Wednesday, May 21, 2025

လောဘပွား၍ မှားရပုံ

 ❝ လောဘပွား၍ မှားရပုံ ❞

            ( ပုံပြင် )


ဟိုရှေးရှေးတုန်းက မိုးထိ မြင့်မားတဲ့ တောင်ကြီး တစ်တောင် ရှိတယ် ။ အဲဒီ တောင် ရဲ့ အရှေ့ဘက် မှာ “ သူရိန်မင်းကြီး ” စိုးစံတဲ့ တိုင်းပြည် ရှိပြီး အနောက်ဘက် မှာ တော့ “ စန္ဒာမင်းကြီး ” စိုးစံတဲ့ တိုင်းပြည် ရှိတယ် ။ “ သူရိန်မင်းကြီး ” မှာ ကြန်အင် လက္ခဏာ နှင့် ပြည့်စုံပြီး ယောက်ျား ပီသတဲ့ သားတော် “ သုတကုမာရ ” မင်းသားလေး ရှိတယ် ။ စန္ဒာမင်းကြီး မှာ လည်း လိမ္မာရေးခြား ရှိပြီး ချောမောလှပတဲ့ “ မာလာ ” ဆိုတဲ့ သမီးတော်လေး တစ်ပါး ရှိသတဲ့ကွဲ့ ။


တိုင်းပြည် နှစ်ခု အကြားရှိ တောင်ကြီး ပေါ်က နေပြီး မိုးရာသီ ရောက်ရင် ချောင်း နှစ်သွယ် ဟာ စီးဆင်းလေ့ ရှိသတဲ့ ။ တစ်သွယ် ဟာ အရှေ့ဘက် တိုင်းပြည် ကို စီးဆင်းပြီး ကျန် တစ်သွယ် ဟာ အနောက်ဘက် တိုင်းပြည် ကို စီးဆင်းလျက် ရှိတယ်တဲ့ ။


တိုင်းပြည် နှစ်ခု ဟာလည်း တစ်ပြည် နှင့် တစ်ပြည် ကူးသန်း သွားလာကြပြီး အေးချမ်းစွာ နေကြသတဲ့ ။ တစ်နေ့သော အခါမှာ ချောင်းနှစ်သွယ် စလုံး မှ ရေများ စီးဆင်းရာတွင် ရွှေတုံး ရွှေခဲကလေးများ ပါလာတာ ကို တွေ့ကြတယ် ။ အဲဒီအကြောင်း ကို ဘုရင် နှစ်ဦး စလုံး ဟာ ကြား ကြတာပေါ့ ။ သူရိန်မင်းကြီး နှင့် စန္ဒာမင်းကြီး တို့ဟာ တိုင်းပြည် အုပ်ချုပ်ပုံ တော်ကြပေမယ့် လောဘကြီး တဲ့ မင်းများ ဖြစ်ကြလို့ ရွှေတွေ အများကြီး လိုချင်ကြတယ် ။ တောင်ပေါ် မှာ ရွှေတွေ အများကြီး ရှိလို့သာ ဒီလို မျောလာကြတယ် ဆိုပြီး တောင်ပေါ် ကို တက်ဖို့ ပြင်ဆင်ကြတယ် ။


အဲဒီတော့ “ သုတကုမာရ ” မင်းသားလေး နှင့် “ မာလာဒေဝီ ” မင်းသမီးလေး တို့ က ခမည်းတော် များကို ပြောဆို တောင်းပန်ကြတယ် ။ ဘယ်လို ပြောသလဲ ဆိုရင် “ ခမည်းတော်ဘုရား လောဘ ကြီးတယ် ဆိုတာ မကောင်းပါဘူး ။ တောင်ကြီး ဟာ လည်း မိုးထိ မြင့်မားတဲ့ အတွက် မတက်သင့် ကြောင်းပါ ဘုရား ” လို့ လျှောက်ထားကြ သတဲ့ ။


ဒါပေမယ့် လောဘ ၊ မောဟတွေ များ နေတဲ့ ဘုရင် နှစ်ဦးလုံး ဟာ လောဘစိတ် မွှန်နေ တော့ သားတော် ၊ သမီးတော်တို့ စကား ကို နားမထောင်ဘူးကွဲ့ ။ သုခမိန် အမတ်ကြီးတွေ ကလည်း ရသမျှ နဲ့ တင်းတိမ်ဖို့ ပြောဆို လျှောက်ထားကြပေမယ့် မရဘူးပေါ့ကွယ် ။


နောက်တော့ ဘုရင် နှစ်ပါးစလုံး ဟာ ရွှေတွေ သယ်ဖို့ တပ်တွေ ခေါ်ဆောင် သွားကြ တယ် ။ သူရိန်မင်းကြီး က တိုင်းပြည် မှာ စောင့်ရှောက်ဖို့ သားတော် သုတ ကို ထားခဲ့ သလိုပဲ စန္ဒာမင်းကြီး ကလည်း သမီးတော် မာလာ ကို တိုင်းပြည် အုပ်ချုပ်ဖို့ ထားခဲ့ သတဲ့ ။ ဘုရင် နှစ်ဦးလုံး ဟာ မတိုင်ပင်ဘဲ တစ်နေ့ ထဲ တောင်ကြီး ကို တက်မိကြတာပေါ့ကွယ် ။


