ်ပေးသင့်သည် မှန်သော်လည်း သူ၏ အပြုအမူတို့သည် မေနှင်းတို့  သားအမိတစ်တွေအတွက် အေးစက်ဆွံ့အ ထုံထိုင်းသလို ဖြစ်နေခဲ့ရသည်။

မေနှင်း  ဆုံးတော့ ငါးဆယ့် ကိုးနှစ်၊ ခြောက်ဆယ်သက်တမ်းကိုတောင် မဖြတ်သန်းလိုက်ရရှာ။ သူ့အမေ  ဈာပနအတွက် သမီးကြီး နိုင်ငံခြားမှ ခွင့်ဖြင့် ပြန်လာသည်။ သူ့ကို မြင်တော့ မျက်လုံးဖြင့်သာ အဖေဟု ခေါ် ဟန်ပြုပြီး စကားဟဟ မပြောပါ။ သားငယ်ကမူ မခေါ်မဖြစ် ခေါ်ရသော “အဖေ” ဟု မှိုင်းမှိုင်းရီရီ ပုံသဏ္ဌာန်ဖြင့် ခေါ်သည်။ သားငယ်က ယောက်ျားလေးမို့ ဖခင်အပေါ်၌ ယောက်ျားချင်း ကိုယ်ချင်းစာပြီး တာဝန်အရ မဖြစ်မနေ ခေါ်လိုက်ရသည့် “အဖေ” လည်း ဖြစ်ပုံရသည်။ မည်သို့ပင်ဖြစ်စေ သူကျေနပ်ပါသည်။

သူနှင့်ရွှန်းလဲ့ အိမ်ထောင် သက် ငါးနှစ်၌ မေနှင်း၏ ဝဋ်ကြွေးတို့ နိဂုံးချုပ်သွားခဲ့ချေပြီ။ မေနှင်း နှင့်အတူ  နေခဲ့သည့် လက်ထက်ပွား အိမ်နှင့် ခြံအား စာချုပ်စာတမ်းဖြင့် အပြီးတိုင် သားနှင့် သမီးထံ စနစ်တကျ လွှဲပြောင်းပေးလိုက်သည်။ ဖခင်တစ်ယောက် ပီသပြလိုက်ခြင်းသာဖြစ်ကာ တခြား  ပြေရာပြေကြောင်း၊ ပေါ့ရာပေါ့ကြောင်း မျှော်လင့်ချက်မျိုးတော့ မဟုတ်ခဲ့ပါပေ။

လှည်းလမ်းကြောင်းသည် လှည်းဘီးနှင့် တစ်ထပ်တည်း ကျခဲ့ရပြီကို မေနှင်းဆုံးပြီး ဆယ်စုနှစ် တစ်စုအကြာ၌ ထိတ်လန့်တုန်လှုပ်စွာ လက်မခံနိုင်သော်ငြား ငြင်းဆန်ခွင့် မရှိတော့ဘဲ သူလက်သင့်ခံလိုက်ရတော့ သည်။ ထို ဆယ်စုနှစ် တစ်စု အတွင်း သူ့ဘဝသည်လည်း ကျွမ်းထိုးမှောက်ခုံနှင့် ကမောကကမတို့ ပြွမ်းတီးလျက် တိမ်ဖုံးလနှယ် အမှောင်ကမ္ဘာ၏ ဝင်္ကပါထဲ၌ တဝဲလည်လည် ဖြစ်ခဲ့ရပါသေးသည်။

စီးပွားရေး၌ လူယုံသတ် သဖြင့် ထောင်တွေတန်းတွေထိ ရောက်မသွားတာပင် ကံကောင်းသည်ဟု ဆိုရမည်။ ရုပ်ကို ပြုပြင်ပြောင်းလဲပေးနိုင်သော စေတသိက်တို့ ညှိုးချုံးကုန်ကြလေသည့်အခါ အသက်ခြောက်ဆယ်စွန်းစွန်း သူ့အဖို့ ခုနစ်ဆယ်ကျော်လားဟု ထင်မှတ်မှား လောက်၏။ ဒီမှာပင် နောက်ထပ် အချိုးအကွေ့တစ်ခုက ရွှန်းလဲ့ သည် သူ့အား ဝဋ်လည်စေရန် အလို့ငှာ စေညွှန်းသည့်အလား အိမ်သို့ အဝင်အထွက် ရှိခဲ့ဖူးသော ယခင် ကုမ္ပဏီမှ တပည့် ဝန်ထမ်းဟောင်း တစ်ယောက် နောက် ကောက်ကောက်ပါ အောင် လိုက်သွားခဲ့ခြင်းပင်ဖြစ် သည်။

ရွှန်းလဲ့ကို သူ ရွှေပေါ်မြတင် ထားခဲ့ပါသည်။ လိုလေသေး မရှိစေရပါ။ သူနှင့် ရွှန်းလဲ့တို့၏ ပတ်သက်မှုသည် သွေးသားဆန္ဒ တောင်းဆိုမှုအရ စံနှုန်းတစ်ခုဖြင့် ဖလှယ်ခြင်းဆိုင်ရာ နိယာမကို ကျင့်သုံးခဲ့သလိုမျိုးတော့ အောက်တန်းမကျခဲ့ပါ။ သူ့ဘက်က လိုအပ်ချက်ကို ကိုယ်က ဖြည့်ဆည်းပေးသလို၊ ကိုယ့်ဘက်က လိုအပ်ချက်ကိုလည်း သူက ဖြည့်ဆည်းပေးမှုမျိုးဖြင့် အချစ်ပါသည်၊ မပါသည်ကို ရေးတေးတေးမျှပင် အဓိပ္ပာယ် မဖွင့်ဆိုနိုင်ခဲ့ရပါဘဲလျက် အခိုက်အတန့်အနေအထား တစ်ရပ်၌ သူတို့၏ အိမ်ထောင်သက်တမ်း မြဲခဲ့ရသည်။ ထိုမြဲမြံသော အိမ်ထောင်သက်သည် သံယောဇဉ်တည်း ဟူသော နှောင်ကြိုးကိုတော့ဖြင့်လျှင် ခိုင်ကျည်ပေလိမ့်မည်ဟု သူလုံးဝ ယုံကြည်ခဲ့မိသည်။

သို့ရာတွင်ကား ပကတိ အခြေအနေတွင်မူ သူ့အား ရွှန်းလဲ့သည် အပြီးတိုင် စွန့်ခွာသွားခဲ့လေပြီ။ ဟိုး လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူ့လို အတွေးမျိုးလည်း ရွှန်းလဲ့ တွေးမိသွားပုံရသည်။ ထို့ပြင် ပိုင်ဆိုင်မှု...။ ဟုတ်သည်။ ယခုခေတ်တွင် အားကိုးသူ သုံးတောင်ဝတ် တချို့တို့အတွက် တစ်စုံတစ်ရာ ပိုင်ဆိုင်မှုသည် မဖြစ်မနေ အရေးပါလိမ့်မည် ဖြစ်ပေသည်။

▭ ပစ္စုပ္ပန်ကာလ၏ အလွမ်းဝေဒနာပုံရိပ်

ယခုမူ သူ့တွင် ငှား၍ နေရ သည့်အိမ်၌ မဖြစ်ညစ်ကျယ်ဆိုရုံလေး။ မရှိလျှင် မနေတတ်သော ဇိမ်ခံပစ္စည်းအချို့မှ လွဲလျှင် တခြားလက်ညှိုးထိုးပြစရာ လောက်လောက်လားလား မရှိ။ ဖြစ်နိုင်သည်မှာ ရွှန်းလဲ့၏ နောက်လူသည် သူ၏ လက်ရှိ အနေအထားထက် အစစအရာရာ (သို့တည်းမဟုတ်) တချို့ သော အရာတို့၌ သာလွန်၍ ဟုသာ သူ ကျေကျေနပ်နပ်ကြီး နားလည်ပေးလိုက်သည်။

တော်ပါသေးသည်။ သူနှင့် ရွှန်းလဲ့တို့၏ အိမ်ထောင်သက်တမ်းတစ်လျှောက် မတိုင်ပင်ရပါဘဲ နားလည်မှုဖြင့် ရရှိလာ သော ကံကောင်းခြင်းတစ်ရပ်မှာ သားသမီးရတနာ မထွန်းကားခဲ့ခြင်းပင်။ ထို့ကြောင့် တော်သေးသည်ဟု သူ ပြောခြင်းဖြစ်သည်။ တွေးရင်း၌ သမီးနှင့် သားတို့၏ မျက်နှာများကို ဖျတ်ခနဲ မြင်ယောင်မိသည်။ ၎င်းနောက်တွင်ကား မေနှင်း၏ မျက်နှာ...။ အတိတ်တစ္ဆေတို့သည် သူ့အား စိတ်တိုင်းကျစွာ ထာဝရခြောက်လှန့်နေတော့မည်လား။

▭ နိဂုံး

မောင် ဝဋ်လည်နေပါပြီ မေနှင်းရယ်။ ဟုတ်တယ်။ မောင်လေ မေနှင်းရဲ့ဝဋ်တွေ လည်နေပြီဆိုတာ သိပ်ကို ကျိန်းသေလွန်းလှပါတယ်။ အလှည့်ဆိုတာ ရှိရစမြဲပါ။ ဒါဟာ မပျက်ယွင်းတဲ့ လောကနိယာမတရားပဲပေါ့။ ခုတော့ အရာအားလုံး အနားသတ်မဲ့စွာ ပြီးဆုံးသွားခဲ့ရပါပြီ မေနှင်းရယ်။ ခွင့်မလွှတ်ထိုက်သူကို ခွင့်လွှတ်ဖို့ မတောင်းဆိုရက်ပါဘူးကွယ်။ တောင်းဆိုဖို့လည်း မသင့်ပါဘူးလေ။ တကယ်တော့ ခုလိုအချိန် ခုလိုအခါမျိုးမှာ မေနှင်းကို မောင်တမ်းတ လွမ်းဆွတ်နေမိတာကိုက တစ်ဆိတ် လွန်လွန်းနေပါပြီ မေနှင်းရယ်...။

▢ မြတ်ကိုကို (ရုက္ခ)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     ဒီဇင်ဘာ ၊ ၂၀၁၇

Wednesday, July 30, 2025

ဘုံကြိုးပြတ်ကြသူများ


 

❝ ဘုံကြိုးပြတ်ကြသူများ ❞
     ☐ မြတ်ကိုကို ( ရုက္ခ )

သူ့ နာမည်က ဖိုးကောက်ပါ ။ အသက်အရွယ် အားဖြင့် ဆယ့်နှစ်နှစ် ၊ ဆယ့်သုံးနှစ်ခန့်တော့ ရှိပါပြီ ။ ရပ်ကွက် ထဲမှာ လူသိများ ထင်ရှားပြီး လူချစ်လူခင်ပေါတဲ့ ကလေး တစ်ယောက်ပါ ။ ဘာဖြစ်လို့ သူ့ကို ဖိုးကောက်လို့ ခေါ်ရသလဲ ဆိုတော့ သူ့ရဲ့ တင်သားက အပေါ်ကို အနည်းငယ် ကောက်တက်နေလို့ပါ ။ ဒါ့အပြင် ဖိုးကောက်က အသား ကလည်း အသားမည်း ။ ရုပ်ကလည်း အရုပ်ဆိုး ၊ ဒါပေမဲ့ ဖိုးကောက် ရုပ်ဆိုးပုံမျိုးက မျက်နှာမြင် ချစ်ခင် ပါစေဆိုတဲ့ ရုပ်မျိုးပဲ ဖြစ်ပါတယ် ။