သူရိန်မင်းကြီး က တောင် ရဲ့ အရှေ့ဘက် က တက်ပြီး စန္ဒာမင်းကြီး က တောင် ရဲ့ အနောက်ဘက် က တက်တယ် ။ တောင်ကြီး က မြင့် လည်း မြင့် ၊ သားရဲတိရစ္ဆာန်တွေ လည်း ရှိတော့ ဒုက္ခ အမျိုးမျိုး တွေ့ရပြီး တစ်လ တိတိ ရှိမှ တောင်ထိပ် ကို ရောက်ကြတယ်ကွဲ့ ။ တောင်ထိပ် ကျတော့ တပ်သား ကိုယ်စီ နဲ့ ဆုံကြတာပေါ့ ။ တပ်မက်စရာ ကောင်းတဲ့ ရွှေတွေ ကလည်းတောင် ပေါ် မှာ ကြဲပြန့်နေတော့ တစ်ဖက် နဲ့ တစ်ဖက် အကြံ တူပြီး ရန်သူ ဖြစ်ကြရတာပေါ့ကွယ် ။ အဲဒါ ကြောင့် ဘုရင် နှစ်ဦး ရဲ့ တပ် နှစ်ခု ဟာ တစ်ဖက် နဲ့ တစ်ဖက် အပြင်းအထန် တိုက်ခိုက်ကြပါလေရော ကွဲ့ ။ အဲဒီလို တိုက်ခိုက်တဲ့ အချိန် က စပြီး ရွှေတွေ ဟာ မြေကြီးခဲ အဖြစ် ပြောင်းလဲကုန်တော့တာ ပါပဲကွယ် ။ နှစ်ဖက်စလုံး အကျအဆုံး များပြီး တပ်သားတို့ ရဲ့ သွေးတွေ ဟာ ချောင်းနှစ်သွယ် စလုံး မှာ ရဲရဲနီ နေတယ် ။ အဲဒီ အချိန်မှာ ဘုရင် နှစ်ဦး စလုံး ဟာ လောဘကြီးမိ တဲ့အတွက် အဲဒီလို ဖြစ်ရတယ် ဆိုပြီး သတိ သံဝေဂ ရကြသတဲ့ ။ တစ်ဖက် နဲ့ တစ်ဖက် ဆက်ပြီး မတိုက်တော့ဘဲ မိတ်ဆွေ အဖြစ်နဲ့ တောင်ပေါ် က အတူတကွ ဆင်းခဲ့ကြသတဲ့ကွယ် ။


တောင်အောက် မှာ လည်း အခြေအနေ ကို စောင့်မျှော် နေကြတဲ့ နှစ်ပြည်လုံး က လူတွေရော “ သုတကုမာရ ” မင်းသား နဲ့ “ မာလာဒေဝီ ”  မင်းသမီးလေး တို့ ဟာ သွေးချောင်းစီး လာတာ ကို တွေ့ကြရတော့ နှစ်ပြည် လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်လာကြပြီး စိတ်လက် မချမ်းမသာ ဖြစ်ကြရတော့တာပေါ့ကွယ် ။


မင်းကြီး နှစ်ပါး ဟာလည်း မိမိတို့ လောဘ ပွားမိလို့ ရွှေတွေ မရတဲ့ အပြင် သူရဲပေါင်း များစွာ အသက် ဆုံးရှုံးရတာကို တွေ့ရတော့ စိတ်လက် ညစ်ညူးစွာ နဲ့ သတိသံဝေဂ ရပြီး တိုင်း ပြည် ကို ပြန် ရောက်ကြတယ်ကွဲ့ ။ ဒါဟာ ဆိုရင် လောဘ နောက် လိုက်မိပြီး ရသမျှနဲ့ မတင်းတိမ် တဲ့ အတွက် အခုလို ပျက်စီး ဆုံးရှုံး ရတာပေါ့ကွယ် ။


နောက်ဆုံးကျတော့ သူရိန်ဘုရင်ကြီး နဲ့ စန္ဒာမင်းကြီး တို့ဟာ တစ်ပြည် နဲ့ တစ်ပြည် ရွှေလမ်းငွေလမ်း ခင်း စေပြီး သားတော် သုတကုမာရ နှင့် သမီးတော် မာလာဒေဝီ တို့ကို ထိမ်းမြား ပေးလိုက်တယ်ကွယ့် ။ ဘုရင်ကြီး နှစ်ပါး ကတော့ ရဟန်း ပြုသွားကြတော့တယ် ။ သုတကုမာရ မင်းသားလေး နဲ့ မာလာဒေဝီ မင်းသမီးလေး တို့ ဟာလည်း သာယာဝပြော တဲ့ တိုင်းပြည်ကြီး ကို အုပ်ချုပ်စံမြန်းပြီး ပျော်ရွှင်စွာ အသက်ထက်ဆုံး ပေါင်းသင်း သွားကြတော့ သတဲ့ကွယ် ။ 


 ▢ မိုးခင်ခင် - ဆင်ဖြူကျွန်း

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၄ ၊ ဒီဇင်ဘာ

No comments:

Post a Comment