ကိုယ်လုံးက ပြည့်ပြည့် ၊ ဂင်တိုတို ၊ နှုတ်ခမ်းလေးက ထော်ထော် ၊ နဖူးလေးက မောက်မောက် ၊ တင်ကလေး က ကောက်ကောက် ၊ မျက်လုံးလေးက ပြူးပြူးဝိုင်းဝိုင်း ၊ နှာခေါင်းက တိုနံ့နံ့ ၊ ပါးစပ်ထဲမှာ သွားတွေက ကျိုးတိုး ကျဲတဲနဲ့ ရယ်လိုက်ရင် အလွန် ချစ်ဖို့ကောင်းတဲ့ ဖိုးကောက်ပါ ။ အခုဆိုရင် နာမည်ရင်း မောင်သာလှ ဆိုတာ ပျောက်ပြီး ရပ်ကွက်ထဲ ဖိုးကောက်လို့ လူသိများနေပါပြီ ။

ဒါပေမဲ့ ဖိုးကောက် က မိဘမဲ့ ကလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဟိုးအရင်တုန်းကတော့ ဒီရပ်ကွက်ဟာ တကယ့်တောရိုင်းမြေကြီးပါ ။ နောက်မှ စီမံချက်နဲ့ မြေယာတွေ ဖော်ထုတ် ရှင်းလင်းကြပြီး ကျူးကျော်တွေကို ဒီရပ်ကွက်မှာ နေရာချပေးတယ် ။ အဲဒီတုန်းက ဖိုးကောက် မှာ မိစုံ ဘစုံ ရှိပါသေးတယ် ။ ဘာကြာလို့တုန်း ၊ မြွေဆိုး အကိုက်ခံရပြီး ဖိုးကောက် အဖေရော ၊ အမေရော ရှေ့ဆင့် နောက်ဆင့် ဆိုသလို ကွယ်လွန်သွားကြလို့ ဖိုးကောက် ခမျာ သုံးနှစ်သား အရွယ်မှာပဲ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ရတယ် ။ ဒီစဉ်တုန်း အချိန်က မြွေဆိုတာ ပေါမှ ပေါ ၊ အစ ကတည်းကိုက ဒီနေရာဟာ တောကြီးဂနိုင်လို ဖြစ်နေခဲ့တာပဲ ။ စီမံချက်နဲ့ မြို့သစ်တွေ ဖော်ထုတ်ကြဟေ့ ဆိုလို့သာ မြို့သစ်တွေ စီရရီပေါ်လာကြတာ ။ မြွေများ ကြည့်လိုက်ရင် မြွေဟောက်နဲ့ မြွေပွေးချည်းပဲ ။ မြို့သစ် တည်ပြီးခါစက ဆိုရင် ဖိုးကောက် အဖေနဲ့ အမေတင် မဟုတ်ဘူး ၊ တချို့တွေလည်း မြွေကိုက်ခံရလို့ အသက် ဆုံးရှုံးသွားရသူတွေ ဆယ့်လေးငါးဦးမက ရှိခဲ့ဖူးတယ် ။ အခုလို မြို့သစ်တည်ပြီးလို့ ဆယ်စုနှစ်တစ်စု ကြာခဲ့တာတောင် တစ်ခါတလေ ကိုရွှေမြွေတွေက ဟိုနားတွေ့  ၊ ဒီနားတွေ့ တွေ့ နေရတုန်းပဲ ။

အဲဒီလို မိဘမဲ့ ဖြစ်သွားတဲ့ ဖိုးကောက်ကို ဒေါ်တင်ထွေး ဆိုတဲ့ မုဆိုးမကြီးက ခေါ်လို့ မွေးစားထားလိုက်တယ် ။ အဲဒီ ဒေါ်တင်ထွေးက အကြော်မျိုးစုံ ရောင်းပြီး ဘဝဝမ်းကို ကျောင်းနေရတာ ။ သူလည်း သားထောက် သမီးခံက မရှိတော့ ဖိုးကောက်ကို မွေးစားလိုက်တာဟာ အတော်ပဲ ဖြစ်သွားတယ် ။ ဖိုးကောက်ကလည်း လက်ကတုံးတောင်ဝှေးလို ဒေါ်တင်ထွေး အတွက် အရွယ်လေးနည်းနည်းရောက်လာတာနဲ့အမျှ အားကိုးအားထား ပြုလို့ ရနေပါပြီ ။

အခုဆို ဖိုးကောက်က အရွယ်နဲ့ မလိုက်အောင် အလုပ်မျိုးစုံ လုပ်ရှာပါတယ် ။ အလုပ်မရွေး လုပ်လို့လား မသိဘူး ။ ခန္ဓာကိုယ်ကြီး ကလည်း အရွယ်နဲ့ မလိုက် အောင် ထွားကျိုင်းလို့ နေပါတယ် ။ သူ့ရဲ့ ပင်မအလုပ်ကတော့ တစ်နိုင်တစ်ပိုင် ဆိုင်းပုံးနဲ့ ရေထမ်းရောင်းခြင်း ပါပဲ ။ တစ်ခါတစ်ရံ ရေစည်လှည်း ငှားလို့ရရင် ရေစည်လှည်း တွန်းပါတယ် ။ ဖိုးကောက်တို့ ရပ်ကွက်က ရေရှားတယ်လေ ။ ရပ်ကွက်ထိပ်မှာ နေပြီး စီးပွားရေး အတန်အသင့် ချောင်လည်တဲ့ ဦးဖိုးချမ်းက ရေတုံကင် တူးပြီး ရေပြန် ရောင်းစားတယ် ။ အဲဒီ ဦးဖိုးချမ်း ဆီကနေ ခေါက်ပြန်ကြေးနဲ့ ရေယူလို့ရယ် ရပ်ကွက်ထဲ တစ်ဆင့် ရေပြန် ရောင်းစားရင်း ဖိုးကောက်ခမျာ တစ်ဝမ်းတစ်ခါး ရှာဖွေစားရတာပါ ။

ဖိုးကောက်က ကျောင်းမနေဖူးပေမယ့် ဘဝပေး သင်ခန်းစာတွေနဲ့ ရင်းနှီးကျွမ်းဝင် နေလေတော့ အလွန်ပဲ လိမ္မာရေးခြား ရှိလှပါတယ် ။ တစ်ဖက်သား ကိုလည်း အလွန်တရာ ကူညီချင်စိတ် ရှိသလို တတ်နိုင်တဲ့ဘက်ကလည်း ကူညီလေ့ရှိပါတယ် ။ ဒါကြောင့်မို့ ရပ်ကွက် ထဲမှာ ဖိုးကောက်ဟာ လူသိများ ထင်ရှားပြီး ဟိုလူက ကျွေးချင်မွေးချင် ၊ ဒီလူက ပေးချင်ကမ်းချင်နဲ့ ချစ်မွေးပါတဲ့ ကလေးတစ်ယောက် ဖြစ်လို့နေပါတယ် ။

အဲ ... ရပ်ကွက်ထဲမှာ ဖိုးကောက်လိုပဲ လူသိများ ထင်ရှားတဲ့ နောက်ကလေး တစ်ယောက်လည်း ရှိပါသေးတယ် ။ သူကတော့ ရေတုံကင်တူးပြီး ရေရောင်းစား သူ ဦးဖိုးချမ်းရဲ့ သားပဲ ဖြစ်ပါတယ် ။ ပြောရမယ် ဆိုရင် ရပ်ကွက်ထဲမှာ ဦးဖိုးချမ်းတို့က အတန်အသင့် ပြေလည်တယ်လို့ ပြောရင်ရတယ် ။ တီဗီအပေါ်စက် ၊ အောက်စက် ၊ မီးပူ ၊ ပန်ကာ ၊ ပေါင်းအိုး ၊ စက်ဘီး အစရှိသဖြင့် နေနိုင်တယ် ။ နောက်ပြီး ဦးဖိုးချမ်းမိန်းမ ဒေါ်သိန်းမြ က နိုင်သလောက်လေး ရပ်ကွက်ထဲ နေ့ပြန်တိုး ပေးစားပါသေးတယ် ။ အဲဒီတော့ ရပ်ကွက်ထဲက ပုထုဇဉ် တော်တော်များများဟာ ဦးဖိုးချမ်းတို့ ဇနီးမောင်နှံနဲ့ သိပ်မကင်း နိုင်ကြရှာပါဘူးလို့ ပြောရင် မလွန်လောက်ဘူး ။

သူ့နာမည်က ကျော်လွင်ပါ ။ ဦးဖိုးချမ်းရဲ့ သား ၊ ဖိုးကောက် နဲ့ သက်တူရွယ်တူတွေပါပဲ ။ ဒါပေမဲ့ ကျော်လွင် လူသိများ နာမည်ကြီးပုံမျိုးက ဖိုးကောက်လို မဟုတ်ဘူး ။ ကျော်လွင်က သက်တူရွယ်တူကလေးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျရုံတင်မကဘူး ၊ လူကြီးတွေ ကိုလည်း မချေမငံ ဆက်ဆံတတ်သေးတာ ။ ဒီကြားထဲ လစ်ရင် လစ်သလို ကိုယ့်အိမ်က ပစ္စည်းရော ၊ သူများ အိမ်က ပစ္စည်းရော အပျောက် ရိုက်တတ်သေးတယ် ။ ရပ်ကွက် ကလည်း အော့နှလုံးနာစရာသတ္တဝါအဖြစ် ကျော်လွင့် ကို ရှုမြင်ထားကြပေမယ်လို့ ဦးဖိုးချမ်းနဲ့ ဒေါ်သိန်းမြတို့ မျက်နှာကြောင့် သူတို့ရဲ့ ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခြင်းငှာ မစွမ်းသာရှာကြဘူး ။ ကျော်လွင်မို့လို့ အိမ်တစ်အိမ်ထဲ လာပြီ ဆိုရင် အဲဒီ အိမ်ရှင်က ကျော်လွင့်ကို မျက်စိဒေါက်ထောက်ကြည့်ပေရော့ပဲ ။ ဒါတောင် တစ်ခါတလေ ကြည့်နေရင်းနဲ့ကို ပြန်ရောင်းရင်လည်း ဘာမှ ဟုတ်တိပတ်တိ မရနိုင်လောက်တဲ့ အတိုအစလေးတွေက ပါသွားတတ်သေးတယ် ။ အခုဆို ကျော်လွင်က သူ့ မိဘတွေ ကွယ်ရာမှာ ဆေးလိပ်တောင် ခိုးသောက်တတ်နေပြီ ။

ဒါကြောင့်မို့ သက်တူရွယ်တူ ကလေးရှိတဲ့ မိဘတွေက ကျော်လွင်နဲ့ မပေါင်းခိုင်းဘူး ။ မေးထူးခေါ်ပြော လောက်ပဲ အရောတဝင် နေစေတယ် ။ ရပ်ကွက်ထဲ နေတော့လည်း နိစ္စဓူဝ ဒီမျက်နှာတွေက မြင်နေရတာ မဟုတ်လား ။ ကျော်လွင် က အသက်တူ ၊ အရွယ်တူချင်း လာပေါင်းတော့လည်း မိဘတွေခမျာ ဘာမှ မတတ်နိုင်ရှာဘူး ။ ဒီလိုပဲ အပြုံးတုတွေ မျက်နှာမှာ တပ်ဆင်ပြီး မချစ်သော်လည်း အောင့်ကာ နမ်းနေကြရတယ် ။

အရပ်ထဲက လူတွေ ဖိုးကောက်ကို ချစ်ကြခင်ကြတာ သူ့ရဲ့ သူတစ်ပါးကို ကူညီချင်တဲ့ စိတ် တစ်ခုတည်းကြောင့် မဟုတ်ဘူး ။ ပြောရမယ်ဆိုရင် ဖိုးကောက်က လူကြီး ၊ လူကြီးမှန်း သိတယ် ။ စကားအပြောအဆို ယဉ်ကျေးတယ် ။ ဘုရား ၊ တရားလည်း သိတယ် ။ လမ်းသွားရင်းလာရင်း ဘုန်းကြီးအရိပ်များ နင်းမိရင် အဲဒီနေ့ သူ့ ကိုယ်သူ အပြစ်ဖို့လို့ကို မဆုံးတော့ဘူး ။ အဲဒီလိုမျိုး ဗီဇ ၊ စရိုက်ကောင်းလေးတွေကြောင့် ရပ်ကွက်က ဖိုးကောက် ကို ချစ်ကြတာ ။

သူတို့ ဖိုးကောက် ကို ပိုပြီး သဘောကျတာက ကိုယ့်အမေအရင်း မဟုတ်ဘဲ မွေးစားအမေ ဒေါ်တင်ထွေး ကို အမေ အရင်းလို သဘောထားပြီး အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင် ကျွေးမွေးပြုစုနေတာကိုပဲ ။ အခုအချိန်မှာ ဒေါ်တင်ထွေးက အသက် နည်းနည်းထောက်လာပြီ ဆိုတဲ့အခါ အကြော် မရောင်းနိုင်တော့ဘူး ။ ပန်းနာရင်ကျပ်ရောဂါကလည်း တစ်ချီတစ်ချီ ထထ ဖောက်သေးတယ် ။ အခုဆို အိပ်ရာထဲမှာ ပက်လက် ၊ ဖိုးကောက်ပဲ ပြုစုနေရတာ ။ ဒါကြောင့်မို့ ရပ်ကွက်ထဲမှာ ဖိုးကောက် က ရွယ်တူကလေးတွေ အတွက် အတုယူအားကျဖို့ စံနမူနာလူရည်ချွန် ဖြစ်လို့နေတယ် ။

တစ်ရက်သားမှာ ရေစည်လှည်း တွန်းလို့ရတဲ့ ငွေစ အချို့ကို ဖိုးကောက် လမ်းလျှောက်ရင်း ရေကြည့်လာတယ် ။ ဒီနေ့ သူ့မွေးစားအမေ ဒေါ်တင်ထွေး အတွက် ဆေးဝယ်ပေးရမယ် ။ ဆေးက ကုန်နေပြီ ။ အမှန် မနေ့ ကတည်းက ဝယ်ရမှာ ။ အဲဒီအချိန် ဗြုန်းဆို လေရဲ့ လျင် မြန်မှုနဲ့ အတူ ဖိုးကောက် လက်ထဲက ပိုက်ဆံကို တစ်စုံတစ်ယောက်က လုယူထွက်ပြေးသွားတယ် ။

ဖိုးကောက် တစ်ချက် မိုက်ခနဲ ဖြစ်သွားတယ် ။ လုယူ ထွက်ပြေး သွားတဲ့သူ ကို ကြည့်လိုက်တော့ ကျော်လွင် ၊ စိတ်ထဲမှာ ထောင်းခနဲ ဒေါသ ဖြစ်သွားရတယ် ။ ခုနေ ပြေးလိုက်လည်း မီမှာ မဟုတ်တော့ဘူး ။ သူ့ မိဘကို သွားပြော ရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူးဆိုတာ သိနေပေမယ့်လို့ ထူးလိုထူးငြား သွားပြောကြည့်လိုက်သေးတယ် ။ ဟိုက ဘာမှ လာမပြောနဲ့တဲ့ ။ သူတို့ တာဝန် မယူနိုင်ဘူးတဲ့ ။ မကျေနပ်လို့ရှိရင် ရဲစခန်း သွားတိုင်လိုက် တဲ့ ။ လမ်းတွေ့ သ,တ်ချင်လည်း သ,တ်ပစ်လိုက်တဲ့ ။ ပြီးရောပေါ့ ။ ဖိုးကောက် အတော်ကလေးကို ခံစားလိုက် ရရှာတယ် ။

ကံကွက်ကြားလို့ ရွာတဲ့ မိုးလိုနှယ် အကြောင်းအပေါင်း တိုက်ဆိုင်သွားတာလားတော့ဖြင့် ဘုရားရှင်မှပဲ သိလိမ့်မယ် ။ အဲဒီနေ့ ညမှာပဲ ဖိုးကောက်ရဲ့ မွေးစား မိခင်ကြီး ဒေါ်တင်ထွေး ပန်းနာရင်ကျပ်ရောဂါနဲ့ အမော ဖောက်ပြီး ကွယ်လွန်သွားရရှာတယ် ။ ယူကျုံးမရ ဖြစ်တာက ဖိုးကောက် ။ ဖိုးကောက်ကို ကရုဏာသက်ကြတာက ရပ်ကွက်သူ ၊ ရပ်ကွက်သားတွေ ။ ဟိုကောင် ကျော်လွင် ကိုတော့ ဘာပြော ကောင်းမလဲ ၊ ဝိုင်းပြီး မေတ္တာပို့ ကြတာပေါ့ ။

ဒေါ်တင်ထွေး ရက်လည်တဲ့ နေ့မှာပဲ ကျော်လွင် ကြမ္မာဆိုး ငင်ပါတော့တယ် ။ ဒါပေမဲ့ ခေတ်ကြီးကိုက ( ရှေးလူကြီးတွေ ပြောသလို ) လူယုတ်မာတွေ ကံကောင်းစေတဲ့ ခေတ်ဆိုတော့ အဲဒီ ကြမ္မာဆိုးကို ကျော်လွင် ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်ကျော်လွှားနိုင်ခဲ့ပါတယ် ။

ကျော်လွင် ငင်တဲ့ ကြမ္မာဆိုးက သူ့ကို မြွေဆိုးကိုက် ခံလိုက်ရတာပါပဲ ။ ဒါပေမဲ့ ငွေကြေး ချောင်လည်တဲ့ အသိုင်းအဝိုင်းကလည်း ဖြစ် ၊ ကျော်လွင်မို့ ကူညီရန် ဝန်လေးကြပေမယ့်လို့ မကင်းရာ မကင်းကြောင်းတွေက ရှိနေကြသေးလေတော့ ကိုယ့်တူကိုယ့်သား ဖြစ်သလိုမျိုး မတတ်သာ တတ်သာနဲ့ စေတနာအတု ရှေ့ထားပြီး ဝိုင်းကြဝန်းကြရတာပေါ့ ။ ကိုယ်စီကိုယ်စီ စိတ်ထဲကတော့ ဘယ်ပါလိမ့်မလဲ ။

အဲဒီလိုနဲ့ အများ ကောင်းမှုကြောင့် ဘေးမသီရန် မခဘဲ ကျော်လွင် ဆေးရုံကို အချိန်မီ ရောက်သွားပြီး ဆေးကုသမှု ခံယူနိုင်ခဲ့ပါတယ် ။ အခုဆိုရင် သူတို့ ကလေးတွေကို ကျော်လွင် အနိုင်ဆက် ကျင့်နိုင်ဖို့ရာ အဲဒီ ကလေးတွေရဲ့ မိဘများက ကျားသေ အသက်သွင်းသလိုမျိုး ကျော်လွင့် အသက်ဆက် ပေးလိုက်ကြပါပြီ ။

ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုးပဲရှိရှိ ဘာကိုမှ အညှိုးအတေး အာဃာတ မထားတတ်တဲ့ ဖိုးကောက် ဟာ ကျော်လွင် ဆေးရုံတက် နေရတဲ့ နှစ်ရက်လုံးလုံး ကူညီစရာရှိတဲ့ ဝေယျာဝစ္စတွေကို ကူညီပြုလုပ်ပေးခဲ့လို့ တချို့ရဲ့ ကရုဏာဒေါသော ပြစ်တင်ဝေဖန်မှုများနဲ့ ရင်ဆိုင်လိုက်ရပါသေးတယ် ။

ဒါပေမဲ့ ဖိုးကောက် ကတော့ ဘယ်သူတွေ ဘယ်လို မှတ်ချက်ပေးပေး ၊ သူ မှန်တယ်ထင်ရာကို သူ့ဉာဏ်လေး ရှိသလောက် အတိုင်းအထွာလေးနဲ့ လုပ်တာပါပဲ ။ ပရဟိတ စိတ်ဓာတ်အပြည့်အဝ ရှိတဲ့ ဖိုးကောက်ပါ ။

ခုဆို ဖိုးကောက် က သူ့ မွေးစားမိခင်ကြီး ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်မှာ အလှူတစ်ခု ပြုလုပ်ဖို့ ငွေစုနေပါတယ် ။ တစ်နေ့တစ်နေ့ ရေစည်လှည်း တွန်းပြီး အိမ်ပြန်ရောက်တိုင်း စုထားတဲ့ ငွေတွေကို ထုတ်ထုတ်ပြီး ရေကြည့်ရတာလည်း အရသာတစ်မျိုးလို့ ဖိုးကောက် ထင်မှတ်နေပါတယ် ။

ဘာလိုလိုနဲ့ အလှူလုပ်ဖို့ ငွေစု လာလိုက်တာ သိပ်တောင် မလိုတော့ပါဘူး ... ဘုန်းကြီးငါးပါး ပင့်မယ် ၊ သင်္ကန်း ၊ ထီး ၊ ဖိနပ် ၊ ယပ် တစ်စုံလှူမယ် ။ ဘုန်းကြီးတစ်ပါးကို ဘုရား ၊ တရား ၊ သံဃာ ဆိုပြီး သုံးထောင်စီ လှူမယ် ။ နောက် မုန့်ဟင်းခါးဆွမ်းကျွေးမယ် ၊ စုစုပေါင်း တွက်ကြည့်လိုက်ရင် အကြမ်းဖျင်း ခုနစ်သောင်း ၊ ရှစ်သောင်းလောက်တော့ ကုန်မယ် ။ ကုန်ပလေ့စေ ။ ကိုယ့် ကျေးဇူးရှင် အတွက်ပဲလို့ ဖိုးကောက် ခံယူထားတယ် ။ အခု လက်ထဲ ငါးသောင်းကျော် ၊ ခြောက်သောင်းနီးနီး ဆိုတော့ နောက်ထပ် နှစ်သောင်း ၊ နှစ်သောင်းစွန်းစွန်းလောက် ရရင်ကိုပဲ ဒီအလှူကို ဖိုးကောက် လုပ်နိုင်ပြီပေါ့ ။

အလှူလုပ်ဖို့ ရက် နီးကပ်လာလေလေ ၊ ဖိုးကောက် လည်း ရေစည်းလှည်းကို အခေါက်ရေများများရအောင် ကြိုးစား တွန်းလေပါပဲ ။ အခုဆိုရင် မြို့သစ်တွေက စည်ကားလာပြီး ကားလမ်းတွေလည်း ချဲ့ထားလိုက်တဲ့ အခါကျတော့ သွားရေးလာရေး လွယ်ကူသွားပါတယ် ။

အဲဒီလို သွားရေးလာရေး လွယ်ကူသွားတဲ့ အတွက် ကြောင့် ဖိုးကောက် က ကိုယ့်ရပ်ကွက်ထဲတင် မဟုတ်ဘူး ၊ ကားလမ်း ကျော်ပြီး တခြား ရပ်ကွက်တွေ ထိအောင် သူ့ရဲ့ ဈေးကွက် အင်ပါယာကို ချဲ့ထွင်လာပါတယ် ။ ဒါ့အပြင် သောက်ရေသန့်ပို့တဲ့ လုပ်ငန်းကိုပါ တွဲပြီး လုပ်ကိုင်လာလိုက်ပါသေးတယ် ။

ကံကြမ္မာ နတ်ဆိုးတို့က ဖိုးကောက်တို့ သားအမိ အပေါ် အငြိုးအတေးများ ရှိနေရော့သလား မပြောတတ်ဘူး ။ အလှူလုပ်ဖို့ သုံးရက် အလိုမှာ ဖိုးကောက် သောက်ရေသန့်ပို့ရင်း ကားတိုက်ခံလိုက်ရပါတယ် ။

သွေးတွေနဲ့ လဲနေတဲ့ ဖိုးကောက်ကို ပထမတော့ အားလုံးက ကြောင်ပြီးကြည့်နေကြပါတယ် ။ ( တိုက်တဲ့ ကားက လူမဆန်စွာဘဲ မောင်းပြေး သွားပါပြီ ) နောက်မှ သတိဝင်လာကြကာ ဖိုးကောက် ကို ချစ်တဲ့ ရပ်ကွက်သူ ရပ်ကွက်သား တချို့က ကောက်ယူပွေ့ချီပြီး နီးစပ်ရာ ဆေးခန်းကို ပို့ပေးကြပါတယ် ။

သို့သော်လည်း ဆေးခန်း ရောက်တော့ ဆရာဝန်ဟာ ဒါဟာ ရဲအရေးပိုင်တဲ့ ကိစ္စ ၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို သွားပါ ၊ သူ မကုပေးနိုင်ဘူး ပြောပြီး အတင်း နှင်လွှတ်လို့ ဖိုးကောက် ချစ်သူတွေ ဒေါသ သင့်ကြရပါသေးတယ် ။

ဖိုးကောက်ချစ်သူတွေ ဒေါသသင့် နေပေမယ့်လို့ သူတို့လည်း ကြားဖူးထားတာ ရှိတယ် ။ မတော်တဆမှု တစ်ခုခုကြောင့်ဖြစ်စေ ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဖြစ်စေ သွေးထွက်သံယို ဖြစ်ရင် ဒါဟာ ရဲအရေးပိုင်တာပဲ ။ ခြေ ရာလက်ရာ ပျက်လို့ မရဘူး ။ ရဲဆေးစာ မပါဘဲနဲ့လည်း ဘယ်ဆေးခန်း ၊ ဆေးရုံကမှ မကုပေးရဲကြဘူး ။ အဲဒီလိုမျိုး ရပ်ကွက်သူ ရပ်ကွက်သားအပေါင်းတို့ခမျာ နားလည်ထားကြရရှာတယ် ။ သူတို့လည်း သူတို့ ချစ်တဲ့ ဖိုးကောက် မို့လို့သာ ကူညီနေကြရတာ အမှုပတ် မှာတော့ ကြောက်ကြလေရဲ့ ။

ဒီလိုနဲ့ ဖိုးကောက်ကို အရေးပေါ်ပို့ဖို့ ပြင်ရတယ် ။ အရေးထဲ ကားက တောင်း သလောက် ဈေးမငြင်းပါဘူးဆိုတာတောင် လွယ်လွယ်နဲ့ ငှားမရချင်ဘူး ။ နယ်မြေခံရဲ ကိုလည်း စောင့်မနေတော့ဘူး ၊ ဆေးရုံမှာ မှုခင်းရဲ ရှိတယ်ဆိုလို့ ကောက်ထွက်လာလိုက်ကြတယ် ။ ဆေးရုံကို ထွက်လာတဲ့အထိ ယာဉ်ထိန်းရဲရဲ့ အရိပ်အယောင် တစ်စွန်းတစ်စကို ဘယ်သူမှ မတွေ့ခဲ့ကြရပါဘူး ။

ကံဆိုးရှာပါတယ် ။ တကယ့်ကို ဖိုးကောက် ကံဆိုးရှာပါတယ် ။ ဆေးရုံကို အသွား လမ်းတစ်ဝက်မှာတင် ဖိုးကောက် ဇီဝိန်ချုပ်သွားရရှာပါပြီ ။ ဒါပေမဲ့ ဆေးရုံကိုတော့ရောက်အောင် ပို့ကြရသေးတာပေါ့ ။ ဆေးရုံရောက် လို့ အလောင်းကို ကြည့်ရှု စစ်ဆေးတဲ့ မှုခင်းဆရာဝန်ကြီး ပြောတဲ့ စကားကြောင့် ဖိုးကောက် ချစ်သူတွေ ယူကျုံးမရ ဖြစ်ကြရပါတယ် ။

မှုခင်းဆရာဝန်ကြီးက လူနာရရှိတဲ့ ဒဏ်ရာဟာ သေရလောက်တဲ့ ထိခိုက်မှုမျိုး မဟုတ်ဘူး ။ အခုဟာက သွေးထွက်လွန်ပြီး သွေးဖိအား သုညအထိ ရောက်သွားလို့ အသက်ဆုံးရှုံးရပါတယ်ဆိုတဲ့အခါ အားလုံး ဝမ်းနည်းကြေကွဲကြရုံမှတစ်ပါး ဘာမှ မတတ်နိုင်ကြတော့ပါဘူး ။

တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် ဖိုးကောက်ဟာ မသေသင့်ဘဲ သေသွားခဲ့ရတာပါ ။ ခေတ်စနစ်ရဲ့ မပြတ်သား ၊ မတိကျတဲ့ ပြဋ္ဌာန်းချက်တွေ အောက်မှာ ဖိုးကောက် အသက် စတေးခဲ့ရပါပြီ ။

ဆေးခန်းက ဆရာဝန်က ဘာကြောင့်များ ရဲအရေးပိုင်တဲ့ ကိစ္စမို့ သူ မကုပေးနိုင်ဘူးဆိုပြီး ငြင်းတာ သူ တကယ် အမှန်ပဲလား ။ သွေးထွက်သံယိုအမှုကို လူတွေက ဘာကြောင့် ကူညီဖို့ ဝန်လေး နေကြရတာလဲ ။ ရဲ ရောက်မလာမချင်း ဒီလူနာကို မထိရ ၊ မကိုင်ရ ၊ ခြေရာ လက်ရာ မပျက်ယွင်းရ ဆိုတာကရော အများထင်နေသလို တကယ် အမှန်ပါပဲလား ။ အမှန်တကယ်ပဲ ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် အများကတော့ အဲဒီပုံစံမျိုး အရိုးစွဲ နေခဲ့တာ ကြာလှပါပြီ ။ ဘယ်ကာလ အရွေ့တစ်ခုအထိ ကြာရှည်ဦးမယ် ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး ။

ဒါဆိုရင် ဖိုးကောက် သေရတာဟာ ခေတ်ကြောင့် ၊ စနစ်ကြောင့်လား ၊ တိုက်သွားတဲ့ ကားဒရိုင်ဘာကြောင့်လား ၊ ဆေးကု မပေးရဲတဲ့ ဆေးခန်းက ဆရာဝန်ကြောင့်လား ၊ အချိန်မီ ရဲဆေးစာ မရရှိတဲ့ အတွက်ကြောင့်လား ၊ ကားလိုက်ငှားနေရတဲ့ အတွက် အချိန်တွေ ကြန့်ကြာ သွားတာကြောင့်လား ၊ ကားငှားလို့ ရတဲ့အခါ ဆေးရုံ ( အရေး ပေါ် ) ကို ခေါ်အသွား လမ်းမှာ မိလိုက်တဲ့ မီးပွိုင့် ၊ ပိတ်လိုက်တဲ့ ကားတွေကြောင့်လား ။ အဲဒီ လားပေါင်း မြောက်မြားစွာရဲ့အောက်မှာ ဖိုးကောက် ဘဝပြောင်း သွားရရှာပါပြီ ။

ဖိုးကောက်ရဲ့ မွေးစားအမေ ဒေါ်တင်ထွေး သေဆုံးရတာဟာ ဆေးဝယ်ဖို့ ပိုက်ဆံကို ကျော်လွင်က လုသွားတဲ့ အတွက် ဆေးမဝယ် ဖြစ်ခဲ့ရဘဲ ဆေးမမီလို့ ဆုံးရတယ်ဆိုပြီး အရပ်ထဲက ထင်ကြေး ပေးထားခဲ့တာပါ ။ အခု ဒီပုံအတိုင်းဆိုရင် ဖိုးကောက် သေဆုံးရတာဟာလည်း အချိန်မမီလို့ ဆုံးရတယ်ဆိုပြီး ယူဆရမလိုပါပဲ ။

ဒီလိုမျိုး ခေတ်တစ်ခေတ် ၊ စနစ်တစ်ခုရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို နောက်ထပ် ဘယ်သူတွေများ ခံကြရဦးမှာပါလဲလို့ ရပ်ကွက်ထဲမှာ ဒီမေးခွန်းက ရေပန်းစားနေပါတယ် ။

ဖိုးကောက်ကို ချစ်တဲ့သူတွေ ကတော့ ဖိုးကောက် မသေဘဲ ဟို လူ့ဗာလာနံ ကျော်လွင် သေရမှာလို့ ကျိန်ဆဲနေကြလေရဲ့ ။ သူတော်ကောင်းတွေ ကျတော့ သေမင်းက မြန်မြန်ခေါ်သွားတယ် ။ သူယုတ်မာတွေကျတော့ ကျန်လူကောင်းတွေကို နှိပ်စက်ဖို့ ချန်ထားခဲ့လေသလား ဆိုပြီး သံသယစိတ် များစွာနဲ့ ကျန်ရှိ နေကြကုန်သော သူယုတ်မာ အပေါင်းတို့ကို ရပ်ကွက်သူ ရပ်ကွက်သား အပေါင်းတို့က မေတ္တာပို့သလျက် ရှိနေပါတော့တယ် ။

☐ မြတ်ကိုကို ( ရုက္ခ )
📖စရဏ မဂ္ဂဇင်း
     ဧပြီ ၊ ၂၀၁၅